book

Index 20

အပိုင်း ၂၀။

  • Author : Chan Chan
  • Genres : Adventure
  • Original Author : Taran Matharu

မနက်စာစားချိန်ပြီးသွားတာနဲ့ အိပ်ချိန်ပိုရအောင် အသီးသီးအခန်းကိုပြန်ဝင်သွားကြပေမယ့် Fletcher ကတော့ မဝင်သေးပဲ အအေးထဲမှာ တွန့်ဆုတ်စွာ ထိုင်နေခဲ့သည်။  ဒီမနက်စကားဝိုင်းမှာ ပြောသွားတဲ့ Vocans ကေျာင်းအကြောင်းကို နားထောင်ပြီး သိလိုက်ရတာက သူသိထားတဲ့အကြောင်းအရာတွေက အနည်းအကျဉ်းပဲရှိသေးသည်ဆိုတာပဲ ဖြစ်သည်။ Jeffrey ဆီကို သွားမေးမယ်လို့စိတ်ကူးမိလိုက်သည်။ Seraph တောင်မှ ကျောင်းက အစေခံဆီကနေ ဒီလောက်သိလာရတယ်ဆိုရင် ဒီထက်တိကျတဲ့ သတင်းအချက်အလက်တွေ သူပိုသိချင်သေးသည်။ ကံကောင်းတာက Jeffrey က မှန်လုံဆောင်ထဲမှာ ကြမ်းတိုက်နေသေးတာကို သူတွေ့လိုက်ရသည်။ 


“ငါ့ကိုဒီနားတဝိုက်လိုက်ပြလို့ရမလား။ တော်ကြာနေ ဒုတိယနှစ်ကျောင်းသားတွေလည်း မနက်စာစားဖို့ ဆင်းလာကြတော့မှာဆိုတော့ ဒီကြမ်းပြင်က ထပ်ပြီး ညစ်ပတ်သွားဦးမှာပဲလေ။ အဲ့တော့ ခုတိုက်နေလည်း ဘာမှထူးမှာမဟုတ်ဘူး” Fletcher က ပင်ပန်းနေတဲ့ သူ့ကိုကြည့်ပြီး ပြောလိုက်သည်။ 


“Mr Mayweather ဆီက ဆူခံထိမှာစိုးလို့ ဒါတွေကို တိုက်နေတာကွ။ အကယ်၍ ကျောင်းသားသစ်တစ်ယောက်ကို လိုက်ပတ်ပြနေတယ်လို့ ပြောလိုက်ရင်တော့ ငါ့အတွက် အဆင်ပြေတယ်။ ဒီတစ်ခါတော့ လှေကားကနေ ဖြည်းဖြည်းပဲ သွားကြတာပေါ့ကွာ” Jeffrey ပြုံးပြလိုက်ရင်းပြောသည်။ “မင်းကဘာကြည့်ချင်တာလဲ?”


“အရာအားလုံးပဲ။ ဒါတွေကြည့်ဖို့ ငါ့မှာ တစ်နေကုန်လုံးအချိန်ရှိတယ်” Fletcher ကပြောလိုက်တယ်။


“အဲ့ဒါဆို ငါလည်းအတူတူပဲပေါ့။ ငါတို့ ဆင့်ခေါ်တဲ့အခန်းကို အရင်ဆုံးသွားကြမယ်” 


အခန်းက သူတို့ရောက်နေတဲ့ အထပ်မှာရဲ့ အရှေ့ဘက်အခြမ်းမှာဖြစ်သည်။ တံခါးမကြီးမှာ သံမဏိဖြင့်ပြုလုပ်ထားပြီး ဖွင့်ရန်ပင်အလွန်ခက်ခဲသည်။ Jeffrey က မီးတိုင်တစ်ချောင်းယူလာခဲ့ပြီး လမ်းပြခေါ်သွားသည်။ ကြမ်းပင်မှာ စေးကပ်ကပ်ဖြစ်နေပြီး သေချာကြည့်မှ ထူထဲသော သားရေချပ်များဖြင့် ပြုလုပ်ထားသည်ကို တွေ့ရသည်။ အခန်းအလယ်မှာ ကြီးမားတဲ့ ပန်းချီကားချပ်ကြီးရှိပြီး အထဲရောက်လေလေ ပန်းချီကားချပ်ဆိုဒ်များမှာ သေးလာလေလေ ဖြစ်သည်။ ကားချပ်တိုင်း၏ ပတ်ပတ်လည်တွင် Fletcher ၏ summoner စာအုပ်ထဲမှာ တွေ့ခဲ့ဖူးသည့် ထူးခြားသည့် သင်္ကေတများဖြင့် ဝိုင်းရံထားသည်။ ဒါတွေက James Baker ရေးခဲ့တဲ့ အရေးကြီးတဲ့ သော့ချက်တွေအကြောင်းများလား။ 


“ဘာ့ကြောင့် သားရေတွေသုံးထားတာလဲ?” Fletcher ကမေးလိုက်သည်။ 


“ဒီမှော်သင်္ကေတတွေက မူလပကတိတည်ရှိနေတဲ့အရာတွေပေါ်မှာ ရေးဆွဲမှ အသက်ဝင်တာ။ မဟုတ်ရင် အလုပ်မလုပ်ဘူး။ အရင်က သစ်သားတွေပေါ်မှာ ရေးခဲ့ကြပေမယ့် ခဏလေးနဲ့ လောင်ကျွမ်းသွားတာများတော့ အစားထိုးဖို့လိုလာတယ်။ ဆရာ Provost က သားရေပေါ်မှာရေးဖို့ အတွေးရပြီး အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တယ်။ ခုထိလည်း သုံးနေကြတုန်းပဲ။ သားရေက အနံ့ဆိုးပေမယ့်လည်း တစ်ယောက်ယောက် နတ်ဆိုးဆင့်ခေါ်တိုင်း မီးလောင်မှာထက်စာရင်တော့ ပိုအဆင်ပြေတာပေါ့”


“ငါတော့မပြောတတ်ဘူး” Fletcher က တံခါးမှာချိတ်ဆွဲထားတဲ့ သားရေချပ်တွေကို ကြည့်ရင်းပြောလိုက်သည်။ 


“ငါလည်းဒီအခန်းအကြောင်းကို သိပ်တော့မသိဘူး။ ဒီ့ထက်ပိုသိချင်ရင်တော့ ဒုတိယနှစ်တွေကို မေးမှပဲရလိမ့်မယ်။ ဒါမယ့်ငါဆိုရင်တော့ အလုပ်ရှုပ်ခံပြီး သွားမေးမနေတော့ဘူး။ သူတို့က မေးလည်း ပြောပြမှာ မဟုတ်ဘူးလေ။ ဒီမှာက rank အဆင့်နဲ့ ခွဲပြီး ဆုံးဖြတ်တာဆိုတော့ တစ်ယောက်နဲ့တစ်ယောက်က အမြဲပြိုင်ဆိုင်နေကြတာ။ အခုမှလာတဲ့ ပထမနှစ်တွေကိုလည်း ပြိုင်ဖက်လိုပဲ သဘောထားပြီး သူတို့ဆီက အမှတ်တွေခိုးသွားမှာစိုးလို့ ကူညီကြမှာမဟုတ်ဘူး။ ဒီလိုအတွေးတွေကို ငါ့အနေနဲ့ဆို လုံးဝမကြိုက်ဘူး ဒါပေမယ့် Provost ပြောတာတော့ ရှေ့တန်းဆိုတဲ့နေရာက အရမ်းကို ကြမ်းတမ်းခက်ထန်တယ်။ ဒါ့ကြောင့် ခုမှ နိဒါန်းစကြမယ့် သူတွေအတွက် ဒီအရသာကို ဒီမှာထဲက သိအောင်လုပ်ပေးထားသင့်တယ်တဲ့”


Jeffrey က အခန်းတံခါးကို ပြန်ဖွင့်ပြီး ဘာမှထပ်မကြည့်တော့ပဲ ပြန်ထွက်ဖို့ပြင်သည်။ 


“သွားကြရအောင်။ ဒီအခန်းထဲမှာနေရတာ အလိုလိုကျောချမ်းလာတယ်” သူက တီးတိုးပြောသည်။ 


Fletcher ရဲ့ရှေ့ကနေ ဦးဆောင်သွားပြီး ဒုတိယထပ်ရဲ့ အရှေ့ဘက်ခြမ်းဆီကို တက်သွားလိုက်ကြသည်။ 


“ဒါက စာကြည့်တိုက်ပဲ” Jeffrey က ဒုတိယထပ်ရဲ့ ပထမဆုံးအခန်းတံခါးကို ဖွင့်ပြသည်။ “အခန်းထဲလိုက်မဝင်နိုင်တဲ့အတွက်တော့ ငါ့ကိုခွင့်လွှတ်ပေးပါ။ ငါ့ရဲ့ ပန်းနာရင်ကြပ်ရောဂါက ဒီအခန်းက ဖုန်တွေနဲ့ဆို ပိုဆိုးသွားနိုင်လို့ပါ”


အခန်းပုံစံမှာ ရှည်လျားကာကျယ်ပြန့်ပြီး စာအုပ်စင်တိုင်းမှာ စာအုပ်အထူကြီးများဖြင့် အပြည့်ဖြစ်သည်။ စာအုပ်များမှာ အပေါ်မှာထားခဲ့သည့် Fletcher အဝတ်အိတ်ထက်ပင်ထူထဲသေးသည်။ စာအုပ်စင်တိုင်း၏ ကြားတွင် စားပွဲခုံရှည်တစ်ခုဆီရှိပြီး ဖိယောင်းတိုင်များကို အကွာအဝေးညီညာစွာ စီတန်းချထားသည်။ 


“ဒီမှာက ရှေးရာစုနှစ်တွေထဲက ဆင့်ခေါ်သူအဟောင်းတွေ ရေးထားခဲ့ကြတဲ့ သီအိုရီတွေ အက်ဆေးတွေ ထောင်ပေါင်းများစွာရှိတယ်။ ပြီးခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက မှတ်တမ်းအများစုပေါ့။ ကျောင်းသားတွေကတော့ စာမဖတ်ရဘူးဆိုရင်တောင်မှ လုပ်စရာတွေက အရမ်းများတော့ ဒီနေရာကို သိပ်မလာကြဘူး။ တစ်ချို့တစ်လေတော့ အကြံဉာဏ်ပဲဖြစ်ဖြစ် လှည့်ကွက်သစ်တွေပဲဖြစ်ဖြစ် လိုချင်လို့ လာကြတာတေ့ာရှိတယ်။ အထူးသဖြင့် ပိတ်ရက်မှာ မြို့ထဲသွားပြီး လည်ပတ်စရာငွေမရှိတဲ့ အရပ်သားတွေပေါ့” Jeffrey က တံခါးကို မှီရင်းပြောသည်။ “ဘယ်လိုပဲဖြစ်ဖြစ် တော်ဝင်မျိုးနွယ်တွေကို မှီအောင်လိုက်ဖို့တော့ လုပ်ကြရမှာပဲလေ။ တော်ဝင်မျိုးတွေက အရပ်သားတွေထက် ဗဟုသုတပိုရှိကြပြီး ဒီအသိဉာဏ်တွေနဲ့ ကြီးပြင်းလာကြတယ်လို့တောင် ပြောလို့ရသေးတယ်” 


“မိုက်တာပေါ့” Fletcher က စာလိပ်ခေါင်းတွေကို ကြည့်ရင်း ဖြေသည်။ “ဒီလိုနေရာမျိုးကို အသုံးပြုမယ့်သူမရှိတာ ငါအံ့သြတယ်။ အဖိုးတန်တဲ့ ဗဟုသုတတွေအများကြီး ဒီမှာရှိမှာ သေချာတယ်”


Jeffrey က ပုခုံးတွန့်ပြပြီး တံခါးကိုပိတ်လိုက်သည်။ 


“ငါတော့သိပ်မသိပါဘူး။ ဒါပေမယ့် ကျောင်းမှာ စာသင်ရတာက လိုအပ်တာထက်ပိုပြီး လက်တွေ့ဆန်လွန်းတယ်။ လေ့လာဖို့ စမ်းသပ်ဖို့တွေအတွက်အချိန်လုံးဝမရှိဘူး။ သူတို့သိတာက မြန်မြန်သင်ပေးပြီး ရှေ့တန်းမြန်မြန်လွှတ်ဖို့လောက်ပဲ ဂရုစိုက်ကြတာ” 


လျှောက်လာရင်းနဲ့ ယောကျ်ားလေးနှင့် မိန်းကလေးများ စီတန်းပြီး ခန်းမထဲဝင်သွားတာကို တွေ့လိုက်ရသည်။ 


“အဲ့ဒါ ဒုတိယနှစ်တွေပဲ” Jeffrey က ကျောင်းသားတွေဆီကို ခေါင်းငုံ့နှုတ်ဆက်လိုက်ရင်းပြောသည်။ “ဒီနှစ်က သူတို့တွေအတွက် တကယ့်ငရဲပဲ။ ရာထူးအဆင့်တွေအတွက် ယှဉ်ပြိုင်မှုက အရမ်းကို ပြင်းထန်လွန်းတယ်။ အပြစ်ကျူးလွန်ထားတဲ့ သူတွေကတော့ စစ်တပ်ထဲဆွဲသွင်းခံရမှာ လူပုလေးတွေ‌ရောပဲ။ ဒုတိယနှစ်မှာ ကောင်းကောင်းမလုပ်ဆောင်နိုင်တဲ့သူတွေက စစ်ပွဲထဲမှာ လူပုလေးတွေရဲ့ ခေါင်းဆောင်တာဝန်ယူရင်ယူ၊ မဟုတ်ရင်တော့ Eleven ရှေ့တန်းမှာ အရိုးဆွေးတဲ့အထိနေပေတော့ပဲ” လူပုလေးတွေကို စစ်ပွဲကို ဦးဆောင်ခေါ်သွားဖို့က ဘာများမကောင်းလို့လည်းလို့ တွေးမိပေမယ့် Jeffrey နဲ့ စကားအချေအတင်ဖြစ်မှာကို မလိုလား၍ Fletcher ဒီတိုင်းပဲထားလိုက်တော့သည်။ သူကိုယ်တိုင်က ဒီမှာခုမှ သင်ယူနေဆဲမဟုတ်လား။ 


မှောင်နေတဲ့လှေကားထစ်များဆီကနေ နတ်ဆိုးကောင်တွေမပါပဲ ဆင်းလာကြသည့် ဒုတိယနှစ်ကျောင်းသားများကို ငေးကြည့်နေမိခဲ့သည်။ သူတို့ရဲ့ ခေါင်းတွေပေါ်မှာ အပြာရောင် မီးပြောက်အသေးလေးများက ပိုးစုန်းကြူးများသဖွယ် ဝဲပျံနေကြသည်။ 


“အဲ့ဒါဘာမီးရောင်တွေလည်း? ပြီးတော့ သူတို့ရဲ့နတ်ဆိုးကောင်တွေကရော ဘယ်မှာလည်း?” Jeffrey နဲ့အတူ သူတို့နောက်ကလိုက်သွားရင်း မေးလိုက်သည်။ ဒုတိယနှစ်တွေက သူ့ကိုဂရုမစိုက်ပဲ သူတို့မျက်လုံးတွေကို ပွတ်သပ်ကာ အချင်းချင်းညည်းညူနေကြသည်။ 


“နတ်ဆိုးကောင်တွေက မင်းတို့ရဲ့ စာသင်ချိန်ကလွဲရင် အိပ်ခန်းဆောင်အပြင် ဘယ်နေရာမှ ခေါ်ခွင့်မရှိဘူး။ မင်းတို့ပထမနှစ်တွေအားလုံးနေရာချပြီးရင် ဒါတွေလာပြောပြလိမ့်မယ်။ နတ်ဆိုးကောင်တွေက သူတို့ရဲ့ဆင့်ခေါ်သူနဲ့မရှိတဲ့အချိန် ဘယ်သွားပြီး ဘာလုပ်နေရတယ်ဆိုတာကိုတော့ ငါလည်းမပြောတတ်ဘူး။ ဒီအလင်းသေးသေးလေးတွေက wyrdlights လို့ခေါ်တယ်။ ဒီအလင်းရောင်အသုံးပြုပုံက မင်းတို့ပထမဆုံးသင်ရမယ့် သင်ခန်းစာပဲလို့ထင်တယ်။ မကြာခင်မှာပဲ မင်းတို့လည်း နေရာတိုင်းမှာ အဲ့အလင်းတွေနဲ့ သွားလာရတော့မှာပါ” 


“ငါဒါကို သင်ရဖို့ မစောင့်နိုင်တော့ဘူး” မိုးလုံလေလုံ အခန်းကြီးထဲ ဟိုဒီမျောလွင့်သွားလာနေတဲ့ အပြာရောင် အလင်းသေးလေးတွေကို ကြည့်ရင်း စိတ်လှုပ်ရှားကာ Fletcher က ပြောလိုက်သည်။ “အခန်းထဲမှာ ဖိယောင်းတိုင်တစ်ချောင်းစီပဲ ထားထားတာ ဒါကြောင့်ကိုး” 


Jeffrey က Fletcher ကို မှန်လုံခန်းရဲ့ လှေကားပေါ်ကနေဆင်းသွားပြီး အဝင်ဝနားက ဆင့်ခေါ်တဲ့အခန်းဘေးကို ခေါ်သွားတယ်။ 


“ဒီရဲတိုက်က ကြီးပေမယ့် အခန်းအချို့က တော်ဝင်မျိုးနွယ်တွေ၊ ဆရာတွေ၊ အစေခံတွေနေဖို့ အခန်းတွေထားထာားတာ။ ဟောပြောခန်းတွေနဲ့ စာသင်ခန်းတွေကလွဲရင် ကျန်တဲ့အခန်းတွေတော်တော်များများက စတိုခန်းတွေပါပဲ” Jeffrey ရဲ့ အသံက အမှောင်ထုထဲက သူတို့ရဲ့ခြေသံတွေကြားမှာ သံယောင်ထပ်နေခဲ့သည်။ 


အောက်ဆုံးလှေကားဆီက ရှည်လျားပြီး ရှုပ်ထွေးတဲ့စင်္ကြန်လမ်းမဆီကိုရောက်တော့ Fletcher ပထမဆုံး သတိထားမိခဲ့တာက အမှောင်ထုထဲက နံရံကြီးပေါ်မှာ နစ်မြုပ်နေတဲ့ သံလက်ထိပ်ကွင်းကြီးဖြစ်သည်။ ဆက်ပြီးလျှောက်သွား‌တော့ ပြတင်းပေါက်မရှိ တံခါးပေါက်မရှိ ကျဉ်းကျပ်လွန်းတဲ့ အကျဉ်းထောင်ခန်းများကို တွေ့ရပြီး စိတ်မသက်မသာဖြစ်ရပြန်သည်။ 


“ဒါဘယ်လိုနေရာမျိုးလည်း?” ကြောက်ရွံစွာနဲ့ မေးလိုက်သည်။ ဒီနေရာမှာ အကျဉ်းချခံထားရတဲ့ သူတွေရဲ့ အခြေအနေကတော့ တုန်လှုပ်ခြောက်ခြားစရာ။ 


“ရဲတိုက်ရဲ့ဒီအကျဉ်းခန်းနေရာကို လွန်ခဲ့တဲ့ ၈နှစ်ကမှ စစ်ပြေးတွေအတွက် တည်ဆောက်ထားခဲ့တာ။ စစ်ပွဲအတွင်း ဘာကိုမျှော်လင့်ထားရမလဲ ငါတို့မသိခဲ့ကြဘူး။ ဒီတော့ စစ်ပြေးတွေကို ရှေ့တန်းပြန်မပို့ခင် ၁ရက်အလိုမှာ ဒီနေရာကိုပို့ပြီး ညအိပ်ခိုင်းတယ်။ ဒါမှ ရှေ့တန်းကနေ သတ္တိကြောင်ပြီး ထွက်ပြေးတဲ့သူတွေအတွက် ပြစ်ဒဏ်ကဘယ်လိုရှိတယ် ဘာတွေကြုံရမယ်ဆိုတာ သူတို့သိအောင်ပေါ့။ ပထမဆုံး ၂နှစ်ဆက်တိုက်မှာတော့ ဒါဇင်နဲ့ချီတဲ့အကျဉ်းသားတွေ ရှိခဲ့တယ်။ သူတို့ပြောပြထားတာတော့ ဒီလောက်ပဲ။ ဒါပေမယ့် အခုခေတ်မှာတော့ ပြန်ဖမ်းမိတဲ့သူတွေကို ‌ရိုက်နှက်ပြီး ရှေတန်းကိုပြန်ပို့လိုက်ကြတာပိုများတယ်” Jeffrey ကပြောရင်းဆိုရင်း စင်္ကြန်တလျောက် လက်ကိုတချက်ဝှေ့ရမ်းလိုက်တယ်။ Fletcher လည်းကြောက်ကြောက်နဲ့ သူ့နောက်ကနေ ထပ်ချပ်မကွာလိုက်နေမိတယ်။  


အခန်းကျယ်ကြီးတစ်ခုထဲဝင်လိုက်တာနဲ့ ဉမင်တစ်ခုတွေ့ရပြန်တော့ သူအံ့သြသွားရသည်။ ပုံစံက Coliseum ပြဇာတ်ရုံကြီး၏အတွင်းပိုင်းနှင့်အသွင်တူသည်။ သံများဖုံးလွှမ်းနေတဲ့ အခန်းရဲ့ အလည်တွင် ကြီးမားသောဝင်းကြီးရှိပြီး ပတ်လည်တွင် ထိုင်ခုံအဖြစ်အသုံးပြုရန် လှေကားထစ်များကို ပုံဖော်ထားသည်။ ခန့်မှန်းခြေ ကြည့်ရှုသူအယောက် ၅ရာခန့် ဆန့်မည့် ပြဇာတ်ရုံတစ်ခုပင်။ 


“ဒါကြီးက ဘယ်လိုလုပ်ဒီနေရာမှာ ရှိနေရတာလည်း?” စစ်သည်တော်တွေရဲ့ တော်ဝင်ပြိုင်ပွဲတွေ ကျင်းပရာနေရာတစ်ခုက ကျောင်းရဲ့ မြေအောက်ခန်းထဲမှာ ရှိနေသည့် အကြောင်းအရင်းကို သူသေချာမသိပေမယ့်လည်း မဖြစ်နိုင်သည့်အရာမျိုးတော့ မဟုတ်ပေ။  


“မင်းကဘယ်လိုထင်လို့လဲ ကောင်လေး!” သူ့နောက်ကနေမေးသံဖြစ်သည်။ “ဒီနေရာက ဖမ်းမိထားတဲ့ Orc တွေကို တပ်သားအသစ်တွေရှေ့မှာ ကွပ်မျက်စီရင်တဲ့နေရာပဲ။ Orc တွေကလည်း တခြားသတ္တဝါတွေ မျိုးနွယ်ဝင်တွေလို သေမျိုးပဲဆိုတာကို အတွေ့အကြုံမရှိသေးတဲ့သူတွေ သိရအောင်ပေါ့” 


Fletcher နဲ့ Jeffrey လည်း အသံလာရာလှည့်ကြည့်လိုက်တော့  ဆံပင်တွေဖွေးဖြူနေပြီး သွားများပင်မရှိတော့ပဲ ဖျော့တော့နေကာ တုတ်ကောက်ကိုအမှီပြုနေရသည့် အဖိုးအိုတစ်ဦးကိုတွေ့လိုက်ရသည်။ ညာခြေညာလက်များမှာ ပြတ်ထွက်နေကာ သံတုတ်များဖြင့် အစားထိုးထားသည်။ သူ့ပုံစံမှာ ထူးခြားသည့်အပြင် သူ့ကိုယ်ပေါ်မှာလည်း အစိမ်းရင့်ရောင်နှင့်ငွေရောင်လွှမ်းနေသော တော်ဝင်မျိုးနွယ်အိမ်တော်တစ်ခုမှ ချပ်ဝတ်တန်ဆာဟောင်းတစ်ခုကို ဝတ်ဆင်ထားသည်။ 


“ဘယ်တုန်းကမှ အသုံးပြုခွင့်မရခဲ့ပေမယ့်လို့ပေါ့လေ။ Orc တွေကို အရှင်လတ်လတ် ဖမ်းဆီးရမိတယ်လို့ ဘယ်တုန်းကများ ကြားဖူးကြလို့လည်းကွာ” အဖိုးကြီးကပြောသည်။


“Gremlins မှင်စာကောင်အနည်းငယ်တော့ ဖမ်းမိပါရဲ့ ဒါပေမယ့် သူတို့ရဲ့ ခါးမြှီးရှည်ရှည်တွေနဲ့ လှုပ်ခါရမ်းနေတာကို စောင့်ကြည့်နေရတာ ဘယ်လိုမှနှစ်သက်ဖို့ကောင်းမနေဘူး။ ပြီးတော့ Orc တွေရဲ့ ဖိနှိပ်ခိုင်းစေမှုတေွကြောင့် မှင်စာတွေနဲ့သူတို့ကြား တင်းမာမှုတွေ မကျေလည်မှုတွေက ငါတို့တွေထက်တောင်မှ ပိုဆိုးသေးတယ်” အဖိုးကြီးက ပြိုင်ပွဲကွင်းဆီမှ ထော့နဲ့ထော့နဲ့ဖြင့် ဆင်းသွားရင်းပြောပြသည်။


“ကဲ လာလေကွာ။ မင်းရဲ့ Khopesh ဓားကောက်နဲ့ ဘာတွေလုပ်နိုင်မလဲ ကြည့်ရအောင်။ ဒီလိုဓားမျိုးကို မတွေ့ရတော့တာကြာပြီ” အဖိုးကြီးက သူ့တုတ်ကောက်ကို ဝှေ့ယမ်းလိုက်ပြီး Fletcher ဓားဆီကို ညွန်ပြလိုက်တယ်။ “စစ်ပွဲထဲမှာ ငါ့ညာဘက်လက်ကို ဆုံးရှုံးခဲ့ရပေမယ့် ဘယ်ဘက်လက်တစ်ဖက်တည်းနဲ့ တိုက်ကွက် တစ်မျိုး နှစ်မျိုးတော့ သင်ပေးနိုင်ပါသေးတယ်။ ငါလုပ်ကိုလုပ်နိုင်ရမယ်။ ဒါကငါ့တာဝန်ပဲ မဟုတ်လား” 


“သူကဘယ်သူကြီးလဲကွ?” Fletcher က လေသံတိုးတိုးနဲ့ Jeffrey ကို မေးလိုက်သည်။ ဘယ်လိုလူမျိုးကများ သူ့ရဲ့အားလပ်ချိန်ကို ဒီလိုမြေအောက်ခန်းထဲမှာ ကုန်ဆုံးချင်မှာလဲဟုတွေးနေမိသည်။ Jeffrey က သူ့နားတိုးပြီး ကပ်ပြောတယ်။ 


“ဒီလူကို Sir Caulder လို့ခေါ်တယ်။ သူက လက်နက်ပိုင်းဆိုင်ရာ သင်ကြားရေးဆရာတစ်ယောက်ပေါ့” 


Sir Caulder က သူ့လက်က တုတ်ကောက်နဲ့သဲခုံတွေပေါ်ကို ခြစ်ဆွဲလိုက်ပြီး Fletcher ကို အနီးကပ်ထပ်သတိပေးပြန်သည်။ 


“လာစမ်းပါကွာ ငါ့ပုံစံက မသန်မစွမ်းပုံဖြစ်နေပေမယ့် ငါ့မှာတခြားလုပ်စရာတွေ ရှိသေးတယ်” 

Fletcher လည်း lgnatius ကို Jeffrey ေဘးနားမှာ ထားခဲ့ပြီး ပြိုင်ကွင်းထဲ ခုန်ဝင်လိုက်ကာ အဖိုးကြီးနား ချဉ်းကပ်သွားလိုက်သည်။ အဖိုးကြီးက သူ့တုတ်ကောက်ကို ခပ်ထေ့ထေ့ကြည့်ကာ နှုတ်ဆက်လိုက်ပြီး “မင်းလက်နက်က အရာရှိတွေကိုင်တဲ့ လက်နက်လိုပုံစံမျိုးပဲဆိုတာ ငါကြည့်တာနဲ့သိတယ် ဒါပေမယ့် မင်းက အရာရှိတေွလိုရော တကယ်တိုက်ခိုက်နိုင်ပါ့မလား?”


“ကျွန်တော် ခင်ဗျားကို မထိခိုက်စေချင်ဘူးနော်။ ဒီဓားက တကယ်အရမ်းထက်တယ်” Fletcher က အဖိုးကြီးကို သတိပေးရင်း သူ့ဓားကောက်ကို ထုတ်ကိုင်လိုက်သည်။ သူ့အတွက်တော့ ပထမဆုံးအကြိမ် သူ့ကိုယ်ပိုင်လက်နက်တစ်ခုကို ကိုင်ဖူးခြင်းဖြစ်သည်။ ဓားမှာ သူထင်ထားသည်ထက်ကို ပို၍လေးနေသည်။ 


“Aye လူအိုပေမယ့် အတွေ့အကြုံက အသက်ပဲကွ။ ငါ့လက်ထဲက လက်နက်က မင်းကိုင်ထားတဲ့ Khopesh ဓားကောက် ၂ချောင်းထက် နှစ်ဆပိုပြီး အန္တရာယ်များတယ်ဆိုတာမင်းသိထား” 


Fletcher က အဖိုးကြီး စကားကိုသံသယဝင်ခဲ့တယ်။ အဖိုးကြီးပုံစံမှာ အရပ်ကလည်းရှည်ပြီး ထွန်ခြစ်တစ်ချောင်းသာသာ ပိန်လှီလွန်းသည်။ သူက ဓားကောက်ကို တခြားနေရာတွေကို မထိခိုက်မိစေအောင် ချိန်ရွယ်ပြီး အဖိုးကြီးရှေ့ဆီကနေ အားပျော့ပျော့တချက်လွဲလိုက်တယ်။ အဖိုးကြီးကတော့ နေရာကနေ တဖဝါးမှမရွေ့လျားပဲ သူ့ဓားချက်ကို အသာလေးခုခံလိုက်တယ်။ 


“ကောင်းပြီ ကောင်းပြီ။ ကစားနေတာတွေ တော်လောက်ပြီ” Sir Caulder က ပြောရင်း အလစ်ဝင်ကာ တစ်ချက်ရိုက်ချလိုက်သည်။


သူ့တုတ်ကောက်က လေထုကိုထိုးခွင်းထွက်လာပြီး Fletcher ခေါင်းတည့်တည့်ကို ပြင်းထန်စွာ ရိုက်မိသွားတော့ Fletcher  နားထင်က နာကျင်ပြီး လည်ချောင်းတလျှောက်သွေးပူများ စီးကျလာသလိုခံစားလိုက်ရသည်။ 


“လာစမ်းပါကွာ မင်းဓားအားကလည်း သံကြိုးကွင်းတွေကိုတောင် မဖောက်နိုင်လောက်ဘူး” အဖိုးကြီးက ပြုံးဖြီးဖြီးနဲ့ပြောရင်း သူ့ရှေ့မှာ ဆိတ်တကောင်လိုပဲ ခုန်ဆွခုန်ဆွနဲ့ ဓားရေးပြနေလေသည်။ 


“ခုနက ငါအဆင်သင့်မဖြစ်သေးလို့ပါ” Fletcher ကပြန်ချေပလိုက်သည်။ ပြီးတာနဲ့ ဓားကိုဝှေ့ကာ Sir Caulder ရဲ့ ဗိုက်ဆီကို လက်နှစ်ဖက်လုံးသုံးပြီး အားကုန်ထိုးစိုက်လိုက်ပေမယ့် အဖိုးကြီးက တုတ်ကောက်နဲ့လျင်မြန်စွာပဲ ရိုက်ချလိုက်တော့ သူ့ဓားကောက်က သဲပြင်ပေါ်မှာ စိုက်ကျသွားခဲ့တယ်။ တပြိုင်ထဲမှာပဲ အငိုက်မိသွားတဲ့ Fletcher ရဲ့ ပါးကို တုတ်ကောက်နဲ့ နောက်တစ်ကြိမ်ထိုးနှက်လိုက်ပြန်တယ်။ 


“ဒီနေ့မနက်အခြေအနေက သိပ်တော့ကြည့်မလှဘူးနော်” Sir Caulder က အော်ဟစ်ရယ်မောရင်းပြောသည်။ 


“Jeffrey ရေ မင်းသိလား လူတွေက ဓားကို လူမြင်ကောင်းရုံသက်သက်ပဲ သယ်သွားသယ်လာကြတာများတယ်။ ငါမင်းကိုပြောပြမယ်၊ Orc တစ်ကောင်ကမင်းကိုခြုံခိုပြီး တိုက်တဲ့အချိန်မှာ လောက်စလုံးလောက်နဲ့တော့ မင်းကိုယ်မင်းကာကွယ်နိူင်မှာမဟုတ်ဘူး။ သူအပစ်ခံရမှန်း မသိလိုက်ခင်မှာပဲ မင်းရဲ့အရိုးတွေကိုချိုးပြီး သွားကြားထိုးတံလုပ်သွားလိမ့်မယ်” Sir Caulder က တစ်ချက်ချက်ပြီးတစ်ချက်ပြောတယ်။ 


Fletcher သည်းခံနိုင်စွမ်းမရှိတော့ပြီ။ သူ့ရဲ့ khopesh ဓားကောက်ကို အဖွင့်ကိူင်ကာ တုတ်ကောက်၏ကွေးနေသော အထစ်ဆီမှ ဆွဲဖမ်းပြီး ဘေးဘက်ကို လွှင့်ပစ်လိုက်သည်။ ပြီးတာနဲ့ Sir Caulder ကို အပေါ်ဆီးမှခုန်အုပ်လိုက်ပြီး ချုပ်ရန်ကြိုးစားသည်။ 


အနိုင်ပြီဟု ထင်မှတ်ထားတဲ့အချိန်မှာပဲ Sir Caulder က ဒူးခေါင်းနှစ်ဖက်ဖြင့် လည်ပင်းဆီကနေပြန်ချူပ်ထားတော့သည်။ သူ့ရဲ့သံခြေတုတွေက Fletcher ရဲ့နောက်စေ့ဆီကို တင်းကျပ်အောင် ထိုးနှက်ထားခဲ့သည်။ Fletcher လည်းဓားကိုပစ်ချကာ အဖိုးကြီး၏ရင်ဘတ်ဆီကနေပြန်လည်ချုပ်ထားဖို့ ကြိုးစားခဲ့ပေမယ့် အဖိုးအို၏ချပ်ဝတ်တံဆာများမှာ သံမဏိကဲ့သို့ထူထဲလွန်းနေခဲ့သည်။ အဖိုးအိုက ပိုမိုတင်းကျပ်စွာ ချုပ်နှောင်ထားသည်နှင့်အမျှ Fletcher အမြင်အာရုံများတဖြေးဖြေးဝေဝါးလာကာ အဆုံးမှာတော့ အရာအားလုံးက မှောင်မိုက်သွားခဲ့ရတော့သည်။ 

~~~~~



rate now: