နှစ်ရက်တိုင်ခဲ့ပြီ။ အရှေ့ဘက်ပြေးလိုက် အနောက်ဘက်ပြေးလိုက်နှင့် လမ်းကြောင်းအမှားတွေဖြင့် ပြေးလိုက်လာတာ နှစ်ရက်တိုင်ခဲ့ပြီ။ အစားစားစရာမရှိ၊ အိပ်စရာနေရာမရှိ၊ တောင်ကျစမ်းရေကိုသာသောက်ပြီး သူ့နောက်လိုက်လာနိုင်မယ့် ခြေရာလက်ရာ ဘာမှမကျန်အောင် ကြိုးစာပြီးနေခဲ့ရသည်။ သူရပ်နားဖို့ကြံလိုက်တိုင်း အဝေးက အမဲလိုက်ခွေးတွေရဲ့ အသံကိုကြားနေခဲ့ရသည်။
ညဘက်တွေမှာ သစ်ပင်အမြင့်ပေါ်တက်ပြီး သူ့ရဲ့လမ်းကြောင်းကို စစ်ဆေးဖို့အတွက် ကြယ်တွေကိုကြည့်ရှူခဲ့ပြီး ကြည့်လိုက်တိုင်းမှာလဲ အဝေးချိုင့်ဝှမ်းအထက်ဆီက မီးပုံများကို မြင်ရသည်။ မြို့စောင့်တပ်တစ်ဖွဲ့လုံးနဲ့ မြို့ကမုဆိုးတွေအကုန်ပေါင်းပြီး သူ့ကိုလိုက်လံဖမ်းဆီးနေကြခြင်းပင်ဖြစ်မည်။ Didric ရဲ့ အဖေ Casper က ခုလောက်ဆို သူ့ခေါင်းမှာ ဆုငွေကြီးကြီး တင်ထားလောက်ပြီ။
တတိယမြောက်ညကိုရောက်လာချိန်မှာတော့ တောင်ပေါ်ကနေမြင်ရတဲ့ အလင်းရောင်ပျပျလောက်ကိုပဲ သူတွေ့ရတော့တယ်။ အအေးအခဲတွေကြား လမ်းကြောင်းပျောက်သွားသဖြင့် သူတို့ပြန်သွားတာဖြစ်မည်။ သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး တောင်ပေါ်ကနေ ချော်မကျစေရန် သတိကြီးစွာထားပြီး တက်လာခဲ့လိုက်တယ်။ ခုချိန်မှာ ဘယ်လိုအနာတရမျိုးမဆို ခြေချင်းဝတ်လိမ်သွားတာလေးမှအစ ဂရုမစိုက်ပါက သေစေနိုင်သည်။
သူ့လက်ရှိအခြေအနေကို ရောင့်ရဲကျေနပ်နေလို့မရ။ စွမ်းအားကြီးတဲ့ Lord Faversham က ဒီ Beartooth အခြေစိုက်စခန်းက မြေယာအများစုကို ပိုင်ဆိုင်သည်။ သူက တောတန်းတစ်လျှောက် သူ့ကင်းထောက်တွေကို လွှတ်ပြီး ခိုးဝင်တဲ့သူတွေကို ဖမ်းဆီးခိုင်းတတ်တယ်လို့ နာမည်ကြီးတယ်။ Fletcher ကိုသာမိသွားရင် ဘာ့ကြောင့်ဒီလောက်ဝေးတဲ့ တောင်တန်းတွေဘက်ကို တစ်ယောက်ထဲ ခရီးထွက်လာရတယ် ဆိုတာကို ရှင်းပြဖို့ အခက်တွေ့မည်ဖြစ်သည်။
နတ်ဆိုးကောင်က ရွာကထွက်လာထဲက သူ့လည်ပင်းမှာပတ်ရက်အတိုင်းရှိနေခဲ့သည်။ သူဒီလိုနေပေးတာကိုပဲ Fletcher ဝမ်းသာမိသည်။ ဒီဝေးလံတဲ့ လမ်းခရီးတလျှောက် ချမ်းစီးလွန်းပေမယ့် အကောင်လေးရဲ့ ဝမ်းဗိုက်က သူ့လည်ပင်းကို နွေးထွေးစေခဲ့သည်။
ပတ်ဝန်းကျင်ကို တချက်ကြည့်လိုက်ပြီးနောက် သစ်ပုပ်ပင်ကြီးတစ်ပင်ရဲ့ အောက်မှာပဲ စခန်းချဖို့ ဆုံးဖြတ်လိုက်တယ်။ မြေပြင်က ပြန့်ပြူးပြီး နွေဦးရေညှိတွေဖြင့်ဖုံးနေသည်။ သစ်ပင်ကြီးက မိုးဒဏ်လည်းခံနိုင်မည့်ပုံ ဖြစ်ပြီး အချိန်က အမိုးအကာဆောက်ဖို့ နည်းနည်းနောက်ကျနေပြီဖြစ်ပေမယ့် ပြုတ်ကျနေတဲ့ အကိုင်းအခက်တွေကိုသုံးပြီး မီးဖိုလို့တော့ရနိုင်သည်။
သစ်ကိုင်းခြောက်တွေကိုစုပုံလိုက်ပြီး မီးရှို့ဖို့ ကျောက်တုံးနဲ့ သူ့ဓားကို ပွတ်တိုက်လိုက်တယ်။
“ငါတို့နှစ်ယောက်အတွက် မီးရအောင်မင်းခုတော့ မလုပ်ပေးနိုင်တော့ဘူးလား?” Fletcher က နတ်ဆိုးကောင်လေးကို မေးလိုက်တယ်။ နတ်ဆိုးကောင်လေးက အသံကြားတော့ မြေပြင်ပေါ်ကိုလှဲချလိုက်တယ်။ အသံသေးလေးနဲ့အော်ပြီး သိချင်စိတ်နဲ့ သူ့ကိုကြည့်နေခဲ့ကာ စိတ်ရှုပ်နေတဲ့ ခွေးပေါက်လေးလိုမျိုး သူ့ခေါင်းကို ဟိုဒီလှည့်နေခဲ့တယ်။
“လာပါကွာ မင်းနဲ့ငါ့ကြားမှာ ဆက်သွယ်ဖို့နည်းတစ်ခုခုတော့ ရှိမှာပါ” Fletcher က နတ်ဆိုးကောင်လေးရဲ့ မေးစေ့ကို ပွတ်သပ်ပေးရင်းပြောတယ်။ အကောင်လေးက သူ့ခေါင်းကို Fletcher လက်တွေကြားထဲတိုးကာ ပြန်ပွတ်သက်နေတယ်။ သူ့ကိုယ်ပေါ်ကအဆူးတွေနဲ့ ပွတ်တိုက်နေသလိုဖြစ်ပြီး စူးပေမယ့် အယားပြေသလိုမို့ Fletcher စိတ်ထဲသဘောကျနေခဲ့တယ်။
“မီး..!” Fletcher က သစ်သားပုံကိုညွှန်ပြရင်း ပြောလိုက်တယ်။ နတ်ဆိုးကောင်ကတော့ သူလုပ်ပြနေတဲ့ စက်ဝိုင်းပုံကို နားမလည်သလိုကြည့်နေခဲ့တယ်။
“Shh…” Fletcher က ပြန်ငြိမ်သက်သွားခဲ့သည်။ တောင်အနိမ့်ပိုင်းက ဝံပုလွေတွေ ကြီးစိုးသောနေရာဖြစ်သည်။ အဝေးက အော်နေတဲ့ ဝံပုလွေသံတွေကို သူကြားနေရပြီး ခုချိန်ထိသူတို့ကို ရှောင်ကွင်းပြီး သွားလာနေနိုင်ခဲ့တာကိုက ကံအလွန်ကောင်းနေပြီဖြစ်သည်။
နတ်ဆိုးက တိတ်ဆိတ်ညှင်သာစွာနဲ့ လျှောက်လှမ်းလာပြီး သူ့ခြေထောက်နှစ်ဖက်ကြားမှာ ဝင်ထိုင်လိုက်သည်။ သူပြောတာကို နားလည်သွားတာများလား? Fletcher ထိုင်နေတဲ့ နားက စိုစွတ်လာတာနဲ့အမျှ အေးစိမ့်လာပြီး သူလည်း တစ်ကိုယ်လုံးတုန်ခါနေခဲ့ကာ ခြေထောက်နှစ်ဖက်ကို ကွေးထားလိုက်တယ်။ မျက်စိကိုမှိတ်ကာ Rotherham ပြောပြခဲ့တဲ့ ဇာတ်လမ်းတွေထဲက ဆင့်ခေါ်သူတွေနဲ့ သူတို့နတ်ဆိုးတွေကို ထိန်းချုပ်တဲ့ အကြောင်းတွေကို ပြန်စဥ်းစားနေမိသည်။
သူ့လိုပဲ တစ်ယောက်ထဲ အထီးကျန်ပြီး ကြောက်ရွံ့နေတဲ့ နတ်ဆိုးကောင်းလေးကို သူသတိထားမိလိုက်တယ်။ ဆာလောင်မွတ်သိမ့်မှုတွေရယ် ကြောက်ရွံ့မှုတွေရယ်ရောထွေးနေရင်း နတ်ဆိုးကောင်လေးကို တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်ပြီး နှစ်သိမ့်ပေးလိုက်တယ်။ အကောင်လေးက သူ့ပြောတာကိုနားမလည်ပေမယ့် သူ့ခံစားချက်ကိုတော့ သိပုံပေါ်သည်။
သူ့ခန္ဓာကိုယ်က အေးစက်နေပေမယ့် နတ်ဆိုးကောင်လေးက သူ့ခြေထောက်မှာ ရစ်ပတ်ပြီး ကပ်တွယ်နေတယ်။ အကောင်လေးရဲ့ ကိုယ်အနွေးဓာတ်က တခြားဘယ်အပူချိန်မျိုးနဲ့မှမတူပဲ သူ့ကိုနွေးထွေးစေသည်။ ‘သြော် ဒါမှမဟုတ် ပုံရိပ်ယောင်များလား?’ စိတ်ထဲကနေ Berdon ဖိုထဲက မီးဖိုပုံကို စိတ်ကူးပုံဖော်ကြည့်နေလိုက်တယ်။
နတ်ဆိုးကောင်လေးကတော့ သူ့ကိုလှည့်ပတ်ကြည့်နေခဲ့သည်။ ‘အင်း ဒီသတ္တဝါလေးအတွက် မီးက သူ့နေခဲ့တဲ့ နေရာကို သတိရစေတာများလား?’ Fletcher ထင်ထားတာထက် တွေးရခက်နေခဲ့ပြီး အေးလွန်းသဖြင့် သူ့ဂျာကင်ကို ပုခုံးထိလုံအောင် ဆွဲတင်လိုက်တယ်။
“ငါသာ ဂျာကင်အသစ်ဝယ်နိုင်ခဲ့ရင် ငါတို့၂ယောက် မီးမွှေးဖို့တောင်လိုမယ် မထင်ပါဘူးကွာ” သူရေရွတ်လိုက်သည်။ ပြီးနောက် သစ်သားပုံကို စိုက်ကြည့်နေလိုက်ပြီး မီးမွှေးနိုင်ဖို့ကိုပဲ မျှော်လင့်နေလိုက်တယ်။ အသိပေးခြင်းမရှိပဲ ရုတ်တရက် သူ့ခြေနှစ်ချောင်းကြားက မီးတန်းထွက်လာပြီး သစ်သားပုံကို မီးစွဲသွားတယ်။
“လိမ္မာလိုက်တဲ့ ကောင်လေး” Fletcher က အကောင်လေးကို လက်မောင်းထဲပွေ့ပြီး သူ့ရင်ဘတ်နားမှာ ဖက်ထားလိုက်တယ်။ သူ့ခြေတွေလက်တွေလည်း အနွေးဓာတ်ကို ပြန်လည်ခံစားလာရပြီး Berdon ရဲ့ဖိုထဲမှာ တုန်းက အတိတ်ပုံရိပ်တွေကို အမှတ်ရကာ ပြုံးလိုက်မိသည်။
“အမှတ်ရစရာတွေကြီးပါပဲလား” Fletcher က အကောင်လေးကို သူ့ပေါင်ပေါ်ပြောင်းတင်လိုက်တယ်။ တလျှောက်လုံးမရပ်နားခဲ့ရသေးတာနဲ့ Berdon ပေးလိုက်တဲ့ လက်ဆောင်ကို မေ့နေခဲ့သည်။ ပေးလိုက်တဲ့ လက်ဆောင်ထုပ်တွေထဲက ပိုကြီးတဲ့အထုပ်ကို ဖောက်လိုက်တယ်။
အဲ့ဒါက လေးတစ်ချောင်းဖြစ်ပြီး သေသပ်ကျနစွာ အရောင်တင်ထားကာ ဖွတ်သားဖြင့် ပြုလုပ်ထားသည်။ သစ်သားချောင်းပေါ်မှာလည်း အနုစိတ်လက်ရာများ ထွင်းထားသေးသည်။ အသားမှာ အဆိပ်ရှိ Yew ပင်သားနဲ့ ပြုလုပ်ထားပြီး တောင်တန်းဒေသတွေမှာ မပေါက်ရောက်သည့်အပြင် ဝယ်ရမလွယ်ကူပဲ စျေးအလွန်ကြီးသည်။ Berdon က ဒီအသားကို အချောကိုင်ပြီး ဆေးဆိုးလိုက်သောကြောင့် လေးရဲ့အရောင်မှာ မီးခိုးရောင်ပြောင်သွားပြီး မုဆိုးတွေ အမှောင်ရိပ်ထဲရောက်နေချိန်မှာ မမြင်နိုင်အောင် ကာကွယ်ပေးသည်။ ဒါက အရမ်းကိုလှပပြီး တန်ဖိုးရှိတဲ့ လက်နက်တစ်ခုဖြစ်ပြီး မုဆိုးဆရာတွေတိုင်း ပိုင်ဆိုင်ချင်သော လက်နက်ဖြစ်သည်။ Fletcher ပြုံးကာ Beartooth တောင်ထိပ်ကို ကြည့်ရင်း Berdon ကို စိတ်ထဲကနေ ကျေးဇူးတင်လိုက်မိသည်။ ဒီလေးကို Fletcher အမဲလိုက်ထွက်နေတဲ့ တစ်လလုံး လျှို့ဝှက်ပြီး လုပ်နေခဲ့တာပဲဖြစ်မည်။ ငန်းမွေးတောင်နဲ့လုပ်ထားသော မြှားတွေလည်း ထည့်ပေးထားသည်။ ဒီလေးမြှားနဲ့သာဆို မနက်မိုးသောက်ပါက တောင်ပေါ်ယုန်တွေကို ဖမ်းလို့ရနိုင်မည် ဖြစ်သည်။
တွေးနေတုန်းပဲ သူ့ဗိုက်ထဲက အော်မြည်လာသည်။ လက်ဆောင်ထုပ်နောက်တထုပ်ကို ဘေးချထားလိုက်ပြီး နောက်မှာ အညိုရောင်စက္ကူဖြင့်ပတ်ထားသော အထုပ်ကို အရင်ဖြည်လိုက်သည်။ သူဂရုတစိုက်နဲ့ဖွင့်လိုက်ပြီး အထဲက Didric သူ့ဆီက လူလည်ကျဖို့ကြံခဲ့တဲ့ ဆတ်သားခြောက်ကိုတွေ့တော့ သူပျော်သွားသည်။ ဆတ်သားချောင်းအနည်းငယ်ကို မီးကင်လိုက်ပြီး နတ်ဆိုးကောင်လေးကိုပေးလိုက်သည်။ အကောင်လေးက ခေါင်းတိုးလာကာ ဆတ်သားတစ်ချောင်းလုံးကို မျိုချလိုက်သည်။
“ငါ့လက်ချောင်းတွေ ပါသွားဦးမယ်ကွ” နှာခေါင်းနားရလာတဲ့ အသားနံ့မွှေးကို ရှူရှိုက်ရင်း ပြောလိုက်တယ်။
သူကအိတ်ထဲထပ်နှိုက်လိုက်ပြီး တခြားဘာစားစရာများပါဦးမလဲ ရှာကြည့်လိုက်သည်။ အထဲမှာ အတန်ငယ် လေးတဲ့ပိုက်ဆံအိတ်တစ်ခုရှိနေခဲ့တယ်။
“Oh Berdon ခင်ဗျားကတော့ဗျာ” Fletcher က အံ့သြစွာရေရွတ်လိုက်တယ်။
သူကြည့်လိုက်တော့ ငွေသျှီလင် ၁ထောင်ထက်မနည်းပါနေပြီး ဒါတွေက Berdon ရဲ့ တစ်နှစ်စာနီးပါး လုပ်အားခငွေတွေဖြစ်သည်။ သူ့လုပ်ငန်းကို မကြာခင်မှာ ခြိမ်းခြောက်လာကြတော့မှာ ဖြစ်သော်လည်း သူ့အတွက် ဒီလောက်အမြောက်အမြား ထည့်ပေးလိုက်သေးသည်။ သူက ဖြစ်နိုင်ရင် ဒီငွေတွေကို သွားပြန်ပေးချင်မိသည် သို့သော် သူဂျာကင်ဝယ်ဖို့စုထားသော ငွေသျှီလင် ၃ရာနှင့် သူစုဆောင်းထားသော ကျန်ငွေအချို့ အခန်းထဲထားခဲ့တာကို သတိရသွားပြီး Berdon တစ်ယောက်ရှာတွေ့ပါစေလို့ ဆုတောင်းမိလိုက်တယ်။
“ခင်ဗျားဘာတွေများထပ်ထည့်ပေးလိုက်သေးလဲဗျာ…” Fletcher ကတီးတိုးပြောလိုက်ပြီး ဒုတိယလက်ဆောင်ထုပ်ကို ဖောက်လိုက်တယ်။ မှတ်စုတစ်စောင်ကိုတွဲချုပ်ထားတာတွေ့တော့ စာအိတ်ကိုဖွင့်ပြီး မီးပုံနားတိုးကာ ဖတ်ကြည့်လိုက်သည်။
Fletcher,
မင်းမွေးနေ့လို့ ငါတို့သတ်မှတ်ထားတဲ့ ဒီနေ့က မင်းကိုမွေးပေးခဲ့တဲ့ နေ့ရက်အမှန်မဟုတ်မှန်း ငါတို့နှစ်ယောက်လုံး စိတ်ထဲကနေသိပြီးသာပါ။ ဒါပေမယ့် ဒီနေ့က ငါ့ဘဝထဲမှာတော့ အမြဲတမ်းအတွက် အရေးပါဆုံးနေ့တစ်နေ့ဖြစ်နေမှာပါ။ ဒီနေ့မှာပဲ ငါဟာ အဖေတစ်ယောက်ဖြစ်ခဲ့ပြီး မင်းကိုငါ့သားအနေနဲ့ ပိုင်ဆိုင်ခွင့်ရခဲ့တယ်။ ဒီညငါတို့အတူသွားသောက်ကြမယ် ပြီးရင်အနာဂတ်စီးပွားရေးတွေအတွက် တိုင်ပင်ကြတာပေါ့။ မင်းကိုငါ့ရဲ့ တွဲဖက်တစ်ယောက် လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ ဦးစီးစေချင်တယ်။ ဒါဟာမင်းနဲ့ထိုက်တန်တယ်ဆိုတာကို တလောကလုံးကသိပြီးသားပါ။ ဒါကဒီတစ်နှစ်လုံး မင်းငါ့အတွက် လုပ်ပေးခဲ့တာတွေကို ကျေးဇူးတင်တဲ့အနေနဲ့ ငါ့ဘက်ကပေးတဲ့ လက်ဆောင်အသေးလေးတစ်ခုပါပဲ။ ငါမင်းအတွက်အမြဲတမ်းဂုဏ်ယူနေတယ်။
မွေးနေ့မှာပျော်ရွှင်ပါစေ ငါ့သား။
Berdon
စာကိုခေါက်နေရင်းပဲ မျက်ရည်တွေက တသွင်သွင်စီးကျလာတယ်။ သူ့စိတ်နှလုံးမှာလည်း အိမ်ကိုလွမ်းစိတ်နဲ့ ပြည့်နေခဲ့တယ်။ အိတ်ကိုဖွင့်ကြည့်လိုက်တော့ သူလိုချင်နေခဲ့တဲ့ ဂျာကင်အင်္ကျီကိုတွေ့လိုက်ရတဲ့အခါ… နူးညံ့တဲ့အင်္ကျီသားကို ကိုင်တွယ်ရင်း သူလဲပြိုသွားတော့သည်။
Fletcher က တောင်တန်းတွေဆီကို ငေးကြည့်ရင်း “ခင်ဗျားက ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့ ကျွန့်တော့ရဲ့အဖေရင်းထက် ပိုကောင်းတဲ့အဖေတစ်ယောက်ပါပဲဗျာ” သူတီးတိုးပြောလိုက်တယ်။ ခုချိန်ပြန်တွေးကြည့်တော့ ဒီနှစ်တွေထဲမပြောဖြစ်ခဲ့တဲ့၊ မပြောခဲ့ရတဲ့ စကားတွေအတွက် သူနောင်တရနေမိခဲ့တယ်။
နတ်ဆိုးကောင်လေးက Fletcher စိတ်ဆင်းရဲနေတာကို ကြည့်ပြီး စာနာသလိုဟန်နဲ့ သူ့လက်ချောင်းတွေကို လျှာဖြင့်ပွတ်သပ်ပေးတယ်။ Fletcher လည်းသူ့ခေါင်းလေးကိုပုတ်ကာ မီးပုံနားတိုးရင်း မိနစ်အနည်းငယ်ကြာအောင် ပူဆွေးနေခဲ့ပြီးနောက် စီးကျနေတဲ့ မျက်ရည်တွေကို သုတ်ပစ်လိုက်တယ်။ ဂျာကင်ကိုဝတ်ကာ ခေါင်းစောင်းပါစောင်းလိုက်သည်။ သူ့ဘဝအသစ်ကို စတင်မည်။ သူ့ကို အမြဲဂုဏ်ယူနေမယ့် Berdon အတွက် Corcillum ကိုရောက်အောင်သွားပြီး ဘဝသစ်ကိုစတင်တော့မည်။
~~~~~