တိမ်ကင်းစင်တဲ့ကောင်းကင်ယံထက်တွင် လပြည့်ညမှာ အစွမ်းကုန် တောက်ပထွန်းလင်းနေလေသည်။ Fletcher က တုန်တုန်ယီယီနဲ့ သူ့ယူနီဖောင်း ကော်လံကိုဆွဲတင်လိုက်တယ်။ သူ့မှာပါလာသည့် အဝတ်အစားများအားလုံးကို သန့်ရှင်းရေးလုပ်ဖို့ယူသွားကြပြီး ဝတ်စရာဒီတထည်ပဲကျန်တော့တာမို့ ဒီတထည်ကိုပဲ ဝတ်ထားလိုက်ရသည်။ အခန်းမှာအေးစက်နေပြီး အိပ်ယာကလည်း နွေးတယ်ဆိုရုံမျှသာ။ မှန်တွေမတပ်ဆင်ထားတဲ့ ပြတင်းပေါက်ဆီကနေ အပြင်ဘက်ကိုငေးကြည့်ရင်း ညရဲ့အေးစက်တဲ့လေထုထဲမှာ ထိုင်ကာ ဒီနေ့ဖြစ်ခဲ့သမျှတွေကို ပြန်တွေးနေမိခဲ့တယ်။
နတ်သူငယ်မလေးကလည်း ဒီနေ့တစ်နေ့လုံး သူ့အခန်းထဲကနေ ထွက်မလာခဲ့ဘူး။ ကျန်တဲ့အဖွဲ့တွေကတော့ နေ့လည်စာစားချိန်မှာရော ညနေစာစားချိန်မှာပါ အားအင်အပြည့်နဲ့ တက်ကြွနေကြပြီး မနက်ဖြန်မှာ စောင့်ကြိုနေမယ့်အရာတွေအတွက် စိတ်အားထက်သန်နေခဲ့ကြတယ်။ Fletcher က တခြားသူတွေနဲ့ အဖော်လုပ်ပြီးနေရတာကို ပျော်နေခဲ့ပေမယ့် Othello နဲ့ Atlas ကြားက တင်းမာမှုကတော့ ပျော်ရွှင်နေတဲ့ သူတို့ရဲ့ညနေခင်းကို တိတ်ဆိတ်စေခဲ့သည်။ အားလုံးထဲမှာ Seraph ကတော့ သူ့ကိုဆွဲဆောင်နိုင်ဆုံးဖြစ်ပြီး သူပြောပြသည့် ဇာတ်လမ်းတိုင်း စကားလုံးတိုင်းက အားလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိစေခဲ့သည်။ Rory ရဲ့ အမြဲလိုလို ပျော်ပျော်နေတတ်တာကိုလည်း Fletcher သဘောကျသည်။ ပြီးတော့ သူ့ယူနီဖောင်းကို ချုပ်ပေးတာမှာ အဆင်မပြေဖြစ်ခဲ့ပြီး ဟာသဉာဏ်မှာ ပါရမီမရှိသော်လည်း Genevieve က ကြင်နာပြီး စိတ်ကောင်းရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တာကို သူသိလိုက်ရတယ်။
ဒီမှာရှိနေကြတဲ့သူအကုန်လုံး နှစ်အနည်းငယ်အတွင်း တောင်ပိုင်းတောနက်တွေထဲမှာ အသက်ရင်းကြရတော့မယ်ဆိုတာ မယုံနိုင်အောင် အံ့သြစရာပါပဲ။ သူ့အတွက်တော့ ဒီအကြောင်းတွေကို တွေးပင်မတွေးကြည့်ချင်ခဲ့ပေမယ့် တခြားသူတွေမှာတော့ တိုက်ပွဲအတွက်ကို စိတ်အားထက်သန်နေခဲ့ကြတယ်။ Genevieve တစ်ယောက်ကတော့ ဘာ့ကြောင့်တိုက်ခိုက်ချင်ရလည်းဆိုတဲ့ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်းထုတ်မပြခဲ့ဘူး။ သူမရဲ့ Orc တွေနဲ့ ပတ်သက်တဲ့ နက်ရှိုင်းတဲ့ အမုန်းတရားတွေ ဝမ်းနည်းစရာကောင်းတဲ့ အတွေ့အကြုံတွေကိုတော့ ပြောပြခဲ့ပါတယ်။
အိပ်ချိန်တန်ပြီဖြစ်ပေမယ့် အိပ်မပျော်နိုင်ဖြစ်နေခဲ့သည်။ ပုံမှန်ဆိုရင် ပျင်းရိနေတတ်တဲ့ Ignatius တောင်မှ သူ့စိတ်ကိုသိသည့်အလား အခန်းထဲက အမှောင်ရိပ်ထဲမှာကိုယ့်အမြှီးကိုလိုက်ဖမ်းရင်း ပြေးလွှားဆော့ကာ သူ့ကို အဖော်ပြုပေးနေခဲ့သည်။
Fletcher လည်း Ignatius အတွက် ဖယောင်းတိုင်ထွန်းပေးလိုက်ပြီး အခန်းအပြင်ထွက်လိုက်တယ်။ လှေကားနားမှာ မီးရောင်မှိန်ပြပြတွေ့လိုက်ရပြီး ခြေသံသဲ့သဲ့ကိုလည်း ကြားလိုက်ရတယ်။
“ဟေး Ignatius ကြည့်ရတာ ငါ့တို့၂ယောက်ပဲ အိပ်မရတာ မဟုတ်ဘူးထင်တယ်ကွ” Fletcher က သူ့အတွက် အဖော်ရပြီအထင်နဲ့ နောက်ကလိုက်သွားခဲ့သည်။
စင်္ကြန်လမ်းမက ညအချိန်မှာ ကျောခမ်းစရာကောင်းနေပြီး ရဲတိုက်အပြင်ဘက်ဆီက တိုးဝင်လာတဲ့ အေးစက်တဲ့လေနုအေးများကြောင့် ဖိယောင်းတိုင်မငြိမ်းစေရန် လက်တဖက်ဖြင့်အုပ်ပြီး ကွယ်လိုက်ရသည်။
“ငါလည်း မီးတောက်ပျံလေးတွေ လုပ်နိုင်တော့မယ်လို့ မင်းမထင်ဘူးလား Ignatius!” သူက တီးတိုးပြောလိုက်သည်။
စင်္ကြန်လမ်းကနေအောက်ရောက်လာသည်နှင့် အရိပ်တွေက ပုံမှန်နဲ့မတူရွေ့လျားသွားကာ အမှောင်ထုတစ်ခုကို ဖြတ်သွားလိုက်တိုင်း တစုံတရာက စိုက်ကြည့်နေသလို ခံစားရသည်။
သူ့ရှေ့ကတစ်ယောက်မှာလည်း အံ့သြစရာကောင်းအောင်ပင် လျင်မြန်လွန်းသည်။ ညတရေးနိုး လမ်းထလျှောက်သည်နှင့် မတူပဲ ပြေးလွှားနေရသလိုပင်ဖြစ်သည်။ Fletcher လည်း ပိုသိချင်လာပြီး အမြန်ချဉ်းကပ်သွားလိုက်သည်။ မှန်လုံဆောင်ကိုရောက်တော့ သူတွေ့လိုက်တဲ့ အလင်းရောင်နဲ့ ဝတ်ရုံပိုင်ရှင်မှာ ပင်မဝင်ပေါက်ဆီကနေ ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။
ရင်ပြင်တခုလုံးက တိတ်ဆိတ်နေပြီး သင်္ချိုင်းဂူထက်ပင်ပိုပြီးခြောက်ခြားစရာကောင်းနေလေသည်။ ဒါပေမယ့် ဝတ်ရုံပိုင်ရှင်ရဲ့ အရိပ်အခြေကိုတော့ မတွေ့ရပေ။ မှန်လုံဆောင်ရဲ့ ကြိုးတံခါးဆီဆက်လျှောက်သွားပြီး မီးရောင်ရှိရာကို တွေ့လိုတွေ့ငြားလိုက်ကြည့်ခဲ့သည်။ အမှောင်ထုထဲ ငေးကြည့်နေစဉ်မှာပဲ ရဲတိုက်ဆီကို ဦးတည်ရွေ့လျားလာနေတဲ့ ခွာသံများကိုကြားလိုက်ရသည်။
Fletcher လည်း ကြိုးတံတားဂိတ်ပေါက်ရှိ အခန်းကျဉ်းတစ်ခုဆီ ပြေးဝင်ကာပုန်းလိုက်ပြီး ဖိယောင်းတိုင်မီးကိုငြှိမ်းကာ အေးခဲနေတဲ့ ကျောက်နံရံဘက်ဆီကို တိုးကပ်ကာမျက်နှာမူထားလိုက်သည်။ ဝင်လာတဲ့သူမှာ ဘယ်သူမှန်းမသိသော်လည်း တွေ့တွေ့ချင်းမှာပဲ ညဘက်လူအိပ်ချိန်မှာ လျှောက်သွားနေတဲ့ ကျောင်းသားအဖြစ်မြင်သွားမှာကို မလိုလားခဲ့။
သူက Ignatius ကိုလည်း စိတ်မလှုပ်ရှားပဲ ငြိမ်ငြိမ်နေဖို့ စိတ်ထဲကနေ တိတ်တဆိတ်အချက်ပေးလိုက်တယ်။ အရင်တစ်ခါ မှောင်မည်းအေးစက်နေတဲ့ ကျောက်သားခန်းတွေထဲမှာ ပုန်းခဲ့ရတုန်းကအဖြစ်ကို သူပြန်တွေးလိုက်မိသည်။ သူတွေးလိုက်မိသည်နှင့် နတ်ဆိုးကောင်လေးကလည်း အဲ့တုန်းက ဖြစ်ခဲ့တာတွေကို နောင်တရသလိုမျိုးလုပ်ပြလေသည်။ Fletcher က သူ့အကောင်လေးကို ပြုံးပြရင်း မေးစေ့လေးကိုပွတ်သတ်ပေးလိုက်သည်။ သူ့နတ်ဆိုးကောင်လေးက သူထင်ထားသည်ထက်ပိုပြီး သူ့အတွေးတွေကို နားလည်သဘောပေါက်နေခဲ့တယ်။
တရွေ့ရွေ့မောင်းလာတဲ့ အက်ကွဲကွဲ လှည်းဘီးသံကြောင့် ရထားလုံးတွေ နီးလာတာကို သိလိုက်ရပြီး မကြာခင်မှာပဲ သူပုန်းအောင်းနေတဲ့ ကြိုးတံတားအဟောင်းကို ဖြတ်ကျော်သွားကြသည်။ Fletcher လည်း ကျောက်တုံးပေါက်တွေဆီကနေ ချောင်းကြည့်နေရင်းနဲ့ ခန္ဓာကိုယ်ကို နွေးလာအောင် သူ့ရင်ဘက်ကို လက်နှစ်ဖက်ဖြင့်ပွေ့ဖက်ထားလိုက်သည်။ တော်ဝင်မျိုးတွေရောက်လာတာများလား? ဒါမှမဟုတ် သင်ပေးမယ့်ဆရာတွေများ စောရောက်လာကြတာဖြစ်မယ်ထင်တယ်။
ပန်းပုပန်းခက်လက်ရာများ ထွင်းထုထားသော ရွေရောင်ရထားလုံးနှစ်စင်းဖြစ်သည်။ ယာဉ်မောင်းနှစ်ဦးမှာ Pinkertons တွေဝတ်ဆင်သည့် ယူနီဖောင်းတွေလို ကြေးဝါရောင်ကြယ်သီးများဖြင့် အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး အထုတ်များသယ်ပြီး ဆင်းလာကြသည်။ သူတို့နှစ်ယောက်လုံး လက်ထဲမှာ ပြောင်းတိုမီးသေနတ်များကို ကိုင်ဆောင်ထားပြီး ချုံခိုတိုက်ခိုက်လာမည့် ရန်သူများကို ခုခံရန်အဆင်သင့် အနေအထားမှာဖြစ်သည်။ အဖိုးတန်တဲ့ ကုန်လှည်းတစ်စီးဖြစ်မှာ အမှန်ပဲ။
လှည်းတံခါးပွင့်လာပြီး အထဲမှ သေသပ်စွာချုပ်ထားသည့် Vocans ယူနီဖောင်းကို ဝတ်ဆင်ထားသူများ ထွက်လာခဲ့သည်။ မီးတိုင်ကမီးတောက်ရောင်ကြောင့် သူတို့ရဲ့မျက်နှာများကိုတော့ သေသေချာချာမမြင်ရပေ။
“Oh ဘုရားရေ” ထိုသူက စိတ်ရှုတ်ထွေးသည့် လေသံဖြင့် ရေရွတ်လိုက်သည်။ “ဒီနေရာကိုခွေးတွေလောက်ပဲ အဝင်အထွက်လုပ်ကြတယ်ဆိုတာကို သိပေမယ့် ဒီလောက်ထိ စုတ်ပြတ်နေလိမ့်မယ့်လို့တော့ တစ်ခါမှ မတွေးမိခဲ့ဘူး”
“တံတားအခြေအနေကို မင်းသတိထားမိခဲ့သေးလား Tarquin? အမှောင်ရိပ်ထဲက မိန်းကလေးကပြောသည်။ “ငါတို့ ကြိုးတံတားကိုကျော်ပြီး ဒီထိဖြတ်လာနိုင်ခဲ့တာကိုတောင်မှ ငါတော်တော်အံ့သြနေပြီ”
Tarquin သည် ရွှေအိုရောင်ဆံပင်ရှည်ရှည်နှင့် မေးရိုးချွန်ကာ နတ်သားတပါးအလားထင်မှတ်ရအောင် ချောမောသည့် အသွင်အပြင်နဲ့ ကောင်လေးတစ်ဦးဖြစ်သည်။ သို့ပေမယ့် မီးခိုးပြာရောင်သမ်းတဲ့ သူ့မျက်လုံးတွေက Fletcher တွေ့ခဲ့ဖူးသည်များထက် ပိုမိုရက်စက်ပြီး ခက်ထက်သောဟန်ရှိသည်။
“လူ့အဖွဲ့အစည်းမှာမရှိသင့်တဲ့ လူ့အမှိုက်တွေကို လက်ခံလိုက်ရင် ဒီလိုပဲဖြစ်လာမှာပဲ” Tarquin က သရော်သလိုပြောလိုက်သည်။ “စံချိန်စံနှုန်းတွေကိုက ချွတ်ချော်နေတာ။ ခမည်းတော်က ဒီလိုနေရာမှာ ၂ခါတောင်မှ နေခဲ့တယ်ဆိုပြီး ခုကျတော့ ကြည့်ပါဦး”
“ဒါပေမယ့်လည်း အနည်းဆုံးတော့ အရပ်သားတွေကို ငါတို့မလိုချင်တဲ့ကော်မရှင်အလုပ်တွေ ပေးလို့ရတာပေါ့” မိန်းကလေးက Fletcher ရဲ့ မျက်ကွယ်နေရာတစ်ခုကနေပြောသည်။
“အေး ဟုတ်တယ်။ ဒါကအဖိုးတန်အခွင့်အရေးပဲ။ အရပ်သားတွေကိုကျတော့ ရာဇဝတ်သားတွေ အကျဉ်းသားတွေနဲ့ အတူအလုပ်လုပ်ခိုင်းပြီး လူပုမျိုးတွေနဲ့ လူတပိုင်းမျိုးနွယ်တွေလည်းရှိလာပြီဆိုတော့ သူတို့တွေကို ထောင်စောင့်လုပ်ခိုင်းတာပဲဖြစ်ဖြစ် နေရာချပေးလိုက်မယ်လေ။ ဒါမှ သူနေရာနဲ့သူ တန်ရာတန်ရာဖြစ်မှာ”
မိန်းကလေးက အမှောင်ရိပ်ထဲကနေထွက်လာပြီး ရဲတိုက်ဆီကို မော့ကြည့်နေခဲ့တယ်။ သူမသည်လည်း ရွှေအိုရောင်ဆံပင်ကောက်များရှိပြီး မေးရိုးချွန်ကာ Tarquin ၏အမွှာဖြစ်ဟန်တူသည်။
“ဒါငါတို့ကို သက်သက်စော်ကားတာပဲ။ Hominum မြို့တော်ရဲ့ တော်ဝင်မျိုးနွယ်ဝင်တွေကို ဘာ့ကြောင့် ဒီလိုနေရာမျိုးမှာ ၂ နှစ်တိတိနေဖို့ အမိန့်ချထားရတာလည်း?”
“ချစ်ညီမရေ အဲ့ဒါ့ကြောင့်ပဲ ငါတို့ဒီကိုရောက်လာရတာပေါ့။ ခမည်းတော် ဒီနေရာကနေ ဘွဲ့ရခဲ့ပြီးချိန်ကနေ ခုချိန်ထိ The Forsyths အိမ်တော်က တစ်ယောက်မှ Vocans ကျောင်းကို ခြေမချခဲ့ကြဘူး။ ဒါ့ကြောင့် တော်ဝင်မျိုးနွယ်ဝင် အစစ်အမှန်တွေဖြစ်တဲ့ ငါတို့ကို ဘယ်လိုခစားရမလဲဆိုတာ သူတို့ကိုသင်ပေးရမှာပေါ့” Tarquin က ပြန်ဖြေလိုက်တယ်။ “ပြောရင်းမှပဲ၊ ဒီက အစေခံတွေကဘယ်တွေရောက်နေကြသလဲ? ချစ်ဖို့ကောင်းတဲ့ Isadora လေးက သွားခေါ်လာခဲ့ပါလားကွယ်” သူက ညီမဖြစ်သူကို တံခါးဆီကို တွန်းပို့ဟန်နဲ့ စနောက်လိုက်တယ်။
“Ugh! ငါ့ဆံပင်တွေသာ အဖြတ်ခံရင်ခံလိုက်မယ် အစေခံတန်းလျားမှာတော့ တစ်စက္ကန့်တောင်မှ မနေနိုင်ဘူး” သူမက ရွံရှာသည့် အနေဖြင့် တံတွေးထွေးထုတ်လိုက်သည်။
စကားတွေပြောနေရင်းနဲ့ပဲ ဘေးတံခါးပွင့်လာပြီး Mayweather, Jeffrey နဲ့ တခြားအစေခံတွေ ထွက်လာကြသည်။ တစ်ချို့မှာ အိပ်ချင်မူးတူးပင်ဖြစ်နေကြသေးသည်။
“နောက်ကျသွားတာကို ကျွန်တော်မျိုးတောင်းပန်ပါတယ် သခင်” Mayweather က စိုးရိမ်တကြီးပြောသည်။ “ညခေါင်းလောင်း ၁၁ ချက်ထိုးတဲ့အထိ ရောက်မလာခဲ့ကြတော့ မနက်မှရောက်မယ်လို့ပဲ ကျွန်တော်တို့ တွေးမိလိုက်တာပါ”
“ဟုတ်တယ်လေ Corcillum က အဖျော်ယမကာဆိုင်တွေက ဒီမှာထက်ပိုပြီးဆွဲဆောင်မှုရှိတော့ ဒီညကိုအဲ့မှာပဲ အချိန်ဖြုန်းဖို့ ငါတို့ဆုံးဖြတ်လိုက်ကြတာ” Tarquin က အေးစက်စက်ပြောပြီး Jeffrey ကို လက်ညှိုးထိုးကာ “ဟေ့ ကောင်လေး၊ ငါ့အိတ်တွေကို အဆောင်ပေါ်သယ်ခဲ့၊ သေချာဂရုစိုက်သယ်နော်။ အထဲကပစ္စည်းတွေက မင်းတစ်သက်စာလုပ်အားခထက် အများကြီး အဖိုးတန်တယ်”
Jeffrey လည်း သူပြောတဲ့အတိုင်း အလျင်အမြန်လိုက်လုပ်ပေးပြီး သူ့နားကဖြတ်သွားသည်နှင့် ဦးညွှတ်အရိုအသေပေးခဲ့လိုက်သည်။
“သခင်တို့နေရမယ့် အဆောင်ကို လိုက်ပြပေးပါရစေ။ မင်းတို့၂ယောက်လည်း နောက်ကလိုက်ခဲ့” Mayweather က Tarquin ကို ပြောရင်း အထုတ်ထမ်းဖို့ ရထားလုံးပေါ်တက်သွားတဲ့ အစေခံ၂ယောက်ကိုလည်း အမိန့်ပေးလိုက်သည်။ တော်ဝင်မျိုးနွယ် ၂ယောက် Mayweather နောက်ကနေလိုက်သွားပြီး ရထားလုံးများလည်း ဝင်းထဲကနေ မောင်းထွက်သွားကာ တဖြေးဖြေး မြင်ကွင်းကနေ ပျောက်ကွယ်သွားတော့သည်။
မကြာခင်မှာပဲ Fletcher မှာတစ်ကိုယ်ထဲပြန်ဖြစ်သွားပြီး သူမြင်တွေ့လိုက်ရတဲ့ တော်ဝင်မျိုးနွယ်တွေအကြောင်းကို တွေးရင်းတွေးရင်း ရွံရှာစက်ဆုပ်နေမိတယ်။ သူထင်ထားခဲ့တဲ့ တော်ဝင်မျိုးနွယ်ဆိုသည်မှာ အပေးအကမ်းရက်ရောသည်။ မျှတသည်။ စစ်မြေပြင်မှာအမှုထမ်းဖို့ တာဝန်ပေးထားသည့် တော်ဝင်သားသမီးများနှင့် စစ်သည်များကို ရှေ့ကနေဦးဆောင်တိုက်ပွဲဝင်နေကြသူများ ဖြစ်သည်။ မြောက်မြားစွာသော မြင့်မြတ်တဲ့ တော်ဝင်မျိုးနွယ်တွေဟာ သူတို့ရဲ့ မိသားစုဝင်တွေကို အိမ်တော်မှာချန်ထားခဲ့ရပြီး ရှေ့တန်းမှာ အသက်စွန့်တိုက်ခိုက်နေကြသည်ကို သူသိသည်။ ဒါပေမယ့် ဒီလိုဆိုးသွမ်းပြီး ရွံရှာစရာကောင်းတဲ့ ကောင်တွေကတော့ သူမျှော်မှန်းထားသည်နှင့် တခြားဆီပင်ဖြစ်သည်။ တော်ဝင်မျိုးတွေထဲက တခြားလူသစ်တွေလည်း ခုသူတွေ့လိုက်တဲ့ နှစ်ယောက်လိုမျိုး မဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းနေမိတော့တယ်။
မိနစ်အနည်းငယ်စောင့်ဆိုင်းပြီးနောက်မှာတော့ အနောက်ဘက်တံခါးကထွက်၍ ခြံဝင်းနံရံရှိအရိပ်တွေဆီကနေ အဝင်ဝဆီသို့ ပြန်လျှောက်သွားလိုက်တယ်။ လရောင်ထဲပြန်မရောက်မှီမှာပဲ သူ့အနောက်က ကြိုးတံတားဆီကနေ အသံတစ်ခုကြားလိုက်ရတယ်။ အသံကြားရာ လမ်းအောက်ဘက်ကို မြန်မြန်ပြန်လျှောက်သွားလိုက်ပေမယ့်လည်း အနီရောင်ဆံပင်အရှည်နဲ့ လူတစ်ဦးကိုဖြတ်ခနဲ့ တချက်သာတွေ့လိုက်ရသည်။
~~~~~