book

Index 9

အပိုင်း ၉။

  • Author : Chan Chan
  • Genres : Adventure
  • Original Author : Taran Matharu

Fletcher က ဘာ့ကြောင့် သင်္ချိုင်းဂူကို ခိုးကြောင်ခိုးဝှက်နဲ့ ဖောက်ဝင်မိခဲ့သလဲဆိုတာ သူ့ကိုယ်သူတောင် မယုံကြည်နိုင်ခဲ့။ ဒီလိုစမ်းကြည့်ရုံနဲ့လဲ ဘာမှဖြစ်လာနိုင်မှာတော့ မဟုတ်ဘူးလေ။ ဒါပေမယ့် သာမန်လူကနေ မှော်ဆရာတစ်ယောက်ဖြစ်မလာခင်မှာ သူတို့အစွမ်းနဲ့ဆိုင်တဲ့ လက္ခဏာရပ်တွေပြလေ့ရှိတာတေ့ာ သူသိသည်။ တစ်ချို့က ပစ္စည်းတွေကို နေရာရွှေ့ပြောင်းနိုင်ပြီး တစ်ချို့က မီးပွားတွေဖန်တီးနိုင်ကြတာမျိုးပေါ့။ သူမှာရှိတဲ့ တစ်ခုတည်းသော အကျွမ်းကျင်ဆုံးအရာက အပြောစွမ်းရည်ပဲပေါ့။

ဒီစာအုပ်ကိုဖတ်နေတုန်းထဲက အရမ်းကို စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး တစ်ကြိမ်တစ်ခါ စမ်းသပ်ကြည့်ရမှ နောက်တစ်ခေါက်ရှေ့တန်းသွားလို့ ရောင်းပစ်ခဲ့ရင်တောင် သူနောင်တမရဘဲနေမှာဖြစ်သည်။ ဒါက Rotherham ရက်ရက်ရောရော ပေးခဲ့တဲ့ လက်ဆောင်ဆိုတော့ အကယ်၍ ရောင်းခဲ့ရရင် သူ့ကို ရှာပြီး ရောင်းရငွေကို တစ်ဝက်ခွဲပေးရမယ်။


သူက အုတ်ဂူအကျိုးပဲ့တစ်ခုပေါ်မှာ ထိုင်လိုက်ပြီး စာအုပ်ကိုတော့ အုတ်ဂူနဲ့ တစ်ပေအကွာလောက်နားက သစ်ပင်အိုပေါ်မှာ တင်ထားလိုက်တယ်။ Didric နဲ့ သူ့လူတွေ သူမရှိတုန်း အိမ်ကိုဖောက်ဝင်ပြီး စာအုပ်ကို ရှာယူသွားမည်ကို စိုးရိမ်သည်ကတစ်ကြောင်း၊ သို့မဟုတ် သူသင်္ချိုင်းမြေကိုလာတဲ့လမ်းမှာ ဖမ်းမိမှာကို စိုးရိမ်တာကတစ်ကြောင်း သူဒီကိုထွက်မလာခင်ကတည်းက စာအုပ်ကို ထားခဲ့ရင်ကောင်းမလား ယူလာရင်ကောင်းမလား ဝေခွဲမရနိုင်ဖြစ်နေခဲ့တာ ဖြစ်သည်။ နောက်ဆုံးမှာတော့ စာအုပ်ကိုမျက်စိအောက်က အပျောက်မခံနိုင်သောကြောင့် သူနဲ့ပဲယူလာခဲ့တော့တာပေါ့။


စာလိပ်ရဲ့သားရေသားနဲ့ ထိတွေ့လိုက်တာနဲ့ ဒီသားရေသားပေါ်က တုန်လှုပ်ခြောက်ခြားဖွယ်ရာကောင်းတဲ့  အမှတ်အသားတွေကို ကြည့်ရင်း ဒီစာတွေက အပြစ်သားတစ်ယောက် မသေဆုံးခင်မှာပဲ အရှင်လတ်လတ် ထွင်းထားတဲ့ စာတွေဖြစ်တာကို Fletcher ခံစားမိလိုက်တယ်။ သို့ပေမယ့် ဝင်လာတဲ့ ကြောက်စိတ်တွေကို ဖယ်ထုတ်လိုက်ပြီး စာလိပ်ကို လက်ဖျားလေးတွေနဲ့ ထိရုံသာကိုင်ထားလိုက်တယ်။ စာလိပ်ရဲ့ မျက်နှာပြင်ကလည်း အံ့သြစရာကောင်းအောင်ကို ခြောက်သွေ့ပြီး ဖုန်တွေနဲ့ ထူပိတ်နေသည်။ 


စာလိပ်ပေါ်က စကားလုံးတွေက စကားစုဟုခေါ်ဆိုရန်ထက် Orc တွေ၏ ဂီတစာစုများဖြစ်သော “ဒို ရေ မီ” များလိုသာဖြစ်သည်။ သို့သော်လည်း တကယ့်ဆင့်ခေါ်ခြင်းတွေအတွက် ဘယ်လိုဘာသာစကားမျိုး အသုံးပြုသည်ကို သူမသိချေ။ ဖြစ်နိုင်သည်ကတော့ သူခုဖတ်မယ့်စာလိပ်ထဲက စာတွေကို Orc တွေက သူတို့ရဲ့ ကိုယ်ပိုင်အရေးအသားတွေအဖြစ် ဘာသာပြန်ရေးခဲ့ကြတာ ဖြစ်မည်။ စာအုပ်ပိုင်ရှင် James Baker က ဒီစာအုပ်ထဲက နတ်ဆိုးကောင်က Orc Shaman တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ပါရမီရှင်နတ်ဆိုးလို့တော့ ရေးထားပေမယ့် ဒါတွေက ခိုင်လုံတဲ့ အကြောင်းအရာတွေပါလို့ ဘယ်သူကပြောနိုင်မှာမို့လဲ? သူတွေးထားတာက “သည်စာတွေကိုသူရွတ်ကြည့်ချင်သည်၊ ပြီးတာနဲ့ နွေးထွေးတဲ့ သူ့အိပ်ယာဆီ ပြန်ပြီး အနည်းဆုံးတော့ သူစမ်းသပ်ခဲ့ဖူးတယ် ဆိုတဲ့အသိနဲ့ ပျော်ရွှင်စွာ အိပ်ယာဝင်မည်” ဒီလောက်ပင်။ 


“ဒီ ရာ ဂို မိုင် လို ဖာ လို ဂို ရာ လို …” 


သူစတင်ရွတ်ဖတ်လိုက်ပြီး အသံထွက်ကရယ်စရာကောင်းနေသဖြင့် ခုချိန်မှာ သူ့ကိုစောင့်ကြည့်နေသူဆိုလို့ သင်္ချိုင်းမှာရှိတဲ့ နှစ်ချို့သရဲတွေကလွဲရင် ဘယ်သူမှရှိမနေတာကိုပဲ စိတ်ထဲကနေ ကျေးဇူးတင်လိုက်မိသေးသည်။ 


စာလုံးတွေက သူ့နှလုံးသားထဲကနေ ရင်းနှီးနေသလိုဖြစ်ပြီး သူ့ပါးစပ်ကနေ အလိုအလျောက်ပြောထွက်လာကာ သူရပ်ချင်သော်လည်း ရပ်တန့်မရနိုင်ခဲ့ပဲ စကားလုံးတိုင်းကို ကျယ်လောင်ပီသစွာဖြင့် ရွတ်ဖတ်နေခဲ့မိတယ်။ ခန္တာကိုယ်က မူးဝေယိမ်းယိုင်ကာ နွေးထွေးမှုကို ခံစားနေရပြီး မျက်လုံးမှ ကြည်လင်သော ရေပြင်ကျယ်ကို ကြည့်ရှူနေသလို စာလုံးများကို ပြတ်သားစွာ မြင်နေရသည်။ Fletcher ရဲ့ စိတ်ထဲမှာတော့ စာလုံးတွေက ထပ်ခါထပ်ခါပေါ်လာနေတဲ့ မယ်လိုဒီတေးသွားများလို ဝဲလည်နေခဲ့သည်။ 


“ဖိုင် လို ဆို နဲ ဒီ ရာ …” 


နောက်ဆုံးစာကြောင်းဆီမရောက်ခင် အချိန်ထိ စကားလုံးတွေက မရပ်မနားထွက်ကျလာခဲ့ပြီး အဆုံးမှာတော့ သူ့ရဲ့ နှစ်ခွဖြစ်နေခဲ့တဲ့ အသိစိတ်ကလည်း ချိန်ထားတဲ့ မြှားဦးမှ ပုံမှန်ထက်နှစ်ဆမြန်သော မြန်နှုန်းဖြင့် ပစ်လွှတ်လိုက်တဲ့ မြှားတံလို လွတ်မြောက်သွားတယ်။ သူ့အနေနဲ့ ဒီလိုအတွေ့အကြုံမျိုးကို အကျွမ်းတဝင်ရှိပြီးသား လူတစ်ယောက်လို ခံစားနေရပြီး သင်္ချိုင်းမြေပတ်ပတ်လည်က အရောင်တွေကလဲ ထူးခြားလင်းလက်လာခဲ့တယ်။ အုတ်ဂူတွေကြားမှာ ပေါက်လေ့ရှိတဲ့ ဆောင်းပန်းလေးတွေက သူ့ရဲ့အမြင်အာရုံထဲမှာ အလင်းရောင်တွေနဲ့ တလက်လက်တောက်ပနေတော့တယ်။ 


သူ့နှလုံးခုန်သံတွေက ရင်ဘတ်ထဲ ဗျောင်းဆန်နေခဲ့ပြီး စိတ်ထဲလေးလံလာကာ ပထမအစမှာတော့ သိပ်မသိသာပေမယ့် တဖြည်းဖြည်း အားပြင်းလာခဲ့ပြီး သူလဲဒူးထောက်ရက်သား မှောက်ကျသွားခဲ့တယ်။ သူခေါင်းပြန်မော့ကြည့်လိုက်တော့ စာအုပ်အဖုံးက အရောင်တွေလင်းဖြာနေခဲ့တယ်။ စာအုပ်ပေါ်မှာ ရေးဆွဲထားတဲ့ ကြယ်ပုံက ခရမ်းရောင်အလင်းတန်းစက်ဝိုင်းတွေ ပေါ်ထွက်လာပြီး ထိုစက်ဝိုင်းရဲ့ အပေါ်ဘက်မှာတော့ အပြာရောင်အလင်းစက်လေးတစ်ခုက ပိုးစုန်းကြူးမီးအလင်းရောင် အရွယ်အစားရှိနေရာကနေ စက္ကန့်ပိုင်းအတွင်းမှာပဲ ကျောက်တုံးတစ်တုံးစာခန့် ကြီးမားလာခဲ့တယ်။ အလင်းရောင်က အရမ်းစူးရှလွန်းလို့ မျက်နှာလွှဲထားရပြီး အလင်းအားကောင်းလာတာနဲ့အမျှ သူ့မျက်နှာကို လက်နဲ့အုပ်ကွယ်ထားလိုက်ရတယ်။ ထွက်ပေါ်လာတဲ့အသံတွေက Berdon ရဲ့ ဖိုထဲကမီးစာတွေ လောင်မြိုက်‌နေတဲ့ အသံလိုမျိုး သူ့နားထဲဆူညံနေပြီး ဦးခေါင်းခွံရိုးတွေပါ နာကျင်လာသည်ထိ တဆစ်ဆစ်ကိုက်ခဲလာတယ်။ 


တစ်နာရီခန့်အကြာမှာတော့ အရာအားလုံးရပ်တန့်သွားခဲ့တယ်။ ပတ်ဝန်းကျင်က ရုတ်တရက် အမှောင်ထုနဲ့အတူ ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားပြီး Fletcher က သူ့ကိုယ်သူသေဆုံးသွားပြီလို့တောင် ထင်မှတ်မိလိုက်သည်။ ဒူးထောက်ရက်နဲ့ပဲ နဖူးကိုမြေကြီးနဲ့ထိကာ အသက်ကိုပြင်းပြင်းရှူပြီး ဒီကမ္ဘာကြီးပေါ်မှာ သူရှိနေသေးတယ်ဆိုတဲ့ အသိစိတ်ကို မနည်းပြန်သွင်းယူနေခဲ့ရသည်။ ခဏအကြာမှာ သေးငယ်တဲ့ အသံတစ်ခုထွက်ပေါ်လာတယ်။  


စာအုပ်ရဲ့နှစ်ပေအကွာခန့်က မြက်ခင်းပေါ်မှာ နတ်ဆိုးအကောင်လေးတစ်ကောင်ကို ထိုင်ရက်သားတွေ့လိုက်ရသည်။ သူ့ရဲ့အမြှီးက ကြောင်ရိုင်းတွေလိုပဲ နောက်မှာကပ်လျက်ရှိပြီး သူ့လက်သည်းတွေထဲမှာက တခြားကမ္ဘာက ပါလာတဲ့ အမည်းရောအင်းဆက်ပိုးကောင်လို အကြွင်းအကျန်တစ်ခုကို ကုပ်ထားတာတွေ့ရတယ်။ အခွံမာသစ်ချသီးတွေနဲ့အတူ တွေ့ရလေ့ရှိတဲ့ ရှဥ့်တွေလိုပဲ ပိုးတောင်မာကောင်နဲ့ နတ်ဆိုးလေးဖြစ်နေသည်။ 


ဒီသတ္တဝါကောင်လေးက ယုန်တစ်ကောင်ရဲ့ အရွယ်အစားရှိပြီး တောက်ပတဲ့ခန္တာကိုယ်နဲ့ ခြေလက်များမှာ တောင်ပေါ်ဝံပုလွေများကဲ့သို့ အပြေးမြန်ပြီး သန်မာမည့်ပုံရှိသည်။ စပျစ်ဝိုင်လို ချွဲပျစ်ပျစ်အသားအရည်ရှိပြီး အသိဉာဏ်ရှိတဲ့ ဇီးကွက်တစ်ကောင်လိုပဲ ပြူးကျယ်ဝိုင်းစက်သည့် မျက်လုံးများက ပယင်းရောင်သန်းနေခဲ့သည်။ အံ့အားသင့်စရာတစ်ခုကတော့ သူ့မှာ စကားပြောဖို့ သွားတွေမရှိဘဲ မြစ်လိပ်တစ်ကောင်ရဲ့ နှာခေါင်းနဲ့တူတဲ့ သူ့ရဲ့ နှာခေါင်းကနေ နှာရည်တွေက စီးကျနေတာကို တွေ့ရသည်။ ဒီသတ္တဝါက သူ့ဘက်ကိုပြန်လှည့်မကြည့်ခင် ပိုးတောင်မာကောင်ရဲ့ နောက်ဆုံးကျန်တဲ့ အပိုင်းကို ဆွဲထုတ်စားလိုက်တယ်။ 


Fletcher က အုတ်ဂူအကျိုးတွေကြားထဲကို နောက်တဖြည်းဖြည်းဆုတ်ပြီး လှည့်ထွက်ဖို့ပြင်ချိန်မှာပဲ အကောင်လေးက သစ်ငုတ်တွေနားကနေ အော်ပြီး သူ့အမြှီးကို လှုပ်ရမ်းကာ ပြေးထွက်လာခဲ့တယ်။ အမြှီးရဲ့ထိပ်မှာ သမင်ရိုးလိုမျိုးချွန်ထက်ထက်အရာတစ်ခု ပါတာကို Fletcher သတိထားမိလိုက်တယ်။ ကမ္ဘာကြီးတစ်ခုလုံး အမှောင်ကျနေခဲ့သလိုမျိုး သင်္ချိုင်းမြေတစ်ခုလုံးက လေတိုးသံပင် မကြားရအောင် တိတ်ဆိတ်နေခဲ့တော့သည်။ 


ဒီအကောင်လေးက သူ့ရဲ့အဝါရောင်သမ်းတဲ့ မျက်လုံးတွေနဲ့ Fletcher ပေါင်ပေါ်ကနေ သံသယမကင်းတဲ့ အကြည့်တွေနဲ့ မော့ကြည့်နေခဲ့တယ်။ မျက်လုံးချင်းဆုံချိန်မှာတော့ သူတို့နှစ်ယောက်ကြားမှာ ထူးခြားတဲ့ဆက်နွယ်မှု တစ်ခုရှိသလို သူခံစားလိုက်ရတယ်။ သူကဒီနေရာကနေ လွတ်မြောက်ချင်ပေမယ့် သိလိုစိတ်ကလဲ ပြင်းပြနေခဲ့သေးသည်။ Fletcher ကအသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ကာ စိတ်တင်းပြီး ထွက်ပြေးဖို့ကိုပဲ ပြင်ဆင်လိုက်တယ်။ 


သို့ပေမယ့်လည်း ရုတ်တရက် နတ်ဆိုးကောင်လေးက သူ့ပေါင်ပေါ်ကနေ သူ့ရင်ဘတ်ပေါ်ကို ခုန်တက်လိုက်တယ်။ ခေါင်းတစ်ဖက်ကိုစောင်းပြီး သူ့မျက်နှာကိုအလွတ်ကျက်နေသလိုမျိုး စူးစမ်းနေရင်းက သူ့နဖူးနဲ့ ခေါင်းကို ပုတ်လိုက်တယ်။ 


Fletcher လည်းတစ်ကိုယ်လုံး တောင့်ခဲသွားပြီး ကြောင်ကြည့်နေရင်းကနေ ထိုင်ချလိုက်တယ်။


နတ်ဆိုးကောင်က သူ့ကိုယ်ပေါ်ကို တွယ်ကပ်သွားလာနေပြီး သူ့ရဲ့လက်သည်းခြေသည်း အချွန်တွေကြောင့် အင်္ကျီသားတွေပါ ပေါက်ပြဲကုန်တယ်။ အကောင်လေးက သူ့ရဲ့ လည်ပင်းနားဆီသွားပြီး မြွေတစ်ကောင်လိုပဲ ရစ်ပတ်လိုက်တယ်။ သူ့ရဲ့ဗိုက်သားတွေက ချောမွေ့ပြီး နွေးထွေးလွန်းတယ်။ သူ့ရဲ့ ပူပြင်းတဲ့ အသက်ရှူသံကို Fletcher ရဲ့နားရွက်တွေကတစ်ဆင့် ခံစားနေရပြီး ဒီအခိုက်အတန့်မှာပဲ Didric သူ့ကို ပေးဖို့ကြိုးစားခဲ့တဲ့ သေလောက်တဲ့နာကျင်မှုမျိုးကို ပြန်အမှတ်ရမိသွားတယ်။ ‘အကယ်၍ သူသာဒီနေရာမှာ တစ်ခုခုဖြစ်သွားရင် သူ့ခန္ဓာကိုယ်ကို သင်္ချိုင်းထိ အဝေးကြီး သယ်လာစရာမလိုတော့ဘူးပေါ့’ ဟု သူကအဆိုးဆုံးကို တွေးမိပြန်တယ်။ လည်ပင်းမှာပတ်ထားတဲ့ အရာက ပိုပြီးတင်းကျပ်လာတာနဲ့အမျှ ဒီအဖြစ်အပျက်ကြီး အမြန်ပြီးပါစေလို့ပါသာ ဆုတောင်းနေမိတော့တယ်။ 


~~~~~


rate now: