book

Index 10

အခန်း ၁၀။ ကူချင့်ဖေ vs စုန့်ကျွီးဟန်ဟူသော ဆံပင်ကောက်ကောက်နှင့်လူဆိုးကောင်

  • Author : Caramel Popcorn
  • Genres : Romance
  • Original Author : Shui Qian Cheng

ရှန်းရှန်ရှိ စံအိမ်တွင် နှစ်ရက်တာမျှ နေခဲ့ကြသည်။


ထိုအတောအတွင်း စုန့်ကျွီးဟန်၏ ဖခင် စုန့်ဟယ်က သင်တန်းတစ်ခုတက်ရန် ဖုန်းဆက်လာသေးသည်။ ဟယ်ကုကို စုန့်ကျွီးဟန်က လသာဆောင်တွင် ရယူနေချိန်ဖြစ်သည်။ ဒီလူက သူလုပ်ချင်ရာလုပ်ရမှ ပျော်မွေ့သူပင်။  


စုန့်ကျွီးဟန်က သူ့ဖခင်နှင့် ပျင်းရိစွာ စကားအချေအတင်ပြောလိုက်သေးသည်။ အခန်းထဲမှထွက်လာသော ‌ပေါ့ပေါ့ပါးပါး ဂီတသံတစ်ခုမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ အနည်းငယ်လှုပ်ရှားလိုက်ရုံမျှဖြင့် သူတို့ချစ်တင်းနှောနေသည်ကို သိသွားနိုင်သည်။ အခြားနည်းမရှိပေ။ ဟယ်ကုခမျာ အသံမထွက်မိစေရန် ထိုင်ခုံပေါ်တွင် ခေါင်းအုံးကိုကိုက်ထားရသည်။  ဒါကိုက စုန့်ကျွီးဟန်အတွက် အလွန်စိတ်ဝင်စားစရာကောင်းနေပုံ ပေါ်သည်။


သူက ကြားရက်များတွင် လေးနက်တည်ကြည်စွာနေတတ်သူဖြစ်သော်လည်း ဟယ်ကုရှေ့တွင်တော့ လုံးဝခြားနားနေသော တစ်ဘက်ခြမ်းကို လှစ်ဟပြလေ့ရှိသည်။


စုန့်ဟယ်က ခေတရပ်လိုက်သည်။ “မင်းဘာလုပ်နေတာလဲ?”


စုန့်ကျွီးဟန်က အနိုင်ကျင့်ခံရသည့် မျက်နှာလေးဖြစ်နေသော ဟယ်ကုကို ကြည့်လိုက်သည်။ စိတ်ပျော်နေချိန်ဖြစ်ရာ အပြုံးလေးဖြင့် ဆိုလိုက်သည်။ “သီချင်းနားထောင်နေတာလေ။”


“မင်း ငါပြောလိုက်တာကို မကြားဘူးလား? မင်းကလေ ဘာမှ ဂရုတစိုက်ကို မရှိဘူး။ အဲ့ဒီ သတင်းထောက်တွေက အစလေးထွက်လာတာနဲ့ ဝိုင်းဆွဲထုတ်လိုက်ကြမှာ။”


“ကျွန်တော်သိပါတယ် အဖေရာ။ ဒါမျိုးအဖေ့ဆီက ကြားရတာတော့ နည်းနည်းမဆီလျော်ဘူးလားလို့။” စုန့်ကျွီးဟန်၏ အနည်းငယ် ရီဝေဝေအကြည့်များတွင် သရော်မော်ကားဟန်များ ထင်ဟပ်နေသည်။ “မင်းနဲ့ဟိုမော်ဒယ်လေးရဲ့ အရင်လတုန်းက ဓာတ်ပုံတွေ ငါ့ဆီရောက်လာတယ်။”


“ပါးစပ်ပိတ်ထားစမ်းပါ။ ကျွန်တော့်ဘဝကို အဖေပူစရာမလိုဘူး။”


စုန့်ကျွီးဟန်က လှောင်ရယ်လိုက်သည်။ သူ့မျက်ဝန်းထဲရှိ ဒေါသအလျှံများလည်း ထိုးကျသွားသည်။


“လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာ” ကို ငဲ့ညှာသောကြောင့်ဖြစ်ကောင်းဖြစ်မည်။ စုန့်ကျွီးဟန်က ဒီနှစ်ရက်အတွင်း သူ့ အပေါ်အတော်လေးညင်သာသည်။ ဟယ်ကုဘက်က ငိုယိုပြီး ညှာတာပေးဖို့တောင်းပန်လာအောင် လုပ်သည်မှလွဲ၍ ပြစ်မျိုးမှဲ့မထင် ချစ်သူကောင်းတစ်ယောက်အဖြစ် ဇာတ်ရုပ်ပီပြင်လှသည်။  


စုန့်ကျွီးဟန်က သူစိတ်ပါလျှင် တစ်ဖက်သားကို ကောင်းကောင်းဆက်ဆံတတ်သည်။ ကြင်နာယုယခြင်း၊ ချိုမြိန်ခြင်းများအစွမ်းကုန်ပေးကာလည်း အသေသတ်နိုင်သည်။ အပြုံးလေးတစ်ချက်ဖြင့်ပင် သေစေနိုင်သည်။ ချစ်စကားတစ်ခွန်းဆိုလိုက်ရုံဖြင့် နားထဲစွဲဝင်သွားပြီး အမြှောက်ဆံထဲ ပျားသကာရည်ထည့် ပစ်လိုက်သလို နှလုံးသည်းခြေအထိ ပီတိဖြစ်စေသည်။ ဟယ်ကုလည်း ထိုအဖြစ်မျိုး ကြုံဖူးခဲ့သည်။ လွန်ခဲ့သောခြောက်နှစ် စုန့်ကျွီးဟန်နှင့် ဖုန်းကျုန်း သူ့ကြောင့် ရန်ဖြစ်ကြစဥ်ကဖြစ်သည်။ ထိုအချိန်က သူနှင့်စုန့်ကျွီးဟန် တကယ်ချစ်သူတွေဖြစ်သွားကြပြီဟု ဟယ်ကု နားလည်မှုလွဲပြီး အထင်မှားခဲ့မိလေသည်။


နှစ်များကြာခဲ့သော်လည်း သူ စုန့်ကျွီးဟန်ကို ခိုးကြည့်စဥ် လူမိသွားသော အဖြစ်ကို မှတ်မိနေသေးသည်။ စုန့်ကျွီးဟန်က ကမာပေါ်ရှိ အရယ်ရဆုံးဟာသကဲ့သို့ သူ့ကို ဟားခဲ့လေသည်။

ကံကောင်းစွာဖြင့် သူအရွယ်ရောက်လာချိန်တွင် စုန့်ကျွီးဟန်ကလည်း သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးသည်။ ဒါကိုလည်း သူပျော်မွေ့နေမိသည်။ အကယ်၍ သူ့အပေါ်မကောင်းခဲ့လျှင်လည်း ကြိတ်မှိတ်သည်းခံပြီး အတွေးတွေကျွံနေဦးမည်သာဖြစ်သည်။


နှစ်ရက်တာက လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။ ကားဆရာက သူတို့ကို မြို့တော်သို့ပြန်ပို့ပေးသည်။ လမ်းတွင် ဟယ်ကုထံ ဖုန်းတစ်ခုဝင်လာပြီး ကုမဏီကို အမြန်သွားရန်ကိစပေါ်လာသည်။ ထို့ကြောင့် ကားဆရာက သူ့ကို ကုမဏီသို့ အရင်လိုက်ပို့ပေးလိုက်သည်။  


တစ်ကမာလုံးတွင် ဝန်ထမ်းများ သောင်းချီရှိသော အင်မတန်ကြီးမားသည့် အစိုးရပိုင်လုပ်ငန်းကြီးဖြစ်သည့် အလျောက် နမ်ချွမ်းလုပ်ငန်းစုသည် ကြွယ်ဝလှသော စီးပွားရေးအချက်အချာနေရာတွင် တည်ရှိသည်။ ရုံးသွားရုံးပြန်ချိန် မရောက်သေးသော်လည်း လမ်းဆုံတွင် လူတွေများနေပြီဖြစ်သည်။


ကားဆရာက ကားကို ရုံးအဆောက်အအုံရှေ့တွင်ရပ်ပေးသည်။ စုန့်ကျွီးဟန်ကတော့ ဘာဖြစ်သွားမှန်းမသိဘဲ ဆဲဆိုလျက်ရှိသည်။ မျက်လုံးများကို ဖြည်းညင်းစွာဖွင့်ပြီး ပျင်းရိရိမေးသည်။ “မင်းကဘာတွေလောနေတာလဲ?”


“ကုမဏီကို သွားမလို့လေ။”


စုန့်ကျွီးဟန်က နှာခေါင်းရှုံ့လိုက်ပြီး သူ့ခါးကိုဖက်ကာ ဆိုသည်။ “အလုပ်မသွားပါနဲ့။ ငါ့ကိုပဲ အဖော်လုပ်ပေးရတာ မကောင်းဘူးလား?”


ဟယ်ကုက ဆံပင်များကို သပ်ပေးလိုက်သည်။ “ငါအလုပ်တော့သွားရဦးမှာပေါ့။”


“ဒေါ်လာလေးနည်းနည်းတောင်မရှာနိုင်ဘဲနဲ့ကွာ။ ပြီးရင် ပင်ပန်းတာပဲအဖတ်တင်တယ်။” စုန့်ကျွီးဟန်က နှာခေါင်းရှုံ့ပြန်သည်။ “မင်းသတင်းတွေဘာတွေလည်း ကြည့်ပါဦး။ နေ့တိုင်းနေ့တိုင်းအလုပ်တွေပဲကြိုးစားနေတာ။ ဒီပုံအတိုင်းဆက်သွားနေရင် မင်းတော့ မကြာခင် လုံးပါးပါးမှာပဲ။”


“ငါအပတ်တိုင်းလေ့ကျင့်ခန်းလုပ်ပါတယ်ကွာ။ ငါ့ကိုယ်ခနာက အဲ့လောက်လည်း မဆိုးပါဘူး။”


စုန့်ကျွီးဟန်အတွက်တော့ ဒါက မမိုက်ပေ။


ဟယ်ကုက သူ့မေးစေ့ကို မနာအောင်ဆွဲဆိတ်လိုက်သောအခါ နှုတ်ခမ်းပေါ်သို့ အနမ်းတစ်ခုကျလာခဲ့သည်။ “ငါသွားပြီ။”


“အေးပါ။”


ဟယ်ကုက သွားရမည်ကို တွန့်ဆုတ်နေမိသည်။ သူနှင့် စုန့်ကျွီးဟန်နှစ်ဦးတည်းသာ သီးခြားကမာတစ်ခုတွင် နေလိုက်ချင်တော့သည်။ သို့သော်လည်း မဖြစ်နိုင်သောအရာပါပေ။


သူကားထဲမှထွက်လာသောအခါ သူရင်းရင်းနှီးနှီးရှိလှသော ကားနံပါတ်တစ်ခုဖြင့်ပြိုင်ကားတစ်စင်းကိုတွေ့လိုက်ရ သည်။ ကူချင့်ဖေက ထိုကားထဲမှထွက်လာလေသည်။ အနည်းငယ်လှုပ်ရှားသွားပြီး သူ့ကို ခေါင်းညိတ်ကာ ပြုံးပြလာသည်။ “ဟယ်ကု မင်းမျက်နှာက ဘာဖြစ်တာလဲ?” ကူချင့်ဖေက မျက်ခုံးပေါ်ရှိ ဆေးပလတ်စတာကို ညွှန်ပြရင်းဆိုသည်။


“အထွေထွေမန်နေဂျာကူ” ဟယ်ကုက အနားသို့သွားလိုက်သောအခါ ဝိုင်နံ့က ထောင်းခနဲထွက်လာသည်။ “အရေပြားနည်နည်းခြစ်မိသွားတာ။ ဒဏ်ရာသေးသေးလေးပါ။ သောက်ထားတာလား?”


ကူချင့်ဖေ၏ မျက်နှာက နီနေပြီး မျက်လုံးများကမှေးစင်းလျက်ရှိသည်။ တကယ်ကိုကြည့်ကောင်းသည်။ သူကဟယ်ကု၏ ပခုံးကို လှမ်းကိုင်ကာ ပြုံးပြသည်။ “နေ့လည်ကျရင် စားပွဲတစ်ခုရှိတယ်လေ။ ငါ့သူငယ်ချင်းက ဝိုင်းကောင်းကောင်းနှစ်ပုလင်းတောင်ယူလာပေးထားတယ်။” သူ နှစ်ကြိမ်ခန့် လက်ဖျောက်တီးပြီး ကြည့်နေလိုက်သည်။ ကူချင့်ဖေ၏ စိတ်က ဝိုင်ပုလင်းတွေ‌ဆီပြန်ရောက်သွားပုံရသည်။  


ဟယ်ကု ပြုံးလိုက်သည်။ “ကြည့်ရတာ ကူက အမြဲကောင်းကောင်းသောက်နိုင်ပုံပဲ။ လမ်းလျှောက်နိုင်ရဲ့လား?”


“ငါအဆင်ပြေပါတယ်။” ကူချင့်ဖေက ဘာမှထပ်မပြောတော့သော်လည်း ခြေထောက်က အနည်းငယ် ယိုင်ထိုးနေသည်။


ကူချင့်ဖေ၏ ကားဆရာက ကားပြတင်းမှခေါင်းထုတ်၍ လှမ်းပြောသည်။ “Mr. ကူ ကျွန်တော်ကားထိုးတာကို စောင့်ပါ။ ကျွန်တော်ကူတွဲပါ့မယ်။”


ဟယ်ကုက ဖြတ်ပြောလိုက်သည်။ “ဟင့်အင်း၊ ကျွန်တော် ကူညီလိုက်ပါ့မယ်။”


“ဓာတ်လှေကားထဲ ဝင်ရအောင်။ တခြားဝန်ထမ်းတွေ ဒီလိုပုံကြီးမမြင်သွားစေချင်ဘူး။” ကူချင့်ဖေက သိသိသာသာ မူးရူးနေသည်တော့မဟုတ်။ အနည်းငယ်ထွေရုံလောက်သာဖြစ်သည်။

နှစ်ဦးသား တံခါးဝသို့ လျှောက်လာစဥ်တွင် သူတို့အနောက်ဘက်မှ အေးစက်စက်လေသံတစ်ခုထွက်လာခဲ့သည်။ “ဟယ်ကု”


ဟယ်ကုလှည့်ကြည့်လိုက်သောအခါ စုန့်ကျွီးဟန်က မပြန်ရသေးရုံသာမက ကားထဲမှပင်ထွက်လာသည်ကို တွေ့လိုက်ရသည်။ မျက်နှာကို နေကာမျက်မှန်ကကွယ်နေသော်လည်း စင်းလုံးချော ကိုယ်ဟန်နှင့် အချိုးအစားကျနလှသော မျက်နှာပေါက်က တစ်ချက်ကြည့်ရုံမျှဖြင့် အလွန်ကြည့်ကောင်းသူမှန်း သိသာစေသည်။


ကူချင့်ဖေလည်း အနောက်သို့လှည့်ကာ တစ်ဝက်မှေးကျဥ်းထားသော မျက်လုံးများဖြင့် စုန့်ကျွီးဟန်ကို ကြည့်လိုက်သည်။ စိတ်ထဲတွင်လည်း ထိုသူကို ရင်းနှီးနေသလို ခံစားလိုက်ရသည်။


“ဘာဖြစ်လို့လဲ?” ဟယ်ကုက ကျွီးဟန်ကို မျက်စိမှိတ်ပြလိုက်ပြီး ကားထဲမြန်မြန်ပြန်ဝင်ခိုင်းလိုက်သည်။ လူအများကြီးမရှိသော်လည်း အမြင်စူးရှသူများက တွေ့သွားနိုင်သည်လေ။


စုန့်ကျွီးဟန်က ကူချင့်ဖေကို ပေါ်တင်ပင် လက်ညှိုးထိုးပြလိုက်သည်။ “သူကဘယ်သူလဲ?”


“ငါ့အထက်အရာရှိပါ။” ဟယ်ကုက အသံကိုနှိမ့်ပြီးပြောလိုက်သည်။ “သွားရအောင်။”


ကူချင့်ဖေက အပြုံးဖြင့်မေးလာသည်။ “ဟယ်ကု သူကမင်းသူငယ်ချင်းလား?”


“ဟုတ်တယ်။” ဟယ်ကု စိုးရိမ်စိတ်များက နှိုင်းပြစရာပင်မရှိတော့ပါ။ ဒီနေရာမှာ ငတုံးတစ်ယောက်မှမရှိ။ မြေခွေးတစ်ကောင်လို ဉာဏ်ပြေးလှသော ကူချင့်ဖေဆိုလျှင် သာ၍သိနှင့်ဦးမည်။ စုန့်ကျွီးဟန်၏ အပြုအမူက သာမန်သူငယ်ချင်းပုံစံ ပေါက်မနေပါပေ။


စုန့်ကျွီးဟန်က “အထက်အရာရှိ” ဆိုသော စကားလုံးကို ကြားသည်နှင့် ကူချင့်ဖေကို ခြေဆုံးခေါင်းဆုံးစေ့ငုစွာ ကြည့်လိုက်သည်။ သူယုံကြည်ချင်ပုံမရပေ။


စုန့်ကျွီးဟန်က ဟယ်ကုနှင့်မတူပေ။ အရွယ်ရောက်လာစဥ်က မိန်းကလေးများကိုသာ သဘောကျခဲ့သည်။ နောက်ပိုင်းမှ ယောက်ျားများနှင့် စမ်းကြည့်ရာမှ ဒါလည်း မဆိုးကြောင်းသိသွားသူဖြစ်သည်။ သူက အဖြောင့်ဟန်ဆောင်နေသူ Gay တစ်ဦးသာဖြစ်ပြီး ဟယ်ကုကတော့ တကယ့်ကို Gay စစ်စစ်ဖြစ်သည်။ သူဘာကြောင့် အရင်က မသိခဲ့ရသလဲ? ဟယ်ကုအကြိုက်က ဒီပုံစံမျိုးလား? Mr. ကူလို အထက်အရာရှိလူချောတစ်ယောက်နှင့် ဘာကြောင့် ရင်းရင်းနှီးနှီးရှိနေကြသလဲ?


ကျွီးဟန်က ဟယ်ကုအနားသို့ ကပ်လာသူ မည်သူ့ကိုမဆို မုန်းသည်။ ဟယ်ကုအနားတွင် သူတစ်ယောက်တည်း သာရှိချင်သည်။ ဟယ်ကုက သူ့အပိုင်ဟူ၍လည်း အလိုအလျောက် အတွေးဝင်နေသူဖြစ်သည်။ သူပြောခဲ့သလိုပင်။ ဟယ်ကုက အမြဲသန့်စင်နေရမည်။ သန့်စင်ပြီး သစာရှိ ရှိ ရင့်ကျက်သူဖြစ်ရမည်။ ပြဿနာမရှုပ်တတ်သူဖြစ်မှသာ သူစိတ်အေးနိုင်မည်။ ဟယ်ကုက စကားအရာမကျွမ်းကျင်၍ ထုတ်မပြောပြသော်လည်း သူ့အတွက် စုန့်ကျွီးဟန် တစ်ယောက်တည်းနှင့် လုံလောက်သူ ဖြစ်သည်။  


ကူချင့်ဖေက ဝိုင်အနည်းငယ်သောက်ထားသော်လည်း အကျင့်စရိုက်က အပြစ်ဆိုဖွယ်မရှိပါပေ။ ထိုအချိန်မှာပဲ ဟယ်ကုကို လက်လွှတ်လိုက်ပြီး တတ်နိုင်သမျှ တည့်မတ်စွာလျှောက်လှမ်းသွားသည်။ သူက စုန့်ကျွီးဟန်ကို လက်ကမ်းပေးလိုက်သည်။ “ဟယ်လို။ ကျွန်တော့်နာမည်က ကူပါ။ ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ?”


စုန့်ကျွီးဟန်က လက်ပြန်မကမ်းသလို စကားလည်း မဆို။ သူက သူရောက်နေကြောင်း လူအများသိသွားမှာကို မလိုလားသူဖြစ်သည်။


ပတ်ဝန်းကျင်လေထုက ခေတအေးခဲသွားတော့သည်။ ဟယ်ကုခေါင်းက အငွေ့တွေထွက်လာပြီဟုပင် ခံစားလိုက်ရသည်။ သူက ကူချင့်ဖေကို ဆွဲ၍ ပြောလိုက်သည်။ “ကူ ကျွန်တော်တောင်းပန်ပါတယ်။ ကုမဏီကို အရင်ပြန်ရအောင်နော်။ ကျွန်တော်ရှင်းပြပါ့မယ်။”


ကူချင့်ဖေက လက်ကိုပြန်ရုတ်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းလေးကွေးရုံမျှ ပြုံးသည်။ “သြော် မင်းကိုကြည့်ရတာ အဲ့ဒီ နာမည်ကြီးတစ်ယောက်နဲ့တူသလိုပဲ။ မင်းက ကြော်ငြာရိုက်တာလား?”

စုန့်ကျွီးဟန်၏ မျက်လုံးများက စူးလက်သွားရပြီး နှုတ်ခမ်းကတော့ အနည်းငယ်ရွဲ့သွားသည်။


ဟယ်ကုက စုန့်ကျွီးဟန် စိတ်ဆိုးတော့မည်ဟု ခံစားမိလိုက်သည်။ သူက စိတ်ထဲမှာရော အပြင်မှာပါ နားလည်ပေးတတ်သူမဟုတ်ပေ။ ဟယ်ကုနေရာတွင်သာ ပျောက်ကွယ်သွားလိုက်ချင်တော့သည်။


စုန့်ကျွီးဟန် ရှက်ပြီး နှုတ်လှန်မထိုးနိုင်အောင် ကူချင့်ဖေက အမူးသမားပြုံးလေး သုံးမှတ်ဖိုးလောက် ပြုံးပြပြီး လုပ်သွားနိုင်ခဲ့သည်။ “ကျွန်တော်က အထူးသဖြင့် ခင်ဗျားကြော်ငြာတွေရော၊ အဆိုရော အကရော အတော်ကြိုက်တာ။ ကြည့်ရတာ ပျော်စရာကောင်းမဲ့ပုံပဲ။”


စုန့်ကျွီးဟန် ရယ်မိတော့သည်။ “ကျွန်တော်က ကြော်ငြာမရိုက်ပါဘူး။ ဒါပေမဲ့ ခင်ဗျားက နေ့ခင်းကြောင်တောင်ကြီးတောင် မူးရူးနေတာဆိုတော့ ခင်ဗျားရဲ့ လုပ်ရည်ကိုင်ရည်ကတော့ သံသယဖြစ်စရာပဲ။”


“စုန့်ကျွီးဟန် အဲ့လိုမပြောရဘူးလေ။” ဟယ်ကု အမြန်ဟန့်ရသည်။ “မင်းအရင်ပြန်နှင့်လိုက်ပါ။ ဟုတ်ပြီလား။ ဒီနေရာက ကုမဏီအဝန်းအဝိုင်းကြီးလေ။ လူတွေကလည်း ဖြတ်သွားဖြတ်လာနဲ့။”


ကူချင့်ဖေက သူ့လက်များကို အိပ်ကပ်ထဲ ထည့်လိုက်ပြီး စုန့်ကျွီးဟန်ကို ခပ်‌ကျောကျော ကြည့်လိုက်သည်။


စုန့်ကျွီးဟန်က ပြဿနာရှာချင်သေးသော်လည်း ဘေးလူအချို့ သတိထားမိသွားပြီမှန်း သိလိုက်သည်။ မျက်လုံးများမြင်ရအောင် သူ့လက်ချောင်းရှည်ရှည်များဖြင့် နေကာမျက်မှန်ကို အသာဆွဲချလိုက်သည်။ ထို့နောက် ကူချင့်ဖေကို အကြည့်စူးစူးများဖြင့် တစ်ချက်ကြည့်ကာ ကားဆီသို့ပြန်လှည့်သွားတော့သည်။


စုန့်ကျွီးဟန် ပြန်သွားမှ ဟယ်ကု သက်ပြင်းမောချနိုင်တော့သည်။ ပြီးမှ ကူချင့်ဖေမျက်နှာကို ငဲ့ကြည့်ကာ စကားတစ်ခွန်းမှ မဆိုနိုင်ခဲ့‌ပေ။


ကူချင့်ဖေက သူ့ကို ခဏပြန်ကြည့်လိုက်ပြီး မျက်ခုံးများကို ပင့်ပြသည်။ “မင်းက စုန့်ကျွီးဟန်နဲ့သိနေမယ်လို့ ငါမထင်ခဲ့မိဘူး။”


“သူက အထက်တန်းကျောင်းတုန်းက ကျောင်းနေဖက်ပါ။”


ကူချင့်ဖေက “သြော်” ဟူ၍ သံရှည်ဆွဲလိုက်ပြီးမှ နှုတ်ခမ်းများက ပြုံးလာခဲ့သည်။ “မင်းတို့ကို ကြည့်ရတာ တကယ့်ကို အထက်တန်းကျောင်းတုန်းကခင်တဲ့ သာမန်အတန်းဖော်တွေလို့ ထင်ရပါတယ်လေ။”


ဟယ်ကုမျက်နှာက အတော်ကြည့်ရဆိုးနေလောက်သည်။ သူ အလေးအနက် ကျိန်ပြောလိုက်သည်။ “ကူ ကျွန်တော်အားနာပါတယ်။ တကယ်အားနာတာပါ။ ကျွန်တော် သူ့အစားလည်း တောင်းပန်ပါတယ်။”


ကူချင့်ဖေက သူ့ပခုံးကို ပုတ်လိုက်သည်။ “ကိစမရှိပါဘူး။ ဒါ မင်းအပြစ်မှမဟုတ်တာ။”


ဟယ်ကု ဒေါသထွက်ပြီး စိတ်ထဲတွင်လည်းရှက်နေမိသည်။ စုန့်ကျွီးဟန်က ဘယ်လို စိတ်မျိုးနှင့် ပြဿနာလုပ်သွားမှန်း သူမသိတော့ပေ။ ကူချင့်ဖေက သူ့အပေါ်အမြဲကောင်းသူဖြစ်သည်။ ဟယ်ကုကလည်း ကူချင့်ဖေကို လေးစားသည်။ သူ့ကို စော်ကားလိုက်ခြင်းက အမှားတစ်ခုပင်။ တကယ်ကို ကပ်ဆိုက်တာပဲဖြစ်သည်။


ပြဿနာရှာခံလိုက်ရ၍ ကူချင့်ဖေ၏ ဝိုင်မူးနေသော ခေါင်းက အတော်နိုးကြားသွား‌တော့သည်။ နှစ်ဦးသား ရုံးထဲသို့ ဘေးချင်းယှဥ်လျက်လျှောက်လာလိုက်ကြသည်။ ကူချင့်ဖေ၏ ပုံစံက ပုံမှန်သာဖြစ်သော်လည်း ဟယ်ကုနှလုံးသားကတော့ ကြောက်ရွံ့စွာဖြင့် ဗုံတီးသလို မြည်ဟီးနေဆဲဖြစ်သည်။  


ဟယ်ကုက ကူချင့်ဖေနှင့် တောက်လျှောက်လိုက်ကာ ရုံးခန်းထဲအထိ ဝင်လာခဲ့သည်။ ကူချင့်ဖေက နှစ်ပတ်ကြာပြီးလျှင် အလုပ်ထွက်တော့မည်ဖြစ်သော်လည်း လက်ရှိတွင် သူ့အထက်အရာရှိဖြစ်နေဆဲပင်။


သူ ရုံးခန်းထဲသို့ ဝင်လိုက်ပြီး ရေ‌နွေးကြမ်းတစ်ခွက်ငှဲ့၍ ကူချင့်ဖေကို လှမ်းပေးလိုက်သည်။


ကူချင့်ဖေက ထိုင်ခုံတွင်ထိုင်ကာ လက်ချောင်းသွယ်သွယ်များဖြင့် လည်စည်းကိုလျှော့လိုက်ပြီး ကြယ်သီးလည်းဖြုတ်လိုက်ရာ ညှပ်ရိုးရာလေးက ပေါ်လာတော့သည်။ သူကရေနွေးကြမ်းကို ယူသောက်ပြီး ဘယ်လိုထင်လိုက်သည်မသိ။ ခဏအကြာတွင် ရုတ်ချည်း ပြုံးလိုက်တော့သည်။


ဟယ်ကုက သူ့ကို ကြည့်ပင်မကြည့်ရဲတော့ပေ။


ကူချင့်ဖေကို ကြည့်ရသည်မှာ စိတ်မကျေနပ်ပုံပေါ်နေသည်။ “ဟယ်ကု ငါမင်းစိတ်ကို တကယ်မဖတ်တတ်ဘူး။ မင်းဒီလိုအခြေအနေကောင်းနေတာ အံ့သြစရာမရှိပါဘူးလေ။ ဒီနှစ်တွေထဲမှာ ကုမဏီက လူဘယ်နှယောက်တောင် မင်းကို ကောင်မလေးတွေနဲ့ မိတ်ဆက်ပေးချင်နေမှန်းကို မရေနိုင်တော့ဘူး။ မင်းကလည်း အမြဲငြင်းနေတာပဲ။ လက်စသတ်တော့ အကြောင်းရင်းကရှိပြီးသားကိုး။”


ဟယ်ကု စကားမဆိုခဲ့ပါ။ ဒါက ဖြစ်သင့်သည့်တုံ့ပြန်မှုပင်ဖြစ်သည်။ သူ့ပုံစံက လိင်တူနှစ်သက်သူပုံမပေါက်တာကို သူလည်း သိသည်။ ဖက်ရှင်ကျကျလည်း မဝတ်စားတတ်သလို မိန်းမလည်းမဆန်။ ထိုပုံစံရှိရုံဖြင့် Gay ဟု တံဆိပ်မခတ်နိုင်သော်လည်း သူတို့ကို နားမလည်သော လူအများစုက ထို စံနှစ်မျိုးကို သုံး၍သာ အဖြောင့်များနှင့် Gay များဟူ၍ ခွဲခြားလေ့ရှိကြသည်။


ကူချင့်ဖေက ပြုံးလျက်ဆိုသည်။ “စိတ်မလှုပ်ရှားနေပါနဲ့။ ဒါက မင်းရဲ့ ကိုယ်ရေးကိုယ်တာကိစပဲလေ။ ငါက ဒီနေ့အဖြစ်အပျက်ကြောင့် အံ့သြမိသွားရုံပါ။”


ဟယ်ကု မချိပြုံးတစ်ခုပြုံးလိုက်မိသည်။ “အထွေထွေမန်နေဂျာကူ ကျွန်တော်တကယ်တောင်းပန်ပါတယ်။”


“ဖြစ်ပြီးသွားပြီပဲ။ တောင်းပန်မနေပါနဲ့တော့။ မင်းအပြစ်မဟုတ်ပါဘူးဆို။ ဒါပေမဲ့ အဲ့ဒီ စုန့်မျိုးရိုးလေးကတော့ ပြဿနာရှာမဲ့ပုံလေးနော်။ မင်းတို့နှစ်ယောက် သူငယ်ချင်းထက်မပိုဘူးဆိုတာ ငါတော့ မယုံပါဘူး။”


ဟယ်ကုက ကူချင့်ဖေကို လိမ်လိုက်လျှင်ရသော်လည်း အမှန်အတိုင်းပြောရန်သာ ရွေးလိုက်သည်။ “ကျွန်တော်တို့က တစ်ခါတစ်လေမှ တွေ့ဖြစ်တာပါ။ အတည်တကျတွဲနေကြတာမျိုးမဟုတ်ပါဘူး။”


ဟယ်ကုက သူ့အထက်အရာရှိရှေ့တွင် (လိုသုံး) ဟူသောစကား ပြောမထွက်သောကြောင့် စကားပရိယာယ် သုံး၍သာ သွယ်ဝိုက်ရှင်းပြလိုက်သည်။ သို့သော် ကူချင့်ဖေ သဘောပေါက်သွားမည်မှန်း သူသိပါသည်။


“ဟားဟားဟား ဒီလိုကိုး။” ကူချင့်ဖေက ပခုံးများကိုလှုပ်ခါပြီး ရယ်နေတော့သည်။ အရက်က သူ့စိတ်ခံစားချက်တွေကို ပုံကြီးချဲ့ပစ်လိုက်ပုံရသည်။ “စိတ်ဝင်စားစရာပဲ။ တကယ်စိတ်ဝင်စားစရာပဲ။”


ဟယ်ကု သာ၍ပင် ရှက်မိတော့သည်။


“သြော် စိတ်မလှုပ်ရှားပါနဲ့လေ။ ငါမင်းကို အပြစ်မတင်ပါဘူး။ ငါက ဘဝဆိုတာ ဘယ်လိုဆိုပြီး ခွတီးခွကျသဘောထားမျိုးမရှိပါဘူး။ ကဲ.. အလုပ်ပြန်လုပ်လိုက်ရအောင်။”


“ကျေးဇူးတင်ပါတယ် Mr. ကူ။”


“ကောင်းပါပြီ။ မင်းငါ့ကို ထမင်းတစ်နပ်အကြွေးတင်နေသေးတယ်နော်။ ငါမထွက်ခင် ဆပ်ဖို့ သတိရပါဦး။ ငါမင်းနဲ့လည်း စကားပြောချင်သေးတယ်။”


“ကောင်းပါပြီ။ အထွေထွေမန်နေဂျာ ကူ အားတဲ့အချိန်လိုက်ကျွေးပါ့မယ်။”


ကူချင့်ဖေ၏ ရုံးခန်းမှ အထွက် ဟယ်ကု စိတ်သက်သာစွာ သက်ပြင်းချလိုက်မိတော့သည်။ ကံကောင်းထောက်မသည်မှာ ကူချင့်ဖေလိုလူမျိုးဖြစ်နေ၍ဖြစ်သည်။ သူ့နေရာတွင် ရှေးရိုးစွဲ လူကြီးပိုင်းတစ်ဦးဦးသာဖြစ်ခဲ့ပါလျှင်... စုန့်ကျွီးဟန်က ဒေါသထွက်သွားမည်မဟုတ်ဘဲ ကူချင့်ဖေလိုလည်း အေးဆေးစွာဖြင့် လူအထင်လွဲစရာဖန်တီးတတ်မည်မဟုတ်။

ဟယ်ကုက သူ့ခေါင်းသူ ပွတ်လိုက်ပြီး ရုံးခန်းသို့ ပြန်လိုက်တော့သည်။


သူ့ထံတွင် လက်ရှိ တစ်ပြိုင်နက်တည်းတာဝန်ယူထားရသော Project သုံးခုရှိသည်။ ဒီကနေ့က Spa Center လုပ်ငန်းတွင် အမှားအယွင်းရှိသွား၍ အစည်းအဝေးထိုင်ရန် သူ့ကိုစောင့်နေကြခြင်းဖြစ်သည်။  


ဟယ်ကုက Party A ဘက်နှင့် နှစ်နာရီကျော်ဆွေးနွေးလိုက်ရသည်။ အစည်းအဝေးအပြီးတွင် ညအမှောင်သန်းနေပြီဖြစ်ပြီး ကုမဏီမှ လူများလည်း ပြန်ကုန်ကြပြီဖြစ်သည်။


ကားက ကာရာအိုကေဆိုင်တွင် ရှိနေသေးသည်။ သူ တက်ဆီတစ်စီးခေါ်၍ ကားသွားယူရန် ထွက်လာလိုက်ပြီး လမ်းတွင် စုန့်ကျွီးဟန်ကို ဖုန်းဆက်လိုက်သည်။


ဖုန်းက အကြိမ်အနည်းငယ်မြည်နေပြီးမှ ကိုင်သည်။ ဟယ်ကု မေးလိုက်သည်။ “ကျွီးဟန်လား?”


စုန့်ကျွီးဟန်၏ အသံက အနည်းငယ်အေးစက်နေသည်။ “အင်း”


“မင်းစိတ်မဆိုးပါဘူးနော်?”


“ငါက အလုပ်မရှိအကိုင်မရှိမဟုတ်ဘူး။ နေ့တိုင်း ဒေါသထိုင်ထွက်နေဖို့ ဘယ်လိုလုပ် အချိန်ရှိမှာလဲ?”


သြော်.. သူစိတ်ဆိုးသွားပြီပင်။

 

ဟယ်ကု သက်ပြင်းချလိုက်သည်။ “ကူက တကယ်ငါ့အထက်အရာရှိပါကွာ။ငါတို့ကြားမှာ ခင်မင်မှုကလွဲရင်ဘာမှမရှိပါဘူး။ ဒီနေ့ မင်းလည်းတွေ့တာပဲ။ သူသောက်ထားတာများသွားလို့ ငါက ရုံးခန်းအထိ ကူတွဲသွားပေးချင်တာပါ။ တခြားဘာမှမရှိပါဘူး။”


“သူက အသက်ဘယ်လောက်ရှိပြီလဲ?”


“သုံးဆယ့် တစ် ဒါမှမဟုတ် နှစ်။”


“ငါမှတ်မိသလောက်မင်းက ကုမဏီမှာ အလယ်အလတ်အဆင့်ရှိတဲ့ ခေါင်းဆောင်ပဲ။ ဒါတောင် သူက မင်းအထက်ကဆိုတော့ အမှုဆောင်အရာရှိလား?”


“သူက အမှုဆောင်အရာရှိ။”


စုန့်ကျွီးဟန်က လှောင်ပြုံးပြုံးလိုက်သည်။ “ဘယ်လိုများဒီရာထူးရလာတာလဲ? မင်းအရာရှိက မိန်းမတွေနဲ့ ပတ်အိပ်နေတာလား? သူက မိန်းမကြီးလား? သူက လိင်တူကြိုက်တဲ့သူလား? နမ်ချွမ်းကလူတွေက သွားသေနေလို့လား? ကမာ့ထိပ်တန်းအဆင့် ၁၀၀ အတွင်းဝင်တဲ့ ကုမဏီကြီးက အသက်သုံးဆယ်သာသာလေးကို အမှုဆောင်အရာရှိရာထူးပေးပစ်တယ်ပေါ့?”


ဟယ်ကု မတတ်သာဘဲ ရှင်းပြလိုက်ရသည်။ “မဟုတ်ပါဘူး။ သူက ဒီထက်တောင်‌တော်ပါသေးတယ်။ ဒါပေမဲ့ သူလည်း အလုပ်ထွက်တော့မှာပါ။”


“သူကဘယ်တော့ထွက်မှာလဲ?”


“ဒီလကုန်ပိုင်းလောက်ပဲ။”


“သြော်” စုန့်ကျွီးဟန်၏ လေသံက တော်တော်ကောင်းသွားလေသည်။ “နှုတ်ဆက်လိုက်ပါတယ်။”


ဟယ်ကု စိတ်ထဲမှသာ သက်ပြင်းချလိုက်မိတော့သည်။


ခဏကြာအပြီးတွင် ဒီအကြောင်းကို ကျော်လိုက်တော့သည်။ နှစ်ဦးသား မဆီမဆိုင်စကားအနည်းငယ်ပြောပြီးသည်နှင့် ဖုန်းချလိုက်တော့သည်။ ကြည့်ရတာ ယခင်နှစ်ရက်က ချိုမြိန်မှု လက်ကျန်လေးရှိနေသေးပုံပင်။ စုန့်ကျွီးဟန်က စိတ်တိုချင်စရာမကောင်းချေ။ ဟယ်ကုလည်း တစ်ညနေခင်းလုံး စိတ်လက်အေးချမ်းသွားတော့သည်။


သူ့ကားကို သူပြန်ယူလာခဲ့ပြီး အိမ်ပြန်ခါနီးတွင် ဖုန်းကျုန်းထံမှ ဖုန်းတစ်ခုဝင်လာလေသည်။ ထမင်းထွက်စားရန်ခေါ်ခြင်းဖြစ်သည်။


ဒီမတိုင်ခင်က ဖုန်းကျုန်းက သူ့ကို နှစ်ခါခေါ်ဖူးသေးသည်။ သူ့မှာ အချိန်မရှိ၍ ငြင်းထားခြင်းဖြစ်ရာ ဒီတစ်ကြိမ်တွင်တော့ လက်ခံလိုက်ရတော့သည်။


နှစ်ဦးသား သီးသန့်ဝိုင်ခြံတစ်ခုသို့ ထွက်လာခဲ့လိုက်သည်။

 

တံခါးဝသို့ရောက်သောအခါ သူ့နာမည်ကိုပြောလိုက်လျှင် စားပွဲထိုးလေးက ဝင်ခွင့်ပေးသည်။


Tuscan ပုံစံဝိုင်ခြံလေးဖြစ်သည်။ အရှေ့တွင် ဓားသမားများက အတန်းနှစ်တန်း စီရပ်နေသည်။ နေရာက ကျဥ်းကြပ်သောကြောင့် ဝိုင်ခြံထဲလူတွေပြည့်နေတော့သည်။ သို့သော်လည်း ဒီဇိုင်းပုံက အလွန်ရိုးရှင်းပြီး တင့်တယ်သည်။ ဟယ်ကုက ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်သည်။ တစ်နှစ်ပတ်လုံး ဒီဇိုင်းပညာရှင်များနှင့် ပတ်သက်နေရသည်။ အဆောက်အအုံတစ်ခုကို ကြည့်လိုက်သည်နှင့် ဒီဇိုင်းတန်ဖိုးမည်မျှရှိမည်ကို ခန့်မှန်းနိုင်သည်။ ယခု အဆောက်အအုံပုံစံက ပြည်တွင်း ဗိသုကာလက်ရာများတွင် တွေ့ရခဲသော ဖွဲ့စည်းပုံမျိုးရှိသည်။ ငွေဖြုန်းတီးသည့် နည်းတစ်နည်းဟုပင်ခေါ်နိုင်သည်။


ဟယ်ကုက အခန်းတစ်ခုသို့ခေါ်သွားပေးရန် စားပွဲထိုးကို စောင့်လိုက်သည်။ တစ်ချက်လှမ်းအကြည့်တွင် လူတွေနှင့် စကားစမြည်ပြောနေသော ဖုန်းကျုန်းကို တွေ့လိုက်ရလေသည်။ ဖုန်းကျုန်းအပြင် အခန်းထဲတွင် လူခုနစ်ယောက် ရှစ်ယောက်ခန့်ရှိနေသည်။ အမျိုးသားနှင့် အမျိုးသမီးများအားလုံး အဝတ်အစားများကို အပြစ်ပြောစရာမရှိလောက်အောင် ဆင်ယင်ထားကြသည်။ 


“ဟယ်ကု?” ဖုန်းကျုန်းက ပြုံး၍ မတ်တပ်ထရပ်လိုက်သည်။ သူက အခြားသူများသို့ လှမ်းပြောသည်။ “မိတ်ဆက်ပေးပါရစေ။ ဒါကျွန်တော့်သူငယ်ချင်း ဟယ်ကုပါ။ နမ်ချွမ်းက အကြီးတန်းအင်ဂျင်နီယာကြီးပေါ့။ ဟယ်ကု ဒါက ငါ့သူငယ်ချင်းတွေပဲ။” ဖုန်းကျုန်းက တစ်ယောက်ချင်းစီ မိတ်ဆက်ပေးတော့သည်။ ထိုသူများသည် သက်ဆိုင်ရာ လုပ်ငန်းများတွင် သာမန်အဆင့်မဟုတ်သည့်အပြင် လူတွေများနေသောကြောင့် ဟယ်ကု အနေရခက်နေမိသည်။


မိတ်ဆက်ပေးပြီးသောအခါ ဖုန်းကျုန်းက ဘေးရှိ ဆိုဖာခုံပေါ်သို့ ဆွဲခေါ်လိုက်သည်။ “လာလေ။ မင်းရောက်လာတာမြန်သားပဲ။ ကားမပိတ်ဘူးလား?”


“တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ဒီနေ့ ကားမပိတ်ဘူး။” ဟယ်ကုက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ “နေရာလေးက အရမ်းကောင်းတာပဲ။”


“ဒါ ငါ့သူငယ်ချင်းရဲ့ဝိုင်ခြံလေ။ အဲ့ဒီမှာ သူဌေးပေါ့။” ပြောရင်းဆိုရင်း လူငယ်တစ်ဦးဝင်လာခဲ့သည်။ အရပ်လည်း ရှည်ပြီး ချောမောကာ ပုံစံကလည်း ပေါ့ပေါ့ပါးပါးရှိပြီး မျက်လွှာချထားသည်။ ဘာမှဂရုမစိုက်သူကဲ့သို့ပင်။ ဖုန်းကျုန်းက သူ့ကို လက်လှမ်းပြလိုက်သည်။ “ပုန်းဖန် လာလေ။”


“နေစမ်းပါဦး။ ငါအခုမှနိုးတာ။” ပုန်းဖန်က သူ့လည်ကုပ်ကို ပွတ်သပ်ရင်းဖြေသည်။ “ဟေ့ မင်းပြောမှ ဒီလည်ပင်းကြီးတောင် ပိုတောင့်လာသလိုပဲ။”


“ငါမနေ့ညက တစ်နေရာသွားနေလို့ အခုမှနိုးတယ်။”


“သုံးနှစ်အတွင်း LA နဲ့ဒီနဲ့ သွားလိုက်ပြန်လိုက်တွေလုပ်လိုက်၊ ကုန်သွယ်စာချုပ်တွေထိုင်ကြည့်လိုက်နဲ့ နေ့ညတွေလည်း ရောကုန်ပါပြီကွာ။” ပုန်းဖန်က ဟယ်ကုကိုကြည့်၍ ပြုံးပြသည်။ ပြီးနောက် “ဟယ်လို” ဟု နှုတ်ဆက်လေသည်။


“ဟယ်လို ကျွန်တော်က ဟယ်ကုပါ။” ဟယ်ကု လက်ဆွဲနှုတ်ဆက်လိုက်သည်။


“ကျွန်တော် ပုန်းဖန်ပါ။” ပုန်းက ဆိုဖာခုံ၏ ဆန့်ကျင်ဘက် အစွန်းတွင် ဝင်ထိုင်လိုက်ပြီး စားပွဲထိုးကို ရေခဲရေတစ်ခွက် ထည့်ပေးရန်မှာလိုက်သည်။ ထို့နောက် ဖုန်းကျုန်းဘက်သို့ မေးငေါ့ပြကာ “ဝိုင်ခြံကဘယ်လိုနေလဲ?”


“ကောင်းပါတယ်။ ငါ ဒီနေ့ပါတီကို တခြားသူငယ်ချင်းတွေလည်းခေါ်ထားသေးတယ်။”


“ကျေးဇူးပါကွာ။ ဒီနေ့ ငါတိုက်ပါရစေ။ ငါ ဘာထပ်လုပ်ပေးရမလဲ?”


“ကိစမရှိပါဘူး။”


ပုန်းဖန်က သူ့ကို ဆေးလိပ်တစ်လိပ်ပေးလာသည့်အခါ ဟယ်ကုက စကားစလိုက်သည်။ “ပုန်းက ဝိုင်ချက်တာကို အထူးပြုယူထားတာလား?”


ပုန်းက အပြုံးလေးတစ်ခုပြန်ပေးသည်။ “ဟင့်အင်း။” သူက ဖုန်းကျုန်းကို ကြည့်လိုက်သည်။ “ငါသူ့ကို အရင်က မမြင်ဖူးဘူးနော်?”


“ငါ့ကောလိပ်တုန်းက အတန်းဖော်လေ။ သူက ငါတို့နဲ့ အသိုင်းအဝိုင်းချင်းသိပ်မတူဘူး။”


ပုန်းက “သြော်” ဟုသာ အသံပြုသည်။


ဟယ်ကု သိသည်မှာ ဖုန်းကျုန်း၏ အသိုင်းအဝိုင်းဆိုသည်မှာ ဘေဂျင်းမြို့ရှိ လူဂုဏ်ထံမိသားစုများဖြစ်သည်။ လူချမ်းသာများနှင့် သူတို့၏ မျိုးဆက်များသာ ဝင်တိုးနိုင်သော အသိုင်းအဝိုင်းမျိုးပင်။ ဖုန်းကျုန်းသူ့ကို ခေါ်လာခြင်းသည် အဆက်အသွယ်ကောင်းများနှင့်မိတ်ဆက်ပေးလိုခြင်းဖြစ်နိုင်ပြီး ထိုသူတို့က ကြင်ကြင်နာနာရှိပါသော်လည်း ဟယ်ကု စိတ်မသက်မသာဖြစ်နေမိသည်။

ကူချင့်ဖေလို စွယ်စုံတော်သူမျိုးဆိုလျှင်တော့ ဘယ်လိုအခြေအနေမျိုးမဆို အလွယ်တကူ ဝင်ဆံ့ပေါင်းသင်းနိုင်ပြီး ပါတီတွင် လူအများအာရုံစိုက်ခံရမည်ဖြစ်သည်။ ကျောထောက်နောက်ခံမရှိသော သူစိမ်းတစ်ယောက် ဖြစ်သော်လည်း အစိုးရပိုင်လုပ်ငန်းကြီးတွင် စိတ်ကြိုက်ခြယ်လှယ်ခွင့်ရှိသော ရာထူးရာခံတွင် ဆယ်နှစ်ကျော် နေလာသူ တစ်ယောက်အနေဖြင့် ထိုအရည်အချင်းမျိုး မရှိ၍လည်းမရပေ။


ဝမ်းနည်းစရာကောင်းသည်ကတော့ သူ ကူချင့်ဖေကို ဘယ်လောက်အားကျသည်ဖြစ်ပါစေ လက်တွေ့တွင် ကူချင့်ဖေဖြစ်မလာနိုင်ခြင်းပင်။ ထိုလူ၏ နှစ်ပေါင်းများစွာ အားထုတ်မှု ရလဒ်ပင်ဖြစ်သည်။


ပုန်းက ဘာကိုတွေးမိသွားသည်မသိဘဲ ပြုံးကာ ဆိုသည်။ “ဟေ့ ဖုန်းကျုန်း မင်းဘယ်သူပြန်လာပြီလဲသိလား?”


“ဘယ်သူလဲ?”


“ယွမ်ယန်လေ။”


ဟယ်ကုစိတ်ထဲ ထိုနာမည်ကို ရင်းနှီးနေသလို ခံစားလိုက်ရသည်။ သို့သော် ဘယ်နေရာတွင်ကြားခဲ့ဖူးမှန်း မမှတ်မိပေ။


ဖုန်းကျုန်းက ပြုံးလိုက်သည်။ “ဟုတ်လား? သူ နောက်ဆုံးတော့ တပ်ထဲက ထွက်ချင်သွားပြီပေါ့?”


“သူ့တစ်မိသားစုလုံးက အတင်းအကြပ်ပြန်လာခိုင်းတာလေ။ ငါတော့အရမ်းပျော်တယ်။” ပုန်းဖန်က ပြုံးသည်။ “ငါသူ့အတွက် ပါတီအကြီးကြီးပေးဦးမှာ။ သူရောက်လာရင် မင်းလည်းလာရမယ်နော်။”


“သေချာတာပေါ့။ မင်းပျော်နေလိုက်တာ။”


“ဒါပေါ့ကွ။ သူက ငါ့အတွက်အကောင်းဆုံးညီအစ်ကိုပဲ။”


နှစ်ဦးသား ခေတစကားစမြည်ပြောနေကြပြီးမှ ပုန်းဖန်က အခြားသူများကို နှုတ်ဆက်စကားပြောရန်ထသွားသည်။ ဖုန်းကျုန်းနှင့် ဟယ်ကုလည်း စကားပြောရန် အခွင့်အရေးရသွားတော့သည်။

ဖုန်းကျုန်းက ပြုံးကာဆိုသည်။ “ခဏနေရင် အတူတူစားကြမယ်နော်။ ပုန်းက ပြင်သစ်က Michelin အဆင့်စားသောက်ဆိုင်ကြီးက စားဖိုမှူးကို ရှာဖွေပြီး ခန့်ထားတာ။ သူက ပင်လယ်စာတွေကို ကနေဒါကနေ တစ်ရက်ခြားတစ်ခါ သွင်းတယ်။ အရမ်းအရသာရှိတာ။”


“ငါက ညဘက်ဆို သိပ်မစားဘူး။” ဟယ်ကုက အပြုံးလေးဖြင့် ဗိုက်ကို ပုတ်ပြလိုက်သည်။


“အခုတလော ကုမဏီမှာ အရမ်းအလုပ်ရှုပ်တာပဲလား?”


“ငါအရင်ကတော့ နှစ်နည်းနည်းကြာရင် အလုပ်ပြောင်းမယ်လို့တွေးထားတာပဲ။ အရမ်းပင်ပန်းတယ်လေ။ ငါ့ခနာကိုယ်က အလုပ်ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်မှာကြောက်တယ်။”


ဖုန်းကျုန်းက ခေါင်းညိတ်သည်။ “တကယ်သာဆို ငါကူညီမယ်နော်။ မင်းဒီအလုပ်အပြင် တခြားဘာလုပ်ချင်တာရှိလဲ?”


“ငါမသိပါဘူး။ ဒီအကြောင်း နောက်မှပြောကြတာပေါ့။”


ဖုန်းကျုန်းက သူ့ကို ပြုံး၍ ကြည့်နေခဲ့သည်။ “မင်းက ငါ့ကို ထမင်းဖိတ်ကျွေးထားတာဆိုတော့ ငါက မင်းဆီမှာ အရင်းအနှီးပြန်ထည့်ပေးမယ်။”


ဟယ်ကု ရယ်မိသည်။ “အရင်းအနှီးရဖို့ အဲ့ဒီလောက်လွယ်လား?”


“မင်းအတွက်ဆိုရင်ပေါ့လေ။”


ဟယ်ကုက ဖုန်းကျုန်း၏ စိတ်အားထက်သန်သော အကြည့်များအောက်တွင် စိတ်ကျဥ်းကြပ်လာတော့သည်။ သူက ခေါင်းစဥ်ပြောင်းပြောလိုက်သည်။ “မင်းကျတော့ရော? အခုတလော ဘာတွေအလုပ်ရှုပ်နေလဲ?”


“ငါတို့က စုန့်မီဒီယာရဲ့ ရုပ်ရှင်ကားသစ်မှာ အရင်းအနှီးဝင်ထည့်ဖို့လုပ်နေတာ။ အခုတော့ အကဲဖြတ်နေတုန်းပဲ။”


“သြော်.. ငါကြားမိတယ်။”

 

ဖုန်းကျုန်းက ပြုံးနေရာမှ ရယ်လိုက်သည်။ “ဒါလည်း စုန့်ကျွီးဟန်ဆီက ကြားတာပဲလား?”


ဟယ်ကုက ဗြောင်ပဲဖြေလိုက်သည်။ “ဟုတ်တယ်။ သူတို့ကုမဏီက ကားတွေက box office မှာ အမြဲအခြေအနေကောင်းနေတာလေ။”


“ဟုတ်တယ်။ စုန့်ဟယ်က အရည်အချင်းရှိတဲ့ လူတွေမွေးထားတာ။ သူကအမြင်လည်းအရမ်းရှိတယ်။ စျေးကွက်ကဘာလိုချင်တယ်၊ လူငယ်တွေက ဘာကြိုက်တတ်တယ်ဆိုတာမျိုး အမြဲသေချာသိတယ်။”


“ဖုန်းက အဲ့ဒီမှာ ဘယ်အပိုင်းက ပါရတာလဲ?”


“ငါ့အဖေပေါ့။ အဲ့ဒါက သူ့လုပ်ငန်းလေ။ သူကတော့ နောက်အနှစ်နှစ်ဆယ်အထိအလုပ်လုပ်နိုင်သေးတယ် ပြောတာပဲ။ သူကပဲ ငါ့ကို လာပြီး လက်သွေးထားဖို့ ခွင့်ပြုလိုက်တာ။”


နှစ်ဦးသား တောရောက်တောင်ရောက်စကားများလျှောက်ပြောနေကြပြီး လေထုကလည်း သာယာနေသည်။ ထိုနေ့က အဖြစ်အပျက် လုံးဝမဖြစ်ခဲ့သလိုပင်။ ဟယ်ကုစိတ်ထဲ ပေါ့ပါးလွတ်လပ်နေသည်။ သူတို့နှစ်ဦးသား ဘယ်လိုပင် အဆင်ချောနေပါသော်လည်း ဟယ်ကုကတော့ ဖုန်းကျုန်းနှင့် သူငယ်ချင်းအဆင့်က မတက်လိုပါပေ။



rate now: