book

Index 11

အပိုင်း ၁၁။

  • Author : Chan Chan
  • Genres : Adventure
  • Original Author : Taran Matharu

Fletcher က ထရပ်လိုက်ကာ သူ့ပုခုံးကိုလှုပ်ခါလိုက်ပြီး အကောင်လေးကိုတော့ မြေကြီးပေါ်ကို ပစ်ချလိုက်တယ်။ နတ်ဆိုးကောင်က အော်ဟစ်ပြီး အုတ်ဂူမှတ်တိုင်အောက်ထောင့်နားကို တိုးဝင်ပြီး ကပ်နေလိုက်တယ်။ 


“အဲ့နားက Fletcher, မင်းလား?” Didric ကအမှောင်ထဲကို စမ်းတဝါးဝါးကြည့်ရင်း မေးလိုက်တယ်။ သင်္ချိုင်းမြေတစ်ခုလုံးမှာ ဝင်ပေါက်နေရတစ်ခုပဲ လရောင်နဲ့လင်းနေတာဖြစ်တာမို့ Fletcher ပုံက အမှောင်ထုထဲက အရိပ်လိုဖြစ်နေသည်။ Didric က သူ့ဆီကိုလျှောက်သွားလိုက်တယ်။ 


“မင်းဘာလုိချင်လို့လဲ Didric, မင်းအိပ်ချိန်တွေတောင် ကျော်နေပြီထင်တယ်နော်?”  Fletcher မေးလိုက်တယ်။ Didric သူ့နားရောက်လာပြီး ခုနကအသံကို စစ်ဆေးမှာထက်စာရင် သူ့ဘက်အရင် အသံပေးလိုက်တာက ပိုကောင်းမယ်လို့ သူတွေးလိုက်တယ်။ ဒါမှ သူ့နဲ့ Didric ကြားမှာ အုတ်ဂူမှတ်တိုင်တွေနဲ့ ခြားနေမှာ မဟုတ်လား။ 


“ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့ကောင်က ဒီမှာပဲကွ” Didric က သူ့လူတွေကို ခေါ်ထုတ်လိုက်တယ်။ Jakov နဲ့ Calista က သူ့နောက်မှာ ရောက်နေပြီးဖြစ်သည်။ သူတို့ရဲ့ တောက်ပြောင်နေတဲ့ အမည်းရောင်ဝတ်စုံတွေက သင်္ချိုင်းမြေက လရောင်နဲ့ အလင်းပြန်နေတော့ သူတို့ရဲ့ တည်နေရာကိုသိနိုင်ဖို့ Fletcher အတွက် အခွင့်သာနေခဲ့တယ်။ 


“ထောင်ချောက်ထဲမိနေတဲ့ ကြွက်လိုပဲ” Didric က သူ့အဖြစ်ကိုအားရကျေနပ်စွာပဲ ပြောတယ်။ “မင်းခုတော့ ဉာဏ်မများနိုင်တော့ဘူးပေါ့ Fletchy” 


“သြော် မင်းနဲ့အတူ မင်းရဲ့ ကလေးထိန်း၂ယောက်ပါလာတာကိုး…” Fletcher က ဒီအခြေအနေကနေ လွတ်မြောက်ဖို့ အကြံထုတ်နေရင်း ပြန်ပြောတယ်။ “၃ယောက် ၁ယောက်ပေါ့လေ၊ မင်းယောကျ်ားဆိုရင် ငါနဲ့ တစ်ယောက်ချင်း ယှဥ်တိုက်ပါလား? Oh နေဦး နေဦး၊ ငါတို့တစ်ယောက်ချင်းလဲ တိုက်ပြီးပြီလေ” 


“မင်းပါးစပ်ပိတ်ထားစမ်း” Didric ထအော်ကာ “ခွေးကောင် မင်းလိုကောင်က ငါ့ကိုထိုးခဲ့တာလေ၊ အဲ့တုန်းက မင်းသာ မျှမျှတတ တိုက်ခဲ့ရင် ခုချိန်မင်းငါ့လက်ချက်နဲ့ သေလုမျောပါးဖြစ်နေလောက်ပြီ သိလား” မာနထိခိုက်သွားသဖြင့် သူ့အသံက ဒေါသဖြင့်တုန်ယီနေခဲ့တယ်။ ဒီကနေ ထွက်နိုင်ဖို့ဆိုတာ ဒီကောင်နဲ့ တစ်ယောက်ချင်းချဖို့ စိန်ခေါ်ဖို့ နည်းတစ်လမ်းပဲ ရှိတယ်ဆိုတာ Fletcher သိတယ်။ 


“ဒါဆိုငါနဲ့ ခုလာတိုက်လေ၊ Jakov နဲ့ Calista ကို မင်းဘယ်လိုချလဲ မြင်အောင်ပြလိုက်လေ” Flatcher က လက်သီးရွယ်ပြီး ရှေ့တလှမ်းတိုးလိုက်တယ်? ခဏတော့ တိတ်ဆိတ်သွားကြတယ်။ 


“Oh Fletcher ရယ် မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ ငါသိတာပေါ့၊ ဒါမဲ့ ဒီညတော့ ငါမင်းနဲ့တိုက်မှာ မဟုတ်ဘူး” သူ့ရဲ့ရယ်သံကြီးက သင်္ချိုင်းတစ်ခုလုံး ပဲ့တင်ထပ်သွားပြီး Fletcher တစ်ယောက်ကျောချမ်းသွားသည်။  


“ကောင်းပြီလေ မင်းငါနဲ့မတိုက်ဘူးဆိုလည်း မြန်မြန်လေးလက်စသတ်ပြီး ကိစ္စရှင်းရအောင် ငါ့မှာတခြားလုပ်စရာတွေရှိသေးတယ်” Fletcher က Didric ရဲ့ရယ်သံတွေ လွှမ်းနေတုန်း ပြောလိုက်ပြီး ကျောက်ခဲတစ်တုံးကောက်ယူကာ ဝင်ပေါက်ဆီ အကွာအဝေးကို တွက်ချက်ဖို့ သူ့လက်နဲ့ အသာလေးပစ်လိုက်တယ်။ သင်္ချိုင်းအပြင်ဘက် စွန့်ပစ်ထားတဲ့ ဘုရားကျောင်းနောက်မှာ မြေအောက်ဝင်ပေါက်နောက်တစ်ခု ရှိသေးတာသူသိသည်။ အကယ်၍ အဲ့ဝင်ပေါက်နားရောက်အောင်သွားပြီး ဖွင့်နိုင်ခဲ့ရင် ဒီကနေလွတ်မြောက်နိုင်မည်ဖြစ်သည်။ ဝင်ပေါက်နားမှာ ကျောက်ပြားကြီးတစ်ချပ်နဲ့ ပိတ်ထားပြီး အက်ကွဲကြောင်းတစ်လျှောက်မှ လေတိုးလာတာကို သူခံစားလိုက်ရသည်။  ဒီအကွာအဝေးကနေ ပိတ်ထားတဲ့ ကျောက်ပြားဖုံးကို ဖွင့်ဖို့ အနည်းငယ်ကြာနိုင်ပေမယ့် ဘယ်သူမှသတိမထားမိအောင် ဖြည်းဖြည်းချင်းလုပ်မှရမည်။ Didric က သူ့အသံကိုသူသဘောကျနေတာလဲ ကောင်းတဲ့အချက်ပဲ။ 


Jakov နဲ့ Calista ကပါလိုက်ရယ်နေတော့ Fletcher အတွက် ကျောက်ပြားကို ဖယ်ထုတ်ဖို့ အာရုံစိုက်ရန်လွယ်ကူခဲ့ပေမယ့် ကျောက်တုံးပေါ်ကျောက်တုံး ဆင့်နေတာတွေကြောင့် ဖယ်ရခက်နေပြီး သူထင်တာထက် ကြာနေခဲ့တယ်။ 


“အရူးကောင် ငါတို့ကမင်းကို ရိုက်ဖို့အတွက်ဒီကိုလာတာမှ မဟုတ်တာ” Didric ပြောရင်းအရယ်လွန်ပြီး သူ့အရှိန်သူအနိုင်နိုင်သတ်နေရသည်။ “မဟုတ်ဘူး မင်းမှားနေပြီ၊ ငါတို့ကမင်းကို သတ်ဖို့လာတာ Fletcher, မင်းဒီည သင်္ချိုင်းကိုလာဖို့ ‌ရွေးလိုက်တာ ဘယ်လောက်ကောင်းလဲ၊ မင်းကိုသတ်ပြီး အလောင်းဖျောက်ဖို့ဆိုတာ အလွယ်လေးပဲ” 


သူတို့ရဲ့ ဓားအိမ်ထဲကဓားတွေ ထုတ်သံကြားတော့ Fletcher တစ်ကိုယ်လုံးအေးစက်သွားတော့သည်။ သူက အံကိုကျိတ်ကာ နောက်ထပ်ကျောက်တုံးတစ်တုံးကို ရွှေ့ဖို့လုပ်တယ်။ ဒီဟာသာရွှေ့နိုင်ရင် ဖွင့်လို့ရနိုင်မှာဖြစ်ပေမယ့် သူ့အတွက် အချိန်ကမလောက်။ 


“ငါ့ကို သတ်ဖို့ ဟုတ်လား? Pinkertons တွေ မြို့ထဲမှာရှိနေတာတောင်မှလေ? မင်းက ငါထင်ထားတာထက်ကို ပိုဦးနှောက်မရှိတာပဲ။ ငါဒီကို ထွက်လာတယ်ဆိုတာ Berdon သိပြီးသား၊ အကယ်၍ ငါသာအိမ်ပြန်မလာခဲ့ရင် သူ Pinkertons တွေဆီသွားတိုင်မှာ အသေအချာပဲ” သူကလျှောက်ပြောလိုက်တယ်။ ဒါပေမယ့်လည်း Didric က သူပြောသမျှကို လျစ်လျူရှုပြီး ရှေ့ဆက်တိုးလာနေတယ်။ 


Fletcher က ထပ်ကြိုးစားပြန်တယ်။ “ငါတို့မနေ့ညက ရန်ဖြစ်ထားတာကို တစ်ရွာလုံးကလဲ မြင်ပြီးသား။ ဘာလဲ မင်းက မင်းရဲ့လက်ကျန်ဘဝကြီးကို လွန်ခဲ့တဲ့ ၂ရက်က စကားများခဲ့တာလေး တစ်ခုအတွက်နဲ့ ထောင်ထဲမှာပဲ အချိန်ကုန်ချင်တယ်ပေါ့လေ?” 


သူက ကျောက်တုံးကို နည်းနည်းထပ်ရွှေ့ရင်း ကျောက်တုံးသံမကြားရအောင် စကားသံကိုကျယ်ကျယ် အော်ပြောလိုက်တယ်။ Didric က ရပ်သွားပြီး ရယ်ပြန်တယ်။ 


“Oh Fletcher ရယ် ငါ့ရဲ့ ချစ်လှစွာသောအဖေက Pinkertons တွေကို သူ့လက်ခုပ်ထဲ ထည့်ထားပြီးပြီကွ” Didric က Pinkertons တွေနဲ့ပတ်သက်ပြီး လုံးဝစိတ်မပူသလိုပြောလိုက်တယ်။ “သူတို့က တခြားသူတစ်ယောက်ဆိုရင်သာ ဖမ်းချင်ဖမ်းလိမ့်မယ် သူတို့ရဲ့ စီးပွားရေးပါတနာအသစ်ရဲ့ သားကိုတော့ ဖမ်းမှာမဟုတ်ဘူးကွ” Fletcher ခဏစဥ်းစားလိုက်တယ်။ စီးပွားရေးပါတနာ? ဒီကောင်ဘာအကြောင်းကိုပြောနေတာလဲ? 


“ညစာစားပွဲအပြီး ခဏအကြာမှာ ဘာတွေဆက်ဖြစ်ကြလဲဆိုတာ မင်းကိုငါပြောပြမယ် ဒါမှ မင်းခုရပ်နေတဲ့မြေပေါ်က မင်းသိပ်တန်ဖိုးထားတဲ့ရွာမှာ ဘာတွေဖြစ်လာတော့မှာလဲဆိုတာ မင်းသိမှာ” Didric က Fletcher ကိုဖမ်းဖို့ သူ့ကိုကျော်သွားတဲ့ Jakov နဲ့ Calista ကို လက်နဲ့လှမ်းတားလိုက်တယ်။ “ဘာ့ကြောင့် ငါ့နားမှာကပ်နေရင် မင်းတို့ရှေ့ရေးကောင်းလာဖို့ပဲရှိတယ်ဆိုတာကို သိရအောင် မင်းတို့လဲနားထောင်ထားကြ” 


“ပြောလေ၊ ငါနားလည်အောင် ပြောစမ်းပါဦး” Fletcher က အောက်ကကျောက်ပြားကိုလဲ တွန်းရင်းပြောတယ်။ ကျောက်ပြားအောက်က အက်ကွဲကြောင်းနောက်မှာ နေရာလွတ်တစ်ခုရှိနေပြီး ပုပ်သိုးနေတဲ့ လေတွေက သူ့နှာခေါင်းထဲတိုးဝင်လာတယ်။ 


“မင်း ဟိုလူလိမ်စစ်သားကြီးဆီကနေ ရာဇဝတ်သားတွေကို အဓမ္မစစ်မှုထမ်းခိုင်းမယ်ဆိုတဲ့အကြောင်း ကြားပြီးလောက်ပြီ ထင်တယ်။ ဒါကငါ့အမြင်မှာလဲ မကောင်းတဲ့အကြံတစ်ခုပဲ၊ ဒါပေမယ့် တခြားသူတွေက ဒါကို မိုက်မဲတယ်လို့တွေးနေချိန်မှာ ငါ့အဖေကတော့ အခွင့်အလမ်းကောင်းတစ်ခုလို့မြင်တယ်”  Didric က သူ့ဓားကိုကိုင်မြှောက်ရင်း ဝံ့ကြွားစွာပြောတယ်။ “အကျဥ်းသားတွေအားလုံးကို Eleven ရှေ့တန်းဆီသွားတဲ့ လမ်းတစ်လျှောက် တစ်နေ့ခင်းလုံး ပြောင်းရွှေ့ခိုင်းပြီး ညဘက်ရောက်ရင် လုံခြုံရေးမြင့်တဲ့ မြို့တွေမှာနားခိုင်းမယ်၊ အဲ့နှုန်းနဲ့သွားမှ Eleven ရှေ့တန်းမရောက်ခင် ၂ရက်အလိုလောက်မှာ Boreas တောင်တန်းတွေ့ရဲ့  မြောက်ပိုင်းမြို့တွေဆီ မြန်မြန်ရောက်မှာလေ၊ ဒီကြားထဲ သူတို့တောထဲမှာလဲ စခန်းချနားလို့ ရမှာမဟုတ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့နားနေတုန်း လုယက်သူတွေ ချုံခိုတိုက်လာခဲ့ရင် အကျဥ်းသားတွေလွတ်သွားမှာစိုးလို့ပေါ့။ အဲ့လိုဆိုပြီးလဲ အကျဥ်းသားတွေကို ဖမ်းပြီးထိန်းထားဖို့အတွက်ကလဲ အကျဥ်းထောင်တွေက မရှိပြန်ဘူး။ ဒါပေမယ့် အဲ့ဒီ့ Boreas တောင်တန်းတွေနဲ့ ရှေ့တန်းခံတပ်ရဲ့ ကြားထဲမှာ ဘာရှိနေလဲ မင်းသိလား ? ငါတို့ရဲ့ အေးဆေးငြိမ်သက်နေတဲ့ Pelt မြို့ပေါ့ကွ” 


Fletcher က Didric ဟိတ်ကြီးဟန်ကြီးလုပ်ပြောနေတဲ့ လေသံကိုမကြိုက်သော်လဲ သူ့အသက်က ဒီကောင့်ရဲ့အပြောပေါ်မူတည်နေတော့ ဘာမှမပြောသာ။ 


“အဲ့ဒီ့တော့ဘာဖြစ်လဲ? သူတို့ဒီမှာနေလို့မှ မဖြစ်နိုင်တာ၊ ဒီမြို့က ကျဥ်းကျဥ်းလေးကို၊ အဲ့တော့ မင်းအိမ်ကလွတ်တဲ့နေရာမှာ တင်ခေါ်ထားမလို့လား?” Fletcher ကပြောလိုက်တယ်။ တစ်ဖက်က ကျောက်ပြားကိုရွှေ့နေခဲ့တာကလဲ အက်ကွဲကြောင်းထဲ လက်ထည့်လို့ရလောက်သည်အထိ အခြေနေကောင်းနေခဲ့ပြီ ဖြစ်သည်။ ဒီအဖုံးကိုတစ်ချက်တည်းဖယ်ပစ်ပြီး ငုံ့ဝင်သွားရင်ရနေပြီဖြစ်ပေမယ့် Didric လုံးဝသတိမထားမိတဲ့ အချိန်ကို စောင့်မှပဲရမည်။ 


“မင်းကတော့ အရေးကြီးတဲ့အချက်ကို လွတ်သွားပြန်ပြီ၊ မင်းလွဲဖြစ်အောင်လွဲမယ်လို့ ငါထင်တော့ထင်သားပဲ” Didric က ချဲ့ကားပြောလိုက်သေးသည်။ “ငါတို့က တစ်ရွာလုံးက ရစရာရှိတဲ့ အကြွေးတွေကို သိမ်းပစ်တဲ့အနေနဲ့ အိမ်တွေအကုန်လုံး သိမ်းပြီး အကျဥ်းထောင်အဖြစ်ပြောင်းပစ်တော့မှာကွ။ မင်းတွေးကြည့်လိုက်စမ်း ဇိမ်ခံဟိုတယ်တွေက စျေးနှုန်အတိုင်းလိုက်ကောက်ပြီး ကောက်ရိုးအိပ်ယာနဲ့ အရည်တစ်မျိုးပဲတိုက်မယ်၊ ပြီးရင်ညတိုင်းလဲ ဘိုကင်ကအပြည့်ဖြစ်နေဦးမှာ။ ကုန်ကျစရိတ်တွေအားလုံးအတွက်ကိုလဲ ဘုရင့်ဘဏ္ဍာတိုက်ကပဲ အကုန်အကျခံမှာဆိုတော့ ရလာမယ့် အကျိုးအမြတ်တွေကို စဥ်းစားကြည့်လိုက်ပါဦးကွာ။ ငါတို့ရဲ့ အလုပ်ပိုနေတဲ့ အစောင့်တွေကလည်း ထောင်စောင့်တွေဖြစ်လာပြီး အဝင်အထွက်စစ်ဆေး စောင့်ကျပ်တဲ့သူတွေဖြစ်လာဦးမှာ။ အကျဥ်းသားတွေထဲက ထွက်ပြေးချင်တဲ့သူတွေရှိရင်လည်း တောထဲမှာ လမ်းပျောက်ရင်ပျောက် မပျောက်ရင် ဝံပုလွေစာမိမှာပဲ။ ဒီတော့ Pinkertons တွေက ငါတို့နဲ့ သဘောတူစာချုပ်မှာတောင် လက်မှတ်ထိုးပြီးသွားပြီ။ တရားဥပဒေအရ အသိအမှတ်ပြု မဟုတ်ရင်တောင် ငါတို့ရဲ့အကျဥ်းထောင်က မြို့နဲ့ဝေးရာမှာရှိတဲ့ အလုံခြုံဆုံးသော အကျဥ်းထောင်ဖြစ်လာလိမ့်မယ်" 


စကားလုံးတွေကြားထဲ သူခတ္တခဏနစ်မြုပ်စွံ့အသွားတယ်။ နှစ်ရာချီသက်တမ်းရှိပြီဖြစ်တဲ့ မျိုးရိုးအစဥ်အဆက် ပိုင်ဆိုင်လာခဲ့ကြတဲ့ သူတို့ရဲ့ အမွေအနှစ်အိမ်တွေကို ထောင်အဖြစ်ပြောင်းပစ်ကြမယ်တဲ့လား။ မြို့သူမြို့သားတွေ ရထားတဲ့ ပစ္စည်းတွေထက် ပြန်ပေးရမယ့် အကြွေးက၁၀ဆမက များနေခဲ့တော့ ဘယ်သူကမှ အကျေပြန်မဆပ်နိုင်ခဲ့ကြဘူး။ ဒါကအတွေးနဲ့တင် တော်တော်ကို ကြောက်ဖို့ကောင်းလွန်းနေပြီ၊ ဒါပေမယ့်လည်း Casper သတိမထားမိတဲ့ အချက်တစ်ခုတော့ ရှိဦးမှာပဲဆိုပြီး Fletcher မျှော်လင့်ခဲ့မိတယ်။ 


“ဒါတွေက အလုပ်ဖြစ်မှာမဟုတ်ဘူး Didric, Eleven ခံတပ်က တပ်သားတွေထပ်လိုအပ်နေတာ မဟုတ်ဘူး။ သူတို့အတွက် ပင်စင်ယူမယ့်အချိန်ထိတိုင်အောင် လူစားလဲဖို့လူတွေ ပို့ထားပြီးသား။ ပြီး‌တော့ ပုံမှန်အခြေနေမှာတောင် Pelt မြို့ကို လာတဲ့သူမရှိတာ တောထဲစခန်းချဖို့အတွက်နဲ့ ဘယ်သူမှ တကူးတက ညဘက်ကြီး ခရီးသွားပြီးလာမှာမဟုတ်ဘူး” Fletcher က တစ်ချက်ခြင်းဆီထောက်ပြပြီး ပြောတယ်။ ကျောက်ပြားကလဲ သူတက်သွားလို့ရလောက်အောင် အဆင်ပြေနေပြီဖြစ်သည်။ သို့သော်လည်း သူက Didric ဆီက ရွာသားတွေရဲ့ အခြေအနေကို ပိုသိချင်သေးတာကြောင့် ခဏစောင့်နေလိုက်သည်။ သို့မှသာ သူရွာသားတွေကို သတိပေးလို့ရနိုင်မည် မဟုတ်လား။ 


“ဒီလိုကျတော့လဲ မင်းကသောက်ရူးတော့ မဟုတ်ဘူးပဲ Fletchy, ဒါပေမယ့်လည်း မင်းမှားနေသေးတယ်။ လုံးဝကိုမှားတယ်” Didric သူ့ပျက်လုံးကိုသူပြုံးရယ်လိုက်ပြီး ခြိမ်းခြောက်တဲ့ အနေနဲ့ ဓားကိုသူ့ဘက်တစ်ချက်လွှဲရမ်းလိုက်တယ်။ 

“မင်းသိလား၊ Eleven ခံတပ်က တပ်သားတွေအတွက် လေ့ကျင့်ဖို့နေရာကောင်းတစ်ခုပဲ။ အတွေ့အကြုံရှိတဲ့ စစ်သားတွေနဲ့အတူ ဒီလောက်လုံခြုံစိတ်ချရတဲ့နေရာမှာနေပြီး လေ့ကျင့်ရမှာ၊ တိုက်ပွဲအတွက် သူတို့အဆင်သင့်ဖြစ်တာနဲ့ တောင်ပိုင်းရှေ့တန်းကိုပို့ရုံပဲလေ။ မဟုတ်ဘူး Fletchy ဒီအစီအစဥ်က လုံးဝကိုပြီးပြည့်စုံတယ်။ သြော် ဒါနဲ့ မင်းကိုမပြောပြရသေးတဲ့ အရာတစ်ခုတော့ကျန်နေသေးတယ်၊ မင်းသိပြီးရင်တော့ သဘောကျမှာပါ” Didric က Fletcher ဆီက ဘာပြန်မေးလာမလဲ တစ်ချက်စောင့်လိုက်တယ်။ 


Fletcher ရင်ထိတ်သွားတယ်။ ဟုတ်တာပေါ့ အကျဥ်းသားတွေကို Orcတွေနဲ့တိုက်ဖို့ ‌ရှေ့တန်းတစ်ခါတည်း ပို့လိုက်မယ်ဆိုရင် အကုန်လုံးဗြောင်းဆန်ကုန်မှာပေါ့။ ဘုရင့်တပ်ကလဲ ရှေ့တန်းစစ်ပွဲရော လွတ်သွားတဲ့ ‌ထောင်နဲ့ချီတဲ့ အကျဥ်းသားတွေကိုရော တစ်ချီတည်း တိုက်နိုင်မှာမဟုတ်ဘူး။ အကယ်၍ အဓိကရုဏ်းဖြစ်ခဲ့ရင် စစ်သားတွေက စစ်မြေပြင်နှစ်ခုကို တပြိုင်တည်းတိုက်ရတော့မှာ။ ဒီတော့ တောင်ပိုင်းစစ်မြေပြင်မှာ စစ်ကူလိုနေတဲ့ Hominum တပ်တွေဆီ မပို့ခင် လူသစ်တွေကို တပ်သားသစ်စည်းကမ်းတွေကို စနစ်တကျ သင်ကြားပေးမှ ပိုအဆင်ပြေမည်။ 


“မင်းဘာပြောချင်တာလဲ Didric?” Fletcher က ရင်ဘတ်ထဲဗလောင်ဆူနေပြီး သူ့ဒေါသအရှိန်ကိုသူစိတ်ထဲက သိနေတယ်။  Didric တို့မိသားစုက ပိုးကောင်တွေလိုပဲ Pelt ရွာသားတွေရဲ့ဘဝကို ဂုတ်သွေးစုတ်နေခဲ့ကြပြီး ခုတော့ သူတို့ကိုယ်တိုင်ပါ ကူးစက်ခံနေရပြီဖြစ်သည်။ 


“Pinkertons တွေနဲ့ သဘောတူညီမှုမရခင် အချိန်လေးမှာပဲ ငါမင်းကိုသတိရသွားတာ Fletchy, မင်းနဲ့ မင်းရဲ့ ကြီးကျယ်မြင့်မြတ်ပါတယ်ဆိုတဲ့ ခေါင်းမာတဲ့ Berdon ရယ်ပေါ့။ လူသစ်တွေရောက်လာပြီဆိုရင် သူတို့တွေအတွက် လက်နက်အသစ်တွေက လိုလာမှာပဲလေ အဲ့တော့ အရမ်းကိုပြောင်မြောက်တဲ့ အကြံကောင်းတစ်ခု ငါ့အဖေကိုငါပေးလိုက်တယ်။ ရှေ့တန်းလက်နက်တိုက်က တပ်မှူးတွေကို ငါတို့ဆီကရောင်းတဲ့ လက်နက်တွေနဲ့ သံချပ်ကာတွေကိုပဲ ဝယ်ရမယ်ဆိုတဲ့ အချက်ကို ငါပြောလိုက်တာ Pinkertons တွေကလည်း ချက်ချင်းပဲ သဘောတူကြတယ်လေ။ ပြီးတော့ ဒီတစ်ပတ်အတွင်းပဲ Boreas ကနေ အမျိုးအစားကောင်းတဲ့ လက်နက်တွေတင်သွင်းပြီး စျေးကလည်း မင်းတို့ဆီကရောင်းတဲ့စျေးထက် ထက်ဝက်နှိမ့်ပြီးရောင်းဦးမှာ။ အဲ့တော့ ခေါင်းမာတဲ့ မင်းလူကြီးက မင်းအသက်ခံရတာကိုပါ ထပ်တွေ့ရဦးမယ်ဆိုရင် သူ့အတွက်က စိတ်မသက်သာစရာ အခြေအနေပဲပေါ့ကွာ။ ဘယ်သူသိမှာလဲ ငါတို့သူ့ကို အောက်ခြေလုပ်သား ကောင်လေးတစ်ယောက်အနေနဲ့ ပြန်လုပ်ခွင့်ပေးရင်ပေးမှာပေါ့၊ ပြီးတော့ သူကျွမ်းကျင်တာကလဲ ဒါပဲရှိတာမဟုတ်လား?” 


အမှောင်ထဲမှာတောင်မှ Didric ရဲ့စိတ်ကျေနပ်ပီတိဖြစ်နေတဲ့ အော်ဂလီဆန်တဲ့ မျက်နှာကြီးကို Fletcher မြင်နေရတယ်။ သူ့နှလုံးသွေးတွေလဲ Berdon ရဲ့ ဖိုထဲက မီးတွေလိုပဲ ဆူပွက်လာပြီး နားထဲမှာစီးဆင်းနေတဲ့ သွေးတွေက လောင်မြိုက်နေခဲ့တယ်။ မုန်းတီးမှုတွေက သူ့နှလုံးခုန်သံအချက်တိုင်းမှာ ထွက်ပေါ်လာပြီး တုန်ခါနေတယ်။ သူလူတစ်ယောက်ကို သတ်ချင်လောက်အောင် ဘယ်တုန်းကမှ မမုန်းတီးခဲ့ဖူးပေမယ့် ခုတော့ ဒီလိုဖိအားမျိုးကို သူခံစားနေရတယ်။ Didric လိုကောင်မျိုး သေမှပဲဖြစ်မယ်။ 


သူဒီလိုတွေးနေတဲ့အချိန်မှာပဲ နတ်ဆိုးကောင်နဲ့သူနဲ့ကြားက ခံစားချက်ကလည်း ပင့်ကူအိမ်နဲ့ဆက်နွယ်နေတဲ့ ချဉ်မျှင်တန်းတွေလိုမျိုး တစ်ဆက်တည်းဖြစ်နေခဲ့တယ်။ သူ့ရဲ့ အားပြင်းတဲ့ အမျက်ဒေါသက နတ်ဆိုးကောင်ရဲ့ ဝိဉာဥ်ဆီ စိမ့်ဝင်စီးဆင်းသွားသလိုမျိုး သူတို့နှစ်ယောက်ရဲ့ ခံစားချက်တွေက တူညီနေခဲ့တယ်။ Didric က သူတို့ကို ခြိမ်းခြောက်နေတဲ့ ဘုံရန်သူတစ်ယောက်ပဲ။ 


“မင်းမှာဘာမှပြောစရာစကား မရှိတော့ဘူးလား? Hm ဒါက ငါထင်ထားသလောက်လဲ စိတ်ကျေနပ်စရာမကောင်းပါလား” Didric က သက်ပြင်းချလိုက်ပြီး ဓားကိုမြှောက်ကာ ရှေ့တိုးလာခဲ့တယ်။ 


“ကောင်းပြီ၊ ဒီကောင့်ကို အပြတ်ရှင်းပစ်ကြရအောင်”


rate now: