book

Index 1

အခန်း ၁။ အသားအရေအစိုဓာတ်ထိန်းဖို့ နည်းလမ်းကောင်း

  • Author : Caramel Popcorn
  • Genres : Romance
  • Original Author : Shui Qian Cheng

ဘေဂျင်းမြို့တွင် မိုးဆက်တိုက်ရွာနေသည်မှာ ရက်အတန်ငယ်ကြာပြီဖြစ်သည်။ တစ်မြို့လုံးအနှံ့ရွာနေသည်မှာ ရေပုံးမှောက်ပြီး သွန်ချနေသကဲ့သို့ပင်။ ကောင်းကင်ကြီးတစ်ခုလုံးပြိုဆင်းလာဟန် သည်းကြီးမည်းကြီးနိုင်လှသည်။ လေထုမှာလည်း မွန်းကြပ်စရာကောင်းလှပြီး ပိတ်ဆို့နေသော ကားတန်းကြီးမှာလည်း ပက်ကျိကောင်လေးများ သဖွယ် တဖြည်းဖြည်းချင်းသာ ရွေ့လျားနေရသည်။  


အကြိမ်အနည်းငယ် ရွေ့အပြီးတွင်တော့ ကားအပူပေးစက်မှ လေများသာရှိသော ကားတွင်းနေရာကျဥ်းကျဥ်းထဲ သူမွန်းကြပ်နေလေပြီ။ ခေါင်းတွေမူးနောက်ပြီး လူကရောင်ကိုင်းလာသလိုကို ခံစားနေရသည်။ ဟယ်ကုခမျာ ကားပိတ်ဆို့မှုကြောင့် စိတ်ဆိုးချင်တိုင်းပင် မဆိုးနိုင်ရှာ။ လိပ်တစ်ကောင်လို ရွေ့နေသော ကားပေါ်မှပင် လုပ်ဖော်ကိုင်ဖက်များကို ဖုန်းထိုင်ဆက်နေလိုက်တော့သည်။ အားသွားသည့် ခဏတိုင်း စကားစမြည်လှမ်းပြော နေခြင်းမျိုးဖြစ်သည်။ သူအိမ်ပြန်ရောက်သည့်အချိန်တွင် ဆယ်နာရီပင်ထိုးလုပြီ။ ကားတံခါးဖွင့်ချိန်နှင့် ထီးဖွင့်ချိန်ကြား စကန့်အနည်းငယ်သာကြာလိုက်သော်လည်း သည်းလွန်းသောမိုးကြောင့် တစ်ကိုယ်လုံးရွှဲစိုကုန် တော့သည်။ ဆောင်းဦးနှောင်းရာသီ၏ မိုးရေစက်များသည် အသားကို ရေခဲစလေးများနှင့် ထိုးနေသလိုရှိလှသည်။


သော့ပေါက်ထဲ သော့တံထည့်လှည့်ပြီး ဖွင့်လိုက်ချိန်တွင်တော့ ဟယ်ကု၏ ထိုင်းမှိုင်းနေသော စိတ်ဝိဉာဥ်နှင့် ဦးနှောက်တစ်ခုလုံး ရုတ်တရက် လှုပ်နှိုးခံလိုက်ရတော့သည်။

တံခါးချပ်ကိုဖြတ်၍ ဂိမ်းစက်၏အသံကိုကြားနေရခြင်းကြောင့်ပင်။

 

သူရောက်နေပြီ။

 

ထိုစဥ်ခဏမှာပင် အလုပ်ကြောင့်ဖိစီးလေးလံမှုများနှင့် အချိန်ပိုလုပ်ရသောကြောင့်ပင်ပန်းနေသည်တို့မှာ ရွာကျလာသော မိုးစက်ပွင့်တို့ မြေသားထဲစိမ့်ဝင်သွားသလို တမဟုတ်ချင်းပျောက်ကွယ်သွားတော့သည်။ အလွန်ချဲ့ကားတင်စားသည်ဟု ထင်စရာကောင်းသော်လည်း သူ့နှလုံးသားတွင် လမင်းကြီးနှင့် ပန်းပွင့်များကို ဖြတ်တိုက်လာသော လေညင်းလေးကိုပင် ခံစားမိမတတ် ညံ့သက်သွားရသည်။ သူသိနေသည်မှာ တံခါးဖွင့်အပြီး ထိုသူကိုမြင်လိုက်ရလျှင် သူ့ပျော်ရွှင်မှုများက ရေနွေးစီးကြောင်းကလေးလို တစ်ကိုယ်လုံးကိုဖြတ်သန်း စီးဆင်း သွားပြီး နှလုံးသားထဲ အရာရာနွေးထွေးလှပသွားမည်ဆိုသည်ကိုပင်။


ဟယ်ကု နံရံကိုမှီ၍ ရပ်လိုက်သည်။ နည်းနည်း လန်းဆန်းနေဟန်‌ပေါက်ရန် အသက်ကို ခပ်ပြင်းပြင်းလေး ရှိုက်သွင်း၍ မျက်လုံးအစုံကို ခဏမှိတ်ထားလိုက်သေးသည်။ ပြီးမှ အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ ဖုန်းအရှေ့ကင်မရာကိုဖွင့်ကြည့်ရသည်။ ဖုန်းတွင် မျက်နှာချောချောတစ်ခုကပေါ်လို့နေသည်။ မိုးမိထား၍ ဆံပင်တွေ စိုနေ‌သော်လည်း မျက်နှာလေးကတော့ ချောပါသေးသည်။ ပင်ပန်းပြီး မျက်ကွင်းများညိုနေသော်လည်း မျက်ဝန်းတွင် ညှို့ငင်နိုင်သည့်အကြည့်များက တစ်စွန်းတစ်စထင်နေဆဲ။ သူသက်ပြင်းချလိုက်မိသည်။ အမြဲ ဖြစ်နေကျအတိုင်းပင်။ သုံးစားမရသည့် ဖုန်းကိုလည်း ဆက်မနေတော့ပါ။ သူ တံခါးကိုသာ တွန်းဖွင့်ဝင်ခဲ့လိုက် တော့သည်။


အခန်းထဲတွင် မီးရောင်မရှိဘဲ LCD TV မှထွက်သော အလင်းတစ်ခုသာ သဲ့သဲ့ဖြာကျလျက်ရှိသည်။ ဆိုဖာခုံပေါ်တွင် ထိုင်နေသူတစ်ယောက်သည် အမှောင်ထုတွင်မြုပ်ကွယ်နေသည်။ ထိုသူသည် ကော်ဖီစားပွဲပေါ်တွင် ခြေနှစ်ချောင်း တင်ထားကာ ဂိမ်းစက်ကိုကိုင်၍ TV မျက်နှာပြင်ကို စူးစိုက်ကြည့်လျက်ရှိသည်။


ထိုသူသည် သူ့ကိုလှည့်မကြည့်ဘဲ လက်ချောင်းသွယ်သွယ်များဖြင့် ဂိမ်းစက်၏ ခလုတ်များကိုသာ ခပ်ကြမ်းကြမ်း နှိပ်နေခဲ့သည်။


"‌ရောက်နေရင်လည်း မီးလေးတော့ဖွင့်ဦးလေ။ မီးဖွင့်ရတာ အရမ်းခက်နေလား?"


"မဖွင့်နဲ့။ ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်တယ်။” ထိုသူက အငြင်းစကားဆိုသည်။


ဟယ်ကု TV ကို ကြည့်လိုက်သည်။ ထိုသူက zombie ဂိမ်းဆော့နေသည်ပင်။ ဖန်သားပြင်ပေါ်တွင် ဘောင်းဘီတိုကြပ်ကြပ်ဝတ်ထားသော ရဲမေလေးက စက်ရုံပျက်ကြီးတစ်ခုထဲတွင် zombie များကို လိုက်ရှာလျက်ရှိသည်။ အခြေအနေက တင်းမာနေဟန်တူသည်။ 


"စားပြီးပြီလား? ဗိုက်ဆာလား?"


ထိုသူက ပြန်မဖြေပါ။ ဂိမ်းတွင်သာ အာရုံစိုက်လျက်ရှိသည်။


ဟယ်ကု လက်ဆွဲအိတ်ကိုချပြီး စိုနေသော မိုးကာအက်ျီကို ချွတ်လိုက်သည်။ အက်ျီကို ချိတ်တွင်ချိတ်ကာ ရေချိုးခန်းထဲဝင် အမြန်ရေချိုးရသည်။ အိမ်နေရင်းအက်ျီများလဲဝတ်ပြီး မီးဖိုထဲဝင် ရေတစ်ခွက်ထည့်ကာ ဆိုဖာခုံရှိရာ ထွက်လာခဲ့သည်။


ကော်ဖီစားပွဲနှင့်ရေခွက်ထိခတ်သွားမှ ထိုသူက သူ့ဘက်သို့ တစ်ချက်ငဲ့စောင်းကြည့်လာတော့သည်။ အမှောင်ထဲတွင် မျက်ရစ်ထင်းထင်းနှင့် မျက်လုံးများက လင်းလက်နေသည်။ ဘာကိုမျှ ဂရုမထားသည့်ဟန် ဗလာဖြစ်နေသောအကြည့်များက သာမန်ပင်ဖြစ်သော်လည်း ဟယ်ကု နှလုံးသားတစ်ခုလုံး လှုပ်ခတ်သွားရသည်။ 


သူ့ကို မတွေ့ရသည်မှာ တစ်လကျော်ပြီဖြစ်သည်။ ထို့ကြောင့်လည်း ငေးကြည့်နေမိခြင်းဖြစ်သည်။ TV နှင့် အွန်လိုင်းပေါ်တွင်သာ မကြာခဏ မြင်ခွင့်ရခဲ့သည်လေ။ 


ထိုသူက ဂိမ်းဘက်ကို အာရုံ‌ရောက်သွားပြန်သည်။ ဟယ်ကုလည်း စကားမပြောဘဲ ဘေးတွင်သာ ငြိမ်ငြိမ်သက်သက်လေးထိုင်နေလိုက်တော့သည်။ သို့သော် ကံဆိုးစွာဖြင့် ဘောင်းဘီကြပ်ကြပ်နှင့် ရဲမေ ခပ်မိုက်မိုက်လေးခမျာ zombie များ၏ သတ်ခြင်းကို ခံလိုက်ရရှာသည်။ ထိုသူက ဂိမ်းစက်ကို ပစ်‌ပေါက်လိုက်ပြီး ခပ်ကြမ်းကြမ်းအော်ဆဲတော့သည်။


"စိတ်အခြေအနေမကောင်းဘူးလား?" ဟယ်ကု တိုးတိုးသက်သာမေးလိုက်သည်။


"ဟိုပြေး ဒီပြေးနဲ့ အခိုင်းခံနေရတယ်လေ။ ‌ဒေါကန်လို့သေတော့မယ်။"


"စားပြီးပြီလား?"


"မစားချင်ဘူး။ မင်း TV က အရမ်းသေးတာပဲ။ မမိုက်ပါဘူး။ ဂိမ်းစက်ထဲမှာ ဂိမ်းတွေလည်း အသစ်ထည့်ပါဦး။"


"တစ်ခုခုချက်ပေးမယ်လေ။ တစ်ညလုံးဆော့ထားတာ ဗိုက်ဆာနေမှာပေါ့။"


"မစားချင်ဘူး။ မီးပဲ သွားဖွင့်ပေး။" ထိုသူက အမိန့်ဆန်ဆန်ဆိုသည်။


ဟယ်ကု ထ၍ မီးများသွားဖွင့်လိုက်သည်။


ထိုယောက်ျားသားက မီးရောင်ကို ကျင့်သားရသည်အထိ မျက်လုံးများကို ပိတ်ကာထားပြီး ခဏနေမှ ခေါင်းကို ပွတ်ကာ လက်ကို ပြန်ချလိုက်သည်။ ရုပ်ရည်က ချောမောလွန်းသဖြင့် အခန်းထဲရှိ နောက်တစ်ယောက်ခမျာ ပင့်သက်ရှိုက်မိသည်အထိ ဖြစ်သွားရသည်။ ထိုသူသည် ရှုထောင့်‌ပေါင်းစုံမှ ကြည့်ကောင်းသော ဥရောပသားဆန်ဆန် သွင်ပြင်ရှိသူပင်ဖြစ်သည်။ ထိုအထဲတွင်မှ အရှေ့တိုင်းသွေး လေးပုံသုံးပုံပေါင်းစပ် ထားပြန်ရာ ဆွဲဆောင်မှုရှိပြီး အနည်းငယ် မိန်းကလေးဆန်သော၊ ချစ်ခင်ဖွယ်ရုပ်ကလေးဖြစ်နေတော့သည်။ ကောင်းခြင်းများ ပေါင်းစုထားသူပါပင်။ နှာတံလေးက တောင်ထွဋ်တစ်ခုကဲ့သို့ ချွန်မြပြီး၊ နှုတ်ခမ်းများမှာ သဘာဝအတိုင်း ကွေးညွတ်လျက်၊ ပြုံးတုံ့မပြုံးတုံ့ဟန်လေးပေါ်နေသည်။ ထိုမျက်နှာကလေးကို ဖန်ဆင်းရှင်၏ ဂနဝင်လက်ရာဟုပင် ခေါ်ရလောက်ပေသည်။ နက်စိုနေသော လည်ထောင်ဆွယ်တာအက်ျီက ဖြူဖွေးညက်ညောသော အသားအရေကို ပိုမိုထင်ရှားစေပြီး ပုခုံးကျော်ကျော်လှိုင်းတွန့်ဆံနွယ်များကို ခေါင်းအနောက်ဘက်တွင် ကပိုကယိုလိပ်တင်ထားသေး သည်။ လုံးဝမဝတ်ဆင်သင့်သော ဆင်ယင်ထုံးဖွဲ့မှုပါပင်။ ပျင်းရိရိ၊ အကြည့်လျော့ရဲရဲများကြောင့် ခပ်ဆိုးဆိုး ဟန်လေးလည်း‌ပေါက်နေသေးသည်။ ထိုသူက သူမည်မျှ ဆွဲဆောင်မှုရှိပြီး အနရာယ်များကို ဖိတ်ခေါ်နိုင်သည်ကို မသိဟုဆိုလာလျှင် ယုံချင်စရာပင်မကောင်းချေ။ 

 

"ကျွီးဟန် ဘာလို့ပိန်နေတာလဲ? ဝိတ်ကျသွားပြန်ပြီလား?"


ဟယ်ကု၏ အကြည့်များက စုန့်ကျွီးဟန်ပေါ်တွင်သာ မလွှဲဖယ်တမ်း ကျရောက်လျက်ရှိသည်။ သူ့ အလုပ်က အရှိန်ရနေပြီး သူတို့ချင်းတွေ့ရန် ကိုယ်ပိုင်အချိန်များမှာလည်း နည်းသထက်နည်းလာသောကြောင့် တစ်မိနစ်၊ တစ်စကန့်ကိုပင် မဖြုန်းတီးချင်လောက်အောင်ပင်ဖြစ်ရသည်။


"ဟုတ်ရင်ဟုတ်မှာပေါ့။" စုန့်ကျွီးဟန်က ခွက်ကိုယူပြီး သောက်ချလိုက်သည်။ ပြီးနောက် ဆိုဖာခုံကို မှီ၍ ပြန်ထိုင်နေ ပြန်သည်။ ခေါင်းကိုနောက်လှန်ချထားရာ အက်ျီဆွယ်တာနှင့်လွတ်ပြီး လည်စိလေး အပေါ်အောက်ရွေ့လျား နေသော လည်တိုင်က ထင်းနေသည်။


ဟယ်ကု ရင်တွေခုန်သွားရပြန်သည်။ "ပင်ပန်းနေပြီဆိုရင် ရေချိုးပြီး အိပ်လိုက်တော့လေ။"


စုန့်ကျွီးဟန်က သူ့ကိုလှည့်ကြည့်ကာ အငေါ်တူးသည်။ “ငါ ဒီအထိအရောက်လာခဲ့တာ အိပ်ဖို့လို့ မင်း ထင်နေတာတော့ မဟုတ်ပါဘူးနော်? အိပ်ဖို့ဆို ငါ့အိမ်မှာပဲဘာလို့မအိပ်လဲ? ကြယ်ငါးပွင့်ဟိုတယ်မှာရော ဘာလို့ မအိပ်လဲ?"


ဟယ်ကု သူ့ကိုကြည့်လိုက်မိသည်။ စုန့်ကျွီးဟန်ဆိုလိုရင်းကိုသူသိပါသည်။ ချစ်ပွဲဝင်ကြဖို့ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကစသော သူတို့နှစ်ဦးကြားဆက်ဆံရေးသည် အိပ်ရာထက်က အဆင့်ထက်မပိုခဲ့ပေ။ သူက စုန့်ကျွီးဟန်တစ်ယောက် ပင်ပန်းလာသည့်အခါ စိတ်အေးချမ်းအောင် သူ့ထံလာနားခိုမည်ဟု မျှော်လင့်ချက်လေး ထားမိရုံသာဖြစ်သည်။

စုန့်ကျွီးဟန်က သက်ပြင်းချလျက် ဆိုသည်။ “ပျင်းစရာကောင်းအောင် အဲ့ဒီမှာ မတ်တပ်ပဲရပ်နေတော့မှာလား? ဒီကိုလာပါဦး။” ပါးပါးနပ်နပ်နှင့် အလိုက်သိသူဖြစ်လိုပါက သူ့ဘက်က စတင်လှုပ်ရှားရန်လိုသည်ဟုဆိုလိုခြင်းပင်။


ဟယ်ကု ထသွားသောအခါ စုန့်ကျွီးဟန်က လက်မောင်းကိုကိုင်၍ သူ့ အနားသို့ဆွဲချလိုက်သည်။ ဟယ်ကု၏ ၁.၈ မီတာ အရပ်အမောင်းရှိသော ကိုယ်လုံးမှာ စုန့်ကျွီးဟန်ကိုယ်နှင့် ကပ်သွားတော့သည်။ သူ့ကိုယ်က တကယ်ကို လေးပါသည်။ စုန့်ကျွီးဟန် ခပ်ဖွဖွရှိုက်လိုက်ပြီး လက်များက အိမ်နေရင်း အက်ျီအတွင်းဝင်ရောက်လာတော့သည်။ “မင်းကို ထိတွေ့ပါရစေ။ ထိတွေ့ချင်တယ်။ ပြီးတော့မင်း တစ်ကိုယ်လုံးကို မြင်ချင်တယ်။


"မရဘူး"


စုန့်ကျွီးဟန်က လက်ကို ဟယ်ကု၏ ဝမ်းဗိုက်အောက်နားသို့ လျှိုသွင်းလိုက်သည်။ သူ့ကြွက်သားများမှာ နူးညံ့သော်လည်း တင်းရင်းလှသည်။ သူစိတ်ကျေနပ်စွာဖြင့် ခပ်တိုးတိုးအသံပြုသည်။ "တစ်နေကုန်ရုံးမှာ ထိုင်နေရတာ မင်း လေ့ကျင့်ခန်းပိုလုပ်သင့်တယ်လေ။ ဝတုတ်နေရင် ရုပ်ဆိုးမှာ သိရဲ့သားနဲ့။”


စုန့်ကျွီးဟန်က သူ့မေးလေးကိုဆွဲ၍ တစ်ချက်ချင်းနမ်းသည်။ “ငါတို့မတွေ့ရတာ ဘယ်လောက်ကြာနေပြီလဲ? ငါတော့မင်းကိုလွမ်းနေတုန်းပဲ။"


"၃၉ ရက်။" ‌ဟယ်ကုက ဆိုသည်။


စုန့်ကျွီးဟန် ပြုံးလိုက်သည်။ "ဒီလောက်တိတိကျကျကြီးမှတ်မိနေပုံထောက်ရင် မင်းမှာ တကယ် အင်ဂျင်နီယာ ဦးနှောက်ရှိတာပဲ။”


သူက လှည့်၍ ဟယ်ကုကို ဆိုဖာခုံတွင် ဖိကပ်လိုက်သည်။ “ဘာလို့ ဆံပင်တွေက စိုနေတာလဲ?”


"အပြင်မှာမိုးရွာနေတယ်လေ” ဟယ်ကုပြန်ဖြေလိုက်သည်။


" အခုထိ အချိန်ပိုလုပ်နေရတာလား?”


"ကိစမရှိပါဘူး။"


"အဲ့ဒီအလုပ်ကြီးကနေ ထွက်လိုက်ဖို့ပြောထားသားနဲ့ကွာ။ ငါ မင်းကိုပိုက်ဆံပေးပါ့မယ်။ ကော်ဖီဆိုင်၊ စားသောက်ဆိုင် တစ်ခုခုဖွင့်ချင်လည်းရတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာရှိမဲ့ တစ်ခုခုပဲလုပ်ပါ။ ဘာလို့များ အလုပ်ရှုပ်ခံပြီး အဲ့ဒီကိုသွား၊ လူတွေနဲ့တွေ့နေသေးလဲ? ဒီလို အစိုးရအလုပ်ကြီးမှာ မင်းဘယ်လို ဝင်ဆံ့ပါ့မလဲ?"


"ငါတခြားဘာမှမလုပ်ချင်ဘူး။" ဟယ်ကုက ဆိုသည်။


"မင်းဒီလိုပြောမယ်ဆိုတာ ငါသိသားပဲ။" စုန့်ကျွီးဟန်က ခေါင်းကို ညွတ်ကိုင်း၍ ဟယ်ကု၏ အဝတ်အစားများကို ကိုက်ကာ ဆွဲချွတ်ပစ်တော့သည်။


ဟယ်ကုကလည်း အမြဲလိုပင် လိုက်လျောဆဲဖြစ်သည်။


ယနေ့ စုန့်ကျွီးဟန်ကိုကြည့်ရသည်မှာ အလွန် စိတ်လှုပ်ရှားနေဟန်ပေါ်သည်။ သူစိတ်ကောင်းဝင်နေချိန်ဆိုလျှင် အရင် နှုးနှပ်ပေးတတ်သော်လည်း စိတ်မကြည်သာလျှင်တော့ အရိုင်းဆန်ဆန်ပြုမူပြီး တော်သင့်ရုံသာ ကူညီမည် ဖြစ်သည်။


ဟယ်ကုခမျာ စုန့်ကျွီးဟန်၏ ကြမ်းတမ်းမှုများကြောင့် နာကျင်ပြီး မျက်နှာညှိုးနေသော်လည်း နှုတ်ခမ်းကိုကိုက်၍ စကားတစ်ခွန်းမဆိုဘဲနေပေးခဲ့သည်။


စုန့်ကျွီးဟန်တစ်ယောက် စိတ်ကျေနပ်မှုရသွားသောအခါမှ ထွက်သက်ကို အသာအယာမှုတ်ထုတ်ရင်း “ဟယ်ကု” ဟု ခေါ်လေသည်။ 


ဟယ်ကုက သူ့ကို ဇဝေဇဝါဖြင့် ပြန်ကြည့်လာခဲ့သည်။ သူ၏ ခွေးပေါက်ကလေးနှင့်တူသော စွဲမက်ဖွယ်ရာ မျက်နှာလေးကိုကြည့်ရင်း သူ့ခနာကိုယ်က တုန်ယင်လျက် ပန်းရောင်ရှက်သွေးများ ဖြာတက်လာတော့သည်။ နှစ်များစွာကြာပြီးသည့်တိုင်အောင် စုန့်ကျွီးဟန်၏ အရိုင်းဆန်ပြီး သားရဲတစ်ကောင်လို ခွန်အားမျိုးကို သူလိုက်မမီနိုင်သေးပါပေ။ မမီသော်လည်း အနည်းဆုံးတော့ ကျင့်သားရနေပြီး ခံနိုင်ရည်တော့ရှိလာပြီဖြစ်သည်။ 


စုန့်ကျွီးဟန်က ယခုပုံစံကို သူမနှစ်မြို့ကြောင်း တစ်ကြိမ်မက စောဒက တက်ခဲ့ဖူးသည်။ ဟယ်ကုကလည်း လိုက်လျောပေးခဲ့သည်သာဖြစ်သည်။ ထို့ကြောင့်လည်း သူတို့နှစ်ဦး၏ဆက်ဆံရေးကို ယခုအထိ ထိန်းထားနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက ကျားရော မ ပါ ချောချောလေးများ ဝန်းရံခံနေရသော စုန့်ကျွီးဟန် တစ်ယောက် သူတို့ကိုလှည့်မကြည့်ဘဲ ဟယ်ကုထံသာ လာအိပ် နေမည်မဟုတ်ချေ။


ဟယ်ကုခမျာ အချိန်မည်မျှကြာသွားသည်ကိုပင် မသိတော့ပေ။ တစ်ခုခုခံစားရပြီး ရုတ်တရက် စုန့်ကျွီးဟန် အပြင်ကို ထုတ်သွားသည်ကိုသာ သိလိုက်သည်။ သူ့ကိုယ်ပေါ်တွင် ပြီးဆုံးလိုက်ပြန်လေပြီ။


ဤသည်မှာလည်း စုန့်ကျွီးဟန်၏ အကျင့်များထဲမှ တစ်ခုပင်ဖြစ်သည်။


စုန့်ကျွီးဟန် အသက်ကို ခပ်ပြင်းပြင်းရှုရင်း သူ့ရင်ဘတ်ပေါ်သို့ မှီချလာခဲ့သည်။ ယခုအချိန်သည် ဘေဂျင်းမြို့တွင်နေရသည်မှာ အခက်ခဲဆုံးအချိန်ပင်ဖြစ်သည်။ ရာသီဥတုမှာ အေးလာပြီဖြစ်ပြီး အပူပေးစနစ်များ အလုပ်မလုပ်သေးသောကြောင့် အခန်းမှာ မပူသေးပေ။ သို့သော်လည်း သူတို့နှစ်ဦး၏ ကိုယ်မှ ထွက်သော အပူရှိန်များက ဆောင်းဦးနှောင်းပိုင်း၏ အအေးဓာတ်ကို တွန်းလှန်နိုင်စွမ်းရှိသည်ပင်။


အချိန် ငါးမိနစ်၊ ခြောက်မိနစ်ခန့်ကြာပြီးမှ မိန်းမော‌‌ဝေဝါး‌နေသော မျက်ဝန်းများကို ပြန်စူးစိုက်နိုင်တော့သည်။ အနည်းငယ်နေရခက်သောခံစားချက်ကြောင့် ဟယ်ကု လှုပ်ရှားရန်ကြိုးစားလိုက်မိသည်။


စုန့်ကျွီးဟန်က သူ့ခါးကို ဖက်၍ ခေါင်းကိုလည်း လည်တိုင်တွင် အပ်ထားသေးသည်။ သူက ပျင်းရိပျင်းတွဲဖြင့် “မလှုပ်နဲ့ဦး။ ခဏလောက် လှဲနေပါရစေ။” ဟုဆိုသည်။


"ငါ ဒါတွေ သန့်ရှင်းလိုက်ချင်တယ်။” ဟယ်ကုက စကားကိုရပ်လိုက်ပြီးမှ “ငါ့ကိုယ်ပေါ်မှာမလုပ်ပါနဲ့ဆိုတာကိုကွာ... ပြောထားရဲ့သားနဲ့။”


စုန့်ကျွီးဟန်က သူ့ရင်ဘတ်ကို ပွတ်ကာဖြင့် “မိုက်တယ်လေကွာ။ စိတ်ကျေနပ်ဖို့လည်းကောင်းတယ်။ ဘာမှားလို့လဲ? ငါ ဒီလိုမျိုးကို မင်းနဲ့မှ လုပ်ရဲတာပါဆို။” လေသံက စိတ်ပျက်ဖွယ်ကောင်းသော်လည်း ပြောလိုက်သောစကားက လက်ဆောင်များလို သိမ်းထုတ်ထားချင်စရာပင်။  


ဟယ်ကုက တခြားဘာမှ ဆက်မပြောတော့ချေ။ သူ တစ်ခေါက်မကပြောထားပြီးသားဖြစ်သည်။ အတိအကျ ဆိုရလျှင် ဟယ်ကု စုန့်ကျွီးဟန်ကို သုံးကြိမ်တိတိပြောခဲ့ဖူးသည်။ ဒီလိုခေါင်းမာနေသောသူနှင့် ဖက်ပြိုင်ပြောနေ လည်း မထူးသည်မို့ ဆက်မပြောရန်သာဆုံးဖြတ်လိုက်တော့သည်။


စုန့်ကျွီးဟန်က ဟယ်ကုအရေပြားပေါ်တွင် တင်ကျန်နေသော ချွေးစက်များကို ဆော့ကစားရင်း စနောက်နေသေးသည်။ “ဒါ အသားအရေအစိုဓာတ်ထိန်းဖို့ နည်းလမ်းကောင်းနော်။”


ဟယ်ကု မျက်နှာတစ်ခုလုံး ရှက်သွေးရဲကာ မျက်နှာကို ခေါင်းအုံးတွင် နှစ်၍ဖွက်ထားမိတော့သည်။


"မင်းက အရမ်းမိုက်နေတုန်းပဲ။ ဘယ်လိုများထိန်းသိမ်းထားလဲ?”


ဟယ်ကု စကားမပြန်ပေ။


စုန့်ကျွီးဟန်က ပြုံး၍ လေသံနိမ့်နိမ့်ဖြင့် “ဟုတ်ပါတယ်။ မင်းက ဒါမျိုးတွေ သိမှာလဲ မဟုတ်ပါဘူး။” ဟုဆိုလေသည်။


ဟယ်ကု မျက်နှာပူရသက်သာစေရန် ခေါင်းကို ဆိုဖာခုံနှင့်သာ ကပ်ထားလိုက်တော့သည်။


စုန့်ကျွီးဟန်လည်း လည်တိုင်နီနီလေးကို ကြည့်၍ အလွန်စိတ်ကျေနပ်နေမိသည်။ သူ ထလိုက်ပြီး ဟယ်ကုကို “လာ.. ငါမင်းနဲ့ရေတူတူချိုးမယ်။” ဟုဆိုကာ ဆွဲထူလေသည်။


ဟယ်ကု၏ ခြေထောက်များမှာ ပျော့ခွေနေသဖြင့် စုန့်ကျွီးဟန်က ရေချိုးခန်းသို့ ချီ၍ ခေါ်သွားရတော့သည်။ စုန့်ကျွီးဟန် ရေပန်းကိုဖွင့်လိုက်ပြီး သူ့ကိုယ်လေးကို နံရံတွင်ကပ်လိုက်ချိန်တွင်တော့ နှစ်ဦးသား နောက်တစ်ကြိမ် ချစ်ပွဲဆင်နွှဲမိကြပြန်တော့သည်။ 


စုန့်ကျွီးဟန်၏ သောင်းကျန်းမှုပြီးဆုံးချိန်တွင် ညသန်းခေါင်ပင် တိုင်နေလေပြီ။ သူ သန့်ရှင်းရေးလုပ်ပြီး အိပ်ရာထဲတွင် လှဲလိုက်ချိန်တွင် လက်ချောင်းလေးများပင် မလှုပ်နိုင်လောက်အောင် ပင်ပန်းနေပြီဖြစ်သည်။


စုန့်ကျွီးဟန်က သူ့ဘေးတွင် အသက်ရှူသံမှန်မှန်ဖြင့် အိပ်ပင်ပျော်သွားလေပြီ။


ဟယ်ကု လရောင်ဖြာကျနေသော စုန့်ကျွီးဟန်၏ မျက်နှာလေးကို ငေးကြည့်နေမိသည်။ သူ့နှလုံးသားထဲက ခံစားချက်ကို သူကိုယ်တိုင်ပင် မဖော်ပြတတ်တော့ချေ။ ကြည့်နေရင်းမှ စုန့်ကျွီးဟန်၏ မျက်နှာသည် ရှိရင်းစွဲအသက်ထက် တဖြည်းဖြည်းဖြင့် ပိုနုငယ်လာသည်ဟု ထင်ယောင်လာပြီး သူ့မသိစိတ်မှ သူတို့အထက်တန်း တတိယနှစ်တက်ခဲ့စဥ်သို့ ခေါ်ဆောင်သွားတော့သည်။ 

 

ထိုစဥ်က ဟယ်ကုဆိုသည်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲများအတွက် ပြင်ဆင်နေသော စာကြမ်းပိုးလေး တစ်ယောက်သာပင်။ စုန့်ကျွီးဟန်က ကျောင်းတွင်အလွန်ကျော်ကြားသော အထက်တန်းကျောင်းသားတစ်ဦး။ အရပ်အမောင်းကောင်းပြီး basketball ကစားလေ့ရှိသည်။ ဂီတတူရိယာအတော်များများကိုလည်း ကျွမ်းကျင်စွာ တီးခတ်တတ်သေးသည်။ ငွေသန်းပေါင်းများစွာတန်ကြေးရှိ ဖျော်ဖြေရေးကုမဏီများ၏ စိတ်ဝင်စားခြင်းကို ခံရသူ လည်းဖြစ်သည်။ သူက စကားတစ်ခွန်းမျှ မဆိုသော်လည်း မီဒီယာများက ထိပ်တန်းကြယ်ပွင့်တစ်ဦးအဖြစ် မကြာခဏဖော်ပြကြသေးသည်။ စုန့်ကျွီးဟန်အနေဖြင့် အနုပညာလောကတွင် ခြေတစ်ဖက်လှမ်းပြီးသား ဖြစ်နေသည့်သဘောပင်။ အရေးအကြီးဆုံးအချက်မှာ သူ့ရုပ်ရည်က အလွန်ချောမောခြင်းဖြစ်သည်။   


ဟယ်ကုကတော့ Gay လေးတစ်ယောက်သာဖြစ်သည်။ ဒါကို သူအလယ်တန်းကျောင်းသား ဘဝမှာပင် သိရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ကောင်လေးချောချောလေးများကို ကြည့်ရခြင်းကို သဘောကျနေတတ်သည်ပင်။ ကြည့်ရုံကလွဲ၍ အခြားဘာမှလည်း မလုပ်ရဲသူ မဟုတ်ပါလား။  


သူတို့နှစ်ဦးကြားတွင် ပတ်သက်ကြုံကြိုက်စရာ အကြောင်းလည်း မရှိခဲ့ပါပေ။ သို့သော် ဆရာမ၏ အတင်းအကြပ် တိုက်တွန်းမှုဖြင့် ကျောင်းတွင်ကျင်းပသော လူမှုဖူလုံရေးဆိုင်ရာ လူထုလှုံ့ဆော်ပွဲတစ်ခုတွင် ပါဝင်ရန် အကြောင်းဖန်လာခဲ့သည်။ ကြော်ငြာရမည့်နည်းလမ်းက ရိုးရှင်းပြီး အဖြစ်သဘောသာသာပင်။ လုပ်ရမည်မှာ ကျောင်းကို ဂုဏ်မြှင့်ရာရောက်သော ဗီဒီယိုများတွင် ပါဝင်ရိုက်ကူးပေးရန်သာဖြစ်သည်။ စုန့်ကျွီးဟန် တာဝန် ယူရမည့် အပိုင်းမှာ ကျောင်း၏ သီချင်းကို တရုတ်၊ အဂ်လိပ်နှစ်ဘာသာဖြင့် ဆိုပြရန်ဖြစ်ပြီး ဟယ်ကု၏ အပိုင်းကတော့ သီချင်းစာသားများကို ဘာသာပြန်ပေးရန်ဖြစ်လေသည်။ 

 

သို့ဖြစ်၍ နေ့လည်ခင်းတစ်ခုတွင် သူနှင့် စုန့်ကျွီးဟန်တို့ ဆရာမ၏ ရုံးခန်းတွင် ထိုင်၍ သူကတော့ မှတ်စုတစ်အုပ်ထဲ တွင် စာသားများကို ဘာသာပြန်နေခဲ့သည်။ ဟယ်ကုတွင် ဂီတနှင့်ပတ်သက်ပြီး အဖြစ်ရှိသော ဆဲလ်တစ်ခုတောင် မပါပါချေ။ စုန့်ကျွီးဟန်ကတော့ သီချင်းများစွာကို‌ ရေးသားဖူးပြီး ကိုယ်ပိုင်အခွေတောင်ရှိနေပြီဖြစ်သည်။ စုန့်ကျွီးဟန်အနေဖြင့် သီချင်းစာသားအပေါ်တောင်းဆိုချက်ကမြင့်မားသည်။ စာသားရေးရသည်မှာ သာမန်အတိုင်း တရုတ်စာမှအဂ်လိပ်စာသို့ပြောင်းရေးရုံဖြင့်ပြီးသည်မဟုတ်ဘဲ ဘာသာပြန်ရာတွင်သီချင်း၏အနုပညာမြောက်သော အယူအဆများ မပျက်ယွင်းစေရန်၊ အဂ်လိပ်စာသားများနှင့် တီးလုံးကာရံကိုက်စေရန်တို့ကိုလည်း ဂရုပြုရသေး သည်။ နေ့လည်ခင်းတစ်ခု အတူအချိန်ဖြုန်းပြီးချိန်တွင် ဟယ်ကုသိလိုက်ရသည်မှာ စုန့်ကျွီးဟန်၏ အဂ်လိပ်စာသည် သူ့ထက်ပိုကောင်းသည် ဆိုသည်ကိုပင်။ ထိုအကြောင်းမေးသောအခါ စုန့်ကျွီးဟန်က သူသည် အကောင်းဆုံး ကျောင်းများမှဆင်းသော နိုင်ငံခြားသားဆရာများဖြင့် ငယ်စဥ်ကတည်းက သင်ကြားခဲ့ရပြီး ကိုယ်တိုင်လည်း နွေကျောင်းပိတ်ရက်တိုင်း နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်ဖူး၍ဖြစ်ကြောင်း ပြန်ဖြေခဲ့သည်။

 

ဟယ်ကုသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသော ကောင်လေးတစ်ယောက်ဖြစ်သော်လည်း ဆရာမကြောင့် သူ လူပိုလေးဖြစ်နေရပြီဟု ခံစားလိုက်ရတော့သည်။ အကြောင်းမှာ သီချင်းဆိုမည့်သူက သီချင်းစာသားများကို သူ့ထက် ပိုကောင်းအောင် ဘာသာပြန်နိုင်စွမ်းရှိနေသောကြောင့်ပင်။


ဟယ်ကု မှတ်မိနေသေးသည်မှာ ဘာသာပြန်ပြီးချိန်တွင် စုန့်ကျွီးဟန်က သူ့ကိုပြုံး၍ “ဒါဆိုရင် ငါပြန်ပြီနော်။” ဟုပြောသွားခြင်းဖြစ်သည်။


ထိုအပြုံးလေးသည် အလွန်ထူးခြားဆန်းပြားပြီး ပန်းများထပွင့်ရလောက်သည့် အပြုံးမျိုး မဟုတ်သော်လည်း ဟယ်ကု၏ နှလုံးသားလေးမှာတော့ လက်သီးပြင်းတစ်ချက်ထိုးခံလိုက်ရသလို ဖြစ်သွားပေသည်။ နာကျင်ခံစား သွားရ၍တော့မဟုတ်။ သူ့နှလုံးသားထဲသို့ တစ်စုံတစ်ခု တိုးဝင်လာသည့် ခံစားချက်လေးရလိုက်သောကြောင့် ဖြစ်လေသည်။ သူစိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်မိသည်ကိုလည်း မှတ်မိသေးသည်။ “ငါဘာမှ မကူညီနိုင်တာ တောင်းပန်ပါတယ်နော်။”


"မင်း ကူညီခဲ့ပါတယ်။" စုန့်ကျွီးဟန်က Memory stick ကိုဆွဲထုတ်ပြီးအိတ်ကို မ လိုက်သည်။ နေရောင်အောက်တွင် အဆိုပါကောင်လေး၏ အသားအရေမှာ နူးညံ့ပြီး နို့ရည်လေးလို ဝင်းမွတ်နေတော့သည်။  မျက်ဝန်း တောက်တောက်လေးများက ကြယ်မှုန်များဖြန့်ကျဲထားသော မြစ်ပြင်ကဲ့သို့ လင်းလက်နေပြီး ဟယ်ကု၏ ရင်ထဲသို့ အကြည်ဓာတ်များ ဖိတ်စင်လာခဲ့သည်။ “အတင်းအဖျင်းတွေနှိုက်ချင်လို့မဟုတ်ဘဲ ငါ့ဘေးမှာ နေပေးတဲ့သူမျိုးက တွေ့ရခဲတယ်လေ။”


ဟယ်ကုမှာတော့ စုန့်ကျွီးဟန် အတည်ချီးကျူးသွားသည်လား၊ ရွဲ့ပြောသွားသည်လား မခွဲတတ်ပေ။ သူမှတ်မိ နေသည်မှာ စုန့်ကျွီးဟန်၏ နောက်စေ့လေး သူ့မြင်ကွင်းက ပျောက်သွားသည်အထိ လိုက်ငေးကြည့်နေမိသည် ဆိုသည့်အချက်ပင်။


ပွဲကလည်း အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ ပြောရလျှင် ကျောင်းသားများက ဗီဒီယိုထဲတွင် ဘာတွေပြသွားသည် ဆိုသည်ကိုပင် ဂရုစိုက်ပုံမရချေ။  ထိုအစား စုန့်ကျွီးဟန်၏ ဖျော်ဖြေမှုကိုသာ ကြည့်လိုကြခြင်းဖြစ်သည်။ ဖျော်ဖြေ အပြီးတွင်တော့ စုန့်ကျွီးဟန်က ယဥ်ကျေးမှုရှိစွာဖြင့် ဆရာ၊ ဆရာမများနှင့် ဟယ်ကုအပါအဝင် စီစဥ်သူ ဝန်ထမ်းများ ကို စင်ပေါ်သို့ခေါ်တင်တော့သည်။ စုန့်ကျွီးဟန်က သူ့ဘေးတွင် ပခုံးချင်းယှဥ်ရပ်လျက် စကားနည်းနည်း ပြောလိုက်သေးသည်။


ထိုအချိန်က ဟယ်ကု၏ စိတ်ထဲတွင် အတွေးနှစ်ခု၊ သုံးခုသာရှိနေခဲ့သည်။ ပထမအတွေးက စုန့်ကျွီးဟန်က တကယ်ကို အရည်အချင်းရှိပြီး ကောင်းကောင်းပွဲထိန်းနိုင်ကြောင်းနှင့် ဒုတိယအတွေးက စုန့်ကျွီးဟန်က သူ့နာမည်ကို ခေါ်လိုက်ကြောင်းဖြစ်သည်။ တတိယအတွေးကတော့ စုန့်ကျွီးဟန်၏ လက်များက အလွန် ပူနွေးနေသောကြောင့် ဟယ်ကု တစ်ကိုယ်လုံးပူတက်လာရကြောင်းပင်ဖြစ်တော့သည်။


ထိုစဥ်က သူ့မျက်နှာ တစ်ခုလုံး အလွန်နီမြန်းနေလောက်ပေသည်။

 

အဆိုပါပွဲအပြီး အချိန်အတော်ကြာသည်အထိ သူတို့နှစ်ဦးကြားအဆက်အစပ်မရှိခဲ့ပြန်ပါ။ ကျောင်းဝင်းအကျယ်ကြီး ထဲတွင် သူ စုန့်ကျွီးဟန်ကိုရှာဖွေခဲ့ပါသေးသည်။ တစ်ကြိမ်သာ ရှာတွေ့ခဲ့ပြီးတိတ်တဆိတ် ခိုးကြည့်ခဲ့မိသည်။  


ကောလိပ်ဝင်ခွင့်စာမေးပွဲများ ပြီးဆုံး၍ ကျောင်းသို့ပြန်ရသည့်နေ့တွင် လူရှင်းနေသောယောက်ျားအိမ်သာထဲ၌ နှစ်ဦးသား မတော်တဆပြန်ဆုံခဲ့ကြသည်။


ဟယ်ကုက သတိမွေး၍ စုန့်ကျွီးဟန်ကို နှုတ်ဆက်လိုက်သော်လည်း စုန့်ကျွီးဟန်ကတော့ “အာ” ဟုတစ်ခွန်းသာ ရေရွတ်၍ ပြန်ကြည့်လာခဲ့သည်။ သူ့ကို မေ့နေလေပြီ။ 


ဟယ်ကု အလွန်စိတ်ပျက်သွားရသည်။


စုန့်ကျွီးဟန်ကတော့ ပေါ့ပေါ့ပါးပါးပင် မေးလာခဲ့သည်။ “မင်းက အကြီးတန်းကပဲ။ စာမေးပွဲကဘယ်လိုလဲ?”


“ဖြေနိုင်ပါတယ်။”



စုန့်ကျွီးဟန်က လေချွန်ကာ ဘောင်းဘီဇစ်ကိုဆွဲ၍ မျက်လုံးများပင့်ကြည့်လာခဲ့သည်။ ထိုစဥ် ဟယ်ကု ခိုးကြည့်နေ သည်ကို မိသွားတော့သည်။


ဟယ်ကု သူခိုးလူမိသွားသလို ခံစားလိုက်ရသော အရှက်တရားနှင့်ကြောက်ရွံ့မှုကို မှတ်မိနေဆဲပင်။


စုန့်ကျွီးဟန်၏မျက်နှာထားက အနည်းငယ်ပြောင်းသွားခဲ့သည်။ ဆွဲမတင်ရသေးသောဇစ်နေရာကိုလှမ်းကြည့်ရင်း သူမဖုံးဖိလိုက်နိုင်သော သူ့အောက်ပိုင်းက တုံ့ပြန်မှုကို မြင်သွားတော့သည်။ ထို့နောက် သူ့လေသံအတိအကျကို ဟယ်ကု ယခုအထိ မှတ်မိနေဆဲဖြစ်သည့်၊ ထိုမေးခွန်းကို မေးလာခဲ့သည်။


“မင်းက Gay လား?”


ထိုလေသံတွင် အံ့သြမှုနှင့် တစ်ဖက်သားကို နှိမ်လိုခြင်းများသာ ပြည့်နှက်နေလေသည်။


ဟယ်ကု စိတ်ထဲက ညည်းတွားလိုက်မိသည်။ သူသိသည်မှာ သူ့လျှို့ဝှက်ချက်များကို အလွယ်လေးဖော်ခံလိုက်ရပြီး ပြောမပြတတ်လောက်အောင် ရှက်မိနေသည်ကိုပဲဖြစ်သည်။

ထိုအချိန်များက Gay ဖြစ်ခြင်းကို ယခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့်လက်မခံနိုင်ကြသေးချိန်ဖြစ်သည်။ လူအများစုမှာ အချစ်ကို ခိုးကြောင်ခိုးဝှက်သာ ရှာဖွေကြရသည်။ သို့သော် ဖျော်ဖြေရေးအသိုင်းအဝိုင်းနှင့် ငယ်စဥ်ကတည်းက လက်ပွန်းတတီးရှိလာသော စုန့်ကျွီးဟန်ကမူ ဒီကိစကို သူ့ရွယ်တူများထက် ပိုမိုပွင့်လင်းစွာ သိရှိနေသူလည်း ဖြစ်သည်။ 


စုန့်ကျွီးဟန်က ခပ်လှောင်လှောင်ရယ်လိုက်ပြီး ထွက်သွားတော့သည်။


ဟယ်ကု ထိုနေ့လည်ခင်းက အိမ်သာထဲတွင် အကြာကြီး ပုန်းနေမိသည်ကို မှတ်မိလိုက်သည်။


ထိုသို့ဖြင့် ကောလိပ်ဝင်ခွင့် စာမေးပွဲအပြီး ပေါ့ပါးစွာရှိနေရမည့် နေ့လည်ခင်းကို စိတ်ထဲ မသက်မသာဖြင့်သာ ဖြတ်သန်းခဲ့ရရှာတော့သည်။



rate now: