ကူချင့်ဖေက ဘာလို့ ဒီလိုမေးလိုက်တာလဲ? ဟယ်ကု ချောင်းအသာဟန့်မိသည်။ “ကူက ဘာ အတင်းပြောချင်လို့လဲ?”
ကူချင့်ဖေက သောက်နေရင်းမှ ဟန်လုပ်ပြုံးပြသည်။ “ပေါ့ပေါ့ပါးပါးပဲ စကားပြောရအောင်ပါ။ မင်းနဲ့ စုန့်ကျွီးဟန်က ကျောင်းနေဖက်ဟောင်းတွေဆိုလို့ စပ်စုချင်တာပါ။ တစ်ယောက်နဲ့တစ်ယောက်သိကြတာ ကြာပြီလား?”
“ဆယ်နှစ်ရှိပြီ”
“သြော် တကယ်ကြီး ကြာလှပြီပဲ။”
“ဟုတ်တယ်။” ဆယ်နှစ်။ ဟယ်ကုရင်ထဲ ဝမ်းနည်းစရာခံစားချက်တချို့ တိုးဝင်လာခဲ့သည်။
ဆယ်နှစ်ဟု ကြားလိုက်လျှင် အချိန်တွေအလွန်ကြာမြင့်သလိုလိုပင်။ တကယ်တမ်းတော့ အတိတ်ကို ပြန်ပြောင်းကြည့်ရင်း၊ နောင်အနာဂတ်သို့မျှော်ကြည့်ရင်းဖြင့် စကန့်များကုန်လွန်သွားသလိုသာ ခံစားရသည်။ အရာအတော်များများက မနေ့ကမှ ဖြစ်ပျက်သွားသလိုထင်ရသည်။ တစ်ခါတစ်ရံတွင် ဟယ်ကု အိပ်နေရင်းမှ နိုးလာပြီး ရုတ်တရက် ကိုယ့်ကိုယ်ကိုယ်ဘယ်ရောက်နေသလဲ၊ အသက်ဘယ်လောက်ကြီးပြီလဲ မသိတော့သလိုခံစားရသည်။ ထိုသို့ ခံစားရလေလေ သူ့ဘဝက တိုတောင်းလှသည်ဟု ထင်လာလေလေပင်။
“မင်းနဲ့သူ... မင်းတို့နှစ်ယောက်ကိုအတူတွဲမြင်ယောင်ကြည့်ဖို့ အတော်ခက်သား။ မင်းက ကြည့်မကောင်းဘူးလို့ ပြောတာမဟုတ်ဘူးနော်။ မင်းကိုကြည့်ရတာ အဲ့လို အသိုင်းအဝိုင်းမျိုးနဲ့ အဆက်အစပ်ရှိမယ်မထင်ရလို့ပါ။”
“အဆက်အစပ်မရှိပါဘူး။ ကျွန်တော်က သူနာမည်မကြီးခင်က သိခဲ့တဲ့သူမို့ပါ။”
“သူက အတန်းဖော်နော်?”
“မဟုတ်ဘူး။ သူက ကျွန်တော့်ထက် နှစ်နှစ်ပိုငယ်ပါတယ်။ ကျောင်းလှုပ်ရှားမှုတွေလုပ်ရင်းသိကြတာပါ။” ဒီအဖြစ်အပျက်ဖြစ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကြာပြီမှန်း အမှတ်ရသွားသဖြင့် အနည်းငယ်ရှက်မိသည်။
“အဲ့ဒီနောက်.. မင်းတို့ တွဲဖြစ်...” နှစ်ယောက်သားက ရင်းနှီးပြီးသားဖြစ်သည့်အလျောက် ကူချင့်ဖေကတော့ ဒါတွေပြောရတာကို သိပ်ရှက်နေပုံမရပါချေ။
ဟယ်ကု ပြုံးမိသည်။ “အင်း”
ကူချင့်ဖေက မျက်ခုံးများပင့်လိုက်သည်။ “မင်း အတည်တကျရည်းစားမထားချင်တော့ဘူးလား?”
ဟယ်ကု ခေါင်းခါပြသည်။ “Mr. ကူက ကျွန်တော့်အကြောင်းသိသားနဲ့။ ကျွန်တော့် စရိုက်ကတစ်မျိုး။ ငြီးငွေ့လွယ်တယ်။ သူများသဘောကျ နေရတာလည်းမကြိုက်ဘူး။ အခုလက်ရှိ ကျွန်တော့်အခြေအနေကလည်း အကောင်းသားပဲကို။”
ကူချင့်ဖေကတော့ ဟယ်ကု၏ လေလုံးထွားထွားတွေပြောနေသောရုပ်နှင့် ကြည်လင်နေသော မျက်နှာပေးကို ကြည့်နေသည်။ ထိုနေ့က စုန့်ကျွီးဟန်၏ ရန်လိုနေဟန်ကို အမှတ်ရမိသည်။ သူ့မျက်လုံးတွေထဲတွင် ချစ်သူတစ်ယောက်၏ သဝန်တိုစိတ်လေး တစ်စွန်းတစ်စလည်း ရှိနေသည်။ သို့သော်လည်း သူထုတ်ပြောမနေတော့ပါ။ “တစ်ယောက်ယောက်ကို ဘေးမှာ အဖော်သဟဲအနေနဲ့ ထားတဲ့သဘောထက်မပိုဘူးပေါ့လေ။ ဒါပေမဲ့ အမှန်အတိုင်းပြောမယ်ကွာ။ အခုနေတော့ မင်းအဲ့လိုတွေးမိနိုင်တယ်။ နောက်နှစ်နည်းနည်းကြာလာရင်တော့ အဲ့ဒီလိုဖြစ်ချင်မှ ဖြစ်တော့မှာ။ ငါလည်း အဲ့လိုနေတာ အရမ်းကောင်းတယ်လို့ တွေးခဲ့ဖူးတာပေါ့။ ဘာအနှောင်အဖွဲ့မှမရှိ၊ ဘာဖိအားမှမရှိတာမျိုးလေ။ ဒါပေမဲ့ ငါအခုတော့ ပိုပိုပြီး အခြေတကျဖြစ်ချင်လာတယ်။ ပူပူအေးအေး၊ နေ့ရက်တိုင်းမှာ မပြောင်းလဲသွားမဲ့ လူတစ်ယောက်တော့ရှိနေသင့်တယ်။”
“ဟုတ်ပါပြီ။ ကျွန်တော်ပြောင်းချင်လာတဲ့အခါ
ဆက်ပြောကြတာပေါ့။” တစ်နေ့နေ့ သူတကယ်စိတ်ပြောင်းနိုင်ခဲ့လျှင် ဟယ်ကုအတွက်တော့
အောင်ပွဲခံရမည့် ကိစပင်။
“မင်းက ဘယ်လိုပုံစံမျိုးကြိုက်တာလဲ? မင်း အနေအထားကလဲ ကောင်းပြီးသားပဲ။ မင်းအချိန်အားတဲ့အခါ ငါ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးလို့ရတယ်။” ကူချင့်ဖေက ထပ်လောင်းဆိုသည်။ “မင်းက စုန့်ကျွီးဟန်ကို ချစ်နေတယ်ဆိုတာ မပြောပြချင်ဘူးပေါ့။ ငါလည်း ဒီလိုပဲကြီးလာခဲ့တာပါ။ ငါလည်း မင်းမြင်သလို မြင်တတ်ခဲ့တာပါပဲ။” အကြည့်များဖြင့် အဆုံးသတ်လိုက်ပြီး ပြုံးပြသည်။
ဟယ်ကုရယ်မိသည်။ “အမှန်တော့ ကျွန်တော်မသိတာ။” သူကြိုက်တတ်တဲ့ပုံစံမျိုး ရှိကိုရှိရမည်လား? ဒီကိစကို သူထည့်ကို မတွေးမိသလောက်ပင်။ သူ့အချစ်တွေက စုန့်ကျွီးဟန်တစ်ဦးတည်းအတွက်ဟု နှစ်ပေါင်းများစွာ ကတည်းက သတ်မှတ်ခဲ့ပြီးသား။ စုန့်ကျွီးဟန်အပြင်လည်းမရှိခဲ့သောကြောင့် ပုံစံဆိုတာမျိုးလည်း မဆွေးနွေးခဲ့ဖူးပါပေ။
“ဟုတ်ပါပြီ။ မရှိဘူးပေါ့။ အချိန်တွေရှိပါသေးတယ်။
မင်းရဲ့အသိုင်းအဝိုင်းထဲ တခြားလူတွေထပ်ဝင်လာကြဦးမှာပါ။ အပြောင်းအလဲလုပ်ရမဲ့အချိန်ကတော့
သိပ်မဝေးလောက်တော့ဘူး။”
ကူချင့်ဖေပြောသွားသည်မှာ အဓိပာယ်ရှိသဖြင့် ဟယ်ကု ပြုံးနေမိသည်။ အကယ်၍ သူသာ အခြားသူများနှင့် ပိုအသိအကျွမ်းဖြစ်ခဲ့လျှင်။ ဟယ်ကုသာ ကမာကြီးကို ပိုမြင်တတ်ခဲ့လျှင်၊ သူ့စိတ်ကူးယဥ်ဆနများဖြင့် ပိတ်လှောင်ကာ ဘောင်ကျဥ်းကျဥ်းလေးထဲ ရှင်သန်နေရမည်မဟုတ်ပေ။ သေချာတာကတော့ သူ့ကိုယ်သူ တစ်ခုခု မှားယွင်းနေသည်ဟု မခံစားရခြင်းဖြစ်သည်။ တခြားဘယ်သူရော ရှိခဲ့ပေးဖူးလို့လဲ? အမြဲထာဝရ စိတ်ရင်းဖြင့် အနားမှာရှိနေပေးမည့်သူမျိုးဆိုတာ တကယ်ရော ရှိပါရဲ့လား? သူ့အတွက်တော့ တစ်ယောက်မှ ရှိမနေခဲ့ပါပေ။
စကားအနည်းငယ်ပြောပြီးသောအခါ ကူချင့်ဖေက ဟယ်ကုကို အခြားကုမဏီသို့ ခေါ်သွားလိုကြောင်း ပြောလေသည်။ ဒီကိစက ကူချင့်ဖေသူ့ကိုဖိတ်ရခြင်း၏ အဓိကကျသော ရည်ရွယ်ချက်ဖြစ်ကြောင်း ဟယ်ကုသိပါသည်။ လိင်စိတ်ခံယူမှုကိုပင် တမင်ဖွင့်ဟပြောကာ တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုရယူခဲ့ခြင်းသည် ယခုရည်မှန်းချက်အောင်မြင်စေရန် ဖြစ်နိုင်သည်။ သူ့လုပ်ရည်ကိုင်ရည်ကိုလည်း အသိအမှတ်ပြုရာကျသည်ဖြစ်ရာ ဒီအချက်ကတော့ ကောင်းတဲ့အထဲပါသည်။ နှစ်ဦးသား စကားအတော်ပြောဖြစ်ခဲ့ပြီး သူ့စိတ်ထဲ အနည်းငယ်တော့ လှုပ်ရှားသွားခဲ့မိသည်။
ထိုနေ့က ပါတီအပြီးတွင် သူနှင့် ကူချင့်ဖေ နှစ်ဦးသား အတော်လေးနီးစပ်မှုရှိလာခဲ့ကြသည်။ ကူချင့်ဖေ၏ ကုမဏီအပြောင်းအရွှေ့အကြောင်းကိုလည်း သူပိုပြီး နက်နက်နဲနဲနားလည်ခဲ့သည်။ လက်ရှိကိုင်ထားရသော အလုပ်များပြီးသွားလျှင်တော့ သူလည်း ခဏတော့ အနားယူမည်ဟု စီစဥ်ကာ အလေးအနက်တွေးနေမိသည်။
သိပ်မကြာမီပင် သူ့မွေးနေ့ရောက်လာတော့သည်။ ပိတ်ရက်ဖြစ်သော်လည်း ထုံးစံအတိုင်း မနက်စောစော နိုးလာခဲ့သည်။
မနက်စာစားပြီးသောအခါ ဖုန်းတစ်ခု ဝင်လာသည်။ သူ့အဖေဆုံးသွားကတည်းကဆိုလျှင် အမေနှင့်သား ဆယ်နှစ်ကျော်မှသာ တစ်ကြိမ်ဆုံဖြစ်ခဲ့ကြသည်။ သူတို့နှစ်ဦးတွင် ဆက်သွယ်မှုဟူ၍ သူ့မွေးနေ့များတွင်ဆက်လာသော ဖုန်းတစ်ကြိမ်နှင့် နှစ်သစ်ကူးများတွင် ပို့ပေးတတ်သော စာအိတ်နီလေးများသာရှိသည်။ သူက စဆက်ဖြစ်လျှင်လည်း ပြောစရာ ဘာအကြောင်းမှမရှိချေ။ သူ့အမေက သူ့အတွက်တော့ ဗလာသက်သက်ဧည့်သည်တစ်ယောက်ဖြစ်ပြီး အတိတ်ကို ပြန်ပြောင်းသတိရစေနိုင်သော အေးစက်စက်သတိပေးချက်တစ်ခုသာဖြစ်သည်။ နှစ်ဦးသား သွေးသားတော်စပ်ကြောင်း ဖော်ပြရန်အတွက် မလုပ်မဖြစ်လုပ်ရသည့် တာဝန်တစ်ခုနှင့်ပင်တူသေးတော့သည်။
ဒီနှစ်တော့ အနည်းငယ် ကွဲပြားနေခဲ့သည်။ မွေးနေ့ပွဲလုပ်မှာလားဟု မေးလာသော အမေ့အသံက ယခင်ကလို တက်ကြွမနေပေ။
ဟယ်ကု မျက်မှောင်ကြုတ်လိုက်မိသည်။ “အမေ နေလို့မကောင်းဘူးလား?”
“သြော်.. သွေးပေါင်ကျတာပါ။ အရင်ရောဂါတွေပဲပေါ့။ မင်းကရော?”
“ကျွန်တော်အဆင်ပြေပါတယ်။”
“ကောင်းပါတယ်။ မင်း အခုဆို အသက် ၂၈ နှစ်ရှိပြီနော်။ အချိန်တွေက တကယ်အကုန်မြန်တာပဲ။”
“ဟုတ်တယ်။”
ဖုန်း၏ အခြားတစ်ဖက်မှ သက်ပြင်းချသံထွက်လာသည်။ “ပျော်စရာမွေးနေ့လေးဖြစ်ပါစေ။ ဒီအချိန်ရောက်ပြီဆို အဝတ်ထူထူထဲထဲဝတ်ဖို့လည်း သတိရဦး။”
“ကောင်းပါပြီ။ အမေလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။”
ဖုန်းချပြီးသောအခါ ဟယ်ကု ဆိုဖာခုံပေါ်မှီချလိုက်ပြီး ခေတထိုင်နေမိတော့သည်။
သူ့မိဘများ၏ အိမ်ထောင်ရေးက လုံးဝကို အဖြစ်ဆိုးတစ်ခုပင်။ ဖခင်က စိတ်ပျော့တတ်ပြီး အပူအပင်ကင်းသော လောင်းကစားဒိုင်ဖြစ်သည်။ မိခင်ကတော့ အိမ်ထောင်ရှင်မဆိုသော အနေအထားတစ်ခုဖြင့် မကျေနပ်နိုင်သည့် ထက်ထက်မြက်မြက်အမျိုးသမီးတစ်ယောက်။ အမေ့ ကိုယ်ကျင့်တရား၊ တန်ဖိုးထားမှုတွေနှင့်ပတ်သက်လာလျှင် အဖေက အမေပြောသမျှ ကြောက်ရသူသာ။ ဟယ်ကုလည်း ငယ်စဥ်ကလေးဘဝကတော့ အတော်ကြောက်ခဲ့ရသည်ပင်။ နောက်ပိုင်းတွင် မိဘများရန်ဖြစ်သည်ကို ကြားရတိုင်း ဧည့်ခန်းမှဖြတ်၍ အခန်းအနောက်ဘက်သို့သွား၍ စာအုပ်သွားဖတ်နေလိုက်တော့သည်။ မိသားစုသုံးဦး တိုက်ခန်းကျဥ်းလေးတွင်နေရသော်လည်း သီးခြားကမာသုံးခုလိုသာဖြစ်နေခဲ့သည်။ တစ်ဦး၏ ဘဝထဲ တစ်ဦးဝင်ရောက်ပေါင်းစည်းရန် ခက်ခဲလှသည်။ သူလည်း ထိုစဥ်ကတည်းက ပိုပို၍ မျိုသိပ်ထားတတ်လာပုံရသည်။
ဟယ်ကု အတော်အစောကတည်းက မိဘနှစ်ပါး၏ပြတ်စဲခွဲခွာခြင်းအတွက် စိတ်ကိုပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း အဖေဖြစ်သူ၏ ရောဂါကြောင့် ခွဲခွာကြရလိမ့်မည်ဟုတော့ သူမထင်ခဲ့မိ။ ဖခင်ဆုံးသွားပြီးနောက် မိခင်ဖြစ်သူက လှောင်အိမ်မှ လွတ်သော ငှက်ကလေးကဲ့သို့၊ ပိုကောင်းသောဘဝ၊ ပိုကောင်းသော အိမ်ထောင်ရေးတစ်ခုရှိရာသို့ တောင်ပံဖြန့် ပျံထွက်သွားတော့သည်။ ရှိရင်းစွဲအခြေအနေတွင် မတင်းတိမ်နိုင်ကြောင်း မိခင်ထံမှ နှစ်များစွာ သူကြားခဲ့သည့်အတိုင်းပင်။ အမေက အလွန်စိတ်မာသူဖြစ်သည်။ ခင်ပွန်းအသစ်ကလည်း ထိပ်တန်းအဆင့်ရှိ ကုမဏီမှဖြစ်ကြောင်း သူကြားမိသော်လည်း သွားပတ်သက်စရာအကြောင်းတော့မရှိပါပေ။
ဖခင်ဆုံးပြီး အစောပိုင်းနှစ်များအတွင်း အမေလုပ်သူ၏
လျစ်လျူရှူခြင်းကို ဟယ်ကု မုန်းတီးနေခဲ့မိသည်။ သို့သော်လည်း အခုတော့
မုန်းတီးရန်ပင် လူက ထုံသွားခဲ့လေပြီ။
အမှန်တော့ ဒီလိုဖြစ်သွားတာလည်း ကောင်းတော့ကောင်းသည်။ အနည်းဆုံးတော့ သူ့လိင်စိတ်ခံယူမှုနှင့် ပတ်သက်ပြီး မိဘများနှင့် ဆွေမျိုးများ၏ အပြစ်တင်မှုကို ရင်ဆိုင်ရန်မလိုတော့ပေ။ ဘယ်သူမှ အဖက်လုပ်မခံရသည့်အတွက် သူလည်း လွတ်လပ်သည်။
ဟယ်ကု ဖုန်းကိုင်ပြီး ရှောင်စုန့်ထံ စာတိုပို့လိုက်သည်။ (ကျွီးဟန် ဒီနေ့အားလား?)
အချိန်အတော်ကြာစောင့်ဆိုင်းသော်လည်း အဖြေပြန်မလာခဲ့ပေ။ ဖုန်းဆက်သော်လည်း ကိုင်မည့်သူမရှိ။ ဖုန်းကိုချထားလိုက်ပြီး စာအုပ်သာပြန်ဖတ်နေလိုက်တော့သည်။
နေ့လည်မတိုင်ခင်မှပင် ရှောင်စုန့်က ဖုန်းဆက်လာခဲ့သည်။ “ဟေ့ အစ်ကိုဟယ်ကုရေ.. တောင်းပန်ပါတယ်။ ကျွန်တော်တို့ မနက်က MV ရိုက်နေလို့ ဖုန်းသံကို မကြားလိုက်တာ။”
“ရပါတယ်။ အခုရော အလုပ်ရှုပ်နေလား?”
“နည်းနည်းလောက်ပါ။ အစ်ကို မေးချင်တာတစ်ခုခုရှိလို့လား?”
“ကိစမရှိပါဘူး။ မင်းတို့ အလုပ်အားသွားတဲ့အထိ စောင့်ပါ့မယ်။”
“အစ်ကိုဟန်ကို ခေါ်ပေးရမလား?”
“မလိုပါဘူး။ ရတယ်။”
ဖုန်းချပြီးသောအခါ ဟယ်ကု စိတ်ပျက်လက်ပျက်ဖြစ်သွားမိသည်။ စုန့်ကျွီးဟန်က သူ့ကတိကို မှတ်မိလိမ့်မည်မဟုတ်မှန်းတော့ သူသိပါသည်။ ဒီနာမည်ကျော်ကြယ်ပွင့်ကြီးက အသည်းနှလုံးမပါဘဲ မွေးလာတဲ့သူပင်။ ထပ်ခါထပ်ခါ သတိပေးနေလည်း မှတ်မိမည့်သူမဟုတ်။ သူ့ဘဝမှာ အရေးအကြီးဆုံးက စိတ်ရှည်သည်းခံနိုင်စွမ်းသာဖြစ်တော့သည်။
ညစာစားချိန်တွင် ဟယ်ကု ရှောင်စုန့်ကို ဖုန်းထပ်ခေါ်သည်။ ကိုင်သူမရှိပြန်၍ စုန့်ကျွီးဟန်ကို ဆက်ကြည့်လိုက်သည်။ သူကလည်း မကိုင်ချေ။ ဖုန်းကို လှုပ်ခါပစ်ကာ ဆိုဖာခုံပေါ်သို့ ကောက်ပေါက်လိုက်သည်။ ဒီနေ့လည်း အခြားနေ့များနှင့် ထူးမခြားနားဖြစ်သွားရသည်ပင်။
သူ ရှေ့ဖုံးခါးစည်းကိုချည်၍
သက်ရှည်ခေါက်ဆွဲတစ်ပွဲချက်လိုက်သည်။ အမဲသားအနည်းငယ်တုံးပြီး ရိတ်ရိတ်လှီးထားသော
ကြက်သွန်မြိတ်လတ်လတ်ဆက်ဆတ်များဖြူးလိုက်သည်။ အိုးထဲမှ အငွေ့တထောင်းထောင်းထနေသော
ကြက်ဥပြုတ်တစ်လုံးယူထည့်အပြီးတွင် လေထုထဲဝေ့တက်လာသော ပူပူနွေးနွေး
မွှေးရနံ့သင်းပျံ့ပျံ့က သူ့စိတ်ကို အပြောင်းအလဲဖြစ်သွားစေသည်။
နှစ်လုတ်မျှစားအပြီးတွင် တံခါးမှ ရုတ်တရက် အသံတစ်သံနှင့်အတူ သော့လှည့်ဖွင့်သံပါထွက်လာသည်။ ဟယ်ကု ရုတ်ချည်း မတ်တပ်ထရပ်မိပြီး တံခါးဝသို့ ခပ်သွက်သွက်လျှောက်လာခဲ့တော့သည်။
စကန့်ပိုင်းအတွင်းမှာပင် တံခါးပွင့်သွားပြီး နေကာမျက်မှန်တပ်ပြီး ဦးထုပ်တစ်လုံးဆောင်းထားသော စုန့်ကျွီးဟန်ထွက်ပေါ်လာတော့သည်။ အနီရင့်ရင့် ကိုယ်တစ်ပိုင်းဂျာကင်၊ ခြေတံသွယ်များကိုပေါ်လွင်စေသည့် အနက်ရောင်ဂျင်းဘောင်းဘီတို့ ဝတ်ထားပြီး လမ်းလျှောက်ဝင်လာပုံက လေထုကို အေးစိမ့်စိမ့်ပင်ဖြစ်သွားစေသည်။
ဟယ်ကု ထရပ်လိုက်မိသည်။ သူ့နှလုံးသားက ခပ်မာမာအရာတစ်ခုခုနှင့် ဖြည်းဖြည်းထုနှက်ခံနေရသလိုရှိလှသည်။ အတိုင်းအဆမဲ့ နွေးထွေးမှုများဖြင့် မလှုပ်နိုင်အောင် တုပ်နှောင်ခံလိုက်ရသလိုပင်။
စုန့်ကျွီးဟန်က ပစည်းတွေထည့်ထားသော အိတ်များကို ကိုင်ထားသည်။ “အဲ့ဒီမှာ ငတုံးလိုမျိုး ဘာရပ်လုပ်နေတာလဲ? လာပြီး ဒါတွေ ကူသယ်ပေးဦးလေ။”
ဟယ်ကု အသိဝင်လာပြီး လက်ထဲမှ အထုပ်ကို ဆွဲယူလိုက်သည်။ “မင်း.. မင်းက ဘယ်လိုလုပ်?”
စုန့်ကျွီးဟန်က နေကာမျက်မှန်နှင့် ဦးထုပ်ကို ချွတ်သည်။ “မင်းရဲ့ မွေးနေ့မှာ အဖော်လုပ်ပေးစေချင်တယ်လို့ မင်းပဲပြောထားတာမဟုတ်ဘူးလား?”
ဟယ်ကု မျက်တောင်များကို ပုတ်ခတ်လိုက်သည်။ အလွန်ပျော်နေမိသောကြောင့် ဘာပြောရမှန်းပင်မသိတော့ပေ။
စုန့်ကျွီးဟန်က သက်ပြင်းချသည်။ “ရာသီဥတုကပိုအေးလာပြီ။ ငါ MV ရိုက်ဖို့ တစ်နေ့လုံးအပြင်မှာနေခဲ့ရတာ။ ခဲတောင့်နေပြီ။”
ဟယ်ကု ပစည်းများကို ချထားလိုက်ပြီး စုန့်ကျွီးဟန်၏ လက်ကို သူ့လက်ထဲတွင် ထွေးဆုပ်ထားလိုက်သည်။ “ဒီအိမ်ရဲ့ အပူပေးစနစ်က အရမ်းကောင်းတာ။ ခဏလေးပဲစောင့်နော်။”
စု့န်ကျွီးဟန်က ပျော်မြူးရွှင်ပျနေသော မျက်ဝန်းများကို ကြည့်လိုက်သည်။ စိတ်အခြေအနေက ကောင်းနေသည်မို့ သူလည်းပြုံးပြပြီး စကားဆိုသည်။ “မင်းပျော်လား?”
ဟယ်ကု လှိုက်လှဲစွာဖြေမိသည်။ “ပျော်တာပေါ့။ မင်းမှတ်မိနေမယ်လို့ ငါမထင်ထားဘူးလေ။”
“ငါက အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်လည်းမဟုတ်။ ဘယ်လိုလုပ်မမှတ်မိဘဲ နေပါ့မလဲ?” အမှန်တကယ်တော့ ရှောင်စုန့်က ရုတ်တရက်သတိရသွားပြီး သူ့ကို အသိပေးလိုက်၍သာဖြစ်သည်။
သို့သော် ဟယ်ကု ပျော်နေတာကို ကြည့်ကာ သူမေ့သွားကြောင်းထုတ်ပြောနေရန်မလိုဟုတွေးမိသည်။ သူ ခြေရင်းမှ အထုပ်များကို မေးထိုးပြလိုက်သည်။ “ငါပဲလေ။ ရှောင်စုန့်ကို လက်ဆောင်တွေ ရွေးဝယ်ခိုင်းထားတာ။”
“ကျေးဇူးတင်ပါတယ်။” ကြမ်းပေါ်တွင် အဖိုးတန်ပစည်းများစွာ စုပုံနေလေသည်။ သူကတော့ ငုံ့၍ပင်ကြည့်ဖော်မရ။ သို့သော် တမင်မကြည့်ခြင်းမဟုတ်ပါပေ။ သူ့မျက်လုံးများက စုန့်ကျွီးဟန်ထံမှ အကြည့်မလွှဲနိုင် ဖြစ်နေရသောကြောင့် ဖြစ်သည်။ ထိုသို့သော နှလုံးသားကို နွေးထွေးစေသည့် အမှတ်တရ အပိုင်းအစလေးများကို လွန်ခဲ့သောခြောက်နှစ်အတွင်း မကြာခဏရရှိခဲ့ဖူးသည်။ တစ်နှစ်ကို တစ်ကြိမ်၊ နှစ်ကြိမ်မျှပင်ဖြစ်သော်လည်း ဆောင်းရာသီအေးအေးတွင် မီးသွေးမီးဖိုလေးမှပေးသော အနွေးဓာတ်ကဲ့သို့ တငွေ့ငွေ့ဖြင့် အချိန်အကြာကြီး နွေးထွေးစေနိုင်လေသည်။
စုန့်ကျွီးဟန်က ညစာပြင်ထားသော စားပွဲကို စောင်းငဲ့ကြည့်သည်။ “မင်းကမွေးနေ့မှာ ဒါတွေစားတယ်?”
“ငါက မင်းလာမယ်မထင်ထားဘူးလေ။”
“မင်းတစ်ယောက်တည်းဆိုရင်တောင် ကိတ်မုန့်လေးတော့ ဝယ်မှပေါ့ကွာ။”
“ငါက အချိုတွေစားရတာမကြိုက်လို့ပါ။”
စုန့်ကျွီးဟန် မှုန်ကုပ်သွားရသည်။ “လာ။ ငါမင်းကို အပြင်မှာ ကောင်းကောင်းလိုက်ကျွေးမယ်။”
ဟယ်ကုက သူ့ကိုတားသည်။ “ကျွီးဟန် ရာသီဥတုကအေးနေတာ။ အပြင်မထွက်ဘဲနေရအောင်ကွာ။ ငါမင်းအတွက် ခေါက်ဆွဲနောက်တစ်ပွဲချက်ပေးမယ်လေ။ ဒီမှာပဲ ငါ့ကို အဖော်လုပ်ပြီး အတူစားပေးပေါ့။”
စုန့်ကျွီးဟန် သူ့ကို စိတ်လျှော့ပြီးပြန်ကြည့်သည်။ “မင်းက ဒီလိုမွေးနေ့မျိုးလိုချင်တာလား?”
ဟယ်ကုက ခေါင်းညိတ်သည်။ “ဒါလည်းမဆိုးပါဘူး။”
“ကောင်းပါပြီ။ ဒါက မင်းမွေးနေ့ဆိုတော့လည်း။” စုန့်ကျွီးဟန် ဧည့်ခန်းထဲမှ TV အကြီးကြီးကို ရုတ်တရက်သတိထားမိသွားပြီး သူ့မျက်လုံးများက ဝင်းလက်သွားတော့သည်။ “မင်း TV လဲလိုက်တာလား?”
“အရင်ကတော့ TV က သေးလွန်းတယ်ဆိုပြီး မင်းပဲ စောဒကတက်နေတာ မဟုတ်ဘူးလား?”
“ဂိမ်းတွေရော အဆင့်မြှင့်ထားသေးလား?”
ဟယ်ကုက တစ်ချက် ပြုံးပြသည်။ “အကုန်မြှင့်ပြီးပါပြီ။ မင်းသွားဆော့ရုံပဲ။”
စုန့်ကျွီးဟန် သူ့ကုတ်အက်ျီကို ချွတ်ကာ ဘေးသို့ပစ်ချလိုက်ပြီး ဂိမ်းသွားဆော့တော့သည်။
ဆိုဖာခုံပေါ်တွင် အကျအနနေရာယူနေသော စုန့်ကျွီးဟန်ကို ဟယ်ကုကြည့်နေမိသည်။ ကော်ဖီစားပွဲပေါ်တွင် ခြေတံရှည်များကို တင်ထားလျက် ဂိမ်းစက်ကို လက်တွင်ကိုင်ကာ အာရုံစူးစိုက်နေပုံကိုကြည့်ရင်း သူ့နှုတ်ခမ်းစွန်းများ ထိန်းမရအောင် ကော့ညွတ်ပြီး အပြုံးတစ်ခု ဖြစ်တည်လာတော့သည်။ ဒီမြင်ကွင်းလေးက သိပ်ကို ပြီးပြည့်စုံပြီး သိပ်ကို နွေးထွေးသည်။ စုန့်ကျွီးဟန်က ဒီနေရာ၊ ဒီအိမ်လေးနှင့် အပြည့်အဝသက်ဆိုင်သူလို ထင်ယောင်လာမိသည်အထိပင်။ သူပြုံး၍ မီးဖိုထဲ ဝင်လာခဲ့လိုက်သည်။
အရင်ဦးဆုံး စုန့်ကျွီးဟန်အတွက် ပျားရည်နှင့် ဂျင်း လက်ဖက်ရည်တစ်ခွက်တည်လိုက်သည်။ ပြီးမှ ခေါက်ဆွဲတစ်ပွဲချက်လိုက်ပြီး စုန့်ကျွီးဟန်ကို ညစာစားရန်ခေါ်လိုက်တော့သည်။
နှစ်ဦးသား အရှေ့တွင် သက်ရှည်ခေါက်ဆွဲတစ်ပွဲစီချကာ မျက်နှာချင်းဆိုင်ထိုင်ရင်း အပြုံးများ ဖလှယ်မိကြသည်။
ဟယ်ကုက ဆိုသည်။ “ကျွီးဟန် မင်းဒီနေ့ငါ့ဆီလာပေးတာ
ငါအရမ်းဝမ်းသာတာပဲ။ မင်းလာမယ်မှန်းသာသိခဲ့ရင် မင်းကြိုက်တတ်တဲ့ အစားအသောက်တွေကို
ငါ ရှယ်ပြင်ထားပေးမှာပေါ့ကွာ။”
စုန့်ကျွီးဟန်က နှုတ်ခမ်းများကို သပ်လိုက်ပြီး မြေခွေးလို မာယာများသောမျက်ဝန်းများကို မှေးစင်းကြည့်လိုက်သည်။ “မင်းက ငါကြိုက်တတ်တဲ့ဟာပဲလေ။”
ဟယ်ကု နှုတ်ခမ်းများတွင် အပြုံးလေးတစ်ခု တွဲခိုသွားတော့သည်။ “အစားအသောက်ကောင်းလေးပေါ့။”
စုန့်ကျွီးဟန်က နှစ်လုတ်စားလိုက်သည်။ “ဟုတ်သားပဲ။ မင်း ကားလဲချင်လား?”
“ဟင်? ဘာကားလဲ?”
“မင်းရဲ့ကားလေ။ မင်းစီးနေတာ လေး၊ ငါးနှစ်လောက်ရှိရောပေါ့။ ကားမလဲချင်ဘူးလား? ဒီနေ့က မင်းမွေးနေ့ဆိုတော့ လိုချင်တာတစ်ခုခုရှိရင် ပြောသာပြော။”
“ဟင့်အင်း။ ငါ ဒီကားလေးပဲ အသားကျနေပါပြီ။” ဟယ်ကုက အစိုးရပိုင်လုပ်ငန်းစုမှ ဝန်ထမ်းတစ်ယောက်သာဖြစ်သည်လေ။ လက်ရှိကားက သူ့ဝင်ငွေ၊ ရာထူးနှင့်ဆိုလျှင် အနေတော်လောက်ဖြစ်ပြီး ကားအသစ်တစ်စီး ပြောင်းမစီးသင့်သေးပေ။ သူ့အထက်အရာရှိများကို လိုက်ရှင်းပြနေရလောက်သည်။
“မင်းက ဘာလိုချင်တာလဲ?”
“မင်း လက်ဆောင်တွေယူလာတယ်မဟုတ်ဘူးလား?” ဟယ်ကုက လက်ဆောင်ထုတ်အပုံလိုက်ကြီးကို ကြည့်လိုက်သည်။ “ငါနောက်မှ တစ်ချက်ကြည့်လိုက်ပါ့မယ်။”
“အဲ့ဒါတွေကို ထည့်မတွက်ရပါဘူး။ မင်းက ငါနဲ့အတူရှိနေပေးတာပဲ နှစ်တွေကြာလှပြီ။ အရမ်းကြီး ယဥ်ကျေးမနေပါနဲ့။” စုန့်ကျွီးဟန်က သူ့ကို ခေတ ငေးစိုက်ကြည့်လာသည်။
ဟယ်ကုက ပေါ့ပါးစွာပဲ ပြုံးပြလိုက်သည်။ “ငါ့မှာ စားစရာ၊ သောက်စရာရော၊ အခန်းရော ကားပါရှိနေပြီပဲကွာ။ ဘာများလိုသေးလို့လဲ၊ တကယ်မစဥ်းစားတတ်တော့လို့ပါ။”
စုန့်ကျွီးဟန် ပြုံးသည်။ “အဲ့လောက် ဖြူစင်ရိုးသားနေဖို့မလိုပါဘူးကွာ။” ဒီလူက တစ်ခါတစ်ရံ သူနားမလည်နိုင်လောက်အောင်ကို ရိုးရှင်းကြည်လင်စွာ နေတတ်သည့်အခါများရှိသလို၊ တစ်ခါတစ်ရံ လျှို့ဝှက်ချက်များဖြင့်လည်း သိုဝှက်နေတတ်ပြန်သည်။ ဟယ်ကုနှင့်သူ နှစ်များစွာအတူရှိနေနိုင်ခြင်းအတွက် စုန့်ကျွီးဟန်ကိုယ်တိုင်ပင် အံ့သြမိရသည်။
“စိတ်မပူပါနဲ့ဆို။” လေသံလေးက ပေါ့ပါးနေသလို အနေအထားလေးကလည်း ကောင်းမွန်နေသည်လေ။
ရုပ်ဝတအနေဖြင့်ကြည့်လျှင် ဟယ်ကုတွင် ဘာလိုအင်မှ မရှိပါချေ။ စိတ်ပိုင်းဆိုင်ရာ လိုအင်များပြည့်စုံစေရန်တော့ စုန့်ကျွီးဟန်တစ်ယောက်တည်းမှသာ ဖြည့်ဆည်းပေးနိုင်လိမ့်မည်။ လောလောဆယ်တော့ သူ့မွေးနေ့တွင် ထိုလူသားလေးကလည်း မျက်စိရှေ့ရောက်နေပြီဖြစ်ရာ ဤမျှနှင့်ပင် လုံလောက်သွားလေပြီ။
ဗိုက်တင်းအောင်စားပြီးသွားသောအခါ စုန့်ကျွီးဟန်က ပျားရည်ဂျင်းလက်ဖက်ရည်ကို သောက်ရင်း ဟယ်ကုကို လက်ဆောင်ဖွင့်ကြည့်ရန် အကြည့်များဖြင့် တိုက်တွန်းတော့သည်။
ဟယ်ကုက လက်ဆောင်ထုတ်ကို ကော်ဖီစားပွဲပေါ်တွင်တင်ကာ ဖွင့်ဖောက်လိုက်သည်။ အက်ျီများ၊ လည်စည်းများ၊ နာရီ၊ လက်ကြယ်သီး၊ ခါးပတ်နှင့် ယောက်ျားသုံး အသားအရေထိန်းသိမ်းသည့်ပစည်းများစသဖြင့်ပါဝင်သည်။ ဟယ်ကု မတတ်သာဘဲ ခေါင်းခါယမ်းလိုက်မိသည်။ “ရှောင်စုန့်က ကလေးပဲ။ ဒါမျိုးက Gay တွေကြိုက်တတ်တဲ့ပုံစံ ပိုပေါက်တာ။”
“အဲ့ဒီလိုမပြောပါနဲ့။ သူပြောတာတော့ သူ့ကောင်မလေးက စျေးဝယ်ထွက်သိပ်တော်တာတဲ့။” စုန့်ကျွီးဟန်က လည်စည်းတစ်ခုကို ကောက်ယူလိုက်ပြီး ဟယ်ကု၏ လည်တိုင်တွင် ချည်ပေးလိုက်သည်။ “ရှောင်စုန့်က ငါ့နောက်လိုက်လာတာ သုံးနှစ်ရှိပြီဆိုတော့ အမြင်တောင် အတော်ရှိလာပြီပဲ။ မင်းဆို ငါ့ဆီလာတိုင်း ဖုန်တွေပေနေတဲ့ လက်ရှည်အက်ျီကြီးပဲ ဝတ်ဝတ်လာနေတာ။”
“မင်းရွေးလာသလိုတော့မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ သူ့အပေါ်အရမ်းလည်းမကြပ်ပါနဲ့ကွာ။ ငါထင်တာတော့ သူလုပ်လာတာ အဆင်ပြေပါတယ်။” စုန့်ကျွီးဟန် စိတ်ကောင်းဝင်နေချိန်လေးဖြစ်၍ ဟယ်ကုကလည်း ရှောင်စုန့်ဘက်မှ ချီးမွမ်းစကားနှစ်ခွန်းလောက် ဝင်ပြောပေးလိုက်တော့သည်။ မျှမျှတတပြောရလျှင် ရှောင်စုန့်က လူကောင်းလေးဖြစ်သည်။ စိတ်သဘောထားနူးညံ့ပြီး ထက်ထက်မြက်မြက်ရှိကာ အလုပ်ကိုအာရုံစိုက်သည်။ အဓိကအချက်ကတော့ သည်းခံနိုင်စွမ်း မြင့်သည်။ စုန့်ကျွီးဟန်နှင့် ဒီထက်ပိုအဆင်ပြေပြေရှိမည့် လက်ထောက်မျိုးရှာတွေ့ရန် အတော်ခက်နိုင်သည်။
စုန့်ကျွီးဟန်က ပြုံး၍ဆိုသည်။ “ကောင်းပြီလေ။ သူကအလုပ်ကောင်းကောင်းလုပ်တယ်ဆိုတော့ နှစ်သစ်ကူးကျရင် လစာတိုးပေးရမှာပေါ့။” စုန့်ကျွီးဟန်က လည်စည်းကို ဆွဲလိုက်ရာ ဟယ်ကု ကိုယ်လုံးက အရှေ့ကိုယိုင်သွားပြီး နွေးထွေးသော နှုတ်ခမ်းလွှာလေးခုလည်း ထိကပ်သွားကြတော့သည်။
ဘာကြောင့်မှန်းမသိသော်လည်း စုန့်ကျွီးဟန်တစ်ယောက် ဟယ်ကုနှင့် ကျွမ်းကျဲယွီတို့၏ အနမ်းကို သတိရသွားသောအခါ သူ့ရင်ထဲ နေလို့မကောင်းဖြစ်လာရသည်။ သူ ဟယ်ကုကို ခေါင်းအနောက်မှ ဆွဲယူကာ နှုတ်ခမ်းနုနုများကို အားသုံး၍ နမ်းရှိုက်မိသည်။ ထို့နောက် လျှာဖျားလေးဖြင့် သွားများကို ဖွင့်ဟစေပြီး ခံတွင်းထဲ မွှေနှောက်တော့သည်။
ဟယ်ကုမျက်ဝန်းများ ပွင့်လာခဲ့သည်။ စုန့်ကျွီးဟန်က နမ်းခဲလှသူဖြစ်သည်။ နမ်းဖြစ်သည့် အကြိမ်အများစုကလည်း အိပ်ရာထဲ ချစ်ပွဲဝင်ရန် ခြေဆင်းပျိုးခြင်းသာဖြစ်သည်။ ယခုလိုမျိုး ထင်မှတ်မထားလောက်အောင် အနမ်းထဲ စူးစိုက်နစ်ဝင်နေပုံက လူကို ပျော်ကျသွားစေသည်။
အတွေးတွေ မကျွံပါနဲ့ဦးလေ။
သူ စုန့်ကျွီးဟန်၏ လည်တိုင်ကို ဆွဲကာ ခံစားချက်တွေနှစ်ထားသော ကြုံတောင့်ကြုံခဲအနမ်းလေးထဲ စီးမြောစေလိုက်တော့သည်။
စုန့်ကျွီးဟန်က သူ့ကျောကို ပွတ်သပ်ကာ ပင့်သက်ရှိုက်ရင်း စကားဆိုသည်။ “ငါမင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်နော်။ မင်းမွေးနေ့အတွက် ဘာလိုချင်လဲ?”
“ငါ မင်းကိုလိုချင်တယ်။” ဟယ်ကု ထိုအမျိုးသားလေးကို ဆိုဖာခုံပေါ် တွန်းချလိုက်သည်။ သူ့ လက်များက စုန့်ကျွီးဟန်၏ ပခုံးကို ထိတွေ့လိုက်သည်။
နှစ်ဦးသား တစ်ယောက်ကို တစ်ယောက် ကြည့်နေစဥ်တွင် ကျယ်လောင်သော ဖုန်းမြည်သံက စူးရှစွာထွက်ပေါ်လာတော့သည်။ ဟယ်ကု စိတ်ရှုပ်သွားရသည်။ သူဖုန်းကို ကိုင်လိုက်ချင်သော်လည်း ဖုန်းလည်းမဖြေချင်ပြန်။ စုန့်ကျွီးဟန်ကလည်း ဒီအခြေအနေလေးကို ဖျက်ဆီးချင်ပုံမရပေ။ သို့သော်လည်း တစ်ဖက်က ဖုန်းခေါ်နေသူမှာ တကယ်ဇွဲကောင်းလှသည်။ တစ်ကြိမ်ဖြင့် မကိုင်လျှင်၊ နှစ်ကြိမ်ခေါ်သည်။ နှစ်ကြိမ်မြောက်ဖုန်းကို မကိုင်ပြန်လျှင်လည်း တတိယအကြိမ်ဆက်ခေါ်ပြန်လေရာ ဖုန်းက ဆက်တိုက်ကိုမြည်နေလေသည်။
နောက်ဆုံးတော့ စုန့်ကျွီးဟန် စိတ်တိုလာတော့သည်။ သူ ဟယ်ကုကျောလေးကို မတ်စေလိုက်ပြီး ကော်ဖီစားပွဲပေါ်မှ ဖုန်းကို ကောက်ကိုင်လိုက်သည်။ “ဘယ်ကောင်က သောက်လုပ်လာရှုပ်ပြီး အကြာကြီးခေါ်နေရတာလဲ?”
ဖုန်းမျက်နှာပြင်ပေါ်မှ ခေါ်ဆိုသူအမည်ကိုတွေ့လိုက်ရလျှင် သူ အံ့သြသွားတော့သည်။
ဟယ်ကုမျက်နှာက နီရဲလာပြီး ပင့်သက်ရှိုက်လိုက်မိသည်။ “ဘယ်သူလဲ?”
စုန့်ကျွီးဟန်၏ မျက်နှာက အေးစက်တင်းမာသွားပြီး
နွေဦးရာသီလေးမှ ရေခဲအဖြစ် ချက်ချင်းပြောင်းသွားတော့သည်။ သူ သက်ပြင်းချလိုက်သည်။
“ဖုန်းကျုန်း”