book

Index 10

အပိုင်း ၁၀။

  • Author : Chan Chan
  • Genres : Adventure
  • Original Author : Taran Matharu

ရွာခေါင်းလောင်း ၃ချက်ထိုး၍ အရုဏ်တက်ချိန်သို့ရောက်ရှိလာပြီ ဖြစ်သည်။ Fletcher ကအေးလွန်း၍ ဖျားချင်သလို ဖြစ်လာပေမယ့်လည်း သူ့ကိုယ်ပေါ်မှာ အိပ်နေတဲ့ အကောင်လေးနိုးသွားမှာကို စိုးရိမ်နေမိသည်။ သူ့လည်ပင်းကိုပတ်ထားတဲ့ အမြှီးကို ဖြည်းဖြည်းချင်းရွှေ့လိုက်သော်လည်း အကောင်လေးက ပိုတိုးပြီး ရစ်ပတ်လိုက်တယ်။ ဒီနတ်ဆိုးကိုကြည့်ရတာ ရွာထဲက ကြောင်တွေနဲ့ပင် သဏန်တူနေသေးသည်။ နှင်းကျတဲ့ညတွေဆို ကြောင်တွေကအိမ်ထဲ တိုးဝင်လာတတ်ကာ သူ့ပေါင်ပေါ်မှာ လာအိပ်လေ့ရှိပြီး ပြန်မောင်းထုတ်လို့မရတော့သလိုပဲ နတ်ဆိုးကောင်လေးကလဲ သူ့အပိုင်နေရာလိုမျိုး အပိုင်စီးကာ အိပ်နေခဲ့တယ်။ 

ဖြုတ်မရတဲ့အဆုံး လည်ပင်းမှာ သယ်လျက်နဲ့ပဲ စာအုပ်ဆီကို လျှောက်သွားလိုက်တယ်။ ခေါင်းပေါ်ပန်းအိုးတင်လျှောက်နေရသလို ခက်ခက်ခဲခဲလျှောက်သွားပြီး ပြန့်ကျဲနေတဲ့ စာလိပ်တွေ စာရွက်တွေကို ကောက်ယူလိုက်တယ်။ အကယ်၍ ဒီနတ်ဆိုးကိုအမိန့်ပေးချင်ရင် ဒီစာလိပ်ကို အသုံးလိုလိမ့်မည် မဟုတ်ပါလား။ 


အဲ့နောက်မှာပဲ ဆူညံဆူညံအသံတွေကြားလိုက်ရပြီး သင်္ချိုင်းအဝနားကနေ မီးရောင်ပျပျကို မြင်လိုက်ရတယ်။ သူတို့ သူ့ကိုဘယ်လိုရှာတွေ့သွားတာလဲ? အစောတုန်းက နတ်ဆိုးခေါ်တဲ့အသံက ကျယ်သွားလို့များလား၊ ဒါမှမဟုတ် နတ်ဆိုးကောင်ကနေထွက်လာတဲ့ အလင်းရောင်တွေကြောင့်များလား? ဒါလည်းမဖြစ်နိုင်ဘူး။ ဒီနေရာက ဆိတ်ငြိမ်တဲ့ ရွာရဲ့မြောက်ဘက်စွန်းမှာရှိပြီး အနီးဆုံးအိမ်ခြေနဲ့တောင် မိုင်ဝက်လောက်ဝေးတာမို့ သူရွေးချယ်ခဲ့တာဖြစ်သည်။ 

သူထိတ်လန့်တုန်လှုပ်နေတုန်းမှာပဲ သူရပ်နေတဲ့ သင်္ချိုင်းထောင့်မှာရှိနေတဲ့ အုတ်ဂူအကျိုးအပဲ့တစ်ခုမှာ ပန်းတွေနဲ့ ကွယ်နေတဲ့ အခန်းငယ်လေးတစ်ခုရှိနေတာကို တွေ့လိုက်ရတယ်။ ထိုအခန်းငယ်မှာ မကြာသေးခင်ကမှ မိုးရွာထားသဖြင့် စိုစွတ်နေခဲ့ပြီး ရောင်စုံပွင့်လန်းနေသော ပန်းများဖြင့်ပတ်ပတ်လည် အလှဆင်ထားသလို ဖြစ်နေသည်။ သူလည်း အုတ်ဂူပေါ်ကိုတက်သွားကာ ဝင်ပေါက်ဆီကနေ အမှောင်ပိုင်းကို တိုးသွားပြီး အနောက်မှာရှိတဲ့ ကျောက်တုံးနဲ့ သူ့ကိုယ်ကို ကွယ်ထားလိုက်တယ်။ ဂူထဲမှာ ဘိုးဘေးတွေရဲ့ နှစ်ချို့ အရိုးတွေက သူ့ခန္ဓာကိုယ်နဲ့မလွတ်ပဲဖြစ်နေတော့တာပေါ့။  


သူရွှေ့ပြောင်းပြီး သိပ်မကြာခင်မှာပဲ သူပုန်းနေတဲ့နေရာရှေ့ကို မီးတုတ်ရဲ့ အလင်းရောင်က အရင်ရောက်လာခဲ့တယ်။ 


“မင်းလိုအရှူးကောင်ကိုလမ်းပြခိုင်းလိုက်မှပဲ သင်္ချိုင်းထဲလျှောက်သွားနေရတော့တယ်” Didric က စိတ်ရှုပ်တဲ့လေသံနဲ့ပြောတယ်။ 


“သူဂိတ်နောက်ကနေလမ်းလျှောက်သွားတာကို ငါသေချာမြင်လိုက်ပါတယ်” ဒီအသံက Didric ရွေးထားတဲ့ ဂိတ်စောင့်အသစ်တွေထဲက တစ်ယောက်ဖြစ်တဲ့ Calista ရဲ့ အသံမှန်း Fletcher မှတ်မိတယ်။ သူမက မာထန်တဲ့မျက်နှာထားရှိပြီး Didric လောက်နီးပါး ရက်စက်ကြမ်းကြုတ်တတ်သူတစ်ယောက်ပဲ ဖြစ်သည်။ 


“ဒါဘယ်လောက်စိတ်ပျက်ဖို့ကောင်းနေပြီလဲ မင်းနားလည်ရဲ့လား? သူ့လို မိမရှိဘမရှိ၊ သင်္ချိုင်းမှာလာတွေ့စရာ ဆွေမျိုးတောင်မရှိတဲ့ကောင်မျိုးက ဒီလိုနေရာမျိုးကို ဘာ့ကြောင့်လာရမှာလဲ?” 


“သူဒီမှာပဲရှိကိုရှိရမယ်၊ ငါတို့ပန်းခြံတွေနဲ့ ကုန်လှောင်ရုံတွေထဲရော သွားကြည့်ခဲ့ပြီးပြီး သူအဲ့နေရာတွေမှာ ရှိမနေဘူး၊ ဒါမြောက်ဘက်ရွာမှာရှိတဲ့ နောက်ဆုံးနေရာပဲ” Calista က အခိုင်အမာပြောတယ်။ 


“ဒါဆိုလည်းရှာကြလေ ဒီကောင် မှတ်တိုင်တွေနောက်မှာ ဝပ်ပြီးပုန်းနေမလားမသိဘူး၊ ဟေ့ရောင် Jakov မင်းရောရှာလေ မင်းအဲ့တိုင်းရပ်နေဖို့ ငါပိုက်ဆံပေးထားတာမဟုတ်ဘူးနော်” Didric က အမိန့်ပေးလိုက်တယ်။ 


Fletcher က Jakov ရဲ့ အရိပ်ဖြတ်သွားတာတွေ့တော့ အထဲကို ထပ်တိုးဝင်လိုက်တယ်။ 


အခြေအနေလုံးဝမကောင်းတော့ဘူး။ Didric နဲ့ Calista နှစ်ယောက်ထဲဆို သူယှဥ်ချရဲပေမယ့် Jakov ရောပါဆို ဘယ်လိုမှမဖြစ်နိုင်။ သို့ပေမယ့်လည်း Calista လို အရပ်အမောင်း အလုံးအရပ်ကြီးမားတဲ့ ဂိတ်စောင့်တစ်ယောက်ရဲ့ လက်ကလွတ်ဖို့ဆိုတာလည်း တကယ်တမ်းတော့ မသေချာ၊ အထူးသဖြင့် ဘယ်အချိန်ဘာထလုပ်မလဲ မသိနိုင်တဲ့ နတ်ဆိုးကောင်ကလည်း ဂုတ်ပေါ်မှာ ရှိနေသေးသည်။ ကံကောင်းတာတစ်ခုက မီးတုတ်က Didric တစ်ယောက်ထဲမှာပဲ ပါလာတာထင်တယ်။ ဒီလိုဆိုရင်တော့ သူတို့ကို အမှောင်ထဲမှာ မျက်စဖျောက်လို့ရနိုင်မယ်။ 


သူပုန်းခိုနေတဲ့ အုတ်ဂူအပေါ်က မျက်နှာကျက်က ရေစက်တွေတစက်စက်ကျလာခဲ့ပြီး အက်ကွဲလာခဲ့တယ်။ ရေတွေက တဖြည်းဖြည်းအိုင်လာခဲ့တော့ သူစိတ်ကိုအတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားထားရသည်။ အပြင်မှာဘယ်လိုလူတွေ သူ့ကိုလိုက်ရှာနေလဲဆိုတာ သူအသိဆုံး မဟုတ်ပါလား။ ဒီအခြေအနေက သူတောထဲမှာ အမဲလိုက်တုန်းက အမဲလိုက်ခံခဲ့ရတဲ့ သားကောင်တွေရဲ့ ခံစားချက်နဲ့များ တူနေမလားလို့ တွေးနေမိတယ်။ 


Didric တို့နဲ့ဝေးရာကို တိုးဝင်လာမိတာနဲ့အမျှ အမှောင်ထုကကြီးစိုးလာခဲ့တယ်။ သူတို့အဖွဲ့က ပြန်လှည့်လာပြီး မီးတုတ်ကို သူရှိနေတဲ့မှတ်တိုင်နားတိုးပြီး အထဲကိုဝင်ကြည့်ဖို့ပြင်တုန်းမှာပဲ မီးတုတ်က မိုးရေစက်တွေကြောင့် ငြိမ်းသွားခဲ့တယ်။ Didric ဆီက ရေရွတ်ကျိန်ဆဲသံကိုကြားနေရပြီး မီးတုတ်ကိုပြန်ထုတ်သွားလိုက်တယ်။ အခန်းငယ်ထဲကို အမှောင်ထု ပြန်လည်ဝင်ရောက်လာသည်အထိ Fletcher မှာ အသက်ပင် ဝဝ မရှူနိုင်။ Jakov နဲ့ Calista လည်း ရေတွေစိုကုန်လို့ ‌ရေရွတ်နေကြတယ်။ 


“မင်းတို့ကို မရှာနဲ့တော့လို့များ ငါပြောမိလို့လား?” Didric အမှောင်ထဲက လှမ်းအော်နေပေမယ့်လည်း သူ့အသံကစိတ်မပါတော့။ 


“သူဒီမှာမရှိလောက်တော့ဘူး ငါ နင့်ကို လာခေါ်တဲ့ အချိန်တုန်းက သူရွာထဲပြန်ဝင်သွားတာ ဖြစ်မယ်ထင်တယ်” Calista က စိတ်ရှုပ်စွာနဲ့ပြောလိုက်တယ်။ 


“ဒီ့အတွက်မင်းတို့ကို ငါပိုက်ဆံပေးမယ် ထင်မနေနဲ့၊ ထွီ …” Didric က တံတွေးထွေးရင်းပြောပြန်တယ်။ “Fletcher ကိုမရရင် ပိုက်ဆံမရဘူး ဒါပဲ” 


“ဒါပေမယ့် ငါတို့အကုန်လုံးစိုရွှဲနေပြီလေကွာ” Jakov က ညည်းတွား‌ပြောလိုက်တယ်။ 


“Oh မင်းကလဲ ရင့်ကျက်စမ်းပါကွာ၊ ငါတို့အကုန်လုံးစိုရွှဲနေကြတာပဲလေ။ ဒီခိုးကြောင်ခိုးဝှက်ကောင် ငါတို့လက်ထဲက အခုလွတ်သွားပေမယ့် ငါ့လက်ထဲပြန်ဖမ်းမိတဲ့ အချိန်ကျရင် သူ့အတွက် ပိုဆိုးလာဖို့ပဲရှိတယ်။ ကဲ လာပါ ဒီနေရာကနေထွက်ကြရအောင်”


သူတို့ရဲ့ ခြေသံတွေ တဖြည်းဖြည်းဝေးသွားတော့မှ Fletcher လဲသက်ပြင်းချလိုက်တယ်။ ဒီအဖြစ်အပျက်ကြီး ပြီးဆုံးသွားပြီလို့ တွေးလိုက်တဲ့အချိန်မှာပဲ ဂုတ်ပေါ်က နတ်ဆိုးကောင်က လည်ပင်းမှာပတ်ပြီး အိပ်နေရာကနေ ကျယ်လောင်စွာအော်ဟစ်နိုးလာပြီး ချစ်ခင်တွယ်တာစွာဖြင့် သူ့ရင်ခွင်ထဲတိုးဝင်လိုက်တယ်။ 


“ဒါ ဘာသံကြီးလဲ?” Didric က တီးတိုးပြောလိုက်တယ်။ 


သေပါပြီဗျာ။ 


~~~~~


rate now: