book

Index 23

အပိုင်း ၂၃။

  • Author : Chan Chan
  • Genres : Adventure
  • Original Author : Taran Matharu

မနက်စာစားချိန်ကို နောက်ကျမှ ရောက်လာကြတဲ့ တော်ဝင်မျိုးတွေက အခန်းရဲ့ထောင့်ဆီမှာ သီးသန့်နေရာယူလိုက်ကြပြီး အရပ်သားတွေဖြစ်တဲ့ ကျန်သူအားလုံးကို ဂရုမစိုက်သလို လျစ်လျူရှူထားကြသည်။ Tarquin နဲ့ Isadora က ဒီနေရာမှာ သူတို့သာ တော်ဝင်မျိုး အရှင်သခင်တွေဖြစ်ကြောင်း ပြသနေပေမယ့် တော်ဝင်မျိးနွယ်အချင်းချင်းမှာတော့ သူတို့အကြောင်းကို သိပြီးဖြစ်မည်ဟု Fletcher တွေးလိုက်သည်။ 


“ငါ့တို့ကို ဘာ့ကြောင့်မသိချင်ယောင်ဆောင်နေကြတာလည်းဟ” Atlas က အစားအသောက်တွေကို စတင်ပြီးပြစ်တင်ဝေဖန်နေတဲ့ တော်ဝင်မျိုး ၂ ယောက်ကိုကြည့်ရင်း မေးလိုက်တယ်။ 


“ဒါက ပုံမှန်ပဲလေကွာ” Seraph က ဒဲ့တိုးပြန်ဖြေသည်။ “တော်ဝင်မျိုးတွေ အရပ်သားတွေနဲ့ သီးခြားနေကြတယ်။ တနေ့က ငါသူတို့နေရမယ့် အခန်းနားကို ဖြတ်ပြီးသွားကြည့်လိုက်သေးတယ်။ အခန်းအရွယ်အစားက ငါတို့နေတဲ့ ဒီအဆောင်တစ်ခုစာလောက်ရှိတယ်ကွ” 


“ငါကတော့ ဒါမျိုးကို ဖြစ်သင့်တယ်လို့မထင်ဘူး။” Rory ကဝင်ပြောတယ်။ “တကယ်ဆို ငါတို့အကုန်လုံးက ဒီမှာ ၂နှစ်လောက် တူတူနေကြရမှာမဟုတ်ဘူးလား။ သူတို့ တော်ဝင်မျိုးနွယ်က ၅ယောက်ထဲရှိတာ။ ကြာလာရင် သူတို့တစ်ယောက်နဲ့တစ်ယောက် အဖော်လုပ်နေရတာကို ငြီးငွေ့သွားလောက်တယ်။” 


“ငါကတော့အဲ့လိုမထင်မိဘူး။ သူတို့က အားလပ်ချိန်ရတာနဲ့ Corcillum မြို့ထဲမှာပဲ အချိန်ဖြုန်းလေ့ရှိတယ်လို့ ဒီက အစေခံတစ်ယောက်က ငါ့ကို ပြောပြဖူးတယ်။ ဒီရဲတိုက်ထဲမှာပဲ ရှိတဲ့ပျော်စရာနည်းနည်းနဲ့ အချိန်တွေကို ဖြစ်သလိုဖြတ်သန်းရမှာ ငါတို့ပဲ။ ငါတို့လုပ်နိုင်တဲ့ အကောင်းဆုံးနည်းကတော့ တခြားအရပ်သားတွေနဲ့လည်း ခင်ခင်မင်မင် ဖြစ်အောင်မိတ်ဖွဲ့နေဖို့ပဲ” Fletcher က သူ့အမြင်ကို အရဲစွန့်ပြီးပြောပြတယ်။ 


သူတို့ပြောနေကြတုန်းမှာပဲ ဒုတိယနှစ်ကျောင်းသားတွေက စကားသံများကျယ်လောင်စွာ ပြောနေကြရင်း အခန်းထဲဝင်လာကြသည်။ နှစ်ဖွဲ့ခွဲလိုက်ပြီး စားပွဲမှာဝင်ထိုင်လိုက်ကြသည်။ သူတို့မှာ ပထမနှစ်ကျောင်းသားများလိုမဟုတ်ပဲ အချင်းချင်းရင်းနှီးဟန်ရှိကြပြီး ရန်လိုသောစကားများပြောသည်ကို မကြားရပဲ ယူနီဖောင်းအရည်အသွေးနဲ့ ပတ်သက်ပြီးသာ ပြောဆိုဆွေးနွေးနေကြသည်ကို တွေ့ရသည်။ သူတို့ကြားမှာရော တော်ဝင်မျိုးတွေနဲ့ အရပ်သားဆိုပြီး ခွဲထိုင်ကြမလားလို့ Fletcher သိချင်မိခဲ့သည်။ 


“မနက်စာစားဖို့ အစောကြီးဆင်းလာကြတာပဲ” Seraph က ဒုတိယနှစ်တွေရဲ့ စားပွဲနှစ်ခုကိုကြည့်ပြီး၊ အထူးသဖြင့် Othello ထိုင်နေတဲ့ နေရာကို ကြည့်ရင်း ပြောလိုက်သည်။ သူတို့ထဲကတစ်ယောက်က ဘေးတစ်ယောက်ကို ပုတ်လိုက်ပြီး lgnatius နဲ့ Othello ရဲ့ Solomon လို့ နာမည်ပေးထားတဲ့ Golem ရှိရာကို ညွှန်ပြနေသည်။ လူပုလေးဖြစ်တဲ့ Othello က သူတို့အကြည့်ကို စိတ်မဝင်စားသလို အစားကိုသာဂရုစိုက်စားနေပေမယ့် နေရအဆင်မပြေဖြစ်နေလေသည်။ 


“သူတို့နဲ့ ငါတို့နဲ့ ဒီလိုပဲ နေ့တိုင်းမနက်စာအတူစားရရင်ကောင်းမှာပဲနော်။ ဒီအခန်းထဲမှာ ငါတို့လူ၁ရာလုံးစုပြီးစားဖို့ နေရာလုံလောက်ပါတယ်” Genevieve က ခေါင်းကို လက်တစ်ဖက်နဲ့ထောက်ပြီး စောင်းငဲ့လိုက်ရင်း ရေရွတ်လိုက်သည်။ သူ့ခေါင်းက ဆံပင်အနီရောင်တွေကိုကြည့်ပြီး Fletcher သံသယဝင်နေမိသည်။ မနေ့ညက Vocans ကနေထွက်သွားတာ သူမများဖြစ်နေမလားမသိပေ။


အစေခံတွေက နောက်ထပ်ရောက်လာတဲ့ ကျောင်းသားတွေအတွက် မနက်စာများပြင်ဆင်ပေးပြီး ထွက်သွားကြသည်နှင့် အခန်းက ရုတ်တရက်တိတ်ဆိတ်သွားခဲ့သည်။ Fletcher လည်း စားလက်စကိုရပ်ပြီး ကြည့်လိုက်တော့ ကျောင်းအုပ်နဲ့အတူ အရာရှိယူနီဖောင်း ဝတ်ထားသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ဝင်လာသည်ကို တွေ့ရသည်။ စတွေ့ထဲက သူတို့ထဲက တစ်ယောက်က Arcturus ဖြစ်မှန်း သူမှတ်မိလိုက်သည်။ Arcturus ရဲ့ နို့နှစ်ရောင်မျက်လုံးများက ရှေ့တည့်တည့်ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။ သူက Fletcher ကို မှတ်မိသည့်ပုံမပေါ်ပေ။ သူတို့နောက်မှာတော့ နတ်သူငယ်မိန်းကလေးလိုက်ပါလာပြီး အခန်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။ သူမက အရပ်သားစားပွဲနှင့်ဝေးရာ စားပွဲမှာ ဝင်ထိုင်လိုက်သည်။ သူမ၏ Canid နတ်ဆိုးကောင်က သူမနားဆီကနေ တစ်ခန်းလုံးကို ဝေ့ကြည့်ကာ သူမကိုကာကွယ်ဖို့အနေအထားဖြင့် ရှိနေလေသည်။ 


အရာရှိ ၄ ယောက်က မတ်တပ်ရပ်လျက်နဲ့ပင် လက်ပိုက်ကာ အခန်းတစ်ခုလုံး ငြိမ်သက်သွားသည်အထိ စိုက်ကြည့်နေခဲ့ကြသည်။ 


“Vocans ကျောင်းတော်ကြီးကနေ ကြိုဆိုပါတယ်။ ငါထင်တယ် မင်းတို့အားလုံး နေရာတကျဖြစ်နေကြပြီလို့” ကျောင်းအုပ် Scipio က နှုတ်ခမ်းမွှေးတွေကို ပွတ်သပ်ရင်းပြောသည်။ “မင်းတို့တွေက မြင့်မြတ်တဲ့ Vocans Academy ကျောင်းတော်မှာ သင်ကြားခွင့်ရတဲ့ ကံကောင်းတဲ့ နောက်ဆုံးမျိုးဆက်ကျောင်းသားတွေပေါ့” Fletcher က တခြားကျောင်းသားသစ်တွေကို ရေတွက်လိုက်တော့ ဒုတိယနှစ်များမှာလည်း သူတို့လိုပဲ ၁၂ ယောက်ပင်ဖြစ်သည်။ 


“ငါတို့ ကျောင်းတော်ကြီးရဲ့ ဒီအစဉ်အလာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ထောင်ကျော်က ပထမဆုံး Hominum ဘုရင်ကြီးလက်ထက်ကနေပြီး စခဲ့တာပေါ့” Scipio က စကားကိုဆက်တယ် “ငါတို့မှာရှိတဲ့ လူအင်အားက အရေအတွက်အနေနဲ့ နည်းပါးပေမယ့် ကျောင်းတော်ကြီးကနေ ကျောင်းဆင်းခဲ့ကြတဲ့ ဘွဲ့ရစစ်သည်တွေက ဘုရင့်စစ်တပ်ရဲ့ အကောင်းဆုံးစစ်သည်တော်တွေ အနေနဲ့ရော တော်ဝင်အိမ်တော်တွေရဲ့ အလံတွေအောက်မှာပါ  မြင့်မြတ်တဲ့ စစ်သည်တွေအနေနဲ့ ဆက်လက် တာဝန်ထမ်းဆောင်နေကြတယ်”


ထိုအချိန်မှာပဲ Tarquin က Isadora နားကပ်ကာ တစ်စုံတစ်ခုပြောလိုက်ပြီး နှစ်ယောက်သား ကျိတ်ရယ်လိုက်ကြသည်ကို Fletcher မြင်လိုက်သည်။ သူတစ်ယေက်ထဲ သတိထားမိသည်မဟုတ်ပဲ ကျောင်းအုပ် Scipio လည်း သတိထားမိပြီး သူ့မျက်နှာမှာ ဒေါသကြောင့်နီမြန်းလာကာ တော်ဝင်မျိုးနွယ်ကောင်လေးကို လက်ညှိုးထိုးလိုက်သည်။ 


“မင်း, မတ်တပ်ရပ်လိုက်စမ်း! တော်ဝင်မျိုးပဲ ဖြစ်နေပါစေ အရပ်သားပဲဖြစ်ပါစေ ဘယ်သူ့ဆီကမှ ဘယ်လိုရိုင်းစိုင်းမှုမျိုးကိုမှ ငါလက်ခံမှာမဟုတ်ဘူး။ ရပ်လိုက်လို့ ငါပြောနေတယ်၊ ရပ်လိုက်ပြီး မင်းဘယ်သူလဲပြောပါ” 


Tarquin လည်း ထရပ်လိုက်ပေမယ့်လည်း သူ့ပုံစံမှာ ကျောင်းအုပ်ကြီး၏ ဒေါသကို မဖြုံသလိုပင်။ လက်မတစ်ဖက်ဆီကို ဘောင်းဘီအိတ်ထဲထည့်ကာ ကြည်လင်ရှင်းလင်းတဲ့ အသံနဲ့ပဲ ပြန်ဖြေလိုက်သည်။ 


“ကျွန်တော့နာမည်က Tarquin၊ Pollentia Dukedom နယ်မြေအတွက် ပထမတန်းလျာထားခံရတဲ့သူဖြစ်ပြီး ကျွန်တော့အဖေက Forsyth Furies အိမ်တော်ရဲ့ ဗိုလ်ချုပ် Duke Zacharias Forsyth ပဲ”  ဒုတိယနှစ်ကျောင်းသားတွေက သူ့မိသားစု မျိုးရိုးနာမည်ကို အမှတ်ရပြီး ရေရွတ်နေတာကိုကြည့်ပြီး သူပြုံးလိုက်တယ်။ သူ့အဖေသည် Hominum တော်ဝင်မျိုးနွယ်တွေထဲမှာ အသက်အကြီးဆုံးနှင့် သြဇာအရှိဆုံး ဖြစ်သည်။ Pollentia ဆိုတဲ့ နာမည်ကို Fletcher အမှတ်ရလိုက်သည်။ Pollentia သည်  Vesanian ပင်လယ်ပြင်မှ Hominum မြို့တော်တစ်လျှောက် ဖြတ်ထားသော မြေဆီလွှာကောင်းပြီး ကြီးမားကျယ်ပြန့်သည့် နယ်မြေတစ်ခုဖြစ်သည်။ 


Scipio က‌တော့ ထူထဲဖြူဖွေးနေတဲ့ မျက်ခုံးမွေးနှစ်ခုံး တစုံအောက်ကနေ ဘာမှပြန်မပြောသေးပဲ Tarquin ရှိရာကိုပဲ ငြိမ်သက်စွာ ကြည့်နေလိုက်သည်။ Tarquin က အခန်းထဲတိတ်ဆိတ်သွားတော့မှ စကားစပြောခဲ့သည်။ 


“ကျွန်တော့ရဲ့ အပြုအမူက ရိုင်းပြသလိုဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်။ ကျွန်တော်က ညီမဖြစ်သူကို ဒီကျောင်းတော်ကြီးရဲ့ တစိတ်စပိုင်းဖြစ်ရတာကို ဂုဏ်ယူမိတဲ့အကြောင်း ပြောပြနေတာပါ” 


“ကလေးတွေလိုမျိုး မင်းကို ခုချက်ချင်း အခန်းဆီပြန်မပို့ဘူးဆိုတာ မင်းအဖေကို လေးစားတာတစ်ခုထဲကြောင့်ပဲ ဆိုတာ သိထားပါ” Scipio က ချောင်းတချက်ဟန့်လိုက်ပြီး “နေရာမှာပြန်ထိုင်ပြီး ငါစကားပြောလို့ ပြီးသွားတဲ့အထိ မင်းပါးစပ်ကို ပိတ်ထားပေးပါ” 


Tarquin က ခေါင်းကို ဦးညွတ်ပြကာ ပြုံးပြီးပြန်ထိုင်လိုက်ပေမယ့် ပြောခံလိုက်ရလို့ စိတ်ထဲတော့ မကြည်မလင်ဖြစ်သွားခဲ့သည်။ ဒီကောင်လေးရဲ့ ရိုင်းပြတဲ့ အပြုအမူက ကို့ယ်ကိုယ်ကို ယုံကြည်မှုရှိခြင်းလား မောက်မာခြင်းလား မကွဲပြားခဲ့ပေမယ့် သူ့ရဲ့ နောက်ခံကြောင့်ဆိုတာတော့ သေချာပါသည်။ Scipio က Tarquin ကို အတန်ကြာစိုက်ကြည့်နေခဲ့ပြီးနောက် အရာရှိတွေဘက်ကို လှည့်သွားခဲ့သည်။ 


“ဒီဆရာ ၃ ယောက်က၊ Major Goodwin, Captain Arcturus နဲ့ Captain Lovett လို့ခေါ်တယ်။ ဆရာတွေကို ဆရာတွေနဲ့တန်အောင် လေးလေးစားစား ဆက်ဆံပေးကြပါ။ မင်းတို့သိထားရမှာ တစ်ခုက ဒီဆရာတွေက မင်းတို့ကို ဒီကိုလာပြီး သင်ကြားပို့ချပေးနေတဲ့ အချိန်မှာ ရှေ့တန်းစစ်မြေပြင်မှာရှိတဲ့ စစ်သားကောင်းတွေအတွက် သူတို့ကို ကာကွယ်ပေးမယ့် ခေါင်းဆောင်မရှိဘဲ ဒုက္ခတွေနဲ့ တိုက်ခိုက်နခိုက်နေရတယ်ဆိုတာပဲ” 


Fletcher လည်း သူမတွေ့ဖူးသေးတဲ့ ဆရာ ၂ နှစ်ယောက်ကို သေချာကြည့်နေမိသည်။ Captain Lovett ကတော့ ကျီးကန်းရောင်ဆံပင်ရှိပြီး အေးစက်တဲ့မျက်လုံးများနှင် တိကျပြတ်သားသောအသွင်ရှိပေမယ့် သူပြုံးပြလိုက်သည့်အခါမှာတော့ ခက်ထန်မှုများ ပျောက်ရှသွားတော့သည်။ major Goodwin က ကျောင်းအုပ် Scipio လိုပဲ အသက်ကြီးပိုင်းထဲကဖြစ်ပြီး ဖြူဖွေးထူထဲသော မုတ်ဆိတ်မွှေးများဖြင့်ဖြစ်သည်။ ရွှေအိုရောင်မျက်မှန်တပ်ဆင်ထားပြီး နီမြန်းနေတဲ့နှာခေါင်းကြည့်ရသည်မှာတော့ အရက်ပြင်းသောက်တတ်သူဟန် ဖြစ်သည်။ 


“အခုမင်းတို့ ဒုတိယနှစ်ကျောင်းသားတွေကို အစောကြီးခေါ်လိုက်ရတဲ့အကြောင်းကို သိချင်နေကြမှာပေါ့” Scipio က ထိုင်ခုံမှာထိုင်နေရင်း ပျင်းရိကာ အိပ်ငိုက်နေကြတဲ့ ဒုတိယနှစ်တွေကို ကြည့်ရင်းပြောသည်။ “မင်းတို့ အားလုံးအတွက် အရေးတကြီး ကြေငြာစရာတယ်။ ဒီဆုံးဖြတ်ချက်မျိုးက ငါတို့အရင်တုန်းက လုပ်နေကြ လုပ်ရိုးလုပ်စဉ်တော့ မဟုတ်ပေမယ့် လိုအပ်လို့လုပ်ရတာပဲ။ ဒီနှစ်၊ နှစ်ကုန်စာမေးပွဲရဲ့ ပြိုင်ပွဲမှာ ပထမနှစ်တွေရော ဒုတိယနှစ်တွေရော အကုန်ပါဝင်ရလိမ့်မယ်။ ပထမနှစ်တွေထဲက အရည်အချင်းရှိတဲ့သူ ပါလာခဲ့ရင်လည်း လိုအပ်တဲ့လွှဲအပ်တာတွေ ရရှိပြီး ရှေ့တန်းရဲ့ လိုအပ်တဲ့နေရာတွေမှာ တစ်နှစ်စောပြီး တာဝန်ထမ်းဆောင်ကြရမယ်” 


စကားသံများဆူညံစွာထွက်ပေါ်လာတာကြောင့် ကျောင်းအုပ် Scipio က အသံကျယ်တချက်အော်ပြီး အခြေအနေကိုထိန်းချုပ်လိုက်သည်။ 


“ဒီဆုံးဖြတ်ချက်က ဒုတိယနှစ်ကျောင်းသားတွေအတွက် ပိုပြီးအပြိုင်အဆိုင်တွေ တိုးလာစေတယ်ဆိုတာကို ငါနားလည်ပါတယ်။ မင်းတို့တွေက တစ်နှစ်စာစောပြီး သင်ကြားထားပြီးသားဆိုတာကို ငါသတိပေးလိုက်မယ်။ အဲ့ဒီ့တော့ ပထမနှစ်ကျောင်းသားတွေက မင်းတို့ကိုကျော်တက်နိုင်ခဲ့တယ်ဆိုရင် မင်းတို့က ကော်မရှင်နဲ့ ရာထူးရဖို့မထိုက်တန်ကြလို့ပဲ” 


Fletcher လည်း ကြေငြာချက်ကိုကြားပြီး စိတ်ရှုတ်သွားမိသည်။ နှစ်ဟောင်းက အရပ်သားတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ကတော့ ဝေးပါပြီ။


“ပထမနှစ်ကျောင်းသားတွေအတွက်ကတော့ ဒီတနှစ်ထဲနဲ့ဆိုရင် အနိမ့်စားကော်မရှင်ရာထူးတွေပဲရပြီး နောက်နှစ်ဆက်နေလိုက်ရင်တော့ ပိုကောင်းတာ ရလာနိုင်တယ်လို့ တွေးကောင်းတွေးကြလိမ့်မယ်။ ဒီအချက်ကို တန်ပြန်ပြောရရင်တော့ ဒီနှစ်ကုန်ရင် မင်းတို့က ပထမတန်းစား အမြင့်စား အရာရှိချုပ်တွေရတဲ့ ကော်မရှင်ရာထူး မရခဲ့ရင် မထိုက်တန်ခဲ့ရင် အဆင့်အနည်းငယ်နိမ့်တဲ့ ဒုတိယတန်း အနိမ့်စားအရာရှိချုပ် ရာထူးတွေကို ချပေးမှာပါ။ ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့သူကသာ စစ်မြေပြင်ရဲ့ ဗိုလ်ချုပ်ရာထူးကို အစစ်အဆေးမရှိပဲ တန်းရမှာပေါ့” 


ဒီအချက်ကြောင့် ဒုတိယနှစ်တွေကြားထဲ ပိုပြီးတော့ကို ဆူညံသွားခဲ့သည်။ ပထမနှစ်တွေအကုန်လုံးသာ ဒုတိယတန်းစားနဲ့ အနိမ့်ဆုံးရာထူးတွေကိုပဲ ရခဲ့ရင် သူတို့တွေပျော်ကောင်းပျော်လိမ့်ကြမှာပါလို့် Fletcher တွေးလိုက်မိသည်။ 


“ဘုရင်မင်းမြတ်က ဒီနှစ်ရဲ့ ပြိုင်ပွဲဝင်ကျောင်းသားတွေအတွက် မက်လုံးတစ်ခုထပ်ပေးထားသေးတယ်။ အနိုင်ရတဲ့သူက ဘုရင့်ကောင်စီအဖွဲ့မှာ နေရာတစ်နေရာရှိမှာဖြစ်ပြီး နိုင်ငံ့‌ရေးရာတွေမှာ မဲပေးခွင့်လည်းရရှိမှာဖြစ်တယ်။ သူက ဒီနှစ်ရဲ့ မျိုးဆက်သစ်ကျောင်းသားတွေထဲကနေ စစ်သည်တော်တွေကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်တစ်ဦးရှိလာဖို့ မျှော်လင့်ထားတယ်။ အကယ်၍ အဆင့်မြင့် ပထမတန်းစားရာထူးတွေက မင်းတို့အတွက် လှုံဆော်မှုမဖြစ်စေရင်တောင် ဒီအချက်ကတော့ အသေအချာကို အားတက်စေမှာပါ” Scipio က အခန်းတစ်ခုလုံးကို တည်ငြိမ်စွာကြည့်လိုက်သည်။ 


Fletcher က Othello လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်ကို တွေ့လိုက်သည်။ ကျောင်းအုပ်ပြောသွားသည့်ထဲ ဘုရင့်ကောင်စီဝင်ရာထူးကြောင့်လား ပထမတန်းစားရာထူးကြောင့် သေချာမပြောတတ်ပေမယ့် တစ်စုံတစ်ခုကတော့ သူ့ကို သက်ရောက်စေခဲ့သည်မှာ အမှန်ပင်။ Tarquin နဲ့ Isadora တို့က ကျောင်းအုပ် Scipio ရဲ့ ဖွင့်ဟချက်ကို ဒေါသတကြီးဖြစ်ကာ Arcturus က သတိပေးသည့် အနေဖြင့် စိုက်ကြည့်လိုက်သော်လည်း စကားစမဖြတ်ပဲ ဆက်လက်တီးတိုးပြောနေခဲ့သည်။ 


“ကော်မရှင်တွေက အပိုင်းတွေဘယ်လိုခွဲခြားထားပါလဲ? ပထမနှစ်တွေကရော လူပုတွေနဲ့ ရာဇဝတ်သားတပ်တွေကို ထားသလိုပဲ အန္တရာယ်တွေထဲ တန်းတူထားမှာလား?” အရပ်ခပ်ရှည်ရှည်နဲ့ ဒုတိယနှစ်ကျောင်းသားကောင်လေးတစ်ဦးက ထမေးလိုက်တာဖြစ်သည်။ 


ဒီအဆိုပြုချက်က Othello ကို အမွှေးအမျှင်တွေထောင်လာသည်အထိ ဒေါသထွက်စေခဲ့ပေမယ့် ကျောင်းအုပ် Scipio က ထိုသူကို ပြန်လည်ထိုးနှက်ခဲ့သည်။ 


“မင်းကိုထည့်ပေးတဲ့ ဘယ်သ‌ေ_ာက်အပိုင်းကိုမဆို သွားခိုင်းတဲ့နေရာကိုမင်းသွားရမှာပဲ။ မင်းကိုမပြောခိုင်းပဲနဲ့ စကားထမပြောနဲ့!” ကျောင်းအုပ်က အော်ဟစ်လိုက်သည်။ ကောင်လေးက အဖြေကိုမကျေနပ်ပေမယ့်လည်း ပြန်ထိုင်နေလိုက်သည်။ Scipio က အခန်းထဲက သူ့ကိုမကျေမနပ်ကြည့်နေကြတဲ့ အကြည့်တွေကြောင့် လေသံပြောင်းလိုက်သည်။ 


“သူတို့လည်း မင်းတို့ရတဲ့အခွင့်အရေးမှန်သမျှ တန်းတူအကုန်ရမှာပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီလောက်ပဲငါပြောတော့မယ်” 

ထိုစဉ်လေထုထဲမှ လက်တစ်ဖက်က လူတွေအာရုံစိုက်မှုရအောင် ဝှေ့ယမ်းပြခဲ့သည်။ Scipio လည်းဒေါသထွက်နေသော်လည်း ခေါင်းညိတ်ပြကာ ခွင့်ပြုလိုက်သည်။ Isadora ဖြစ်သည်။ 


“ကြားဖြတ်နှောင့်ယှက်သလို ဖြစ်သွားရင် ခွင့်လွှတ်ပါ ကျောင်းအုပ်ကြီး Scipio Sir ဒါပေမယ့် သူမကရော ဒီမှာဘာလာလုပ်နေတာလည်း?” Isadora က နတ်သူငယ်ကောင်မလေးဆီကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ 


“ဒီအကြောင်းက ခုငါဆက်ပြောမယ့် နောက်ထပ်ကြေငြာချက်တစ်ခုပဲ” Scipio က ငွေရောင်ဆံပင်ပိုင်ရှင် ကောင်မလေးဆီကို လျှောက်သွားရင်း ပြောသည်။ “Hominum အထူးသံတမန်တွေနဲ့ Elves မျိုးနွယ်စုခေါင်းဆောင်တွေကြား ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေက ကြာရှည်ခဲ့ပေမယ့် မကြာသေးခင်ကပဲ ငါတို့ကြားမှာ တိုးတက်မှုတွေ ရရှိခဲ့တယ်။ ပေးဆောင်ရမယ့်အခွန်တွေအစား နတ်သူငယ်တွေက သူတို့ဆီက တိုက်ပွဲဝင်တွေကို ဒီကိုပို့ပြီး စစ်သည်တော်အနေနဲ့ လေ့ကျင့်ပြီး စစ်ပွဲမှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ လူပုမျိုးနွယ်ဝင်တွေ လက်ရှိထမ်းဆောင်နေကြသလိုပဲပေါ့” 


သူက လူပုမျိုးနွယ်အကြောင်းပြောလိုက်ပြီးနောက် လေးစားသမှုပြုသည့်အနေဖြင့် Othello ဘက်လှည့်ကာ ခေါင်းတချက်ညိတ်ပြပြီး အရိုအသေ‌ပေးခဲ့သည်။ 


“ဒါပေမယ့် မျှော်လင့်ထားတဲ့အတိုင်းပဲ မယုံကြည်ပေးနိုင်တာတွေကတော့ ရှိနေသေးတာပေါ့” Scipio က တခြားဆရာတွေရှိနေတဲ့ အဝင်ဝဘက်ဆီပြန်လျှောက်သွားရင်း စကားစဆက်သည်။ “အဲ့ဒါကြောင့် အချင်းချင်းကြား ယုံကြည်မှုတည်ဆောက်တဲ့အနေနဲ့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ သမီးဖြစ်သူကို ပထမဆုံး စစ်သည်အနေနဲ့ လေ့ကျင့်ဖို့ စေလွှတ်ခဲ့တာပဲ။ လာမယ့်နှစ်အနည်းငယ်အတွင်းမှာလည်း တခြားနတ်သူငယ်မျိုးနွယ်ဝင် စစ်သည်တော်တွေပါ ငါတို့ရဲ့ စစ်တပ်မှာစစ်မှုထမ်းဖို့ ဖြစ်လာလိမ့်မယ့်လို့ ငါတို့မျှော်လင့်ထားကြတယ်”


ကျောင်းအုပ်က သူမကို အားတင်းပြီးပြုံးပြလိုက်တယ်။


“သူမက Sylva Arkenia လို့ခေါ်တယ် သူမကိုလှိုက်လှိုက်လှဲလှဲကြိုဆိုကြစေချင်တယ်။ တကယ်တန်းရန်သူလိုခံစားခဲ့ကြရပေမယ့် ငါတို့တွေဟာ ဘယ်တုန်းကမှ နတ်သူငယ်တွေရဲ့ ရန်သူတွေမဟုတ်ခဲ့ကြပါဘူး။ ဒီခြေလှမ်းကငါတို့အတွက် ပထမခြေလှမ်းအစဖြစ်ပြီး ငါတို့ရဲ့ မဟာမတ်အသီးအပွင့်က အဓွန့်ရှည်ပါစေလို့ ငါမျှော်လင့်ပါတယ်” 


Sylva ရဲ့ မျက်နှာမှာဖျော့တော့နေသော်လည်း စားပွဲခုံအောက်မှာထိုင်နေတဲ့ နတ်ဆိုးကောင် Sariel ရဲ့ အမြှီးမှာလှုပ်ရမ်းနေသည်ကို Fletcher သတိထားမိခဲ့သည်။ မိမိနေရပ်တိုင်းပြည်ရဲ့ ဝေးရာအရပ်ဖြစ်တဲ့ တပါးတိုင်းပြည်ဆီမှာ၊ သူတို့မျိုးနွယ်ကို အယုံအကြည်မဲ့သူများကြားမှာ စစ်မှုထမ်းဖို့ ဆုံးဖြတ်ပြီးလာခဲ့တဲ့ ဒီအမျိုးသမီးငယ်လေးရဲ့ သတ္တိကို သူအံ့သြမိခဲ့သည်။ သူက Sylva ကို တောင်းပန်ဖို့တွေးတောနေတုန်းမှာပဲ Scipio ရဲ့အသံက ပြန်လည်ထွက်ပေါ်လာခဲ့သည်။ 


“ကဲ အခု မင်းတို့သွားနိုင်ပြီ။ သင်ခန်းစာတွေက မိနစ်အနည်းငယ်နေရင် စလိမ့်မယ်။ Oh ဒါနဲ့ Fletcher” Scipio မျက်လုံးတွေက သူ့ဆီရောက်လာပြီး “ငါ့ကိုရုံးခန်းမှာ ခုချက်ချင်းလာတွေ့ပါ” 

~~~~~


rate now: