book

Index 21

အပိုင်း ၂၁။

  • Author : Chan Chan
  • Genres : Adventure
  • Original Author : Taran Matharu

မေ့မြောနေရာမှ ပြန်လည်သတိဝင်လာတော့ lgnatius ရဲ့နှာမှုတ်သံကို ကြားလိုက်ရတယ်။ Jeffrey နဲ့ Sir Caulder က ကွင်းတစ်ဖက်ကနေ သူရှိရာကို လှမ်းကြည့်နေပြီး Sir Caulder ကတော့ မီးခိုးငွေ့တွေကြား ဆဲဆိုအော်ဟစ်နေလေသည်။ 


“ဒီနတ်ဆိုးစုတ်တွေကိုတော့ နှင်ထုတ်ပစ်မှပဲရမယ်။ Orc တွေနဲ့ စီးချင်းထိုးခဲ့ရရင် သေအောင်သတ်နိုင်ပေမယ့်  သူတို့ရဲ့ စက်ဆုတ်ရွံရှာဖွယ်ရာကောင်းတဲ့ နတ်ဆိုးကောင်တွေကိုတော့ ဘယ်လိုမှသတ်လို့ရမှာမဟုတ်ဘူး” သူ့ဝတ်စုံပေါ်က မီးခိုးပေါက်ရာကိုကြည့်ပြီး မြည်တွန်တောက်တီးနေလေသည်။ သူသတိလစ်နေတုန်း Ignatius မီးနဲ့မှုတ်ထားတာပဲဖြစ်ရမယ်။


Fletcher လည်းနာကျင်နေတဲ့ သူ့လည်ပင်းကိုကိုင်တွယ်ပွတ်သပ်ရင်း ထထိုင်လိုက်သည်။ ဘာ့ကြောင့်လူတိုင်းက သူ့ကို လည်ပင်းပဲညှစ်သတ်ချင်နေကြရတာလည်း? Ignatius ဆိုလည်း သူ့လည်ပင်းမှာပဲ အမြဲပတ်ခွေနေတာ။  


“ခင်ဗျားမေ့နေတာတစ်ခုရှိသေးတယ်” Fletcher က မခံချင်စိတ်နဲ့ ပြန်ခံပြောတယ်။  "Orc shamans မှော်ဆရာတွေရဲ့ နတ်ဆိုးကောင်အ‌ရေအတွက်က ခင်ဗျားစက်ဆုပ်ရွံရှာပါတယ်ဆိုတဲ့ ကျွန်တော်တို့ဆီက နတ်ဆိုးကောင်တွေထက် ၂ဆပိုများတယ်။ တိုက်‌ရည်ခိုက်ရည်ကောင်းရုံနဲ့ ဒီနတ်ဆိုးကောင်တွေကို အနိုင်ယူနိုင်မယ်လို့ ခင်ဗျားထင်နေတာလား? နတ်ဆိုး‌ကောင်တွေကို ဒီလောက်တောင်မှ မုန်းနေရင်လည်း ဘာ့ကြောင့်ဒီမှာလာသင်ပေးနေသေးလဲ? 


Sir Caulder နဲ့ Jeffrey က Ignatius နောက်တစ်ကြိမ်တိုက်ခိုက်လာမှာကို သတိထားနေရင်း ကွင်းရဲ့တစ်ဖက်ဆီကနေ သူရှိရာကို တွန့်ဆုတ်တွန့်ဆုတ်နဲ့လျှောက်လာကြတယ်။ Fletcher လည်း အနည်းငယ်တည်ငြိမ်သွားသည်နှင့် Ignatius လည်းငြိမ်သွားခဲ့တော့ သူ့ဓားကောက်ကို ဓားအိမ်ထဲ ကောက်ကာပြန်ထည့်ထားလိုက်သည်။ 


“ငါစိတ်မကောင်းပါဘူး‌ ကောင်လေးတို့။ ငါက ဒီတိုင်းပဲ သွေးပူအောင်လုပ်ပေးချင်လို့ပါ။ ဒီသံချပ်ကာက ငါအရင်တုန်းက ဝတ်ခဲ့တဲ့ ဝတ်စုံအဟောင်းပေါ့။ ခုချိန်ထိ ငါ့ဆီမှာကျန်နေခဲ့တဲ့အရာဆိုလို့ ဒီချပ်ဝတ်တန်ဆာအဟောင်းလေးပဲ ရှိတော့တာပါကွာ” Sir Caulder က သူ့ခြေတုနဲ့ သဲတွေကို ကန်ကျောက်ပစ်ရင်း ပြောပြတယ်။ 


“ကျွန်တော့အမှားလည်းပါပါတယ်ဗျာ။ ဒါက ရန်ဖြစ်တာမဟုတ်ပဲ ရိုးရိုးလေ့ကျင့်ရေးဆင်းတာလို့ Ignatius ကို ကြိုပြောထားခဲ့သင့်တာပါ။ ဒါပေမယ့် ကစားရုံသက်သက်ဆိုရအောင်လည်း ခုဖြစ်သွားတာက တကယ့်တိုက်ခိုက်နေရသလိုပဲဆိုတော့လေ။ ခင်ဗျားရဲ့ဝတ်စုံအတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ ချပ်ဝတ်တန်ဆာအသစ်တစ်စုံ ကျွန်တော်အစားပြန်ပေးလို့ရမလား?” 


“မရတော့ဘူး။ ငါက The Raleigh အိမ်တော်မှာ အမှုထမ်းခဲ့တာကွ” Sir Caulder ပြောတော့မှ ဘာ့ကြောင့်သူ ဒီလောက်ထိဖြစ်ပျက်နေရသလဲဆိုတာ နားလည်သဘောပေါက်သွားရတော့သည်။  


“The Raleigh ဟုတ်လား? မြင့်မြတ်တဲ့ တော်ဝင်မိသားစု The Raleigh အိမ်တော်လေ?” Fletcher ကမေးလိုက်သည်။ 


“Aye ဟုတ်တယ်။ သူတို့က မြင့်မြတ်တဲ့တော်ဝင်မိသားစုဖြစ်ခဲ့တာပေါ့။ ခုတော့ မဟုတ်တော့ပါဘူးကွာ” Sir Caulder ရဲ့မျက်လုံးထဲမှာ နာကျင်မှုနဲ့ ဝမ်းနည်းမှုတွေပြည့်နေတာကို Fletcher တွေ့လိုက်သည်။ ဒါပေမယ့်လည်း သိချင်စိတ်က ပိုအားကောင်းနေခဲ့သည်။ 


“ဘာ့ကြောင့်လဲ? သူတို့က ဘုရင့်သူကောင်းပြုခံရသူစာရင်းကနေ ပယ်ဖျက်ခံလိုက်ရလို့လား?” Fletcher က Pelt မှာနေတဲ့ တလျှောက်လုံး ဒီအကြောင်းတွေ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာတွေ တခါမှမကြားဖူးခဲ့ဘူး။ Hominum မြို့တော်နဲ့အဝေးဆုံးအရပ်က Pelt မြို့မှာက ပုံမှန်မြို့တွင်းသတင်းကလွဲရင် ဘာသတင်းထူးမှမရှိဘူးလေ။


“မဟုတ်ဘူး။ အဲ့လိုလိုမျိုးမဟုတ်ဘူး လူမိုက်ရဲ့။ ငါက Lord Edmund Raleigh ဘုရင်ခံလက်အောက်မှာ စစ်ပွဲမတိုင်ခင်ကတည်းက အချိန်အကြာဆုံး အမှုထမ်းခဲ့တဲ့ အမှုထမ်းတစ်ယောက်ပဲ။ Lord Raleigh က တောင်ပိုင်းခံတပ်ကို အပိုင်စားရတဲ့ တောင်ဝင်ဘုရင်ခံတစ်ပါးပေါ့။ ငါတို့ဆီကို Orc ခွေးဘီလူးအရူးကောင်တွေ အလုံးအရင်းနဲ့ ဝင်စီးတာခံခဲ့ရတယ်။ အဲ့အချိန်ကာလတွေတုန်းက စစ်တပ်က လူပူမျိုးနွယ်တွေကို စောင့်ကြည့်ဖို့ကိုပဲ အဓိကထားနေခဲ့တာကြောင့် ငါတို့ဆီစစ်ကူမရခဲ့ဘူး။ အဲ့ဒီတော့ Lord Raleigh ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့အနေနဲ့ ငါတို့မှာရှိတဲ့လူအင်အားနဲ့ပဲ တိုက်ခိုက်ခဲ့ရတယ်။ Lord Raleigh က လက်ရှိဘုရင်ရဲ့ အရင်းနှီးရဆုံး သူငယ်ချင်းကောင်းတစ်ယောက်၊ လူတော်လူကောင်းတစ်ယောက် ဖြစ်ခဲ့တာ။ သူက လူကောင်းတစ်ယောက်မဟုတ်ခဲ့ဘူးလို့ မင်းတွေးဖို့ ဘယ်တော့မှ မစဉ်းစားနဲ့” Sir Caulder က သူ့ကို ကြိမ်းမောင်းလိုက်သည်။ 


“ကျွန်တော်မလေးမစားလုပ်တာမဟုတ်ရပါဘူး” Fletcher လည်းအားတုံ့အားနာဖြစ်ပြီး ယဉ်ယဉ်ကျေးကျေးပြန်ဖြေလိုက်တယ်။ “ကျွန်တော်နားမလည်တာက Lord Raleigh က ဘယ်လိုဖြစ်ပြီး အာဏာမရှိရတော့တာလည်း?” 


“Orcs တွေကြောင့်ပဲပေါ့ကွာ။ အကုန်လုံးက သူတို့ရဲ့အပြစ်တွေချည်းပဲ။ သူတို့လုပ်ခဲ့လို့ဖြစ်ရတာ။ ညဉ့်သန်းခေါင်းယံအချိန်တစ်ခုမှာ သူတို့ရောက်လာကြပြီး ငါတို့အဖွဲ့သိုလှောင်သိမ်းဆည်းထားတဲ့ စားနပ်ရိက္ခာတွေ ဂျုံတွေကို ခိုးယူဖို့လုပ်ခဲ့ကြတယ်။ ငါတို့စောင့်ကျပ်နေရတာ ဒီပစ္စည်းတွေပဲရှိတော့ ငါတို့ထင်လိုက်တာ ဒါတွေလာယူတာလို့ပဲပေါ့။ တခြားလည်းမထင်ထားခဲ့မိကြဘူးလေ” ခါးသီးတဲ့အတိတ်ကို ပြန်လည်တွေးရင်း Sir Caulder တစ်ယောက် လက်သီးတပြပြဖြင့် ကျိတ်မနိုင်ခဲမရဖြစ်နေတော့သည်။


“Raleigh အိမ်တော်မှာရှိတဲ့ လူတိုင်းကို သူတို့သုတ်သင်ခဲ့ကြတာ။ ကလေး လူကြီး မိန်းမ မကျန် အကုန်အသတ်ခံခဲ့ရတယ်။ ငါတို့ဆီ တမန်တော်နဲ့ စာလွှာရောက်တော့ သူတို့တွေမရှိကြတော့ဘူး။ လူသေအလောင်းတွေကို ခေါင်းဖြတ်ယူသွားကြပြီး အောင်ပွဲအထိမ်းအမှတ်အနေနဲ့ နယ်စပ်ကသစ်ပင်တွေမှာ ချိတ်ဆွဲထားကြတယ်။ Lord Raleigh က အပြင်းအထန်တိုက်ခိုက်ခဲ့ပုံရတယ်။ သူ့နတ်ဆိုး Canid ကောင်က Orcs ၃ကောင်လောက်ကိုသတ်ပေးနိုင်ခဲ့ပေမယ့် သူကိုယ်တိုင်လည်း ဗိုက်ပွင့်တဲ့ထိခုတ်ထစ်ခံခဲ့ရပြီး မသေရုံတမယ် ပစ်ချထားခံခဲ့ရတယ်။ သနားစရာအခြေအနေနဲ့ ဒီနတ်ဆိုးကောင်ကို ငါကိုယ်တိုင်ပဲ ငါ့လက်နဲ့ လက်စသတ်ပေးခဲ့ရတယ်။ ဒါ့ကြောင့် ငါ့မှာ ဆင့်ခေါ်သူတွေနဲ့ပတ်သက်ပြီး ဆန့်ကျင်ဖို့တစ်ခုခုရှိနေတယ်လို့လည်း မင်းမထင်လိုက်နဲ့” 


Sir Caulder က အတိတ်ပုံရိပ်တွေထဲ တုန်လှုပ်နေရာကနေ ပြိုင်ကွင်းတစ်ဖက်ဆီက တံခါးပေါက်ဆီလျှောက်သွားပြီး 


“မင်းရဲ့တိုက်ခိုက်ပုံက မဆိုးပါဘူး။ ဒါပေမယ့် Orc တွေနဲ့ ရင်ဆိုင်တိုက်မယ်ဆိုရင်တော့ ဒီ့ထက်ပိုလေ့ကျင့်ဦးမှရမယ်။ ဒီပုခုံးကာလောက်နဲ့ကတော့ ဘာမှထိရောက်မှာမဟုတ်ဘူး။ ဒီ့ထက်ပိုကြီးတဲ့ လက်နက်တွေ ပုဆိန်တွေနဲ့ တိုက်ခိုက်ဖို့လေ့ကျင့်ထားရမှာ။ ငါနဲ့တွေ့ဖို့ထပ်လာခဲ့ပါဦးကွာ လက်နက်တွေဘယ်လိုသုံးရလဲ ငါမင်းကိုသင်ပေးမယ်” ပြောရင်းထွက်သွားခဲ့သည်။ 


Jeffrey လည်းဝင်ပေါက်ဆီကို လျှောက်သွားပြီး Fletcher မျက်နှာကို သေချာမြင်ရအောင် မီးတုတ်ကို အနားတိုးလိုက်တော့ lgnatius က Fletcher ပုခုံးပေါ်ကို တွယ်တက်လာကာ မီးတောက်ကိုကြည့်ကာအော်နေခဲ့သည်။ 


“မင်းရဲ့ချက်ကောင်းကိုထိအောင်လုပ်နိုင်ခဲ့တာနော်။ တော်တော်ဆိုးဆိုးပဲ” Jeffrey ကပြောတယ်။ 


“သိပ်မနာတော့ပါဘူးကွာ” Fletcher က သူ့မျက်နှာပေါ်က ဒဏ်ရာကို ထိကြည့်ပြီး စုတ်သက်လိုက်သည်။


ပြန်တဲ့လမ်းတလျှောက် နှစ်ယောက်လုံး Sir Caulder ရဲ့ အကြောင်းကိုတွေးရင်း မှန်လုံဆောင်ခန်းမဆီကို လှေကားအတိုင်းပြန်ဆင်းလာခဲ့ကြသည်။ 


“ကဲ ခရီးဆုံးပါပြီ” မှန်လုံခန်းကို ပြန်ရောက်တာနဲ့ Jeffrey က ညည်းတွားလိုက်တယ်။ “ငါလည်းအလုပ်ထဲပြန်ဝင်ရတော့မယ်” 


“Sir Caulder နဲ့ the Raleigh အိမ်တော်ရဲ့အကြောင်းတွေ မင်းအရင်ထဲကသိတာလား?” Fletcher က မေးလိုက်တယ်။ Jeffrey ကတော့ အစေခံတစ်ယောက်အနေဖြင့် သန့်ရှင်းရေးအလုပ်တွေ ပြန်စလုပ်နေခဲ့တယ်။ 


“ the Raleigh အိမ်တော်အကြောင်းတော့ ငါကြားဖူးတယ်။ ဒါပေမယ့် Sir Caulder က သူတို့လက်အောက်မှာ အလုပ်လုပ်ခဲ့တာကိုတော့ ငါခုမှသိတာ။ The Raleigh အိမ်တော်မှာ ဖြစ်ခဲ့တာတွေက စစ်ပွဲစတင်ဖို့ လှုံ့ဆော်မှုတစ်ခုဖြစ်ခဲ့တာပေါ့။ ဘုရင်ကြီးနဲ့ တော်ဝင်မျိုးနွယ်တွေက လက်တုန့်ပြန်တဲ့အနေနဲ့ နယ်စပ်မှာရှိတဲ့ Hominum ရဲ့နယ်မြေတွေကို ချဲ့ထွင်ဖို့ Orc တွေရဲ့ တောအုပ်က သစ်ပင်တွေကို ခုတ်ထစ်ပြီး သူတို့ရဲ့ ရွာငယ်တွေကို နှစ်တိုင်းဖျက်စီးပစ်နေတာပေါ့။ နောက်ပိုင်းမှာ Albino Orc မျိုးနွယ်စုပေါ်ထွက်လာပြီး Orc လူမျိုးစုတွေ အကုန်ပေါင်းစည်းသွားတဲ့ အချိန်ရောက်မှ တကယ့်စစ်ပွဲအသွင်ကိုပြောင်းသွားခဲ့တာ” Jeffrey က ကြမ်းပြင်ကို ပွတ်တိုက်နေရင်းပြန်ဖြေသည်။ 


“ငါဒီအကြောင်းတွေ မကြားဖူးခဲ့တာကို ငါ့ကိုယ်ငါတောင်မှ မယုံနိုင်ဘူး” Fletcher က ခေါင်းကုတ်ရင်းပြောတယ်။ Corcillum မြို့နဲ့ဝေးကွာလွန်းတဲ့ မြောက်ဘက်အရပ်ဆီမှာ နေထိုင်ခဲ့ရခြင်းက ပညာရေးတွင်သာမက ပိုပြီးကျယ်ပြန့်တဲ့နိုင်ငံရေးနဲ့ပတ်သတ်တဲ့ အတွေးအမြင်တွေကိုပါ ကန့်သတ်ခံထားရသလိုပင်။ 


“မင်းကြားဖူးမှာမဟုတ်ဘူး။ ဘုရင်ကြီးက ဒီသတင်းတွေ မပေါက်ကြားဖို့ တင်းတင်းကျပ်ကျပ် စည်းကမ်းချမှတ်ထားတာ။ တော်ဝင်မျိုးနွယ်တွေလည်း အခြားသူတွေလိုပဲ သုတ်သင်ရှင်းလင်းခံရနိုင်တယ်ဆိုတာကို သာမာန်အရပ်သားတွေကို မသိစေချင်ဘူးလေ။ ငါတောင်မှ ဒီမှာကျောင်းလာတက်တဲ့ တော်ဝင်မျိုးတွေ သူတို့ချင်းပြောနေကြတာကို ကြားလို့သိခဲ့ရတာ။ Sir Caulder ဆို ဒီအကြောင်းတွေ တစ်ခါမှ ထုတ်မပြောခဲ့ဖူးဘူးကွ” Jeffrey ကဖြေသည်။ 


“မီးလောင်သွားတဲ့ဝတ်စုံက သူ့အတွက် အရမ်းတန်ဖိုးထားရလို့ထင်ပါတယ်ကွာ” Fletcher က  Ignatius ရဲ့ခေါင်းကို ခေါက်လိုက်ပြီး ပြောသည်။ 


“ဝတ်စုံအကြောင်းပြောမှပဲ သတိရတယ်။ မင်းအင်္ကျီတွေခုထိမလျှော်ရသေးဘူးမလား။  အောက်ထပ်ဆင်းလာထဲက မင်းဆီက အနံ့ထွက်နေတာ အန်ချင်စော်တောင်နံနေပြီ Fletcher ရယ်။ မင်းအဆောင်ကို မင်းပြန်တော့သွား၊ ငါခဏနေရင် မင်းအဝတ်တွေလျှော်ဖို့နဲ့ ရေချိုးတဲ့နေရာကို လိုက်ပို့ဖို့ လူတစ်ယောက်လွှတ်မယ်။ တကယ်ပါပဲကွာ” 


~~~~~



rate now: