book

Index 7

အပိုင်း ၇။

  • Author : Chan Chan
  • Genres : Adventure
  • Original Author : Taran Matharu

နေ၀င်ရီရောအချိန်လည်း ရောက်ရှိလာခဲ့ပြီ။ စစ်သားကြီးရဲ့ ယာယီဆိုင်တန်းလေးကလည်း ပိုပြီးရောင်းကောင်းလာခဲ့တယ်။ စာအုပ်ကလွဲရင် သူခင်းထားတဲ့ ပစ္စည်းတွေအားလုံးရောင်းလိုက်ရပြီ ဖြစ်သည်။ တစ်နေလုံးလည်း လာသမျှ၀ယ်သူတွေကို Fletcher ဆိုင်ကပစ္စည်းတွေရဲ့ ကောင်းကြောင်းကို ချီးကျူးပြီး ပြောပြပေးနေခဲ့တယ်။ သူ့အပြောကြောင့်ပဲ နောက်ထပ် ဓားမြှောင်‌၂ချောင်းနဲ့ စျေးပေါတဲ့ဓားတစ်လက်ကို စျေးကောင်းပေးပြီး ရောင်းလိုက်ရတယ်။ ထိုနေ့၏ရောင်းအားက အခြေအနေကောင်းခဲ့ပြီး Fletcher လဲ ဂျာကင်ကို လက်၀ယ်ပိုင်ဆိုင်ရဖို့ မစောင့်နိုင်တော့အောင် ဖြစ်နေခဲ့ပြီ။ 


“ဒါတွေရောင်းပြီးရင် ငါတို့ရဲ့ကံကောင်းခြင်းတွေအတွက် ဂုဏ်ပြုရအောင် ဆိုင်သွားပြီး သောက်ကြမယ်လေ” စစ်သားကြီးက အကြံပေးတယ်။


“ဆိုင်သွားမယ်အကြံကိုကြိုက်ပါတယ် ဒါပေမယ့် ကျွန်တော်တစ်နေရာကို ခဏလေး၀င်စရာရှိတယ် ကျွန်တော်၀ယ်ချင်နေတဲ့ ပစ္စည်းလေးတစ်ခုရှိလို့လေ” Fletcher က အပြုံးလေးနဲ့ဖြေရင်း လက်ထဲကိုင်ထားတဲ့ ငွေထုပ်ကို စစ်သားကြီးမြင်အောင်ပြလိုက်တယ်။ 


“အဲ့ငွေတွေက စာအုပ်၀ယ်ဖို့လား?” စစ်သားကြီးက နောက်ပြီးမေးသလိုလိုနဲ့ပြောလိုက်တယ်။


“မဟုတ်ရပါဘူးဗျာ၊ အကယ်၍ ကျွန်တော့မှာသာ ‌စုထားတဲ့ငွေပိုရှိခဲ့ရင် ဒီစာအုပ်ကို တကယ်၀ယ်ချင်ပါတယ်။ ဒါမယ့် ကျွန်တော့မှာရှိတဲ့ငွေက ကျွန်တော်အရမ်းလိုချင်နေခဲ့တဲ့ ဂျာကင်အတွက်လောက်ရုံလောက်ပဲရှိတယ်။ ဒီကုန်ဆိုင်ကလည်း ကျွန်တော့်ရဲ့ … အာ… ကျွန်တော့ဆရာ Berdon ပိုင်တဲ့ဆိုင်ဆိုတော့ ဒီနေ့ရောင်းရတဲ့  ၀င်ငွေကလည်း သူ့ဆီပဲ၀င်မှာပဲလေ”  


သူ့နာမည်ကိုပြောတဲ့အသံကြားတော့ Berdon က အလုပ်ထဲပြန်မ၀င်ခင် စစ်သားကြီးကို ဦးညွတ်ပြီး လှမ်းနှုတ်ဆက်လိုက်တယ်။  


“ကျွန်တော့နာမည်က Fletcher ပါ၊ ခင်ဗျားကရော?” Fletcher က လက်ကိုဆန့်ထုတ်ပြီး မေးလိုက်တယ်။ 

“ငါ့မိသားစုကခေါ်တဲ့ နာမည်ကတော့ Rotherham မိတ်ဆွေ အပေါင်းအသင်းတွေကတော့ Rotter လို့ပဲခေါ်ကြတယ်” အဖိုးကြီးက ပြောပြပြီး သူ့ရဲ့ အရည်တွဲနေတဲ့လက်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်တယ်။ အဲ့အချိန်မှာပဲ အဖိုးကြီးဆီက ကြံ့ခိုင်မှုနဲ့ ရိုးသားမှုကို Fletcher ခံစားလိုက်ရတယ်။ လူတစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်ရုံနဲ့ သူ့ရဲ့အကြောင်းကို အများကြီးသိနိုင်တယ်လို့ Berdon ကပြောပြဖူးတယ်။


“မင်းထားသွားလို့ရပြီ Fletcher ဒီနေ့မင်းကောင်းကောင်းလုပ်ခဲ့ပါတယ်၊ ဆိုင်ကိုငါပဲသိမ်းလိုက်မယ်” Berdon ကပြောတယ်။ 


“ခင်ဗျားသေချာရဲ့လား?” Fletcher ကမေးလိုက်ပေမယ့်လည်း တကယ်တမ်းတော့ မြင်းတွေနဲ့‌‌‌ေ၀းရာ ဆိုင်တစ်ဆိုင်ထဲသွားပြီး စစ်သားကြီးဆီက ဇာတ်လမ်းတွေကို ကြားချင်နေပြီဖြစ်သည်။ 


“ငါစိတ်မပြောင်းခင် မင်းထွက်သွားလိုက်တော့ဟ” Berdon က ဖနောင့်စောင့်ချရင်း မာန်မဲလိုက်သည်။ 


သားရေဆိုင်က သိပ်မ‌ေ၀းပေမယ့် ဆိုင်မှာချိတ်ထားတဲ့ ဂျာကင်မရှိတော့တာကို သူသတိထားမိလိုက်တယ်။ သူလိုချင်တဲ့ ဂျာကင်လေးရှိနေဦးပါစေလို့ဆုတောင်းရင်း Rotherham ထက်အရင် လမ်းအောက်ကိုပြေးဆင်းသွားလိုက်တယ်။ Janet က သူ့ရဲ့တစ်နေတာရောင်းခဲ့ရတာတွေကို ရေတွက်နေခဲ့တယ်၊ သူ့လက်ထဲမှာလဲ ငွေသျှီလင်တွေ ရွှေတုံးရွှေစတွေနဲ့ဖြစ်သည်။ 


“မင်းငါ့ကိုဘာလာမေးတာလဲ ငါသိတယ် Fletcher မင်းကလေ ကံမကောင်းဘူးလို့ပဲ ငါပြောချင်တယ် ဂျာကင်က လွန်ခဲ့တဲ့ ၁နာရီလောက်ကပဲ ရောင်းလိုက်ရတာ ဒါပေမယ့် မင်းစိတ်ပူစရာလုံး၀မလိုဘူး သိလား ငါမင်းကို‌ရောင်းပေးပါမယ်လို့ ပြောခဲ့တဲ့အတွက် ဒီနေ့ညပဲ မင်းအတွက် အသစ်တစ်ထည်စပြီး ချုပ်ပေးမယ် နောက်တစ်ပတ်လောက်ဆို ပြီးမှာပါကွာ” 


Fletcher က စိတ်တိုလို့ နံရံကိုလက်သီးနဲ့ ထိုးလိုက်မိတယ်၊ ဒါပေမယ့်လည်း ခေါင်းကိုညိတ်ပြီး အခြေအနေကို သည်းခံစိတ်နဲ့ လက်ခံပေးလိုက်တယ်။ 


“ကဲ သွားရအောင်ပါကွာ ငါမင်းကို ၀ယ်တိုက်ပါမယ်၊ မနက်ဖြန်တိုင်းက နေ့သစ်တွေပါပဲ” Rotherham က သူ့ပုခုံးကိုပုတ်ရင်းပြောတယ်။ Fletcher က စိတ်ပျက်နေတာတွေကို တွန်းထုတ်ပြီး အားတင်းပြုံးလိုက်တယ်။


“အမဲလိုက်ရာသီကလဲ ကုန်တော့မှာပါပဲလေ ဒီဆောင်းထဲလဲသိပ်သုံးလို့ရတော့မှာမှမဟုတ်တာ ပြီးတော့ Eleven ခံတပ်ကို နောက်တစ်ခေါက်သွားတဲ့အခါကျရင်လည်း အပူခံတဲ့အ၀တ်အစားတွေပဲ ယူသွားရမှာ၊ သူတို့တွေက လက်နက်တွေလိုချင်လွန်းလို့ စောင့်နေကြမှာ”  


“အဲ့ဒါတွေကိုပဲ အမြဲတမ်းသုံးနေမှာတော့ မဟုတ်ဘူးလေကွာ” Rotherham က ရယ်မောရင်းပြောတယ်။


အရက်ဆိုင်ထဲမှာလည်း ‌နယ်ခံတွေ နဲ့ ကုန်သည်တွေက အလုပ်နားချိန်မှာ သောက်စားဂုဏ်ပြုနေကြတာကြောင့် ကျယ်လောင်ဆူညံနေခဲ့တယ်။ Fletcher နဲ့ Rotherhamလဲ အရက်ခွက်ကြီးနှစ်ခွက်မှာပြီး ဂျောင်ကြတဲ့တစ်နေရာရာကို လျှောက်ရင်း ထောင့်တစ်နေရာရောက်တော့ အရက်တွေပေကျံနေတဲ့ စားပွဲ၀ိုင်းအလွတ်တစ်ခုတွေ့တော့ ၀င်ထိုင်လိုက်ကြတယ်။ အဲ့နားက နည်းနည်းလူငြိမ်တော့ တစ်ယောက်နဲ့တစ်ယောက် စကားပြောလို့အဆင်ပြေမှာပါ။


“ကျွန်တော်စစ်ပွဲအကြောင်းကို မေးလို့အဆင်ပြေပါ့မလား၊ ခင်ဗျားအတွက် စိတ်အနှောင့်အယှက်များ ဖြစ်သွားမလား?” Fletcher က အဖိုးကြီးသူ့ဇာတ်ကြောင်းကို ပြောပြနေတုန်းက သူ့လူတွေကိုဆုံးရှုံးလိုက်ရလို့ စိတ်မကောင်းဖြစ်နေခဲ့တာကို အမှတ်ရပြီး အရင်မေးလိုက်တယ်။ 


“အနှောင့်အယှက်မဖြစ်ပါဘူး Fletcher ဒါတွေက ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ ငါသိခဲ့ရတာတွေပေါ့၊ ငါမှာလည်း တခြားထပ်ပြောပြချင်တာလေးတွေ ရှိသေးတယ်” Rotherham ကပြောပြီး ဘီယာခွက်ကို မော့ချလိုက်တယ် ဘီယာတွေက သူ့မေးစေ့ကနေ စီးကျလာတဲ့ အရည်တွေကို ပါးစပ်နဲ့မှုတ်ထုတ်လိုက်‌ေသးသည်။ 


“စစ်ပွဲက အခြေအနေမကောင်းဘူးလို့ပြောသံတွေ ကြားနေရတယ်၊ Orc တွေက ပိုကြံ့ခိုင်လာကြပြီး ပိုပြီးစနစ်ကြလာကြတယ်ဆို? ဘာ့ကြောင့်ဒီလိုတွေဖြစ်လာတာလဲ?” Fletcher ကအသံတိုးတိုးနဲ့ မေးလိုက်တယ်။ ဒီမှာက စစ်ပွဲအကြောင်း အဆိုးမြင်ရင် မျိုးချစ်စိတ်မရှိတဲ့သူလို့ သတ်မှတ်ကြပြီး သစ္စာဖောက်လို့ပါ အပြောခံရနိုင်တယ်။ အဲ့ဒါကြောင့်ပဲ Orcish ‌ရှေ့တန်းကနေလာတဲ့ သတင်းတွေက Pelt ထိရောက်ဖို့ကို အရမ်းကြာတာပေါ့။ 


“ငါလဲ ငါကြားခဲ့ရတဲ့ ကောလဟာလတွေပဲ ပြန်ပြောပြနိုင်မှာ ဒါပေမယ့် မင်းကြားရတဲ့ သတင်းတွေထက်တော့ ပိုခိုင်လုံတာပေါ့ကွာ” သူက Fletcherကိုပြောရင်း အနားကပ်လာတာ သူ့ပါးစပ်ကအရက်နံ့တွေပါရလာတဲ့ထိပဲ။


“Orc လူမျိုးတွေကို ဦးဆောင်နေတဲ့ လူမျိုးစုခေါင်းဆောင်တစ်ယောက်ရှိတယ်။ သူ့အကြောင်းကို ငါတို့သိထားသလောက်က သူက Orc တွေထဲမှာ လူကောင်အကြီးဆုံးဖြစ်ပြီး Albino တစ်ယောက်အနေနဲ့ မွေးဖွားလာတယ် ဆိုတာကလွဲရင် ကျန်တာတော့ သိပ်များများစားစား မသိဘူး။ သူ့မျိုးနွယ်တွေကတော့ သူက ကျမ်းစာအရ သူတို့လူမျိုးကို ကယ်တင်ဖို့စေလွှတ်ခံရတဲ့ ကယ်တင်ရှင်လိုမျိုး ကိုးကွယ်ကြပြီး သူပြောသမျှကို သသွေမသိမ်းလိုက်လုပ်ကြတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင် ပထမဆုံး Orc စစ်ပွဲမှာတုန်းက သူလို လူတစ်‌ယောက် ရာဇ၀င်မှာရှိခဲ့ဖူးတယ်။ ဒီ Albino ကောင်ကြောင့် Orc Shamans တွေက သူတို့ရဲ့ မှော်စွမ်းအားတွေနဲ့ အသိဉာဏ်တွေကို တစုတစည်းထဲ ပေါင်းစပ်လိုက်ပြီး နတ်ဆိုးကောင်တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့စေလွှတ်ပြီး ညဘက်ကြီး ငါတို့ဆီကို ဗုံးတွေကျဲတိုက်ခိုက်ခဲ့ကြတာ။ 


Fletcher လဲ Rotherham ပြောတာတွေနားထောင်ရင်း မျက်လုံးပြူးနေခဲ့ပြီး ဘီယာသောက်ဖို့ပင်မေ့နေခဲ့သည်။ အခြေအနေတွေက သူထင်ထားတာထက် ဆိုးနေခဲ့သည်။ ရာဇ၀တ်သားတွေကိုပါ ရှေ့တန်းလွှတ်ပြီးတိုက်ခိုင်းနေတာ ဒါ့ကြောင့်ပဲဖြစ်မည်။ 


“တစ်ခါတစ်လေဆို သူတို့တွေက ငါတို့ Hominum နယ်စပ်တွေကနေ ဖောက်၀င်လာပြီး ၀င်စီးကြတာ ငါတို့ရဲ့လှည့်ကင်းတွေက သူတို့ကိုလိုက်ဖမ်းကြပေမယ့်လည်း သူတို့လောက်မမြန်ကြဘူးလေ။ ရွာတွေ ရွာတွေ အများကြီး မီးလောင်ပျက်စီးသွားပြီး မီးခိုးနဲ့ပြာပဲကျန်တော့တာတွေကို ငါတွေ့ခဲ့ရတယ်။” Rotherham ကလည်း မူးနေပြီဆိုတော့ အကုန်ထုတ်ပြောတော့တာပေါ့။ 


“ဒီမြောက်ဘက်အရပ်မှာ မွေးလာတာကို ကျွန်တော်အရမ်း၀မ်းသာနေမိပြီ” Fletcher က သူ့ခေါင်းထဲ၀င်လာတဲ့ အတွေးပုံရိပ်တွေကို ခါထုတ်ဖို့ကြိုးစားရင်းပဲ ရေရွတ်လိုက်တယ်။ 


“သူတို့က ငါ့လို စစ်မှုထမ်းဟောင်းအိုကြီး တစ်ယောက်ကို ဖယ်ထုတ်ပြီး လူငယ်လေးတွေလက်ထဲ သေနတ်အတင်းထည့်၊ မင်းတို့က စစ်သားဖြစ်ပြီဆိုပြီး ရှေ့တန်းပို့တယ်။ Orc တွေအလုံးအရင်းနဲ့ ချီတက်လာတဲ့ပုံကို မင်းကို မြင်စေချင်တယ်။ မင်းကံကောင်းရင်တော့ သူတို့က ရှေ့ခံတပ်တစ်ခုကိုပဲ ဖျက်စီးပြီး တပ်ဆုတ်သွားကြလိမ့်မယ်။ ဒီအဖြစ်အပျက်တွေက အရမ်းကိုတုန်လှုပ်ဖို့ကောင်းပြီး ရှက်စရာကောင်းတယ်” သူက လက်ထဲကခွက်ကို ခုံပေါ်ကိုစောင့်ချလိုက်ပြီး အော်ဟစ်လိုက်တယ်။ 


“ငါတို့ရဲ့လူငယ်တွေ အများကြီးသေဆုံးနေရတယ်။ ဒါတွေအကုန်လုံးက ဘုရင်မကောင်းလို့ဖြစ်ရတာ။ Hominum တွေကပဲ စစ်ပွဲကိုအသက်သွင်းခဲ့ကြတာ။ အရင်ရှင်ဘုရင်လက်ကနေ လက်ရှိဘုရင် King Harold လက်ထဲ ထီးနန်းပြောင်းယူပြီးထဲက တပ်သားတွေအားလုံးကို Orc တောအုပ်ထဲက အပင်တွေကိုခုတ်ပြီး မိုင်းတွေချဖို့ သူပဲ စေလွှတ်ခဲ့တာ”


Rotherham က သူ့ခွက်ကိုစိုက်ကြည့်ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဆက်ပြောတယ်။


“ငါမင်းကိုတစ်ခုပြောပြမယ်၊ အကယ်၍ ဆင့်ခေါ်သူတွေကြောင့်သာ မဟုတ်ရင် ငါတို့အကုန်လုံး ဒုက္ခရောက်တာကြာပြီ။ ဒီကောင်တွေက သူတို့ကိုယ်သူတို့ နည်းနည်းအထင်ကြီးလွန်းနေတဲ့ ကောင်တွေဆိုပေမယ့်လည်း သူတို့ကိုငါတို့အရမ်းကိုလိုအပ်တယ်။ သူတို့ရဲ့ နတ်ဆိုးကောင်တွေက နယ်စပ်စည်းတွေပေါ်မှာ အမြဲစောင့်ကြည့်နေပြီး ရန်သူလာပြီဆိုတာနဲ့ အမြန်အချက်ပေးကြတယ်။ ရန်သူဘက်ကကြံ့ကောင်တွေကို တားဆီးနိုင်တဲ့ တစ်ခုတည်းသောအရာက မီးသေနတ်တွေ အမြှောက်တွေထက် ပိုစွမ်းအားပြင်းတဲ့ နတ်ဆိုးကောင်ကြီးတွေပဲ။ တစ်ဖက်ကနေ မီးအမြှောက်တွေပစ်တဲ့ အခါမှာလည်း တပ်ချုပ်မှော်ဆရာတွေကပဲ ဒိုင်းတွေလို ရှေ့တန်းကနေ ကာကွယ်ပေးကြတာ၊ သူတို့တွေက မီးအိမ်တွေကောင်းကင်မှာ ထွန်းလင်းနေလိုပဲ တောက်ပနေကြတာ။ အကာအကွယ်တွေ တစ်ညလုံးချထားပေမယ့် ပေါက်ကွဲမှုတွေကြားမှာ ဒိုင်းကာတွေလဲ အက်ကွဲကုန်တာပေါ့ကွာ အဆိုးတကာ့အဆိုးဆုံး အိပ်ပျက်ညတွေပါပဲ” Rotherham က သူ့ခွက်ကိုကိုင်မြှောက်လိုက်ပြီး “ဒီလူချမ်းသာမသားတွေကို ဘုရားသခင်ကောင်းချီးပေးပါစေ” လို့ခွက်ချင်းတိုက်လိုက်တယ်။


Rotherham ကသူ့ဒူးမှာပေနေတဲ့ ဘီယာတွေကိုသုတ်လိုက်တယ်။ နောက်တစ်ခွက်၀ယ်ဖို့ ကောင်တာကိုသွားမလို့ လုပ်တုန်း သူ့နောက်ကနေ လက်ကြီးကြီးတစ်စုံက သူ့ကို ခုံနောက်ကို တွန်းချလိုက်တယ်။ 


“ကဲ ကဲ မင်းတို့လိုကောင်တွေ အပေါင်းအသင်းဖြစ်ကြမယ်ဆိုတာ ငါကြိုသိသားပဲ၊ မြွေတွေက အဖွဲ့နဲ့မှခရီးသွားတယ်လို့တောင် လူတွေပြောတာ ရှိသားပဲလေ” Didric က ဆိုးဆိုး၀ါး၀ါးပြောချလိုက်တယ်။ 


Jakov က Rotherham ပုခုံးပေါ်တင်ထားတဲ့ သူ့လက်ကို ဖယ်လိုက်ပြီး ရွံရှာသလိုနဲ့ လက်ကိုဘောင်းဘီနဲ့ သုတ်ပြလိုက်တော့ Didric က ကျေနပ်တဲ့ ပုံစံဖြစ်သွားတယ်။ သူတို့နှစ်ယောက်လုံးက လိမ္မော်ရောင်ယူနီဖောင်းတွေ ၀တ်ထားကြတယ်။ 


“ခင်ဗျားနဲ့ကျုပ်ကြားမှာ အရောင်းအ၀ယ်ရှိသေးတယ် မဟုတ်လား၊ ဒီမှာ သဘောတူထားတဲ့ ၄သျှီလင်၊ ခင်ဗျားရသင့်တာထက်တောင်မှ ပိုနေသေးတယ်၊ ဒါပေမယ့်လည်းလေ ကိုယ့်ထက်ကံမကောင်းတဲ့ နိမ့်ကျတဲ့သူတွေကို စိတ်ကောင်းစေတနာကောင်း ထားပေးသင့်တယ်လေ၊ ဟုတ်တယ်မလား Jakov!” Didric က ဒင်္ဂါးတွေကို ခုံပေါ်ပစ်တင်ရင်း လှမ်းပြောလိုက်တယ်။


Jakov က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။  Fletcher က နှာခေါင်းရှုံ့လိုက်တယ်။ Jakov ဆိုတဲ့ကောင်က Fletcher ထက် အနည်းငယ်သာ ကြွယ်၀သူဖြစ်ပြီး သူ့လိုပဲ ဇာတ်နိမ့်မျိုးကပဲ ဖြစ်သည်။ Didric က သူ့ကို တစ်ညလုံးအရက်တိုက်ပြီး ခေါ်လာတာပဲဖြစ်မည်။ Jakov ဆိုသည်မှာလည်း သွေးဆောင်စရာကိုမလို ငွေသျှီလင် နည်းနည်းပေးရုံနဲ့ အမေကိုပါပြန်ရောင်းစားမည့်သူမျိုးဖြစ်သည်။ 


Rotherham က တင်ထားတဲ့ ဒင်္ဂါးတွေကို မယူဘဲ Didric ကို နေရခက်လာသည့်အထိကို စိုက်ကြည့်နေခဲ့သည်။ 


“လာစမ်းပါ၊ သဘောတူထားတာက သဘောတူထားတာပဲ။ ခင်ဗျားဘာသာ ခင်ဗျားလူလိမ်ဖြစ်နေတာ ကျုပ်အမှားမှမဟုတ်တာ။ ခင်ဗျားကို လက်ထိပ်ခတ်ပြီး ကြားနာစစ်ဆေးဖို့ မခေါ်သွားတာပဲ ကံကောင်းတယ်လို့မှတ်လိုက်” Didric က Jakov ရဲ့ နောက်ဘက်မှာ ကွယ်ရပ်လိုက်ရင်း ပြောတယ်။ 

Fletcher က ဒီအခြေအနေကိုကြည့်ပြီး ပထမဆုံးအနေနဲ့ Jakov ကို စိတ်ထဲကနေ လေးစားမိသွားတယ်။ ဂိတ်စောင့်တစ်ယောက်အနေနဲ့ လူကောင်ကြီးမားပြီး သူ့ခြေတစ်ဖက်စာကပဲ Rotherham ရဲ့ တစ်ရပ်လောက်ရှိပြီး ခန္ဓာကိုယ်ဖွဲ့စည်းပုံကလည်း Berdon လိုပဲ ကျစ်လစ်ခိုင်မာသည်။ သူ့ကို ဉာဏ်ကောင်းလို့ ဂိတ်စောင့်ခန့်ခဲ့ခြင်းမဟုတ်တာတော့ သေချာသည်။ 


Didric ဆိုရင်လည်း Fletcher ထက် ခေါင်းတစ်လုံးစာလောက် အရပ်ပိုရှည်ပြီး သူ့ရဲ့ ၀တုတ်နေတဲ့ခန္ဓာကိုယ်ကလဲ Fletcher ရဲ့နှစ်ဆလောက်ရှိသည်။ 


Rotherham က Didric ရဲ့ ဖောင်းကားနေတဲ့ မျက်နှာကြီးကိုပဲ ပေါက်ထွက်မတတ် စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။ Jakov က ဓားကိုဆွဲထုတ်လိုက်တဲ့ အချိန်မှာတော့ အခြေနေတွေက ပိုတင်းမာသွားခဲ့တယ်။ 


“သူ့စားပွဲခုံတစ်ဝိုက်က အိတ်တွေထဲကိုရှာကြစမ်း၊ အဲ့နားမှာပဲရှိရမယ်” Didric ကတုန်တုန်ယင်ယင်နဲ့ပဲ အမိန့်ပေးလိုက်တယ်။ Jakov က အိတ်ကိုယူပြီးရှာဖို့ လျှောက်လာတော့ Rotherham က ရုတ်တရက်နောက်ကိုဆုတ်လိုက်တယ်။ Fletcher လည်းသူနဲ့ယှဥ်ရပ်ပြီး လက်သီးကို အဆင်သင့်ပြင်ထားလိုက်တယ်။ သူ့နှလုံးခုံသံတွေဟာ မြန်လွန်းလို့ သူ့အသံကိုသူပြန်ကြားနေရတယ်။ သူနဲ့အဖိုးကြီးနဲ့ ယှဥ်ရပ်နေတာတွေ့တော့ Didric တစ်ယောက်မျက်ခုံးလှုပ်နေခဲ့ပြီ။ 


“မင်းဓားကိုဆွဲထုတ်လိုက်ပြီဆိုရင်တော့ ဓားသုံးနည်းသိဖို့တော့ လိုလိမ့်မယ်နော် ကောင်လေး” လို့ အဖိုးကြီးကပြောရင်း Fletcher ဆီက ဝယ်ထားတဲ့ ဓားကိုအသင့်ပြင်ထားလိုက်တယ်။ 


စျေးမှာတုန်းက စစ်သားကြီးမှာ ဘာလက်နက်မှမပါလာခဲ့ပေမယ့် ခုတော့ လက်နက်ရှိနေတာကို သတိထားမိတော့ Didric တစ်ယောက်ကြောက်ပြီး မျက်နှာတွင်သွေးရောင်ပင်မရှိတော့။ Jakov နဲ့ စစ်သားကြီးကိုကြည့်ပြီး တုန်လှုပ်နေခဲ့တယ်။ အကယ်၍ ဓားချင်းယှဥ်ရင် စစ်သားကြီးဘက်က အသာရနိုင်သည်။ 


“လက်နက်မပါကြေး” လို့ကြေငြာပြီး သူ့ဓားကိုကြမ်းပြင်ပေါ်ပစ်ချလိုက်တော့ Jokov လဲ သူ့လိုပဲပစ်ချလိုက်တယ်။


“Aye! လက်နက်မပါကြေး” Fletcher လည်း ရွယ်ထားတဲ့ လက်သီးကိုမြှင့်ရင်းပြောလိုက်တယ်။ “မင်းပြောထားတာငါမှတ်မိသေးတယ် မင်းကမင်းယူနီဖောင်းကို သွေးတွေပေကုန်မှာ အရမ်းကြောက်တယ်မဟုတ်လား” 


Rotherham လည်းသဘောတူတဲ့အနေနဲ့ ဓားကိုစားပွဲခုံပေါ်တင်လိုက်တယ်။ 


“ဒီလိုမျိုး ဘီယာဆိုင်ထဲမှာ တပွဲတလမ်းမနွှဲရတာ တော်တော့ကိုကြာပြီပေါ့ကွာ ဟားဟားဟား” Rotherham ကပြောပြီး Fletcher ရဲ့ ဘီယာခွက်ကို မော့ချလိုက်တယ်။ 


“ညစ်ညစ်ပတ်ပတ် တိုက်ခိုက်ချင်ရင် မျက်နှာကို အရင်ဆုံးတိုက်ရတယ်တဲ့။ လူကြီးလူကောင်းတွေရဲ့ စည်းမျဉ်းတွေက လူကြီးလူကောင်းတွေအတွက်ပဲ မဟုတ်လား!” Rotherham က သူ့ပါးစပ်ထဲက ဘီယာတွေကို မှုတ်ထုတ်လိုက်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်းမှာပဲ ဘီယာတစ်ခွက်နဲ့ Jakov ရဲ့မျက်နှာကို လှမ်းပတ်လိုက်တယ်။ လျက်တပြတ်အတွင်းမှာပဲ သူ့ရဲ့ပေါင်ခြံကြားကို အားနဲ့ထပ်ကန်လိုက်တယ်။ Jakov က Rotherham ရဲ့ နှစ်ဆလောက်ကြီးတော့ Jakov ရဲ့နှာခေါင်းကို ခေါင်းနဲ့ခုန်တိုက်လိုက်တယ်။ Jakov တစ်ယောက် မေ့မြောသွားခဲ့သည်။ 


Fletcher ကလည်း Didric ရဲ့ မျက်နှာဝိုင်းကြီးဆီကို လက်သီးတစ်ချက်လွှဲပြီးထိုးသွင်းလိုက်တယ်။ ပစ်မှတ်က ထိုးရလွယ်နေခဲ့တော့ Didric ရဲ့ နှာခေါင်းက ပထမတစ်ချက်နဲ့တင် ကျိုးသွားပြီး သွေးတွေလျှံထွက်လာခဲ့တယ်။ ထိုးချက်ကြောင့် Fletcher ရဲ့ လက်သီးထိပ်တွေက နာပြီးကျိန်းစပ်နေပေမယ့် နာကျဥ်မှုကိုလျစ်လျူရှုပြီး နောက်တစ်ချီ သူ့ရဲ့ပုခုံးနဲ့ Didric ရဲ့ ရင်ဘတ်ကို စောင့်တိုက်ပြီး ကြမ်းပြင်ပေါ်ကိုလှဲချလိုက်တယ်။ အဲ့ဒါက သူ့ရဲ့အမှားပဲ။ Didric က ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သူ့ကိုယ်လုံးနဲ့တက်ဖိထားကာ လည်ပင်းကို လက်နှစ်ဖက်နဲ့ စညှစ်တော့တယ်။ Fletcher မျက်လုံးထဲဝေဝါးလာခဲ့ပြီး အသက်ရှူကျပ်ကာ သတိလွတ်မတတ်ဖြစ်လာခဲ့သည်။ သူလဲရှိတဲ့အားကုန်သုံးပြီး Didric ရဲ့ လက်ကို အသားတွေပါပေါက်ထွက်မတတ် ပြန်ကိုက်ခဲထားလိုက်တယ်။ သူ့လက်ကလွတ်တာနဲ့ အသက်ကိုအပြေးရှူသွင်းရသည်။ သူ့ပုံစံက သောင်ပြင်မှာလွတ်တဲ့ ငါးများလို ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေခဲ့သည်။ နောက်တော့ သူက Didric ကို တံတောင်ဆစ်နဲ့ တွန်းထုတ်ပြီး ထိုင်ခုံတွေနားကို လိမ့်ထွက်လိုက်သည်။ 


Didric ကလည်းချက်ချင်းဆိုသလို သူ့ကိုကြမ်းပြင်‌ပေါ်ထပ်လှဲချဖို့ ကြိုးစားခဲ့တယ်။ ဒီတစ်ကြိမ်တော့ Fletcher ကအသင့်ပြင်ထားလိုက်ပြီး တိုးဝင်လာတဲ့ Didric ရဲ့ ခန္ဓာကြီးကို လှိမ့်ချလိုက်ကာ သူ့ကိုအပေါ်စီးကနေ လည်ပင်းပြန်ညှစ်ထားလိုက်တယ်။ Didric ကသူ့လက်ကို ပုတ်ထုတ်လိုက်ပြီး နောက်လက်တစ်ဖက်က လေထဲကနေ အရှိန်နဲ့တိုးဝင်လာခဲ့တယ်။ 


“ဟေ့ သတိထား” Rotherham အော်ပြောလိုက်တယ်။ Fletcher အချိန်မှီနောက်ကို ဆုတ်လိုက်တယ်။ ဓားကောက်တစ်ချောင်းက သူ့ရဲ့အင်္ကျီကိုဖောက်ထွက်သွားပြီး အင်္ကျီမှာသွေးတွေ စီးကျလာခဲ့တယ်။ ဓားရာက အပေါ်ယံရှပ်ထိရုံပဲဖြစ်သည်။ Didric က သူ့ခြေထောက်ပေါ်ကို ထပ်ထိုးစိုက်ဖို့ကြိုးစားခဲ့ပေမယ့် Fletcher က ခုန်ရှောင်လိုက်တယ်။ 


အဲ့မှာပဲ Rotherham ဝင်လာခဲ့ပြီး သူ့ဓားနဲ့ Didric ရဲ့ အဓိကနေရာကို ချိန်ထားလိုက်တယ်။ 


“သဘောတူထားတာက သဘောတူထားတာပဲဆို၊ မင်းပြောခဲ့တာက ဘာဖြစ်သွားလဲ?” Rotherham ကပြောရင်းရှေ့ကိုတိုးသွားလိုက်တော့ Didric က နောက်ဆုတ်ရင်းဆုတ်ရင်း သတိလစ်နေတဲ့ Jakov ရဲ့  ကိုယ်ပေါ်ကိုလဲကျသွားတယ်။ Didric က စကားပြောဖို့ကြိုးစားပေမယ့်လဲ ဘာသံမှထွက်မလာပဲ တုန်လှုပ်နေခဲ့တယ်။ 


“မင်းဘာပြောမလဲ Fletcher! ဒီကောင့်ကို သူမင်းကိုလုပ်သလိုပဲ ပြန်လုပ်ပေးရမလား?ငါသာသူဘာလုပ်နေလဲ မတွေ့လိုက်ရင် ခုချိန်မင်းဗိုက်ထဲက အူတွေအလိပ်လိုက် ထွက်ကျနေလောက်ပြီ” Rotherham က ဘားထဲက လူတွေအကုန်လုံးကြားရလောက်အောင် အော်ပြောလိုက်တယ်။ ဆိုင်ထဲကလူတွေကလည်း စစ်သားကြီးဘက်ကနေ ဝိုင်းအော်ပြောကုန်ကြတယ်။ 


“ကျွန်တော်တို့ ဒီလိုလုပ်စရာမလိုပါဘူး Rotherham ၊ ကိုယ့်ထက်ကံမကောင်းတဲ့ နိမ့်ကျတဲ့သူတွေအပေါ်မှာ စိတ်ကောင်းစေတနာကောင်း ထားပေးရမယ် မဟုတ်လား” Fletcher အသံက အထင်အမြင်သေးမှုတွေရောနေခဲ့ပြီး Rotherham ရဲ့ဓားကိုဖယ်လိုက်တယ်။ Didric တစ်ယောက်သူ့ပါးစပ်က ဘာတစ်ခုမှပြန်မပြောနိုင်ခဲ့ပဲ သတိလစ်နေတဲ့ Jakov ကိုရော သူ့ဓားကိုပါချန်ထားခဲ့ပြီး တံခါးပေါက်ဆီကို ပြေးထွက်သွားတယ်။ 


ဆိုင်ထဲက လူတွေက တံခါးဆီပြေးထွက်သွားတဲ့သူ့ကို ဝိုင်းစကြရင်း လှောင်ပြောင်ရယ်မောခဲ့ကြတယ်။ သိပ်မကြာခင်မှာပဲ ဆိုင်ကပုံမှန်အနေထားပြန်ဖြစ်သွားခဲ့တယ်။


“သွားကြရအောင်” Fletcher က Rotherham ကိုပြောလိုက်တယ်။ သူလဲ စိတ်ထဲကျေနပ်သွားပြီဖြစ်သည်။ “ကျွန်တော် ခင်ဗျားကိုဖိုထဲမှာ အိပ်ယာပြင်ပေးမယ်။ ဒီညခင်ဗျားအပြင်မှာအိပ်ရင် စိတ်ချရမှာမဟုတ်ဘူး” 


~~~~~


rate now:

1 Reviews
  • reader Nami Athene 17.01.2021, 11:54 5

    👍🏻

    author Chan Chan 18.01.2021, 04:29

    ဖတ်ရှူပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ နောက်အပိုင်းသစ်တွေ အားပေးပါဦးနော် 🌻😊