အပိုင်း ၅။ ။
အကယ်၍ ဒီစစ်သားကြီးက ဒီလူအုပ်ကို ဒီစာအုပ်နဲ့ အထင်ကြီးအောင်လုပ်နိုင်မယ်ထင်နေရင်တော့ သူမှားပါပြီ။ Pelt လို အမဲလိုက်ရွာက ရွာသူရွာသားတွေအတွက်တော့ စာရေးစာဖတ် သင်ယူဖို့က ဘယ်တုန်းကမှ အရေးမကြီးခဲ့။ ဒီလို စာအုပ်အထူဆို ပထမစာမျက်နှာတစ်ခုပြီးဖို့ပဲ တော်တော်ကြိုးစားဖတ်ကြရမှာ။ တစ်ဖက်မှာတော့ Fletcher က Berdon ရဲ့ ငွေထိန်းဖြစ်သည့်အလျောက် ကိန်းဂဏန်းတွေသိဖို့အပြင် စာရေးတတ်ဖတ်တတ်ဖို့ပါ သင်ယူခဲ့ရသည်။ သူ့ရဲ့ အဖိုးတန်အချိန်တွေမှာ စာတွေကို ချွေးအပြိုင်းပြိုင်းကျတဲ့ထိ လေ့လာသင်ယူခဲ့ပြီးနောက်မှ သူဟာ အခြားကလေးတွေနဲ့အတူ ဆော့ကစားခွင့်ရခဲ့တယ်။ သို့သော်လည်း သူကသူ့ကိုယ်သူဂုဏ်ယူတယ် သူသင်ယူခဲ့တဲ့ ပညာရေးက Didric ထက်မသာရင်တောင် မနိမ့်ဘူးလို့ သူယုံကြည်တယ်။
စစ်သားအိုကြီးက ဆောင်းရာသီရဲ့ မှုန်ပြပြအလင်းရောင်အောက်မှာ စာအုပ်ကိုမြှောက်ကာ အထဲကပုံကြမ်းတွေကို Fletcher တို့ မြင်သာစေရန်အတွက် စာမျက်နှာတွေကို ဟိုဒီလှန်လှောပြနေခဲ့တယ်။
“ခင်ဗျားမှာ တခြားဘာပါသေးလဲ” Jakov က စိတ်ပျက်သွားတဲ့လေသံနဲ့မေးလိုက်တယ်။
“အများကြီးပါသေးတာပေါ့ ဒါပေမယ့် တခြားအရာတွေအားလုံးက ဒီစာအုပ်လောက်မကောင်းဘူး။ မင်းခွင့်ပြုမယ်ဆိုရင် နောက်ပစ္စည်းတွေမပြခင် သူ့အကြောင်းလေးရှင်းပြပါရစေ။”
လူအများစုက စာအုပ်ကို စိတ်မ၀င်စားသော်လည်း အလကားကြည့်ရမယ့် ဖျော်ဖြေပွဲကို လက်လွှတ်မခံချင်တာကြောင့် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်တော့ စစ်သားကြီးလည်းပြုံးဖြီးသွားတယ်။ သူက ဘေးဆိုင်ရှေ့က ဘုံးတစ်ခုပေါ်ခုန်တက်လိုက်ပြီး လူအုပ်နဲ့နီးရာဘက်မှာ မတ်တပ်ရပ်ကာ စာအုပ်ကို သူ့ခေါင်းပေါ်ကနေထောင်ပြထားလိုက်တယ်။
“ဒီစာအုပ်ပိုင်ရှင်ဖြစ်ခဲ့တဲ့ စစ်မှော်ဆရာက စာအုပ်နဲ့ပတ်သက်တဲ့ သူ့ရဲ့လေ့ကျင့်ရေးတွေတောင် မပြီးမြောက်သေးတဲ့ တပ်ရင်းတစ်ခုက ဒုတိယလက်ထောက်တစ်ယောက်ပေါ့။ စစ်တပ်သုံးမှော်ဆရာတွေက ဆင့်ခေါ်သူတွေထဲမှာဆိုရင် သူကအနိမ့်ဆုံးဆင့်ခေါ်သူလို့ ပြောလို့ရတယ်။ ဘာ့ကြောင့် သူက ဒီမစ်ရှင်မှာပါ၀င်ဖို့အတွက်ကို လိုလိုလားလားကူညီခဲ့သလဲဆိုတာကို ဒီစာအုပ်ကိုကြည့်လိုက်မှပဲ ငါနားလည်သွားခဲ့တာ။ သူက ဒီကစားပွဲတစ်ခုလုံးကို ပြောင်းလဲပစ်ဖို့ အခြားဆင့်ခေါ်နိုင်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေနေခဲ့တာပါ။” စစ်သားအိုကြီးက သူ့ဆီ ပြန်အာရုံစိုက်လာကြမှန်း ရိပ်မိလိုက်သည်။ ထိုစဥ် Fletcher က မေးစေ့ကိုပွတ်သတ်ပြီး လမ်းတစ်ဖက်ကိုကြည့်နေတုန်းမှာပဲ Berdon ဆီက အချက်ပေးချောင်းဟန့်သံကိုကြားလိုက်ရတယ်။ အဲ့ဒါနဲ့ သူလည်း ကုန်ဆိုင်ဘက်ပြန်လှည့်လိုက်ပြီး စီပြီးသား ပစ္စည်းတွေကို ပြန်စီရင်း အလုပ်ရှုပ်ချင်ယောင်ဆောင်နေလိုက်တယ်။
“Orc shamans တွေက နတ်ဆိုးအမျိုးမျိုးကို ဆင့်ခေါ်နိုင်ကြပေမယ့် များသောအားဖြင့် ကျွန်တော်တို့ရဲ့ ဆင့်ခေါ်သူတွေနဲ့ မတူဘဲ အားနည်းတဲ့အကောင်တွေပဲ ဆင့်ခေါ်နိုင်တာများတယ်။ သို့ပေမယ့်လည်း ကျွန်တော်တို့ရဲ့ ဆင့်ခေါ်သူတွေ ဖမ်းဆီးနိုင်တဲ့ နတ်ဆိုးအရည်အတွက်က နည်းလွန်းပြီး ဖမ်းမိဖို့အခွင့်အရေးလည်း အရမ်းရှားတယ်။ ဒီတော့ ကျွန်တော့တို့က Orc တွေထက် ပိုစွမ်းအားကြီးတဲ့ ဆင့်ခေါ်သူတွေရှိပေမယ့်လည်း Orc တွေဆင့်ခေါ်နိုင်တဲ့ အရည်အတွက်ထက်နည်းတော့ သူတို့ထက်သာတယ်လို့ ပြောလို့မရနိုင်ဘူးပေါ့။ ဒါ့ကြောင့် ဒီမှော်ဆရာက orcish နည်းပညာကိုသုံးပြီး ပိုပြီးစွမ်းအားမြင့်တဲ့ နတ်ဆိုးတွေကိုဆင့်ခေါ်နိုင်ဖို့ ကြိုးစားနေခဲ့တာ။”
Fletcher က elven ေရှ့တန်ကိုသွားခဲ့ရတုန်းက စစ်တန်းလျားမှာအိပ်တဲ့ညကတွေ့ခဲ့တဲ့ ကြောက်စရာ အရမ်းကောင်းတဲ့ နတ်ဆိုးကောင်တွေအကြောင်းကို ပြန်စဥ်းစားမိသွားတယ်။ နတ်ဆိုးကောင်ကြီးတွေက တောခွေးတွေ တောကြောင်တွေလိုပဲ တောထဲကနေ တိုးလျိူးလာခဲ့ကြပြီး သူတို့ခန္ဓာကိုယ်တစ်ခုလုံး မီးသေနတ်ကျည်တွေ ပြည့်နှက်သွားတဲ့ထိကို တရပ်စက်တိုက်ခိုက်တတ်ကြသည်။ ဒီလို စစ်တပ်သုံး နတ်ဆိုးတွေတောင်မှ အနိမ့်ဆုံးနဲ့ အားအနည်းဆုံးကောင်တွေဟု ဆိုပါက ဒီ့ထက်စွမ်းအားမြင့်တဲ့ နတ်ဆိုးကောင်ရဲ့ မှော်ဆရာမျိုးကို သူတွေ့တောင်မတွေ့ဖူးချင်တော့။
“အဲ့ဒါဆို ဒီစာအုပ်က ဒီစစ်ပွဲကိုပြောင်းလဲပေးမယ့် လျှို၀ှက်စာအုပ်ပေါ့လေ? ဒါမှမဟုတ် ငါတို့ကိုယ်ပိုင် နတ်ဆိုးကို ဘယ်လိုဆင့်ခေါ်ရမလဲဆိုတဲ့ နည်းလမ်းတွေပါတာလား? သူကရွှေလောက်တောင် တန်ဖိုးရှိလို့လား?” ရင်းနှီးနေတဲ့ အသံတစ်ခုက ကဲ့ရဲ့သံနဲ့အတူပေါ်လာခဲ့တယ်။
အသံပိုင်ရှင်က Didric ပေါ့။ သူက Fletcher ဆီကနေလှမ်းကြည့်ရင် မမြင်ရတဲ့ ဘေးဆိုင်ရဲ့အနောက်ထဲမှာ ရပ်နေခဲ့တာဖြစ်သည်။
“ဆရာလေးပဲပြောတာပါ ကျွန်တော်အဲ့လို မပြောခဲ့ပါဘူး ဆရာလေးခဗျ” အဖိုးကြီးက မျက်လုံးတစ်ချက်ပင့်ကာ နှာခေါင်းကို ပွတ်သက်ရင်းပြောသည်။
“ဒီစာအုပ်ကို၀ယ်မဲ့အစား ဟိုဘက်ခြမ်းမှာရောင်းနေတဲ့ လက်နက်အစုတ်အပြတ်တွေကို ၀ယ်လိုက်တာမှ ပိုအကျိုးရှိလိမ့်ဦးမယ်။” ပြောရင်းနဲ့ Didric က Fletcher မျက်နှာနီရဲပြီး အရောင်ပြောင်းသွားတာကို ကြည့်ပြီး ကျေနပ်သလို ပြုံးလိုက်တယ်။ ပြီးတော့ လူအုပ်ရှေ့ကိုလျှောက်သွားပြီး ကြံဦးချိုကို ကန်ထုတ်ပစ်လိုက်တယ်။
“ဒီဆင့်ခေါ်သူက ဒီလျှို့၀ှက်ချက်ကို ရှာတွေ့ခဲ့ရင်လည်း ဘာ့ကြောင့် ဒီမစ်ရှင်ကိုကူညီမှာလဲ? ဒီစာအုပ်က ဒီလောက်တန်ဖိုးရှိတယ်ဆိုရင် ခင်ဗျားကရော ဘာ့ကြောင့်ရောင်းနေရတာလည်း? ဒီဆင့်ခေါ်မှုဆိုတာကလည်း တော်၀င်သွေးပါတဲ့သူတွေရယ် တစ်ချို့ကံကောင်းတဲ့သူတွေရယ်ပဲ ကောင်းချီးပေးခံရမှသာ ဆင့်ခေါ်လို့ရတယ်ဆိုတာ ငါတို့အားလုံးသိပြီးသားပဲ။” စစ်သားအိုကြီးကို အံ့အားသင့်တုန်လှုပ်သွားအောင် ပျက်ရယ်ပြုလှောင်ရယ်လိုက်တယ်။ အဖိုးကြီးက အံ့အားသင့်သွားပေမယ့်လည်း အလျင်အမြန်ပဲ ပြန်တုန့်ပြန်တယ်။
“ဒါကတော့ ဆရာလေးရယ် သူက orc တွေကို အနီးကပ်လေ့လာချင်လို့ ဒီတာ၀န်ကိုလက်ခံခဲ့တာဖြစ်နိုင်ပါတယ်။ ကျွန်တော့အနေနဲ့ကတော့ ကျွန်တော့က စာလုံးတွေကို သိပ်မဖတ်တတ်ပါဘူး ဒါ့ကြောင့် ဒီစာအုပ်ကကျွန်တော့အတွက်တော့ အသုံးမ၀င်ပါဘူး။ တခြားမှော်ဆရာတွေကို ပြန်ရောင်းဖို့ပဲ စဥ်းစားခဲ့ပေမယ့် ဒီစာအုပ်က ခိုးရာပါပစ္စည်းဆိုပြီး သိမ်းသွားမှာလည်း စိုးရပါသေးတယ်။” သူက လက်တွေကို ဆန့်ထုတ်လိုက်ပြီး အပြစ်ကင်းတဲ့မျက်နှာမျိုးလုပ်ပြနေတယ်။
“ဒါကတော့ဒါပေါ့လေ” သူကဆက်ပြောတယ်။ “ကျွန်တော်သာ elven ရှေ့တန်းကိုပြန်ရောက်ခဲ့ရင်တော့ ဒီစာအုပ်ကို လွှဲပြောင်းပေးမှာပါ၊ ဒါပေမယ့် လမ်းမှာ ငွေစနည်းနည်းပေးမယ့်သူရှိလို့ ရောင်းလိုက်ရင်လဲ နောက်ဆုံးမှော်ဆရာတွေဆီပဲ ပြန်ရောက်သွားမှာ အသေအချာပဲလေ။ ပြီးတော့ စစ်မှော်ဆရာတစ်ယောက်ကို တောအုပ်ရဲ့ လမ်းတစ်၀က်လုံး တောက်လျှောက်သယ်လာပေးခဲ့တဲ့ ကျွန်တော့ကို ဘယ်သူက အပြစ်တင်ဦးမှာလဲခင်ဗျာ?” သူက ခေါင်းတညိတ်ညိတ်နဲ့ပဲ ကျိုးနွံစွာပြောတယ်။ နားထောင်နေတဲ့ လူတွေကလည်း ဘယ်သူ့ဘက်ပါရမှန်းမသိ ဖြစ်နေတော့တာပေါ့။ Didric ကလဲ သူ့အဖေအရှိန်ရှိတော့ နာမည်ကြီးပြီး ခေသူမဟုတ်ပေမယ့် စစ်သားအိုကြီးကတော့ စိတ်လှုပ်ရှားနေခဲ့တယ်။ လူတွေက အဖိုးကြီးပြောတဲ့ ဇာတ်ကြောင်းက အမှန်မဟုတ်မှန်း စိတ်ထဲကနေသိပေမယ့်လည်း ဖြစ်ရပ်မှန်လို့ပဲ ယုံကြည်ချင်နေကြတာကို Fletcher တွေ့နေရတယ်။
လူအုပ်က အဖိုးကြီးကိုစတင်ထောက်ခံကြတော့ သာမာန်စစ်သားတစ်ယောက်ကို ၀ိုင်းအနိုင်ကျင့်ပြီး အရှုံးခံနေရတဲ့ လူတစ်စုကိုကြည့်ပြီး Fletcher တစ်ယောက်ပြုံးလိုက်တယ်။ Didric ကလည်းအရှုံးမခံ ထပ်ပြောတယ်။
“ခဏလေးနေပါဦး၊ ခင်ဗျားခုနကပြောတော့ ဒီမှော်ဆရာဘာတွေလေ့လာနေခဲ့လဲဆိုတာကို စာအုပ်ကိုကြည့်ပြီး သိခဲ့ရတာဆို? အကယ်၍ ဒီအကြောင်းတွေကို သိချင်ရင် ခင်ဗျားဖတ်ကြည့်မှသိမှာပေါ့၊ ခင်ဗျားက လိမ်စားနေတဲ့ လူလိမ်တစ်ယောက်ပဲ၊ Pinkertons တွေကိုသာ ခင်ဗျားဆီလွှတ်လိုက်ရင် သူတို့ခင်ဗျားကို စွပ်စွဲချက်တောင်တင်လို့ရတယ်” စစ်သားအိုကြီး လဲပြိုသွားတာကိုကြည့်ပြီး သူအော်ရယ်လိုက်တယ်။
“ခင်ဗျားတော့သေပြီပဲ” Jakov က သူ့ဓားကိုဆွဲထုတ်ရင်းပြောလိုက်တယ်။
“စာအုပ်ထဲမှာ ရုပ်ပုံတွေပါပါတယ်…..” စစ်သားကြီးက ပြောနေပေမယ့် လူအုပ်က ချက်ချင်းပဲ အော်ဟစ်ကုန်ကြပြီး သူ့ကိုစတင်လှောင်ပြောင်ကြတော့တယ်။ Didric က သူ့အသံကိုမြှင့်ပြီး လက်ကိမြှောက်ပြကာ လူအုပ်ကို ငြိမ်ဖို့ပြောလိုက်တယ်။
“ကျုပ်ပြောမယ်၊ ကျုပ်ဒီစာအုပ်ကို လိုချင်တယ်၊ ချမ်းသာချင်လို့မဟုတ်ဘူးနော် ဒီစာအုပ်က ကျုပ်ရဲ့သင်ကြားရေးအတွက် အသုံး၀င်မယ်ထင်လို့ ၀ယ်မှာ” နေရောင်အောက်မှာ တလက်တလက်တောက်ပနေတဲ့ သူ့အ၀တ်အစားတွေကို ခါပြရင်းပြောတယ်။
“ဒီစာအုပ်ကိုယူဖို့ နောက်မှပြန်လာခဲ့မယ်၊ အင်း...၄သျှီလင်လောက်ဆိုရပြီမလား? ကျုပ်လဲမနေ့ကရထားတဲ့ ဦးချိုတစ်ခုကိုရောင်းရင် အဲ့လောက်ပဲ စျေးရမှာဆိုတော့လေ” သူက Fletcher ကိုကြည့်ရင်းပြောတယ်။ ပြောပြီးတာနဲ့ အဖိုးကြီးရဲ့အဖြေကိုမစောင့်ပဲ Jakov တို့ စစ်သားအဖွဲ့တွေနဲ့ ထွက်သွားခဲ့တယ်။
စစ်သားအဖိုးကြီးက အမျက်ထွက်ပြီး သူ့နောက်ကိုလိုက်ကြည့်နေခဲ့ပေမယ့်လည်း လက်လျှော့လိုက်တယ်။ သူကဘုံးပေါ်မှာထိုင်ချလိုက်ပြီး သက်ပြင်းချကာ စာအုပ်ကို မြေပေါ်ကိုလွှင့်ပစ်လိုက်တယ်။ စာရွက်တွေမြေပေါ်မှာ ပြန့်ကျဲသွားသလိုပဲ Fletcher လည်း Didric ရဲ့ အောင်နိုင်မှုကို မကျေမနပ်ကြည့်နေခဲ့မိတယ်။
ဟိုနေ့ညက သူလုပ်ခဲ့တာအတွက်ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တစ်နည်းမဟုတ်တစ်နည်း ဒီကောင်ပြန်ပေးဆပ်စေရမယ်။
~~~~~