စုန့်ကျွီးဟန်က သူ့ ဘယ်ဘက်လက်ကို ဆုပ်ကိုင်ကာ စားပွဲပေါ်တွင် နေရာချပေးသည်။ “ဘာဖြစ်လို့လဲ? ဒီလိုပုံစံနေရတာကို ကြောက်နေတာလား?”
ဟယ်ကု ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ရသည်။ စုန့်ကျွီးဟန်နှင့် ကိုယ်ချင်း အနည်းငယ် ကွာသွားစေရန် အမြန် ငုံ့ကိုင်းကာ ရင်ဘတ်ကို စားပွဲနှင့် ကပ်ထားမိသည်။ အပူလောင်ခံရမှာကြောက်နေသူနှင့်ပင်တူတော့သည်။
စုန့်ကျွီးဟန်က ရယ်နေတော့သည်။ “ဒီကိုယ်ဟန်မျိုးက အဲ့လောက်ကြီး နှိမ့်ထားဖို့မလိုပါဘူး။ စံအနေအထားအတိုင်းဆို ကျောနဲ့ ခြေထောက်ကို ၉၀ ဒီဂရီချိုးချထားရမှာ။ မင်းပုံစံက စားပွဲပေါ်တက်အိပ်နေတာနဲ့ ဘာကွာတော့လို့လဲ? တအားရယ်စရာကောင်းတယ်။” သူက လက်ညှိုးလေးဖြင့် ဟယ်ကု၏ လက်ချောင်းများကို ညွှန်ပြသည်။ “တချို့လက်ချောင်းတွေကို ထုတ်ထားလေ။ ဒီလက်က ဘိလိယက်ထိုးတံကို ငြိမ်နေအောင်ကိုင်ထားရမှာ။”
ဟယ်ကု အသံလေးက တုန်ယင်နေခဲ့သည်။ “ဟုတ်ပါပြီ။”
“ဘာမှ ခက်ခက်ခဲခဲမရှိပါဘူး။ မင်းကဘာတွေ စိတ်လှုပ်ရှားနေတာလဲ?” စုန့်ကျွီးဟန်၏ အသံတွင် ကျီစယ်လိုဟန်များပြည့်နှက်နေသည်။
“အေးပါ..”
“လာစမ်းပါ။ ဘိလိယက်ထိုးတံကို မင်းရဲ့ ညာလက်နဲ့ကိုင်လိုက်။” စုန့်ကျွီးဟန် ကိုယ်တိုင်ပင် ထိုးတံကိုင်ထားသော လက်ကို အုပ်ကိုင်လိုက်သည်။ “ပခုံးတွေကို အရမ်းမတောင့်ထားနဲ့လေ။ နည်းနည်းလေး မြင့်နေရမယ်။”
အခန်းတွင်းတွင် လေအေးပေးစက်ကို အပြည့်ဖွင့်ထားသော်လည်း ဟယ်ကုကတော့ ချွေးပြန်နေခဲ့ရသည်။ သူ့ခမျာ စိတ်လှုပ်ရှားလွန်း၍ သူ့နှလုံးသား၏ တဒိန်းဒိန်းခုန်သံကိုပင် ခံစားမိနေသည်။ စကန့်အနည်းငယ်အတွင်း ရင်ညွန့်ကို ဖောက်ကာ ထွက်ကျလာတော့မလိုပင်။ မဟုတ်သေးပေ။ သူက ဘာလိုချင်ခဲ့တာလဲ? အရွယ်ရောက်ပြီးသူတစ်ယောက်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်သင့်သည်။ သူမျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်သည်။ သို့သော် ချွေးများက မျက်လုံးထဲ စီးဝင်လာတော့သည်။
စုန့်ကျွီးဟန်က နှာခေါင်းရှုံ့ကာ ရယ်တော့သည်ပင်။ “ဟယ်ကု မင်းကဘာလို့ ချွေးတွေပြန်နေတာလဲ? ဒီအနေအထားက နည်းနည်းနေရခက်တယ်ဆိုပေမဲ့ ခဏလောက်နေကြည့်ပြီးရင် မခက်တော့ပါဘူး။”
“မဟုတ်ဘူး။ ပင်ပန်းလို့မဟုတ်ပါဘူး။ ငါအဆင်ပြေပါတယ်။” ဟယ်ကု မြန်မြန်ပြန်ဖြေလိုက်မိသည်။
“ဒါဆိုရင်လည်း တစ်လုံးလောက်တော့ ထိအောင်ထိုးကြည့်ကွာ။ နံပါတ် ခြောက်ဆိုရင် ရမဲ့ပုံပဲ။” စုန့်ကျွီးဟန်က သူ့အနောက်တွင်ရပ်ကာ သူ့ခါးကို လက်တစ်ဖက်ဖြင့်ထိန်းကိုင်ထားသည်။ ကျန်လက်တစ်ဖက်က သူ့လက်ကို ဆုပ်ထားပြီး သူ့နားနားကပ်ကာ ညင်သာစွာဆိုသည်။ “မင်း ငါ့ဆီက အားကို ခံစားကြည့်။”
ပြောရင်းဆိုရင်းမှာပင် သူ့လက်ထဲမှ တုတ်တံက ရှေ့သို့ထွက်သွားပြီး နံပါတ် ခြောက်ဘောလုံးကို အရှိန်နှင့် ရိုက်ခတ်သွားသည်။
စုန့်ကျွီးဟန်က အရှေ့သို့ တိုးလာသောကြောင့် သူက ကိုယ်ကို ငုံ့ကိုင်းလိုက်မိရာ သူတင်ပါးကြားကအရာလေးနှင့် ခနာကိုယ်ချင်း ထိမိကုန်တော့သည်။ ချက်ချင်းပြန်ခွာလိုက်သော်လည်း ဟယ်ကုစိတ်က တုန်လှုပ်သွားပြီး အတွေးထဲတွင် ရှက်ဖွယ်ပုံရိပ်များ ပေါ်လာလေတော့သည်။ သူ့ခနာကိုယ်က အလိုအလျောက်တုံ့ပြန်မှုဖြစ်ပြီး ကိုယ်ကို ပြန်မတ်လိုက်မိရာ ဘိလိယက်တုတ်တံပေါ်ရှိဟန်ချက်ပျက်သွားပြီး အားကမညီတော့သဖြင့် ဘောလုံးများမှာ ကစင့်ကလျားလွင့်ကုန်တော့သည်။
“ဟေ့.. မင်းဘာလို့ လှုပ်လိုက်တာလဲ?” စုန့်ကျွီးဟန်က ဟယ်ကု၏ ခါးကို ပုတ်ကာ စောဒကတက်သည်။ “ဝင်သွားနိုင်ရဲ့သားနဲ့ကွာ။”
“ငါ.. ငါ သန့်စင်ခန်းသွားလိုက်ဦးမယ်။” ဟယ်ကု ထိုနေရာမှ ထွက်ပြေးလာမိတော့သည်။
ဟယ်ကု သန့်စင်ခန်းထဲ အမြန်ဝင်ကာ မျက်နှာကို
ရေအေးများဖြင့် ပက်ပြီးသစ်လိုက်သော်လည်း သူ့အရေပြားပေါ်မှ အပူကို
အနည်းငယ်လျော့သွားရန်သာ စွမ်းဆောင်နိုင်ပါသည်။
စုန့်ကျွီးဟန်က ဘာလုပ်ချင်နေပါလိမ့်? ထိုအပြုအမူများကရော တကယ်ပဲ မတော်တဆဟုတ်ပါရဲ့လား?
ဟယ်ကုက ဉာဏ်ကောင်းသော်လည်း လိင်မှုဆိုင်ရာ ခံစားချက်များနှင့် ပတ်သက်လျှင် အတွေ့အကြုံမရှိပါပေ။ သူက ဦးနှောက်ကိုသုံး၍ စုန့်ကျွီးဟန်၏ အပြုအမူနှင့်ရည်ရွယ်ချက်များကို အဖြေထုတ်ရန်ကြိုးစားနေမိသည်။ သူက စိတ်လှုပ်ရှားလွယ်သူတစ်ယောက်မဖြစ်လိုသော်လည်း ထိုအပြုအမူများက ရှက်စရာကောင်းလွန်းသည်လေ။
ဘယ်လိုကနေ ဒီအခြေအနေအထိ ရောက်လာခဲ့သလဲ? လွန်ခဲ့သောလကအထိ သူက စုန့်ကျွီးဟန်ကို တိတ်တိတ်လေးအားပေးသော ပရိသတ်တစ်ယောက်သာဖြစ်ပြီး သူ့ လစာသုံးလစာကိုပင် ဖျော်ဖြေပွဲလက်မှတ်အတွက် သုံးပစ်ရန် ကြံစည်ထားသေးသည်။ အခုတော့ သူက စုန့်ကျွီးဟန်နှင့် ဒီလိုနေရာတွင် နှစ်ယောက်ထဲ အတူရှိခွင့်ရနေသည်။
“ဟယ်ကု?” စုန့်ကျွီးဟန်က ရုတ်တရက် သန့်စင်ခန်းထဲ ဝင်ချလာခဲ့သည်။
ဟယ်ကု ရှော့ခ်ရသွားသည်။ နှစ်ဦးသား မှန်ထဲမှတစ်ဆင့် အကြည့်ချင်းဆုံမိကြသည်။ စုန့်ကျွီးဟန်၏ မျက်နှာပေါ်က အပြုံးလေးတစ်ပွင့်က သူ့ရင်ထဲသို့ သတိမပေးဘဲ ဝင်လာတော့သည်။ သူခေါင်းကို ခပ်ကြမ်းကြမ်း ငုံ့ချလိုက်ပြီး ရေဖြင့်ပက်လိုက်မိသည်။ “အရမ်းပူလို့လေ။ ငါမျက်နှာလည်းသစ်လိုက်ချင်လို့။”
“ဒီလေအေးပေးစက်က ဒီလောက်အေးတာတောင် မင်းကပူနေတုန်းလား?
မင်းဖျားများဖျားနေတာလား?” စုန့်ကျွီးဟန်က အနားသို့လာ၍ လက်ဆန့်ထုတ်ကာ ဟယ်ကုနဖူးကို
စမ်းလိုက်သည်။
ဟယ်ကု ဇဝေဇဝါဖြင့် အနောက်သို့ဆုတ်လိုက်မိသည်။ မျက်လုံးကြည်ကြည်တို့တွင်လည်း ကြောက်စိတ်များ ထင်ဟပ်သွားကြသည်။
စုန့်ကျွီးဟန်၏ လက်က လေထဲတွင် တန့်သွားရသည်။ စိတ်တော့မဆိုးသွားပေ။ သူက ပြုံးလိုက်သည်။ “ဘာလို့များ မင်းက ငါ့ကိုကြောက်တယ်လို့ ခံစားနေရတာလဲမသိဘူး.. ဒါမှမဟုတ် မင်း ငါ့ကို မုန်းများမုန်းနေတာလား?”
“မဟုတ်ပါဘူး။ ဘယ်လိုလုပ် အဲ့ဒီလိုထင်ရတာလဲ?”
“ဒါဖြင့် မင်းက ဘာလို့ ဒီလိုတွေလုပ်နေတာလဲ?” စုန့်ကျွီးဟန်က ပြန်စဥ်းစားကြည့်လိုက်သည်။ သင့်တော်သည့်စကားလုံးရှာမရသဖြင့် ပြုံးပဲ ပြုံးပြမိသည်။ “ငါသိပါတယ်။ မင်းရှက်နေတာလား?”
ဟယ်ကုက မျက်တောင်များကို ပုတ်ခတ် ပုတ်ခတ်လုပ်ကာ မျက်နှာပေါ်မှ ရေများကို ဖယ်ရန် ကြိုးစားလိုက်သည်။ “မဟုတ်ပါဘူး.. ငါ.. ပူလို့ပါ။”
စုန့်ကျွီးဟန်က ပြုံးသည်။ သူဘေးဘီကိုလှည့်ပတ်ကြည့်လိုက်သေးသည်။ “အဲ့ဒီနွေရာသီကျောင်းပိတ်ရက်တုန်းကလေ ကောလိပ်ဝင်ခွင့်စာမေးပွဲအပြီး ကျောင်းကိုပြန်လာရတဲ့နေ့ပေါ့။ မင်းမှတ်မိသေးလား? အဲ့ဒီတုန်းကလည်း ဒီလိုမျိုးပဲ ကျောင်းအိမ်သာထဲမှာ တိုက်တိုက်ဆိုင်ဆိုင်တွေ့ကြသေးတယ်နော်။ ဒီအိမ်သာနဲ့တူတူလောက်ပဲ။ ဒီထက်နည်းနည်းတော့ပိုကျယ်မယ်ထင်တယ်။”
ဟယ်ကု လည်ချောင်းထဲ တစ်ဆို့ဆို့တစ်ခု လှိုက်တက်လာသလိုခံစားရသည်။ စုန့်ကျွီးဟန်က သူ့ကို မှတ်မိသည်။ သူ့ကို မှတ်မိသည်...
“မကြောက်ပါနဲ့။ Gay ဖြစ်တယ်ဆိုတာ ဘာရေးကြီးခွင်ကျယ်မှကိစမဟုတ်တာ။” စုန့်ကျွီးဟန်က
ခပ်ဟဟရယ်မောသည်။ “ငါက နေရာစုံရောက်ဖူးပြီးသားပါ။ ဘာမှ မထူးဆန်းတော့ဘူးလေ။”
“ဟုတ်လား.. အနုပညာလောကထဲမှာ Gay တွေအများကြီးလိုပဲနော်။”
စုန့်ကျွီးဟန်က တစ်လှမ်းချင်းတိုးလာရင်းဖြင့် နောက်ဆုံးတွင် ဟယ်ကုအရှေ့သို့ရောက်လာတော့သည်။ သူက ဟယ်ကု မေးကို ညင်သာစွာ ပင့်မလိုက်သည်။ “ငါမင်းကိုမေးမယ်နော်။ ငါမင်းကို ဖက်ထားတုန်းက မင်းဘာတွေတွေးနေခဲ့တာလဲ?”
ဟယ်ကု လန့်ဖျပ်သွားပြီး ရုတ်ချည်းပင် လှည့်ပြန်သွားချင်မိသည်။ သို့သော် စုန့်ကျွီးဟန်က သူ့ခါးကို ဖက်ပြီး သူ့ကို လက်မောင်းများကြား ဆွဲသွင်းလိုက်လေသည်။
ဟယ်ကုဘဝတွင် ယောက်ျားအချင်းချင်းဖြစ်စေ၊ ဆန့်ကျင်ဘက်လိင်ဖြင့်ဖြစ်စေ ဒီလိုမျိုး တရင်းတနှီးမနေခဲ့ဖူးပေ။ စုန့်ကျွီးဟန်၏ ထွက်သက်ငွေ့ငွေ့နှင့် အပူရှိန်က သူ့ထံသို့ ချက်ချင်းပင် ပျံ့လွင့်လာကာ သူ့အာရုံအားလုံးကို သိမ်းပိုက်သွားတော့သည်။ သူလွတ်အောင်ရုန်းထွက်လိုက်ချင်သော်လည်း စုန့်ကျွီးဟန်၏ ချုပ်ထားမှုက အားပါလှသည်။ သူရုန်းကန်သော်လည်း အချည်းနှီးပင်။ လှုပ်ပင်မလှုပ်နိုင်ခဲ့ပေ။ “မင်း..”
စုန့်ကျွီးဟန်က ပြုံးဖြဲဖြဲလုပ်ကာ ပြောသည်။ “မင်းငါ့ကို ပြန်ဖြေဦးလေ။ အမှန်အတိုင်းပြောရင် ငါလွှတ်ပေးမယ်။”
ဟယ်ကု သူ့ခေါင်းမှ အငွေ့များထွက်လာပြီဟုပင် ခံစားလိုက်ရသည်။ “မင်း.. ငါ့ကို မစပါနဲ့တော့။ ငါ့ကို အရင်လွှတ်ပေးပါ။”
“မင်းငါ့ကို အရင်ဖြေလေ။” စုန့်ကျွီးဟန်က သူ့နှုတ်ခမ်းကို ဟယ်ကုနားရွက်တွင်ဖိကပ်လိုက်ပြီး အသံနိမ့်နိမ့်ဖြင်ထပ်မေးသည်။ “ငါမင်းကို ဖက်ထားပြီး ငါ့ကိုယ်နဲ့ မင်းကိုယ် ထိကပ်နေတုန်းက မင်းဘာတွေ တွေးနေတာလဲလို့? ငါ့ကို မပြောရဲစရာ အကြောင်းတစ်ခုခုများရှိနေလို့လား?”
ဟယ်ကု အမြန်ငြင်းမိသည်။ “မဟုတ်ပါဘူး။ ငါမင်းကို မလေးမစားလုပ်ဖို့ မရည်ရွယ်ပါဘူး။ ငါတကယ်ပဲ..”
“မဟုတ်သေးဘူး။ မင်းငါ့ကို အမှန်အတိုင်းမပြောဘူးနော်။” စုန့်ကျွီးဟန်က ခေါင်းကိုငုံ့ချလိုက်သည်။ သူ့နှုတ်ခမ်းများက ဟယ်ကု၏ နားရွက်ဖျားလေးကို ညင်သာစွာ ပွတ်တိုက်သွားပြန်သည်။ သူ တိုးဖွစွာပြောလိုက်သည်။ “ငါက အမှန်အတိုင်းကြားချင်တာ။”
ဟယ်ကု လက်သီးများကို တင်းတင်းဆုပ်ထားမိသည်။ သူ့ရင်အစုံမှာလည်း လှိုင်းထသလိုတုန်ယင်နေသည်။ “ငါ..”
“ဟင်?”
“ငါ မသိဘူး.. ငါမသိတော့ဘူး။”
“မင်းဘာတွေးနေတယ်ဆိုတာ မင်းမသိဘူး?” စုန့်ကျွီးဟန်က အထာနပ်သည့်ဟန်ဖြင့် ရယ်လိုက်သည်။ “နာကျင်စရာကောင်းတာမျိုးလား? မင်းက ပြောတောင်မပြောရဲတော့ဘူးလား?”
“မဟုတ်ပါဘူး။”
“ဒါဆို ငါခန့်မှန်းကြည့်မယ်နော်။ မင်း ငါတို့ နေလိုက်တဲ့ ပုံစံကို တွေးမိသွားတာလား?” စုန့်ကျွီးဟန်က စကားကိုအဆုံးသတ်ကာ နားနားကပ်၍ ရယ်လိုက်သည်။
ရယ်သံလေးက ဟယ်ကု၏ နားထဲသို့ အရှိန်အဟုန်ဖြင့်တိုးဝင်လာခဲ့ပြီး နားစည်ထဲတွင် ပဲ့တင်ရိုက်သွားသည်။ သူ့အရိုးများထဲအထိ စိမ့်သွားသလို ခံစားချက်ကလေးက တကယ်ကောင်းသည်။
ဟယ်ကုမျက်နှာက သွေးရောင်လွှမ်းနေလေပြီ။ သူ မျက်နှာထားတင်းတင်းဖြင့် ခံငြင်းရန်ပြင်လိုက်သည်။ “မဟုတ်ဘူး။ ငါ့ကိုလွှတ်ပေးပါ။”
စုန့်ကျွီးဟန်က သူ့နားထဲသို့ အော်ထည့်လိုက်သည်။ “မင်းဘက်က ဘာမှမလိုချင်တဲ့ပုံစံနဲ့ မဟုတ်ဘူးချည်းပဲပြောမနေနဲ့။ ငါက သိပ်ရှက်တတ်မနေဘူးနော်။ ငါကဆွဲဆောင်မှုမရှိလို့လား?”
ဟယ်ကု မျက်လုံးများကိုမှိတ်၍ အသက်ပြင်းပြင်းရှူလိုက်သည်။ “စုန့်ကျွီးဟန် မင်းဘာလိုချင်တာလဲ?”
“ငါဘာလိုချင်လဲ? ကောင်းပြီလေ.. စဥ်းစားကြည့်လိုက်မယ်။ ငါ လုပ်ချင်တာက....” စုန့်ကျွီးဟန်က အသံကို အရှည်ကြီးဆွဲကာ ပြောလိုက်ပြီး နောက်ဆုံးတွင်မှ တိခနဲဖြတ်ချလိုက်သည်။ “မင်းပဲ။”
ဟယ်ကု သူ့ခေါင်းကြီးပေါက်ထွက်တော့မလို ခံစားလိုက်ရသည်။ မျက်လုံးများလည်း ပြူးကျယ်ကာ ထွက်ပြေးစရာ အပေါက်လေးများရှိမလားဟူသော မျှော်လင့်ချက်ကြီးဖြင့် မျက်နှာကြက်ကို မော့ကြည့်နေမိသည်။
စုန့်ကျွီးဟန်က ပြုံးပြီး သူ့ကိုလွှတ်ပေးလိုက်သည်။ တောင့်တင်းနေသော သူ့ပုံစံလေးကိုကြည့်၍ အသံကျယ်ကျယ်ရယ်လိုက်ပြန်သည်။ “ဟယ်ကု မင်းက အရမ်းရယ်ရတာပဲ။ အချစ်အကြောင်းလည်း တစ်ခါမှမပြောဖူးဘူးပေါ့။ မင်း အဲ့ဒီလောက်တောင်ဖြူစင်ရလား?”
ဟယ်ကုက မျက်နှာကိုသုတ်လိုက်ပြီး ပြန်ဖြေသည်။ “ငါ့ကို မစပါနဲ့ကွာ။”
သူ အိမ်သာထဲမှ အမြန်လှည့်ထွက်ခဲ့တော့သည်။
စုန့်ကျွီးဟန်က ခြေလှမ်းသုံးလှမ်းဖြင့်ပင် သူ့ကိုမီသွားကာ ပခုံးကိုလှမ်းဆွဲပြီး နံရံတွင်ဖိကပ်လိုက်တော့သည်။ သူ့မျက်ဝန်းများနှင့် လေသံက အလွန်နူးညံ့လှသည်။ “ငါမင်းကို မစပါဘူး။ မင်းက ငါ့ကို တကယ် ဆွဲဆောင်သွားလို့ပါ။”
“မင်း.. မင်းအရမ်းပဲ..”
စုန့်ကျွီးဟန်က တွေဝေနေဆဲပင်။ သို့သော်လည်း ဝမ်းနည်းအားငယ်မှုများပျော်ဝင်နေသော မျက်ဝန်းများကို ကြည့်လိုက်မိစဥ်တွင် သူ အသံကို နှိမ့်၍ပြောမိသွားတော့သည်။ “ငါမင်းကိုနမ်းချင်တယ်။”
ဟယ်ကုက စိတ်လှုပ်ရှားနေပြီး မျက်လုံးများမှာ နီရဲနေလေသည်။ “ငါက.. ဒါပေမဲ့..”
“မင်းက ငါ့အပေါ် ဘာခံစားချက်မှမရှိဘူးပေါ့လေ? ဟင်?” စုန့်ကျွီးဟန်က လက်မဖြင့် သူ့နှုတ်ခမ်းများကို ပွတ်ဆွဲလာခဲ့သည်။ “ငါမင်းကိုနမ်းလို့ရမလား?”
“.. ဘာလို့လဲ?”
“ဘာကို ဘာလို့ရမှာလဲ?”
ဟယ်ကုက တည်ငြိမ်စွာပြန်မေးလိုက်သည်။ “မင်းက ငါ့ကို ဘာလို့စိတ်ဝင်စားတာလဲ?”
စုန့်ကျွီးဟန် မျက်ဝန်းများကို မှေးစင်းလိုက်သည်။ သူ့မျက်နှာက နီမနေတော့ပေ။ “ဘာလို့လဲဆိုတော့ မင်းကချစ်ဖို့ကောင်းလို့ပေါ့။”
ဟယ်ကု စုန့်ကျွီးဟန်၏ အမူအရာထဲတွင် ဟာကွက်တစ်ခုခုတွေ့နိုင်မလားဟုတွေးကာ ငေးစိုက်ကြည့်နေမိသည်။ သို့သော် ဘာအပြစ်မှရှာမတွေ့ပေ။
“မင်းပြန်မပြောဘူးဆိုတာ သဘောတူတယ်ဆိုတဲ့ အဓိပာယ်ပဲပေါ့။”
“အာ.. ငါက..”
စုန့်ကျွီးဟန်က သူ့မေးစေ့လေးကို အသာဖျစ်ညှစ်လိုက်သည်။ ထို့နောက် နှုတ်ခမ်းများပေါ်သို့ ညင်သာသော အနမ်းတစ်ခုပေးလာတော့သည်။
ဟယ်ကု မှင်သက်နေမိသည်။ စုန့်ကျွီးဟန်က သူ့ကို နမ်းနေသည်။ စုန့်ကျွီးဟန်က သူ့ကိုနမ်းနေလေသည်။ စုန့်ကျွီးဟန်၏ စွတ်စိုနူးညံ့သော နှုတ်ခမ်းသားများက သူ့နှုတ်ခမ်းများနှင့်ထိတွေ့လျက်ရှိသည်။ သူက အနမ်းတစ်ခု၏ အရသာကို ပထမဆုံးခံစားဖူးခြင်းဖြစ်သည်။ တခြားသူများ၏ နှုတ်ခမ်းများက နူးလည်းနူးညံ့သလို ပူနွေးကြောင်းသူသိလိုက်ရသည်။ မူလအနမ်းလေးက သူ့နှလုံးသားထဲကတွေးထားသလိုပင် ရှက်စရာတော့ ကောင်းသည်။ နေရောင်ခြည်ထဲတွင်ဖူးပွင့်လာသော ပန်းကလေးလို၊ လေပြည်ဆော်သွေးလာသော လန်းဆတ်သည့် ရနံ့ကလေးလို ရင်သပ်ရှုမောစရာကောင်းသလို လှလည်းလှပသည်။
စုန့်ကျွီးဟန်က သူ့ခြေထောက်များကို အသာထိတွေ့လျက်ရှိသည်။ ဒါက သူ့အတွက် တကယ်စိတ်လှုပ်ရှားစရာကောင်းလွန်းနေသည်။ ဟယ်ကု ကူကယ်ရာမဲ့သလို ခံစားနေရပြီး စုန့်ကျွီးဟန် စိတ်ကြိုက်ပြုမူနိုင်ရန် ခွင့်ပြုလိုက်မိတော့သည်။
ဟယ်ကု အသက်မရှူနိုင်ဖြစ်မှသာ စုန့်ကျွီးဟန်က သူ့ကိုလွှတ်ပေးတော့သည်။ စုန့်ကျွီးဟန်၏ လှပသော မျက်ဝန်းများက သူ့မျက်ဝန်းများထဲ စိုက်ကြည့်လျက်ရှိသည်။ သူ တိုးသက်စွာမေးလိုက်သည်။ “ငါမင်းကို နမ်းတာကိုကြိုက်လား?”
ဟယ်ကု အသက်ဝဝရှူလိုက်ရသည်။ သူ့နှလုံးသားလေး တဒိတ်ဒိတ်ခုန်နေသည်ကို သူခံစားမိသည်။
“ပြောပါ။ မင်း ကြိုက်ရဲ့လား?”
ဟယ်ကု မျက်ဝန်းများ မှိတ်ချလိုက်ပြီး ရိုးသားစွာ ခေါင်းညိတ်ပြမိတော့သည်။
စုန့်ကျွီးဟန်က ပြုံးလိုက်ပြီး သူ့နားထဲသို့ တီးတိုးစကားဆိုလာသည်။ “ငါလည်း မင်းကို နမ်းရတာကြိုက်တယ်။ မင်းနှုတ်ခမ်းလေးတွေက သိပ်နူးညံ့တာပဲ။”
ဟယ်ကု ဘယ်လိုပြန်ဖြေရမည်ကို မသိတော့ပေ။ သူခေါင်းသာ ဆက်ညိတ်ပြနိုင်တော့သည်။
“မင်း.. မျက်လုံးတွေဖွင့်ပါဦး။”
ဟယ်ကု ခေတမျှ ဆိတ်ဆိတ်နေလိုက်သေးသည်။ စိတ်ကို သေချာပိုင်းဖြတ်လိုက်ပြီးမှ မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည်။ သူမြင်လိုက်ရသည်မှာ ကြယ်စုံသော ကောင်းကင်နှင့်တူသည့် စုန့်ကျွီးဟန်၏ မျက်ဝန်းများနှင့် အပြုံးမျက်နှာလေးပင်ဖြစ်သည်။
စုန့်ကျွီးဟန်က နောက်ထပ် အကြောင်းရှာ၍ သူ့ကိုနမ်းပြန်သည်။ “မင်း တစ်ယောက်ယောက်ကိုနမ်းဖူးလား?”
ဟယ်ကု ခေါင်းကို အနည်းငယ်ယမ်းပြလိုက်သည်။
“ဒါဆို ဖုန်းကျုန်းကရော.. သူကမင်းကိုမနမ်းဘူးလား?”
“ငါက သူနဲ့ အဲ့လို ပတ်သက်မှုမျိုးမှမဟုတ်တာ။”
စုန့်ကျွီးဟန်၏ အပြုံးက ပိုပို၍ ချိုမြလာသလိုပင်။ “တကယ်လား?”
“တကယ်မဟုတ်ပါဘူးဆို။”
“အဲ့ဒါဆိုကောင်းတာပေါ့။” စုန့်ကျွီးဟန်က သူ့နားရွက်အဖျားလေးကို ငေးကြည့်နေခဲ့သည်။ “ဒါဆို မင်းအခုကစပြီး ငါနဲ့အတူရှိသွားပြီနော်။”
ဟယ်ကု အိပ်မက်မက်နေသလို ခံစားလိုက်ရသည်။ ဒီနေ့လည်ခင်းအတွင်းဖြစ်ပျက်ခဲ့သော အရာရာက အိပ်မက်ဆန်လွန်းနေသည်။ အိပ်မက်ထဲက ဇာတ်ကွက်အလှည့်အပြောင်းကလည်း အလွန်လျင်မြန်ပြီး ထင်ယောင်မှားချင်စရာကောင်းလှသည်။ သူလိုက်မမီနိုင်တော့ပေ။ သူ လှုပ်ပင်မလှုပ်ရဲတော့ပါ။ အသံလေးတစ်ချက်ပြုမိလျှင်တောင် သူ့အိပ်မက်ကလေး ပြိုကွဲသွားမည်ကို ကြောက်နေမိသည်။
စုန့်ကျွီးဟန်က ဟယ်ကု၏ နဖူးကို သူ့နဖူးဖြင့် လာပွတ်တိုက်ကာပြုံးပြသည်။ “မင်းမျက်နှာက ပူလိုက်တာ။ မင်းတကယ်ဖျားနေတာလားတောင် ငါမသိတော့ဘူး။”
“ငါ.. ငါမျက်နှာထပ်သစ်လိုက်မယ်။”
“မသစ်ပါနဲ့။ ငါကမင်းဒီလို ရှက်ရဲရဲလေးဖြစ်နေတာကိုသဘောကျတာ။” စုန့်ကျွီးဟန်က ခေါင်းကို ငုံ့ချကာ ဟယ်ကု မျက်နှာအနှံ့ အနမ်းများ ပေးလာပြန်သည်။
ဟယ်ကု ဘာလုပ်ရမှန်းမသိတော့ပေ။ သူ့ကိုယ်သူ အရုပ်ကြီးတစ်ရုပ်ဟုသာ ထင်လာမိတော့သည်။ စုန့်ကျွီးဟန် ဆော့ကစားရန် ပေးထားမိသော အရုပ်ကြီးပင်။
စုန့်ကျွီးဟန်၏ လက်များက အက်ျီအထဲသို့ လျှိုဝင်လာကာ နွေးထွေးနေသော သူ့အရေပြားကို ညင်သာစွာ ပွတ်သပ်ပေးလာခဲ့သည်။ ဟယ်ကုက မည်သူနှင့်မျှ ယခုလို ကိုယ်ခနာချင်းထိတွေ့ခဲ့ဖူးသူမဟုတ်ပေ။ သူ့တစ်ကိုယ်လုံး တစ်သိမ့်သိမ့်တုန်ယင်နေမိတော့သည်။
စုန့်ကျွီးဟန်က သူ့ကို ပါးပြင်ပေါ်မှ စကာ လည်တိုင်များသို့တိုင် အနမ်းများချွေလာရင်းဖြင့် ရုတ်တရက် ထပြုံးသည်။ သူက မျက်နှာကို ဟယ်ကုလည်တိုင်တွင် အပ်ထားလိုက်သည်။ “မင်းက လှုပ်ကိုမလှုပ်ဘူးနော်။ မင်းကိုယ်မင်း ငါလုပ်ချင်ရာလုပ်ဖို့ ထိုးပေးထားသလိုပဲ။”
ဟယ်ကု နည်းနည်းတော့ရှက်သွားရသည်။ သူ့ခေါင်းတစ်ခုလုံး ထူပူနေပြီး အသံပင်မထွက်နိုင်တော့ပေ။ နဂိုကတည်းက လူမှုရေးညံ့ရသည့်အထဲ အခုတော့ လူတစ်ကိုယ်လုံးပါ အသေကောင်တစ်ကောင်လို မလှုပ်နိုင်ဖြစ်နေတော့သည်။
“အေးပါ။ ငါမင်းကို လှန့်သလိုဖြစ်သွားမှာကြောက်တယ်။” စုန့်ကျွီးဟန်က သူ့မျက်နှာကို ရင်းရင်းနှီးနှီးပုံစံမျိုးဖြင့် ဆွဲညှစ်လိုက်ပြန်သည်။ “မင်း ဘိလိယက်ကစားချင်သေးလား?”
ဟယ်ကု ခေါင်းညိတ်ပြလိုက်သည်။
“လာ။ ငါမင်းကိုသင်ပေးမယ်။” စုန့်ကျွီးဟန်က ထပ်လောင်းဆိုသည်။ “ဒီတစ်ခါတော့ တကယ်အတည်သင်ပေးမှာပါ။”
စုန့်ကျွီးဟန် နိုင်ငံခြားတွင် ဂီတပညာသင်ယူနေစဥ်က ဘာအတင်းအဖျင်းသတင်းမှ မထွက်ခဲ့ပေ။ သူ့ရဲ့ ပရောပရည်လုပ်တတ်သည့် နည်းလမ်းများကတော့ ပထမတန်းစားအဆင့်ပင်။ ဟယ်ကုတစ်ယောက် ရှက်သွေးများဖြာနေမိတော့သည်။ ခပ်ဖွဖွထိတွေ့မိသည်ဖြစ်စေ ခြေထောက်များအချင်းချင်း ထိခတ်မိသည်ဖြစ်စေ ထိတွေ့မိသမျှအကြိမ်တိုင်းတွင် အတွေးဆန်းဆန်းများက သူ့ခေါင်းထဲရောက်လာတော့သည်။
ထိုညနေခင်းတောက်လျှောက်တွင်တော့ သူ့ဦးနှောက်က
ဘာအလုပ်မှမလုပ်နိုင်တော့ဘဲ စုန့်ကျွီးဟန် အလိုကျ လိုက်လျောပေးနေမိကြောင်းသာ သူခံစားလိုက်ရသည်။