book

Index 17

အခန်း ၁၇။ အတိတ်၏ ခြေရာများ_ အခြွေခံရခြင်း

  • Author : Caramel Popcorn
  • Genres : Romance
  • Original Author : Shui Qian Cheng

သူတို့နှစ်ဦး တွဲနေကြသလားဆိုတာ တကယ်ပြောရခက်လှသည်။


စုန့်ကျွီးဟန်က အလွန်အလုပ်များသူဖြစ်သည်။ ဟယ်ကု တစ်ခါတစ်ရံ သူ့ကိုရှာ၍ပင်မတွေ့။ စာတိုသာ လှမ်းပို့ထားရသည်။ ပင်လယ်ထဲကျသွားသော ကျောက်တုံးကဲ့သို့ ပြန်စာတော့မလာခဲ့ပါ။ ဟယ်ကုက ဒါမျိုးတွေကို ဂရုတော့မစိုက်တတ်ပေ။ သူ စုန့်ကျွီးဟန်ကိုနေ့တိုင်းတွေ့ချင်ပါသော်လည်း တစ်လတစ်ခါခန့်သာတွေ့ခွင့်ရသည်။ တွေ့ရသည့်အခိုက်တွင်လည်း အလောတကြီးဖြင့်သာ။


တဖြည်းဖြည်းနှင့် ဟယ်ကု ပုံမှန်မဟုတ်တော့ကြောင်း ဖုန်းကျုန်းရိပ်စားမိသွားကာ ဘာဖြစ်နေသလဲဟု ဗြောင်မေးလာတော့သည်။ သူအခုတလော မကြာခဏ စိတ်ပျံ့လွင့်နေတတ်သည်လေ။  

စုန့်ကျွီးဟန်က ကိုယ်ရေးကိုယ်တာနှင့်ပတ်သက်၍ တောင်းဆိုချက်များလှသည်။ ဟယ်ကုမှာ မည်သူ့ကိုမှ ပြောပြခွင့်မရှိပေ။ သူက နာမည်ကြီးတစ်ယောက်ဖြစ်နေသည့်အတွက် ဒါမျိုးကို ကြောက်တတ်သည်မှာလည်း သဘာဝကျပါသည်။ ဟယ်ကု လိမ်ပြောရတော့သည်။ “ငါ စာတမ်းကိုခေါင်းစဥ်ပြောင်းရမှာမို့လို့ပါ။ အဖြေတွေလည်း ပြင်ထားရဦးမယ်.. အရမ်းအလုပ်ရှုပ်လို့ပါ။”

“မင်းလည်း ပြင်နေတာပဲလေ။ ပြဿနာမရှိနိုင်ပါဘူး။ ငါရော မင်းကို ဘာကူညီပေးရဦးမလဲ?”


ဟယ်ကု ပြုံးပြလိုက်သည်။ “ဟင့်အင်း။ ငါကိုယ့်ဘာသာ လုပ်နိုင်ပါတယ်။”


“မင်းကိုယ့်ကိုယ်ကိုယ် သိပ်ပင်ပန်းအောင်မခိုင်းပါနဲ့ကွာ။ ဒီအပတ်ငါးသွားမျှားကြမယ်လေ။ သူငယ်ချင်းတွေက နေရာကောင်းလေး ညွှန်းပေးထားတာရှိတယ်။ တအားလှတာပဲတဲ့။”


“မေ့လိုက်ပါတော့ကွာ။ ငါ့အချိန်ဇယားက အရမ်းကြပ်နေပြီ။ ငါ့မှာ အခု အပြင်ထွက်ပျော်ပါးဖို့ကို မရဲတော့ဘူး ဖြစ်နေတာ။ ငါမင်းကို ပြန်ဆက်သွယ်တဲ့အထိပဲ စောင့်ပေးကွာ။”


ဖုန်းကျုန်း အနည်းငယ်စိတ်ပျက်သွားမိသည်။ “ငါတို့အတူ အပြင်မထွက်ရတာ ကြာလှပြီလေ။” သူ ရုတ်တရက် လက်လှမ်းကာ ဟယ်ကုမျက်နှာကို ဖျစ်ညှစ်တော့သည်။ “ငါ့မှာ သူငယ်ချင်း နည်းနည်းလေးပဲရှိတာကို မင်းကပါ ငါ့ကို အဖော်မလုပ်ပေးတော့ဘူးပေါ့။”


ဟယ်ကု ရယ်မိတော့သည်။ “မင်းမှာ သူငယ်ချင်းနည်းတယ်? နောက်ဆုံးအခေါက် မွေးနေ့လုပ်တုန်းကဆို မင်း လူငါးဆယ်၊ ခြောက်ဆယ်လောက် ဖိတ်ခဲ့တယ်လေ။”


“ထားလိုက်ပါတော့။ အဲ့ဒီလူတွေက အပေါင်းအသင်းတွေလေ။ တကယ့်သူငယ်ချင်းကတော့ နည်းနည်းလေးရှိတာပါ။ သူတို့က တစ်ယောက်ပြီးတစ်‌ယောက် နိုင်ငံခြားထွက်ပြီး စာသွားသင်နေကြတာ။ နိုင်ငံခြားသွားရတာများ ဘာကောင်းလို့လဲ? ငါတော့ ဘယ်မှမသွားချင်ပါဘူး။”


ဟယ်ကု မဖြေတတ်တော့ပေ။ “ဖုန်း.. မင်းပြောတာလည်း မှန်တော့မှန်ပါတယ်။”


ဖုန်းကျုန်းက အပြုံးအကြီးကြီးပြုံးပြလာခဲ့သည်။ “ဘာပဲဖြစ်ဖြစ်ကွာ အနည်းဆုံး ဒီတစ်ပတ်တော့ မင်းငါနဲ့ ရုပ်ရှင်လိုက်ကြည့်ပေးရမယ်။ ငါ့ကို မင်းအဖော်လုပ်ပေးစေချင်တာ။”


“ကောင်းပြီလေ။ စနေနေ့လား?”


“ဟုတ်ပြီ။ အဲ့ဒါပြီးရင် ငါမင်းကို အစားကောင်းတွေလိုက်ကျွေးမယ်လေ။”


ဟယ်ကု စုန့်ကျွီးဟန်ကို တွေ့ခွင့်မရသည့်အချိန်များတွင် အလုပ်သာဖိလုပ်နေခဲ့သည်။ စုန့်ကျွီးဟန်ကို အချိန်အားလပ်စေချင်ပါသော်လည်း သူကိုယ်တိုင်လည်း အချိန်မရှိပေ။


အချစ်ဆိုသည်မှာ မယုံနိုင်စရာကောင်းသည့်အရာပင်။ ဟယ်ကုကတော့ စုန့်ကျွီးဟန်နှင့် မိနစ်တိုင်း၊ အချိန်တိုင်းအတူရှိခွင့်မရသည်ကို မုန်းတီးမိသည်။ စုန့်ကျွီးဟန်ကို မြင်နေရရုံလေးနှင့် ပျော်ရွှင်နိုင်သော်လည်း မြင်ခွင့်ပင်မရှိသည့်အခါ လက်ဖက်ရည်ကပင် အရသာမရှိတော့ပေ။ ညညများတွင်လည်း သူ့အပြုံးလေးကိုသာ တွေးနေမိသည်။ မအိပ်ဖြစ်သည့်အချိန်များတွင်လည်း ကိုယ့်ကိုယ်ကိုယ် ပိုမိုကောင်းမွန်သည့်လူတစ်ယောက် ဖြစ်လာအောင် ကြိုးစားတတ်လာခဲ့သည်။  


ဟယ်ကုက အထက်တန်းကျောင်းတက်စဥ်ကတည်းက တစ်ဦးတည်းနေလာခဲ့သူဖြစ်သည်။ သူ့အမေက ကောလိပ်ပြီးသည်အထိ ကုန်ကျစရိတ်များကို တာဝန်ယူပေးခဲ့သည်။ ငွေပိုငွေလျှံသိပ်မရှိသည့်အတွက် အစားအသောက်ဝယ်ပြီးချိန်တွင် လက်ထဲ သုံးစရာပိုက်ဆံ သိပ်မကျန်တော့ပေ။ ကံကောင်းထောက်မစွာဖြင့် သူက ရုပ်ဝတပစည်းများ သိပ်မမက်မောတတ်သူဖြစ်သောကြောင့် နေထိုင်စားသောက်စရိတ်ကို အမြဲစိစစ်စွာ သုံးစွဲခဲ့သည်။ ပညာသင်ဆုလည်း ရထားသည့်အပြင် အလုပ်သင်လခလေးလည်းရှိနေခဲ့သည်။ နှစ်အနည်းငယ်အတွင်းမှာပင် ယွမ်သောင်းဂဏန်းတော့ စုမိဆောင်းမိရှိလာခဲ့သည်။ အခုတော့ သူ့ဘဝတွင် ပထမဆုံးအနေဖြင့် ဝတ်ကောင်းစားလှများဝယ်ဝတ်ဆင်ရန် ကြံစည်နေမိလေသည်။


သူ့အကျင့်စရိုက်က ငွေကို သိပ်အရေးမထားတတ်သူမျိုးဖြစ်သည်။ လွန်ခဲ့သောအချိန်များက သူဆံပင်ရှည်လာလျှင် ခေါင်းလျှော်၊ ပုံသွင်းအပြီးအစီးကို ၁၅ ယွမ်သာ သုံးခဲ့သည်။ ဒီတစ်ကြိမ်တွင် ဆံပင်ကို လိုချင်သည့်စတိုင်မျိုးရရန် ယွမ် ၅၀၀ သုံးလိုက်ရသော်လည်း စိတ်ထဲ အနှမျောမရှိပေ။ ဆံပင်ညှပ်ပြီးသောအခါ စျေးဝယ်စင်တာသို့သွား၍ အဝတ်အစားနှင့် ဖိနပ်များလည်း ထပ်ဝယ်လိုက်သေးသည်။


လူတစ်ကိုယ်လုံး ခေါင်းအစခြေအဆုံး ပြောင်းလဲပြီးသောအခါ သူ့ကိုယ်သူ မှန်ထဲတွင်ပြန်ကြည့်မိသည်။ သူတကယ်ကို အတော်လေး ကြည့်ကောင်းသွားခဲ့သည်ပင်။ စုန့်ကျွီးဟန်၏ ဘေးတွင် ယှဥ်ရပ်ရလျှင်တောင် သိပ်ပြီး ကိုးရိုးကားယားပုံထွက်နေမည်မဟုတ်ဟု ထင်မိသည်။  


စနေနေ့နေ့လည်ခင်းတစ်ခုတွင် ဟယ်ကု ဖုန်းကျုန်းနှင့်အတူ ရုပ်ရှင်သွားကြည့်ခဲ့သည်။


နှစ်ယောက်သားဆုံချိန်တွင် ဖုန်းကျုန်းကပြောခဲ့သည်။ “ဟယ်ကု မင်းဆံပင်ပုံစံပြောင်းလိုက်တာနဲ့တင် မျက်နှာလေးကို ပွင့်သွားတာပဲ။”


ဟယ်ကု ထိုသို့ကြားလိုက်ရသည့်အတွက်အလွန်ပျော်နေမိသည်။ “တကယ်လား?”


“တကယ်ပါဆို။ အရင်ထက် ဘယ်နှဆလောက်ပိုချောလာမှန်းတောင် ငါမသိတော့ဘူးကွ။ ပိုတော့ချောလာတယ်။ ဘယ်မှာသွားညှပ်တာလဲ?”


“Stars Saloon တဲ့။”


“မဆန်းပါဘူးလေ။ အဲ့ဒီ Stars ဆံပင်ညှပ်ဆိုင်တွေရဲ့ ဆံပင်ကိုင်တဲ့ လက်ရာက အရမ်းကောင်းတာကိုး။” ဖုန်းကျုန်းတစ်ခုတော့ တွေးမိသွားသည်။ “ဟေ့.. ပိုက်ဆံအများကြီးသုံးပြီး Stars မှာ ဆံပင် သွားညှပ်ရလောက်အောင် ဘယ်လိုစိတ်ကူးပေါက်လာတာလဲ?”


ဟယ်ကု သူ့ဆံပင်ကို ပွတ်သပ်နေမိသည်။ “ဒီလိုပါပဲ။ ငါလည်း သိပ်မကြာခင် ဘွဲ့ရတော့မှာလေ။ ကျောင်းသားတစ်ယောက်မဟုတ်တော့ဘူးဆိုတော့ ဆံပင်ပုံစံလေးပြောင်းလိုက်ချင်တာ။”


ဖုန်းကျုန်း မအောင့်နိုင်ဘဲ ရယ်မိသွားသည်။ “ဟယ်ကု အနေအထိုင်ပုံစံတွေလည်းပြောင်းတယ်၊ ဆံပင်စတိုင်ကိုလည်း ဂရုစိုက်လာတယ်။ ဒီအဝတ်အစားတွေကရော အသစ်ဝယ်ထားတာမဟုတ်လား?”


“ဪ ဟုတ်တယ်။ ငါ့အဝတ်အစားတွေက ဝတ်လာတာ နှစ်တွေကြာနေပြီလေ။ အလုပ်စဝင်ပြီဆိုရင် အဝတ်သစ်အစားသစ်လေး နည်းနည်းတော့ရှိဖို့လိုတာမို့ပါ။”


ဖုန်းကျုန်းက ပြုံးကာ ခေါင်းကို ယမ်းပြသည်။ သူလက်များက ပခုံးပေါ်သို့တရွေ့ရွေ့တက်လာပြီး ခေါင်းကို ညင်သာစွာအုပ်ကိုင်လိုက်သည်။ သူက တီးတိုးပြောသည်။ “ဘယ်လိုလုပ်ရမလဲ? မင်းဒီလို မြန်မြန်ကြီး ချောလာရင် ငါကျင့်သားမရတော့ဘူးလေကွာ။”


ဟယ်ကု သူ့လက်မောင်းများကို ဖြည်းညင်းစွာ ပြန်ဆွဲချလိုက်သည်။ “ရုံစဖွင့်ပေးတော့မယ်လေ။ သွားရအောင်။”


ဖုန်းက ဆိုသည်။ “သွားကြစို့။”


သူတို့ သိပံ စိတ်ကူးယဥ်ဇာတ်ကားကြည့်ဖြစ်ခဲ့သည်။ နောက်ခံအသံက အလွန်တိုးတိတ်လှသည်။ ရုပ်ရှင်ကားတစ်ဝက်အရောက်တွင် ဟယ်ကုဖုန်းကမြည်လာတော့သည်။ တစ်ရုံလုံး ပဲ့တင်ထပ်ကာ အတော်လေးကျယ်လောင်လှသည်။ ဟယ်ကု ဖုန်းကို အမြန်ထုတ်ပြီး ခေါ်ဆိုသူအမည်ကိုကြည့်ရာ စုန့်ကျွီးဟန်ဖြစ်နေတော့သည်။ သူတုံ့ဆိုင်းမနေတော့ဘဲ မတ်တပ်ထရပ်ကာ ဖုန်းဖြေရန် အပြင်ထွက်ခဲ့လိုက်သည်။ “ဟေ့ စုန့်ကျွီးဟန်။”


“ဟယ်ကု မင်းဘယ်မှာလဲ?” စုန့်ကျွီးဟန်၏ အလွန်ပင်ပန်းနေဟန်ဖြင့် ပျင်းရိရိမေးလိုက်သည့်အသံက ဖုန်းထဲမှ ကျယ်လောင်စွာထွက်လာခဲ့သည်။


“ငါ ရုပ်ရှင်ကြည့်နေတာ။”


“ရုပ်ရှင်ကြည့်တယ်? ဘယ်သူနဲ့အတူကြည့်တာလဲ?”


“ဖုန်းကျုန်းနဲ့”


စုန့်ကျွီးဟန် ခေတတိတ်ဆိတ်သွားသည်။ ဟယ်ကု ရင်ထဲ တင်းကြပ်မှုကိုခံစားလိုက်ရသည်။ ဒီလူနှစ်ယောက်က တစ်ဦးနှင့်တစ်ဦး သိပ်ပြေလည်ကြသည်မဟုတ်ပေ။


စုန့်ကျွီးဟန်က ဖြေးဆေးစွာဆိုသည်။ “မင်းသူနဲ့ ရုပ်ရှင်သွားကြည့်ရင် ငါသဝန်တိုတယ်။”


ဟယ်ကု စိတ်ပေါ့သွားကာ ပြုံးလိုက်မိသည်။ “ဘာတွေများ သဝန်တိုနေတာလဲ? ငါက သူငယ်ချင်းနဲ့အတူရုပ်ရှင်ကြည့်တာလေ။”


“သဝန်တိုတယ်ကွာ။ ငါဒီနေ့ နားရက်ရတယ်။ မင်း... ငါ့ဆီလာခဲ့ပါလား?”


“အခုလား? ရုပ်ရှင်က မပြီးသေးဘူးလေ။ ငါ ဖုန်းကျုန်းကို ညစာအတူစားပေးမယ်လို့လည်း ကတိပေးထားတယ်။”


“ငါက ရှားရှားပါးပါးနားရက်လေးရတာလေ။ မင်းက ငါ့ကို မတွေ့ချင်ဘူးလား?”


“ငါ သေချာပေါက်ကို တွေ့ချင်တာပေါ့ကွာ.. ဒါပေမဲ့..” ဟယ်ကု တွေဝေနေမိသည်။ သူသာ စုန့်ကျွီးဟန်ဒီနေ့နားရက်ရမှန်းသိခဲ့လျှင်ဖုန်းကျုန်းကို အိမ်တွင် စာတမ်းရေးစရာရှိသည်ဟုသာ လိမ်ပြောမိလောက် သည်။


“ဘာမှမဟုတ်ဘူးဆိုလဲ မင်းအခုထွက်လာခဲ့။” စုန့်ကျွီးဟန်၏ အသံက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေသော အသံမျိုးဖြစ်သည်။


“ကျွီးဟန် ငါမင်းကို တကယ်တွေ့ချင်တာပါ။ ဒါပေမဲ့ ဒီလိုကြီး ထွက်လာခဲ့ဖို့ကျတော့ သိပ်မကောင်း..”


စုန့်ကျီးဟန်က ပြောတော့သည်။ “မင်း ဖုန်းကျုန်းကိုကြိုက်နေတာလား?”


ဟယ်ကု မြန်မြန်ပြန်ဖြေရသည်။ “မကြိုက်တာသေချာပါတယ်ကွာ။”


“မကြိုက်ဘူးဆိုရင်လည်း ဘာလို့ တွေ‌ဝေနေတာလဲ? သူငယ်ချင်းအချင်းချင်း တစ်ခါတစ်လေဒါမျိုးရှိတတ်တာပဲ။ ဟယ်ကု အခုလာရင်လာ မလာရင် ငါစိတ်ဆိုးမှာနော်။”


ဟယ်ကု သက်ပြင်းချလိုက်မိသည်။ သူ့စိတ်ထဲ စုန့်ကျွီးဟန် စိတ်တိုနေပြီဟု ခံစားလိုက်ရသည်။ သူသိပ်ဂရုမစိုက်သော်လည်း သူနှင့်စုန့်ကျွီးဟန်ကြားအခြေအနေလေးကို ပျက်ယွင်းမသွားစေချင်ပေ။ ထို့ကြောင့် ပြန်ဖြေလိုက်ရတော့သည်။ “ဒါဆိုလည်း ငါ့ကိုစောင့်ပေး။ ငါတတ်နိုင်သမျှ မြန်မြန်လာခဲ့မယ်။”


စုန့်ကျွီးဟန်က ခပ်ပေါ့ပေါ့လေသံဖြင့်ဆိုသည်။ “ရတယ်လေ။ မြန်မြန်သာလာ။”


ဟယ်ကု ကြောင်တစ်ကောင်လို အလျင်ဖြင့် ပြန်ပြေးမိတော့သည်။


ဖုန်းကျုန်း_ “ဘာဖြစ်တာလဲ? ဘယ်သူဆက်တာလဲ?”


“ငါ့ကျူတာက ငါ့ကိုရှာနေတယ်တဲ့။ ငါကျောင်းကိုအခုပြန်သွားမှဖြစ်မယ်။” သူဖုန်းကျုန်းကိုလိမ်လိုက်မိ၍ စိတ်မကောင်းပေ။ အထူးသဖြင့် သူ့ရင်ထဲတွင်အားနာနေမိသည်။


“အဲ့လောက် အသည်းအသန်ကြီးလား?” ဖုန်းကျုန်း မျက်မှောင်ကြုတ်နေတော့သည်။ “ရုပ်ရှင်က မပြီးသေးဘူးလေ။”


“စိတ်မရှိပါနဲ့ ဖုန်းကျုန်းရယ်။ ငါနောက်တစ်ခါကျ အဖော်လုပ်ပေးပါ့မယ်နော်။”


ဖုန်းကျုန်းစိတ်ထဲ မပျော်တော့ပေ။ သို့သော်လည်း သူ့မှာ ငြင်းဆိုနိုင်စရာ အကြောင်းလည်းမရှိ။ “ဒါဖြင့်လည်း မင်းရဲ့ ဆရာကိုသွားတွေ့လိုက်ပြီး နောက်ကျမှ ငါနဲ့ ထမင်းအတူစားဖို့ပြန်လာခဲ့လိုက်ပေါ့။”


“ငါထင်တာတော့ ကျူတာက ညကျရင်လည်း ညစာအတူစားဖို့ဖိတ်ထားသေးတယ်။”


ဖုန်းကျုန်း_ “မင်းမှာ တစ်ချိန်လုံး စာတမ်းကိစနဲ့အလုပ်များနေရတာကွာ။ ငါတို့တော်တော်နဲ့ အတူအပြင်ထွက်နိုင်တာမဟုတ်ဘူးလေ။”


“ငါတောင်းပန်ပါတယ် ဖုန်းကျုန်းရာ။ ငါပြန်လာပြီး ညစာအတူစားမယ်။ စောင့်နေနော်။”


“ထားလိုက်ပါတော့။ ငါလည်း မကြည့်ချင်တော့ပါဘူး။ သွားရအောင်။” ဖုန်းကျုန်း စိတ်ပျက်လက်ပျက်ဖြင့် ထရပ်လိုက်သည်။


နှစ်ဦးသား ရုပ်ရှင်ရုံထဲမှ အတူထွက်လာခဲ့ကြသည်။


ဟယ်ကုလည်း အငှားကားတစ်စီးကိုတား၍ သုတ်ခြေတင်ရတော့သည်။


စုန့်ကျွီးဟန်က မြို့ပြ အဆင့်မြင့်တိုက်ခန်းများတွင်နေထိုင်သည်။ ရုပ်ရှင်ရုံနှင့်လည်း သိပ်မဝေးပေ။ ကားက မိနစ် ၂၀ နှင့်ရောက်လာတော့သည်။ ဟယ်ကု စုန့်ကျွီးဟန်၏ တိုက်ခန်းသို့ အမြန်သွားရပြန်သည်။ 


ဓာတ်လှေကားအတွင်းရောက်သောအခါ မှန်ကို အချိန်အကြာကြီး မှုန်ကုပ်ကြည့်ပြီး ဆံပင်ပြန်သပ်၊ အဝတ်အစားပြန်ဆန့်ဆန့်ယန့်ယန့်လုပ်ရသေးသည်။ ရင်ထဲတွင်တော့ အပျော်များ ပြည့်နေတော့သည်။


တံခါးခေါင်းလောင်းမြည်သံ နှစ်ချက်အပြီးတွင် ခြေသံတစ်ခုကြားလိုက်ရသည်။ ထို့နောက်တွင် တံခါးပွင့်လာတော့သည်။ အတွေးထဲမှ ထိုလူက သူ့အရှေ့တွင်ရောက်နေသည်ဖြစ်ရာ သူ့ရင်ထဲ အပျော်ထုထည်ကကြီးမားလာတော့သည်။ သူ အ‌ရှေ့တိုး၍ စုန့်ကျွီးဟန်ကို ဖက်ကာ နှုတ်ခမ်းနုနုလေးများကို နမ်းလိုက်မိသည်။


စုန့်ကျွီးဟန်က နှာခေါင်းရှုံ့လိုက်သော်လည်း သူ့ခါးကိုဖက်ပြီး စိတ်ပါလက်ပါပြန်တုံ့ပြန်သည်။


နှစ်ဦးသား မိနစ်ဝက်ခန့်သာ ခွဲခွာပြီး ပြန်လည်ပူးကပ်လုံးထွေးသွားပြန်သည်။ ဟယ်ကု ပင့်သက်ရှိုက်ကာ ပြောလိုက်သည်။ “ငါကမင်းကို ပိုလွမ်းရတဲ့သူဆိုတာ မင်းသိပါတယ်။”


စုန့်ကျွီးဟန်က ပြုံးရုံပြုံးသည်။ “သိသားပဲ။” သူက ဟယ်ကုဆံပင်များကို ထိကိုင်ကြည့်သည်။ “ဆံပင်ပုံပြောင်းလိုက်တာလား? ကြည့်ကောင်းသားပဲ။”


ဟယ်ကု သုံးလိုက်ရသော ပိုက်ဆံများ ကုန်ရကျိုးနပ်သွားပြီဟုတွေးလိုက်မိသည်။


စုန့်ကျွီးဟန်က သူ့ကို တံခါးအတွင်းထဲသို့ ဆွဲခေါ်သွားသည်။ “လာ.. ငါမင်းအတွက်ပြင်ထားတဲ့လက်ဆောင်ကို လာကြည့်ဦး။”


“အဲ.. ဘာလက်ဆောင်လဲ?”


စုန့်ကျွီးဟန်က ကြမ်းပေါ်မှ လက်ဆောင်ထုပ် တစ်ဒါဇင်ခန့်ကို ညွှန်ပြသည်။ “ငါဟိုတလောက ကြော်ငြာပေးခဲ့တဲ့ အဝတ်အစားတံဆိပ်က ဒီရာသီအတွက် အသစ်ထုတ်ထားတဲ့ အက်ျီတွေလက်ဆောင်ပေးလာလို့။ ငါ မင်းဝတ်လို့တော်မဲ့ အရွယ်ကို တမင်တောင်းထားလိုက်တာ။”


ဟယ်ကု ငြင်းရသည်နှင့်ပင် အလုပ်ရှုပ်သွားတော့သည်။ “ဒီအဝတ်အစားတွေက စျေးကြီးလွန်းပါတယ်။ ငါဝတ်ဖို့ မသင့်တော်ပါဘူးကွာ။”


“ဘယ်နေရာက မသင့်တော်တာလဲ? လူဆိုတာ အဝတ်အစားဝတ်ဖို့လိုပြီး ဒီဟာတွေကလည်း လူ ဝတ်ဖို့အဝတ်အစားတွေလေ။”


“ငါကအခုမှ အလုပ်သင်ပဲရှိသေးတာလေ။ တကယ်မသင့်တော်ပါဘူး။”


စုန့်ကျွီးဟန်က သူ့နားရွက်ဖျားလေးကို စိုက်ကြည့်နေသည်။ “ဒါပေမဲ့ မင်းမဝတ်ရင် ငါအရမ်းစိတ်ပျက်သွားမှာပဲ။”


ဟယ်ကုက အဝတ်အစားများကို တစ်ချက် ကြည့်ပြီး စုန့်ကျွီးဟန်ကို ပြန်ကြည့်လိုက်သည်။


စုန့်ကျွီးဟန်က သူ့ပခုံးကို လာဖက်သည်။ “မင်းယူရမှာပဲ။ ငါလည်း ဒါတွေကို အခြေအနေအရ လူရှေ့သူရှေ့ထုတ်ဝတ်ပြရတာမျိုးတွေရှိတယ်လေ။ မင်းနဲ့ ငါ စုံတွဲဝတ်စုံအနေနဲ့ ဝတ်လို့ရတာပေါ့။ မင်းသဘောမကျဘူးလား?”


ဟယ်ကု လူနှစ်ဦး စုံတွဲဝတ်စုံဝတ်ထားပုံကို စိတ်ကူးယဥ်မိလိုက်သည်။ အဝတ်အစားဆင်တူဝတ်ပြီး လူရှေ့အတူထွက်ရပ်ရန် အခွင့်အရေးမရှိသော်လည်း ထိုပုံရိပ်လေးက သူ့ကို လောဘတက်လာစေတော့သည်။ သူပြုံး၍ ပြန်ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါအလောတကြီး ထွက်လာရတော့ မင်းအတွက်ဘာမှ မပါလာဘူး။”


“မင်းက ငါ့လက်ဆောင်ပဲပေါ့။” စုန့်ကျွီးဟန်က အရှက်မရှိမျက်နှာပြောင်တိုက်ကာဆိုသည်။ မျက်နှာက ရဲပင်မရဲလာပေ။


ဟယ်ကု နှုတ်ခမ်းများပေါ်မှ အပြုံးကို မထိန်းထားနိုင်တော့ပေ။


“မင်း ဒီနေ့ ဖုန်းကျုန်းနဲ့ဘာကားကြည့်ခဲ့တာလဲ?”


“သိပံ စိတ်ကူးယဥ်ဇာတ်လမ်းပါ။ သိပ်တော့မဆိုးဘူး။”


“မင်းအပြီးထိမကြည့်ခဲ့ရဘူးလား? ကိစမရှိပါဘူး။ အခွေထွက်တဲ့အထိစောင့်ပြီး ငါ့အိမ်လာခဲ့ပေါ့။” စုန့်ကျွီးဟန်၏ အိမ်တွင် ပိတ်ကားအကြီးကြီးနှင့် အိမ်တွင်း ရုပ်ရှင်ရုံတစ်ခုရှိသည်။


“အရေးမကြီးပါဘူး။” ဟယ်ကု ရှက်ရှက်နှင့်သာ တီးတိုးဆိုလိုက်မိသည်။ “ငါက မင်းကို ပိုတွေ့ချင်တာကိုး။”  


စုန့်ကျွီးဟန်က အပြုံးဖြင့် ပြန်ပြောသည်။ “ငါအခုရေးနေတဲ့သီချင်း နားထောင်ကြည့်ချင်လား?”


“ကောင်းသားပဲ။”


စုန့်ကျွီးဟန် အိပ်ခန်းထဲဝင်သွားသောအခါ သူလည်း ကော်ဇောပေါ်တွင် ခြေထောက်ချိတ်၍ ထိုင်လိုက်သည်။ စုန့်ကျွီးဟန်က ကုတင်အစွန်းတွင် ဂစ်တာကိုပိုက်၍ ထိုင်ကာ သူ့ကို ပြုံးပြလာသည်။


ဟယ်ကု သူ့ကို တိတ်တဆိတ်ကြည့်နေမိသည်။ သူ့နှလုံးသားက နွေးထွေးလျက်ရှိပြီး သူ့နှုတ်ခမ်းများကလည်း အပြုံးများကို မရပ်တန့်နိုင်တော့ပေ။


စုန့်ကျွီးဟန်၏ လက်ချောင်းသွယ်သွယ်များက ဂစ်တာကြိုးများပေါ်တွင် ပြေးလွှားလျက်ရှိသည်။ သူက အသံပြန်ချိန်ထားခြင်း၊ ပြုပြင်ထားခြင်းမျိုးဘာမှမပါသော ပင်ကိုအသံသြရှရှနှင့်ပင် အဂႅလိပ်သီချင်းတစ်ပုဒ် ဆိုပြလာသည်။ အသံရော ရုပ်ထွက်ပါ ပြီးပြည့်စုံနေသည်မျိုးမဟုတ်သော်လည်း သီချင်း၏ မူရင်းအနှစ်သာရကို အထိန်းသိမ်းထားနိုင်ဆုံး သီချင်းတစ်ပုဒ်ဖြစ်လာခဲ့သည်။

စုန့်ကျွီးဟန်က မျက်ဝန်းများကို မှိတ်၍ သီချင်းကို နစ်မြောခံစားကာ ဆွဲဆောင်မှုရှိရှိ သီဆိုပြသည်။ ဟယ်ကု စုန့်ကျွီးဟန်ကို ကြည့်မိသောအခါ သူလည်း နစ်မြောသွားတော့သည်။


စုန့်ကျွီးဟန်၏ အပြုံး၊ မျက်ဝန်းများ၊ စိတ်နှလုံးသားနှင့် သူ့အသံ အားလုံးက လူထောင်ပေါင်းများစွာကို စွဲလန်းသွားအောင် အလွယ်လေးပြုစားတတ်သော နတ်ဆိုးတစ်ကောင်ကဲ့သို့ အနရာယ်များလွန်းလှသည်။


ထိုအခိုက်အတန့်မှာပင် ဟယ်ကု အကြောက်တရားတစ်ခုကိုလည်း ခံစားလိုက်ရသည်။ အချစ်တွင်ကျရှုံးသွားသူတိုင်း ခံစားရသည့် ချစ်သူကို ဆုံးရှုံးရမှာကြောက်သည့်စိတ်မျိုးဖြင့် စုန့်ကျွီးဟန်တစ်နေ့နေ့သူ့ကို ထားသွားလိမ့်မည်ဆိုသည့်အတွေးကို ဖျောက်မရလောက်အောင် စတင် တွေးမိလာခဲ့တော့သည်။


စုန့်ကျွီးဟန် သီချင်းဆိုပြီးသွားချိန်အထိ ဟယ်ကု လက်တွေ့သို့ပြန်မ‌ရောက်လာသေးပေ။ စုန့်ကျွီးဟန်က ခြေတံရှည်ရှည်များကို ဆန့်ထုတ်၍ သူ့ကိုအော်ခေါ်လိုက်ရသည်။ “ဟယ်ကု?”


“အာ..” ဟယ်ကု အိပ်မက်မှနိုးလာခဲ့တော့သည်။


“ဘယ်လိုနေလဲ? ကောင်းလား?”


“ကောင်းတယ်။ အရမ်းကောင်းတာပဲ။”


“မင်းအမြင်ကဘယ်လိုလဲ?”


“ငါက သာမန်လူပဲလေ။ ဘာမှတ်ချက်မှမပေးတတ်ပါဘူး။”


စုန့်ကျွီးဟန်က ပေါ့ပေါ့ပါးပါးပင် ဂစ်တာကို တီးခတ်လိုက်သည်။ “တစ်ခါတစ်လေ ရိုးရိုးသာမန်လူတွေဆီကပဲ ထင်မှတ်မထားလောက်တဲ့ အမြင်တွေကြားရတတ်တာ။ မင်း ဒီတိုင်းလေး ပြောကြည့်ကြည့်လေ။”


“အင်း..” ဟယ်ကု ခေတမျှ စဥ်းစားကြည့်လိုက်သော်လည်း ဘာအတွေးအမြင်မှ ထွက်မလာပေ။


စုန့်ကျွီးဟန်က ရယ်တော့သည်။ “ထားလိုက်ပါတော့။ မင်းအတွက်ခက်နေတာကိုး။” သူက သူ့ဘေးမှ ကော်ဇောကို လက်ဖြင့်ပုတ်ပြသည်။ “လာ.. လာထိုင်။”


ဟယ်ကု အနားသို့သွား၍ စုန့်ကျွီးဟန်နှင့်အတူ ထိုင်ချလိုက်သည်။


“ငါမင်းကို သီချင်းဆိုပြမယ်။ မင်းဘာနားထောင်ချင်လဲ?”


“မင်း အရင်လက ထွက်ထားတဲ့ သီချင်းအသစ်။”


“ကောင်းပြီလေ။” စုန့်ကျွီးဟန်က လည်ချောင်းရှင်းလိုက်ကာ ဂစ်တာတီးရင်း သီချင်းစဆိုသည်။


ဟယ်ကု စုန့်ကျွီးဟန်၏ ပခုံးများပေါ် မှီတွယ်လိုက်မိသည်။ မျက်လုံးများကို မှိတ်ကာ သီချင်း၏ ဂီတ သကေႅတတစ်ခုချင်းစီကို ခံစားနေမိသည်။ သူ့တစ်ကိုယ်လုံး လေထဲမျောလွင့်ပျံသန်းနေရသလိုပင်။


ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ပျော်ရွှင်နိုင်တာလဲ? ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ချိုမြိန်ရတာလဲ? ဘဝနေ့ရက် အဆုံးထိသာ ဒီလို အခိုက်အတန့်မျိုးဖြစ်နေမည်ဆိုလျှင် ဘယ်လောက်ကောင်းလိုက်မလဲ?


စုန့်ကျွီးဟန်က သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ်ဆိုပြသည်။ ဟယ်ကုကလည်း သံစဥ်များပေါ်တွင် ယစ်မူးနေမိရာ စုန့်ကျွီးဟန် ဂစ်တာကို ဘယ်တုန်းက ဘေးကို ချလိုက်မှန်းပင် သူမသိလိုက်ပေ။ စုန့်ကျွီးဟန်က ကော်‌ဇောပေါ်တွင်ပင် သူ့ကို မွတ်သိပ်သော အနမ်းများဖြင့် လွှမ်းမိုးပစ်လိုက်တော့သည်။ သူအနမ်းများကြားမှ သတိပြန်ဝင်လာချိန်တွင် နှစ်ဦးသား၏ အထိအတွေ့ခံစားချက်များစွဲကျန်နေသည့် ခပ်နီနီ ခနာကိုယ်နှစ်ခုမှာ  အဝတ်အစားအားလုံးကင်းမဲ့နေပြီဖြစ်သည်။


ဟယ်ကု တုန်လှုပ်သွားမိသည်။ သူ့ဦးနှောက်လည်း ဗလာဖြစ်သွားတော့သည်။ သို့သော်လည်း သူခုခံမနေခဲ့ပါ။ စုန့်ကျွီးဟန်ဆိုသော မီးလျှံထဲတွင် သူ့ကိုယ်သူ လောင်ကျွမ်းခံလိုက်တော့သည်။ သူတစ်ခါမှ မခံစားဖူးသော နာကျင်မှုမျိုး ခံစားရသော်လည်း စုန့်ကျွီးဟန်နှင့် အတူရှိရ၍ နောင်တရသည်ဆိုသော အတွေးမျိုး သူ့ကိုယ်သူ တွေးခွင့်မပေးခဲ့ပေ။


နောက်ဆုံးတွင်တော့ ဟယ်ကု နာကျင်မှုနှင့် သာယာမှုရောနှောပေါင်းစည်းကာ မိန်း‌မောသွားခဲ့ရသည်။ သူ့အိပ်မက်များထဲအထိ ဝင်ရောက်လာတတ်သော စုန့်ကျွီးဟန်၏ မှော်မျက်ဝန်းတစ်စုံနှင့်တွဲဖက်လိုက်သည့်အခါ ခံစားချက်အသစ်များစွာကို ဖြစ်ပေါ်လာစေတော့သည်။


နောက်တစ်ရက်တွင်မှ သူနိုးလာခဲ့သည်။ ဟယ်ကုက ခေါင်းကြည်ကြည်လင်လင်ရှိနေပြီး နာကျင်ရောင်ရမ်းမှု အနည်းငယ်သာခံစားရသည်။ အထူးသဖြင့် ထိုနေရာကဖြစ်သည်။ ရှက်စရာကောင်းလောက်အောင်ပင် နာကျင်လှသည်။ သူ့နားထင်များကို ပွတ်သပ်လိုက်ပြီးနောက် တစ်ကိုယ်လုံး လေပွေလေးတစ်ခုလို ပေါ့ပါးသွားတော့သည်။ မနေ့ညက အဖြစ်အပျက်များကို ခြုံငုံနားလည်သွားစေရန် အချိန်နှစ်မိနစ်ခန့် ယူလိုက်ရသည်။  


သူသက်ပြင်းချလိုက်သည်။ ကြွက်သားများနှင့် အပေါ်ယံအရေပြားက သက်သောင့်သက်သာရှိနေသော်လည်း ထိုကိစက သူ့ကိုအလွန်နာကျင်စေသည်။ ထိုအချိန်ကဆိုလျှင် အောက်ထပ်ဆင်းကြိုခြင်းဆိုသည်မှာ ဘာမှန်းပင်မသိခဲ့သေး။ စုန့်ကျွီးဟန်က အတွေ့အကြုံရှိပြီးသူဖြစ်၍ ဒါက ဒီလိုဖြစ်သင့်ပါလားဟူ၍သာ သူတွေးခဲ့မိသည်။ တချို့သော အပြာရုပ်ရှင်ကားများတွင် လူများက ထိုကိစများကို သာယာကြည်နူးစွာ စွမ်းဆောင်တတ်ကြသော်လည်း လက်တွေ့တွင်တော့ ကွာခြားလှသည်။


သူ အိပ်ရာမှ ထပြီး ရေချိုးခန်းဝင်ကာ ရေချိုးရန်ပင် မနည်းကြိုးစားလိုက်ရသည်။ ရေမိုးချိုးသန့်စင်ပြီးသောအခါ စုန့်ကျွီးဟန်ကို တွေ့ချင်လာပြန်သည်။ သို့သော် နှစ်ကြိမ်ခန့် အော်ခေါ်အပြီးတွင် အိမ်တွင် ဘယ်သူမှမရှိကြောင်းသိလိုက်ရသည်။


သူ စုန့်ကျွီးဟန်ကို ဖုန်းနှစ်ကြိမ်ခေါ်သော်လည်း ဘယ်သူမှလာမကိုင်ပေ။ သူ့ရင်ထဲတွင် လမ်းပျောက်သွားသလို ခံစားလိုက်ရသဖြင့် စုန့်ကျွီးဟန်ကို သူအရင်ပြန်နှင့်ပြီဖြစ်ကြောင်း စာတိုလေးပို့ခဲ့လိုက်တော့သည်။ သူ ပြန်ထွက်လာချိန်တွင် စုန့်ကျွီးဟန်ပေးထားသော အဝတ်ပုံကြီးကို တစ်ချက်ကြည့်လိုက်မိသည်။ တွေဝေနေသေးသော်လည်း သူ ယူလာခဲ့လိုက်တော့သည်။


အဝတ်အစားများက ကောလိပ်၊ ကုမဏီတို့တွင်ဝတ်ရန်လည်း မဖြစ်နိုင်ပေ။ သို့သော်လည်း စုန့်ကျွီးဟန်နှင့် တွေ့ရန် သွားသည့်အခါတွင်တော့ အသုံးဝင်ပါလိမ့်မည်။


အိမ်သို့ ပြန်ရောက်သောအခါ ဟယ်ကု အဖျားငွေ့ငွေ့ရှိနေသည်ကို ခံစားလိုက်ရသည်။ ဆေးနှစ်ပြားကို သောက်ချလိုက်ပြီး စာတမ်းကို အလောတကြီးဆက်ရေးရပြန်သည်။


မှောင်ရီပျိုးစအချိန်တွင်မှ စုန့်ကျွီးဟန်က သူ့ကို ဖုန်းဆက်ပြီး သူ မနက်ကတည်းက ထသွားခြင်းဖြစ်ကြောင်းနှင့် ဟယ်ကု နေရထိုင်ရ အဆင်ပြေမပြေ မေးမြန်းလာသည်။


“မရှိပါဘူး။ ငါအဆင်ပြေပါတယ်။” ဟယ်ကုက ယောက်ျားတစ်ယောက်ဖြစ်သည့်အတွက် အဆင်မပြေလျှင်တောင်မှ ဝန်မခံချင်ပါပေ။


စုန့်ကျွီးဟန်က အပြုံးဖြင့်ပြန်ဖြေသည်။ “ဒါဆိုကောင်းပါတယ်။ ငါကမင်းနဲ့အတူနေချင်တာ။”


ဟယ်ကုရင်ထဲ တည်ငြိမ်မှုလေးကို ခံစားလိုက်ရသည်။ သူ နူးညံ့စွာ ပြန်ပြောလိုက်သည်။ “မင်းက အလုပ်တွေများနေတာလေ။ ဘယ်လိုနေလို့ရမှာလဲ။”


“ဟုတ်တယ်။ ငါအလုပ်တွေ..” စုန့်ကျွီးဟန်ပြောလိုက်စဥ်တွင် မိန်းကလေးတစ်ယောက်၏ ခေါ်သံလေးက ဖုန်းထဲမှ ထွက်လာလေသည်။


ဟယ်ကု အေးခဲသွားရသည်။


စုန့်ကျွီးဟန်က ဆိုသည်။ “ငါဒီမှာ အလုပ်ရှိသေးလို့လေ။ အရင်ဖုန်းချလိုက်မယ်နော်။ နောက်မှထပ်ဆက်သွယ်မယ်။”


“ဪ.. ကောင်းပါပြီ။” စကားကို ဆုံးအောင်မပြောရသေးခင်မှာပင် ဖုန်းလိုင်းက ပြတ်တောက်သွားတော့သည်။ ဟယ်ကု ဖုန်းကို အချိန်အကြာကြီး ကိုင်ထားပြီးမှ တိတ်ဆိတ်စွာ ပြန်ချလိုက်တော့သည်။ စာတမ်းကို ဆက်ရေးရန်ကြိုးစားသော်လည်း အာရုံစူးစိုက်မရပေ။ အဖျားသွေးရှိနေသော ဦးနှောက်က ဘာတွေတွေးမိလို့ တွေးမိမှန်းမသိဘဲ ဟိုဟိုဒီဒီ တွေးပူလာမိတော့သည်။


ထိုအချိန်တွင် တံခါးခေါင်းလောင်းမြည်လာလေသည်။


ဟယ်ကု ရုတ်တရက် နိုးသွားပြီး မျက်လုံးများလည်း ပြူးကာ လန့်ဖျပ်သွားရသည်။


အသက်ပြင်းပြင်းရှူကာ ထ၍ တံခါးသွားဖွင့်လိုက်သည်။ ဖုန်းကျုန်းက ပလတ်စတစ်အိတ်နှစ်အိတ်ကိုဆွဲပြီး တံခါးဝတွင်ရပ်ကာ သူ့ကိုပြုံးပြနေလေသည်။


“ဖုန်း.. ဖုန်းကျုန်း? မင်းက ဒီကိုဘယ်လိုရောက်လာတာလဲ?”


“အိုးအိမ်ဌာနကပို့လာတဲ့ Project စာရွက်စာတမ်းတွေ အခုပဲ ငါ့စာတိုက်ပုံးထဲရောက်လာလို့လေ။ ငါမင်းနဲ့အတူတူကြည့်ချင်လို့။ မင်းဖို့ ညစာလည်း တစ်ခါတည်းယူလာခဲ့တယ်။” ဖုန်းက မှုန်ကုပ်သွားသည်။ “မင်းကိုကြည့်ရတာ အရမ်းပင်ပန်းနေသလိုပဲ။ ဖျားနေတာလား?”  


“မဟုတ်ပါဘူး။ မနေ့က ညလုံးပေါက်သွားလို့။ ငါ ဝင်စာတွေမကြည့်ရသေးဘူး။ စာတမ်းပဲဖတ်နေမိလို့။”


“မင်းရဲ့ကျူတာက မှတ်ချက်တွေအများကြီးပေးလိုက်လို့လား?”


“မဟုတ်ပါဘူး။ သူက စိတ်တိုင်းကျပါတယ်တဲ့။”


“မင်းကို မနေ့က သူက ဘာလုပ်ခိုင်းတာလဲ?” ဖုန်းကျုန်းက ပလတ်စတစ်အိတ်များကို မီးဖိုချောင်ထဲ ထိုးထည့်လိုက်ပြီး ပစည်းများကို ထုတ်နေရင်းမှ မေးလာခဲ့သည်။


ဟယ်ကု တွေးမိသည်မှာ မနေ့က သူလိမ်မိသော မုသာဝါဒသည် ဆက်လောင်နေတော့မည်ဖြစ်ပြီး ထိုအလိမ်ကို ဖုံးဖိရန် ထပ်လိမ်ရတော့မည်။ “သူက တစ်ခုပြောပြလိုက်ပြီး အကြံဉာဏ်တွေလည်း ထပ်ပေးလိုက်တယ်။”


ဖုန်းကျုန်းက အနားသို့လျှောက်လာခဲ့သည်။ “ဟယ်ကု ငါမင်းကိုကြည့်ရတာ သိပ်မဟန်ဘူး။ တကယ်မဖျားပါဘူးနော်?” ထိုသို့ပြော၍ ဖုန်းကျုန်းက ဟယ်ကုနဖူးကို လက်ဖြင့်စမ်းလိုက်လေသည်။ “ဘုရားရေ မင်းမှာအဖျားရှိနေတာပဲ။”


“ဘာမှမဟုတ်ပါဘူး။ အပူချိန်မြင့်လည်းမြင့်ဘူး။”


ဖုန်းက ဒေါသဖြင့် အော်ဟစ်တော့သည်။ “မင်းဖျားနေတယ်။ မင်းတကယ်ကြီးဖျားနေတယ်။ ဒါနဲ့တောင် ရန်ဖြစ်ချင်သေးတာလား။ စာတမ်းထပ်ဖို့ကလည်း သုံးပတ်တောင်ကျန်သေးတယ်မဟုတ်ဘူးလား? မင်းတစ်နှစ်လုံးပြင်ဆင်လာခဲ့တာပဲ။ ရက်လည်းကျန်သေးတယ်။ အခုမြန်မြန်သွားနားလိုက်တော့။”


ဟယ်ကု အောင့်သက်စွာ ပြုံးလိုက်မိသည်။ “ဘာမှမဟုတ်ပါဘူးဆို။”


“အဆင်မပြေပါဘူး။ မင်းလမ်းလျှောက်ရင်တောင် ယိုင်ထိုးနေပြီ။” ဖုန်းကျုန်းက သူ့လက်မောင်းကို ကိုင်၍ အိပ်ခန်းထဲအတင်းထိုးထည့်တော့သည်။


“ဖုန်းကျုန်း ငါတကယ်နေကောင်းပါတယ်။”


“စကားနားထောင်စမ်းပါ။ ငါတစ်ခုခုသွားချက်လိုက်မယ်။ မင်းကို အနားယူဖို့ပြောနေတယ်လေ။” ဖုန်းကျုန်းက သူ့ကို အိပ်ရာပေါ်တွန်းတင်လိုက်ပြီး စောင်များ ဂွမ်းကပ်များ ထိုးသိပ်ခြုံပေးတော့သည်။ 


ဟယ်ကု အိပ်ရာဝင်လိုက်မှ သူ တကယ်ကို ပင်ပန်းနေမှန်းသိလိုက်ရသည်။ အိပ်ရာက တကယ်သက်သောင့်သက်သာရှိသည်။ သူချက်ချင်းပင် စိတ်ပေါ့ပါးစွာ သက်ပြင်းချလိုက်မိတော့သည်။ “ကောင်းပါပြီ။ ငါခဏနားပြီး ဖုန်းချက်ပြုတ်တာကို စောင့်နေမယ်နော်။”


ဖုန်းကျုန်းက ပြုံး၍ ပြန်ပြောသည်။ “ငါမင်းအတွက်ဝယ်လာတာဆိုတော့ ငါပဲချက်ရမှာပေါ့။ မင်းက အေးဆေးနေလိုက်ပါဦး။ ငါက မိဘတွေအတွက်တောင်ချက်ဖူးတာမဟုတ်ဘူးနော်။”

ဟယ်ကု ပြုံးမိတော့သည်။


ဖုန်းကျုန်းက ညစာပြင်ဆင်ရင်း အလုပ်ရှုပ်နေတော့သည်။ ဟယ်ကုကတော့ စိတ်ရှုပ်ရှုပ်ဖြင့်သာ အိပ်ပျော်သွားခဲ့သည်။ ဖုန်းကျုန်း ညစာချက်ပြီး၍ သူ့ကိုလာခေါ်ချိန်တွင် ညအတော်မှောင်နေလေပြီ။


ဖုန်းကျုန်းက အစားအသောက်များကို စားပွဲပေါ်တွင်တင်ကာ သူ့အကြံဉာဏ်ကိုတောင်းလာသည်။ “မြန်မြန်လာ မြည်းကြည့်စမ်းပါ။ ငါအခုတင်ဆေးသွားဝယ်လာတာ။ မင်းအစာစားပြီးရင် ဆေးသောက်ရမယ်နော်။”


“ဟုတ်ပါပြီ။ စားကောင်းသားပဲ။” ဟယ်ကု တကယ်ဗိုက်ဆာလာတော့သည်။


“ငါ ဘီယာနည်းနည်းသောက်ချင်သေးတယ်။ ပုလင်းဖောက်တံဘယ်မှာလဲ?”


“ငါထင်တော့ TV စင်အောက်က အံဆွဲထဲမှာထင်တယ်။”


ဖုန်းကျုန်းက ပုလင်းဖောက်တံကိုသွားရှာရာမှ စုန့်ကျွီးဟန်ပေးလိုက်သော အဝတ်ထုပ်များကို ဧည့်ခန်းထဲရှိဆိုဖာခုံပေါ်တွင် တွေ့သွားတော့သည်။ သူက ထို စကအိတ်များကိုကောက်ကာ ဖွင့်ကြည့်လိုက်သည်။ အကုန်လုံး အဝတ်အစားများသာဖြစ်သည်။


ဟယ်ကု တိုက်ခန်းက သိပ်မကျယ်ပေ။ ဧည့်ခန်းနှင့် ထမင်းစားခန်းမှာ တစ်ဆက်တည်းဖြစ်သည်။ ဟယ်ကုက ဖုန်းကျုန်း၏ လှုပ်ရှားမှုကို သတိထားမိသွားသည်။ ထိုအိတ်များကို သိမ်းထားရန် မေ့သွားသဖြင့် ထိတ်လန့်နေမိတော့သည်။


ဖုန်းကျုန်းက နောက်လှည့်ကြည့်လာသည်။ သူ့မျက်နှာမှာ အတော်ကို အကြည့်ရဆိုးနေတော့သည်။ “ဒါတွေ မင်းဝယ်ထားတာလို့တော့မပြောနဲ့နော်။”


“.. ငါဝယ်ထားတာပါ။”


“ဒီအဝတ်အစားတွေက ပုံမှန်ထသွားထလာဝတ် အထည်ပေါင်းထောင်ချီစာဝယ်လို့ရလောက်အောင် စျေးရှိတာနော်။ ဟယ်ကု မင်းက ပိုက်ဆံမဖြုန်းတတ်တဲ့သူဆိုတာ ငါသိပါတယ်။”

ဟယ်ကုက နှုတ်ခမ်းများကိုသပ်လိုက်သည်။ နဖူးမှ ချွေးများစီးကျလာသည်ကို စိတ်ထဲ ခံစားမိနေသည်။


ဖုန်းကျုန်းက အိတ်ကို ဆိုဖာခုံပေါ်သို့ စိတ်ဆိုးမာန်ဆိုးဖြင့် ပစ်တင်လိုက်သည်။ “မင်း စုန့်ကျွီးဟန်ကို ဒီလောက်ပဲကြိုက်သလား? သူ့ကြောင့်နဲ့ မင်းဘယ်သူ့အတွက်မှ မသုံးဖူးတဲ့ ပိုက်ဆံတွေကိုတောင် သုံးပစ်နေပြီပေါ့။”  


ဟယ်ကု အလွန်ရှက်သွားမိသည်။ သူ့နှုတ်မှ အလိမ်အညာစကားများလည်း ထပ်မပြောချင်တော့သဖြင့် ဆိတ်ဆိတ်သာနေလိုက်တော့သည်။


ဖုန်းကျုန်းက အသက်ပြင်းပြင်းရှူလိုက်သည်။ “မင်းကဖျားနေတာဆိုတော့ ငါလည်း မင်းနဲ့ပြိုင်မငြင်းချင်တော့ဘူး။ ဒါပေမဲ့ မင်းရဲ့ ဒီသောက်တလွဲလုပ်ရပ်တွေက တကယ်ပဲ အဲ့ဒီဦးနှောက်သေနေတဲ့ ငတုံးကောင်နဲ့ တန်ရဲ့လားကွာ။ နာမည်ကြီးဆယ်လီတွေနောက် တကောက်ကောက်လိုက်နေတဲ့ အသက်မပြည့်သေးတဲ့ ကောင်မလေးတွေထက် မင်းက ဘာများပိုသာတော့လို့လဲ?”


ဟယ်ကုက နှိမ်သည့်လေသံဖြင့် ပြန်ခံပက်သည်။ “ဖုန်းကျုန်း ငါ့ပိုက်ဆံငါသုံးတာ မင်းအလုပ်တစ်ခုမှမပါဘူး။ ငါ့ဘဝကို လိုက်စွက်ဖက်ချင်မနေနဲ့။”


“မင်း..” ဖုန်းကျုန်းမှာစိတ်ဆိုးလွန်းသဖြင့် ဘာစကားမှပြောမထွက်တော့ပေ။


ဟယ်ကု လေသံကိုပြန်လျှော့လိုက်ရသည်။ “ဟုတ်ပါပြီ။ အစားအသောက်တွေ မအေးသွားခင်လာစားလိုက်ပါ။” 


ဖုန်းကျုန်းက ဟယ်ကုတစ်ယောက်ကလေးဆန်ပြီး နုံအလွန်းသည်ဟု ထင်သွားလောက်သည်။ ဒေါသပင်မထွက်နိုင်တော့ပေ။ နေရာသို့ပြန်လာကာ ခေါင်းငုံ့ပြီး အစားများဆက်စားနေသော်လည်း ဟယ်ကုကို စကားမပြောတော့။


ဟယ်ကု မခံနိုင်လောက်အောင် ခေါင်းများထိုးကိုက်လာတော့သည်။ 


rate now: