ငါးမိနစ်ခန့် တိတ်ဆိတ်နေကြပြီးနောက် ဟယ်ကုစိတ်ထဲ ဒီလိုကြီး မျက်နှာချင်းဆိုင်စားနေရတာ အတော်ပျင်းစရာကောင်းသည်ဟုထင်လာတော့သည်။ သို့နှင့် ဖုန်းကျုန်းကို စကားစမြည် စပြောကြည့်လိုက်သည်။ ဖုန်းကျုန်းက စကားတစ်ခွန်းပြန်ပြောသော်လည်း စိတ်အခြေအနေက သိပ်မကောင်းသေးပေ။
ညစာစားပြီးသောအခါ ဖုန်းကျုန်းက သူ့ထံသို့ ဆေး လှမ်းပစ်ပေးသည်။ “မင်း ဒီဆေးတွေကို အစာစားပြီး နာရီဝက်ကြာရင် သောက်ရမယ်နော်။”
“ဟုတ်ပါပြီ။ ကျေးဇူးပါကွာ။ မင်းသာဒီနေ့မလာရင် ငါတော့ ဒီလိုအရသာရှိတဲ့ ညစာစားရမှာမဟုတ်ဘူး။”
ဖုန်းက နှာခေါင်းရှုံ့ပြီး သူ့ကို ပေစောင်စောင်ကြည့်ကာ အော်တော့သည်။ “ငါသာမလာခဲ့ရင် မင်းဘာသာ အားပြတ်ပြီးပဲသေနေနေ၊ ဘယ်သူမှတောင်သိလိုက်မှာမဟုတ်ဘူး။”
ဟယ်ကု ပြုံးလိုက်သည်။ “ဘယ်ကသာကွာ။ ငါ မင်းမလာခင်ကတည်းက ဆေးသောက်ထားပါတယ်။ ဆေးစွမ်းမပြသေးတာပါ။”
“မင်း သွားလှဲနေစမ်းကွာ။ ငါ သန့်ရှင်းရေးလုပ်ပေးသွားဖို့ နာရီဝက်လောက်အချိန်ရသေးတယ်။ မင်းကိုနှိုးပြီး ဆေးသောက်ခိုင်းဖို့ အတော်လောက်ပဲ။”
“မဟုတ်ပါဘူး။ အခု ဗိုက်ပြည့်သွားပြီဆိုတော့ အများကြီးနေလို့ကောင်းသွားပြီ။ ငါ့ဘာသာပဲ သန့်ရှင်းရေးလုပ်လိုက်ပါ့မယ်။”
“ငါက မင်းကိုသွားဆိုရင် သွားလိုက်တော့နော်။” ဖုန်းကျုန်းက သူ့ကို အိပ်ခန်းထဲ ခေါ်သွားပြီး အိပ်ရာပေါ်လှဲအိပ်ခိုင်းတော့သည်။ “မင်းအက်ျီတွေက နည်းနည်းစိုနေတယ်။ အစိုတွေကို လဲထားလေ။” ဟယ်ကု လှဲချလိုက်စဥ်မှာပင် ဖုန်းကျုန်းက သူ့အက်ျီကော်လံကိုဆွဲ၍ အရှေ့ကြယ်သီးများကို ဗြုန်းခနဲဆွဲဖြုတ်ပစ်လိုက်ရာ ညှပ်ရိုးလေးနှင့် ရင်ဘတ်ပါပေါ်သွားတော့သည်။
ဖုန်းကျုန်း၏ မျက်ဝန်းများ ရုတ်တရက်နီရဲကုန်ရသည်။ ဟယ်ကုက ဘာကြောင့်မှန်းမရိပ်မိပေ။ ငုံ့ကြည့်လိုက်မှပင် သူ့ရင်ဘတ်ပေါ်တွင် အညိုအမည်းစွဲနေသော အကွက်များကို တွေ့လိုက်ရတော့သည်။ ကိုက်ရာများပင်ဖြစ်လေသည်။ သူ့တစ်ကိုယ်လုံး ဒီလိုအကွက်တွေဖြစ်နေသည်ကို ဒီနေ့ ရေချိုးစဥ်ကတော့ သတိထားလိုက်မိသေးသည်။
ဖုန်းကျုန်း မျက်လုံးများပြူးကျယ်သွားပြီး ဟယ်ကု၏ ရှပ်အက်ျီကို ကြမ်းတမ်းစွာပင် ဆွဲဖြဲပစ်တော့သည်။ ခနာကိုယ်ပေါ်ရှိ ခြေရာလက်ရာများကို တွေ့လိုက်ရစဥ်တွင်တော့ သူ့တစ်ကိုယ်လုံး မိုးကြိုးပစ်ခံရသူလို ဖြစ်သွားလေသည်။
ဟယ်ကူက သူ့လက်များကို အားဖြင့် တွန်းထုတ်လိုက်သည်။ “ဖုန်းကျုန်း.. မင်းဘာတွေလုပ်နေတာလဲ?”
“ဒါကဘာတွေလဲ?” ဖုန်းကျုန်းက သူ့ပခုံးကို အားနှင့်ဖျစ်ညှစ်လိုက်သောကြောင့် ဟယ်ကုနာကျင်သွားရသည်။
ဟယ်ကု အလွန်ရှက်မိပါသည်။ “အဲ့ဒါက မင်းနဲ့ဘာဆိုင်လို့လဲ။ မင်းဘာလုပ်နေတယ်ဆိုတာ မင်းသိရဲ့လား?”
“ဒါဘာလဲဆိုတာ မင်းကိုငါမေးနေတယ်လေ။” ဖုန်းကျုန်း တအားဒေါသထွက်နေလေသည်။ ဟယ်ကု ခနာကိုယ်ပေါ်တွင် ထိုအရာများရှိနေသည်ကိုလည်း မယုံနိုင်အောင်ဖြစ်နေရသည်။
ဟယ်ကု မျက်လုံးများမှိတ်ထားမိသည်။ ရှက်ရွံ့စိတ်နှင့် ဒေါသက ဘယ်တုန်းကနှင့်မှ မတူအောင် ပြင်းထန်နေသည်။ “ကိုက်ရာကွာ။ အဲ့ဒါ ဘာဖြစ်သေးလဲ?”
ဖုန်းကျုန်း၏ လက်များ တုန်ယင်နေကာ မျက်လုံးများလည်း နီစွေးလာခဲ့သည်။
“.. ဘယ်သူ?”
“ကောင်လေး”
“အဲ့ဒါ ဘယ်သူလဲလို့?”
ဟယ်ကု ခေတတိတ်ကျသွားသည်။ “ငါ့ ကိုယ်ရေးကိုယ်တာကို ထိန်းသိမ်းခွင့် ငါ့မှာရှိတယ်ထင်တာပဲ။ ဖုန်းကျုန်း မင်း အခု တော်တော် မူမမှန်ဖြစ်နေတာနော်။ ဖျားနေတာက မင်းလား ငါလား?”
ဖုန်းကျုန်းက အံကိုကြိတ်လျက်ဆိုသည်။ “ဘယ်သူလဲဆိုတာ ငါ့ကိုပြောစမ်းပါ။”
“ငါမပြောချင်ပါဘူးဆို။” ဟယ်ကုလည်း အတော်ဒေါသထွက်နေလေပြီ။ “ငါက အသက် ၂၂ နှစ်ရှိတဲ့ အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်နော်။ ငါ့ဘဝအကြောင်း မင်းကို အစီရင်ခံဖို့လိုတယ်လို့ ဘယ်လိုများ တွေးလိုက်တာလဲ? ဖုန်းကျုန်း မင်းပြန်သင့်ပြီ။”
ဖုန်းကျုန်းကို ကြည့်ရသည်မှာ ဟိုဟိုဒီဒီတွေးနေပုံရပြီး ရုတ်တရက် သူငယ်အိမ်များ ပြူးကျယ်သွားတော့သည်။ “အဲ့ဒါ စုန့်ကျွီးဟန်လား? ဟုတ်လား?”
အတော်လန့်ဖျပ်သွားမိသောကြောင့် ဟယ်ကု သူ့မျက်နှာအမူအရာကို ဖုံးကွယ်လိုက်ချင်ပါသော်လည်း နောက်ကျသွားလေပြီ။
“မင်းဘာလို့ ဒီလောက်တုံးရတာလဲကွာ?” ဖုန်းကျုန်း တအားဒေါသထွက်ကာ သူ့ကို အားဖြင့်တွန်းထည့်လိုက်သည်။ “မင်း.. သောက်သုံးမကျတဲ့.. မင်းက ငအကောင်ကြီးပဲ။ မင်းနဲ့ စုန့်ကျွီးဟန်? သူဘာကောင်လဲဆိုတာ မင်းသိရဲ့လား?”
ထိုအချိန်တွင် ဟယ်ကု စိတ်ငြိမ်သွားပြီဖြစ်သည်။ “ဖုန်းကျုန်း မင်းနဲ့သူနဲ့ ဘယ်လို ရန်စမျိုးရှိတယ်ဆိုတာ ငါမသိဘူးကွာ။ ဒါပေမဲ့ အဲ့ဒါတွေက ငါနဲ့ ဘာမှမဆိုင်ဘူးလေ။ မင်း တော်တော်မူမမှန်ဖြစ်နေတာနော်။ မင်းအဲ့ဒါကိုသိရဲ့လား?”
“ငါက မူမမှန်ဘူး? မင်းကသာ အဲ့ဒီ သောက်သုံးမကျတဲ့ ဦးနှောက်ကြီးနဲ့ မူမမှန်ဖြစ်နေတာ။ မင်းသူနဲ့ အိပ်ခဲ့တယ်ပေါ့။ မင်း စုန့်ကျွီးဟန်နဲ့ အိပ်နေတာလား?” ဖုန်းကျုန်း၏ ဒေါသက ဟယ်ကုကို သတ်ချင်မိလောက်အောင် တရှိန်ထိုးတက်နေပုံရသည်။
ဟယ်ကူ အသက်ပြင်းပြင်းရှူလိုက်သည်။ “ဟုတ်တယ်။ အဲ့ဒါ ဘာပြဿနာရှိနေလို့လဲ?”
“သူက မင်းနဲ့ ဒီနေ့အိပ်မယ်။ ပြီးရင် မနက်ဖြန်ကျ နောက်တစ်ယောက်ကို ကောက်ရွေးသွားမဲ့လူမျိုးကွ။ စုန့်ကျွီးဟန်ဆိုတာ သုံးစားမရတဲ့ကောင်။ မင်း.. သောက်ရူး.. ဟာ..”
“ဟုတ်တယ်ပဲထားဦးကွာ။ ဒါ ငါ့ကိစပဲလေ။”
“မင်းကိစ?” ဖုန်းကျုန်းက သူ့ကို စိန်းစိန်းကြည့်လေသည်။ “စုန့်ကျွီးဟန်က မင်းကိုဘာလို့ လိုက်တယ်ထင်လဲ? ငါ့ကြောင့်သာမဟုတ်ရင် သူက မင်းကို လှည့်တောင်ကြည့်မှာမဟုတ်ဘူး။”
ဟယ်ကု ဆဲလိုက်မိသည်။ သူ့မျက်နှာထားလည်း ပြောင်းသွားတော့သည်။ “မင်းဆိုလိုချင်တာကဘာလဲ?”
ဖုန်းကျုန်း အသိဝင်လာပြီး စကားကိုရပ်လိုက်သည်။ သို့သော် ပြောပြီးသားစကားကို ပြန်မျိုချ၍ မရနိုင်တော့ပေ။ သူ အံကို ကြိတ်ကာ အော်မိတော့သည်။
“ဖုန်းကျုန်း မင်းစကားက ဘာအဓိပာယ်လဲ? ရှင်းရှင်းပြောစမ်းကွာ။ တကယ်လို့ စုန့်ကျွီးဟန်က ငါ့ကို ကစားချင်တာဆိုလည်း ငါ့ဘက်ကရတယ်။ ငါက မိန်းမလည်း မဟုတ်ဘူး။ လျှောက်အိပ်တာလောက်က ဘာမှကြီးကြီးကျယ်ကျယ် မဟုတ်ဘူး။ မင်းက ငါ့ကို သူငယ်ချင်းလို တကယ်သဘောထားရင် မင်းအခုပြောသွားတဲ့စကားကိုသာ ရှင်းအောင်ပြော။”
ဖုန်းကျုန်း လက်သီးကိုဆုပ်ကာ ပြန်ဖြေသည်။ “သူ.. သူက ငါ့ကို ဒေါကန်အောင်လုပ်ချင်နေတာ။”
“မင်းဘာကိုဆိုလိုတာလဲ?”
“ငါတို့.. ငယ်ငယ်တုန်းက ပြိုင်ပွဲတစ်ခုလုပ်ခဲ့ဖူးတယ်။ သူက မင်းကို ငါနဲ့အတူတွေ့သွားတော့ ငါ့ဆီကနေ မင်းကို လုသွားချင်တဲ့သဘောပဲ။”
ဟယ်ကု မျက်နှာနှင့် ဦးနှောက်တွင် သွေးမရှိတော့သလိုခံစားလိုက်ရသည်။ လက်တွေ့သို့ အချိန်တော်တော်ကြာသည်အထိ ပြန်ရောက်မလာတော့ပေ။ “ဒါပေမဲ့ ငါနဲ့ မင်းက.. ငါတို့က သူငယ်ချင်းတွေပဲလေ။”
“ဒါပေမဲ့ သူက အဲ့လိုမထင်လို့ပေါ့။” ဖုန်းကျုန်းက သူ့မျက်ဝန်းတွေထဲ စိုက်ကြည့်လာသည်။ “ငါလည်း အဲ့လိုမထင်ဘူး။”
ဟယ်ကု ထိတ်လန့်သွားကာ ဖုန်းကျုန်းကို ကြည့်လိုက်မိသည်။
“ငါသိတယ်။ မင်းက သူ့ကြောင့် ခဏလေး စိတ်ရှုပ်သွားတာပါ။ ငါတို့နှစ်ယောက်သားက အရမ်းပြေလည်တယ်လေ ကွာ။ မဟုတ်ဘူးလား? ဟယ်ကု ငါယောက်ျားလေးတွေကိုကြိုက်လားလို့ မင်းမေးခဲ့တယ်လေ။ ငါအဲ့ဒီတုန်းကတော့ မဖြေခဲ့ဘူး။ ငါမင်းကို အခုဖြေပေးနိုင်တယ်။ အကယ်၍ အဲ့ဒီ ယောက်ျားလေးသာ မင်းဖြစ်နေမယ်ဆိုရင်..”
“မပြောလိုက်နဲ့။” ဟယ်ကု ခေါင်းကို ငုံ့ချထားမိသည်။ “ဖုန်းကျုန်း ဒါပထမဆုံးအကြိမ်မဟုတ်ဘူးနော်။ မင်းတမင်တကာလုပ်တာလား မရည်ရွယ်ဘဲပြောလိုက်မိတာလားတော့မသိဘူး။ ဒါပေမဲ့ ငါ့ဘက်ကတော့ ပြီးသွားပြီလေ။ ငါ ဘာအမှားမှလဲမလုပ်ထားဘူး။ ငါ မင်းနဲ့ စုန့်ကျွီးဟန်ကြားက ကစားပွဲမှာ ငြိမ်ငြိမ်လေး ဝင်ပါမပေးနိုင်တော့ဘူး။”
“မင်းငါ့ကို နည်းနည်းလောက် အချိန်ပေးခဲ့သင့်တယ်ကွာ။”
ဟယ်ကု သက်ပြင်းချမိသည်။ “ခံစားချက်ချင်းက တူလို့လား?”
တစ်ချိန်တုန်းကတော့ ဟယ်ကု ဖုန်းကျုန်းနှင့် အတူရှိချင်ဖူးပါသည်။ သို့သော် သူ့မျှော်လင့်ချက်လေး အလဟဿဖြစ်လုမတတ် အကြိမ်ကြိမ်ဖျားယောင်းလိုက်၊ စိတ်ပျက်သွားအောင်ပုတ်ချလိုက်လုပ်ခံခဲ့ရသည်လေ။
ဖုန်းကျုန်းက သူ့ပခုံးကိုင်၍ အော်ဟစ်တော့သည်။ “ဟယ်ကု.. မတုံးစမ်းပါနဲ့။ စုန့်ကျွီးဟန်က မင်းကို ကစားနေတာ။ မင်း.. မင်းငါနဲ့ပဲ အတူရှိပေးပါကွာ။”
ဟယ်ကု ဖုန်းကျုန်း၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ ကိုယ်တိုင်ပင်မသိလိုက်ဘဲ တင်းကြပ်စွာဆုပ်ကိုင်ထား မိသည်။ သူမျက်နှာသေဖြင့်ပင် ပြန်ပြောလိုက်သည်။ “ဖုန်းကျုန်း မင်းဒီနေ့ပြောသွားတာတွေကလေ ကလေးတွေလုပ်တဲ့လုပ်ရပ်မျိုးပဲ။ ပြီးတော့ အကျိုးအကြောင်းလည်းမဆီလျော်ဘူး။ စိတ်အေးအေးထားပြီး အိမ်ပြန်လိုက်ပါကွာ။ နောက်မှ ငါတို့ စကားထပ်ပြောကြတာပေါ့။”
“မင်း ငါ့ကို မယုံဘူးလား?”
“ဘယ်လို? မင်းဆိုရင်ရော ငါဒီလိုပုံစံနဲ့ ပြောလာရင် ယုံမှာတဲ့လား?”
“မင်း စုန့်ကျွီးဟန်ကို သိလာတာ ရက်နည်းနည်းပဲရှိပါသေးတယ်ကွာ။ သူ့ကို ယုံလား? သူ့ဘေးပတ်ဝန်းကျင်မှာ ဘယ်လိုလူတွေရှိတယ်ဆိုတာရယ်၊ သူ ဘာကြောင့် မင်းနဲ့ နီးစပ်လာလဲဆိုတာရယ်ကို ပြန်စဥ်းစားကြည့်ပါဦး။”
နှလုံးသားကို ဓားဖြင့်ထိုးခံရသည့် ခံစားချက်ဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်မည်။ ဟယ်ကု အသက်ပြင်းပြင်း ရှူလိုက်ရသည်။ “မင်းပြောပြီးပြီနော်။ ငါလည်း စဥ်းစားပြီးပြီ။ ငါပြောတာကိုလည်း နားထောင်ပါဦး ဖုန်းကျုန်းရာ။ ပထမအချက်က ငါတို့က တွဲနေတာမဟုတ်ဘူး။ ဖြစ်လာနိုင်စရာလည်းမရှိဘူး။ ဒုတိယက ငါမင်းကို မယုံဘူး။ စုန့်ကျွီးဟန်လည်း ငါ့ကို သဘောကျမယ်ဆိုတာတော့ ငါသံသယမဝင်ဘူး။ တတိယကတော့ မင်းပြောသွားတာအမှန်တွေဆိုရင်တောင် ငါကတော့ မင်းနဲ့တွဲမှာမဟုတ်ဘူးဆိုတာပဲ။”
ဟယ်ကု နှလုံးသားထဲတွင် အလွန်အောင့်သီးအောင့်သက်ခံစားနေရသော်လည်း စကားကို သွေးအေးစွာ ပြောသွားနိုင်ခဲ့သည်။ ဖုန်းကျုန်းပြောသွားသည်များကို သူမယုံချင်ပါပေ။ သို့သော်လည်း သူ့စကားက ဟယ်ကု ဟိုးအရင်ကတည်းက သံသယရှိခဲ့သည့်အချက်ကို ရှင်းပြရာရောက်နေခဲ့သည်။ စုန့်ကျွီးဟန်က ဘာကြောင့်သူ့ကို မြန်မြန်ဆန်ဆန်၊ အရှိန်ပြင်းပြင်း ချဥ်းကပ်လာခဲ့သလဲဆိုသည့် အချက်ပင်။
အကယ်၍ ဒါဟာ တကယ်ကိုပဲ ဖုန်းကျုန်းကြောင့်ဖြစ်နေခဲ့လျှင်.. သူ လုံးဝ ဆက်မတွေးနိုင်တော့ပေ။
ဖုန်းကျုန်းကို ကြည့်ရသည်မှာ ဟန်မပျက်နေနေရသော်လည်း မျက်နှာအမူအရာက တဖြည်းဖြည်းဖြင့် ဝမ်းနည်းပုံပေါက်လာခဲ့သည်။ “ဟယ်ကု ငါ အရင်ကမသိခဲ့ဘူး။ မင်းက တအားသွေးအေးတာပဲ။ ငါ့အပေါ် ခံစားချက်လေးတစ်ခုတောင်မရှိဘူးလား? စုန့်ကျွီးဟန် ဘယ်လိုလူစားဆိုတာ မင်း အနှေးနဲ့အမြန်သိလာမှာပါ။”
“ဖုန်းကျုန်း ငါ အရင်တုန်းက မင်းအပေါ် ခံစားချက်ရှိခဲ့ဖူးတယ်ဆိုရင်တောင် အခုတော့ အတိတ်တွေဖြစ်သွားပြီ။ စုန့်ကျွီးဟန်က သုံးစားမရတဲ့ကောင်ဖြစ်ရင်ဖြစ်မယ်ကွာ။ မင်းနဲ့ ရှင်းအောင်ပြောထားချင်တာက ငါမင်းနဲ့တော့မတွဲနိုင်ဘူးဆိုတာပဲ။ မင်းဘာလို့ ဒီလိုလူမျိုးဖြစ်သွားရတာလဲ?” ဟယ်ကု ဖုန်းကျုန်းကို လေးနက်စွာကြည့်လိုက်သည်။ “ဖုန်းကျုန်းရယ် မင်းက ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းပါ။ ငါတို့ သူငယ်ချင်းဘဝနဲ့ ပျော်နေကြတာပဲလေ။ မင်း ဒီလိုမျိုးတွေ လုပ်မှဖြစ်မှာလား?”
“သူက လူကောင်းမဟုတ်ဘူး။” ဖုန်းကျုန်းက သူ့လက်ကို တွန်းထုတ်လိုက်သည်။ သူ့မျက်နှာက ကသိကအောက်ဖြစ်လျက်ရှိသည်။ “ဟယ်ကု မင်းနောင်တရလိမ့်မယ်။ စုန့်ကျွီးဟန်ရဲ့ သရုပ်မှန်ကို မင်း မြင်လာတဲ့အထိ ငါ လွှတ်ပေးထားမယ်။” သူနောက်လှည့်ပြီး နံရံကို လက်သီးနှင့် ထိုးချလိုက်ကာ ခေါင်းကို ချာခနဲလှည့်၍ ထွက်သွားတော့သည်။
“ဖုန်းကျုန်း..”
တံခါးကို အရှိန်နှင့်ဆောင့်ပိတ်လိုက်သံသာ လေထုထဲတွင် ပဲ့တင်သွားတော့သည်။
ဟယ်ကု သူ့ခနာကိုယ်ပေါ်ရှိ တင်းထားသော အကြောများအားလုံး ပြေလျော့သွားသလိုခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး အားမရှိစွာဖြင့် အိပ်ရာပေါ် ပြိုလဲကျသွားတော့သည်။
ဘာကြောင့်များ.. ကိစတွေက ဒီလိုဖြစ်သွားရတာလဲ?
စုန့်ကျွီးဟန်က ဖုန်းကျုန်းကိုများ တကယ်ကြိုက်နေတာလား? ဟယ်ကု ရင်ထဲ မယုံကြည်ချင်သော်လည်း ဖုန်းကျုန်းပြောတာမှန်ကြောင်း ခံစားမိနေသည်။
သူက သာမန်ကောလိပ်ကျောင်းဆင်းလေးတစ်ယောက်သာဖြစ်ပြီး၊ မိသားစုကလည်း ဘာမှအရှိန်အဝါရှိတာမျိုး မဟုတ်။ စုန့်ကျွီးဟန်ဘေးမှာ ရပ်နေသည့် သူ့ကိုယ်သူ မြင်ယောင်လိုက်ချိန်တိုင်း စုန့်ကျွီးဟန် မျက်နှာသာပေးခံရသည့် အပျော်တွဲသောသူငယ်လေးနှင့်သာ တူနေမည်ကို သူသိပါသည်။
သို့သော်လည်း စုန့်ကျွီးဟန်၏ ညင်သာမှုများကို သူအမှတ်ရမိနေသည်။ စုန့်ကျွီးဟန်၏ အပြုံး၊ စုန့်ကျွီးဟန်၏ အသံ။ ထိုအရာများက အတုအယောင်တော့မဖြစ်နိုင်ပေ။ သူ့မျက်လုံးနှင့်မြင်ရသည်ကို ယုံရမည်လား၊ ဖုန်းကျုန်း၏ စကားများကို ယုံသင့်သည်လား?
ဟယ်ကု မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ့ခေါင်းထဲတွင်တော့ ရှုပ်ထွေးဗြောင်းဆန်နေလေသည်။ သူ့နှလုံးသားကို တစ်စုံတစ်ခုက ပိတ်ဆို့ထားသလိုခံစားနေရသည်။ အဆုံးသတ်မမြင်နိုင်သော အသူတစ်ရာနက်သည့်ချောက်ထဲ ဟိုးအောက်အထိ တရိပ်ရိပ်ထိုးကျနေသလိုမျိုး..
သူဘယ်လောက်ကြာအောင် အိပ်ပျော်သွားသည်မသိ၊ ပြန်နိုးလာချိန်တွင် နွမ်းလျသလိုခံစားရသော်လည်း ခနာကိုယ်ကတော့ သက်သာလာခဲ့သည်။ အိပ်ရာထပြီးသောအခါ ဆေးတချို့နှင့် ရေကို ဖန်ခွက်ကြီး နှစ်ခွက်ကုန်သည်အထိ သောက်ချလိုက်သည်။ သူ့ဦးနှောက်က ကြည်လင်သွားပြီဖြစ်သည်။
မနေ့ညက အဖြစ်အပျက်အကြောင်းပြန်တွေးမိသောအခါတွင်တော့ စိတ်ထဲ မသက်မသာနှင့် ရှက်နေမိသေးသည်။
ရိုးသားစွာပြောရလျှင် သူ ဖုန်းကျုန်းကို အတော်အလေးထားပါသည်။ သူငယ်စဥ်ကတည်းက ဖုန်းကျုန်းက အကောင်းဆုံးသူငယ်ချင်းဖြစ်ခဲ့သည်။ သူတို့နှစ်ဦးသားက ကျောင်းတွင်သာမက ကုမဏီတွင်ပါ ဘာသာဗေဒချင်းတူကြသည်လေ။ ဟယ်ကု့စရိုက်က တသီးတသန့်နေတတ်သူမျိုးဖြစ်တာမို့ သူနှင့် စကားပြောဘက် သူငယ်ချင်းတစ်ဦးရလာဖို့က မလွယ်ပေ။
စုန့်ကျွီးဟန်နှင့် ဖုန်းကျုန်းကြားတွင် ဘယ်လို ကြီးကြီးမားမားပဋိပကမျိုးဖြစ်ခဲ့ဖူးသလဲ သူမသိသော်လည်း သူထင်ထားသည်ထက် ပိုပြင်းထန်သည်မှာ သိသာနေပြီပင်။ စုန့်ကျွီးဟန်က ဖုန်းကျုန်းပြောသလို တကယ်ပဲ အကျင့်မကောင်းသည့်ကောင်ဖြစ်နေသည်လား? ဖုန်းကျုန်းက အကြောင်းရင်းမရှိဘဲ ရမ်းသမ်းစွပ်စွဲခြင်းတော့ မလုပ်တန်ရာ။ အကြောင်းတစ်ခုခုကို အခြေခံ၍ ပြောသည်ပဲ ဖြစ်လိမ့်မည်။
ဖုန်းကျုန်းပြောလာသည့် သူ့နှင့်အတူရှိချင်သည်ဆိုသော စကားကိုတော့ ဟယ်ကု မယုံကြည်ပေ။ အကယ်၍ စုန့်ကျွီးဟန်သာ ထို “ကလေးဘဝကပြိုင်ပွဲ” ကြောင့် ဖုန်းကျုန်းကို ရန်ဆွလိုခြင်းဖြစ်သည်ဆိုလျှင်၊ သူ့ကို ရုတ်တရက်ကြီး ကြိုက်သည်ဟုပြောလာသော ဖုန်းကျုန်းကလည်း သံသယဖြစ်စရာ ပိုကောင်းသေးတော့သည်။
ဟယ်ကု တစ်မနက်ခင်းလုံး ဆိုဖာခုံပေါ်တွင် ခွေခေါက်ထိုင်ကာ ခေါင်းအေးအေးနှင့် စဥ်းစားနေမိသည်။ နောက်ဆုံးတွင်တော့ စုန့်ကျွီးဟန်ကို သွားရှာ၍ မေးရန် ဆုံးဖြတ်လိုက်တော့သည်။ ခေါင်းထဲက ဓားတစ်လက်နှင့် နှလုံးသားထဲက ဓားတစ်လက်က ဟယ်ကုကို ချုပ်နှောင်ထားသလို ခံစားနေရသည်။ သူက အသက်လည်းငယ်သေးသည်။ ဘဝက အခုမှ စတင်သည်ဖြစ်ရာ သူ့စိတ်ခံစားချက်အရှုပ်အထွေးများကို ဘာမှမဟုတ်သလို မမေ့ဖျောက်လိုက်နိုင်ပါပေ။
သူပြင်ဆင်ပြီး အပြင်ထွက်လာခဲ့တော့သည်။ စုန့်ကျွီးဟန်၏ အိမ်အနီးသို့ သွားရန် အစီအစဥ်ချထားခဲ့ခြင်းဖြစ်သည်။
သူ စုန့်ကျွီးဟန်နေသော ရပ်ကွက်ထဲသို့ ဆင်းချလာလိုက်ပြီး ကော်ဖီဆိုင်တစ်ဆိုင်တွင်ထိုင်ကာ စုန့်ကျွီးဟန်ထံ စာတိုပေးပို့လိုက်သည်။ (ငါမင်းအိမ်နားရောက်နေတယ်။ မင်းကိုလိုက်ရှာနေတာ။ မင်းဘယ်တော့ပြန်လာမှာလဲ?)
အချိန်တော်တော်ကြာသည်အထိ ထိုစာလေးအတွက် ပြန်စာရောက်မလာပေ။ ဟယ်ကုလည်း အလောတကြီး မရှိသည်ဖြစ်၍ မှတ်စုတစ်အုပ်ထုတ်ကာသာ စာတမ်းကို ဆက်ရေးနေလိုက်တော့သည်။
ကောင်းကင်က မကြာမီပင် မှောင်ရီပျိုးလာတော့သည်။
ထိုအချိန်မှသာ စုန့်ကျွီးဟန်က စာပြန်ပို့လာခဲ့သည်။ “အဝေးမှာ
ဓာတ်ပုံရိုက်ကူးရေးလုပ်နေတာမို့လို့ ငါဒီနေ့အိမ်ပြန်မလာတော့ဘူး။”
စိတ်ပျက်လက်ပျက်ဖြင့်ပင် မှတ်စုစာအုပ်ကို သိမ်းဆည်းကာ အိမ်ပြန်ရန် ပြင်လိုက်ရသည်။
ကားထဲရောက်သောအခါ ဖုန်းကျုန်းထံမှ ဖုန်းဝင်လာခဲ့သည်။
ဖုန်းကျုန်းက အေးစက်စက်အသံဖြင့်မေးသည်။ “ဟယ်ကု မင်းဘယ်မှာလဲ?”
“အပြင်မှာ။ ခဏနေရင် အိမ်ပြန်တော့မှာ။”
“မင်းအခု ငါနဲ့လိုက်ခဲ့ရမယ်။”
“ဘာဖြစ်လို့လဲ?”
“စုန့်ကျွီးဟန် ဘယ်လိုလူမျိုးလဲဆိုတာ မင်းသိချင်တယ်မဟုတ်လား? ငါ ဒီနေ့ မင်းမျက်လုံးတွေကို ဖွင့်ပေးမယ်။”
ဟယ်ကု အသက်ရှူရပ်သွားရသည်။ သူ့အသံလည်း အနည်းငယ် တုန်ယင်သွားမိသည်။ “.. ကောင်းပြီလေ။ ငါ့ကို လိပ်စာပို့ပေးလိုက်ပါ။” သူကားထဲမှ ထွက်၍ အငှားကားတစ်စီးကိုတားကာ ဖုန်းကျုန်းပို့လာသော လိပ်စာသို့ အလောတကြီးထွက်လာခဲ့တော့သည်။
ထိုနေရာက အလွန်သီးသန့်ဆန်ပုံရသော နိုက်ကလပ် တစ်ခုဖြစ်သည်။ တံခါးဝတွင် အစောင့်နှစ်ယောက် စောင့်ကြပ်လျက်ရှိပြီး အထဲဝင်သွားသည့် ဧည့်သည်များက ဝင်ခွင့်ရရန် မဝင်မီ တစ်ခုခုပြနေရပုံပေါ်သည်။
တွေဝေနေစဥ်မှာပဲ မှုန်မှိုင်းနေသော မျက်နှာဖြင့် ဖုန်းကျုန်းရောက်ချလာတော့သည်။
ဖုန်းကျုန်းကို ထိုမျက်နှာထားမျိုးဖြင့် ဟယ်ကု တစ်ခါမှ မမြင်ဖူးခဲ့ပါ။ ဖုန်းကျုန်းက ဒေါသထွက်နေစဥ်မှာတောင် ယခုလိုမျိုး စိတ်ရှုပ်ထွေးမွန်းကြပ်နေသည့် သွင်ပြင်မျိုး မပြခဲ့ဖူးချေ။ သူ ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတော့ ပြောစရာစကား မရှိပြန်ပါ။
ဖုန်းကျုန်းက သူ့ကို တံခါးဝဆီသို့ ဦးဆောင်ခေါ်သွားပြီး လုံခြုံရေးအစောင့်များကို ဖုန်းထဲမှ ပုံတစ်ပုံ ဖွင့်ပြလိုက်သည်။ လုခြုံရေးဝန်ထမ်းနှစ်ယောက်က သူ့ကို အရိုအသေပြုပြီး အထဲဝင်ရန် လက်ဟန်ပြသည်။ “သခင်လေးဖုန်း အထဲကြွပါ။”
ဖုန်းကျုန်းက သူ့အရှေ့မှ လျှောက်သွားခဲ့ပြီး ဟယ်ကု အနောက်မှ လိုက်ဝင်လာလိုက်သည်။
သီးသန့်ခန်းတစ်ခုထဲ မဝင်မီတွင် ဖုန်းက_ “ဝင်သွားလေ။ ငါ မင်းကို အပြင်ကပဲ စောင့်နေမယ်။” သူလှည့်ကြည့်လိုက်သောအခါ ဖုန်း သက်ပြင်းချသည်။ “ရန်တော့မဖြစ်ပါနဲ့။”
ဟယ်ကု ဖုန်းကျုန်း၏ မျက်ဝန်းများကို ကြည့်လိုက်သည်။ သူ့နှလုံးသားကတော့ ဗုံတစ်လုံးလို တဒုန်းဒုန်း မြည်နေတော့သည်။
တံခါးကို ဖြတ်၍ အထဲတွင် အမျိုးသမီးတစ်ဦး ချိုသာစွာသီချင်းဆိုနေသံကို ကြားလိုက်ရသည်။
တံခါး ဖွင့်ဝင်လိုက်လျှင် သူဘာမြင်ရမှာလဲ? ဘာပဲဖြစ်ဖြစ် သူနောက်မဆုတ်နိုင်တော့ပေ။ အသက်ဝဝရှူသွင်းကာ တံခါး ခေါက်လိုက်သည်။
“ဝင်ခဲ့ပါ။”
ဟယ်ကု မျက်ဝန်းများကို မှိတ်ပြီး တံခါးကို တွန်းဖွင့်လိုက်တော့သည်။
အခန်းက အတော်တော့ကျယ်ဝန်းသည်။ ထိုင်နေသူ မတ်တပ်ရပ်သူများ စုစုပေါင်းတစ်ဒါဇင်ခန့်ရှိနေသည်။ ဆိုဖာခုံထောင့်တွင်ထိုင်လျက် အလွန်လှသော ကောင်မလေးတစ်ယောက်ကို ပွေ့ဖက်ထားသည့် စုန့်ကျွီးဟန်ကိုလည်း ဟယ်ကု မျက်လုံးများက ရှာတွေ့သွားခဲ့သည်။ နှစ်ဦးသားက စကားများပြောရင်း ရယ်မောနေခဲ့ကြသည်။ တစ်ယောက်နှင့်တစ်ယောက်လည်း ချစ်ရည်ရွှမ်းသော အကြည့်များဖြင့် ကြည့်လျက်ရှိသည်။
ဟယ်ကု သူ့ဦးရေပြားများ ထုံကျဥ်သွားသလို ခံစားလိုက်ရသည်။ လက်ဖျားခြေဖျားများလည်း ရုတ်တရက် အေးစက်လာပြီး ဘေးပတ်ပတ်လည်ရှိ လူများ၏ အကြည့်စူးစူးက သူ့အရေပြားကို အပ်ချောင်းများဖြင့် ထိုးဆွနေသလိုရှိလှသည်။
စုန့်ကျွီးဟန် သူ့ကိုမြင်သွားသောအခါ မျက်နှာပေးက ပြောင်းလဲသွားပြီး အလွန်လည်း အံ့သြသွားဟန်တူသည်။
ဟယ်ကုကတော့ ထူးခြားစွာပင် တည်ငြိမ်နေခဲ့လေသည်။ “စိတ်မရှိပါနဲ့။ ကျွန်တော် လူတစ်ယောက်ကို ရှာနေတာပါ။”
စုန့်ကျွီးဟန် ကောင်မလေး၏ခါးသိမ်သိမ်ပေါ်မှ သူ့လက်ကို လွှတ်ကာ မတ်တပ်ထရပ်လိုက်သည်။ သူ့လေသံက အတော်ဒေါကန်နေပုံပင်။ “ဟယ်ကု မင်းက ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ?”
ဟယ်ကု သူ့နှလုံးသားထဲက ဗလောင်ဆူနေသည့် ခံစားချက်များကို အပြင်သို့ထုတ်ကာအော်မပြောမိစေရန် ထိန်းချုပ်ထားရသည်။ “ကျွီးဟန် မင်း အပြင်ထွက်ခဲ့ဦး။”
စုန့်ကျွီးဟန်က ခေါင်းညိတ်ကာ သူ့သူငယ်ချင်းများထံသို့ အလောတကြီးထသွားသည်။ “မင်းတို့အရင် ပျော်နှင့်ကြဦး။” ထို့နောက် အပြင်သို့ထွက်လာကာ တံခါးကို ပြန်ပိတ်လိုက်သည်။
ဟယ်ကု၏ ရင်အစုံက နိမ့်ချည်မြင့်ချည်ဖြစ်နေရသည်။ သူ သက်ပြင်းချလိုက်ပြီးမှ စကားဆိုနိုင်သည်။ “ငါမင်းကို ပြောစရာရှိတယ်။”
“မင်းကို ဘယ်သူက ဒီနေရာကိုခေါ်လာတာလဲ? ဖုန်းကျုန်းလား? မင်းသူ့ကိုပြောပြလိုက်တာလား?” မေးခွန်းများက တစ်သီတစ်တန်းပင်။
“ငါ့ဘာသာ ရှာတွေ့သွားတာပါ။” ဟယ်ကု စုန့်ကျွီးဟန်ကို ငေးကြည့်လိုက်မိသည်။ မနေ့ကလေးတင် သူ ဒီလူကို ကြည့်လိုက်တိုင်း နှလုံးသားထဲ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသလို ခံစားခဲ့ရသေးသည်။ အခုတော့ သူ့ ရင်ထဲမှာ ပွင့်ခဲ့သော ပန်းကလေးခမျာ လေကြမ်းများကြောင့် ရွှံ့နွံထဲ ကြွေကျရလေပြီ။
စုန့်ကျွီးဟန်က စိတ်ရှုပ်ဟန်ဖြင့် သူ့ဆံပင်များကို ဖွပစ်လိုက်သည်။ “သူမင်းကို ဒီနေရာကိုခေါ်လာတာ အမှန်ပဲလား?”
ရုတ်ချည်းပင် ဟယ်ကု နှလုံးသားလေး စူးအောင့်သွားရသော်လည်း အတတ်နိုင်ဆုံး တည်ငြိမ်အောင်ကြိုးစား၍ ပြန်မေးလိုက်သည်။ “မင်းဖက်ထားတဲ့ကောင်မလေးလေ.. သူက မင်းရည်းစားလား?”
စုန့်ကျွီးဟန်က ဂရုမစိုက်ဟန်ဖြင့်ဖြေသည်။ “မဟုတ်ဘူး။”
“ဒါဆို ငါကရောဘာလဲ?”
စုန့်ကျွီးဟန်က သူ့ကို မယုံကြည်နိုင်ဟန်ပေါက်နေသော မျက်ဝန်းများဖြင့် ကြည့်လာခဲ့သည်။ “မင်းက ဘာကို ဆိုလိုတာလဲ?”
“ငါက ဘာကိုဆိုလိုရမှာလဲ?” ဟယ်ကု ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ပို၍ပင် အံ့သြသွားမိတော့သည်။ “စုန့်ကျွီးဟန် မင်းက ငါဘာကိုဆိုလိုတယ်ဆိုတာ မသိဘူးပေါ့?”
စုန့်ကျွီးဟန်က အရင်ဦးဆုံး
လှောင်ပြုံးပြုံးလိုက်သေးသည်။ ထို့နောက် ဟယ်ကု မျက်နှာကို ကြည့်ကာ
ခွက်ထိုးခွက်လန်ကို ရယ်မောတော့သည်။