book

Index 11

အခန်း ၁၁။ အထွေအထွေမန်နေဂျာ ကူ ရေ မင်းက Gay လား? အေး.. မင်းလိုပဲပေါ့

  • Author : Caramel Popcorn
  • Genres : Romance
  • Original Author : Shui Qian Cheng

ပုန်းဖန်၏ ဝိုင်ခြံသည် ဖွင့်ကာစ ဖြစ်၍ အပေါင်းအသင်းများက လာရောက်အားပေးကြသည်။ ပုန်းဖန်ကလည်း အခွင့်သာခိုက် သူ့စီးပွားရေးကို လူသိအောင်လုပ်သွားရန် မျှော်လင့်ထားသည်။


စားသောက်ပြီး ပုန်းဖန်ပြန်သွားချိန်တွင် သူတို့အတွက် လက်ဆောင်များပါပြင်ထားပေးခဲ့သည်။ ဟယ်ကုက အိတ်ထဲရှိ ဝိုင်နီပုလင်းကို ကြည့်လိုက်ပြီး အိမ်ပြန်ရန် ပြင်လိုက်သည်။ စုန့်ကျွီးဟန် သူ့ဆီလာလျှင် တစ်ခါတစ်ရံတော့ သူတို့ တစ်ခွက်နှစ်ခွက်သောက်ဖြစ်ကြသည်။

 

ကားရပ်ထားရာသို့ နှစ်ဦးသား ဘေးချင်းယှဥ်လျှောက်လာကြရင်း ဖုန်းကျုန်းက နာရီကိုကြည့်လိုက်သည်။ “ဘား ဒါမှမဟုတ် ကလပ်သွားပြီး တစ်ခုခုသောက်ကြမလား?”


ဟယ်ကု ပြုံးပြလိုက်သည်။ “မင်းထပ်သောက်ရင် ကားမောင်းနိုင်တော့မှာမဟုတ်ဘူး။ နောက်နေ့မှလုပ်ရအောင်။”


“ပြီးရောလေ။” ဖုန်းကျုန်းက သူ့ပခုံးကို အသာအယာပုတ်သည်။ “ဟုတ်ပြီ။ ငါ့အမျိုးတစ်ယောက်က ဆင်ခြေဖုံးဘက်မှာ အိမ်ကြီးတစ်လုံးဝယ်ထားတာရှိတယ်။ ဆောက်ထားတာအရမ်းလှတာပဲ။ မင်းငါးမျှားရတာကြိုက်တာ ငါမှတ်မိပါသေးတယ်။ ငါနဲ့အတူသွားဖို့ ဘယ်တော့လောက်အားလဲ?”


ဟယ်ကု ငယ်စဥ်တုန်းက ဖခင်ဖြစ်သူနှင့်အတူ ငါးသွားမျှားလေ့ရှိသည်။ ဖခင်ဆုံးသွားချိန်မှစ၍ ငါးမျှားခြင်းက ဖခင်နှင့်အတူရှိခဲ့သော အမှတ်တရလေးများပျော်ဝင်နေသည့် အရာတစ်ခုဖြစ်လာခဲ့သည်။ သူ့ပူပန်သောကများကို ပြေငြိမ်းစေသည့် လှုပ်ရှားမှုတစ်မျိုးလည်းဖြစ်သည်။ တစ်ခါတစ်ရံ ပျင်းရိလာပါက ငါးမျှားရန် နေရာလိုက်ရှာလေ့ရှိသည်။ အခုတလောတွင် အလုပ်များ ပုံလာကာ ရှုပ်ယှက်ခတ်နေသောကြောင့် အနားယူရန်ပင် အချိန်မရှိပေ။ ဖုန်းကျုန်းက ပြောလာချိန်တွင်တော့ ဟယ်ကု လျှပ်တစ်ပြက်အတွင်း ခေါင်းညိတ်လိုက်မိတော့သည်။ “ဟုတ်ပြီလေ။ အချိန်ရရင် သေချာပေါက်လာခဲ့ပါ့မယ်။”


ဖုန်းကျုန်းက ပြုံးပြီးပြောသည်။ “လမ်းမှာ ဂရုစိုက်သွားဦး။”


“အေးပါ။ ဒီနေ့အတွက်ကျေးဇူးပဲ ဖုန်းကျုန်း။”


“မင်းကိုလည်းကျေးဇူးတင်ပါတယ်။”


“မင်းသူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးတာလည်း ကျေးဇူးတင်တယ်။ ပင်လယ်စာကလည်း အရသာရှိတယ်။”


ဖုန်းကျုန်းပြုံးမိသည်။ “မင်းကြိုက်တယ်ဆိုရင် စမ်းကြည့်ဖို့ ကောင်းတာလေးတွေ ငါ့မှာအများကြီးရှိသေးတယ်။”


ဟယ်ကုရင်ထဲ ရှုပ်ထွေးစွာခံစားမိနေသည်။ “ဖုန်းကျုန်း မင်း ငါ့အပေါ် အဲ့ဒီလောက်ကောင်းဖို့မလိုပါဘူး။”


ဖုန်းကျုန်းက သူ့ကို လေးနက်စွာစိုက်ကြည့်လိုက်သည်။ “မင်းလည်းအဲ့ဒီတုန်းက ငါ့အပေါ်အရမ်းကောင်းတာပဲလေ။”


“အဲ့ဒါ အတိတ်တုန်းကပါကွာ။ ငါတို့က သူငယ်ချင်းတွေပဲကို။” ဟယ်ကု အလုပ်သင်ဆင်းချိန်က ဖုန်းကျုန်းအပေါ် အများကြီး ကောင်းပေးခဲ့သည်။ ဖုန်းကျုန်းက ကျောင်းသားလူချောလေးဖြစ်ပြီး သူ့လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်သည်။ သူဌေး၏ သားလည်းဖြစ်သည်လေ။  သူက ဖုန်းကျုန်းကို ညသန်းခေါင်တိုင်သည်အထိ စာပြပေးခဲ့ရသည်။ ဖုန်းကျုန်းကလည်း တစ်ခါတစ်ရံသူ့အတွက်မွေးနေ့လက်ဆောင်များဝယ်ပေးတတ်သည်။ ဟယ်ကုက ဖုန်းကျုန်း၏ အလုပ်များကို ပြန်ပြင်ပေးရန် အချိန်ပိုဆင်းခဲ့ရသည်။ ဟယ်ကုတွင် ရင်းနှီးသူသိပ်မရှိပါ။ အကြောင်းပြချက်က တစ်ခုတည်းရှိသည်။ သူ့အပေါ်သဘောမကောင်းပေးစရာ ဘာအကြောင်းမှ မရှိ၍ဖြစ်သည်။


ဖုန်းကျုန်းက ပခုံးတွန့်လိုက်သည်။ “ဒါပဲလေ။ ငါတို့က သူငယ်ချင်းတွေဆိုမှတော့ မင်းအပေါ်ငါက ဘာလို့ ကောင်းပေးလို့မရရမှာလဲ?”


ဟယ်ကုက သူအသည်းအသန်ဖြစ်ပြမနေသင့်ဟုတွေးလိုက်သည်။ ထို့ကြောင့် ခပ်အေးအေးပြုံးပြလိုက်ကာ “ဟုတ်ပါတယ်။ ငါတို့ကသူငယ်ချင်းတွေပါ။ ငါ ပြန်လိုက်တော့မယ်။”


ဖုန်းကျုန်းက လက်ပြနှုတ်ဆက်သည်။


စုန့်ကျွီးဟန်က သီချင်းခွေအသစ်အတွက် ခေါင်းစီးသီချင်းရေးခဲ့ပြီး ထိုသီချင်းက လူကြိုက်များသည့်စာရင်းများတွင် နေရာအတော်ယူနိုင်ခဲ့သည်။ ယခုအချိန်က လူရှေ့မကြာခဏထွက်နေရချိန်ဖြစ်သည်။ TV၊ အင်တာနက်၊ သတင်းစာ၊ ဘယ်နေရာမဆို သူရှိနေသည်။ မျက်လုံးတစ်ချက်ဝှေ့ကြည့်လိုက်ရုံဖြင့် သူ့ကြော်ငြာကို တွေ့နိုင်သည်။


အခွေသစ်ကို လူသိများစေဖို့ စုန့်ကျွီးဟန်က ကြော်ငြာများ မရပ်မနားရိုက်ကူးနေရသည်။ သူတို့နှစ်ဦး ခဏလေးပင်တွေ့ချိန်မရှိပေ။ သို့သော်လည်း ဟယ်ကုက စုန့်ကျွီးဟန်ဆီ အလျဥ်းသင့်သလို စာတိုများ ပို့ပေးလေ့ရှိသည်။ ပြန်စာတစ်စောင်မှ မလာလည်း သူဂရုမစိုက်ပေ။


နမ်ချွမ်းတွင် နောက်ဆုံး အလုပ်ဆင်းသည့်နေ့တွင် ကူချင့်ဖေက သူနှင့် ပလဲနံပသင့်သူ ခေါင်းဆောင်အချို့နှင့် အပေါင်းအသင်းများကို ခေါ်ကာ ကုမဏီ စားသောက်ဆိုင်တွင် နေ့လည်စာအတူစားကြသည်။ ဒီထမင်းဟင်းမျိုးကို အကြိမ်ပေါင်းများစွာစားခဲ့ဖူးပြီး ဒီဝိုင်မျိုးကိုလည်း ပုလင်းပေါင်းများစွာသောက်ခဲ့ဖူးသည်။ နောက်ဆုံးနေ့လည်စာ တစ်နပ်က ထိုသို့ပင် အလွန်ရိုးရှင်းလှသည်။


စား‌သောက်ခန်းမ၏ TV ဖန်သားပြင်ပေါ်တွင် စုန့်ကျွီးဟန်၏ သီချင်းအသစ်လာနေသည်။ သီချင်းတွင် ခပ်မိုက်မိုက် ဂျက်ဇ် ဂီတနှင့် နားစွဲလွယ်သော စာသားများပါဝင်သည်။ လိုက်ဆိုလို့သိပ်မကောင်းသော်လည်း စကားလုံးတွေကို သေချာကြားနိုင်သည်။ ဘေးနားရှိလူများက ကိုယ်တိုင်ပင် မသိလိုက်ဘဲ သီချင်းကို ခေါင်းညိတ်စည်းချက်လိုက်မိနေ ကြသည်။


ကူချင့်ဖေက TV ကိုလှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းများကလည်း အနည်းငယ်ပြုံးသွားသည်။ ထို့နောက် ဟယ်ကုကို သူ သဘောပေါက်သည်ဆိုသော အပြုံးမျိုးပြုံးပြလာတော့သည်။ ဟယ်ကုလည်း သီချင်းတီးလုံးအလိုက် ခေါင်းလိုက်ညိတ်နေလိုက်တော့သည်။


“ရှောင်ချန် မင်းဒီအဆိုတော်ကိုကြိုက်လား?” ကူချင့်ဖေက သီချင်းလိုက်ဆိုနေသော လူတစ်ယောက်ကိုမေးလိုက်သည်။


“ချစ်တာ။” ရှောင်ချန်က ပြုံး၍ပြန်ဖြေသည်။ “စုန့်ကျွီးဟန်သီချင်းတွေက အရမ်းကောင်းတာလေ။ သူကတကယ်ပါရမီရှိတာ။ သူ့သီချင်းအများစုက သူကိုယ်တိုင်ရေးတာတွေချည်းပဲ။”


“သူက ကပြားလား?” ကူချင့်ဖေက စုန့်ကျွီးဟန်အကြောင်းဆိုလျှင် မျက်နှာနှင့် နာမည်တစ်ခုမှ လွဲ၍ ကျန်တာဘာမှမသိ ပေ။


“ဟုတ်တယ်။ လေးပုံတစ်ပုံက ဂျာမန်သွေးပါတာ။ သူ့အမေက တရုတ်-ဂျာမန်ကပြား နာမည်ကြီးမော်ဒယ်လေ။ အရမ်းချောတာ။” ဘေးမှ အမျိုးသမီးဝန်ထမ်းတစ်ဦးက ဝင်ဖြေသည်။ ဖုန်းကိုထုတ်၍ ဖုန်းနောက်ခံအဖြစ်ထားထားသော ပုံကိုပင် ပြလိုက်သေးသည်။ ပိုစတာဓာတ်ပုံတစ်ပုံဖြစ်သည်။ ဓာတ်ပုံထဲတွင် နတ်ဘုရားမ ကဲ့သို့ချောမောပြီး ကိုယ်လုံးကိုယ်ပေါက်လှပသော အမျိုးသမီးက ပိုးလွှာကုတ်အက်ျီကို လွှမ်းခြုံထားကာ သုံးလေးနှစ်ခန့် ကောင်လေးတစ်ယောက်ကို လက်တစ်ဖက်ဖြင့် ချီထားသည်။   ကောင်လေး၏ အနက်ရောင်ဆံပင်အတွန့်အလိပ်လေးများနှင့် ပိရိသေသပ်သော မျက်နှာပေါက်လေးက လူကို ဖမ်းစားနိုင်သည်။ မျက်လုံးများမှာ ကြယ်စင်များကဲ့သို့တောက်ပနေသည်။ “ဒါက သူလေးနှစ်သားတုန်းက သူ့အမေနဲ့တွဲပြီး မဂဇင်းမျက်နှာဖုံးအတွက် ရိုက်ထားတဲ့ပုံလေ။”


“အိုး.. လှလိုက်တာ။”


ဟယ်ကုထံတွင်လည်း ထိုဓာတ်ပုံအတွဲလိုက် သိမ်းထားသည်။ ထိုပုံသည် အာရှသား သားအမိနှစ်ဦးကို US တွင် ထုတ်ဝေသော မဂဇင်းတွင် ပထမဆုံးမျက်နှာဖုံးတင်ခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်လည်း ဖက်ရှင်လောကထဲတွင် အတော်လေး ဂယက်ထသွားခဲ့သည်။ ထိုပုံသည် စုန့်ကျွီးဟန်ကို မီဒီယာများမှ ပထမဆုံးဖော်ပြခဲ့သည့် ပုံမဟုတ်သော်လည်း ကမာက စုန့်ကျွီးဟန်ကို သိသွားစေသည့်ပုံဖြစ်သည်။ မိခင်နှင့်သားအတွဲလေးက မြင်ရတာ တကယ် ကြည်နူးစရာကောင်းလှသည်။


ဟယ်ကုက စုန့်ကျွီးဟန်၏ မိခင်ကို တစ်ကြိမ်မကမြင်ခဲ့ဖူးသည်။ US တွင်မွေးဖွားသော တရုတ်-ဂျာမန်သွေးနှော အမျိုးသမီးဖြစ်သည်။ စိတ်အားထက်သန်ပြီး ဉာဏ်ရည်မြင့်ကာ အလှကလည်း ပြိုင်ဘက်ကင်းသည်။ စုန့်ကျွီးဟန်ကတော့ မိခင်နှင့် ရုပ်ရည်မှလွဲ၍ စိတ်နေစိတ်ထားက မတူသလောက်ရှိသည်။


“ကိုယ်လုံးကိုယ်ပေါက်ကလည်း အခုထိလှတုန်းပဲ။” အမျိုးသမီးဝန်ထမ်းက ခေါင်းကို ခါယမ်းကာ သက်ပြင်းချသည်။ “လူအစစ်တောင်မဟုတ်သလိုပဲ။”


ကူချင့်ဖေက ချီးကျူးလိုက်သည်။ “တကယ်လှတာပဲ။”


“စုန့်ကျွီးဟန်အဖေကလည်း အရမ်းချောတာ။ သြော်.. သူတို့တစ်မိသားစုလုံးက လုံးဝကို...” အမျိုးသမီးဝန်ထမ်းလေးက သူ့အသည်းကြော်အကြောင်းစကားစမိသည်နှင့်ဘေးလူများ စိတ်ဝင်စားစား၊ မစားစား ဖုန်းထဲမှ ဓာတ်ပုံများကို အသည်းအသန်ထုတ်ကြွားတော့သည်။


ကူချင့်ဖေက သူ့ကိုကြည့်လိုက်ပြီး တမင်တကာ ကျီဆယ်သည်။ “ဟယ်ကု မင်းရော သူ့သီချင်းကိုကြိုက်လား?”


ဟယ်ကုက စွပ်ပြုတ်များ သီးကာ ချောင်းဆိုးမိတော့သည်။


“သူက ဒါမျိုး ဘယ်စိတ်ဝင်စားပါ့မလဲ။” ရှောင်ချန်က ပြုံး၍ဖြေသည်။ “စုန့်ကျွီးဟန်ဘယ်သူမှန်း သူသိမယ်တောင်မထင်ပါဘူး။”


ကူချင့်ဖေက ပြုံးလိုက်သည်။ မျက်ဝန်းများက ရယ်မြူးရိပ်များဖြင့် လင်းလက်နေတော့သည်။


ဟယ်ကုက ဘာမှမဖြစ်ဟန်ဖြင့်  လည်ချောင်းရှင်းလိုက်သည်။ “အင်းလေ။ သူ့ကို လူငယ်တွေဘာလို့ကြိုက်ကြတာလဲ။ ကျွန်တော်ကတော့ တကယ်မသိဘူး။”


“ဟေ့.. ဟယ်ကု မင်းက ၂၈ နှစ်ပဲရှိသေးတာပါ။ ငယ်ပြီး ရုပ်လည်းအရမ်းချောတာကို။ ဘာလို့ လူလတ်ပိုင်းဦးလေးကြီးတွေလို ပြောဆိုနေတာလဲ?”


“အဲ့ဒါပဲ။ ဟယ်ကု ပုံစံကိုက လူကြီးလိုဖြစ်နေတာ။ တစ်ချက်ကြည့်လိုက်တာနဲ့ သူက တည်ငြိမ်ပြီး ဒါမျိုးတွေ ကြိုက်လောက်တဲ့သူမဟုတ်မှန်း သိသာနေတာပဲ။ သူစိတ်ဆိုးသွားရင်တော့ ကြောက်စရာကြီးရယ်။ ကူ မင်းပဲ သူ့အကြောင်းပြောပြလိုက်တော့။”  


ဟယ်ကု ပြုံးမိသည်။ “မင်းတို့ကလည်း လွန်ပါတယ်ကွာ။ ငါအဲ့ဒီလောက်တော့ ကြောက်ဖို့မကောင်းပါဘူး။”


ကူချင့်ဖေက သူ့ပခုံးပေါ်မှ ကျော်ကြည့်လိုက်ပြီး တမင်ကို အလေးအနက်ထားပြောလိုက်သည်။ “ဟယ်ကု မင်းခဏခဏ ပြုံးပြသင့်တယ်။ အဲ့ဒီလို မျက်နှာပေးမျိုး အမြဲလုပ်ထားလို့ကတော့ မင်းမိန်းမရတော့မှာမဟုတ်ဘူး။”


စားပွဲတစ်ခုလုံးရယ်သံများညံသွားတော့သည်။


သူအလုပ်ဆင်းသောအခါ ကူချင့်ဖေက စာတစ်စောင်ပို့လာသည်။ (ဒီည ငါနဲ့အဖော်လုပ်ပြီး လိုက်သောက်ပေးရမယ်နော်။)


ကူချင့်ဖေက သူနှင့်အတူ ကုမဏီလိုက်ပြောင်းရန် ဆွယ်ချင်သေးပုံရသည်ဟု ဟယ်ကု ခန့်မှန်းလိုက်မိသည်။ ထို့ကြောင့် (ကောင်းပါပြီ။) ဟုသာ စာပြန်လိုက်သည်။


ခဏအကြာတွင် ကူချင့်ဖေက အချိန်နှင့် လိပ်စာ ပို့လာခဲ့သည်။ ဘားလမ်းထဲတွင်ဖြစ်ပြီး ဘားနာမည်ကို ဟယ်ကု စိတ်ထဲ ရင်းနှီးသလိုရှိသော်လည်း အမှုမဲ့အမှတ်မဲ့သာထားလိုက်သည်။

အလုပ်ဆင်းသောအခါ ဟယ်ကုက အိမ်ပြန်၍ ခေါက်ဆွဲတစ်ပန်းကန်ပြုတ်ကာ TV ကြည့်ရင်းစားလိုက်သည်။ သူက ပုံမှန်ဆို TV ကြည့်လေ့မရှိပေ။ သို့သော်လည်း ယွမ် ၄၀၀၀၀ ကျော်တန် TV ကြီးကို မကြည့်ဘဲ ပစ်ထားရမည်မှာ နှမျောစရာကောင်းလှသည်လေ။


ရင်းနှီးပြီးသား မျက်နှာက TV ဖန်သားပြင်တွင် ပေါ်လာခဲ့သည်။ စုန့်ကျွီးဟန်တော့မဟုတ်ပေ။ ကျွမ်းကျဲယွီဖြစ်သည်။ ဒီမျက်နှာသစ်လေးက နာမည်ကြီးဒါရိုက်တာ၏ ရုပ်ရှင်ဇာတ်ကားတွင် အဓိကဇာတ်ဆောင် နံပါတ် ၂ နေရာကို ရလိုက်သည်။ TV ထဲတွင်မြင်နေရသော နွေးထွေးပြီး ပြုံးချိုသော ကလေးမျက်နှာပေါက်လေးနှင့်လူကို ထိုနေ့က စုန့်ကျွီးဟန်အိမ်တွင် တွေ့ခဲ့ရသော လူနှင့် စပ်ဆက်ကြည့်ရန် ခက်နေသည်။ သို့သော်လည်း စုန့်ကျွီးဟန်နှင့် သူ့နောင်တော်များကို ပြန်တွေးကြည့်လျှင် ကွာခြားချက်က အံ့အားသင့်စရာမရှိပေ။  


သူ့ကို တွေ့လိုက်ရသောအခါ ဟယ်ကု အစားဆက်မစားနိုင်တော့ပါ။ စုန့်ကျွီးဟန်၏ ဘေးတွင် ကြည့်ကောင်းသူများသာဝန်းရံလျက်ရှိသည်။ သူနှင့်ကျွီးဟန်တို့ ‌ခြောက်နှစ်တာလုံး အတူရှိနိုင်ပြီး ဟယ်ကုကို ပစ်မသွားသေးသည်က အံ့သြစရာကောင်းလှသည်။ 


သူပန်းကန်ခွက်ယောက်များကို သိမ်းဆည်းပြီးရေချိုးလိုက်သည်။


ရေနွေးနွေးလေးက တစ်နေ့တာပင်ပန်းမှုများကို ဆေးကြောပေးသွားသည်။ သူမျက်လုံးများမှိတ်လိုက်သည်။ သူ့ဦးနှောက်ထဲ တဖြည်းဖြည်းရှင်းလင်းသွားချိန်တွင် စုန့်ကျွီးဟန်၏ မျက်နှာက ပေါ်လာတော့သည်။


နောက်နှစ်ရက်ကြာလျှင် သူ့မွေးနေ့ရောက်တော့မည်ဖြစ်သည်။ ဒီလက သုံးပုံတစ်ပုံပင်ကုန်သွားလေပြီ။ သူ့ကိုအဖော်လုပ်ပေးရန်ပြောထားသည်ကို စုန့်ကျွီးဟန် မှတ်မိသေးရဲ့လား သူမသိပေ။ သူကတော့ စုန့်ကျွီးဟန် မေ့သွားလျှင်တောင် သူ့ဘာသာသူ သတိလည်လာသည်အထိ စောင့်နေမည်မဟုတ်။ စုန့်ကျွီးဟန်က ရှက်နေမည့်သူမျိုးလည်းမဟုတ်၍ မေ့နေလျှင် ဖုန်းဆက်သတိပေးလိုက်ရုံသာဖြစ်သည်။ စုန့်ကျွီးဟန်က မှတ်ဉာဏ်မကောင်းသော်လည်း ဟယ်ကု ဘာမှတော့ပြောနေမည်မဟုတ်။


‌ရေချိုးပြီးချိန်တွင် ဟယ်ကု ပေါ့ပါးသည့် အဝတ်အစားတစ်ခုခုလဲဝတ်ပြီး မှန်ကြည့်လိုက်သည်။ မှန်ထဲမှ လူမှာ ပိန်သွယ်ပြီး တောင့်ဖြောင့်သည်။ ကျောင်းတက်စဥ်အချိန်က လူငယ်လေးထက်စာလျှင်တော့ ကိုယ်လုံးက ပိုပိန်သွားခဲ့သည်။


ဟယ်ကု ဆံပင်ရေခြောက်အောင်သုတ်လိုက်ပြီး ကုတ်အက်ျီဝတ်ကာ အပြင်ထွက်လာခဲ့သည်။  


သူ ထိုနေရာသို့ရောက်သောအခါ အထဲမှ ဝင်ထွက်သွားလာနေသူများကိုကြည့်ပြီး ခေါင်းကြီးထုံသွားသလို ခံစားလိုက်ရသည်။ ဒီနေရာက Gay ဘားတစ်ခုဖြစ်တာ အသေအချာပင်။ ဒီနာမည်ကို ရင်းနှီးသလိုဖြစ်နေရခြင်းမှာလည်း အင်တာနက်ထဲတွင် တွေ့ဖူး၍ ဖြစ်ကြောင်း မှတ်မိသွားတော့သည်။ Gay ဘားတစ်ခုပါပေ။ အတော်လေးတော့ စတိုင်ကျသည်။ ဘေဂျင်းရှိ ရဲဘော်ရဲဘက်များကြားတွင် နာမည်ကြီးသောနေရာတစ်ခုပင်။ “မဟူရာဂိတ်ဝ” ဟူ၍ နာမည်ပြောင်ပေးထားကြသည်။ ဘားနာမည်ကိုအစွဲပြုပေးထားသော မဟူရာ ကျောက်သားဂိတ်နှင့် Gay ဘားကတော့ မအပ်စပ်လှပါပေ။ ဆိုင်ပိုင်ရှင်က နာမည်ကြီးတစ်ယောက်ဖြစ်ပြီး တရားဝင်အတိအလင်းဝန်မခံထားသော်လည်း Gay တစ်ယောက်ဖြစ်ကြောင်း တစ်လောကလုံးကသိလေသည်။ ဆိုင်ပိုင်ရှင်ကို စုန့်ကျွီးဟန်၏ ပါတီတွင် သူ မြင်ဖူးသည်။


ဟယ်ကုက နာရီကိုကြည့်လိုက်သည်။ အချိန်စောသေးသည်ပင်။ သူက နောက်မကျချင်သောကြောင့် အချိန်အများကြီးကြိုထွက်လာခြင်းဖြစ်သည်။ သူ အမောဖြေရန် အချိန်ရသွားသည်။

ကူချင့်ဖေက သူ့ကို ဘာလို့များ Gay ဘားကို လာခိုင်းရသလဲ? ကုမဏီပြောင်းရန်ဆွယ်ချင်ရုံမျှဖြင့် ဒီလောက်အထိ လုပ်နေစရာမလိုပါပေ။ ဟယ်ကုက Gay များ ဒိတ်လုပ်ကြသည့် ဒီလိုနေရာမျိုးကို မကြိုက်ပါ။


တကယ်ကို ရှက်စရာကောင်းလှသည်။ သူ့အဖြစ်က အသားကင်စားသောက်ဆိုင်ကို လာမိသော သားသတ်လွတ် သမားနှင့်တူနေသည်။ စားဝိုင်းတွင် သားသတ်လွတ်ဟင်းလျာများဖြင့် ဧည့်ခံထားရန်လိုသည်။ ကူချင့်ဖေက တကယ်နှောက်လိုက်လေပြီ။


သူက ကူချင့်ဖေကို သာမန်နေရာတစ်ခုသို့ပြောင်းထိုင်ကြရန် အပေါက်ဝမှ ဆီး၍ ပြောမည်ဟုတွေးလိုက်သည်။ သို့မဟုတ်ပါက သူအလွန် အနေရခက်နေတော့မည်ဖြစ်သည်။


ဟယ်ကု ဘား၏ အဝင်ဝနားတွင် ကားကိုရပ်ထားပြီးစောင့်နေလိုက်တော့သည်။


မိနစ်ဝက်မျှပင်မရှိသေး ကောင်ငယ်လေးတစ်ယောက်က ကားပြတင်းကို ခေါက်လာခဲ့သည်။ ဟယ်ကု ယဥ်ကျေးစွာပဲငြင်းဆိုလိုက်သည်။ “ကိုယ်က သူငယ်ချင်းကိုစောင့်နေတာပါ။”


“သူက မင်းရည်းစားလား?” ကောင်ငယ်လေးက ပေါ်တင်ကို အီစီကလီရိုက်တော့သည်။


“သြော်.. မဟုတ်ပါဘူး။”


“ဒါဆို မင်းသူငယ်ချင်းရောက်လာရင် ငါတို့နဲ့အတူလာပျော်လေ။”


“ကျေးဇူး။ မလိုပါဘူး။” ဟယ်ကု မပြုံးပြတော့ဘဲ လေသံကလည်း စိတ်တိုသံပေါက်လာသောအခါ ထိုကောင်လေးမှာ သရော်သံပြုပြီး လှည့်ထွက်သွားတော့သည်။


အရှေ့ကတစ်ယောက်ထွက်သွားသည်မှာ အဝေးမရောက်သေးခင်မှာပဲ နောက်တစ်ယောက် ထပ်ရောက် လာပြန်သည်။ ဟယ်ကုရယ်ချင်သွားသည်။ သူ့လိုပုံစံမျိုးက ဒီမှာ လူကြိုက်များပုံရသည်။  


ဒုတိယတစ်ယောက်ကို မောင်းထုတ်လိုက်ပြီးချိန်တွင် အဝေးမှလှမ်းလာနေသော ကူချင့်ဖေကို ဟယ်ကု မြင်လိုက်သည်။


ကူချင့်ဖေက ပြုံးပြီး သူ့အရှေ့တွင်ရပ်လိုက်ကာ သူ့ကို အပေါ်အောက်အစုန်အဆန်ကြည့်သည်။


ဟယ်ကု အနည်းငယ်မှုန်ကုပ်သွားမိသည်။ “အထွေထွေမန်နေဂျာကူ ဘာလို့ဒီနေရာမျိုးကိုကြိုက်တာလဲ?”


“ဟယ်ကု မင်းက ဒီနေရာကိုမကြိုက်ဘူးလား?”


“ကျွန်တော် ဒီလိုနေရာမျိုး လာလေ့မရှိဘူး။ စကားပြောလို့ကောင်းမဲ့နေရာလည်းမဟုတ်ဘူး။ နေရာပြောင်းရအောင်ပါ။”


“ကိစမရှိပါဘူး။ ဒီမှာက ကလပ်တွေလိုလည်း ဆူဆူညံညံမရှိဘူး။”


“အင်းပေါ့။ ဟားဟား။” ဟယ်ကု မျက်လုံးများ ပြူးကျယ်သွားရသည်။ “ဒီကို အရင်ကလာဖူးလို့လား?”


ကူချင့်ဖေက ပြုံး၍ ပြန်ဖြေသည်။ “အင်းလေ။ ငါ ခဏခဏရောက်တယ်။”


ဟယ်ကုမျက်လုံးများ ပိုပြူးလာတော့သည်။ ဒါဖြင့်ရင်.. ကူချင့်ဖေကလည်း...


မည်သို့ဆိုစေ တစ်ခုခုကတော့လွဲနေသည်။ ကူချင့်ဖေက တစ်ခုလပ်တစ်ယောက်ဖြစ်ကြောင်း သူကြားဖူးသည်။ သူ့ဇနီးဟောင်းက နမ်ချွမ်းတွင်အလုပ်လုပ်ခဲ့ဖူးသည်။ ဓာတ်ပုံများလည်း မြင်ဖူးထားပြီး ဇနီးက အလွန်ချောသူ ဖြစ်သည်။


ကူချင့်ဖေက ဟယ်ကု စိတ်ပူနေသည်ကိုမြင်သောအခါ စကားတစ်ခွန်းမှမပြောဘဲ လက်မောင်းမှကိုင်၍ ဆိုင်ထဲ ဆွဲခေါ်လာတော့သည်။


နှစ်ဦးသား နေရာရှာ၍ ထိုင်လိုက်ကြပြီး ကူချင့်ဖေက စားပွဲထိုးကို ကျွမ်းကျင်စွာပင်လှမ်းခေါ်လိုက်သည်။ “ငါအရင်တစ်ခေါက်လာတုန်းက ထားခဲ့တဲ့ဝိုင် ချပေးပါ။”


“ကောင်းပါပြီ။”


ဟယ်ကုက ကူချင့်ဖေ မကြာမကြာလာဖူးကြောင်း တကယ်ယုံကြည်လိုက်ရတော့သည်။ သူ့စိတ်ထဲတွင်တော့ သံသယကရှိနေသေးသည်။ ကူချင့်ဖေက ဘာလုပ်ဖို့လာနေရတာလဲ?


ကူချင့်ဖေက ဟယ်ကုကို ကြည့်ပြီး ပြုံးပြလိုက်သည်။ “ငရဲကျနေသလို မျက်နှာပေးကြီးနဲ့ ဘာတွေများ ဒီလောက်စဥ်းစားနေတာလဲ?”


ဟယ်ကု ရှက်သွားမိပြီး ပြန်ဖြေလိုက်သည်။ “အထွေထွေမန်နေဂျာကူ.. ဒါက..”


“ဣနြေတစ်ခွဲသား လုပ်နေတဲ့သူတွေကြား Gay တစ်ယောက်နဲ့ ဆုံရတယ်ဆိုတာ ကြုံတောင့်ကြုံခဲပဲ။ ငါတကယ်ကို ဝမ်းသာတာပါ။”


ဟယ်ကု အံ့သြသွားရသည်။ “ကူ.. ခင်ဗျားက တကယ် Gay လား?”


“ဘာဖြစ်လို့လဲ? ငါက အဲ့ရုပ်မပေါက်ဘူးလား?” ကူချင့်ဖေက လက်များကို ဖြန့်ကားလိုက်ပြီး “မင်းလည်း အဲ့ဒီရုပ်မပေါက်ပါဘူး” ဟူသော အမူအရာမျိုး လုပ်ပြနေသည်။


“အင်း.. နည်းနည်းတော့မပေါက်ဘူး။”


“ဟားဟားဟား။ မင်းက ငါအဲ့လိုမျိုးလို့ အခုထိ မထင်သေးဘူးပဲ။ မင်းလည်း အဲ့ဒီလိုမထင်ရပါဘူး။ အမြင်တွေက နည်းနည်းတော့ အပေါက်အလမ်းမတည့်တာ ဝန်ခံရမယ်။ ငါတို့တစ်ယောက်နဲ့တစ်ယောက်သိလာတာ နှစ်တွေဒီလောက်ကြာပြီနော်။ ငါတကယ်ကို မသိခဲ့တာ။ မင်းကပဲ အပုန်းကောင်းလို့လား ငါ့ရဲ့ Gay ထောက်လှမ်းရေး ကိရိယာလေးကပဲ ပျက်နေတာလားမသိဘူး။”

ဟယ်ကု စိတ်ပျက်လက်ပျက်ဖြစ်သွားမိသည်။ “ကျွန်တော်က ဒါကိုပျော်နေသင့်တာလားတောင်မသိတော့ပါဘူး။”


အမှန်တကယ်တော့ ကူချင့်ဖေက သူ့လိုမဟုတ်ပေ။ လုံးဝတော့မမှန်။ ကူချင့်ဖေက Gay တစ်ယောက်၏ ထူးခြားသည့် ဝိသေသများရှိသော်လည်း စကားအပြောအဆို၊ အပြုအမူတို့က အထူးတလည်မဟုတ်ဘဲ ပုံမှန်သာဖြစ်ပြီး မိန်းကလေးများကြားတွင်လည်း အလွန်ရေပန်းစားသည်။ အဓိကကျသည့်အချက်ကတော့ သူက ကွာရှင်းထားသူဖြစ်ခြင်းပင်။ ထို့ကြောင့် လူတွေက သူ့ကို Gay တစ်ယောက်ဖြစ်လိမ့်မည်ဟု ထည့်မတွေးမိကြပေ။ တစ်ဖက်တွင်တော့ သူ့ပုံစံက Gay ဘားတွင်ရောက်နေသော အူကြောင်ကြောင်အဖြောင့်တစ်ယောက်ပုံပင် ပေါက်နေသေးသည်။


ဝိုင်ရောက်လာသည့်အခါ စားပွဲထိုးလေးက ဖန်ခွက်နှစ်ခွက်တွင်ထည့်ပေးသည်။ ကူချင့်ဖေက ခွက်ကို မြှောက်လိုက်သည်။ “တကယ်ပါပဲ။ ငါသာ နမ်ချွမ်းကနေ မထွက်ဖြစ်ရင် ငါတို့နှစ်ယောက်လည်း ဒီနေ့ဒီလိုမျိုး ထိုင်နေဖြစ်မှာမဟုတ်ဘူး။ ငါတို့က လုပ်ဖော်ကိုင်ဖက်တွေမဟုတ်တော့ပေမဲ့ သူငယ်ချင်းအနေနဲ့ မင်းကိုဖိတ်ပါရစေ။”


“ကူက အရမ်းယဥ်ကျေးနေပြန်ပါပြီ။ ကျွန်တော့်ကို မြှောက်နေသလိုပဲ။”


နှစ်ဦးသား ခွက်ချင်းတိုက်လိုက်ကြပြီး ဝိုင်ကို မြည်းစမ်းလိုက်သည်။


ကူချင့်ဖေဘာလုပ်ချင်နေမှန်း သိပ်တော့မသဲကွဲပေ။ သို့သော် ကူချင့်ဖေက ဘာလုပ်လုပ်တိုင်းထွာချင့်ချိန်တတ်ပြီး လေလုံးထွားတတ်သူမဟုတ်ပေ။


ကူချင့်ဖေက အပြုံးဖြင့်ဆိုသည်။ “မကြောက်ပါနဲ့။ ငါမင်းရင်ထဲမှာဘာတွေတွေးနေလဲသိပါတယ်။ ငါ့မှာ တခြားရည်ရွယ်ချက်မရှိပါဘူးကွာ။ ဒီလိုပဲ.. အင်း.. ဘယ်လိုပြောရမလဲ။ ငါနည်းနည်းအထီးကျန်နေလို့ပါ။ ငါ့လို Gay တွေနဲ့လည်း သိပ်မသိတော့ ထုတ်ပြောလို့လည်းမရဘူးလေ။ ဒီကိုလာတတ်တဲ့ သူငယ်ချင်း ဒါမှမဟုတ် ကိုယ်နဲ့ အခြေအနေတူတဲ့သူလည်း မရှိဘူး။ ခံစားရတာတွေကို ရင်ထဲမှာ သိမ်းထားရတာ တစ်ခါတစ်လေတော့ စိတ်ဓာတ်ကျချင်စရာကောင်းသား။ မင်းလည်းငါနဲ့ခံစားချက်ချင်းတူမယ်လို့ ငါယုံတယ်။”


ဟယ်ကူ‌ ခေါင်းညိတ်ပြလိုက်သည်။ သူ့တွင်သူငယ်ချင်းအနည်းငယ်ရှိသည်။ ကောလိပ်တက်စဥ်က သူငယ်ချင်းအချို့ဖြင့်သာ ရံဖန်ရံခါ အဆက်အသွယ်လုပ်ဖြစ်ကြသည်။ သေသေချာချာရေတွက်ကြည့်မည်ဆိုလျှင် ဖုန်းကျုန်းမှလွဲ၍ သူ့ လိင်စိတ်တိမ်းညွတ်မှုကို သိသူမရှိပေ။ မိဘများ၏ ဖိအားလည်းမရှိသဖြင့် သူ့စိတ်ဆနနှင့်ပတ်သက်ပြီး အထူးတထွေ မတွေးမိသော်လည်း မကြည်ဖြူမှုကို ခံစားမိနေသည်။ ဒါက သူတို့လိုလူမျိုးတွေကို လူ့သိုင်းအဝိုင်းက ပေးလာတဲ့ ခံစားချက်ပင်။ ကူချင့်ဖေပြောလိုက်သော စကားလုံးအနည်းငယ်က သူ့ရင်ထဲ တိုက်ရိုက်ဝင်သွားတော့သည်။


“ဒါကြောင့် ဒီလိုသူငယ်ချင်းတစ်ယောက်ရှိထားတာလည်း မဆိုးဘူးလေ။” ကူချင့်ဖေက သူ့ကို ပြုံးပြသည်။


ဟယ်ကုလည်း ပြုံးလိုက်မိသည်။ “ကူ ကျေးဇူးတင်ပါတယ်။”


ထိုအခါမှပင် လိပ်ခဲတည်းလည်းဖြစ်နေသော သူ့နှလုံးသားလည်း ပြန်အထိုင်ကျသွားပြီး တစ်ကိုယ်လုံးပေါ့ပါးသွားရသည်။ ကူချင့်ဖေပြောတာမှန်ပေသည်။ ထိုသို့သော သူငယ်ချင်းမျိုးနှင့်တွေ့ရခြင်းသည် ကံကောင်းခြင်းပင်ဖြစ်သည်။ ထို့အပြင် လိင်စိတ်တိမ်းညွတ်မှုတူသည်ဆိုသော အားသာချက်တစ်ခုဖြင့် ကူချင့်ဖေလို လူတကာက ခင်မင်ရင်းနှီးလိုသူနှင့် သူငယ်ချင်းဖြစ်ခွင့်ရခဲ့သည်။ ကောင်းသောအရာပင်မဟုတ်ပါလား။


နှစ်ဦးသား ခွက်ချင်းတိုက်လိုက်ပြန်သည်။


ထိုအချိန်တွင် လူတစ်ယောက်ဝင်လာပြီး အဝေးမှ လှမ်းခေါ်သည်။ “ကူ”


“ဟေ့.. ဒီနေ့ဘယ်လိုလုပ်ဒီရောက်နေတာလဲ?” ကူချင့်ဖေ မတ်တပ်ထရပ်လိုက်သည်။


ဟယ်ကု လှည့်ကြည့်လိုက်သည်။ ဘား၏ မီးရောင်ထဲတွင်ပင် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမှတ်မိပါသည်။ ဒီနေရာ၏ ပိုင်ရှင်သူဌေးဖြစ်သူ “အိုးထိုက်နင်” ပင်။


အိုးထိုက်နင်က မင်းသားတစ်ယောက်ဖြစ်သည်။ တိတိကျကျဆိုရလျှင် ထိပ်တန်းအဆင့်ရှိမင်းသားပင်။ အသက် ၂၀ ကျော်အရွယ်ထဲက ပေါက်ကားများတွင် သရုပ်‌ဆောင်ခဲ့သည်။ နောက်ပိုင်းတွင်အနည်းငယ်ငြိမ်သွားသေးသည်။ သို့သော်လည်း အနုပညာလောကထဲတွင် နှစ်ပေါင်းများစွာရပ်တည်နိုင်ခဲ့သည်။ ပစည်းဥစာလည်း အလွန်ကြွယ်ဝပြီး အဆက်အသွယ်လည်းကောင်းသည်။ ယခုတော့ တဖြည်းဖြည်းနှင့် ပိတ်ကားနောက်ကွယ်တွင်သာနေတော့သည်။ စုန့်ကျွီးဟန်၏ ပါတီတွင် ရှောင်စုန့်က အတင်းအဖျင်းတစ်ခုပြောပြခဲ့သည်။ ဟယ်ကုက ဒီလူ့အကြောင်း သိပ်စိတ်မဝင်စားသော်လည်း သူ့မှတ်ဉာဏ်ကကောင်းနေလေသည်။


အိုးထိုက်နင်သည် ကူချင့်ဖေနှင့် အသက်သိပ်မကွာပေ။ စိတ်နေသဘောထားကလည်း အနည်းငယ်တော့ ထူးခြားသည်။ အသက်အရွယ်နှင့်မလိုက်အောင် လောကဓံကို ခံနိုင်ရည်ရှိဟန်လည်းပေါ်သည်။ ညှိုးငယ်နေသော မျက်ဝန်းနက်နက်များထဲတွင် သိုဝှက်ထားသည့် ထိုအရာက ချောမော‌သောရုပ်သွင်ကို ပိုမိုလေးနက်သွားစေ တော့သည်။ သူ့ပုံပန်းသန်ကိုသာ ကြည့်လျှင်တော့ သူ့အရှေ့တွင်ရှိနေသူကိုသာ မြင်နိုင်လိမ့်မည်။ လိင်စိတ်တိမ်းညွတ်မှုနှင့်ပတ်သက်ပြီး ကောလာဟလမရှိပေ။ သို့သော် လွန်ခဲ့သော နှစ်နှစ်က သတင်းများကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ခဲ့ပြီး Gay ဖြစ်ကြောင်းလည်း ပေါက်ကြားသွားခဲ့သည်။


ဒါက ရှောင်စုန့်သူ့ကို ပြောပြခဲ့ခြင်းဖြစ်သည်။ ‌ရှောင်စုန့်က အတင်းအဖျင်းစကားအရောင်းအဝယ် လုပ်တတ်တဲ့ ကလေးတစ်ယောက်ပင်။


သူတို့နှစ်ဦးသား စကားအနည်းငယ်ပြောပြီးမှ အိုးထိုက်နင်က ဟယ်ကုကို သတိပြုမိသွားပြီး အော်လိုက်လေသည်။ “ငါတို့ဆုံဖူးကြတယ်မဟုတ်လား? မနှစ်က လေးရာသီဟိုတယ်မှာလေ?”

ဟယ်ကုခေါင်းညိတ်ပြလိုက်သည်။ “ကျွန်တော်က စုန့်ကျွီးဟန်နဲ့ ကျောင်းနေဖက်‌ဟောင်းပါ။ Mr. အိုး ကျွန်တော့်ကို မှတ်မိလိမ့်မယ်လို့ မထင်ထားမိဘူး။”


စုန့်ကျွီးဟန်က အနုပညာလောကထဲတွင် ကျင်လည်နေသူများကို သိပ်မကြိုက်လှပေ။ သို့ဖြစ်၍ အိုးထိုက်နင်က သူ့ကို မမှတ်မိခဲ့လျှင် ဟယ်ကုက မသိဟန်ဆောင်နေလိုက်မည်သာဖြစ်သည်။ အိုးထိုက်နင်က မှတ်ဉာဏ်အတော်ကောင်းမည်ဟု သူမမျှော်လင့်ခဲ့ပေ။ ထိုအချိန်က ပါတီတွင်လူပေါင်းရာချီရှိနေခဲ့ပြီး သူတို့နှစ်ဦးက စကားတစ်ခွန်းပင် အပြန်အလှန်ပြောဖြစ်ခဲ့သည်မဟုတ်ပေ။


အိုးထိုက်နင်က ပြုံး၍ ဆိုသည်။ “ငါက ဘာလို့မမှတ်မိရမှာလဲ။ စုန့်ကျွီးဟန်ရဲ့လက်ထောက်က မင်းနဲ့အတူရှိနေတာလေ။ အဲ့ဒီတုန်းက လူတိုင်းက သိချင်နေကြတာ။ ဘာလို့များ စုန့်ကျွီးဟန်က သူ့လက်ထောက်ကို တခြားတစ်ယောက်ကို စောင့်ရှောက်ဖို့ လွှတ်ပေးထားပါလိမ့်ပေါ့။”


ဟယ်ကု ပြုံးမိသည်။ “ကျွန်တော်က အဲ့ဒီအသိုင်းအဝိုင်းထဲကလူ မဟုတ်တော့ စိတ်ပူလို့ဖြစ်ပါလိမ့်မယ်။”


ဟယ်ကု ခန့်မှန်းကြည့်ရသည်မှာ စုန့်ကျွီးဟန်က ဟယ်ကု လူရှုပ်ရှုပ်ထွေးထွေးကြောက်တတ်သည်ကို သိထားသောကြောင့် တကယ်စိတ်ပူနေခြင်းဖြစ်သည်။ ရှောင်စုန့်သာ သူနှင့်အတူ ရှိမနေခဲ့လျှင် ဟယ်ကုကလည်း လက်ဆောင်ပေးထားခဲ့လိုက်ပြီး ပါတီမှ ပြန်ရန်သာ လုပ်နေမိမှာဖြစ်သည်။


ကူချင့်ဖေက မမျှော်လင့်ဘဲ စကားဖြတ်ပြောလိုက်သည်။ “ဒါဆို မင်းတို့က တွေ့ဖူးနေကြတာပေါ့။ တကယ်တိုက်ဆိုင်တာပဲ။”


“ဟုတ်တယ်။ ငါကလည်း ဒီနေ့မှ ကလပ်ရောက်လာတယ်။ မင်းမလာတာကြာပြီနော်။ ဒါကတော့ တိုက်ဆိုင်တာမဟုတ်ပါဘူး။”


“လာထိုင်ပြီး စကားမပြောတော့ဘူးလား?”


အိုးထိုက်နင်က နာရီကိုကြည့်လိုက်သည်။ “ဟင့်အင်း။ ငါမင်းကိုလာနှုတ်ဆက်ဖို့လောက်ပဲအချိန်ရတာ။ ညဘက်တခြားလုပ်စရာရှိသေးလို့ အချိန်‌ရွှေ့မရဘူး။”


“ကြယ်ပွင့်ကြီးကလည်း အလုပ်များလိုက်တာ။” ကူချင့်ဖေက သူ့ပခုံးကိုပုတ်လိုက်သည်။ “သွားပါ။ လျှော့သောက်ဦး။”


အိုးထိုက်နင်က စားပွဲထိုးလေးကို ဝိုင်ပုလင်းချခိုင်းလိုက်ပြီး ထွက်သွားတော့သည်။


ဟယ်ကုက မေးလိုက်သည်။ “ကူ မင်းကသူနဲ့ဘယ်လိုသိတာလဲ?”


“ငါက ဒီကို မကြာမကြာလာတယ်လေ။ ငါတို့ကြားမှာ နှစ်ဖက်လုံးနဲ့သိတဲ့ သူငယ်ချင်းတွေလည်းရှိတယ်။ သူကလူကောင်းမှန်းငါသိပါတယ်။ နာမည်ကြီးတွေရဲ့ စိတ်မြန်လက်မြန်တဇွတ်ထိုးအကျင့်မျိုးလည်း တစ်စက်မှမရှိဘူး။”


ဟယ်ကု ကူချင့်ဖေ ပြောလိုက်သောစကား၏ ဆိုလိုရင်းကို သိပါသော်လည်း ဝိုင်သောက်ရင်း မသိနားမလည်ဟန်သာဆောင်လိုက်မိတော့သည်။


ကူချင့်ဖေက ဝိုင်ကို တစ်ငုံစာ စုပ်သောက်လိုက်ရင်း သူ့မျက်လုံးများထဲစိုက်ကြည့်လာခဲ့သည်။ “ငါတို့က သူငယ်ချင်းဖြစ်သွားပြီဆိုတော့ မင်းကငါ့ကို မင်းနဲ့  စုန့်ဖျော်ဖြေရေးလုပ်ငန်းရဲ့ ကြယ်ပွင့်ကြီးအကြောင်း အတင်းပြောခွင့် ပေးမှာလား?”


rate now: