ရွာကထွက်လာထဲက ဒီအဝတ်အစားများဖြင့်သာ နေခဲ့ရသဖြင့် Fletcher စိတ်ထဲ မလန်းဆန်းဘူးဖြစ်နေခဲ့သည်။ ၂ပတ်လုံးလုံး သိုးတွေတင်လာတဲ့ လှည်းနဲ့ လမ်းကြုံလိုက်လာခဲ့ပြီး တစ်ကိုယ်လုံး သိုးစော်များနှင့် လေကောင်းလေသန့်ရခဲ့သည့် တစ်ခုတည်းသောအချိန်မှာ အစားအစာထွက်ဝယ်သည့် အချိန်သာဖြစ်သည်။ Fletcher အတွက် ကံကောင်းသည်က လှည်းမောင်းသမားက ဘာမေးခွန်းမှမမေးဘဲ လမ်းကြုံခေါ်လာပေးတာပဲဖြစ်သည်။ လှည်းတစ်ခါရပ်နားတိုင်း ၅သျှီလင်သာပေးရပြီး မြင်းချေးကျုံးကူပေးဖို့ပဲ ပြောခဲ့သည်။
အခုတော့ သူက Corcillum မြို့ရဲ့ထောင့်တစ်နေရာက စျေးပေါတဲ့ အရက်ဆိုင်တစ်ဆိုင်မှာ အာလူးနဲ့သိုးသားစွပ်ပြုပ်ပူပူလေးကို အရသာခံ စားသောက်နေတာဖြစ်သည်။ ပထမဆုံးရှာတွေ့ခဲ့တဲ့ ဒီဆိုင်မှလွဲ၍ မြို့ရဲ့တခြားနေရာတွေကိုတော့ သူလှည့်ပတ်မကြည့်ရှုရသေး။ ဒီညတော့ အခန်းတစ်ခန်းဌားပြီး ရေပူလေးချိုးကာ အနားယူပြီး မနက်မှ မြို့ထဲလှည့်လည်ကြည့်ရှုမှရမည်။ အရေပြားထဲထိစွဲနေတော့မယ့် ဒီအနံ့တွေကို အရင်သန့်စင်ချင်နေမိသည်။ နတ်ဆိုးကောင်လေးက သူ့ဆီကအနံ့ကြောင့် ပုံမှန်လိုသူ့အင်္ကျီဂုတ်ပေါ်တက်နေဖို့ကိုတောင် ငြင်းဆန်နေခဲ့ပြီး နောက်ဆုံးလက်ကျန် ဝက်ပေါင်ခြောက်ကို ချော့မော့ကျွေးလိုက်မှသာ အိပ်ပျော်သွားခဲ့သည်။
သို့ပေမယ့်လည်း မှောင်မိုက်ပြီးရှည်လျားတဲ့ ခရီးရှည်မှာ ဒီသတ္တဝါလေးကိုပေါင်ပေါ်တင်ကာ အေးစက်တဲ့ညတွေတိုင်းကို အတူဖြတ်သန်းခဲ့ရသည်။ လှည်းပေါ်ကကောက်ရိုးပုံတွေထဲ ခိုက်ခိုက်တုန်အောင် ချမ်းနေခဲ့သော်လည်း သူတို့ရဲ့ ခံစားချက်တွေ နွေးထွေးမှုတွေကို မျှဝေခံစားခဲ့ကြသည်။
“၁သျှီလင်ကျပါတယ်ရှင်” သူ့ရှေ့ကမိန်းမအသံတစ်ခုထွက်လာသည်။ အမျိုးသမီးက သူ့လက်ကိုဆန့်ထုတ်ကာ မှာထားတဲ့အစားအသောက်တွေကို ညွှန်ပြရင်းပြောသည်။ Fletcher လဲ ငွေထုပ်ထဲက ၁သျှီလင်ထုတ်ကာ ပေးလိုက်သည်။
“အပိုမပေးတော့ဘူးပေါ့လေ? ဒီလောက်ငွေတွေအများကြီးပါတာပဲကို?” သူမက အရက်ဆိုင်ထဲက တခြားသူတွေမြင်သာအောင် တစ်ချက်ကြည့်ပြီး အသံကိုချွဲနွဲ့ကာပြောလိုက်တယ်။ ဆိုင်ထဲက လူမိုက်ပုံစံနဲ့ လူ၃ယောက်ကတော့ သူ့ဘက်ကိုသတိထားမိသွားကြတယ်။ သူတို့ရဲ့ခန္ဓာကိုယ်က အဝတ်အစားတွေက ညစ်ပတ်ပေရေနေပြီး ဆံပင်တွေမှာ သော့ဂလောက်များ တွဲလျက်ချီထားကြသည်။ Fletcher လည်း သူ့ရဲ့ ပိုက်ဆံအိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။
တောင်တန်းဒေသမှာနေထိုင်သူတွေအတွက် ပဲနိတပြားလောက်က မပြောပလောက်ပေ။ ပစ္စည်းတန်ဖိုးအများစုကို ငွေသျှီလင်ဖြင့်တန်ဖိုးဖြတ်ပြီး ပဲနိအတွက်ကတော့ အနည်းငယ်ရှုပ်ထွေးသော ငွေကြေးအသုံးအစွဲဖြစ်သည်။ ကြေးနီပြား(ပဲနိ) အခု၁ရာကို ငွေ ၁သျှီလင်၊ ငွေ ၅သျှီလင်ကို ရွှေဒင်္ဂါး ၁ပြား၊ စသဖြင့် Hominum မြို့ကြီးမှာ တန်ဖိုးဖြတ်သုံးစွဲကြသည်။ သို့သော် Fletcher မှာ ငွေသျှီလင်များသာ ပါလာခဲ့သည်။ ဒီလိုအဖြစ်မျိုးထပ်မဖြစ်ရအောင် အခန်းဌားရင်းနဲ့ ပဲနိအကြွေများလဲလယ်ထားမှသာ သူ့အတွက်အဆင်ပြေမည်။ ဒီလို သိသိသာသာ မလုပ်သင့်တဲ့ အမှားမျိုးကို လုပ်မိခဲ့တာ စိတ်ပျက်စရာပဲ၊ ခုတော့ စားပွဲထိုးအမျိုးသမီးကို သူစားနေတဲ့အစားအသောက်နဲ့ တန်းတူပေးရတော့မှာလား?
ထိုလူ၃ယောက်အနောက်မှာ ထိုင်နေတဲ့လူတစ်ယောက်ရှိနေသည်။ ရုပ်ရည်အတန်အသင့် ကြည့်ကောင်းသော်လည်း မျက်ခုံးအလယ်နားဆီမှ နှုတ်ခမ်းထောင့်နားထိ ထင်းနေသော ပြတ်ရှရာ အမာရွတ်ကြီးကြောင့် မျက်စိတစ်ဖက်ကွယ်နေပြီး ကြောက်စရာသွင်ပြင်ဖြစ်နေသော ထိုလူက Fletcher ကို စူးစိုက်ကြည့်နေခဲ့တယ်။ နှုတ်ခမ်းမွှေးပါးပါးရှိပြီး ကောက်နေတဲ့သူ့ရဲ့ဆံပင်တွေကို ထုံးကာ ဂုတ်ပေါ်တင်ထားသည်။ ဝတ်ဆင်ထားသော ဝတ်စုံမှာ အပြာရောင်ကုတ်အင်္ကျီတွင် အနီရောင်ဘောင်ကွတ်ထားပြီး ရွှေရောင်ကြယ်သီးများ တပ်ဆင်ထားသောကြောင့် အရာရှိတစ်ဦးဦးဖြစ်မည်ဟု ခန့်မှန်းရသည်။ သူထိုင်နေတဲ့ ဘားခုံပေါ်မှာတင်ထားသော သုံးမြှောင့်ပုံဦးထုပ်ကိုလည်း Fletcher တွေ့လိုက်သည်။
Fletcher က အမှောင်ရိပ်ထဲတိုးပြီး ခေါင်းစောင်းကိုကွယ်လိုက်တယ်။ ခေါင်းစောင်းဦးထုပ်ထဲ ဝှက်သယ်လာသော နတ်ဆိုးကောင်လေးက အမှောင်ထဲမှာ အကြာကြီးနေခဲ့ရသဖြင့် သူနားနားကပ်ကာ အော်နေပြီဖြစ်သည်။ ဂျာကင်အသစ်၏ခေါင်းစောင်းက အကောင်လေးကိုဖွက်ဖို့ အတော့ကိုအဆင်ပြေခဲ့သည်။ သို့သော် တစ်ဖက်မှာထိုင်နေသောအရာရှိ သူ့ကိုကြည့်နေတဲ့ပုံကို သူသိပ်မသင်္ကာခဲ့။
နောက်ဆုံးလက်ကျန်ဟင်းရည်ကို ကုန်အောင်သောက်လိုက်ပြီး ပေါင်မုန့်ကိုတော့ နတ်ဆိုးကောင်လေးကိုကျွေးဖို့ သိမ်းယူလာလိုက်တယ်။ သူ့ငွေထုပ်ကိုမြင်သွားပြီဖြစ်တဲ့ ဒီလူတွေနဲ့ဝေးရာ ဒီ့ထက်ပိုကောင်းသောနေရာမှာ တည်းခိုဖို့နေရာရှာမှဖြစ်မည်။
ကျောက်တုံးများကို တညီတညာစီခင်းထားသော လမ်းချိုးတစ်ခုတွေ့တော့ အမြန်ပြေးဝင်လိုက်ပြီး သူ့နောက်ကလိုက်လာသူရှိမရှိ တစ်ချက်စောင့်ကြည့်လိုက်သည်။ နောက်ယောင်ခံလိုက်သူမရှိတာ သေချာတော့မှ တည်းခိုဖို့နေရာသစ်ရှာရန် တွေးရင်းဆက်လျှောက်လာလိုက်သည်။ မကြာခင်မှောင်လာတော့မည်ဖြစ်ပြီး ဒီညတော့ လမ်းဘေး အိမ်တံခါးတွေဆီမှာ သူမအိပ်ချင်တော့ပါ။
မြင့်မားရှည်လျားပြီး အထပ်လေးထပ်ပါသော အဆောက်အအုံများကို ကြည့်ရင်း သူအံ့သြနေရသည်။ အဆောက်အဦးတိုင်း၏ မြေညီထပ်တွင် ဆိုင်ငယ်လေးများရှိကာ ပစ္စည်းမျိုးစုံရောင်းချနေပြီး Fletcher ငွေထုပ်မှ ငွေထွက်ဖို့ ဖိတ်ခေါ်နေသလိုပင်။
စတိုးဆိုင်တိုင်းမှာ ဝက်အူချောင်းများဖြင့် ချိတ်ဆွဲကာ အလှဆင်ထားပြီး အနီရောင်သန်းသော မျက်နှာများနှင့် အမဲလိုက်မုဆိုးများသည် အသားတုံးကြီးများကိုလှီးဖြတ်နေကြသည်။ လက်သမားဆရာတစ်ဦးက ထိုင်ခုံတစ်လုံးကို အချောသတ်နေပြီး နွယ်ပင်အခက်ပုံတစ်ခုကို ထွင်းကာအလှဆင်နေသည်။ အနံ့ပြင်း စူးရှသော ရေမွှေးပုလင်းများ ပြသထားသော ရေမွှေးဆိုင်များလည်း ရှိသည်။
မြင်းတပ်ယာဉ်တစ်စီး ထွက်လာတာတွေတော့ ဘေးဘက်ကိုရှောင်တိမ်းပေးလိုက်သည်။ ယာဉ်ငယ်အတွင်း နှင်းဆီပွင့်ဖတ်ဖူးများလို လှပသော နှုတ်ခမ်းနီများဆေးခြယ်ကာ ဆံညှပ်အလှများဆင်မြန်းထားသော မိန်းမပျိုလေးနှစ်ဦး လိုက်ပါလာသည်။ ဂါဝန်အဝဲလေးများ ဝတ်ဆင်ထားသော သူမတို့က ရေမွှေးဆိုင်ထဲသို့ ပျော်ရွှင်စွာဝင်သွားကြပြီး Fletcher တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်ကျန်ခဲ့သည်။ နောက်တော့ သူခေါင်းတစ်ချက်ခါလိုက်ပြီး “မင်းလိုကောင်အတွက် မဟုတ်ဘူး Fletcher ရေ” သူရေရွတ်လိုက်သည်။
ဆက်ထွက်လာခဲ့ပြီး တစ်နေရာအရောက်မှာ သံထည်ပစ္စည်းများပြသထားသော စတိုးဆိုင်ကို မျက်စိကျသွားသည်။ ဓားတွေ ပုဆိန်တွေ အခြားလူသတ်လက်နတ်တွေကြောင့် မဟုတ်ပဲ ဆိုင်ရှေ့ ကတ္တီပါအခင်းပေါ်မှာ ပြသထားသည့် မီးသေနတ်တွေကြောင့်ဖြစ်သည်။ သိုလှောင်ထားသော စည်ပိုင်းများမှာ ဆေးနီများသုတ်လိမ်းထားပြီး မြင်းခြေရာများဖြင့် ထွင်းထုထားသည်။
“ဒါဘယ်လောက်ကျလဲ ခင်ဗျ?” လှပသေသပ်တဲ့ နှစ်လုံးပြူးသေနတ်ကို ကြည့်ရင်း စျေးသည်ကိုမေးလိုက်သည်။
“ဒါတွေက စျေးများတယ်ကောင်လေးရဲ့၊ ဒီလက်နတ်တွေက အရာရှိတပ်သားတွေအတွက် ရောင်းတာတွေ။ သေနတ်တွေက သိပ်ကိုလှတယ်မဟုတ်လား?” သူ့အပေါ်ကနေ အသံတစ်သံထွက်လာခဲ့သည်။
သူမော့ကြည့်လိုက်ပြီး အံ့အားသင့်သွားခဲ့သည်။ Dwarf မျိုးနွယ်ဝင် လူပုတစ်ယောက်ဖြစ်သည်။ သူက ခုံတန်းရှည်ပေါ်မှာ ရပ်နေခဲ့တော့ Fletcher နဲ့ အရပ်အမြင့်အတူတူ ဖြစ်နေခဲ့တာကြောင့် သတိမထားမိခဲ့ခြင်းပေ။
“ဟုတ်တာပေါ့ အရာရှိတွေအတွက်ပေါ့။ ကျွန်တော်တော့ ဒီလောက်ကောင်းတဲ့ သေနတ်အမျိုးအစားမျိုး မမြင်ဖူးသေးဘူးဗျ။ ဒါတွေကို ခင်ဗျားလုပ်ထားတာလား?” Fletcher က မျက်လုံးချင်းမဆုံအောင် အကြည့်လွှဲပြီး ထိန်းပြောလိုက်သည်။
“မဟုတ်ဘူးကွ၊ ငါက အခုမှ အလုပ်သင်အနေနဲ့ အရောင်းသမားသက်သက်ပဲ ရှိသေးတယ်၊ တစ်နေ့ကျရင်တော့ ဖြစ်လာမှာပေါ့ကွာ”ထိုလူပုလေးကပြောသည်။
Fletcher က ဒီလူ့ကို ကြည့်ပြီး အံ့သြနေခဲ့သည်။ သူ့ထက်အသက်အများကြီး ကြီးပုံပေါ်ပြီး မုတ်ဆိတ်မွေးအထူကြီးများဖြင့် ဖြစ်သည်။ သူ့မုတ်ဆိတ်တွေက Berdon မုတ်ဆိတ်အရောင်လိုပဲ ဖြစ်ပြီး ပိုပြီး ရှည်လျားကာ ထူထဲသည်။ ဆံပင်တွေကလည်း ရှည်လျားကာ သားရေကြိုးဖြင့်အမြင့်စည်းပြီး နောက်ကျောတစ်လျှောက်ချထားသည်။
“ခင်ဗျားရဲ့ ဆရာဆီမှာ အလုပ်သင်များ ထပ်ခေါ်သေးလား ခင်ဗျ? ကျွန်တော်က ပန်းပဲဖိုထဲမှာအလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံအများကြီးရှိတော့ ဒီအလုပ်အတွက် အသုံးဝင်မှာပါ ခင်ဗျ” Fletcher က မျှော်လင့်တကြီး ပြောလိုက်တယ်။ နောက်ဆုံးတော့လည်း ဒီလိုစျေးကြီးတဲ့မြို့ကြီးမှာ နေထိုင်ရင်း ငွေရှာဖို့ ဒီအလုပ်ကလွဲ တခြားရွေးချယ်စရာမရှိဘူး မဟုတ်ပါလား။ လူပုလေးက သူ့ကိုအရူးတစ်ယောက်အလား ကြည့်လိုက်ပြီးနောက် သူ့မျက်နှာအမူအယာက ပြန်လည်ပျော့ပြောင်းသွားခဲ့သည်။
“မင်းက ဒီပတ်ဝန်းကျင်ကမဟုတ်ဘူးထင်တယ်၊ ဟုတ်တယ်မလား?” သူက ပြုံးရင်း မေးတယ်။ Fletcher က ခေါင်းခါပြလိုက်တယ်။
“ငါတို့ဆီမှာ တခြားဘယ်လူသားမျိုးနွယ်ကိုမှ အလုပ်ခန့်မှာမဟုတ်ဘူး။ ဒီမှာက Hominum တွေနဲ့ Dwarf တွေက အကျိုးခံစားခွင့်တွေ အခွင့်အရေးတွေက မတူတာမို့ ငါတို့ Dwarf တွေရဲ့ သေနတ်တီထွင်တဲ့ နည်းပညာကို ခုထိလျှို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းထားကြတုန်းပဲလေ။ မင်းကို ပုဂ္ဂိုလ်ရေးခွဲခြားတာတော့ မဟုတ်ပါဘူးကွာ။ မင်းကိုကြည့်ရတာလည်း လူကောင်းပုံလေးပါ” လူပုလေးက ကိုယ်ချင်းစာစိတ်နဲ့ ပြောတယ်။ “Corcillum မြို့လယ်က ပန်းပဲဆရာတွေဆီသွားရင်တော့ မင်းအတွက် ပိုကောင်းမယ်။ အဲ့မှာပန်းပဲဖို အရေအတွက်က နည်းနည်းပဲရှိပေမယ့် စစ်သားအများစုက ငါတို့လူပုတွေဆီက မဝယ်ချင်ကြဘူးလေ။ ဒါပေမယ့် ဒီရက်တွေထဲ အလုပ်သင်တွေ သိပ်မခေါ်ကြဘူးလို့ ကြားတယ်”
Fletcher ခေါင်းငိုက်စိုက်ကျသွားတယ်။ ပန်းပဲဖိုတွေမှာ အလုပ်ဝင်ဖို့က သူ့အတွက် အသင့်တော်ဆုံးပဲ ဆိုပေမယ့် သူ့အရွယ်က အလုပ်သင်အနေနဲ့ဝင်ဖို့လဲ အသက်ကြီးနေပြီဖြစ်ပြီး အနီးနားတဝိုက်မှာ အမဲလိုက်ပြီး အသက်မွေးရန်အတွက်မှာလဲ မြို့နဲ့နီးသော တောအုပ်ကောင်းကောင်းမရှိပဲ တောင်ပိုင်းနယ်စပ်တွေထိသွားမှ ရမည်ဖြစ်သည်။
“ဘယ်အခွင့်အရေးကို ခင်ဗျားကငြင်းနေတာလဲ?” သူရဲ့စိတ်ပျက်မှုတွေကို ချိုးနှိမ်ပြီး မေးလိုက်တယ်။ “မနှစ်ကပဲ ရှင်ဘုရင်က ခင်ဗျားတို့ကို စစ်မှုထမ်းဖို့အခွင့်အရေးပေးခဲ့တယ် မဟုတ်လား?”
“Oh ငြင်းစရာအချက်တွေ အများကြီးရှိတာပေါ့ကွာ။ နှစ်စဉ်မွေးဖွားနိုင်တဲ့ သားသမီးအရေအတွက်ပေါ် မူတည်ပြီး အကျိုးခံစားခွင့်ကို ပြဠာန်းထားတဲ့ ဒီဥပဒေက အရမ်းကိုဆိုးဝါးလွန်းတယ်။ အရင်နှစ်က သေဆုံးသွားကြတဲ့ ကလေးအရေအတွက်လောက် နီးပါးတော့ ငါတို့မွေးဖွားနိုင်ပေမယ့် ငါတို့လူပုလေးတွေရဲ့ သက်တမ်းက မင်းတို့လူသားတွေရဲ့ သက်တမ်းနှစ်ဆလောက်နီးပါး အသက်ရှည်ကြတယ်။ ဒီတော့ ကလေးထပ်မွေးဖို့အတွက်က အဆင်သိပ်မပြေကြဘူး။ ဒါပေမယ့်လည်း စစ်ထဲဝင်ခွင့်ရမယ်ဆိုရင်တော့, အေး, ဒါက လမ်းကြောင်းမှန်တယ်လို့ ပြောရမှာပေါ့ကွာ။ ရှင်ဘုရင်က ခေါင်းအရမ်းကောင်းတယ်၊ ဖြေရှင်းဖို့နည်းလမ်းရှာတဲ့နေရာမှာ အရမ်းတော်တယ်။ ဒါပေမယ့် သူ့ပြည်သူတွေက၊ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်လောက်က Dwarves တော်လှန်ရေးနဲ့ ပတ်သက်လို့ စစ်တပ်က ခုထိ ငါတို့ လူပုလေးတွေကို မယုံကြည်ကြမှန်း သူသိတယ်။ အဲ့အတွေးတွေကြောင့်ပဲ ငါတို့လူပုမျိုးနွယ်ဝင်တွေက စစ်တပ်အပေါ်ကို သစ္စာရှိကြောင်း သက်သေပြနိုင်မှသာ တန်းတူညီတူအခွင့်အရေးပေးတဲ့အနေနဲ့ နိုင်ငံသားဖြစ်ခွင့်ရတာ။ ဒါပေမယ့် တော်လှန်မှုတွေ မတိုင်ခင်ထဲက ဒီလိုပဲ ဖြစ်သင့်တာမဟုတ်လား” လူပုလေးရဲ့ အသံမှာ ဒေါသသံတွေပါနေပြီး ထွက်ပေါ်လာတဲ့ စိတ်ခံစားချက်တွေကို သူ့ဘေးက သေတ္တာတစ်လုံးပေါ်ကို ပုံချပြီး ထိုးနှက်လိုက်တယ်။
“ဒီနားမှာ စျေးနည်းနည်းပေါပြီး စိတ်ချလို့ရမယ့်နေရာများ သိသလားခင်ဗျ?” Fletcher က စကားလမ်းကြောင်းလွှဲရင်း မေးလိုက်တယ်။
လူပုလေးက အထဲဝင်သွားပြီး တစ်စုံတစ်ခုကိုင်ကာ ပြန်ထွက်လာတယ်။ Fletcher အနားတိုးလာပြီး လူမမြင်အောင် သူ့လက်ထဲထည့်လိုက်တယ်။
“ဒီနေရာနဲ့ သိပ်မဝေးတဲ့နားမှာ လူပုလေးတွေဖွင့်တဲ့ တည်းခိုဆိုင်လေးတစ်ခုရှိတယ်။ ဆိုင်နာမည်က “The Anvil”, အဲ့မှာရှိတဲ့ တစ်ယောက်ယောက်ကတော့ မင်းအတွက် အလုပ်ပေးနိုင်မယ်ထင်တယ်။ Athol လွှတ်လိုက်တာလို့ပြောပြီး ဝင်သွားလိုက်။ လမ်းအောက်ဘက်ဆင်းသွားပြီး ၃လမ်းမြောက်မှာရှိတယ် မလွဲစေနဲ့နော်”
လူပုလေးက သူ့ကို အားပေးစကားပြောပြီး လက်ထဲကို ဆိုင်လမ်းညွှန်စာရွက်လေးထည့်ကာ နောက်ထပ်ဝယ်သူတစ်ယောက်ဆီ လှည့်သွားတယ်။ Fletcher လည်းပြုံးပြီး သူပြောတဲ့လမ်းအတိုင်းထွက်လာလိုက်ပြီးမှ ကျေးဇူးတင်စကားမပြောခဲ့ရမှန်း သတိရသွားတယ်။
သူလှည့်ကြည့်လိုက်တော့ ပထမတည်းခိုဆိုင်မှာတုန်းက ကြောက်စရာမျက်နှာနဲ့ လူတွေကို တွေ့လိုက်တယ်။ သူတို့က သူ့မျက်နှာကိုမှတ်မိသွားတာတွေ့တော့ Fletcher စတင်ပြေးတော့သည်။ ဖြတ်သွားတဲ့လမ်းတစ်လျှောက် လူတွေက သူ့ကိုလိုက်ကြည့်နေခဲ့ပြီး တွဲလျှောက်လာတဲ့ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးကို ဝင်တိုက်မိသွားသေးသည်။
တည်းခိုခန်းဆီမရောက်ခင် လမ်းထိပ်မှာပဲ မြင်းသမားနှစ်ယောက်က တစ်ဖက်နှင့်တစ်ဖက် အော်ဟစ်ကာ ဝင်ပေါက်ကို ပိတ်ထားလိုက်ကြသည်။ သူ့ကံဇာတာကိုပဲ သူကျိန်ဆဲနေမိတယ်။ Fletcher က လမ်းတစ်ဖက်ကို ဖြတ်ကူးပြီး ဘေးလမ်းကနေဝင်ကာ လူအုပ်ကြီးရဲ့အဝေးကို ပြေးထွက်လာခဲ့တယ်။ သူရပ်တန့်လိုက်ချိန်မှာပဲ နှလုံးခုန်သံတွေမြန်ဆန်လာခဲ့တယ်။ ဒါလမ်းအဆုံးကြီးပဲ။
~~~~~