သင်ခန်းစာချိန်ပြီးလို့ထွက်လာတော့ သူတို့တဖွဲ့လုံး ရယ်မောပျော်ရွှင်နေခဲ့သည်။ ဒီနေ့တော့ Fletcher Othello နဲ့ Seraph ၃ယောက်ပဲ wyrdlights မီးလုံးတွေ ဖန်တီးနိုင်ခဲ့တယ်။ အနည်းငယ်သေးပေမယ့် အသုံးဝင်သော မီးလုံးလေးများ သူတို့ပုခုံးပေါ်မှာ ဝဲနေခဲ့သည်။ တခြားသူတွေသည်လည်း လက်ညှိုးထိပ်များမှာ အပြာရောင်အလင်းတန်းရသည် အထိ အာရုံစူးစိုက်နိုင်ခဲ့ကြပေမယ့် မီးလုံးအရွယ်ဖြစ်လာသည်အထိတော့ မရောက်နိုင်ခဲ့ကြသေးပေ။ သင်ခဲ့သမျှအရာတွေထဲ သင်္ကေတရေးဆွဲနည်းကို သင်ယူရတဲ့ ပထမဆုံး အရသာကတော့ ပြောမပြတတ်အောင်ပင် စိတ်လှုပ်ရှားစရာကောင်းလွန်းခဲ့သည်။ Rory နဲ့ Genevieve တို့ကလည်း သူငယ်ချင်းတွေအပေါ် မနာလိုတာမျိုး မဖြစ်ခဲ့ပေ။ Atlas တောင်မှ သူ့နတ်ဆိုးကောင်လေး Barbarous ရဲ့ခေါင်းကို ပွတ်သပ်ရင်းနဲ့ အပျော်တွေပြည့်နေတာကို တွေ့ရသည်။
“wyrdlingt မီးလုံးကို ထိန်းချုပ်နိုင်ဖို့ အခန်းထဲရောက်ရင်ထပ်ပြီး လေ့ကျင့်ရမယ်” ကျောင်းသားအဆောင်ကိုရောက်သည်နှင့် Seraph က ပြောလိုက်သည်။ “ငါဒါကိုထုတ်သုံးလို့တော့ရပြီ ဒါပေမယ့် Arcturus လိုမျိုးတော့ ဘယ်လို့မှထိန်းချုပ်လို့မရသေးဘူး”
သူ ကျောင်းသားဆောင်ထဲကနေထွက်သွားတာနဲ့ Silver လည်း သူ့နောက်ကနေ လိုက်သွားခဲ့တယ်။ Sylva ကိုတော့ ခုထိမတွေ့ရသေးပေ။ သူမကရော ဘာ့ကြောင့် ပထမဆုံးသင်ခန်းစာကို မတက်ပဲ ကျော်သွားခွင့်ရတာလည်းဆိုတာ သေချာမသိပေမယ့် Fletcher ကတော့ သူမနဲ့သူ့ကြားက အထင်လွဲမှုကိုသာ ဖြေရှင်းချင်နေခဲ့သည်။
“ငါတို့လည်း နည်းနည်းလောက် စောင့်နေခဲ့လိုက်ရင် ကောင်းသားနော်” Rory က Malachi ရဲ့ အလင်းရောင်စုံလေးတွေကို ကြည့်ရင်း စိတ်ဓာတ်ကျတဲ့လေသံဖြင့်ပြောသည်။
“ငါလည်း Azura ကို သဘောကျပါတယ် ဒါပေမယ့် ခုဟာက အကျပ်ရိုက်တဲ့ အနေအထားဖြစ်နေပြီ။ Arcturus အတွက်တောင်မှ နတ်ဆိုးကောင်သစ်တွေ ဖမ်းဖို့ ခက်နေရင် ငါတို့ကဘယ်လိုသွားလုပ်ရတော့မလဲ?” Genevieve က Rory ကိုဝင်ထောက်ခံသည်။ Fletcher က သူတို့တွေ စိတ်အားတက်အောင် ပြောပေးဖို့ စကားရှာမရဖြစ်နေချိန်မှာပဲ အားလုံးထဲမှာ စကားအနည်းဆုံးဖြစ်တဲ့ Othello က
“Barkling လိုမျိုး စွမ်းအားကြီးတဲ့ ကောင်မျိုးတွေ ချက်ချင်းဖမ်းနိုင်ဖို့ဆိုတာတော့ မဖြစ်နိုင်သေးပေမယ့် နောက်ထပ် Mite အကောင်သေးတွေ ဖမ်းမိလာနိုင်ပါတယ်။ ငါတို့က ရှေ့တန်းနဲ့ အနီးဆုံးအရပ်မှာနေတော့ အဲ့မှာရှိတဲ့ စစ်သည်တော်တွေရဲ့အကြောင်းကို အမျိုးမျိုးပဲ ကြားသိရတာတွေရှိတယ်။ တစ်ချို့က စွမ်းအားမြင့်ပြီး ထိန်းချုပ်ဖို့ခက်တဲ့ နတ်ဆိုးကောင်တွေ ပိုင်ဆိုင်ထားကြပေမယ့် တစ်ချို့ကတော့ Orc shamans တွေလိုပဲ နတ်ဆိုးကောင်အသေးစားတွေပဲ ပိုင်ဆိုင်ကြတယ်။ ရန်သူ့နယ်မြေထဲကို Mites တွေ တအုပ်လုံး စေလွှတ်လိုက်မယ်ဆိုရင်ရော? Mites ကောင်လေးတွေ အများကြီး သူတို့ထဲလွှတ်ပြီး သူတို့ဆီက စွမ်းအားမြင့်တဲ့ နတ်ဆိုးကောင် တကောင်ပြန်ဖမ်းလို့ရလာနိုင်တာပဲ မဟုတ်ဘူးလား!” Othello က သူ့မေးစေ့ကို ပွတ်သပ်ရင်းပြောပြသည်။
“ဟာ မင်းပြောတာလည်း ဟုတ်တာပဲ” Rory က မျက်နှာကြီး ပြုံးလာပြီးပြန်ပြောသည်။ “ထောင်နဲ့ချီတဲ့ Malachis လေးတွေရလာတယ်လို့များ စဉ်းစားကြည့်လိုက်စမ်း။ အဲ့လောက်ဆို အခြေအနေက တစ်ခုခုဖြစ်လာနိုင်တယ်”
Seraph က လက်ထဲမှာ စာရွက်တစ်ရွက်နဲ့ အဝတ်အိတ်တစ်ခုကို ကိုင်ထားပြီး အဆောင်ဆီပြန်ရောက်လာတယ်။
“ဒါတွေကို ကြည့်လိုက်ကြဦး” သူပြတဲ့အရာက အချိန်စာရင်းစာရွက်ဖြစ်သည်။ “ပထမ ၃ရက်ဆက်တိုက်က မနက်စာစားချိန်ပြီးတိုင်း သင်ခန်းစာချိန်ရှိတယ်။ လေးရက်မြောက်နေ့ကျရင် မြေအောက်ခန်းမှာ လက်နက်လေ့ကျင့်ရေးလုပ်ဖို့ ရွေးချယ်လို့ရတယ်။ ပြီးရင် ကျန်တဲ့ ၃ရက်က ကိုယ်ပိုင်လေ့လာချိန်တွေပဲ။ အဲ့ဒါဆို ကျန်တဲ့အချိန်တွေမှာ ငါတို့လုပ်ချင်တာလုပ်လို့ရတာပဲ”
“Whoops!” Rory က ရယ်မောပြီး စားပွဲခုံကို လက်နဲ့ ရိုက်လိုက်တယ်။
“ဒါအကုန်မဟုတ်သေးဘူးကွ၊ သူတို့က ငါတို့ရဲ့ ပထမဆုံး လုပ်အားခကို ထည့်ပေးထားသေးတယ်။ စစ်ထဲဝင်ပြီး လစာလည်းရ သင်ယူလေ့လာလို့လည်းရနေမှတော့ ဘယ်သူက တက္ကသိုလ်ကျောင်းတွေသွားတော့မှာလည်း?” Seraph ပြောရင်း လက်ထဲကအိတ်ကို လှုပ်ကြည့်လိုက်သည်။ “ဒီထဲမှာ ၆၀ သျှီလင် လောက်ပါတယ်ကွ”
“Corcillum ကိုအလည်သွားဖို့တော့ အဆင်သင့်ပဲဟေ့” Genevieve ကပြောရင်း မျက်နှာက ပြုံးပြီးတောက်ပနေလေသည်။ “ဒီငွေတွေက ငါ့အမေ တလလုံး တနေ့လုံး အလုပ်လုပ်လို့ရတဲ့ တလစာဝင်ငွေထက်တောင် များသေးတယ်။ နေ့လည်စာစားပြီးရင် Corcillum ကို သွားလည်ကြစို့”
Fletcher က အနားစတွေ ပြဲနေသည့် အင်္ကျီကော်လံစကို ကြည့်လိုက်ရင်း “ငါကတော့ စက်ချုပ်ဆိုင်ကို သွားမှကိုရမယ်”
“ငါ့မိသားစုကလည်း ငါ့အတွက်စိတ်ပူနေလောက်တယ်။ ဒီအခွင့်အရေးကိုသုံးပြီး ငါဒီမှာ သူငယ်ချင်းအသစ်တွေ ရနေပြီဆိုတာ သူတို့သိအောင် ပြောပြချင်တယ်” Othello က သူ့မုတ်ဆိတ်ကို ရှက်ရှက်နဲ့ ဆွဲလိုက်ရင်းပြောသည်။
“ဒါဆို အားလုံးသဘောတူပြီပဲ။ Corcillum ကို သွားဖို့ ငါတို့မှာငွေမရှိဘူးလို့ ဘယ်သူပြောလည်း? အဲ့ကိုသွားဖို့ ခြေတဖက် လက်တဖက် ကုန်ကျမယ်ဆိုရင်တောင် သွားဖို့တန်နေပါပြီ” Seraph က ပြောပြီး အခန်းထဲပြန်ဝင်သွားသည်။
နောက်ကလှေကားဆီက ခြေသံများက သူတို့အသံတွေကို ဖုံးလွှမ်းသွားသည်။
“အဲ့မှာ ဘယ်သူလဲ” Fletcher က ခပ်ကျယ်ကျယ်လေး လှမ်းမေးလိုက်တယ်။
“မင်းမြင်တဲ့အတိုင်းပဲ တွေ့လား။ ငါ့လိုသွေးမရောတဲ့သူတစ်ယောက်ကို ဒီလိုအရပ်သားတွေနဲ့ တတန်းထဲထားထားတာ တကယ့်ကို သိက္ခာကျဖို့ကောင်းတယ်။ နင်သာ ငါ့ကိုယ်စား ကျောင်းအုပ်ကြီးကို ပြောပေးမယ်ဆိုရင် နင့်အခန်းဘေးကို ငါပြောင်းလာလို့ရမှာ” ပြောနေတဲ့သူက Isadora နောက်ကနေပါလာတဲ့ Sylva ဖြစ်သည်။
“Ugh! ဒီနေရာကလည်း ငါ့ရေချိုးခန်းတခန်းစာတောင် မရှိပါလား” Isadora က အခန်းကိုကြည့်လိုက်ပြီး အနံ့အသက်မကောင်းသည့် ပုံဖြင့် နှာခေါင်းကို ရှုံတွလိုက်သည်။
“ငါသိတာပေါ့။ ငါ့အိပ်ခန်းကိုလည်း လာကြည့်လိုက်ဦး ငါနင့်ကိုလိုက်ပြပေးမယ်” Sylva က ပြောရင်း Isadora ကို မိန်းကလေးဆောင်ဆီ ခေါ်သွားဖို့လုပ်တော့ Isadora က ရပ်လိုက်ပြီး သူတို့အဖွဲ့ဆီကို လှမ်းကြည့်ကာ Othello ဆီအရောက်မှာ အကြည့်ကရပ်သွားခဲ့သည်။
“ခဏနေဦး” သူမက တလှမ်းချင်းလှမ်းလာရင်းပြောသည်။ “ဒီနှစ်မှာ ဘယ်လိုအခြေအနေတွေ ဖြစ်လာမလဲဆိုတာကို ဒီအရပ်သားတွေ သိအောင် ငါပြောလိုက်ဦးမယ်”
“ဒီမှာ ငါပြောပြမယ်။ နင်တို့အရပ်သားတွေက ကိုယ့်နေရာကိုယ်သိပြီး တော်ဝင်မျိုးတွေကို ဒုက္ခမပေးမိအောင်နေရမယ်။ ဒီနှစ်ရဲ့ ပြိုင်ပွဲစတဲ့အချိန်မှာလည်း ပထမအချီမှာတင် အရှုံးပေးပြီး နင်တို့ထက်ပိုသာတဲ့ တော်ဝင်မျိုးတွေကိုပဲ သူတို့နဲ့ ထိုက်တန်တဲ့နေရာတွေရအောင် ဦးစားပေးရမယ်။ ပြီးတော့ ဘုရင့်တပ်မတော်က ရနေတဲ့ ရိက္ခာဝင်ငွေဆိုတာကလည်း ငါတို့တော်ဝင်အိမ်တော်တွေကပဲ အခွန်ပေးဆောင်ထားရတာ။ အဲ့ဒါကြောင့် နင်တို့လို ဘာမှမထောက်ပံ့နိုင်တဲ့ လူမျိုးတွေမှာ ဘာအခွင့်အရေးမှ မရှိသလို အထက်တန်းအရာရှိတွေ ဖြစ်လာစရာအကြောင်းလည်း မရှိဘူး။ ငါတို့လမ်းကြောင်းမှာ ဝင်မရှုပ်ဘူးဆိုရင်တော့ နင်တို့ကို ငါ့လက်အောက်မှာ အမှုထမ်းဖို့ အရာခံရာထူးလောက်တော့ ပေးချင်ပေးမှာပေါ့။ ဘယ်လိုလဲ?” စကားအဆုံးမှာ သူမက သူတို့အတွက် ချီးကျူးအားပေးစကားပြောနေသလို ပုံစံဖြင့် ကျေနပ်စွာပြုံးလိုက်သည်။ သူမပြောလို့အပြီးမှာ ပထမဆုံး စကားထပြောလိုက်တဲ့သူကတော့ ကျွန်တော် Fletcher ပဲပေါ့။
“နင်က ငါတို့နဲ့ပြိုင်ရမှာကို ကြောက်နေတာလား?” Fletcher က သူမ ပုံကြီးချဲ့ပြီးပြောသွားသမျှကို ဆန့်ကျင်တဲ့အနေနဲ့ပြောလိုက်တယ်။ တခြားသူတွေကတော့ ဝင်မပြောပဲ သူမဘာဆက်ပြောမလဲစောင့်ကြည့်နေလိုက်ကြသည်။ Isadora ၏မျက်နှာမှာ လွန်ခဲ့သော အခိုက်အတန့်က ယုံကြည်ချက်အပြည့်နဲ့ ပြောနေသော အင်အားအပြည့်နဲ့ နတ်ဆိုးတကောင်လို မဟုတ်တော့ပဲ ဆိုးသွမ်းတဲ့ကလေးငယ်တစ်ဦးကဲ့သို့ နှုတ်ခမ်းကိုစူကာ
“ရှားပါးတယ်ဆိုတာနဲ့ အင်အားကြီးတယ်ဆိုတာက မတူညီဘူးဆိုတာ နင်မြဲမြဲမှတ်ထား Fletcher” သူမက သူ့နားနားကပ်ပြီး ပြောသွားလိုက်သည်။
သူမပြောနေတုန်းမှာပဲ Seraph က သူ့အခန်းထဲကနေပြန်ထွက်လာပြီး မိန်းကလေးတွေကို တွေ့သည်နှင့် အလိုလိုပြုံးသွားကာ
“ချစ်စရာကောင်းလိုက်ကြတာ၊ ငါတို့ဆီကို ဧည့်သည်ရောက်နေတယ်ဆိုတာ ဘယ်သူမှလည်း ငါ့ကို လာမပြောကြပါလားကွ။ ငါတို့ရဲ့ နိမ့်ကျတဲ့ အရပ်လေးဆီကနေကြိုဆိုပါတယ်။ ငါတို့ချင်း မိတ်မဆက်ရသေးဘူးထင်တယ်နော်။ ငါက Seraph Pasha ပါ”
Isadora က သူ့ကို စပ်ဆုပ်ရွံရှာသော အကြည့်ဖြင့်ကြည့်ပြီး အခန်းထဲဝင်ကာနီး ဖြစ်နေသော Sylva ကို ဂရုမစိုက်ပဲ လှေကားအောက်ကိုဆင်းသွားလေသည်။ နတ်သူငယ်မကတော့ Fletcher ကြောင့်ဖြစ်ရသလိုမျိုး ဒေါသဖြင့်သူ့ကိုစေ့စေ့ကြည့်ပြီး သူမနောက်ကနေလိုက်သွားခဲ့သည်။ အညိုရောင်ဆံပင်ပိုင်ရှင်လေးကတော့ လှေကားရင်းမှာ ရပ်နေခဲ့ပြီး အားနာဟန်ဖြင့် Seraph မျက်နှာကိုကြည့်ရင်း နှုတ်ခမ်းလေးကိုကိုက်ကာ
“ခုနကအတွက် ကျွန်မတောင်းပန်ပါတယ်နော်” သူမက ကြားရရုံလောက် လေသံလေးဖြင့်သာပြောလိုက်သည်။
“လာတော့လေ Penelope” Isadora ကအောက်ကနေ အော်ပြောလိုက်တော့ သူမလည်းလှည့်ထွက်သွားတော့သည်။
သူမမြင်ကွင်းထဲက ပျောက်သွားတော့မှ “တွေ့ရတာဝမ်းသာပါတယ်” Rory က ထပြောလိုက်သည်။
“ဘာတွေလာဖြစ်သွားကြတာလဲဟ” Seraph က ထိုင်ခုံတစ်ခုမှာ ဝင်ထိုင်လိုက်ရင်းမေးသည်။
“သူမကငါတို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်လို့ရမယ်ထင်ပြီး ဖိအားလာပေးသွားတာ။ သူမှားတာပေါ့” Othello က လက်သီးဆုပ်ရင်း ဒေါသဖြင့်ပြောသည်။
“Sylva က ဘာ့ကြောင့် တော်ဝင်မျိုးတွေနဲ့ပဲ အဆင်ပြေအောင်နေနေတာလည်း?” Genevieve က ဝမ်းနည်းစွာနဲ့ မေးလိုက်တယ်။
“မျိုးနွယ်စုခေါင်းဆောင်ရဲ့ သမီးဆိုတော့ သူ့ကိုယ်သူ တော်ဝင်မျိုးလို့ပဲ ယူဆတယ်ထင်ပါတယ်” Fletcher ကပြောလိုက်ပြီး အတွေးထဲမှာတော့ တောင်းပန်ချင်စိတ်ပင် ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။ ကြည့်ရသလောက်တော့ Isadora နဲ့ Tarquin ကတော်ဝင်မျိုးတွေကြားထဲ အာဏာရှိပုံရသည်။ သို့ပေမယ့်လည်း Sylva က သူတို့ထဲဝင်ရောလိုက်ရုံဖြင့် မြင့်မြတ်သူတစ်ယောက် ဖြစ်မလာမှာတော့ အမှန်ပင်။
“လာပါကွာ မင်းတို့ပစ္စည်းတွေသွားယူလိုက်ကြတော့ နေ့လည်စာမစားတော့ပဲ Corcillum ကို ခုပဲသွားကြရအောင်” Fletcher က ပြောလိုက်တယ်။
“ကောင်းတဲ့အကြံပဲ။ ငါလည်း အစာစားချင်စိတ်တောင်မရှိတော့ဘူး” Othello က စိတ်ပျက်စွာနဲ့ ခေါင်းခါလိုက်ရင်းပြန်ဖြေလေသည်။
~~~~~