book

Index 12

အပိုင်း ၁၂။

  • Author : Chan Chan
  • Genres : Adventure
  • Original Author : Taran Matharu

Didric ရဲ့ စကားတောင်မဆုံးသေးဘူး နတ်ဆိုးကောင်က သူတို့ပုန်းနေခဲ့တဲ့ အခန်းထောင့်လေးရဲ့ အရိပ်ထဲကနေ Didric မျက်နှာဆီ တည့်တည့် ပျံသန်းသွားပြီး သူ့ခြေသည်းတွေနဲ့ ကုတ်ခြစ်ပစ်လိုက်သည်။ Didric က ကြောက်လန့်တကြား အော်ဟစ်ကာ အခန်းပတ်ပတ်လည်ကို ဓားဖြင့်ဝှေ့ယမ်းခုတ်ပိုင်းပစ်နေသည်။


“ငါ့ပေါ်ကနေဖယ်စမ်း၊ ဖယ်စမ်း…” သူအော်ဟစ်နေခဲ့ပြီး သူ့မျက်နှာတစ်လျှောက် သွေးများစီးကျလာသည်။ Jakov နဲ့ Calista လည်း Didric ကို ဒဏ်ရာရအောင်လုပ်တဲ့ နတ်ဆိုးကောင်ကို ဝိုင်းပြီး လက်သီးများဖြင့် ထိုးပစ်ကြသည်။ ထိုးချက်တစ်ချက်ခြင်းဆီတိုင်းကို Fletcher ရဲ့အသိစိတ်တစ်နေရာကနေ မီးတောက်တစ်ခုလိုပဲ ခံစားနေရပေမယ့် နတ်ဆိုးကောင်က ဒေါသတကြီးနဲ့ လွတ်လာတဲ့ခွေးရူးတစ်ကောင်လိုပဲ မလွတ်တမ်းကိုက်ဆွဲနေခဲ့တယ်။ Fletcher ရဲ့ ဖြောင့်မှန်တဲ့စိတ်မှာ အမျက်ဒေါသတွေက အရှိန်နဲ့ထိုးတက်လာနေခဲ့သည်။ အဲ့အချိန်မှာပဲ အသိစိတ်ပြန်ဝင်လာကာ အရာရာကို ရှင်းရှင်းလင်းလင်း ပြန်မြင်ယောင်လာပြီး သူ့မြင်ကွင်းထဲ မှောင်မိုက်နေခဲ့တဲ့ Didric ရဲ့ သွေးရောင်က ရဲရဲနီတဲ့သွေးတွေအဖြစ် ပြန်မြင်ရလာတယ်။ 


နတ်ဆိုးကောင်ရဲ့ မြွေတကောင်လို ကျယ်ပြန့်တဲ့ပါးစပ်ဆီကနေ ချော်မီးရည်တွေထွက်ကျလာကာ Didric ရဲ့ မျက်နှာတပြင်လုံးနဲ့ ဆံပင်တွေဆီ စီးကျလောင်ကျွမ်းကုန်သည်။ ဥမင်ထဲမှာလည်း ချော်မီးရည်မှထွက်လာသော လိမ္မော်ရောင်အလင်းရောင်များဖြင့် ပြည့်လာသည်။ Didric ၏ခေါင်းက စကျင်ကျောက်များပြည့်နေသော ကြမ်းခင်းဖြင့်ထိမိပြီး အသံပင်မထွက်နိုင်ပဲ လဲကျသွားတော့သည်။ Jakov နဲ့ Calista က လဲကျသွားတဲ့ Didric နားက မီးတွေကို ဝိုင်းငြိမ်းကာ သူ့နာမည်ကိုအော်ခေါ်နေကြသည်။ နတ်ဆိုးကောင်လေးက အုတ်ဂူကြမ်းပြင်ကို သူ့ခေါင်းဖြင့်ဖောက်ခွဲကာ ထွက်ပြေးဖို့လမ်းလုပ်ပေးခဲ့ပြီး သူ့လက်မောင်းထဲ ပြန်ပြေးဝင်လာခဲ့သည်။ သူ့နှလုံးခုန်သံတွေက ပေါက်ထွက်မတတ် ခုန်နေခဲ့ပြီး သူ့နံရိုးတွေက အချိုးခံထားရတဲ့ လှောင်အိမ်ထဲကဌက်တစ်ကောင်လို ဖြစ်နေသည်။ 


ပြစ်ဒဏ်ကျခံနေရတဲ့ ဝိဉာဉ်တစ်ကောင်လို အေးစက်မည်းမှောင်နေတဲ့ ဒီခြောက်ခြားစရာ ဂူထဲကနေဖြတ်ပြီး ပြေးနိုင်သမျှပြေးထွက်ကာ မို့ထွက်နေတဲ့မြေစိုင်တစ်ခုနဲ့ တိုက်မိပြီး သူလဲကျသွားသည်။ စာအုပ်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့ပြီး သူ့ရဲ့လက်တစ်ဖက်ကနေ နှစ်ပေါင်းများစွာ ပိတ်လှောင်နေတဲ့ ဒီအခန်းရဲ့ အမှောင်ထုထဲမှာ ဖုန်အပြည့်နဲ့ စုပုံနေတဲ့ အရိုးပုံတွေကို ထိမိသွားတယ်။ ဦးခေါင်းခွံတစ်ခုကို မျက်လုံးပေါက်ကနေ ကောက်ကိုင်ပြီး ပစ်ထုတ်လိုက်တယ်။ အရိုးခွံက လမ်းတစ်လျှောက်ခုန်ဆင်းသွားပြီး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတယ်။ သူလဲ အလျင်လိုနေတာနဲ့ ရှေ့ဆက်ခဲ့ပြီး အရိုးခွံတွေက သူ့ခြေထောက်အောက်မှာ ကြေမွကျန်ရစ်ခဲ့တယ်။ ဥမင်တလျှောက် ဖုန်ထူထပ်တဲ့လေထု ပမာဏကြောင့် သူအသက်ရှူရခက်လာခဲ့ပြီး နတ်ဆိုးကောင်မှာလဲ အကူအညီမရသည့်အပြင် သူ့အင်္ကျီကိုကုတ်တွယ်ထားရင်းပဲ အော်ဟစ်နေသေးသည်။ 


ပြေးရင်းလွှားရင်း ကျောက်တုံးတွေ တစ်တုံးပြီးတစ်တုံး ဝင်တိုက်မိရင်းပဲ အဆုံးမှာတော့ ဘုရားကျောင်းထဲက ထွက်ပေါက်လှေကားဆီကို သူရောက်လာသည်။ လှေကားရဲ့အဆုံးမှာ မျက်နှာပြင်ကို ကျောက်ပြားနဲ့ပိတ်ထားတာကို တွေ့လိုက်ရသည်။ သူလဲအားကုန်သုံးပြီး ကျောက်ပြားကို မကာ ဘေးဘက်ကိုတွန်းထုတ်ပစ်လိုက်သည်။ 


ဖျော့တော့တော့လင်းလက်နေသော ငွေအိုရောင်သမ်းတဲ့ လရဲ့အလင်းရောင်က ဘုရားကျောင်းရဲ့ ထွက်ပေါက်ဆီကနေ Fletcher ကိုယ်ပေါ်ကို ထိုးကျလာခဲ့သည်။ သို့မှသာ သူလည်း အသက်ဝဝ ရှိုက်သွင်းလိုက်တော့သည်။ သူခဏနားနေရင်းနဲ့ ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးမိလိုက်တယ်။ သူ Berdon ဆီကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရောက်အောင်ပြန်မှ ဖြစ်မည်။ Berdon သာဆိုရင်တော့ ဘာဆက်လုပ်ရမလဲ သိမှာပဲ။ 


လရောင်ကိုအသုံးပြုကာ အမှောင်ထုကို သူဖြတ်ပြေးခဲ့တယ်။ Didric ကို သယ်ပြီး သူ့နောက်ကိုလိုက်လာတဲ့ ဟို၂ယောက်လည်း သူနဲ့သိပ်ဝေးမှာ မဟုတ်လောက်ဘူး။ သူတို့ဂိတ်စောင့်တွေကို အော်မပြောခင် အချိန် ၁၀ မိနစ်လောက်တော့ရမည်။ ဂိတ်စောင့်တွေသာ သူ့တို့လူတစ်ယောက် အတိုက်ခိုက်ခံရမှန်းသိသွားတာနဲ့ သူ့အတွက် တရားခွင်ရောက်တဲ့ထိအောင် အသက်ရှင်ခွင့်ရမည်မထင်၊ တရားခွင်ထိရောက်ခဲ့တယ် ဆိုရင်တောင်မှ Caspar ရဲ့ အဆက်အသွယ်နဲ့ အခွင့်အာဏာကြောင့် သူ့ဘက်ကို မျှမျှတတ ဆုံးဖြတ်ပေးမယ့်သူ ရှိမည်မဟုတ်ချေ။ 


ရွာတစ်ခုလုံး အမှောင်ရိပ်ထဲမှာ တိတ်ဆိတ်နေပြီး လူတိုင်းအိပ်မောကျနေချိန်ဖြစ်သည်။ ဂိတ်တံခါးပေါက်ကိုရောက်တော့ စောင့်မယ့်သူရှိမနေတဲ့ ဂိတ်တဲကိုကြည့်ပြီး သူအရမ်းဝမ်းသာသွားတယ်။ ဒီညတာဝန်ကျတဲ့ ဂိတ်စောင့်က တာဝန်ကျရာမနေပဲ သူ့ကိုဖမ်းဖို့လိုက်လာခဲ့ပုံပေါ်တယ်။ 


ဖိုဆီပြန်ရောက်တော့ ဖိုထဲမှာ တောက်လောင်နေတဲ့ မီးခဲတွေက မီးခိုးငွေ့များဖြင့်ပြည့်နေခဲ့သည်။ Berdon က သူခိုးထွက်သွားတုန်းကအတိုင်းပဲ ကုလားထိုင်ပေါ်မှာ မလှုပ်မယှက်အိပ်ပျော်နေခဲ့သည်။ 


အချိန်ဖြုန်းလို့မဖြစ်ဘူး သူဒီကနေထွက်ပြေးမှ ဖြစ်တော့မည်။ Pelt မြို့ကနေထွက်သွားရမည်ဆိုတဲ့ အတွေးကပင် သူ့နှလုံးသားတွေ ကွဲကြေသွားသလို နာကျင်ရသည်။ ကိုယ့်မြို့ကထွက်ပြီး တခြားအရပ်မှာ တစ်မြို့ဝင် တစ်မြို့ထွက်ဖြင့် အပိုင်းအစတွေတောင်းရင်း ဖြတ်သန်းရတော့မည့် သူ့ရှေ့အနာဂတ်ကိုလဲ သူမြင်ယောင်လာသည်။ သူ့အတွေးတွေကို ပိတ်ချပစ်လိုက်သည်။ တစ်ကြိမ်တစ်ခါတော့ ဒါမျိုးအဖြစ်ကြုံနိုင်တာပဲ မဟုတ်လား။ 


လေးလံတဲ့ စိတ်အစုံနဲ့ပဲ သူ Berdon ကို လှုပ်နိုးလိုက်တယ်။ 


“ဘာလဲကွ?” သူကအိပ်နေရင်းကနေ Fletcher လက်ကို ပုတ်ထုတ်လိုက်တယ်။ “ငါအိပ်နေတယ်လေကွာ၊ မနက်ကျမှလာနှိုးချေ” Fletcher သူ့ကို ခပ်ကြမ်းကြမ်းထပ်လှုပ်နှိုးလိုက်တယ်။ 


“ထတော့ Berdon, ကျွန်တော့ ခင်ဗျားအကူအညီလိုနေပြီ။ ကျွန်တော့်မှာ အချိန်လဲသိပ်မရှိတော့ဘူး” Fletcher ကပြောတယ်။ “လာပါဗျာ”


Berdon ထလာခဲ့ပြီး Fletcher ပုခုံးပေါ်ကနေ ရင်ဘတ်ပေါ်ကိုပြုတ်ကျလာတဲ့ အကောင်ငယ်လေးကို စပ်စုလိုက်တယ်။ 


“ဒါဘာကောင်လဲဟ” သူကဝေးနိုင်သမျှ ဝေးဝေးကနေရင်း အော်လိုက်တယ်။ နတ်ဆိုးကောင်က အော်ပြီး Berdon ရဲ့မုတ်ဆိတ်မွှေးတွေကို ဆွဲညှစ်လိုက်တယ်။ 


“ပြောရမှာတော့ အရှည်ကြီးပဲ ဒါပေမယ့် ကျွန်တော်အမြန်ရှင်းပြမယ် ကျွန်တော်ဒီမြို့ကနေ ခဏဖြစ်ဖြစ် ထွက်သွားမှရမယ်” Fletcher က နတ်ဆိုးကောင်လေးကို သူ့ပုခုံးဆီ ပြန်တင်လိုက်ပြီး အကောင်လေးက သူ့လည်ပင်းမှာ ရစ်ခွေနေလိုက်တယ်။ 


သူက အသေးစိတ်တွေကိုချန်ထားခဲ့ပြီး Berdon နားလည်ရမယ့် အချက်အလက်တွေကိုတော့ သေချာမကျန်အောင် အမြန်နည်းနဲ့ရှင်းပြလိုက်တယ်။ 


ပြန်ပြောပြနေရင်းနဲ့ပဲ လူအများမြင်သာမယ့် ရွာလယ်လမ်းမကနေ ဖြတ်ပြန်လာခဲ့တဲ့ သူ့ရဲ့မိုက်မဲမှုကို သူပြန်တွေးမိသွားတယ်။ သူက Berdon ကိုပြောပြပြီးတာနဲ့ သစ်သားနံရံဘက် မျက်နှာချင်းဆိုင်ကာ ရှက်ရွံ့စွာနဲ့ ကပ်မှီနေလိုက်တယ်။ Berdon က မီးတုတ်ထွန်းပြီး သားရေအိတ်တစ်လုံးနဲ့ ပစ္စည်းတွေ ထည့်နေခဲ့တယ်။ Berdon ဆီက မေးခွန်းတစ်ခုပဲ ထွက်လာခဲ့တယ်။ 


“အဲ့ကောင် သေသွားပြီလား?” သူက Fletcher မျက်လုံးကို တည့်တည့်ကြည့်ပြီး မေးတယ်။


“ကျွန် … ကျွန်တော် မပြောတတ်ဘူး။ သူ့ခေါင်းတော့ တော်တော်လေးထိသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့မျက်နှာကလည်း စိုးစိုးဝါးဝါး မီးလောင်သွားတော့ ဟိုကောင်တွေက ကျွန်တော် Didric ကို သင်္ချိုင်းကိုမြှားခေါ်ပြီး မီးတုတ်နဲ့ မီးရှို့သတ်ဖို့လုပ်တာပါလို့ ပြောကြမှာသေချာတယ်။ ကျွန်တော် ခင်ဗျားကို စိတ်ပျက်အောင်လုပ်မိပြီ Berdon, ကျွန်တော်က တကယ့်အရူးတစ်ယောက်ပါပဲ” Fletcher ငိုကြွေးခဲ့တယ်။ မျက်ရည်တွေနဲ့ ပြည့်နေတဲ့ သူ့မျက်လုံးက Berdon ပေးလာတဲ့ ဓားကိုကြည့်ရင်း ပြူးကျယ်သွားတယ်။ ဒီဓားက သူရှေ့တန်းကို သွားသွားပို့နေရတဲ့ ဓားတွေနဲ့ အတူတူပဲ။ သူ့လက်ထဲကစာအုပ်ကိုကြည့်ကာ သူသာ ဒီစာအုပ်ကို ဘယ်တုန်းကမှ မစွဲလမ်းမိခဲ့ရင် ကောင်းမှာပဲဆိုပြီး တွေးလိုက်တယ်။ သူ့နှလုံးသားက စိတ်ပျက်အားငယ်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ လူကြီးက သူ့ရဲ့ပုခုံးနှစ်ဘက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တော့ ပုခုံးပေါ်က နတ်ဆိုးကောင် အောက်ပြုတ်ကျသွားတယ်။ 

“Fletcher , ငါမင်းကို ဒီစကားတွေ တစ်ခါမှ မပြောခဲ့ဖူးပေမယ်၊ မင်းက ငါ့ရဲ့ အလုပ်သင်လက်ထောက် တစ်ယောက်လဲမဟုတ်သလို ငါ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလဲ ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး။ သွေးသားမတော်စပ်ပေမယ့် မင်းကငါ့အတွက်တော့ သားအရင်းတစ်ယောက်ပါပဲ။ ငါမင်းအတွက် အရမ်းဂုဏ်ယူတယ်၊ ဒီနေ့ညမင်းလုပ်ခဲ့တာအတွက်ကို ငါဂုဏ်အယူဆုံးပဲ၊ မင်းခြေထောက်ပေါ် မင်းရပ်တည်ပြီး ရင်ဆိုင်ခဲ့တာ၊ ဒီ့အတွက် မင်းဘာကိုမှ ရှက်ကြောက်နေစရာ မလိုဘူး Fletcher” သူက Fletcher ကို သူ့ရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်ကြီးနဲ့ ပွေ့လိုက်ပြီး Fletcher မျက်နှာကို သူ့ပခုံးပေါ်တင်ကာ ဖက်လိုက်တယ်။ 


“ငါ့မှာမင်းအတွက် လက်ဆောင်တစ်ခုရှိတယ်” Berdon စီးကျလာတဲ့ သူ့မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး ပြောတယ်။ သူ့အခန်းထဲကိုဝင်သွားပြီး လက်ထဲမှာ အထုပ်ကြီး ၂ထုပ် ကိုင်ကာ ပြန်ထွက်လာတယ်။ ဒါတွေကို Fletcher လက်ထဲထည့်ပြီး အားတင်းပြီး ပြုံးပြရှာတယ်။ 


“မင်းရဲ့ ၁၆နှစ်ပြည့်မွေးနေ့မှ ပေးမလို့ပြင်ထားခဲ့တာ ဒါပေမယ့် အခုပေးလိုက်တာက ပိုကောင်းမယ် ထင်ပါတယ်၊ ဒါတွေကို ဒီကနေအဝေးရောက်သွားမှ ဖွင့်ကြည့်နော်၊ oh ပြီးတော့ မင်းအတွက် အကာအကွယ်တခုလည်း လိုလိမ့်မယ်၊ ရော့ ဒါကိုယူသွား” 


အဝေးကနံရံတစ်ခုမှာ ထောင်ထားတဲ့လက်နက်တစ်ခုဖြစ်သည်။ Berdon က ရှားပါးပစ္စည်းတွေပဲ သိမ်းထားတဲ့နေရာကနေ ဓားကောက်တစ်ချောင်းကို ရွေးလိုက်ပြီး မီးရောင်အောက်မှာ ကိုင်မြှောက်လိုက်တယ်။ 


ဒါ Fletcher တောင် တစ်ခါမှ မမြင်ဖူးတဲ့ ဓားမျိုးပဲ။ ဓားရဲ့ ပထမ ၃ပုံ၁ပုံလောက်ကတော့ ပုံမှန်ဓားများနှင့် ပုံစံတူဖြစ်ပြီး ၄လက်မလောက်ထူသော ချွန်မျနေတဲ့ သံမဏိသားပေါ်မှာ သားရေကြိုးများတပ်ဆင်ထားသည်။ ဓားရဲ့ကျန်ရှိနေတဲ့ အပိုင်းမှာ လခြမ်းပုံသဏ္ဍန်ရှိပြီး ချွန်ထက်နေတဲ့ ထိပ်ဖျားပိုင်းမှာ တစ်ဖန်ပြန်လည်ကွေးထားသေးသည်။ 


“မင်းကဓားရေးလဲ လေ့ကျင့်ဖူးတာမဟုတ်ဘူး အကယ်၍ မင်းလမ်းမှာ ဒုက္ခရောက်ခဲ့ရင်… အာ... ဒီအကြောင်းတွေ ခဏမတွေးနဲ့ဦး။ ဒီဓားကောက်က ထက်တယ်၊ ရိုင်းတယ်၊ ဒါနဲ့ဘယ်လိုတိုက်ရလဲ သူတို့ သိကြမှာမဟုတ်ဘူး၊ ဂိတ်စောင့်တွေရဲ့ ဓားတွေကို ဒီဓားကောက်ရဲ့ အကွေးထိပ်နဲ့ ဆွဲယူပြီး ပိတ်ဆို့ပစ်လို့ရတယ်။ ပြီးတာနဲ့ သူတို့ရဲ့ အနောက်ကိုကျော်ထွက်ပြီး ဝင်တိုက်လို့ရတယ်။ ဓားနဲ့ထိုးခုတ်မယ်ဆိုလည်း အရှည်က အနေတော်ပဲ ဒါ့ကြောင့် ထိုးခုတ်ပြီး တိုက်ဖို့ကိုလဲ ဝန်မလေးနဲ့နော်” Berdon က ဓားကောက်ကို အပေါ်ဆွဲ အောက်ချဖြင့် သူ့ကို သရုပ်ပြပေးနေခဲ့သည်။ 


“ဓားရဲ့အပြင်ဘက်အကွေးကိုလည်း ပုဆိန်ခေါင်းလိုပဲ ကွေးထားတယ်၊ ဒီဓားက တခြားဓားတွေနဲ့ မတူပဲ ပိုသာ ပိုကောင်းပြီး မင်းသစ်ပင်တစ်ပင်လုံးကို ခုတ်လှဲပစ်လို့လဲရသလို ဒိုင်းကာတွေကိုလဲ ပိုင်းပစ်လို့ရတယ်။ လူတစ်ယောက်ရဲ့ ခေါင်းကို နောက်ပြန်ဖြတ်ချပစ်လို့လဲ ရတယ်” သူက ဓားကိုနောက်က သားရေအိတ်နဲ့အတူ Fletcher လက်ထဲ လွှဲပြောင်းပေးလိုက်တယ်။ 


“ဓားကို စိုထိုင်းတဲ့နေရာတွေနဲ့ ဆီပေမယ့်နေရာတွေရဲ့ အဝေးမှာထား၊ သူ့ပုံစံက တခြားဓားတွေနဲ့ မတူတော့ ပုံမှန်ဓားအိမ်နဲ့တော့ အဆင်ပြေမှာမဟုတ်ဘူး၊ မင်းအခွင့်ကြုံခဲ့ရင် အသစ်တစ်ခုလုပ်မှ ရမယ်၊ ပန်းပဲသမားတွေနဲ့ တွေ့ခဲ့ရင် ဒီဓားက Khopesh ဓားလို့ပြောလိုက်ရင် သူတို့သိတယ်။ ဒီဓားမျိုးကုန်သွယ်တဲ့ နေရာတွေမှာဆိုရင် လုပ်ပေးမယ့်သူရှိလိမ့်မယ်” Berdon ကပြောတယ်။ 


“ကျေးဇူးတင်ပါတယ်၊ ကျွန်တော်မှာတဲ့ အတိုင်းလုပ်ပါမယ်” Fletcher က သားရေအိတ်ကို ကိုင်ဆွဲရင်း ကျေးဇူးတင်ဝမ်းမြောက်စွာနဲ့ ပြောတယ်။  


“နတ်ဆိုးကောင်ကိုတော့ မင်းဖွက်ထားမှရမယ်” Berdon က အကောင်လေးရဲ့ ပယင်းရောင်တောက်နေတဲ့ မျက်လုံးတွေကို ကြည့်ရင်းပြောတယ်။ “မင်းကိုတော်ဝင်သွေးတွေလို ဖြတ်သွားခွင့်ပေးမှာလဲ မဟုတ်သလို အဲ့လို သွားဖို့လဲ မသင့်ဘူး။ Didric အကြောင်း လူတွေမသိခဲ့ဘူးဆိုရင်တောင်မှ လမ်းမှာ လူစိတ်ဝင်စားခံရအောင်မနေတာ အကောင်းဆုံးပဲ” 


Fletcher က နတ်ဆိုးကောင်ကို သူ့လက်မောင်းဆီ ပွေ့ယူလိုက်ပြီး ဒီပြောစကားနားမထောင်တဲ့ အကောင်လေးကို လူမမြင်အောင်ဘယ်လိုများ ဖွက်ရပါ့မလဲ တွေးနေမိတယ်။ 


ထိုစဥ် ရွာထဲမှခေါင်းလောင်းသံတွေ ရုတ်တရက်ထွက်ပေါ်လာပြီး လမ်းမပေါ်မှာ ကြေးစည်သံတွေနဲ့ တုန်ခါလာသည်။ ခေါင်းလောင်းသံတွေကြားထဲကပဲ အော်ဟစ်ပြီး တက်လာတဲ့ အဝေးကလူသံတွေကို Fletcher ကြားနေရတယ်။ 


“မင်းသွားတော့၊ Eleven ရှေ့တန်းဘက်ကိုမပြေးနဲ့ သူတို့က မင်းသေချာပေါက် အဲ့ဘက်ကိုပြေးမယ်လို့ ထင်မှာပဲ။ တောင်ဘက် Corcillum ဆီကို ပြေး။ ငါ ဖိုတံခါးကို တားထားပြီး မင်းဒီထဲမှာပဲ ရှိနေသေးသယောင် လုပ်ထားလိုက်မယ်၊ ငါတတ်နိုင်သလောက် အချိန်ဆွဲထားပေးမယ်” Berdon ကပြောရင်း ဖိုရဲ့အပြင်ဘက် အေးစက်နေတဲ့ လေထုထဲကို တွန်းထုတ်လိုက်တယ်။ 


“နှုတ်ဆက်ပါတယ် ငါ့သား”


Fletcher ရဲ့ သူငယ်ချင်းလဲဟုတ်၊ နည်းပြဆရာဆိုလဲဟုတ်၊ အဖေတစ်ယောက်လဲဖြစ်တဲ့ Berdon နဲ့ နောက်ဆုံးအကြည့်တစ်ချက်ဆုံပြီးနောက်မှာပဲ တံခါးပေါက်ကပိတ်သွားခဲ့ပြီး ကမ္ဘာလောကကြီးအလယ်မှာ သူရယ် သူ့လည်ပင်းပေါ်မှာ ပတ်ခွေနေတဲ့ သတ္တဝါတစ်ကောင်ရယ် နှစ်‌ယောက်သာ ကျန်ရစ်တော့သည်။ သူဟာ အိမ်ပြေးလေးတစ်ယောက်ပေါ့။ 


~~~~~


rate now: