book

Index 24

အပိုင်း ၂၄။

  • Author : Chan Chan
  • Genres : Adventure
  • Original Author : Taran Matharu

ကျောင်းအုပ် Scipio ရဲ့ ရုံးခန်းက အရင်တစ်ခါလာခဲ့တုန်းကလိုပဲ ပူလောင်နေပေမယ့် ဒီတစ်ခါမှာတော့ ပြတင်းတံခါးတွေဖွင့်ထားတာကို တွေ့ရသည်။ Fletcher နဲ့ ကျောင်းအုပ်ကြား အပြာရောင်မီးတိုင်တစ်ခုသာခြားပြီး ကျောင်းအုပ်က မိနစ်အတော်ကြာ သူ့အားစူးစိုက်ကြည့်နေသဖြင့် Fletcher လည်း နေရကျပ်လာတော့သည်။ 


“မင်းဘာ့ကြောင့် ငါ့ကိုလိမ်ခဲ့ရတာလည်း ကောင်လေး?” Scipio က‌ သူ့ကိုတလည့် lgnatius ကို တလည့် ကြည့်ရင်း မေးလိုက်သည်။ 


“ကျွန်တော် တကယ်မရည်ရွယ်ပါဘူး ကျောင်းအုပ်ကြီး Scipio Sir ခင်ဗျာ” 


“ဒီနတ်ဆိုးကောင်ကို ဘယ်ကနေရလာလည်းလို့ မေးတုန်းက Arcturus က မင်းကိုလွှတ်လိုက်တာလို့ပဲ မင်းဖြေခဲ့တယ်လေ။ ငါ့မေးခွန်းကိုအဲ့လိုပဲပြန်ဖြေတာပေါ့လေ? အမေးနဲ့အဖြေက ဆက်စပ်ပြီး အဓိပ္ပါယ်ရှိနေတယ်လို့များ မင်းထင်နေတာလား? မင်းဆီက အဖြစ်မှန်ကိုသိဖို့ ငါနဲ့ Arcturus နဲ့ ကြားထဲမှာ စကားမပြောတော့ဘူးလို့များ ထင်နေတာလား?” ကျောင်းအုပ်ရဲ့အသံက လွန်ခဲ့တဲ့ မိနစ်အနည်းငယ်တုန်းက စားသောက်ခန်းထဲမှာ အော်ဟစ်ပြောဆိုနေသည့် လေသံနှင့်မတူပဲ ကြည်လင်တည်ငြိမ်နေလေသည်။ သို့ပေမယ့်လည်း သူဘာကိုဆိုလိုနေသည်ကိုမူ ခုထိစဉ်းစားမရဖြစ်နေသေးသည်။ 


“ကျ .. ကျွန်တော်ဘာ့ကြောင့် အဲ့လိုပြန်ဖြေခဲ့မိတာလည်းဆိုတာ မသိတော့ပါဘူး။ Arcturus က ကျွန်တော့ကို လွှတ်လိုက်တယ်ဆိုတာက အမှန်ပါ၊ ဒါပေမယ့် ကျောင်းအုပ်ကြီး ဘာကိုပြောချင်တယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ကျောင်းအုပ်ကြီးကို လိမ်မိတာကျွန်တော်မှားပါတယ်။ ဒီကျောင်းမှာ သင်ယူခွင့်ရချင်လို့ ပြောလိုက်မိတာပါ။ ကျွန်တော် တောင်းပန်ပါတယ် Sir” 


Fletcher လည်း ခေါင်းငိုက်စိုက်ကျကာ ရူးချင်နေခဲ့သည်။ သူသာ အစထဲက ရိုးရိုးရှင်းရှင်း အမှန်တိုင်းပြောပြခဲ့မိရင် ခုချိန်လောက်ဆို Arcturus နဲ့အတူ wyrdlight အလင်းရောင် သင်ခန်းစာကို သင်နေရလောက်ပြီ မဟုတ်ပါလား။ ခုတော့ Vocans ကျောင်းကြီးကနေပါ ကျောင်းထုတ်ခံရမလားမသိတဲ့ အဖြစ်နဲ့ ရင်ဆိုင်နေရပြီဖြစ်သည်။ ကျောင်းအုပ် Scipio က ချောင်းတချက်ဟန့်လိုက်ပြီး သူ့စားပွဲရှိရှာကို တိုးလာဖို့ လက်ယပ်ခေါ်လိုက်သည်။ 


“ငါမှားတာလည်းပါပါတယ်။ တကယ်ဆို ဒီ့ထက်ပိုပြီး မေးမြန်းစုံစမ်းခဲ့သင့်တာ။ ပြီးတော့ တိုက်ပွဲသုံး နတ်ဆိုးကောင်သစ်တွေ ဖမ်းနိုင်ဖို့ နည်းလမ်းတွေရှာရတယ်ဆိုတာက စစ်သည်တော်တိုင်း မဖြစ်မနေလုပ်ဆောင်ရမှာပါပဲ။ မင်းရဲ့ Salamander က ဘယ်လောက်အစွမ်းကြီးတဲ့ နတ်ဆိုးကောင်လည်းဆိုတာ မင်းတော့သိမှာမဟုတ်ဘူး။ ငါ့အတွက် နောက်ကျသွားပြီလို့ယူဆပြီး မလုပ်နိုင်ခဲ့တာကို မင်းကလုပ်နိုင်ခဲ့တာပါပဲ” သူက သက်ပြင်းတချက်ချလိုက်ပြီး “Arcturus က မင်းနတ်ဆိုးကောင် ဘယ်လိုရလာတယ်ဆိုတာကို ငါ့ကိုပြောပြတယ်။ (Orc shaman) Orc ဆင့်ခေါ်သူတွေရဲ့ ဆင့်ခေါ်စာလိပ် အကြောင်းရောပေါ့။ တခါတရံ ကံကောင်းပြီးရလာတာကလွဲရင် ကျန်တဲ့ ဆင့်ခေါ်မှုတွေမှာ တိုးတက်မှုရှိမလာခဲ့တဲ့ ငါတို့ရဲ့ လေ့လာစမ်းသက်ချက်တွေကြောင့်ပဲ ငါလည်းစိတ်ပျက်နေရတာပေါ့။ ဘာပဲဖြစ်ဖြစ်ပါလေ Arcturus ပြောပြတဲ့ မင်းသိမ်းထားတဲ့ စာအုပ်ကို ငါတို့ဆီက စာကြည့်တိုက်မှူးဆီမှာ ထားခဲ့ဖို့ မင်းကိုပြောပါရစေ။ စာကြည့်တိုက်မှူးက James Baker လို တကယ့်ကို လျှို့ဝှက်သိုသိပ်တဲ့လူတစ်ယောက်ရဲ့ မှတ်တမ်းစာအုပ်ကနေတဆင့် တစုံတခုလေ့လာနိုင်မယ်ထင်ပါတယ်” 


Fletcher လည်း မျှော်လင့်ချက်မဲ့စွာပဲ နေရာမှာရပ်တန့်နေခဲ့တယ်။ နောက်ဆုံးတော့ ကျောင်းအုပ်ကြီး Scipio က စာလိပ်တထုပ်ဆွဲထုတ်ပြီး သူ့ရှေ့က စားပွဲပေါ်ကိုတင်လိုက်တယ်။   


“ဒါက Hominum စစ်တပ်ကိုမဝင်ခင် အရာရှိဗိုလ်လောင်းတွေအကုန် ရေးထိုးရတဲ့ လက်မှတ်ကတိပဲ။ ဒီမှာလက်မှတ်ထိုးလိုက်ပြီးတာနဲ့ မင်းက ဘုရင်မင်းမြတ်ရဲ့ ကျေးဇူးတော်အောက်မှာ အလုပ်လုပ်ရမယ့် ဒီကျောင်းရဲ့ တရားဝင် ကျောင်းသားစစ်သည်တော်တစ်ယောက်ဖြစ်လာပြီပေါ့။ မင်းရဲ့ နှစ်စဉ်ဝင်ငွေက တစ်နှစ်ကို အခန်းသေးတစ်ခု၊ သင်ကြားရေးတွေ အပါအဝင် ၁ ထောင် သျှီလင်ရနိုင်တယ်။ ဒါတွေအကုန်လုံးကို ဒီစာလိပ်ထဲမှာရေးထားပြီးသား။ လက်မှတ်ထိုးပြီးရင် မင်းသွားလို့ရပြီ” Fletcher လည်း စာရွက်အောက်ဆုံးမှာ ရေးမှတ်ထားတဲ့ သူ့နာမည်ကိုကြည့်ပြီး အပျော်တွေနဲ့ ပြည့်နေခဲ့တယ်။


“မျိုးရိုးနာမည် မရှိဘူးလား?” ကျောင်းအုပ်က သူရေးနေတာကို ကြည့်ပြီး တချက်ဝင်ပြောတယ်။


“ကျွန်တော့မှာမရှိဘူးခင်ဗျ” Fletcher လည်း ရှက်ရွံစွာ တိုးတိုးလေးပြောလိုက်တယ်။


“ကဲ အဲ့လိုဆိုရင်လည်း တစ်ခုခုတော့ ထည့်ရေးလိုက်ပါ။ အရာရှိတွေတိုင်းကို သူတို့ရဲ့ ရှေ့နာမည်စာလုံးကို မသုံးဘူး၊ မိသားစု မျိုးရိုးနာမည်နဲ့ပဲ ခေါ်ကြတာ” Scipio က  သူ့နာမည်နားက ကွက်လပ်ကိုထောက်ပြရင်းပြောတော့ Fletcher စဉ်းစားမိတာ Berdon ဖြစ်သည်။ Berdon ရဲ့ မျိုးရိုးနာမည်မှာ Wulf  ဖြစ်သည်။ သူလည်း Wulf ကိုပဲ ယူသုံးလိုက်တော့သည်။ 


“Atrium ခန်းမထဲကို သွားပါ တပ်သား Wulf အဲ့မှာ မင်းရဲ့ စပွန်ဆာက မင်းတို့သင်ရမယ့် ပထမဆုံးသင်ခန်းစာကို သင်ကြားပေးနေလိမ့်မယ်၊ ပြီးတော့ မင်းက ၅မိနစ်လောက် နောက်ကျနေပီ” Scipio က ရှားရှားပါးပါး ပြုံးပြခဲ့တယ်။ 


Fletcher Atrium ခန်းမထဲရောက်တော့ အခန်းထဲမှာ wyrdlights အပြာရောင်မီးလုံးလေးတွေ ဝဲပျံကာ နေရာယူထားပြီးပြီဖြစ်သည်။ တောက်ပတဲ့ အပြာရောင်ပိုးစုန်းကြူးလေးတွေကြားထဲမှာ တော်ဝင်မျိုးနွယ်တွေက သူတို့ရဲ့ လက်ချောင်းတွေကို လှုပ်ကစားရင်း ဘယ်သူကတော့ မီးတောက်ပိုကြီးအောင် ဖန်တီးနိုင်လဲဆိုတာကို ရယ်မောပြောဆိုနေကြသည်။ အရပ်သားဆိုလို့ Othello, Genevieve နဲ့ Rory တို့ပဲ ရှိနေကြပြီး သူတို့ကတော့ တော်ဝင်မျိုးတွေနဲ့ ဝေးရာမှာ သနားစရာနှုတ်ဆိတ်နေကြလေသည်။ 


“မြန်လိုက်ကြတာ။ ဒီသင်ခန်းစာက သင်ရတာအဲ့လောက်လွယ်တာလား?” Fletcher လည်း Tarquin က လက်သီးလုံးစာလောက်ရှိတဲ့ မီးတောက်ကို လုပ်ပြပြီး တခြားတော်ဝင်မျိုးတွေကြား အံ့သြစရာဖြစ်နေတာကို ကြည့်ရင်းမေးလိုက်တယ်။ 


“ဘယ်ကလာ၊ ငါတို့ကို သင်တောင်မသင်ပြရသေးဘူး။ မိဘတွေက ဆင့်ခေါ်သူတွေဆိုမှတော့ သူတို့မိဘတွေက သူတို့ကို ၁မျိုး ၂မျိုးတော့ သင်ပေးလိုက်ကြမှာပေါ့ကွ” Rory မျက်နှာက စိတ်ပျက်မှုနဲ့ မနာလိုမှုတွေပြည့်နေပြီး သူ့ကို တီးတိုးပြန်ဖြေသည်။ 


Arcturus က အခန်းရဲ့ အလယ်မှာရပ်နေခဲ့ပြီး မျက်လုံးများမှာ တော်ဝင်မျိုးတွေကို အထင်မကြီးသည့်ပုံဖြင့်သာ ကြည‌့်နေခဲ့သည်။ လက်ဖေျာက်တချက်တီးလိုက်တော့ ဘောလုံးများထဲမှ အမြှုပ်များထွက်လာပြီး အခန်းတစ်ခုလုံးမှောင်မဲသွားခဲ့သည်။ Arcturusလက်ချောင်းထိပ်က wyrdlight အလင်းရောင်ထွက်ပေါ်လာပြီး အခန်းမှာ တဖန်ပြန်လင်းလာခဲ့သည်။ လက်ချောင်းထိပ်များမှ အပြာရောင်အစင်းကြောင်းလေးများမှ အလင်းများပွင့်လာပြီး ဦးခေါင်းတစ်ခုစာ အရွယ်အစားဖြစ်လာပြီးနောက် သူက အပေါ်ကို ထုတ်လွှတ်လိုက်သည်။ မီးတောက်မှာ သူ့ခေါင်းပေါ်အထက် မျက်နှာကျက်ဆီမှာ ငြိမ်သက်စီးမျောနေခဲ့သည်။ အခန်းထဲမှာတော့ အပြာရောင်မီးတောက်ရဲ့ အနွေးဓာတ်ဖြင့် ပြည့်နေခဲ့တော့သည်။ 


“ဒီနည်းနဲ့ အကျွမ်းတဝင်ရှိနေပြီးသားသူ လုပ်တတ်ပြီးသားသူ ရှိလားလို့ပဲ ငါမေးခဲ့တာ။ လုပ်ပြပါလို့ငါမပြောခဲ့ဘူး။ တော်ဝင်မျိုးက မိဘတွေက မင်းတို့ကို သင်ပေးပြီးသားဆိုတာက သိသာပြီးသားမို့လို့ မင်းတို့ သွားချင်ရင်သွားလို့ရပြီ။ ကျောင်းရဲ့အချိန်စာရင်းတွေက မင်းတို့ရဲ့အိပ်ယာတွေပေါ်မှာ ရှိနေလိမ့်မယ်။ အချိန်စာရင်းတွေကို အလွတ်မှတ်မိအောင်လုပ်ထားပါလို့ ငါပြောချင်တယ်။ နှေးကွေးလေးလံနေတာတေွကို ငါလက်ခံမှာမဟုတ်ဘူး။” Arcturus ရဲ့ ‌နောက်ဆုံးစာကြောင်းက Fletcher ကို ရည်ညွှန်းသလိုမျိုး သူ့ကိုစိုက်ကြည့်ကာပြောလိုက်သည်။ 


“ဒီသင်ခန်းစာက ရယ်စရာကောင်းတဲ့ ဟာသသက်သက်ပဲဆိုတာ ငါသိသားပဲ။ သွားရအောင် Penelope” Isadora က သူ့နောက်မှာပါလာတဲ့ ခရမ်းနက်ရောင်မျက်လုံးဝိုင်းများရှိတဲ့ တခြားတော်ဝင်မျိုးနွယ် မိန်းကလေးကို အော်ပြောလိုက်တော့ မိန်းကလေးက မဆိုင်းမတွခေါင်းညိတ်လိုက်ပေမယ့် Isadora ရဲ့အပြုအမူကြောင့် Arcturus ကို တောင်းပန်သလိုကြည့်လိုက်တယ်။ 


Tarquin ကလည်း သူ့နောက်မှာ ငွေမှင်ရောင်ဆံပင်ရှိပြီး အသားအရောင်မှာ Seraph ကဲ့သို့နက်မှောင်နေသည့် တော်ဝင်မျိုးကောင်လေးတစ်ယောက်နှင့် အညိုရောင်ဆံပင်ရှိသော ပိန်ပိန်ပါးပါးကောင်လေး တစ်ယောက်နှင့်အတူ ခြံရံကာ ဖြတ်သွားသည်။ ဖြတ်သွားရင်းနဲ့ သူက မလိုက်ဖက်တဲ့ ယူနီဖောင်းကို ဝတ်ထားပြီး မျက်နှာပေါ်က ဒဏ်ရာတွေနဲ့ Fletcher ကို မသတီသလိုကြည့်ကာ စိတ်ပျက်လက်ပျက်နှင့် နှာခေါင်းကိုရှုံ့ ကာထွက်သွားတော့သည်။ 

“သူတို့ကို သွားခိုင်းလိုက်ပါ” Arcturus တစ်ချက်ပြောလိုက်သည်နှင့် တော်ဝင်မျိုးတွေလည်း ဝေးရာကိုထွက်သွားတော့သည်။ “သူတို့က wydlights မီး‌တောက်ရဲ့ ထိန်းချုပ်ပုံကို သင်ခဲ့ရသေးတာမဟုတ်ဘူး။ အဲ့တော့ နောက်သင်ခန်းစာကြရင် အမှီလိုက်သင်ရမှာ သူတို့ပဲဖြစ်မှာ။ တကယ်တော့ wydlights ဖန်တီးတဲ့ နည်းစနစ်က မှော်စာလုံး ဖန်တီးတဲ့ နည်းစနစ်နဲ့ အခြေခံတူတူပဲ” 


သူက အရပ်သားတွေဘက်ကိုလှည့်ပြီး အကဲဖြတ်သလိုကြည့်ရင်းပြောလိုက်သည်။ 


“ပထမဆုံးသင်ခန်းစာက အရမ်းအရေးကြီးတယ်။ မင်းတို့မှာ မတူညီတဲ့ စွမ်းရည်တွေရှိတယ်ဆိုတာ တွေ့ရလိမ့်မယ်။ မင်းတို့ရဲ့ နတ်ဆိုးကောင်တွေက မင်းတို့ရဲ့ mana အရင်းအမြစ်ပဲ။ mana စွမ်းရည် ဘယ်လောက်အမြန်နှုန်နဲ့ ပြန်ပြည့်နိုင်မလဲဆိုတာ မင်းတို့ရထားတဲ့ နတ်ဆိုးကောင်တွေရဲ့ မျိုးစိတ်၊ အသက်အရွယ်နဲ့ အတွေ့အကြုံပေါ်မူတည်တယ်။” 


“Mana” မနေ့က Seraph ပြောသွားတဲ့ထဲမှာလည်း ဒီစကားလုံးပါတယ်။ ဒါက မှော်စွမ်းအင်ကိုခေါ်ဝေါ်တဲ့အခေါ်တစ်မျိုးပဲ ဖြစ်မယ်လို့ Fletcher ခန့်မှန်းလိုက်တယ်။ Arcturus က သူ့ခေါင်းထက်မှာ လင်းပြီး ဝဲနေတဲ့ wyrdlight နဲ့အတူ သူတို့ရှိရာကို လျှောက်လာတော့ သူ့မျက်နှာက အမာရွတ်ကိုကြည့်ရတာ အလင်းရောင်ထဲမှာပိုပြီး နက်ရှိုင်းသည်ကိုတွေ့ရသည်။ 


“စိတ်မရှိပါနဲ့ခင်ဗျ၊ Seraph နဲ့ Atlas တို့က ဘယ်မှာလည်း?” Fletcher က Rory နဲ့ Genevieve တို့ရှေ့ဆီကို တိုးထွက်သွားလိုက်ပြီး Arcturus သူ့ကို သတိထားမိအောင် ပြောလိုက်သည်။ 


“Sir” Arcturus က သတိပေးလိုက်တော့ 


“Sir” Fletcher လည်း အနည်းငယ်ဒေါသထွက်သွားပေမယ့် လိုက်ပြောလိုက်ရသည်။  


“သူတို့ရဲ့ နတ်ဆိုးကောင်တွေ လက်ခံဖို့ သွားနေတာလို့ငါထင်တယ်။ ပုံမှန်ဆိုရင် ငါထောက်ပံ့ပေးတဲ့ အရပ်သားတွေကို ငါ့ဆီက နတ်ဆိုးကောင်တွေ လက်ဆင့်ကမ်းပေးရတာပေမယ့် မင်းအတွက်ကတော့ မလိုတော့ဘူး။ အဲ့ဒါကြောင့် မနေ့က Sacharissa နဲ့ ငါနဲ့ ခက်ခက်ခဲခဲ ဖမ်းမိလာတဲ့  နတ်ဆိုးကောင်ကို တစ်ခြားတစ်ယောက်ကိုပေးဖို့ ကျောင်းအုပ်နဲ့ငါနဲ့ ဆုံးဖြတ်လိုက်တယ်။ မင်းတို့နဲ့ထိုက်တန်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” 


“ဖမ်းမိလာတဲ့ နတ်ဆိုးကောင်က စွမ်းအားကြီးတဲ့ နတ်ဆိုးကောင်လား Sir” Rory က မေးလိုက်တယ်။ 


“မဟုတ်သေးပါဘူး၊ အဲ့လိုဖြစ်ဖို့က အချိန်လိုသေးတယ်။ ဒါပေမယ့် ငါ့အနေနဲ့ ဒါမျိုးကို လက်ဆင့်ကမ်းပေးတယ်ဆိုတာက ရှားတယ်။ မင်းတို့ထဲက တစ်ယောက်ကတော့ ကံထူးသွားတာပေါ့။ ဒီလိုကောင်မျိုးငါတစ်ခါမှ မဖမ်းမိခဲ့ဖူးသေးဘူး။ ကဲ အခု၊ မေးခွန်းတွေတော်လောက်ပြီ။ ကြမ်းပြင်ပေါ်မှာထိုင်ချလိုက်ပြီး မင်းတို့ရဲ့ မျက်လုံးတွေကို မှိတ်ထားပေးပါ” 


သူတို့လည်းခိုင်းတဲ့အတိုင်း လုပ်လိုက်ကြပြီး Arcturus ရဲ့ခြေသံတစ်ခုသာ ပဲ့ထင်နေခဲ့ပြီး သူတို့နောက်ကနေ ဟိုဒီလျှောက်နေခဲ့သည်။ “မင်းတို့ရဲ့စိတ်တွေကို အမှောင်ထုထဲမှာ ပေါ့ပါးနေအောင်ထားပြီး ငါ့အသံကိုပဲ နားထောင်နေပေးပါ” 


Fletcher လည်း စိတ်လှုပ်ရှားပြီး ခုန်နေတဲ့ သူ့နှလုံးခုန်သံကို ငြိမ်အောင်ထားပြီး Arcturus ရဲ့စကားလုံးတွေကို ကြိုးစားနားထောင်နေလိုက်သည်။ Captain ရဲ့ အသံမှာ ချိုသာပြီး နွေးထွေးကာ သူ့စိတ်ကိုလွှမ်းမိုးစေခဲ့သည်။ 


“မင်းရဲ့ နတ်ဆိုးကောင်နဲ့ မင်းနဲ့ကြားက ဆက်စပ်မှုကိုခံစားပြီး သူ့ဆီရောက်အောင်ဆက်သွယ်ပါ။ ညှင်သာပါစေ။ မင်းတို့အတွက် ဒါမျိုး စိတ်ချင်းထိတွေ့မှုက ပထမဆုံးဖြစ်ပေမယ့် ဆက်သွယ်လို့မရမှာကို မစိုးရိမ်နဲ့ လေ့ကျင့်ရင်းနဲ့ တဖြည်းဖြည်းလွယ်လာလိမ့်မယ်” 


Fletcher လည်းခိုင်းတဲ့အတိုင်း လိုက်လုပ်ပြီး စိတ်ထဲမျောလွင့်နေတဲ့ အခြားအသိစိတ်တစ်ခုကို ရှာဖွေနေလိုက်တယ်။ အဲ့နောက် နတ်ဆိုးကောင်၏ စိတ်ဝိဉာဉ်ကို ခံစားရလာခဲ့ပြီး ထိတွေ့လိုက်ရာ သူ့လည်ပင်းပေါ်မှာ ပတ်ခွေနေတဲ့ lgnatius လည်း မသက်မသာ နေရခက်သလို လှုပ်ရှားလာခဲ့သည်။ ဒီခံစားချက်က အရင်က lgnatius ဆီ သူပို့ဖူးတဲ့ စိတ်ချင်းဆက်သွယ်မှုမျိုးမဟုတ်ပဲ တခြားသော အရှိန်အဟုတ်ပြင်းပြင်း အရာတစ်ခု၏ ခံစားချက်ဖြစ်သည်။ 


“စိတ်ချင်းထိတွေ့လို့ရပြီဆိုတာနဲ့ နတ်ဆိုးကောင်ဆီက Mana တွေက မင်းခန္ဓာကိုယ်ထဲကို စီးဆင်းလာလိမ့်မယ်။ ရလာတဲ့ စွမ်းအားတွေအကုန်လုံးကို မင်းလက်က လက်ညှိုးထိပ်ဆီမှာ စုပြီး စီးဆင်းနေအောင် အာရုံစိုက်ပါ။ အခု မင်းတို့လုပ်ရမှာ ဒီလောက်ပါပဲ။”  


သင်္ချိုင်းတွင် ပထမဆုံးဆင့်ခေါ်မှုလုပ်ခဲ့တုန်းကထက် ပိုပြီးကြည်လင်တောက်ပသော စွမ်းအားများက Fletcher ကိုယ်ထဲဝင်ရောက်လာသလို ခံစားနေရပြီး ထိုအားပြင်းသော Mana ကြောင့်ပင် တစ်ကိုယ်လုံးမှာ မုန်တိုင်းတိုက်နေသကဲ့သို့ တုန်ယီနေသည်။


“လက်တချောင်းစာ mana လောက်ပဲ Fletcher ၊ မင်းက mana တွေအများကြီးယူနေတာပဲ။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ဖို့ ကြိုးစားပါ” Arcturus က အဝေးကနေ လှမ်းအော်ပြောသည်။ 


အသက်ကိုပြင်းပြင်းရှူပြီး ဝင်လေထွက်လေ ပုံမှန်ပြန်မှတ်ကာ လက်ချောင်းတွေကို mana စီးကြောင်းထဲ မြှောက်တင်လိုက်သည်။  ထိုသို့မြှောက်တင်လိုက်သည်နှင့် လက်ဖျားထိပ်များမှာ ပူလောင်သော အထိအတွေ့နှင့် အေးမြသော အထိအတွေ့ နှစ်မျိုးလုံးကို တပြိုင်နက်ခံစားလာရပြီး မျက်လုံးထဲမြင်နေရသော အမှောင်ထုမှာ အပြာဖျော့ရောင်အဖြစ်သို့ ပြောင်းသွားသည်။ 


“မျက်လုံးတွေဖွင့်လိုက်တော့ Fletcher” အသက်ကိုပြင်းပြင်းရှူနေမိပြီး ကြောက်ရွံ့မှုဖြင့် တုန်နေသောကြောင့် Arcturus က ပုခုံးကိုပုတ်ပေးပြီး မျက်လုံးဖွင့်ဖို့ပြောသည်။ 


သူ၏လက်ချောင်းထိပ်များမှာ တောက်ပသော အပြာရောင်အလင်းတန်းရှိနေပြီး လက်ချောင်းများကိုလှုပ်ရှားလိုက်သည်နှင့် မီးတောက်ဘောလုံးများမှာလည်း သူတစ်ချက်လှုပ်တိုင်း ယိမ်းပြီးလိုက်ပါနေသည်။ အမှောင်ထုထဲတွင် ဝေ့ယမ်းနေသော မီးတောက်ပမာ လှပလွန်းသည်။  


“လက်ညှိုးထိပ်လို့ ပြောခဲ့တယ်လေ Fletcher အဲ့လိုမျိုးမဟုတ်ဘူး” Arcturusက ပြောလိုက်ပေမယ့် သူလေသံက ဂုဏ်ယူသော အရိပ်အယောင်များ ပါနေလေသည်။ 


“ကျွန်တော်လုပ်တာ အဆင်ပြေရဲ့လား?” Fletcher က လေထဲမြှောက်ထားတဲ့ သူ့လက်၈ချောင်းကို အထိတ်တလန့်ကြည့်ရင်း မေးလိုက်သည်။ တခြားသူများမှာတော့ သူ့ထက် နောက်ကျပြီးမှ မျက်လုံးပွင့်လာကြသည်။ ဒီလမ်းကြောင်းပေါ်ရောက်မလာခင်ထဲက တခြားသူများထက်စာရင် သူက lgnatius နဲ့ တပတ်လောက်စောပြီး အချိန်ကုန်ခဲ့ရသည်မို့ တခြားသူများထက်အရင် ဆက်သွယ်လို့ရခြင်းပင်ဖြစ်မည်ထင်။ 


“မင်းက ငါတို့သင်ပေးမယ့် ပုံဖော်ခြင်းအနုပညာထဲက သင်ခန်းစာတွေအများကြီးကို ကျော်ပြီး လုပ်ပြလိုက်နိုင်တာပဲ Fletcher၊ အခုငါလုပ်ပြမှာကို သေချာလိုက်ကြည့်ထား” 


Arcturus က အပြာရောင်တောက်နေတဲ့ သူ့လက်ထိပ်ကို လေထဲမြှောက်ပြီး ထူးဆန်းသော တြိဂံပုံစံတစ်ခုရေးဆွဲကာ ဘောင်ခတ်လိုက်သည်။ ရေးဆွဲထားသည့် တြိဂံအရောင်မှိန်လာသည်နှင့် Arcturus က လက်ညှိုးထိပ်ဆီကနေ wyrdlights အလင်းတန်းကို တြိဂံရှိရာဆီပစ်လွှတ်လိုက်ပြီး အလင်းတန်းမှာ ထိုအရာကိုဖြတ်ကျော်လာသည်နှင့် စက်ဝိုင်းပုံစံ ဒိုင်းကာအဖြစ်ပြောင်းလဲသွားလေသည်။ လွန်ခဲ့သော ၂ရက်ခန့်က Corcillum မြို့ထဲတွင် သူ့အားကယ်တင်ခဲ့တုန်းကပုံနှင့် ပုံစံတူပင်ဖြစ်သည်။ 


“ရလာတဲ့ Mana တွေကို သင်္ကေတမရေးဆွဲပဲ ဒီတိုင်းအသုံးပြုမယ်ဆိုရင် wyrdlight မီးရောင်သက်သက်အနေနဲ့ပဲ အသုံးပြုနိုင်ပေမယ့် ပုံဖော်ထားတဲ့ အမှတ်အသားသင်္ကေတတွေ ရေးဆွဲနိုင်ခဲ့ရင်တော့ ဒီစွမ်းအားက တိုက်ပွဲမှာအသုံးချနိုင်တဲ့ စွမ်းအားမြင့်လက်နက်ဖြစ်လာတယ်။ ဒါပေမယ့် ငါ့လို ဒိုင်းကာမျိုးမပြောနဲ့ အကာအရံတစ်ခု ပုံဖော်နိုင်ဖို့ဆိုတာတောင် မလွယ်ဘူး၊ အများကြီးလေ့ကျင့်ဖို့လိုတယ်။ Wyrdlights အလင်းတန်းတွေကို စုစည်းပုံဖော်ပြီး ကျွမ်းကျင်အဆင့်ရောက်ဖို့တောင် မင်းတို့တွေ အချိန်ယူရဦးမှာ” 


“ငါတို့ဘာတွေများ လွတ်သွားသေးလဲ?” Seraph ရဲ့ ပျော်ရွှင်နေတဲ့အသံက သူ့နောက်ကနေထွက်လာခဲ့တယ်။ 


နောက်လှည့်ကြည့်လိုက်တော့ Seraph, Atlas က သူတို့ရဲ့ နတ်ဆိုးကောင်တွေကို ယူလာကာ Captain Lovett နဲ့အတူ ဆင့်ခေါ်ခန်းထဲကနေထွက်လာကြတာကိုတွေ့ရတယ်။ 


Seraph ကတော့ အရမ်းကိုပျော်ရွှင်နေပုံရပြီး သူရလာတဲ့ နတ်ဆိုးကောင်က သူ့ဘေးက မြေပြင်ပေါ်မှာ လိုက်ပါလာကာ သူ့အသွင်က လွင်ပြင်ခေါင်မှာ ထီးထီးမားမားရပ်နေသော သစ်ငုတ်တိုကြီးပမာ ဖြစ်သည်။  သစ်ခေါက်ခွံပမာ မာကျောသော အရေခွံရှိပြီး ကြမ်းတမ်းတဲ့သူ့အသားပြင်ပေါ်မှာ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသည်။ ကျောပြင်တလျှောက်မှာ ကျောရိုးဆစ်များက ထိုးထွက်နေပြီး အဖျားမှာ ခွဲစိတ်ခန်းသုံးဓားများထက်ပင် ပိုထက်ပုံရသည်။ တောတွင်းအမဲလိုက်လျင် တွေ့ရလေရှိသော အရေးပြားပါဖောက်ထွက်စေနိုင်သည့် အစိမ်းရောင်ဆူးခြုံပုတ်ကြီးများကိုပင် အမှတ်ရသွားမိလေသည်။ 


“ဒါကဘာကောင်ကြီးလဲ?” Rory က သူတို့ရှေ့ကိုတိုးထွက်လာပြီး မေးလိုက်သည်။ နှာတံတိုတိုနှင့် သွား‌ရည်များပြည့်နေသော ပါးစပ်ကိုဟလိုက်ရာ အညိုရောင်လျှာပြားကြီးနဲ့ သွားများကြား ညပ်နေသော သစ်ရွက်စအကြွင်းအကျန်များကို တွေ့ရသည်။


“ဒါက Barkling အမျိုးအစား နတ်ဆိုးကောင်ပဲ” Arcturus က ပြန်ဖြေလိုက်တယ်။ “သူတို့တွေက ရုပ်ဖျက်တဲ့နေရာမှာ ကျွမ်းကျင်ကြပြီး ဖမ်းမိဖို့ဆိုတာ အရမ်းကိုမှ ခက်ခဲတဲ့ အမျိုးအစားပဲ။ အစာကျွေးတဲ့နေရာမှာတော့ နည်းနည်းဒုက္ခရောက်လိမ့်မယ်။ သူတို့က တနေ့ကို အရွက် တပေါင်နှုန်းနဲ့ စားနိုင်ကြတယ်။ နတ်ဆိုးဆိုင်ရာသင်တန်းကြရင် Major Goodwin က ဒါနဲ့ ပတ်သက်တာတွေကို သင်ပေးပါလိမ့်မယ်”


Arcturus လည်း သူဖမ်းမိထားတဲ့ နတ်ဆိုးကောင်ကိုကြည့်ပြီး အနည်းငယ်နှမျောသည့်အနေဖြင့် ခေါင်းကုတ်ကာ ကြည့်မိတာကို Seraph ကတွေ့သွားပြီး ကျေးဇူးတင်သည့်အနေဖြင့် ပြုံးပြလိုက်တာကိုတွေ့ရသည်။ 


“ဒီနတ်ဆိုးကောင်ကို ငါ့အတွက်သိမ်းထားပြီး မင်းအတွက်ကိုတော့ နောက်တစ်ကောင်ထပ်ဖမ်းပေးချင်ခဲ့တာ Seraph ဒါပေမယ့် Sacharissa နဲ့ ပါးနပ်လွန်းတဲ့ ဒီကောင်နဲ့ အနီးကပ်တိုက်ခိုက်တုန်းက သူမ ကျောဘက်မှာ ဒဏ်ရာရသွားတယ်။ ဒဏ်ရာကပြင်းတော့ နောက်တစ်ကြိမ်ခရီးထပ်ထွက်ဖို့က မဖြစ်နိုင်သေးဘူး။ ကလေးမကို (Sacharissa) မုခ်ဝကို ပြန်ဆွဲတင်တုန်းကဆို အတင်းကို ရုန်းကန်နေခဲ့တာ။ ကြိုးတပ်ပြီးဆွဲတင်ဖို့တောင် အချိန်မနည်းလုခဲ့ရတယ်။ အခုချိန်မှ နောက်တစ်ကောင်ထပ်ဖမ်းဖို့ဆိုရင်လည်း ‌နောက်ကျသွားပြီ။ မင်းနဲ့ဒီနတ်ဆိုးကောင်နဲ့ အဆင်ပြေပါစေလို့ ငါမျှော်လင့်ပါတယ်” 


“ကျေးဇူးအများကြီးတင်ပါတယ် Sir” Seraph က နတ်ဆိုးကောင်ကို သူ့လက်မောင်းပေါ် မနိုင်မနင်းတင်နေရင်းက လှမ်းပြောလိုက်တယ်။ “ကျွန်တော့အတွက် ဒီလိုနတ်ဆိုးကောင်မျိုးရဖို့က ဘယ်လောက်ထိအရေးပါလဲဆိုတာ ဆရာတော့ သိမှာမဟုတ်ပါဘူး။ ကျွန်တော် သူ့ကို ဒီနေ့ကစပြီး Silver လို့ နာမည်ပေးလိုက်ပါပြီ”


Atlas က နောက်နားဆီမှာ ရပ်နေပြီး သူ့မျက်နှာမှာလည်း အပြုံးဖြင့်ပြည့်နေသည်။ သူ့နတ်ဆိုးကောင်ကတော့ အရွယ်ရောက်ပြီးသား ခွေးတစ်ကောင်စာအရွယ်ရှိပြီး ပါးစပ်မှာ ချွန်ထွက်နေသောအစွယ်နှစ်ခုရှိကာ ကြီးမားတဲ့ခန္ဓာကိုယ်နှင့် အမြှီးရှိ ဆူးချွန်ဘောလုံးတစ်ခုကြောင့် သူ့အသွင်မှာ morningstar နဂါးတစ်ကောင်အသွင်ရှိသော်လည်း အမြှီးတံမှာ ထူးထူးခြားခြား ကြွက်မြှီးနှင့် သဏ္ဍန်တူသည်။ နတ်ဆိုးကောင်မှာ ထင်မထားလောက်အောင်ကို ပေါ့ပါးသွက်လက်ပြီး ကြမ်းပြင်ပေါ်၌ Atlas ခြေထောက်ကို လှည့်ပတ်နေလေသည်။


“ကျွန်တော့ နတ်ဆိုးကောင်က Lutra အမျိုးအစားထဲကပဲ၊ သူ့အမြှီးကိုကြည့်ပြီး သူ့ကို Barb လို့ နာမည်ပေးထားတယ်။”

“Barb” တဲ့လား Arcturus က မှတ်ချက်ဝင်ပေးသည်။ “ဒါနဲ့ပတ်သက်ပြီး မင်းပြန်စဉ်းစားဖို့လိုမယ်ထင်တယ်။ ဒါမျိုးက မရ… အဲ… ဒီနာမည်မျိုးပေးတာက နတ်ဆိုးကောင်တွေနဲ့ မလိုက်ဖက်ဘူး။ ‘Barbarous’ လို့ခေါ်ရင်ရော? ငါသိသလောက်တော့ အရင်က ဒီလိုနာမည်မျိုးနဲ့ နတ်ဆိုးကောင်တစ်ကောင် ရှိခဲ့ဖူးတယ်” 


“အကောင်းဆုံးနာမည်ပဲ” Atlas က သူ့နတ်ဆိုးကောင်ကို ရင်ခွင်ထဲဆွဲထည့်ရင်းနဲ့ ပြန်ဖြေလိုက်တယ်။ 


Captain Lovett က ဆင့်ခေါ်ခန်းထဲ ဝင်သွားပြီး တံခါးပိတ်လိုက်သည်ကို Fletcher လှမ်းတွေ့လိုက်သည်။ ဘာ့ကြောင့်များပါလိမ့်။ ဆင့်ခေါ်ခန်းထဲမှာ တခြားနတ်ဆိုးကောင်တွေ ရှိနေသေးပုံရသည်ဆိုတော့ Hominum က ဆင့်ခေါ်သူတွေက နတ်ဆိုးကောင် တစ်ကောင်ထက်ပိုပြီး ရနိုင်တာများလား။ သူတစ်ယောက်ထဲတွေးနေမိသည်။


Arcturus က သင်ခန်းစာဆက်ဖို့ သက်ပြင်းတစ်ချက်ချလိုက်ချိန်မှာပဲ Fletcher က သူသိချင်တဲ့ တစ်စုံတစ်ခုကို မေးရန်အတွက် လက်ထောင်လိုက်သည်။ 


“Sacharissa က အခု ဘယ်မှာရှိနေတာလည်း Sir? တော်ဝင်မျိုးတွေရဲ့ နတ်ဆိုးကောင်တွေကရော? သူတို့ရော နတ်ဆိုးကောင်တွေရဖို့ ဆင့်ခေါ်ခန်းထဲမှာစောင့်နေကြတာလား?” သိချင်ဇောနဲ့ ဆက်တိုက်မေးလိုက်မိတယ်။ 


“Infusion (ကိုယ်တွင်းစွမ်းရည်) ဆိုတာဘာလည်း မင်းသိလား?” Arcturus က သူတို့နှစ်ယောက်ကြား level တစ်ခုကွာသည့် အကြည့်မျိုးနှင့် ကြည့်လိုက်ပြီး မေးသည်။ Fletcher က ခေါင်းခါလိုက်တော့ 


“Infusion ဆိုတာ ဆင့်ခေါ်သူတစ်ယောက်က နတ်ဆိုးတစ်ကောင်ကို စုပ်ယူလိုက်ပြီး သူနဲ့တသားထဲဖြစ်သွားတဲ့အခါ စွမ်းရည်တစ်မျိုးရလာတယ်။ အဲ့စွမ်းရည်က ပြန်လည်ကျန်းမာအောင် healing လုပ်ပြီး ကုစားပေးနိုင်တယ်။ တစ်ချိန်ထဲမှာပဲ ဆင့်ခေါ်သူက နတ်ဆိုးကောင်နဲ့လည်း ဆက်သွယ်နိုင်ပြီး သူ့ဆီက mana ကိုလည်း စုပ်ယူအသုံးပြုနိုင်ပေမယ့် ဒီစွမ်းရည်က ကိုယ်တွင်းစွမ်းရည်အနေနဲ့ပဲ ကျန်ရစ်တယ်။ အကယ်၍ Orc javelins လှံတံတွေ မင်းဆီကို တဖွဲဖွဲကျလာပြီဆိုပါတော့ အဲ့အချိန်မျိုးမှာဆို infusion က မင်းအတွက်ရော မင်းရဲ့ နတ်ဆိုးကောင်အတွက်ရော အကောင်းဆုံးအကာအကွယ်ပဲ။ Infusion နဲ့ ပတ်သက်ပြီးတဲ့ ဆင့်ခေါ်ခြင်းဆိုင်ရာ သင်ခန်းစာတွေကို Captain Lovett နဲ့ မနက်ဖြန်ကျရင် သင်ရလိမ့်မယ်။ ငါက မှော်ပုံဖော်ခြင်းဆိုင်ရာကို အထူးပြုတာဝန်ယူထားတာမို့လို့ ဒီအကြောင်းနဲ့ ပတ်သက်ပြီးသင်ပေးဖို့ ငါ့အနေနဲ့ မသင့်တော်ဘူး။ ဒီအဖြေလောက်ဆို လုံလောက်ပြီမလား?” 


“ဟုတ်ကဲ့ပါ Sir ကျေးဇူးတင်ပါတယ်” 


Arcturus လည်း နောက်ထပ် သင်္ကေတတစ်ခုကို ထပ်သင်ပေးဖို့ လှည့်ထွက်သွားလေသည်။ lgnatius က သူ့ပုခုံးနားဆီတိုးလာပြီး ပွတ်သပ်လေသည်။ သူ့လက်ချောင်းထိပ်ဆီကနေတဆင့် အသွေးတွေအသားတွေထဲထိ စီးဆင်းနေတဲ့ mana ကို သူခံစားနေမိသည်။ Infusion တဲ့လား။ 

~~~~~


rate now: