book

Index 8

အပိုင်း ၈။

  • Author : Chan Chan
  • Genres : Adventure
  • Original Author : Taran Matharu

Fletcher တစ်ယောက် မျက်စိနှစ်လုံးဖွင့်ဖွင့်ချင်းပဲ မနေ့ညကအဖြစ်ကိုတွေးရင်း နောင်တရနေမိတယ်။ မနက်ခင်းရဲ့ အလင်းရောင်က ပြတင်းတံခါးကို ဖြတ်ပြီးဝင်လာခဲ့ပြီး သူတံခါးထပိတ်တော့ အပြင်လေက စိမ့်ပြီးဝင်လာသည်။ မနေ့ညက မူးမူးနဲ့ ပြတင်းပေါက်မပိတ်ပဲ အိပ်လိုက်မိတာထင်တယ်။ 

အမှောင်ခန်းထဲ စစ်သားကြီးကို လှည့်ပတ်ရှာကြည့်သော်လည်း လူမတွေ့ပဲ မနေ့ညကသူအိပ်ဖို့ ပြင်ပေးထားတဲ့ သားမွှေးစောင်ကိုပဲ ပုံလျက်သားတွေ့လိုက်ရသည်။ သူအလန့်တကြားထွက်ရှာတော့ Rotherham ရဲ့ လားရော သူရောမရှိတော့ပဲ ဘယ်မှာမှရှာမတွေ့ခဲ့တော့ချေ။ 


“နောက်ဆုံးတော့ နိုးပြီပေါ့လေ” Berdon ကသူ့နောက်ကထွက်လာပြီး မကျေမချမ်းဖြစ်နေတဲ့ အသံနဲ့ပြောတယ်။ သူက ဖိုနားမှာ လက်နှစ်ဖက်ပိုက်ကာရပ်နေပြီး တင်းမာတဲ့အကြည့်နဲ့ Fletcher ကို ငုံ့ကြည့်နေတယ်။ 


Fletcher က မူးဝေနေပြီး ပျို့အန်ချင်သလိုဖြစ်နေ၍ စကားပင်ပြန်မပြောနိုင်။ နောက်ဘယ်တော့မှ ထပ်မသောက်တော့ဘူးလို့ တွေးနေမိတယ်။


“စစ်သားကြီးက သူမသွားခင် မနေ့ညကဘာတွေဖြစ်ခဲ့သလဲ ငါ့ကိုအကုန်ပြောပြခဲ့တယ်။ ဒီမှာကြည့် မင်းရန်ဖြစ်တာကိုလည်း ငါခွင့်မပြုနိုင်သလို မင်းဒဏ်ရာရလာတာကိုလဲ ခွင့်မလွှတ်ဘူး။ ဒါပေမယ့်လည်း မင်းပုံစံ နည်းနည်းပြောင်းလဲလာတာကို မြင်ရတာတော့ ငါဝမ်းသာတယ်” Berdon က Fletcher ရဲ့ ဆံပင်တွေကို လက်နဲ့ထိုးဖွလိုက်ပြီး သူ့ခေါင်းကို ရမ်းခါပစ်လိုက်တယ်။ Fletcher တစ်ယောက်မူးဝေပြီး အစာအိမ်ထဲက စားထားသောက်ထားသမျှတွေ အကုန်အန်ထွက်ကုန်တော့တယ်။ 


“နည်းတောင်နည်းသေးတယ်။ ဒါသင်ခန်းစာလို့ပဲမှတ်” Berdon က သူ့ဖြစ်ပုံကိုကြည့်ပြီး ရယ်နေခဲ့တယ်။ “အရက်ပြင်းတွေသောက်နိုင်တဲ့ အချိန်ကျရင် ဒါမျိုးခံစားချက်ရမှာ မဟုတ်တော့ဘူး” 


Fletcher ကတော့ သူ့လည်ချောင်းထဲက ဒီခါးသက်တဲ့အရသာတွေကို ရှင်းထုတ်ပစ်ကာ ဖိုထဲပြန်ဝင်ပြီး မနေ့ညက Rotherham အိပ်သွားတဲ့ အိပ်ယာတွေကိုသိမ်းတယ်။ 


“ဒါအကုန်ပဲထင်ပါတယ်” ပါးစပ်ကိုလက်နဲ့အုပ်ကာ သမ်းရင်းပြောလိုက်တယ်။ 


“Aye! ငါမင်းအတွက် ဝက်သားချောင်းကြော်ပေးမယ်၊ ရေတွင်းထဲက ရေလဲခပ်ထားပေးမယ်” Berdon က ဖိုထဲကနေလှမ်းအော်ပြောတယ်။


သူ့ခေါင်းထဲအစာစားချင်စိတ် ရှိမနေပေမယ့် Berdon လုပ်ကျွေးတဲ့ ဝက်သားချောင်းကြော်ဆိုရင်တော့ စားကောင်းမှာပါလို့ တွေးရင်း အိပ်ယာထဲပြန်လှိမ့်အိပ်နေလိုက်တယ်။ နူးညံ့တဲ့သားမွေးပေါ်မှာ ခေါင်းချလိုက်တာနဲ့ ပြန်လည်အိပ်ပျော်သွားတယ်။ ခဏကြာတော့ ဖိုထဲက ဝက်သားချောင်းကြော်နေတဲ့ အသံတွေကြောင့်နိုးလာပြီး ဟိုဒီလှိမ့်နေခဲ့တယ်။ 

သူလှိမ့်လိုက်တဲ့ အောက်မှာခုနေတဲ့ တစ်စုံတစ်ခုရှိနေခဲ့ပြီး မြင်ရအောင်သူဆွဲထုတ်လိုက်တယ်။ Rotherham ရဲ့သားမွေးစောင်တွေကြားထဲမှာ ညှပ်နေတဲ့ အိတ်တစ်လုံးပဲ။ အပေါ်မှာ သားရေကြိုးနဲ့ပတ်ထားတဲ့ စာအိတ်ပါပြီး အထဲကိုစုတ်ဖြဲကြည့်လိုက်တော့ မညီညာတဲ့လက်ရေးနဲ့ ရေးထားတဲ့ စာတစ်စောင်ဖြစ်သည်။


Fletcher,

မနေ့ညက ငါ၁သျှီလင်နိုင်ခဲ့တာကို မှတ်မိသေးလား။

ငါထားခဲ့တဲ့ နှုတ်ဆက်လက်ဆောင်ကို မင်းသဘောကျမယ်လို့ ငါမျှော်လင့်ပါတယ်၊

_Rotter.

စစ်သားကြီးက သူစာသိပ်မရေးတတ် မဖတ်တတ်ဘူးလို့ ပြောခဲ့တာ တကယ်ပါပဲလား။ သူရေးထားတာ သိပ်အဆင်မပြေပေမယ့် ဖတ်လို့တော့ရပါတယ်လေ။ လိမ္မာပါးနပ်တဲ့ ဒီအဖိုးကြီးက တစ်မနက်ထဲနဲ့ ပျောက်သွားခဲ့ပေမယ့် နှုတ်ဆက်လက်ဆောင်တောင် ထားပေးခဲ့သေးသည်။ ဒီတိုင်းထွက်သွားလည်း သူ့အတွက် စိတ်ဆိုးစရာတော့ မရှိပါဘူး Rotherham နဲ့ မကြာခင်ပြန်ဆုံတွေ့ဦးမှာတော့ သေချာပါတယ်။ သို့သော် အဖိုးကြီးထားပေးခဲ့တဲ့ ဒီ Gremlin ခါးပတ်ကြိုးကိုတော့ သူဘာလုပ်ရမှန်းမသိ။ 

အိတ်ကိုဖွင့်လိုက်တော့ အထဲမှာ မာမာအရာတစ်ခုစမ်းမိသည်။ ဒါမဖြစ်နိုင်… ဒါ...ဟုတ်ပါ့မလား?... အထိတ်တလန့်နဲ့ မယုံကြည်နိုင်အောင်ဖြစ်ပြီး အိတ်ကိုခါချလိုက်တယ်။ အထဲမှာရှိနေခဲ့တာက “ဆင့်ခေါ်စာအုပ်” “summoning book”. 


သူက အညိုရောင်သားရေအဖုံးကို ဂရုတစိုက်ဖွင့်လိုက်ပြီး ပထမစာမျက်နှာကို လှန်ကြည့်လိုက်တယ်။ ရေးဆွဲထားတဲ့ကြယ်ပုံတွေရဲ့ထောင့်တစ်ခုဆီတိုင်းမှာ ထူးဆန်းတဲ့ သင်္ကေတတွေရေးထားပြီး ဒီ့ထက်ပိုထူးဆန်းတဲ့ ပုံတွေလည်းရှိနေသေးသည်။ နောက်စာမျက်နှာတွေကို လှန်လှောကြည့်တော့ စာမျက်နှာတိုင်းမှာ Fletcher နားမလည်နိုင်တဲ့ ပုံကြမ်းတွေနဲ့ လက်ရေးဖြင့်ရေးဆွဲထားတဲ့ အင်္က္ခရာသင်္ကေတတွေရယ် စာတွေရယ်ပြည့်နေခဲ့တယ်။ စာအုပ်က သံလိုက်တုံးတစ်တုံးစာနီးပါး ထူထဲပြီး တော်တော်လေးသည်။ ဒီစာမျက်နှာတွေအကုန်လုံး ဖတ်ဖို့ဆို တစ်လလောက်တော့ အချိန်ပေးရလိမ့်မည်။ 


Berdon ဆီက အစားအစာတွေကို ပန်းကန်ပေါ်တင်ပြီး ဒီဘက်လှမ်းလာတဲ့ အသံကြားတော့ သူစာအုပ်ကိုချက်ချင်းဖွက်လိုက်တယ်။ Berdon က ဝက်သားချောင်းပန်းကန်ကို ကိုင်ပြီးဝင်လာတယ်၊ အသားချောင်းတွေကို အရောင်ညီနေအောင်ကြော်ထားပြီး ဆားနဲ့ငရုတ်ကောင်းကို အပေါ်ယံကနေဖြူးထားသေးသည်။ 


“ဒါကိုစားလိုက် မင်းအဆင်ပြေသွားလိမ့်မယ်” Berdon က သူ့အဖြစ်ကို ကိုယ်ချင်းစာတဲ့ အပြုံးနဲ့ပြုံးပြပြီး ပန်းကန်ကိုပေးကာ အခန်းထဲကနေပြန်ထွက်သွားခဲ့တယ်။ 


အခန်းတစ်ခုလုံး အသားနံ့တွေမွှေးနေခဲ့ပေမယ့် ဒါကိုဂရုမစိုက်နိုင်ပဲ စာအုပ်ကိုပြန်ဖွင့်ကြည့်လိုက်တယ်။ 


နောက်ဆုံးစာမျက်နှာကနေ စာရွက်တစ်ရွက် ထွက်ကျလာခဲ့တယ် စာရွက်သားက တခြားစာရွက်သားတွေနဲ့ မတူပဲထူးခြားတဲ့သားရေမျိုးဖြင့်လုပ်ထားခြင်း ဖြစ်သည်။ Fletcher လည်း စာရွက်ထွက်ကျလာတဲ့နေရာကနေ စဖတ်လိုက်တယ်။


"ဒီနေ့ဟာဆိုရင်ဖြင့် Lord Etherington ရဲ့ခွင့်ပြုမိန့်နဲ့ ကျွန်တော့ရဲ့ စမ်းသပ်မှုတွေကို စတင်ခဲ့တာ ၁နှစ်ခဲ့ပြီဖြစ်ပေမယ့်လည်း နည်းလမ်းအသစ်တွေကိုတော့ ခုထိရှာမတွေ့နိုင်ခဲ့သေးဘူး။ Orc Shamans တွေ အသုံးပြုတဲ့နည်းလမ်းတွေက ကျွန်တော်တို့နဲ့ကွာခြားတာကိုတော့ တွေ့လာရတယ်။ သူတို့က သူတို့ရဲ့ နည်းစနစ်တွေကို နောက်ကြောင်းမလိုက်နိုင်အောင် ဖုံးလေ့ရှိတယ်။ ခုကျွန်တော်လေ့လာထားတဲ့ အချက်တွေနဲ့ပေါင်းစပ်ပြီး ပြန်လည်တီထွင်စမ်းသစ်ဖို့လုပ်နေပါတယ်။ Hominum တွေ စစ်မြေပြင်မှာ တွေ့ကြုံနေရတာတွေကနေ အမြန်ကင်းလွှတ်စေဖို့ ကျွန်တော့မှာရှိတဲ့ အင်အားအကုန်သုံးပြီး ကြိုးစားရမယ်။ ဒါ့ကြောင့်ပဲ Orc တွေရဲ့ ဆင့်ခေါ်ပုံနည်းစနစ်တွေကို အနီးကပ်လေ့လာနိုင်ဖို့ ဒီတာဝန်ကို ကျွန်တော်ယူခဲ့တာ။


ဒီနေ့မှာ ကျွန်တော့ရဲ့ သုတေသီစမ်းသက်ချက်တွေက အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပေမယ့် ကျွန်တော်တို့မျှော်လင့်ထားသလိုတော့ မဟုတ်ခဲ့ဘူး။ Orc Shaman တွေအသုံးပြုတဲ့ ဆင့်ခေါ်စာလိပ်တွေက လူသားရေနဲ့ ပြုလုပ်ထားတာကို Orc တွေရဲ့ ဘာသာစကားကို ဘာသာပြန်ရင်းနဲ့ အံ့အားသင့်စွာပဲ သိရှိခဲ့ရတယ်။ သူတို့ရဲ့ ဘာသာစကားအသုံးအနှုန်းတွေက ကြမ်းတမ်းခက်ထန်ပေမယ့် ကျွန်တော့အနေနဲ့ ရှင်းမပြနိုင်တဲ့ အလှတရားတစ်ချို့လဲ ပါဝင်နေတာကိုတွေ့ရတယ်။


နတ်ဆိုးကောင်တွေက ဒီစာလိပ်တွေကို ရွတ်ဖတ်ဆင့်ခေါ်သူနဲ့ တသားထဲဖြစ်သွားတယ်လို့တောင် ကျွန်တော်သံသယဖြစ်မိတယ်။ ဖြစ်နိုင်ချေတစ်ခုကတော့ ဒီစာလိပ်ပိုင်ရှင် Orc shaman က အမျိုးအစားနိမ့်တဲ့ သူ့ရဲ့နတ်ဆိုးကောင်ကို အမှောင်ခြမ်းဆိုင်ရာပညာရပ်တွေ သင်ကြားပေးဖို့ လုပ်နေခဲ့တယ်ဆိုတာပဲ။ ဒါက နတ်ဆိုးကောင်တစ်ကောင်ကို စမ်းသပ်ဖို့ ကြုံတောင့်ကြုံခဲ အတွေ့အကြုံတစ်ခုပဲမို့ ကျွန်တော်သာဆက်လေ့လာနိုင်ရင် ဒီကနေ ကျွန်တော့အတွက် မှန်ကန်တဲ့လမ်းကြောင်းဆီကို ညွှန်ပြနိုင်မှာ အသေအချာပါပဲ။ အကြိမ်ကြိမ်ကျရှုံးခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်တော့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့ရဲ့ စမ်းသက်ချက်တွေကို မှားယွင်းတယ်လို့ ထင်လာကြတယ်။ ကျွန်တော့ရဲ့ ကိုယ်ပိုင်နတ်ဆိုးကောင်က စွမ်းအားနည်းတာမှန်ပေမယ့် မျိုးရိုးမြင့်တဲ့ တော်ဝင်သွေးရှိသူတွေမှမဟုတ်ဘူး ကျွန်တော်လည်း အရာရှိတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတာကို အကဲဖြတ်နေကြတဲ့ အထက်လူကြီးတွေသိအောင် ကျွန်တော်သက်သေပြချင်တယ်။ ခုတော့ ကျွန်တော့ရဲ့ တပ်မှူးက သူ့တဲဆီလာဖို့ခေါ်နေပြီမို့ ကျွန်တော်သွားရတော့မယ်။ ဒါက ရန်သူ့ပိုင်နက်ကို ကျော်ဖြတ်ဖို့ ကျွန်တော့အတွက် ပထမဆုံး အခွင့်အရေး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။"

စာတွေဖတ်ကြည့်တော့ အကြောင်းအရာတစ်စုံတစ်ခုကို ရှင်းလင်းတင်ပြထားတဲ့ ဒိုင်ယာရီတစ်ခုဖြစ်ပြီး နောက်ဆုံးအဆုံးသတ်ထားတဲ့ စာကြောင်းတွေအရ စာရေးသူက အလျင်လိုနေခဲ့ပုံရတယ်။ စာရေးသူနာမည်များ ‌ရေးထားမလားလို့ စာအုပ်ရဲ့ အ‌ရှေ့ပိုင်းကို တစ်ချက်လှန်ကြည့်လိုက်တော့ James Baker ရဲ့ ဂျာနယ်စာအုပ်ဆိုပြီး ရွှေရောင်အက္ခရာနဲ့ ထွင်းရေးထားတာကို တွေ့ရတယ်။ 


Fletcher က ဒီနာမည်နဲ့ပတ်သက်ပြီး အမှတ်ရနေခဲ့တယ်။ ဒီလူက သာမန်လူတန်းစားတွေကို ဖတ်ရှုဖို့တားမြစ်ထားတဲ့ ဆင့်ခေါ်စာအုပ်ကို မတော်တဆဖတ်မိပြီး နတ်ဆိုးတစ်ကောင်ဆင့်ခေါ်နိုင်ခဲ့ကာ ဆင့်ခေါ်စွမ်းရရှိခဲ့တဲ့ လူနည်းစုတွေထဲက တစ်ယောက်ပေါ့။ ဒီအဖြစ်အပျက်ဖြစ်ပွားခဲ့ပြီးတဲ့နောက် မြို့ကြီးမှာနေထိုင်ကြတဲ့ Fletcher နဲ့ သက်တူရွယ်တူ ကောင်လေးကောင်မလေးတွေကို နတ်ဆိုးထိန်းချုပ်နိုင်မှုစွမ်းအားနဲ့ ပတ်သက်တဲ့ ဆင့်ခေါ်နိုင်စွမ်းရှိမရှိ စမ်းသပ်ခဲ့ကြတယ်။ သို့ပေမယ့်လည်း မြို့နဲ့အလှမ်းဝေးပြီး လာရောက်ဖို့မလွယ်ကူတဲ့ Pelt ရွာကိုတော့ ချွင်းချက်အနေနဲ့ မစမ်းသပ်ခဲ့ကြဘူး။


သူကပြုတ်ထွက်နေတဲ့ ဒီစာရွက်ရဲ့အသားကို ထပ်စမ်းကြည့်လိုက်တော့ ဘာသားနဲ့လုပ်ထားမှန်း သူနားလည်သွားခဲ့တယ်။ ကြမ်းတမ်းတဲ့ ဒီစာရွက်သားပေါ်မှာ အက္ခရာတစ်လုံးချင်းဆီရဲ့အသံထွက်ကို ဆင့်ခေါ်သူက သေသပ်လှပစွာ‌ ရေးထွင်းထားတယ်။ 


Fletcher က ပြုံးလိုက်ပြီး ဝက်အူချောင်းတွေကို စတင်စားသောက်တော့တယ်။ သူ့မျက်လုံးတွေကတော့ ကြောက်စရာဒီစာမျက်နှာတွေပေါ်ကနေ မခွာနိုင်အောင်ဖြစ်နေခဲ့ပြီး သူ့ရဲ့လက်တွေကို ဒီညအတွက်ဘယ်လိုအသုံးချရမလဲ သူကြိုတွေးနေခဲ့ပြီးပြီဖြစ်သည်။ 


~~~~~


rate now: