Fletcher လည်း တံခါးနဲ့အနီးဆုံး စင်္ကြန်လမ်းကိုရွေးပြီးလျှောက်သွားကာ တွန်းဖွင့်လိုက်သည်။ ဟောခန်းအဆုံးမှာရှိနေတဲ့ ဒီတံခါးက အအနည်ငယ် ဆွေးမြေ့နေပြီး သူ့ဘာသာ ဖြေးဖြေးချင်း ပြန်ပိတ်သွားသည်။ အေးစက်ပြီး မှောင်မိုက်နေတဲ့ အရှေ့ဆီကိုမျက်မှောင်ကြုတ်ပြီး အားယူကာ ကြည့်လိုက်သည်။
စင်္ကြန်လမ်းနဲ့ အနီးဆုံး အခန်းတစ်ခုဆီက အသံကြားတော့ ထိုအခန်းဆီသွားကာ အထဲမှာအိပ်ပျော်နေကြမလားတွေးရင်းနဲ့ အခန်းတံခါးကို ညှင်သာစွာ ခေါက်လိုက်သည်။ တံခါးက သူ့လက်နှင့်ထိလိုက်ရုံဖြင့် ပွင့်သွားသည်။ စင်္ကြန်မှာ တိုက်နေတဲ့ လေပြင်းတွေကြောင့်ပဲထင်သည်။
“Hello!”
ရုတ်တရက်ဆိုသလိုပဲ သူ့နောက်ကျောဆီကနေ ခုန်အုပ်ခံလိုက်ရပြီး အံသွားများဖြင့် ကျိတ်ကာ လေးလံတဲ့ ခန္ဓာကိုယ်တစ်ခုဖြင့် တက်ဖိခံလိုက်ရသည်။ သတ္တဝါကောင်ရဲ့ လည်ပင်းကို ပြန်ဆုပ်ကိုင်ဖမ်းထားလိုက်နိုင်ပေမယ့် ဒီနတ်ဆိုးကောင်က သူ့မှာ ရှိသမျှ ခွန်အားကုန်သုံးပြီး သူ့လည်ပင်းကို ခဲဖို့ကြိုးစားသည်။ နတ်ဆိုးကောင်ရဲ့ ပါးစပ်ဆီက သားရည်တွေက Fletcher မျက်နှာပေါ်ကို စီးကျလာသည်။ ထိုအချိန်မှာပဲ lgnatius က အော်ဟစ်ခုန်ထွက်လာကာ သူ့ကိုတိုက်ခိုက်လာတဲ့ နတ်ဆိုးကောင်ရဲ့ နှာခေါင်းကို အစွယ်နဲ့ လှမ်းဟပ်လိုက်ပေမယ့် သူ့သွားတွေပဲ အထိနာသွားရသည်။
“တော်လောက်ပြီ Sariel ဒီလောက်ဆို သူသင်ခန်းစာရလောက်ပါပြီ” အသံတစ်ခုထွက်လာခဲ့သည်။ သတ္တဝါကောင်က တိုက်ခိုက်တာကို ချက်ချင်းရပ်လိုက်ပြီး Fletcher ရဲ့ ရင်ဘတ်ပေါ်မှာ တက်ထိုင်လိုက်သည်။ Sacharissa နဲ့ အရွယ်အစားအတူလောက်ရှိသည့် သူ့ပေါ်တက်ထိုင်နေတဲ့ ဒီ Canid ကောင်ကို Fletcher လည်း အကူအညီမဲ့စွာပဲ ကြည့်နေမိသည်။ မြည်းပေါက်တကောင်အရွယ်ရှိပေမယ့် Sacharissa က ဒီကောင်ထက်စာလျှင် ပိုသန်မာကာ အနက်ရောင်သားမွေးများဖြင့်ဖြစ်ပြီး ဒီနတ်ဆိုးကတော့ ရွှေအိုရောင်သားမွေးများဖြင့် ဖြစ်သည်။ ရှည်လျားနတ်မှောင်သော နှုတ်သီးများရှိပြီး အသက်ရှူသံကို သူအတိုင်းသားကြားနေရသည်။
“ငါ့ပေါ်ကနေဖယ်စမ်း” Fletcher လည်းအံကြိတ်ကာ အော်ဟစ်လိုက်သည်။ ကိုယ်ပေါ်ကို သစ်ပင်တစ်ပင်ပြုတ်ကျပြီး တက်ဖိထားသလိုပဲ သူခံစားနေရသည်။
သတ္တဝါကောင်က သူ့ပေါ်ကနေထကာ တံခါးနောက်မှာ ငြိမ်သက်စွာ ထိုင်နေလိုက်ပေမယ့် သူ့ရဲ့ မျက်စိ ၄လုံး စလုံးကတော့ Fletcher မျက်နှာပေါ်ကနေမခွာ။
“ဒီကိစ္စနဲ့ပတ်သက်ပြီး မျိုးနွယ်စုအကြီးအကဲတွေဆီ တိုင်စာပို့မှဖြစ်မယ်။ အရပ်သားတွေနေတဲ့ အကျဉ်းထောင်ခန်းထပ်တောင် ကျဉ်းပြီး နေလို့တောင်အဆင်မပြေတဲ့ အခန်းထဲမှာနေရတဲ့အပြင် ပထမဆုံးမနက်မှာတင် သူခိုးကြပိုးကောင်တွေ ခိုးဝင်ခံရသေးတယ်။ သူတို့ ငါ့ကို Sariel ကို ပေးတုန်းက ငါထင်ထားခဲ့တာက သြော် ငြိမ်းချမ်းရေးကိစ္စတွေကို တကယ်အလေးအနက်ထားပြီး ဆွေးနွေးနေကြတယ်လို့ပေါ့။ ခုတော့ ငါထင်ထားတာနဲ့ တခြားဆီပဲ၊ ငါ့အထင်မှားမှန်းသိလိုက်ရပြီ” သူမအသံထဲမှာ ဒေါသဖြင့် မုန်းတီးမှုတွေ နာကျည်းမှုတွေနဲ့ ရောထွေးနေခဲ့သည်။
Fletcher ထထိုင်ပြီး သူ့ခေါင်းက စီးကျလာတဲ့ သွေးတွေကိုသုတ်ရင်း အသံလာရာကို ကြည့်လိုက်တော့ ငွေရောင်ဆံပင်တွေကြားထဲကနေ ထိုးထွက်နေတဲ့ နားရွက်ချွန်ချွန်တွေကို တွေ့လိုက်တော့ မျက်လုံးပြူးသွားသည်။ ကြည်ပြာရောင်သန်းနေသော လှပတဲ့ မျက်လုံးဝိုင်းကြီးများမှာ အံ့သြမှုဖြင့်ပြည့်နေပြီး မျက်ရည်များဝဲကာ သူ့ကို စိုက်ကြည့်နေခဲ့သည်။ Fletcher ပြောနေတာက ညဝတ်အင်္ကျီတစ်ထည်သာ ဝတ်ဆင်ထားပြီး သူ့ရှေ့မှာ ရပ်နေတဲ့ ဖျော့ရော့ပိန်သွယ်သည့် Elf နတ်သူငယ်မျိုးနွယ်ဝင် မိန်းကလေးတစ်ဦးဖြစ်သည်။
သူ့အကြည့်တွေကို ခပ်မြန်မြန်လွှဲလိုက်ပြီး ခုခံပြောဆိုလိုက်သည်။ “စိတ်အေးအေးထားပါ၊ ငါမင်းတို့ကို ထိတ်လန့်အောင်လုပ်ဖို့ လုံးဝ မရည်ရွယ်ခဲ့ပါဘူး။ ငါက ဒီတိုင်းပဲ လာဝင်နှုတ်ဆက်တာပါ”
“ထိတ်လန့်တယ်? ငါကလေ? ငါခုထိတ်လန့်နေတာ မဟုတ်ဘူး။ စိတ်ဆိုးနေတာ ဒေါသထွက်နေတာ။ ဒါမိန်းကလေးအဆောင်ဆိုတာ နင့်ကို ဘယ်သူကမှ မပြောထားဘူးလား? ဒီနေရာကို ဝင်ထွက်ခွင့် မရှိဘူးဆိုတာ နင်မသိဘူးလား?” နတ်သူငယ်အမျိုးသမီးက အော်ဟစ်သောင်းကျန်းကာ သူ့ကိုစောင့်တွန်းပြီး တံခါးကို ခပ်ပြင်းပြင်းပိတ်ချလိုက်သည်။ Fletcher လည်း သူ့ရဲ့ မိုက်မဲမှုကို ကျိန်ဆဲလိုက်မိသည်။
“ငတုံးကောင်” သူ့ကိုယ်သူ မြည်တွန်တောက်တီးနေမိသည်။
“အင်း ကြည့်ရတာ သိပ်အဆင်ပြေခဲ့ပုံတော့ မပေါ်ဘူးနော်” Rory က သူ့နောက်က အခန်းတခန်းထဲကနေထွက်လာပြီး သူ့မျက်နှာကို စာနာသလိုကြည့်ကာ ခေါင်းတညိတ်ညိတ်ဖြင့် ပြောသည်။ Fletcher အရူးလုပ်ခံလိုက်ရခြင်းဖြစ်သည်။
“ဒါမိန်းကလေးဆောင်ဆိုတာကို ငါ့ကိုမင်းဘာလို့မပြောပြခဲ့တာလည်း?” Fletcher က မိန်းဟောခန်းထဲကို ပြန်ထွက်သွားရင်းပြောလိုက်သည်။
“ငါလည်းတကယ်မသိခဲ့တာပါ။ ခုမှပဲသဘောပေါက်တော့တယ် အဲ့ဒါကြောင့် Genevieve ရဲ့ အခန်းကဒီမှာဖြစ်ပေမယ့် ဟိုဘက်ဘေးမှာ အခန်းအပိုတစ်ခုထပ်ရှိနေတာကိုး” Rory က သုံးသပ်သည်။
“ကောင်းပါတယ်။ ခုကအဆင်ပြေပါတယ်။ တစ်ခုပဲ တော်ဝင်မျိုးနွယ်တွေမလာခင် မင်းကိုယ်မင်း ဒီ့ထက်ပိုအသုံးဝင်ပြီး သုံးသပ်တတ်အောင် လုပ်ဖို့တော့လိုတယ်နော် အဲ့ဒါမှ မင်းကြောင့် ငါတို့တွေပါ အရှက်မရမှာ” Fletcher က စိတ်လိုက်မာန်ပါ ပြောမိပြီးမှ နောင်တရလိုက်သည်။ Rory မျက်နှာပေါ်က ရွှင်မြူးနေတဲ့ အမူအယာတွေလည်းပျောက်သွားတာတွေ့တော့ Fletcher လည်း သက်ပြင်းအရှည်ကြီးချလိုက်ပြီး
“မင်းကို အပြစ်တင်မိတာ ငါစိတ်မကောင်းပါဘူးကွာ။ ဒါပေမယ့် Canid ကောင်တကောင်က မင်းလည်ပင်းကို ကိုက်ဖြတ်ဖို့ ကြိုးစားတာမျိုးက နေ့တိုင်းတွေ့မြင်ရတဲ့ အတွေ့အကြုံမျိုးမှ မဟုတ်တာ” သူလည်းကျိတ်မှတ်ပြုံးရင်း Rory ကျောပြင်ကို ပုတ်လိုက်သည်။ “အခန်းလွတ်ရှိတာလား ဘာလား ခုနက မင်းပြောနေတာ?”
“ဟုတ်တယ်။ မင်းကနောက်ဆုံးမှရောက်တာဆိုတော့ အကောင်းဆုံးအခန်းတွေတော့ မရှိတော့ဘူးပေါ့။ ငါဒီကို ပြောင်းလာတုန်းက လိုက်ကြည့်ပြီးပြီ၊ ကျန်တဲ့ခန်းတွေက သိပ်မကောင်းဘူး”
စင်္ကြန်ရဲ့တခြားဘက်အဆုံးမှာရှိနေတဲ့ အဆောင်ကို သူတို့လျှောက်သွားလိုက်ကြသည်။ အပြင်အဆင်မှာ အနည်းငယ်ရှုပ်ထွေးသည်။
အခန်းထဲကိုရောက်တော့ အခန်းအကျယ်မှာ Fletcher တွေးထင်ထားသည်ထက် ပိုမိုကျယ်ပြန့်ပြီး သက်တောင့်သက်သာရှိမည့် အိပ်ယာတစ်ခုရှိကာ စာရေးစားပွဲခုံနဲ့ အဝတ်ဘီဒိုတစ်ခုလည်း ပါသေးသည်။ နံရံပေါ်ကအက်ကြောင်းရာတွေကို ကြည့်ပြီး အချိန်ရရင်ပြန်ပြင်ဆင်ဖို့ သူတွေးလိုက်သည်။ အိပ်ယာရဲ့အဆုံးမှာ ယူနီဖောင်းတစ်စုံရှိပြီး ရေတပ်ရောင် ကုတ်အင်္ကျီနှင့် ဘောင်းဘီတွဲလျက်ဖြစ်သည်။ ဝတ်စုံကို ကောက်ကိုင်လိုက်ကာ ညည်းတွားမိသည်။ အင်္ကျီမှာ အနည်းငယ်ပျက်စီးနေပြီဖြစ်ပြီး ကြယ်သီးများပင်သိပ်မခိုင်။
“စိတ်မပူနဲ့ မနက်စာစားပြီးရင် အဲ့အင်္ကျီကို ငါတစ်ချက်ကြည့်ပေးမယ်။ ငါ့အမေကလည်း အထည်ချုပ်သမပဲလေ” Genevieve က တံခါးဝကနေ လှမ်းကြည့်ရင်းပြောသည်။
“ကျေးဇူးပါပဲ” Fletcher ကျေးဇူးတင်စွာပြောလိုက်သည်။
“ဒါနဲ့… ဟိုဘက်ခန်းက ကောင်မလေးက ဘယ်လိုပုံစံမျိုးလဲ?” Genevieve က စိတ်ဝင်တစားမေးသည်။ “သူမက ငါ့လို တောင်ပိုင်းသားပဲလားဟင်?”
“သူမက… ငါသိပ်သေချာမတွေ့လိုက်ရဘူး” Fletcher လည်း မေးခွန်းကို လှီးလှောပြီး ပြန်ဖြေလိုက်သည်။ ကောင်မလေးရဲ့ မနက်ခင်းကို သူဖျက်ဆီးလိုက်မိပြီးပြီမို့ သူ့နောက်ကွယ်မှာ သူ့အကြောင်းထပ်မပြောချင်။ သူ့အကြောင်းကို သူ့ဘာသာပြောလာတာပဲကောင်းမည်။ သူ့အတွက်တော့ Elf တစ်ကောင်ကို ဒီကျောင်းမှာ တွေ့ရတာနဲ့ပင်တော်တော်ကို တုန်လှုပ်နေမိသည်။ တကယ်ဆို သူတို့က ရန်သူမဟုတ်လား?
သူ့အတွေးတွေက lgnatius လေးဆီက အသံကြောင့် ပြတ်တောက်သွားခဲ့သည်။ နတ်ဆိုးကောင်လေးက ကုတ်အင်္ကျီထဲကထွက်လာပြီး ကြမ်းပြင်ပေါ်ကို ဆင်းကာ သူတို့နေရမယ့် နေရာအသစ်ကို စူးစမ်းကြည့်နေသည်။ lgnatius က အိပ်ယာပေါ်က ယူနီဖောင်းကို သူ့အမြှီးနဲ့ မွေ့ယမ်းကာ ပွတ်တိုက်နေတာကိုတွေ့တော့ Rory တစ်ယောက်မျက်လုံးပြူးသွားသည်။
“ဒါက ဘယ်လို Canid မျိုးပါလိမ့်?” မိန်းဟောခန်းထဲကို ပြန်ထွက်သွားကြရင်း Rory ကပြောသည်။ နတ်ဆိုးကောင်လေးက Fletcher ပုခုံးပေါ်ကနေလိုက်ပါလာရင်း ပတ်ပတ်လည်ကို စူးစမ်းကာ လေ့လာနေသည်။
“မင်းလည်းမကြာခင်သိလာရပါလိမ့်မယ်။ သူတို့ပုံစံတွေက ဖော်ပြရတာတော့ သိပ်မလွယ်ကူဘူးကွ။ မင်းရလာတဲ့ Mites က နတ်ဆိုးပိုးကောင်အမျိုးအစားဖြစ်ပြီး Canid ကိုတော့ နတ်ဆိုးခွေးအမျိုးအစားလို့ သတ်မှတ်လို့ရတယ်” Fletcher က ဂုဏ်ယူစွာနဲ့ ပြန်ဖြေလိုက်တယ်။ တခြားသူတွေထဲမှာ နတ်ဆိုးဆင့်ခေါ်ခြင်းနဲ့ ပတ်သတ်ပြီး အသိဆုံးသူဖြစ်ရတာကို သူဝမ်းသာနေမိသည်။
“ငါတို့ရဲ့ နတ်ဆိုးကောင်တွေကို Mites လို့ခေါ်တာပေါ့လေ?” Genevieve က သူ့အကောင်လေးကို လက်ဖဝါးပေါ်တင်ကြည့်ရင်းပြောသည်။
“ငါသိပ်တော့မသေချာဘူး ဒါပေမယ့် Provost ဆီက အဲ့လိုခေါ်တာတော့ ကြားဖူးတယ်” Fletcher လည်း စားပွဲမှာ ဝင်ထိုင်ရင်းပြန်ဖြေသည်။
“ကောင်းပြီ ဒါဆိုရင် ငါ့နတ်ဆိုးကောင်ကို Malachi နတ်ဆိုးလို့ခေါ်မယ်။ သူက Malachite တွေနဲ့ ဆင်တယ်။ သူ့အရောင်ကလေ သိတယ်မလား?” Rory က သူ့ရဲ့ အစိမ်းရောင်ပိုးကောင်ကို သူ့လက်မောင်းပေါ်တင်ရင်းပြောသည်။
“ငါ့နတ်ဆိုးကောင်ကိုတော့ Azura လို့ခေါ်မယ်” Genevieve က ပြောရင်း နတ်ဆိုးကောင်ရဲ့ အတောင်ခွံကနေထွက်လာတဲ့ ကြည်လင်တဲ့ အပြာရောင်အလင်းတန်းကို Fletcher မြင်သာအောင် မီးရောင်အောက်မှာ ကိုင်မြှောက်ပြရင်း ကြေညာလိုက်သည်။ သူ့ကို ကျွမ်းကျင်သူတစ်ဦးလို ဝိုင်းကြည့်နေကြတော့ Fletcher လည်း ရုတ်တရက် ဆွံအသွားခဲ့ရသည်။
“မင်းနတ်ဆိုးကောင်ကိုရော ဘယ်လိုခေါ်လဲ?” Rory ကမေးသည်။
“ငါ..ငါနာမည်တောင်မပေးရသေးပါဘူးကွာ” Fletcher လည်းရှက်ရွံစွာနဲ့ တီးတိုးပြောလိုက်သည်။ “သူက Salamander နတ်ဆိုးအမျိုးအစားမှန်းတော့ ငါသိတယ်။ ဒါမှမဟုတ် မနက်စာစားရင်းနဲ့ သူ့ကိုနာမည်ပေးဖို့ ဝိုင်းစဉ်းစားပေးကြပါလား?”
“ဒါပေါ့။ သူ့ ကိုယ်ပေါ်က အရောင်လေးကလည်း ချစ်စရာလေး။ ငါတို့ သူ့အတွက် နာမည်တစ်ခုခုတော့ စဉ်းစားလို့ရမှာပါ” Rory က ကြွေးကြော်ရင်းပြောသည်။
“အရောင်တွေအကြောင်းမပါပဲ ပေးလို့ရနိုင်မလား?” Fletcher လည်း ဒီ့ထက်ပိုပြီး မူရင်းဖြစ်မည့် နာမည်မျိုးကို မျှော်လင်းရင်း ပြောသည်။ “သူက မီးမှုတ်ကောင်နတ်ဆိုးဆိုလည်း ဟုတ်တယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ငါတို့သုံးလို့ရတယ်နော်”
Rory ပြန်ဖြေမလို့အလုပ်မှာပဲ လေးလံတဲ့ တောင်းကြီးနဲ့ ပိတ်ချောတွေ သယ်လာတဲ့ အစေခံထိန်း အမျိုးသမီးတစ်ဦးဝင်လာသည်။
“နင်တို့တွေ သွားကြတော့ ငါဒီနေရာကို သန့်ရှင်းရေးလုပ်ရဦးမယ်။ ဒီမှာထိုင်ပြီး မဟုတ်တာတွေ ကြံစည်နေမယ့်အစား အောက်ထပ်သွားပြီး တခြားသူတွေနဲ့ အတူ သွားစောင့်နေကြ သွား” သူမက အော်ရင်း သူတို့ကို အောက်ထပ်ကို မောင်းထုတ်သည်။
“ဟို၂ယောက်ကို ပြောပြဖို့လိုမယ်ထင်တယ်နော်” Genevieve က အောက်ထပ်ကိုဆင်းနေရင်းနဲ့ လူသစ်၂ယောက်ရဲ့ အခန်းဆီကို လည်ပြန်ကြည့်ရင်းပြောလိုက်သည်။
“မလိုဘူး” Fletcher ချက်ချင်းပဲပြောလိုက်မိသည်။ Elf တွေနဲ့ နောက်ထပ်မိနစ်အနည်းငယ်ရှောင်နေနိုင်ဖို့သာ မျှော်လင့်မိသည်။ “အထိန်းတော်ကြီးက အခန်းတွေလိုက်ရှင်းရင်းနဲ့ သူတို့အခန်းဆီရောက်ရင် ပြောပြလိမ့်မယ်”
အောက်ဆုံးထပ်ကိုဆင်းရင်းနဲ့ နာမည်ပေးဖို့ တစ်ခုပြီးတစ်ခု ဝိုင်းစဉ်းစားလာကြသည်။ lgnatius ကတော့ သူတို့ရဲ့ အငြင်းအခုံတွေကြားထဲ ငြီးငွေ့လာသည့်ဟန်ဖြင့် ပုခုံးနောက်ထဲပြန်တိုးဝင်ကာ အိပ်ပျော်သွားခဲ့သည်။ တခြားသူတွေရဲ့ နတ်ဆိုးကောင်တွေဖြင့် ယှဉ်ပါက သူ့နတ်ဆိုးကောင်လေးကို ပျင်းရိအောင် ထားမိနေသလားလို့ တွေးလိုက်သေးသည်။
အောက်ဆုံးထပ်ကိုရောက်တော့ ကြမ်းတိုက်နေသည့် Jeffrey ကိုတွေ့တော့ သူတို့၃ယောက်လည်း အားနာစွာနဲ့ တောင်းပန်ရင်း ကြမ်းပြင်ပေါ်နင်းဖြတ်ခဲ့ကြသည်။
ထမင်းစားဆောင်ကိုရောက်တော့ အဆာပြေစာ စားနေသည့် လူ၂ယောက်ကိုသာတွေ့ရသဖြင့် Fletcher အံ့သြသွားသည်။ တစ်ယောက်မှာ ဆံပင်အနက်ရှိပြီး အညိုရောင်အသားအရည်ရှိသည်။ သူ့ပုံစံမှာ Hominum အရှေ့ဘက်ခြမ်း Akhad Desert သဲကန္တာရမှ ဒေသခံ တစ်ဦးပုံစံမျိုးဖြစ်သည်။ ချောမောတဲ့သူ့အသွင်ပြင်မှာ လှပတဲ့မေးရိုးများရှိပြီး အရည်ရွှမ်းသည့် သူ့မျက်လုံးများမှာ မျက်တောင်ရှည်များဖြင့်ဖြစ်သည်။
နောက်တစ်ယောက်မှာ ခပ်ဝဝဖြစ်ပြီး အညိုရောင်ဆံပင်ရှိကာ နီမြန်းသောမျက်နှာဖြင့်ဖြစ်သည်။ သူတို့၂ယောက်က လက်ဝေ့ယမ်းပြပြီး Fletcher ကို အစေခံတစ်ယောက်ဟု ထင်မှတ်ကာ နို့ဂျုံရည်၊ ပူပူနွေးနွေး ပေါင်မုန်နှင့် ယိုများကို ဗန်းတစ်ခုနှင့်ထည့်ကာ ပေးကြလေသည်။ သူလည်း စားပွဲမှာ ဝင်ထိုင်လိုက်တော့မှ သူတို့ကိုယ်သူတို့ ချက်ချင်းထနှုတ်ဆက်ကြသည်။ တစ်ယောက်မှာ Atlas ဟုခေါ်ပြီး နောက်တစ်ယောက်မှာတော့ Seraph ဟုခေါ်လေသည်။
“မင်းတို့၂ယောက်ပဲ ရှိတာလား? ဒုတိယနှစ်ကျောင်းသားတွေကရော ဘယ်မှာလည်း?”
“မိုးကောင်းကင်ရဲ့ ကျေးဇူးတော်ကြောင့် ငါတို့က သူတို့ထက်အရင်စားရတာလေ” Atlas ဖြေရင်းနဲ့ လက်ထဲက ဇွန်းကို ဖယ်ထုတ်ကာ နို့ဂျုံရည်တွေကို ပန်းကန်လိုက် မော့ချလိုက်သည်။
“သူတို့လေ့ကျင့်နေရတဲ့ သင့်ခန်းစာတွေက ပိုပင်ပန်းပြီး ပိုစိတ်ဖိစီးရတာတွေမို့ ဒီထက်ပိုပြီး အိပ်ချိန်လိုတယ်လေ” Seraph က Atlas ရဲ့ ပုံစံကို စိတ်ရှုပ်စွာနဲ့ကြည့်ရင်း ရှင်းပြသည်။ “သူတို့က ရှေ့တန်းထိ တပတ်တခါသွားပြီး လေ့ကျင့်နေကြရတာ၊ ငါလည်းသူတို့လိုမျိုး အမြန်ဖြစ်ချင်နေပြီ”
“နင်အဲ့ကိုရောက်ဖူးမယ့် အချိန်ထိပဲ စောင့်ကြည့်ကြည့်ပါဦး” Genevieve က ဝမ်းနည်းစွာနဲ့ပြောလိုက်တာကို Fletcher သတိထားမိလိုက်သည်။ ရှေ့တန်းရဲ့ ကြမ်းတမ်းခက်ထန်မှုတွေကို သူအသိဆုံးမို့ သူမရဲ့ အမူအယာကို ကြည့်ခြင်းအားဖြင့် ရှေ့တန်းမှာ တစ်ယောက်ယောက်ကို သူမဆုံးရှုံးလိုက်ရပုံပေါ်သည်။ ဖြစ်နိုင်တာတစ်ခုက သူမလည်း သူ့လိုမိဘမဲ့များလား…။
“မင်းတို့ရဲ့ နတ်ဆိုးကောင်တွေကရော?” Fletcher က စကားလမ်းကြောင်းလွှဲပြီး မေးလိုက်သည်။ “တခြားသူတွေလိုပဲ Mites တွေ ရပြီးပြီလား?” သူက တခြားနတ်ဆိုးကောင်အသစ်တွေကို တွေ့ရဖို့ကို စိတ်အားသန်နေခဲ့သည်။
“No ငါတို့မှာ တစ်ကောင်မှ မရှိသေးဘူး” Atlas က မနာလိုတဲ့အသံဖြင့်ပြန်ဖြေသည်။ “ငါတို့ဆီရောက်ဖို့ စောင့်နေတုန်းပဲ။ ဆရာတွေကတော့ မနက်ဖြန်ပေးမယ်လို့ပြောတယ်။ ငါတို့ဒီကိုရောက်တော့ သူတို့မှာ နတ်ဆိုးကောင် ၂ကောင်ပဲ ရှိတယ်လေ”
“တကယ်တော့ ငါတို့က ဉာဏ်သုံးလိုက်တာပါ” Seraph က သူကိုယ်သူ ပြောလိုက်သည်။ “ဆရာတွေက Mites နတ်ဆိုးကောင်တွေ ယူမလား စောင့်မလားလို့မေးတယ်။ ငါက ဒီမှာရှိတဲ့ အစေခံတွေကို ကြိုမေးကြည့်ထားတော့ Mites တွေက စွမ်းအားအနည်းဆုံး နတ်ဆိုးကောင်တွေလို့ ပြောတယ်။ အဲ့ဒါကြောင့် ဒီ့ထက်ပိုကောင်းတဲ့ ဆုလာဒ်တွေရဖို့ အချိန်ကောင်းကိုစောင့်သင့်တယ်လို့ တွေးလိုက်တာလေ”
ဒီထက်ပိုကောင်းတဲ့ နတ်ဆိုးကောင်တွေဟုပြောလိုက်သည်နှင့် Fletcher အရမ်းစိတ်ဝင်စားသွားသည်။ မျှော်စင်ပတ်ပတ်လည်မှာ ရေးထွင်းထားတဲ့ ပန်းချီနဲ့ ရုပ်ထုတွေကို သူမှတ်မိအောင် ပြန်စဉ်းစားလိုက်သည်။ Jeffrey သာ အလျင်လိုမနေခဲ့ရင် အဲ့ရုပ်ထုတွေကို လျှောက်ကြည့်ဖို့ အချိန်ပိုရခဲ့မယ်ထင်သည်။
“ငါ့ကို Malachi မဟုတ်တဲ့ တခြားကောင်လာပေးလည်း ငါကတော့ ယူမှာမဟုတ်ဘူး။ ငါ့နတ်ဆိုးကောင်ကို ဘယ်အရာနဲ့မှ မလဲနိုင်ဘူး” Rory ကပြန်ခံပြောလိုက်သည်။
Seraph က လက်မြှောက်အရှုံးပေးသည့် ပုံစံလုပ်ပြပြီး “စော်ကားတာမျိုးမဟုတ်ပါဘူး။ ငါ့မှာလည်း ကိုယ်ပိုင်နတ်ဆိုးကောင်ရှိလာခဲ့ရင်တော့ သူ့ဘာသာ Mite ဟုတ်ဟုတ် မဟုတ်ဟုတ် ငါလည်းမင်းလိုပဲ ခံစားရမှာပါပဲ”
Rory လည်း နှာခေါင်းရှုံ့ကာ အစားအသောက်တွေဘက်ကို လှည်ထွက်သွားခဲ့သည်။
“တခြားဘယ်လို နတ်ဆိုးကောင်မျိုးတွေ မင်းသိသေးသလဲ? ငါကတော့ ၄မျိုးလောက်ပဲ ကြားဖူးတယ်” Fletcher က အဖွဲ့ထဲမှာ နတ်ဆိုးကောင်တွေအကြောင်း ပိုသိဟန်ရှိသည့် Seraph ကို မေးလိုက်သည်။ ဒါပေမယ့် ကိုလူချော Seraph ပြန်မဖြေနိုင်ခင်မှာပဲ Atlas ဆီက သက်ပြင်းချသံကို ကြားလိုက်ရသည်။ ဝတုတ်က တံခါးဘက်ကိုစိုက်ကြည့်နေသည်။ Fletcher ကြည့်လိုက်တော့ Dwarf လူပုလေးတစ်ယောက် အခန်းထဲကို ဝင်လာခြင်းဖြစ်သည်။ သူနှင့်အတူ နတ်ဆိုးကောင်တကောင်လည်း ပါလာခဲ့သည်။
~~~~~