ဖုန်းကျုန်းက အချိန်ဇယားစာရွက်ကို လှုပ်ယမ်းပြကာ စုန့်ကျွီးဟန်ကို လှမ်းပြောသည်။ “ငါပို့ထားတဲ့ အပြန်အလှန်ပြောရမဲ့စာပိုဒ်တွေ မင်းဖတ်ကြည့်ပြီးပြီလား?”
“ဖတ်ပြီးပြီ။” စုန့်ကျွီးဟန်က ဖုန်းကျုန်း၏ အမူအရာများကို ပြုံးလျက်ကြည့်ရင်း ပျင်းပျင်းရိရိပြန်ပြောသည်။
သမဂခေါင်းဆောင်က အံ့သြစွာမေးတော့သည်။ “အချင်းချင်းသိနေကြတာလား?”
ဖုန်းကျုန်းက ဘာမှပြန်မပြော။ “ငါတို့ငယ်ငယ်တုန်းက သိခဲ့တာပါ။”
“ဖုန်းကျုန်း နင် တအားလွန်တာပဲ။ ငါ့ကို တကယ်မပြောပြခဲ့ဘူးကြည့်စမ်း။”
ဖုန်းကျုန်းနှင့်အတူရှိနေသော အခမ်းအနားမှူးကောင်မလေးကလည်း အလွန်စိတ်ဆိုးနေတော့သည်။ ယခုပွဲအတွက် အခမ်းအနားမှူးအဖြစ်တစ်ပြေးနေသောသူက စုန့်ကျွီးဟန်၏ ပရိသတ်မှန်း မည်သူမှ မသိခဲ့ပေ။ ဆရာမများကို ငွေပေးထားသည်ဟုလည်း အသံထွက်နေသည်။ ဖုန်းကျုန်းကတော့ မှန်မှန်ကန်ကန်ရှိသည်။ ကျောင်းသားချောတစ်ဦးဖြစ်ပြီး ကျောင်းသို့လည်း ပိုက်ဆံများ မကြာမကြာလှူလေ့ရှိသူဖြစ်ရာ သေချာပေါက်ပင် ကျောင်း၏ နာမည်အကြီးဆုံးကျောင်းသားဖြစ်လာတော့သည်။
ဖုန်းကျုန်းက ပြုံးလိုက်သော်လည်း ပြန်မဖြေပေ။
စုန့်ကျွီးဟန်ပါ ဝင်ပါတော့သည်။ “ငါမင်းကိုမတွေ့ရတာ ကြာလှပြီပေါ့။ နေကောင်းလား?”
“ကောင်းပါတယ်။ မင်းက လွန်ခဲ့တဲ့နှစ်နှစ်လုံး တရုတ်ပြည်ကိုမှ ပြန်မလာတာ။ ငါက အေးဆေးပါပဲ။”
ဟယ်ကုစိတ်ထဲ ဖုန်းကျုန်းက စုန့်ကျွီးဟန်ကို ရှောင်ဖယ်ဖယ်လုပ်လိုသည်ဟု ခံစားနေရသည်။ အပေါ်ယံရင်းနှီးချိုသာပြနေသော်လည်း နှစ်ဦးသားကြားတွင် ရန်လိုနေဟန်လေး မသိမသာ စွက်နေသည်။
“အခုတော့ ငါပြန်ရောက်လာပြီပဲ။ ထပ်မထွက်သွားတော့ပါဘူး။” စုန့်ကျွီးဟန်က အကျောဆန့်လိုက်သည်။ “ပွဲစဖို့ ဘယ်လောက်လိုသေးတာလဲ?”
“လုပ်စမ်းပါ။” ဖုန်းကျုန်းက ဟယ်ကုဘက်လှည့်လိုက်သည်။ “စိတ်လှုပ်ရှားနေတာလား? ဘာလို့ ချွေးတွေထွက်နေတာလဲ?”
ဟယ်ကု အမှတ်တမဲ့ နဖူးကို သုတ်လိုက်မိသည်။ ဖုန်းကျုန်း အလိုလိုပြုံးမိသွားတော့သည်။ “နှာခေါင်းထိပ်မှာ။”
ဟယ်ကုရှက်သွားပြီး နှာခေါင်းထိပ်မှချွေးကို သုတ်လိုက်သည်။ သူအတော်ကို စိတ်လှုပ်ရှားနေမိသည်။ သို့သော်လည်း အဖွင့်စကားထွက်ပြောရ၍မဟုတ်၊ လွန်ခဲ့သော မိနစ်အနည်းငယ်က စုန့်ကျွီးဟန်နှင့် စကားထိုင်ပြောလိုက်ရ၍ဖြစ်သည်။ “ရပြီ။ ကျန်သေးလား?”
“မင်းဆံပင်ကလည်း နည်းနည်းစိုနေတယ်။ ကျောင်းကအစ်မ အဲ့ဒီမှာ တစ်ရှူးစကရှိလား?”
ခေါင်းဆောင်က တစ်ရှူးများကို ကမ်းပေးသည်။ ဖုန်းကျုန်းကယူ၍ ဟယ်ကု၏ ဆံစပ်များသို့ ကိုယ်တိုင် ဖိသုတ်ပေးလိုက်တော့သည်။
ဟယ်ကုလည်း ဖုန်းကျုန်းလက်ထဲမှ တစ်ရှူးတစ်ရွက်ကိုယူ၍ မျက်နှာကို သေချာသုတ်လိုက်သည်။
ချွေးများသုတ်ပြီးသောအခါ ဖုန်းကျုန်းက ဆိုသည်။ “အပြင်ထွက်ပြီး သူများတွေနဲ့ သွားပြောကြည့်ရအောင်။ ဒီမှာက နည်းနည်းပူတယ်။”
“ငါတို့ပြောရမှာက နှစ်ကြောင်းထဲပါ။ စိတ်လောဖို့မလိုပါဘူး။”
“ငါနဲ့အပြင်ထွက်ခဲ့ပါဆို။ လေကောင်းလေသန့်ရှူရတာပေါ့။”
“အေးပါ။”
ဟယ်ကု စုန့်ကျွီးဟန်ဘက်ကို လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ စုန့်ကျွီးဟန်က ပြုံးနေခဲ့သော်လည်း ထိုအပြုံးက အဓိပာယ်ဖော်ရန်ခက်လှသည်။
နှစ်ဦးသား ပင်မခန်းမဆောင်၏ အနောက်ဘက်အပေါက်သို့ လျှောက်လာခဲ့ကြသည်။ ဟယ်ကုက စိတ်ပေါ့သွားဟန်ဖြင့် သက်ပြင်းချသည်။ သူရှက်ရှက်ဖြင့်ပင်ပြောလိုက်မိသည်။ “ဟေ့.. စုန့်ကျွီးဟန်နဲ့ စကားပြောရတာ တအားလန့်ဖို့ကောင်းတာပဲ။”
ဖုန်းကျုန်းက မျက်မှောင်ကြုတ်သည်။ “ဘာလို့ လန့်ဖို့ကောင်းတာလဲ?”
“ငါ နာမည်ကြီးတစ်ယောက်ကို ပထမဆုံးတွေ့ဖူးတာလေ။” ဟယ်ကု စဥ်းစားကြည့်လိုက်သည်။ “တကယ်တော့ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ငါတို့ အထက်တန်းကျောင်းမှာတုန်းက ကျောင်းလှုပ်ရှားမှုတွေ အတူလုပ်ဖူးသေးတယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက သူကကလေးပဲရှိသေးတာ။ နာမည်မကြီးသေးဘူးလေ။ အခုကျတော့ သူနဲ့ လုံးဝမတူတော့သလိုပဲ။”
“အဲ့ဒါကတော့ သေချာသင်တန်းပေးထားလို့ပါ။ မင်းကိုလည်း နှစ်နှစ်လောက်သင်တန်းပေးလိုက်ရင် ကြယ်ပွင့်တစ်ယောက်ဖြစ်လာမှာပဲ။”
ဟယ်ကု ရယ်လိုက်သည်။ “ငါက ဘယ်လိုလုပ်ဖြစ်မှာလဲ? ကျောင်းကလူတွေရှေ့ထွက်စကားပြောဖို့ ကြိုးစားတာတင် ငါ့အတွက် လက်ကုန်ပဲ။ မင်းလည်း သိပ်မကွာပါဘူး။”
ဖုန်းက နှာခေါင်းရှုံ့သည်။ “ငါက အဲ့ဒါမျိုးတွေ စိတ်မဝင်စားဘူး။”
“ဟုတ်ပါပြီ။ ငါကြားလိုက်ပါတယ်။ မင်းပြောတာ မင်းနဲ့ စုန့်ကျွီးဟန်က အချင်းချင်းသိကြတယ်ဆို။”
“ဘာပြောစရာရှိလို့လဲ?” ဖုန်းက သူ့ခေါင်းကို အသာပုတ်သည်။ အနည်းငယ်လည်း စိတ်မရှည်ဟန်ပင်။
ဟယ်ကုက ဘာဖြစ်ခဲ့မှန်း အလွန်စပ်စုချင်နေတော့သည်။ “မင်းသူ့ကို သိပ်မကြိုက်ဘူးလား?”
ဖုန်းကျုန်းက ဆိတ်ဆိတ်သာနေသည်။ “ငါတို့က ငယ်ငယ်တုန်းက တွေ့ဖူးကြတာ။ ငယ်တုန်းကတော့ ပေါင်းရသင်းရ အရမ်းအဆင်ပြေပါတယ်။ ကြီးလာတော့ အဆက်အသွယ်ပြတ်သွားပြီး စိမ်းသွားကြတာပဲ။”
ဟယ်ကု တွေးမိသည်မှာ လူနှစ်ဦးကြားတွင် အလွယ်လေးနှင့် အဆက်အသွယ်ပြတ် မသွားနိုင်။ ထိုမျှ မရိုးရှင်းလောက်ပေ။ အခြားသော ထိပ်တိုက်တွေ့ကြသည့် ကိစများရှိနေနိုင်သေးသည်။ သို့သော်လည်း ဖုန်းကျုန်းကို ကြည့်ရသည်မှာ ထိုအကြောင်းကို ပြောပြချင်ပုံမရ။ ထို့ကြောင့် ဟယ်ကုလည်း မေးမနေတော့ပေ။
ဖုန်းကျုန်းက အမှတ်ရသွားသည်။ “ဟုတ်သားပဲ။ မင်း အလုပ်သင်ကာလပြီးဖို့ ဘယ်လောက်လိုသေးလဲ?”
“တစ်လကျော်ကျန်သေးတယ်။”
“ငါ့အဖေက မင်းကို အရမ်းသဘောကျတာ။ ဒစ်ပလိုမာရပြီးရင် အချိန်ပြည့်အလုပ်အတွက်တောင် စာချုပ်ချုပ်လို့ရပြီ။” ဖုန်းကျုန်းက ပြုံး၍ ပြောသည်။ “မင်းက နောက်ဆို ဖုန်းမိသားစုထဲ ရောက်လာတော့မှာနော်။”
ဟယ်ကု မျက်နှာပူလာသလို ခံစားရသည်။ ဘယ်လို ဖုံးကွယ်ရမည်မှန်းလည်းမသိပေ။
ဖုန်းကျုန်းလည်း သူပြောလိုက်သော စကားက တလွဲအဓိပာယ်သက်ရောက်သွားနိုင်သည်ကို သဘောပေါက်သွားခဲ့သည်။ သူက ချောင်းဟန့်လိုက်ရင်း လည်စည်းကို ပြန်ပြင်သည်။ “ဟုတ်သားပဲ။ ငါးပြတိုက်အသစ်ဖွင့်တယ်လို့ အရင်တစ်ခေါက်က မင်းပြောတယ်မဟုတ်လား? ငါဒီတစ်ပတ်အားတယ်လေ။ အတူသွားကြမလား?”
“ကောင်းပြီလေ။” ဟယ်ကု ပြုံးပြလိုက်သည်။ “အခုတော့ လက်မှတ်တွေက ဝယ်ရတာ သိပ်မလွယ်ဘူး။ ငါအချိန်ကြိုချိတ်ထားလိုက်ပြီးရင် မင်းကိုပြောပြမယ်နော်။”
“အေးပါ။ ဒါဆိုရင် ငါလည်း အနီးအနားမှာ ဘာစားသောက်ဆိုင်ကောင်းကောင်းရှိလဲ ရှာကြည့်လိုက်မယ်။”
နှစ်ဦးသား ခဏတဖြုတ်စကားပြောနေကြပြီး အချိန်ကို ကြည့်ကာ ပြန်ဝင်လာခဲ့ကြသည်။
ဂုဏ်ပြုပွဲက ချောမွေ့စွာပြီးဆုံးသွားခဲ့လေသည်။ ကျောင်းသားများကိုယ်စား စကားပြောအပြီးတွင် ဟယ်ကုက စုန့်ကျွီးဟန်ကို စကားပြောစင်မြင့်ထက်သို့ ဖိတ်ခေါ်လိုက်သည်။ စင်အောက်မှ ကျောင်းသားများက ဆူညံပွက်လောရိုက်ကုန်ကာ အမိုးပွင့်ထွက်မတတ် အော်ဟစ်ကြတော့သည်။ ထိုသို့ဖြင့် ထုံးတမ်းအစဥ်အလာအပြည့်ဖြင့် လေးနက်သော အခမ်းအနားကြီးမှသည် ကြယ်ပွင့်၏ ဖျော်ဖြေပွဲအသွင်ဖြစ်သွားကာ အနည်းငယ်ထိန်းသိမ်းရခက်ကုန်တော့သည်။
စုန့်ကျွီးဟန်က မိုက်ခွက်ကိုယူကာ စကားသုံးခွန်းထဲဖြင့် ကျောင်းသားများကို ငြိမ်ကျသွားအောင် လုပ်လိုက်နိုင်သည်။ ဒီအသက်အရွယ်လေးဖြင့် ဘာမဟုတ်သည့်သူဟုထင်ရသော်လည်း သူ့ကို လျှော့မတွက်သင့်ပေ။
သူ့တာဝန်ပြီးဆုံးသောအခါ ဖုန်းကျုန်းက စင်ပေါ်တက်လာသည်။
စင်ပေါ်တွင် နှစ်ဦးသား စကားပြောဆိုရယ်မောလိုက်ကြသည်။ သို့သော် ယခင်ကအကြောင်းများ ပြန်လှန်ပြောဆိုခြင်းမျိုးမဟုတ်သလို ရန်လိုသည့်ပုံစံလည်းပေါက်မနေ။ လုပ်ဆောင်ရမည့် အပိုင်းကို တစ်ဆင့်ပြီးတစ်ဆင့်လုပ်သွားကြခြင်းသာဖြစ်သည်။
ဟယ်ကုက ပွဲကြည့်ပရိသတ်ကြားမှ သူတို့ကို ကြည့်နေလိုက်သည်။ မာနက မိုးထိုးနေသော ဖုန်းကျုန်းလို လူသာလျှင် စုန့်ကျွီးဟန်၏ အရှိန်အဝါတွင် မြုပ်မသွားဘဲ ရင်ဘောင်တန်းနိုင်လိမ့်မည်ဟု သူထင်ခဲ့မိသည်။ သို့သော်လည်း တကယ်တမ်း စုန့်ကျွီးဟန်နှင့်ယှဥ်လိုက်သောအခါ ဖုန်းကျုန်းက လူသစ်တန်းလေးလိုသာ ဖြစ်နေ တော့သည်။
ဂုဏ်ပြုပွဲပြီးသောအခါ ပါဝင်ကြသူများ၏ ညစာစားပွဲဖြစ်သည်။ ဟင်းပွဲများမှာ တရုတ်ဟင်းပွဲများဖြစ်သော်လည်း အနောက်တိုင်းဆန်ဆန် ဘူဖေးပုံစံလုပ်ပေးထား၍ ညစာစားသူများအချင်းချင်း စကားစမြည်ပြောရန် အချိန်ကောင်းကောင်းရလေသည်။
ဖုန်းကျုန်းက ဟယ်ကုနှင့် စကားပြောနေစဥ်တွင် အခမ်းအနားမှူးရောက်လာပြီး ဆရာက ဖုန်းကျုန်းကို ပြောစရာရှိသည်ဟုဆိုကာ ခေါ်သွားခဲ့သည်။
ဖုန်းကျုန်းထွက်သွားသောအခါ ဟယ်ကုမျက်လုံးများက စုန့်ကျွီးဟန်ကို စတင်ရှာတော့သည်။ အလွယ်တကူ ရှာတွေ့ရမည်ဖြစ်သော်လည်း ဒီတစ်ကြိမ်တွင်တော့ ရှာမတွေ့ခဲ့ပါပေ။
အိမ်သာသွားနေတာလားဟုတွေးမိသောအခါ ဟယ်ကုရင်တုန်သွားရသည်။ သူနှင့်စုန့်ကျွီးဟန် အိမ်သာထဲတွင် ဆုံတွေ့ခဲ့သော နွေရာသီကျောင်းပိတ်ရက်ကို သတိရမိသွား၍ဖြစ်သည်။ ထိုအချိန်က အတော်လေးကို အရှက်ကွဲခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် စုန့်ကျွီးဟန်က သူ့ကို မှတ်မိပုံမရပေ။
ထိုအကြောင်းစဥ်းစားမိကာ ပန်းကန်ပြားကိုချ၍ အိမ်သာသို့ထွက်လာခဲ့လိုက်သည်။ စုန့်ကျွီးဟန်၏ အမှတ်အသားတစ်ခုခုတွေ့လိုတွေ့ငြားပင်။
အိမ်သာ၏ အဝင်ဝတွင် သက်တော်စောင့်နှစ်ဦး ရပ်စောင့်နေကြသည်။ စုန့်ကျွီးဟန် တကယ်ပဲ အထဲမှာရှိနေပုံပင်။
ဟယ်ကု အပြင်ဘက်တွင်သာ စောင့်နေလိုက်သည်။
ခတစောင့်ပြီးသောအခါ စုန့်ကျွီးဟန်ပြန်ထွက်လာခဲ့သည်။ သူမော့ကြည့်လိုက်သောအခါ ဟယ်ကုကို တွေ့လိုက်ရသည်။ ဘာအကြောင်းရှိလို့လဲဟု မေးချင်သည့်ဟန်ဖြင့် ဟယ်ကုကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် မျက်နှာက ပြုံးလာတော့သည်။
ဟယ်ကုက ခေါင်းညိတ်ပြကာ ပြုံးလိုက်သည်။ “ငါ့နာမည်နဲ့ လက်မှတ်လေးထိုးပေးလို့ရလား?”
“ရတာပေါ့။”
စုန့်ကျွီးဟန်က သက်တော်စောင့်ကမ်းပေးလာသော တစ်ရှူးစကကိုယူကာ လက်သုတ်ပြီးနောက် ရှည်သွယ်ပြီး လှပသော လက်ချောင်းများကို ဆန့်ထုတ်ပေးလာတော့သည်။
ဟယ်ကု လျင်မြန်စွာပဲ မှတ်စုစာအုပ်ကိုထုတ်ပြီး လှမ်းပေးလိုက်သည်။
စုန့်ကျွီးဟန်က စာရွက်ပေါ်တွင် “ဟယ်ကု” ဟူသောစာလုံးကို ခပ်မြန်မြန်ရေးချလိုက်သည်။
ဟယ်ကု ရင်ထဲ စိတ်လှုပ်ရှားသွားရလေသည်။
စုန့်ကျွီးဟန်က ဆက်၍ သူရေးပေးနေကျအတိုင်း
“နေ့တိုင်းပျော်ရွှင်ပါစေ” ဟုရေးကာ သူ့နာမည်ကို နဂါးနှင့် ဖီးနစ်ငှက်အသွင်
စာလုံးများဖြင့်ပုံဖော်ကာ လက်မှတ်ထိုးပေးလိုက်သည်။
ဟယ်ကု ပျော်သွားကာ ပြောလိုက်မိသည်။ “ကျေးဇူးတင်ပါတယ်”
“ဘာမှမှမဟုတ်တာ။” စုန့်ကျွီးဟန်က ခဏရပ်လိုက်ပြီး ပြုံးသည်။ “မင်းနဲ့ ဖုန်းကျုန်းက ရင်းနှီးတာလား?”
“သြော်.. ငါက သူ့ကုမဏီမှာ အလုပ်သင်ဆင်းလို့ပါ။”
စုန့်ကျွီးဟန်က “သြော်” တစ်ခွန်းကို သံရှည်ဆွဲပြောလိုက်ကာ အလေးအနက်အမူအရာဖြင့် စကားတစ်ခွန်းဆိုသည်။ “သူ့ကိုကြည့်ရတာ သူငယ်ချင်းကောင်းပုံမပေါက်ဘူး။”
“သြော်.. အင်း” ဟယ်ကု ဖုန်းကျုန်းနှင့် စသိကာစ အစောပိုင်းအချိန်များကို ပြန်တွေးလိုက်မိသည်။ ထိုစဥ်က ဒီသခင်လေးက တကယ်ကို အချိုးမပြေတဲ့ မထုံတတ်တေးလေးဟု သူထင်ခဲ့မိသည်။ သို့သော်လည်း ကုမဏီတွင် အလုပ်အတူလုပ်ကြပြီး ကျောင်းလည်းအတူတူတက်ကြရင်းဖြင့် ဟယ်ကု သူနှင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့ တော့သည်။
“သြော် ဟုတ်သားပဲ။ ငါ ဒီတစ်ပတ်ပိတ်ရက်မှာ ပရိသတ်တွေနဲ့တွေ့ဆုံပွဲရှိတယ်။ ကြီးကြီးမားမားမဟုတ်ပါဘူး။ ဂိမ်းတွေဆော့မယ်၊ မဲတွေနှိုက်ကြမယ်ပေါ့။ ပျော်စရာကောင်းမှာပါ။ မင်းလာခဲ့မလား?”
ဟယ်ကုမျက်နှာက ဝင်းပသွားတော့သည်။ “ကောင်းတာပေါ့။ ကောင်းတယ်။” စုန့်ကျွီးဟန်က သူ့ကို ဖိတ်လိမ့်မည်ဟု သူမမျှော်လင့်ခဲ့မိပေ။
“ငါ့ဖုန်းနံပါတ်ပေးမယ်နော်။ ဖုန်းကျုန်းနဲ့အတူလာခဲ့ပေါ့။ မင်းရောက်လာရင် ဖုန်းဆက်လိုက်။ ငါအထဲခေါ်လိုက်မယ်။”
“ကောင်းတယ်၊ ကောင်းတယ်။” ဟယ်ကု အမြှောက်ပင့်ခံလိုက်ရသလိုခံစားရသည်။ ဘယ်လိုတုံ့ပြန်ရမည်ပင် မသိတော့ပေ။
နှစ်များစွာကြာပြီးနောက် ထိုပိတ်ရက်လေးအကြောင်းမကြာမကြာ ပြန်တွေးမိသည်။ သူ့အတွက်တော့ အဆိုးဆုံးပိတ်ရက်တစ်ခုဖြစ်ခဲ့သည်။ မနက်လင်းကတည်းက ကံဆိုးမှုဖြင့်စတင်သည်။ ရေချိုးခန်းက ဘုံဘိုင်ခေါင်းပျက်သွားခြင်းဖြစ်သည်။ သော့ကလည်းရှာလို့မတွေ့၊ မီးကလည်း ပျက်သွားခဲ့သည်။ ပိုက်ဆံအိတ်ထဲ ပိုက်ဆံကလည်း သိပ်မရှိပေ။ အရာရာက သူ စုန့်ကျွီးဟန်ဆီ မသွားဖြစ်စေရန် တားမြစ်နေကြသလိုပင်။ သို့သော်လည်း သူကတော့ ထိုနေရာသို့ အရောက်သွားခဲ့ပါသည်။
အရာရာဟာ ကံတရားအလိုကျပင်။
သူ ဖုန်းကျုန်းကို တစ်ရက်ကြို၍ ဖုန်းဆက်ခေါ်ပါသော်လည်း
ဖုန်းကျုန်းက ငြင်းလွှတ်လိုက်သည်။ ပြန်ဖြေသော လေသံကလည်း သိပ်မကြည်သာပေ။ သူလည်း
တွေဝေသွားတော့သည်။ သို့သော် စုန့်ကျွီးဟန်က သူ့ကို သေချာဖိတ်ထားခြင်းဖြစ်သည်။
သူမသွားဖြစ်ပါက ရိုင်းရာကျသွားနိုင်လေသည်။ အရေးအကြီးဆုံးကတော့ သူကိုယ်၌က
တကယ်ကိုသွားချင်နေခြင်းဖြစ်သည်။ ထို့ကြောင့်လည်း တစ်ယောက်တည်းသာ
ထွက်လာလိုက်တော့သည်။
သူ ဟိုတယ်သို့ရောက်သောအခါ စုန့်ကျွီးဟန်ကို ဖုန်းဆက်လိုက်သည်။ စုန့်ကျွီးဟန်က ဖုန်းဖြေပြီး သူ့ကို စောင့်နေရန်ပြောသည်။
မိနစ်အနည်းငယ်ကြာသောအခါ စုန့်ကျွီးဟန်၏ လက်ထောက်ဆင်းလာပြီး သူ့ကို ဧည့်ခန်းသို့ ခေါ်သွားတော့သည်။ စုန့်ကျွီးဟန်က ဆံပင်ပုံသွင်းနေဆဲပင်။
ဟယ်ကုက ပြုံးပြ၍ နှုတ်ဆက်လိုက်သည်။
စုန့်ကျွီးဟန်က သူ့ကို မှန်ထဲမှ တစ်ဆင့်ကြည့်ကာမေးသည်။ “မင်းတစ်ယောက်ထဲလား ဖုန်းကျုန်းရော ဘယ်မှာလဲ?”
“ဪ သူက နေသိပ်မကောင်းဘူးပြောတယ်။ အဲ့ဒါကြောင့် မလာတော့ဘူးတဲ့။”
စုန့်ကျွီးဟန်က ခေါင်းညိတ်ပြသည်။ “တစ်နေရာရာရှာပြီးထိုင်နားနေလိုက်လေ။ ငါမင်းအတွက် နေရာကောင်းကောင်းတစ်ခု စီစဥ်ပေးထားလိုက်မယ်။”
“ကျေးဇူးတင်ပါတယ်။” ဟယ်ကုက ထောင့်တစ်နေရာရှာကာ
ထိုင်ချလိုက်သည်။ စုန့်ကျွီးဟန်ကို ချောင်းကြည့်၍ရသော်လည်း စုန့်ကျွီးဟန်ဘက်က
သူ့ကို မမြင်နိုင်သော နေရာမျိုးဖြစ်သည်။
ယနေ့ စုန့်ကျွီးဟန်က ပေါ့ပေါ့ပါးပါးဝတ်စုံနှင့် အားကစားဖိနပ်ကိုစီးထားသည်။ လူတစ်ကိုယ်လုံး နုပျိုမှုအပြည့်ဖြင့် ကြည့်ကောင်းလှသောကြောင့် လူတိုင်းက သူ့ထံမှ မျက်လုံးမလွှဲနိုင်ဖြစ်နေကြသည်။
စုန့်ကျွီးဟန် သီချင်းဆိုမည်မှန်း သူမသိခဲ့ပေ။ သူက စုန့်ကျွီးဟန်၏ သီချင်းအားလုံး ကြားဖူးပြီးသားဖြစ်သည်။ နောက်ဆုံးထွက်ထားသော သီချင်းကို ဆိုဖြစ်မည်ဟုထင်သည်။ ဟယ်ကုက စုန့်ကျွီးဟန်၏ လေးတွဲ့တွဲ့အသံကို ကြားယောင်လိုက်ရုံဖြင့် ရင်ခုန်နှုန်းများ မြန်ဆန်လာတော့သည်။
စုန့်ကျွီးဟန် ဆံပင်ပုံသွင်းပြီးသောအခါ အလှဖန်တီးရှင်နှင့် လက်ထောက်က အပြင်ကိုထွက်သွားရာ အခန်းထဲတွင် သူတို့နှစ်ဦးသာ ကျန်ခဲ့တော့သည်။
ဟယ်ကု အနည်းငယ်အနေကျုံ့မိသည်။ စုန့်ကျွီးဟန်နှင့် အခန်းတစ်ခုထဲတွင် နှစ်ယောက်အတူရှိရခြင်းသည် လူကို စာမေးပွဲစစ်နေသလို ခံစားရစေသည်။
စုန့်ကျွီးဟန်က သူ့ဆံပင်ကို မှန်ထဲတွင်ကြည့်ကာ အမှတ်တမဲ့ဆိုသည်။ “ငါကြားတာတော့ ဖုန်းလုပ်ငန်းစုက အလုပ်သမားတွေက ခဏခဏ အချိန်ပိုအလုပ်ဆင်းရတယ်ဆို။ မင်းရော အချိန်ပိုဆင်းရလား?”
“အဲ့ဒါ အမှန်ပဲလေ။ ငါလည်း အချိန်ပိုဆင်းရတယ်။ ဒီတစ်ပတ်ကတော့ အဆင်ပြေပါတယ်။”
စုန့်ကျွီးဟန်က ပြုံးကာပြောလာသည်။ “တိုက်တိုက်ဆိုင်ဆိုင်ပဲနော်။ ကြည့်ရတာ ကံတရားက မင်းကို ငါနဲ့တွေ့လို့ရအောင်အချိန်ပေးလိုက်သလိုပဲ။”
ဟယ်ကု သူ့မျက်နှာ ပူနွေးလာသည်ကို ခံစားလိုက်ရသည်။ သူ ထစ်အစွာ ပြန်ဖြေမိသည်။ “ဟုတ်တယ်နော်။”
စုန့်ကျွီးဟန်က လှည့်ကာ သူ့ထံသို့လျှောက်လာသည်။ “မင်း ဘာလို့ စိတ်လှုပ်ရှားနေတာလဲ? ဟိုနှစ်တွေတုန်းကထက် ပိုပြီး တည်ငြိမ်လာသင့်တာမဟုတ်ဘူးလား?”
“မင်းမှတ်မိနေတယ်?”
“ငါအရင်ကတော့ မေ့နေတာ။ ဒါပေမဲ့ မင်းကိုမြင်လိုက်တော့ ငါအကုန်ပြန်မှတ်မိသွားတယ်။” စုန့်ကျွီးဟန်က သူ့ဘေးတွင်ဝင်ထိုင်သည်။ သူ့ဒူးက ဟယ်ကုကို တမင်တကာလား၊ မတော်တဆပဲလားမသိ လာလာထိနေပြန်သည်။ “ငါ့စိတ်ထဲ မင်းနဲ့ပေါင်းသင်းရတာ သက်သောင့်သက်သာရှိတယ်လို့ခံစားရတယ်။ တခြားသူတွေလို အော်ဟစ်နေတာမျိုး၊ ဓာတ်ပုံပေါ်လက်မှတ်ထိုးခိုင်းတာမျိုး ဒါမှမဟုတ် အတူဓာတ်ပုံရိုက်ခိုင်းတာမျိုးလည်း မင်းကမလုပ်ဘူး။ အဲ့လိုတွေက တကယ်စိတ်အနှောင့်အယှက် ဖြစ်ဖို့ကောင်းတာ။”
ဟယ်ကုက ပြုံးရမှာပင် ရှက်နေမိသည်။ “ငါလည်း စိတ်ကိုငြိမ်ငြိမ်ထားဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ တကယ်တမ်း စိတ်မလှုပ်ရှားအောင် ထိန်းရတာခက်တယ်။”
“ဪ.. ဘာလို့လဲ?” စုန့်ကျွီးဟန်က မျက်လုံးကို မှေးကျဥ်းပြီး ပြုံးပြသည်။ “မင်းကို ငါက ကိုက်စားမယ်ထင်လို့လား?”
“မင်း..” ဟယ်ကုက ခေါင်းကိုလှည့်၍ စုန့်ကျွီးဟန်မျက်လုံးများကို ကြည့်လိုက်သည်။ သူ့မျက်လုံးများ၏ အသက်ပါလှသော အကြည့်များက ဟယ်ကုကိုကြက်သေသေသွားစေသည်။ သူရင်တွေတုန်ယင်လာပြီး ခေါင်းကို ငုံ့ချလိုက်မိတော့သည်။ “မဟုတ်ပါဘူး။”
စုန့်ကျွီးဟန်က ဟယ်ကုပြောလာမည့်စကားကို ငံ့လင့်နေဆဲမှာပင် ဟယ်ကုဖုန်းက ရုတ်တရက်ထမြည်လာတော့သည်။ သူ့ကို ကယ်တင်လိုက်သလိုဖြစ်သွားသော အခိုက်အတန့်လေးပင်။ သူမြန်မြန်ထရပ်ပြီး ဖုန်းကိုင်လိုက်သည်။ သို့မှသာ အသက်ဝဝရှူရန်လည်း အခွင့်အရေးရသွားတော့သည်။ “ဟေ့.. ဖုန်းကျုန်းလား?”
“ဟယ်ကု မင်းဘယ်မှာလဲ?”
“ငါ? ငါက fan meeting လာတက်တာလေ။”
ဖုန်းကျုန်းတိတ်ဆိတ်သွားသည်။ “ငါ ငါးပြတိုက်အတွက် လက်မှတ်ရပြီ။ ဒီနေ့လည် သုံးနာရီဝင်ရမှာ။ မင်းအခု အငှားကားနဲ့ထွက်လာလိုက်ရင် အဲ့ဒီကို အချိန်မီရောက်ပါတယ်။”
“ဒါပေမဲ့ fan meeting က သုံးနာရီစမှာလေ။”
“စုန့်ကျွီးဟန်က ဘာကြည့်စရာရှိတာမှတ်လို့။ ငါ ကြိုပြီးချိတ်ထားပြီးသွားပြီ။ ဒု-ပြတိုက်မှူးက သီးသန့်လိုက်ပြပေးမှာ။ သူက ပင်လယ်နေသတဝါတွေအကြောင်း ပါရဂူဘွဲ့တက်နေတာ။ ပုံမှန်ဆိုလိုက်ပြပေးလေ့မရှိဘူးတဲ့။ ငါတော်တော်လေးကို အသနားခံ တောင်းပန်လိုက်မှ ခွင့်ပြုပေးတာ။ မင်းက ငါးတွေတအားကြိုက်တယ်ဆိုလို့လေ။”
ဟယ်ကု ဖြေရခက်နေတော့သည်။ “ဒါပေမဲ့ ငါကရောက်နေပြီလေ။ သူနဲ့လည်းတွေ့နေပြီ။ အဲ့တော့ ထွက်လာမယ်ဆိုရင်..”
“မင်း သူ့ကိုတွေ့ပြီးပြီဆိုရင်လည်း ဘာလို့ ဆက်နေနေဦးမှာလဲ? အဲ့ဒါ သူ့ ပရိသတ်တွေအတွက် fan meeting လုပ်တာ မင်းအတွက်သီးသန့်လုပ်ပေးတာလဲမဟုတ်ဘဲနဲ့။” ဖုန်းကျုန်း၏ အသံက သိသိသာသာကို စိတ်တိုနေပုံပေါက်သည်။
စုန့်ကျွီးဟန်က အနောက်မှ ရောက်လာပြီး ဖြည်းညင်းစွာမေးသည်။ “ဘာကိစရှိလို့လဲ? မင်းကသွားတော့မှာလား?”
ကြည့်ရတာ ဒါကို ဖုန်းကျုန်းကလည်း ကြားသွားလေသည်။ ဖုန်းထဲတွင် တိတ်ဆိတ်သွားပြီးမှ သူက “မင်း သုံးနာရီထိုး အရောက်လာရမယ်။ ငါ့ကို တစ်ယောက်တည်းတော့ ငါးပြတိုက် မသွားခိုင်းပါနဲ့ကွာ။” ထို့နောက် ဖုန်းချသွားလေတော့သည်။
ဟယ်ကု နောက်ဆုံးတစ်ခွန်းပြန်ပြောရန်ပင် အချိန်မရလိုက်ပေ။
ဖုန်းမအားဟူသော အသံသာကြားရသည်။ သူ မျက်မှောင်ကြုတ်ထားလိုက်မိသည်။ ဖုန်းကျုန်းက
ပုံမှန်အားဖြင့် အထက်စီးဆန်တတ်သော လူငယ်လေးဖြစ်သော်လည်း အကျိုးအကြောင်းမရှိဘဲ
ဇွတ်တရွတ်လုပ်တတ်သူမဟုတ်ချေ။ ဒီနေ့မှ ဘာတွေဖြစ်နေသည်မသိပေ။ စုန့်ကျွီးဟန်နှင့်ရော
ပတ်သက်နေသည်လား?
စုန့်ကျွီးဟန်က လက်များကို ရင်ဘတ်တွင်ပိုက်လျက် စကားဆိုသည်။ “ဖုန်းကျုန်းက မင်းကို သွားခိုင်းနေတာလား?”
ဟယ်ကု ဘယ်လိုပြန်ဖြေရမလဲ မသိပေ။
စုန့်ကျွီးဟန်က မျက်ခုံးများပင့်ကြည့်သည်။ “သူက နေကောင်းသွားပြီလား?”
ဟယ်ကု မျက်နှာပူစွာနှင့်ပင် ပြောလိုက်ရတော့သည်။ “သူကမဟုတ်.. သူက ငါ့ကို သူနဲ့သွားစေချင်တာ။”
“ဪ သူ့အတွက် ဆင်ခြေပေးမနေပါနဲ့။ သူက မင်းကို ငါနဲ့မတွေ့စေချင်ဘူးဆိုတာ ငါသိပါတယ်။ သူက ဟိုးငယ်ငယ်ကတည်းက မနာလိုဝန်တိုသမားလေ။”
ဟယ်ကု ပြန်မေးမိသည်။ “ဘာလို့လဲ? မင်းတို့နှစ်ယောက်ကြားမှာ ရန်စရှိခဲ့တာလား?”
စုန့်ကျွီးဟန်က ပခုံးတွန့်ပြသည်။ “ငါတို့က ငယ်ငယ်တုန်းကတော့ သူငယ်ချင်းကောင်းတွေပါပဲ။ နောက် အသက်တွေကြီးလာတော့ အရွယ်ချင်းကလည်း မတိမ်းမယိမ်းဆိုတော့ လူကြီးတွေက အမြဲလာလာယှဥ်ကြတယ်လေ။ တဖြည်းဖြည်းနဲ့ ငါတို့အချင်းချင်းလည်း စပြိုင်လာကြရော။ ဘယ်သူ့ဘယ်သူမှလည်း မလေးစားတော့ဘူး။” စုန့်ကျွီးဟန်က ကိုယ်ကို အနည်းငယ်ညွတ်ကိုင်းလိုက်ပြီး စကားဆက်သည်။ “သူက ငါမင်းကို သူ့ဆီက လုသွားမှာကို ကြောက်နေတာဖြစ်ရင်ဖြစ်မှာပေါ့။”
ဟယ်ကု မျက်လုံးပြူး၍ စုန့်ကျွီးဟန်ကို စိုက်ကြည့်လိုက်မိသည်။ သူ့တစ်ကိုယ်လုံးလည်း တောင့်တင်းသွားရသည်။
စုန့်ကျွီးဟန်က အားရပါးရ ရယ်တော့သည်။ “နောက်တာပါကွာ။ မင်းလန့်သွားတဲ့ရုပ်လေး မင်းကို မြင်စေ့ချင်တယ်။”
ဟယ်ကု အနည်းငယ် ရှက်သွားသည်။ စုန့်ကျွီးဟန်က သူ့ကို ဖုန်းကျုန်းထံမှ လာမလုဘူးဆိုတာ သူ သေချာသိနေ ပါသည်။ သူနှင့်ဖုန်းကျုန်းဆိုသည်မှာလည်း ကိုးရိုးကားယားနိုင်သော သူငယ်ချင်းများသာဖြစ်သည်လေ။
ဖုန်းကျုန်းက ဟယ်ကု အလွန်ခင်တွယ်သော သူငယ်ချင်းဖြစ်ပါသော်လည်း သူ့စိတ်က မိုးပေါ်ရောက်နေသူ ဖြစ်သည်။ ဟယ်ကု ထိုအထိတော့ လိုက်မတက်ရဲပါပေ။
စုန့်ကျွီးဟန်က သူ့ကျောကိုပုတ်ပေးလာသည်။ “သူနဲ့သွားလိုက်လေ။ ငါက သူ့ထက်တစ်နှစ်ကြီးတာဆိုတော့ အငယ်ကို စိတ်ညစ်အောင်မလုပ်ချင်ပါဘူး။”
ဟယ်ကု အားတုံ့အားနာဖြင့် ပြောလိုက်မိသည်။ “တောင်းပန်ပါတယ်။ ငါ မင်းရဲ့ဖိတ်ကြားမှုကို အလဟဿဖြစ်စေမိပြီ။”
“ကိစမရှိပါဘူး။ မင်းတကယ်ပဲ အားနာတယ်ဆို နောက်တစ်ကြိမ်ကျ ငါ့ကို ထမင်းအတူစားဖို့ ခေါ်လိုက်လေ။”
သူ့မျက်လုံးများထဲတွင် ပျော်ရွှင်မှုများ ဖြတ်ပြေးသွားတော့သည်။ “ကောင်းပါပြီ။ သေချာပေါက်ခေါ်မှာ။”
စုန့်ကျွီးဟန်က ပြုံးလိုက်ပြီး ပြောသည်။ “မင်းအောက်ဆင်းသွားလိုက် ငါကားဆရာကို မင်းကို လိုက်ပို့ခိုင်းလိုက် မယ်။”
“မဟုတ်တာ။ ငါ ကားငှားသွားလိုက်ပါ့မယ်။”
“ကိစမရှိပါဘူးဆို။ ဘယ်လိုပဲဖြစ်ဖြစ် ကားဆရာက အားနေမှာပဲလေ။ သွားလိုက်ပါ။”
“ငါသွားလို့ တကယ်ဖြစ်တယ်ပေါ့နော်..”
စုန့်ကျွီးဟန်က ခေါင်းကို အနည်းငယ်စောင်းငဲ့ကာ သူ့ကို မငြင်းနိုင်ရန် လက်ဟန်ခြေဟန်များဖြင့်ပါ တိုက်တွန်းတော့သည်။
ဟယ်ကု ခေါင်းညိတ်လိုက်သည်။ “ကျေးဇူးတင်ပါတယ်။”
စုန့်ကျွီးဟန်က သူ့ကို အပြုံးလေးတစ်ခု ပေးလာခဲ့သည်။
ထိုအခိုက်အတန့်တွင် ကျွီးဟန်ကို လွန်ခဲ့သောလေးနှစ် စာသင်ခန်းအတွင်း
ဟယ်ကုတွေ့ခဲ့ရသော ကောင်ငယ်လေးအဖြစ်မြင်ယောင်မိသွားတော့သည်။ အိတ်ကို ပခုံးတွင်
တင်လျက် သူ့ကို ပြုံးပြလာသော၊ သူ့တစ်ဘဝလုံးစွဲလန်းသွားစေသော ထိုအပြုံးလှလှလေးနှင့်တစ်ပုံစံတည်းပင်။
နှလုံးသွေးများရပ်တန့်သွားသည်ဆိုသည့် စကားလုံးကို ဟယ်ကု လက်တွေ့သိလိုက်ရသော
ပထမဆုံး အခိုက်အတန့်လည်းဖြစ်လေသည်။