book

Index 2

အပိုင်း ၂။

  • Author : Chan Chan
  • Genres : Adventure
  • Original Author : Taran Matharu


"အိပ်ယာထတော့ Fletcher ရေ

တစ်နှစ်နေလို့မှ ဒီတစ်ရက်ပဲ အချိန်မှန်ဖို့ မင်းကိုပြော‌နေတာ ဆိုင်ခင်းတာရော မြင်းပေါ်ကို အထုပ်အပိုးပြင်တာရော ငါနှစ်ခုလုံးတစ်ပြိုင်ထဲ ပြင်လို့မရဘူးကွ" 


Fletcherမျက်စိနှစ်လုံးဖွင့်တာနဲ့ Berdon ရဲ့ နီရဲနေတဲ့မျက်နှာကြီးကို မြင်လိုက်ရတယ်။ 


Fletcher ညည်းတွားပြီး သူ့ရဲ့သားမွှေးစောင်ကို ဆွဲခြုံလိုက်တယ်။ မနေ့ညက Jakov က ဂိတ်ထဲပေးမဝင်လို့ ဂိတ်ပေါက်အပြင်မှာ ၁နာရီလောက် စောင့်လိုက်ရသည်။ ဒါတောင် နောက်တစ်ခါ ဂိတ်တဲကိုလာရင် ‌သူ့အတွက်သောက်စရာတွေ ယူလာပါမယ်ဆိုတဲ့ ကတိကြောင့် ပေးဝင်ခဲ့ခြင်းဖြစ်သည်။ 


အိပ်ယာမဝင်ခင်လည်း ဆတ်ပေါ်ရသေးသည်။ အ‌ရေခွံကိုနွှာ၊ အသားကိုထင်းမီးနဲ့ ကျပ်တိုက်ထားလိုက်တယ်။ သူ့ကိုယ်သူအတွက်ကိုတော့ အပိုင်းသေးတစ်ခုဖြတ်ပြီး မကျက်တကျက်ပဲ အမြန်ချက်စားပစ်လိုက်တယ်။ ဒီလိုဆောင်းရာသီမျိုးဆိုရင် အသားတွေကို သိုလှောင်ထားသင့်ပေမယ့် သူ့အတွက်က နောက်ထပ်ဒီလိုသားကောင်မျိုး ဘယ်တော့မှ ထပ်ရှာတွေ့မလဲဆိုတာ မပြောနိုင်ဘူးလေ။ 


"ခုချက်ချင်းထတော့ Fletcher မင်းကိုယ်က ဝက်စော်တောင်နံနေပြီ ဒီပုံစံနဲ့ ဝယ်သူတွေထွက်ပြေးကုန်လိမ့်မယ် စုတ်ပြတ်နေတဲ့ပုံနဲ့ကောင်ဆီ ဘယ်သူမှလာဝယ်မှာမဟုတ်ဘူးကွ" Berdon က Fletcher ကိုယ်ပေါ်ကစောင်ကို ဖယ်ထုတ်သွားပြီး သူ့ဖိုထဲ ပြန်ဝင်သွားတယ်။ 


Fletcher ကခြုံထားတာဲ့ စောင်မရှိတော့မှပဲ ထထိုင်လိုက်တယ်။ အခန်းက သူထင်ထားတာထက်ပိုနွေးနေခဲ့တယ်။ ဖြစ်နိုင်တာက Berdon တစ်ယောက် မနေ့ညက တစ်ညလုံးဖိုထဲမှာနေပြီး ဒီမနက် ဈေးပွဲတော်အတွက် ပြင်နေခဲ့တယ်ထင်တယ်။ ဖိုထဲမှာက သံရိုက်သံတွေ ဖိုကထွက်တဲ့အသံတွေ လက်နက်တွေက ထွက်လာတဲ့ အငွေ့တွေနဲ့ မျိုးစုံကြားနေရနေပေမယ့် Fletcherအတွက်ကတော့ ကျင့်သားရနေပြီဖြစ်သည်။ 


သူက Berdonရဲ့ ဖိုခန်းကိုဖြတ်ပြီး ရေတွင်းဆီကိုသွားကာ ရေလောင်းဖို့ပြင်ပြီးမှ အေးစက်နေတဲ့ရေတွေကိုကြည့်ပြီး နည်းနည်းတွန့်သွားသေးသည်။ သူ့ရဲ့ သွေးစွန်းနေတဲ့ အဝတ်အစားတွေကိုလဲ ရေစိမ်ထားလိုက်‌တယ်။ ရေချိုးရင်း ဂျေးတွန်းကျောက်နဲ့ သူ့‌ကျောတွေကို ထပ်ခါထပ်ခါတိုက်တယ်။ Fletcher က ဖိုခန်းထဲပြန်ရောက်တော့ သူ့ရင်ဘတ်ကြွက်သားတွေကို ကိုင်ကြည့်လိုက်တယ်။ 


"လာစမ်းပါဦး မင်းကိုကြည့်ရအောင်" Berdon က သူ့အခန်းရှေ့ကနေရပ်ပြီးပြောတယ်။ 


သူ့ဆံပင်တွေက အခန်းထဲကလာတဲ့ မီးရောင်ကိုတောင်ကွယ်နေခဲ့တယ်။ Berdon က ပန်းပဲဖိုထဲမှာ နှစ်ရှည်လများ သံထည်တွေကိုထုရိုက်နေခဲ့ရတော့ သူ့မှာ ကြီးမားကျယ်ပြန့်တဲ့ ရင်ဘတ်တွေ ပုခုံးတွေရှိပြီး ရွာမှာဆို လူကောင်အကြီးဆုံးလို ဖြစ်နေခဲ့သည်။ Berdon က အသက်အရွယ်နဲ့မလိုက် လူကောင်သေးလွန်းတဲ့ Fletcher ကို ငုံ့ကြည့်လိုက်တယ်။ 


"ငါထင်တဲ့အတိုင်းပဲ မင်းမုတ်ဆိတ်ရိတ်ဖို့လိုသေးတယ်၊ ငါ့အဒေါ် Gerla ရဲ့ မုတ်ဆိတ်ကမှ မင်းထက်ပိုထူသေးတယ်၊ အဲ့အမွှေးပေါက်တွေကို ထပ်ထပ်ရိတ်ပစ် အဲ့ဒါမှ ငါ့လိုအမွှေးအစစ်တွေရလာမှာ" Berdon က သူ့ရဲ့အနီရောင်မုတ်ဆိတ်မွှေးတွေကို သပ်ရင်းပြောတယ်။ 


သူပြောတာလဲ အမှန်ပဲ ဒီလိုနေ့ဆိုရင် ကုန်သည်တွေနဲ့အတူ ဂါဝန်ရှည်လေးတွေ ဆံပင်ကောက်ကောက်ကလေးတွေနဲ့ မြို့ကြီးသူတွေပါ ပါလာမှာဖြစ်သည်။ ‌ဒီလိုမျိုးလေးတွေက သူ့အတွက်မဟုတ်မှန်း သိပေမယ့်လဲ ကြိုပြင်ထားလဲ နစ်နာသွားတာမှမဟုတ်တာ။ 


"ကဲကဲ သွား၊ မင်းမုတ်ဆိတ်ရိတ်နေတုန်း မင်းဝတ်ဖို့ အဝတ်အစားပြင်ထားပေးမယ်၊ မဝတ်လို့မရဘူးနော် မင်းကောင်းကောင်းမွန်မွန် ဝတ်စားပြီး ပုံစံကျမှ ဈေးကောင်းကောင်းမှာ"


Fletcher က အအေးခန်းထဲ ပြန်ရောက်သွားခဲ့တယ်။ သူတို့ရဲ့ပန်းပဲဖိုက ရွာထိပ်ဂိတ်နားမှာဖြစ်ပြီး သူ့အခန်းကနေ လှမ်းကြည့်ရင် မြို့ရိုးနောက်ဘက်ခြမ်းကို မြင်ရသည်။ သူ့မျက်နှာကိုမလုပ်ခင် ဘေစင်ရှေ့ကမှန်မှာကပ်နေတဲ့ အမည်းစက်တွေကို ဓားပါးနဲ့ သန့်ရှင်းလိုက်တယ်။ 


ဖြူတော့တော့ အသားအရည်နဲ့ သူ့လိုကောင်လေး တစ်ယောက်က မြောက်ပိုင်း Hominum ကလူတွေအတွက်တော့ အထူးအဆန်းမဟုတ်တော့ပေ။ Pelt မြို့ရဲ့ နွေရာသီကာလတွေဆိုရင် ရက်သတ္တပတ်မျှသာ ကြာမြင့်ပေမယ့် ရွာထဲက ‌လူငယ်တွေက စမ်းချောင်းထဲက ငါးဖမ်းသူဖမ်း အသီးဖျော်ရည် လုပ်သူလုပ်ကြနှင့် နွေကို အတူဖြတ်သန်း‌လေ့ရှိကြသည်။ ဒီလိုအချိန် အခိုက်အတန့်တွေက သူ့ကိုယ်သူ အပြင်လူလို့ မခံစားရတဲ့နေ့တွေပဲပေါ့။ 


Berdon ရဲ့မျက်နှာကကြမ်းပြီး အညိုရောင်မျက်လုံး‌တွေ ပိုင်ဆိုင်ထားတယ်။ သူ့ ရဲ့ထူထဲတဲ့ဆံပင်တွေက ဆံပင်မည်းတွေနဲ့ ရောနေပြီး နည်းနည်းလေး ရှုပ်လာတာနဲ့ Berdon က ညှပ်ပစ်တတ်သည်။ Berdon က ကြည့်ရဆိုးတဲ့ထဲမပါပေမယ့် ရွာထဲက ကောင်းကောင်းစားပြီး ကြီးပြင်းလာတဲ့ ချမ်းသာတဲ့အိမ်က ဆံဖြူကောင်တွေလောက်တော့ ကြည့်မလှခဲ့။ 


မြောက်ပိုင်းသားတွေအဖို့ ဆံပင်အမည်းရောင်က ပုံမှန်မဟုတ်ပေမယ့် ငယ်ငယ်ထဲက ဂိတ်ဝမှာစွန့်ပစ်ခံခဲ့ရပြီး ဒီမြို့မှာပဲ ကြီးပြင်းလာတဲ့ Fletcher အတွက်တော့ လူအားလုံးထဲမှာ ကွဲထွက်နေခြင်းက အထူးအဆန်းဖြစ်မဟုတ်ခဲ့။


သူ့အခန်းထဲပြန်ရောက်တော့ ခုတင်ပေါ်မှာ တင်ထားတဲ့ အင်္ကျီအပြာရောင်နဲ့ အစိမ်းရောင် ဘောင်းဘီရှည်ကို တွေ့လိုက်တယ်။ အရောင်တွေကိုကြည့်ပြီး စိတ်တိုင်းမကျပေမယ့် Berdon ရဲ့ အကြည့်ကြောင့် သူမှတ်ချက်မပေးတော့ပဲ မျိုချလိုက်ရသည်။ ပွဲတော်နေ့ဆိုရင် ပုံမှန်နဲ့မတူအောင် ဝတ်စားလေ့ရှိကြပြီး ကုန်သည်ကြီးတွေကတော့ သူတို့ရဲ့ တောက်ပြောင်ပြီး ထူးခြားတဲ့ အဝတ်အစား အပြင်အဆင်တွေကြောင့်ပဲ နာမည်ကြီးကြတယ်။ 


"မင်းအဝတ်အစားလဲလိုက်ဦး" ဆိုပြီး Berdon အခန်းထဲက ထွက်သွားသည်။ 


Berdon ဒီလိုတွေ ပြောဆိုနေပေမယ့် သူ့ကိုချစ်ခင်လို့သာ ပြောခြင်းမလို့ ဘယ်တော့မှအထွန့်မတက်ခဲ့ဘူး။ သူက စကားနည်းပြီး သူ့ရဲ့အတွေးကမ္ဘာထဲမှာပဲ နေပျော်သူတစ်ဦး။ Berdon က သူငယ်ငယ် စကားစပြောတတ်တဲ့အချိန်ထဲက Fletcher ရဲ့ privacy ကို လေးစားသမှုရှိတယ်။ ကြည့်ကောင်းပေမယ့် ကြမ်းကြမ်းတမ်းတမ်းနေတတ်တဲ့ လူပျိုလူရွယ်တစ်ယောက်နဲ့ အေးဆေးနေတတ်ပေမယ့် ဘုကန့်လန့်အလုပ်သင်တစ်ယောက်ရဲ့ ဆက်ဆံရေးက ထူးဆန်းပေမယ့်လဲ တစ်နည်းနည်းနဲ့တော့ အဆင်ပြေနေခဲ့သည်။ Fletcher က ဘယ်သူ့မှသူ့ကို လက်မခံခဲ့တဲ့အချိန်မှာ ခေါ်ယူမွေးစားခဲ့တဲ့ Berdon ကို အမြဲကျေးဇူးတင်နေခဲ့သည်။


အစာရေဆာရှာခက်ခဲလှတဲ့ ဒီဆောင်းတွင်းထဲ   နှင်းတွေပြည့်နေတဲ့ ဂိတ်ရဲ့အပြင်ဘက်မှာ ခြင်းမပါ အနှီးမပါ စွန့်ပစ်ခံခဲ့ရပြီး အဝတ်ဗလာနဲ့ အာခေါင်ခြစ်ပြီး အော်‌ငိုနေခဲ့တဲ့ ဒီကလေးအရွယ်လေးကို ငွေကြေးကြွယ်ဝသူတွေကလဲ မမွေးစားချင်သလို အနေဆင်းရဲသူများကလဲ မမွေးစားချင်ခဲ့ကြဘူး။ နောက်ဆုံးတော့ မချမ်းသာ မကြွယ်ဝပေမယ့် ကျွေးမွေးစောင့်ရှောက်ရမယ့်သူလဲမရှိ တစ်ကိုယ်ရည်သမားဖြစ်ပြီး သူ့အလုပ်ကလဲ ရာသီဥတုပေါ်မှီပြီး စားနေရတာမျိုး မဟုတ်တာကြောင့် Fletcher ကို ပထမဆုံးရှာတွေ့ခဲ့တဲ့ သူလဲဖြစ်တဲ့ Berdon ကပဲ ခေါ်ယူမွေးစားဖို့ ဆုံးဖြတ်လိုက်တယ်။ 


Fletcher က တစ်ခါမှမမြင်ဖူးတဲ့ သူ့မွေးမိခင်ကို မုန်းတီးနာကျည်းခဲ့တယ်။ မွေးထားတဲ့ကလေးကို ကိုယ်ဗလာနဲ့ နှင်းတောထဲ ပစ်ထားခဲ့ရက်ရအောင် ဘယ်လိုမိခင်မျိုးပါလဲ။ သူ့မိခင်က သူ့ကို မမွေးချင်ခဲ့တဲ့ Pelt မြို့သူတစ်ဦးဖြစ်မယ်လို့ ထင်မှတ်ပြီး အနီးအနားပတ်ဝန်းကျင်က အမျိုးသမီးတွေရဲ့ရုပ်နဲ့ သူ့ကိုယ်သူယှဉ်ကြည့်နေခဲ့ဖူးတယ်။ တကယ်တမ်းမှာတော့ Pelt မြို့သူတစ်ယောက်ကမှ သူ့နဲ့ တူမနေခဲ့ပါဘူး။ 


Fletcher ရဲ့ ‌အရည်အသွေးပြည့်တဲ့ ဓား‌၊ ဓားမြှောင်တွေနဲ့ အပြည့်ခင်းထားတဲ့ ကုန်ဆိုင်လေးက အဆင်သင့်ပြင်ပြီးဖြစ်သည်။ သူ့တစ်ဆိုင်ထဲမဟုတ် အသားဆိုင်၊ သားမွေးဆိုင်၊ အခြားသောဆိုင်တွေမှာ Bertooth တောင်တန်းပေါ်က ထင်းရှူးသားဖြင့် လုပ်ထားသော ပရိဘောဂဆိုင်များ၊ မြို့သူအိမ်ရှင်မတွေအကြိုက် ရေတံခွန်တောင်မှ ငွေနှင်းပန်းများ အစရှိသဖြင့် မြို့ဝင်လမ်းတစ်လျှောက် ဆိုင်များဖြင့် ပြည့်နေခဲ့သည်။ 


သားရေနဲ့လုပ်ထားတဲ့ လက်ချုပ်ဂျာကင်များကလဲ Pelt မြို့ရဲ့ လက်မှုပစ္စည်းတွေထဲက ကျော်ကြားသော ကုန်အမျိုးအစားတစ်ခုဖြစ်သည်။ Fletcherက သားရေဂျာကင်တစ်ထည်ကို မျက်စိကျနေခဲ့တယ်။ ဒီနှစ် သူဖမ်းလို့ရလာတဲ့ သားရေတွေအကုန်လုံး မုဆိုးတွေကို ရောင်းလိုက်တာ ဒီတစ်ထည်ဝယ်ဖို့အတွက် သျှီလင် ၃ရာကျော်လောက်တော့ စုမိခဲ့တယ်။ Janet ဆိုင်မှာချိတ်ထားတဲ့ အဲ့ဂျာကင်ကို သူလှမ်းမြင်နေရတယ်။ Janet က ဒီဂျာကင်ကို ရက်ပေါင်းများစွာကြာအောင် သေသပ်အောင်ချုပ်နေခဲ့ပြီး သျှီလင်၃ရာထက်ပိုပေးမယ့်သူမရှိပါက သူ့ကို သျှီလင် ၃ရာဖြင့်ရောင်းမည်ဟု ပြောခဲ့သည်။ 


ဒီလောက်ကောင်းတဲ့ ဂျာကင်ကို နှင်းတောင်ယုန်မွှေးသားဖြင့်ချုပ်လုပ်ထားပြီး ပျော့ပြောင်းကာ မီးခိုးရောင်ရှိသည်။ သားရေကိုယ်ထည်ရဲ့ အရောင်မှာလည်း မဟော်ဂနီရောင်သန်းနေပြီး အပြစ်အနာအဆာမရှိ၊ ရေစိုခံပြီး အလွယ်တကူမစွန်းထင်းနိုင်ဘဲ သားကောင်ဖမ်းသည့်အချိန်တွင်လဲ တောထဲကဆူးတွေညိရုံနဲ့ မပြဲထွက်နိုင်အောင် ခိုင်ခန့်သည်။ ဂျာကင်ကို သစ်သားကြယ်သီးတွေနဲ့ပဲ ပိတ်ထားပြီး ခေါင်းစောင်းအထူပါထည့်ထားသည်။ Fletcher က လေးမြှားတစ်စုံနဲ့ မိုးရွာထဲလဲ ဂျာကင်ဝတ်ပြီး နွေးနေမယ့် သူ့ကိုယ်သူမြင်ယောင်ကြည့်နေမိသည်……


Berdon က ဖိုရဲ့အပြင်ဘက် သူ့နောက်နားက မြင်းခွာပုံ‌တွေနားမှာထိုင်တယ်။ Berdon ရဲ့ လက်နက်တံဆာတွေက အရည်အသွေးကောင်းမွန်ပေမယ့် Bertooth တောင်တန်းတစ်လျှောက် ရွာတွေကိုဖြတ်ပြီး အချိန်ရှည်ကြာ ခရီးနှင်ခဲ့ရတဲ့ ကုန်သည်တွေရဲ့  မြင်းကုန်းနှီးတွေကို ပြန်လည်ပြုပြင်ပေးခြင်းက သူ့အတွက် ဝင်ငွေပိုရမှန်းသိနေခဲ့သည်။ 


ပြီးခဲ့တဲ့နှစ်က ကုန်သည်တွေလာနားတုန်းကဆို Fletcher တို့ ကုန်ဆိုင်မှာ တစ်နေကုန် လက်မလည်ပဲ ဓားသွေးကျောက်တွေပါ တုံးသည်အထိ အလုပ်ရှုပ်ခဲ့ရသည်။ လက်နက်အရောင်းရဆုံး နှစ်တနှစ်လဲဖြစ်ခဲ့သည်။ 


တစ်ချိန်ထဲမှာပဲ Eleven မျိုးနွယ်စုမှ နှစ်စဉ်ပေးဆောင်ရမည့် အခွန်အခကို ပေး‌ဆောင်ရန် ငြင်းဆိုခဲ့သည့်အတွက် Hominum Empire က Beartooth တောင်တန်းရဲ့ မြောက်ခြမ်းဘက်ကနေ ရှေတန်းစစ်ပွဲကို ကြေညာလိုက်သည်။ Hominum ရဲ့ တောင်ဘက်ခြမ်းဒေသေတွေဆီ Orcsမျိုးနွယ်‌တွေ ဝင်ရောက်စီးနင်းခြင်း ရန်ကနေ Hominum စစ်တပ်မှ ကာကွယ်ပေးနေသည့်အတွက် တောင်းဆိုသော အဖိုးအခ အခွန်ငွေဖြစ်သည်။ အခွန်ငွေအတွက် စစ်ကြေညာခဲ့ပြီးတဲ့နောက် ကုန်သည်တွေဟာ မျိုးနွယ်စုတွေကြား စီးနင်းတိုက်ခိုက်မှုတွေကို ကြောက်ရွံ့နေခဲ့ရသည်။ စစ်ပွဲအနည်းငယ် ဖြစ်ပွားခဲ့ပြီးနောက်မှာ နှစ်ဦးနှစ်ဖက်အကျိုးမရှိတဲ့ စစ်ပွဲကို အရှိန်မတိုးမြှင့်တော့ဖို့ သဘောတူခဲ့ကြတယ်။ အဆုံးမှာတော့ အားလုံးရဲ့ ရန်သူစစ်စစ်က Orcs မျိုးနွယ်စုတွေပဲမဟုတ်ပါလား။ ။ 


"ဒီနှစ်လဲ လည်ပတ်ဖို့အချိန်ရှိပါ့မလားနော်" Fletcher မေးတော့ 


"အချိန်ရှိမယ်လို့တော့ ထင်ပါတယ်ကွာ။ ဒီအချိန်မှာ လက်နက်သစ်တွေတော့ လိုဦးမယ်မထင်ဘူး။ Beartooth စစ်တပ်အသစ်မှာက လူအိုတွေနဲ့ မသန်မစွမ်းတွေအများကြီးပါ‌ပေမယ့် ကုန်သည်တွေရဲ့ ယာဉ်တန်းတွေကို ခြုံခိုမတိုက်ခိုက်နိုင်အောင် လက်ရှိတပ်စွဲထားတဲ့ မဟာမိတ်တပ်တွေက ကာကွယ်ပေးမယ်ထင်တယ်။ အဆိုးဆုံးကတော့ သူတို့ကြည့်ရတာ ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်ကြတဲ့ အခြေအနေမှာရှိနေကြတာပဲ။ သူတို့ဆီက အလုပ်အပ်ဖို့တော့ သိပ်မမှန်းထားဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့လက မင်းရှေ့တန်းကိုသွားခဲ့တုန်းက အခြေအနေအရဆိုရင်တော့ ငါတို့အလုပ်အတွက် စစ်တပ်ဆီကနေ အကျိုးအမြတ်ရနိုင်သေးတယ်။ 


Fletcher က တောင်ပေါ်က အနီးဆုံးခံတပ်ကို သူသွားခဲ့ရတုန်းက တွေ့ခဲ့ရတာတွေကို ပြန်မြင်ယောင်မိပြီး ‌အတွေးနဲ့တင် ‌တုန်လှုပ်နေမိတယ်။  ရှေ့တန်းမှာဆိုရင် စစ်ရေးတာဝန်တွေကနေ လွတ်မြောက်ဖို့ စောင့်ဆိုင်းနေကြရတဲ့ လူသေတွေနဲ့ ဝမ်းနည်းစရာကောင်းအောင် ပြည့်နေခဲ့တယ်။ Eleven တွေရဲ့ ရှေ့တန်းကတော့ စစ်တပ်အတွက်အသုံးမဝင်တဲ့ ဗိုက်ဟောင်းလောင်းနဲ့ ဆက်လက်မတိုက်ခိုက်နိုင်တော့တဲ့ စစ်သား‌တွေအတွက် အမှိုက်ပုံတစ်ခုသာသာ။ 


 "Chaffing" လို့ Orcs စစ်သားတွေခေါ်ကြတဲ့ ဒီအရာက တောတွင်းထဲက မကောင်းတာတွေ ဖယ်ရှားပေးပြီး ကောင်းချီးပေးခံရတယ်လို့ မှတ်ယူကြတယ်။ စစ်မြေပြင်မှာ သေဆုံးခဲ့တဲ့ ထောင်နဲ့ချီတဲ့ စစ်သားတွေရဲ့ ဦးခေါင်းခွံတွေကို ရက်စက်ကြမ်းကြုတ်တဲ့ အမှောင်သတ္တဝါ Orcs တွေက သူတို့အတွက် အနိုင်ရဆုဖလား‌တွေလို တောစပ်နယ်နမိတ်စည်းရိုးတွေမှာ အညှာအတာကင်းမဲ့စွာပဲ ချိတ်ဆွဲ ထားခဲ့ကြတယ်။ ဒီပုံရိပ်က Eleven နယ်စပ်ရဲ့ ခြောက်ခြားစရာတစ်ခုဖြစ်လာခဲ့တယ်။ စစ်သားတွေမှာ ရိက္ခာမလောက်မငှခြင်းတွေ ပြင်းထန်တဲ့လေ့ကျင့်မှုတွေကြောင့် ပင်ပန်းလွန်းနေကြပြီး စိတ်ဓာတ်တွေပျက်ပြားလာကြတယ်။ စစ်သားတွေက ခိုက်ခိုက်တုန်နေတဲ့ စစ်တန်းယားတွေမှာနေရပေမယ့် ဗိုလ်ကြီးတွေကတော့ နွေးထွေးတဲ့ တဲတွေအောက်မှာအနေအထားမပျက်ပါပဲ။ တစ်ဦးကောင်းစားဖို့တစ်ဦးက ပျက်စီးရခြင်းဖြစ်စဥ်တွေပါပဲ။


လက်နက်သိုလောင်ရုံက ပစ္စည်းတွေ ထပ်မံဝယ်ယူဖို့တွန့်ဆုတ်နေခဲ့ပေမယ့်လဲ Orc တွေနဲ့ တိုက်ခိုက်ဖို့အတွက် Beartooth ရှေ့တန်းကို လက်နက်ဖြည့်ဖို့ကလဲ လိုနေပြီဖြစ်သည်။ Fletcher သယ်သွားတဲ့ ဓားတွေအကုန်လုံး တစ်မနက်ထဲနဲ့ မျိုးမျိုးမြက်မြက် ရောင်းလိုက်ရသည်။ သယ်လာတုန်းကတော့ ‌အတော့ကိုလေးခဲ့ပေမယ့် ခုတော့ ငွေသျှီလင်အိတ်လေးတစ်ခုပဲကျန်ပါလား။ အကယ်၍ သေနတ်တွေပါ သယ်လာနိုင်ခဲ့ရင်တော့ ရွှေစတွေပါရမှာ အသေအချာပဲ။ Berdon ကလည်း ဒီ‌တစ်ခေါက်မှာ ကုန်သည်တွေကို သေနတ်လက်ကိုင်နဲ့ဓားတွေ ပိုရောင်းရဖို့ မှန်းထားခဲ့တယ်။ သို့မှသာ လာမယ့်ရာသီမှာ လက်နက်တိုက်အတွက် သေနတ်တွေကို ပိုရောင်းနိုင်မှာဖြစ်တယ်။   


အဲံဒီ့နေ့က Fletcher တစ်ယောက် Pelt ကို ပြန်မယ့်မနက်ခင်း‌ရောက်ဖို့ကိုပဲ စောင့်နေခဲ့မိတယ်။ သူက စစ်ထဲဘယ်တော့မှမဝင်ဖို့ သူ့ဘဝကိုဒီလိုနေရာမျိုးမှာ အဆုံးမသတ်ဖို့ကိုလည်း ကျိန်ဆိုလိုက်မိသေးတယ်။  


"ဟေး ကောင်လေး၊ မင်းတို့ဆိုင်ကို ဂိတ်လမ်း‌ပေါ်ကနေ နောက်ကိုရွှေ့မှရမယ်။ မင်းတို့က ကုန်သည်တွေလာမယ့်လမ်းကို ပိတ်ထားသလိုဖြစ်နေတယ်" သူ့အတွေးတွေကို ဖြတ်ပြီးဝင်လာတဲ့ အမိန့်သံတစ်ခု။ 


အဲ့ဒါ Didric ရဲ့ အဖေ Casper ပေါ့။ သူ့ပုံစံက အရပ်ရှည်ပိန်သွယ်ပြီး ရွှေနားကွတ်ထားတဲ့ ခရမ်းရောင်လက်ချုပ်ထည် နူးညံ့တဲ့ကတ္တီပါသားကို ဝတ်ဆင်ထားတယ်။ Casper က Fletcher ကိုမလိုမုန်းထားမျက်နှာထားနဲ့ စိုက်ကြည့်နေခဲ့တယ်။ သူ့နောက်မှာရပ်နေတဲ့ Didric ကလဲ ပြုံးဖြီးနေပြီး သူ့ရဲ့အဖြူရောင်သန်းနေတဲ့ ဆီသုတ်ထားတဲ့ဆံပင်တွေကို လက်ဖြင့်ထိုးသပ်နေခဲ့တယ်။ Fletcher က ဘေးဘီက ကုန်ဆိုင်တွေကို ကြည့်တော့ သူတို့ဆိုင်ထက်တောင် ရှေ့ရောက်နေတာကို တွေ့လိုက်ရတယ်။ 


"နှစ်ခါထပ်မပြောချင်ဘူး ခုချက်ချင်းရွှေ့မလား အစောင့်တွေကိုခေါ်လိုက်ရမလား" Casper ကအော်ဟစ်ကြိမ်းမောင်းလိုက်တယ်။ Fletcher  က Berdon ကိုကြည့်လိုက်တော့ ပုခုံးပင့်ပြီး ခေါင်းကိုငြိတ်ပြတယ်။ ဘာမှထူးခြားသွားမှာမှမဟုတ်တာ လက်နက်လိုချင်တဲ့သူတွေက သူတို့ဆီပဲတန်းလာမှာပဲလေ။ 


Didric က မျက်‌စိမှတ်ပြပြီး မောင်းထုတ်ဟန်လုပ်‌ နေသောကြောင့် Fletcher တစ်ယောက် ဒေါသထွက်ပေမယ့်လဲ Casper ပြောတဲ့အတိုင်း ရွှေ့ပေးခဲ့တယ်။ Didric က ဘာကောင်မှမဟုတ်သေးပေမယ့် သူ့အဖေ Casper ကတော့ Pelt မြို့ရဲ့ အာဏာအရှိဆုံးလူတစ်ဦးဖြစ်သည်။ သူက ငွေချေးဌားသူတစ်ဦးဖြစ်ပြီး တစ်ရွာလုံး သူ့လက်ခုပ်ထဲကရေသာ။ ကလေးနေမကောင်း၍ ဆေးလိုသလား၊ အမဲလိုက်ရာသီမကောင်းဘူးလား၊ ရွာမှာမီးလောင်သလား၊ ဘယ်အချိန်မဆို ဘာလိုလို Casper မှာအကုန်ရှိသည်။ စာချုပ်ပေါ်က ကိုယ့်နာမည်ပေါ် လတ်မှတ်ထိုးဖို့တောင် မနည်းဖတ်နေရတဲ့ ရွာသူရွာသားတွေအတွက် သူ့ရဲ့ချေးဌားစာချုပ်တွေထဲက ကိန်းဂဏန်းတွေကို နားလည်ဖို့ဆိုတာ သေချာပေါက်မဖြစ်နိုင်။ ‌အဆုံးမှာတော့ သူတို့ပြန်ဆပ်နိုင်တဲ့ ပမာဏထက် အတိုးပိုကြီးလာခဲ့သည်။ Fletcher အတွက်တော့ တစ်ရွာလုံးက Casper လိုလူလိမ်သာသာ လူတစ်ယောက်ကို လေးစားနေကြတာကိုလဲ ကြည့်မရခဲ့။ 


Fletcher က သူတို့ကုန်ဆိုင်ကို နောက်ဘက်ရွှေ့ပြီးချိန်လောက်မှာပဲ ရွာရဲ‌့ခေါင်းလောင်းသံပေါ်ထွက်လာတယ်။ ကုန်သည်တွေအသီးသီး ရောက်ရှိလာကြပါပြီ။ 


~~~~~


rate now:

1 Reviews
  • reader Nami Athene 17.01.2021, 11:53 5

    👍🏻

    reply