ကြည့်လေရာ မြင်သမျှမှာ အလင်းရောင်ရယ်လို့ တစ်နေရာမှမတွေ့ရအောင် အမှောင်ထုက ကြီးစိုးနေ၏။နေရာအနှံ့က သစ်ပင်တွေအားလုံး ယိမ်းခါနေအောင် လေပြင်းတွေ ဟူးဟူးရားရား တိုက်ခတ်လျက် အေးစက်ခြောက်သွေ့ခြင်းတွေသာမင်းမူနေသည်။မည်းမှောင် နေသော သစ်တောကြီးအတွင်းမှာ ထွက်ပေါက်ကို ရှာနေရင်းက မတွေ့နိုင်ခဲ့ပါ။ခြေလှမ်းတွေက မသယ်ချင်လောက်အောင် လေးလံနေခဲ့ပြီ။
"ကျွန်မ နားပါရစေ"
မောပန်းစွာ အော်ဟစ်တောင်းပန်နေပေမယ့် တစ်စုံတစ်ခုက မရပ်တန့်နိုင်အောင် တွန်းပို့နေခဲ့သည်။
"မေခ "
"မေခရေ"
အသံတိုးတိုးလေးတစ်ခု။လေအလွင့်မှာ အနားဆီရောက်လာပြီးချက်ချင်းကို ပျောက်ကွယ်သွားပြန်သည်။
"မေခရေ ညီမလေးရေ"
"ကိုကိုကြီး "
သူမကို ခေါ်နေတယ့်သူက ကိုကိုကြီး။စိတ်ပူစွာ တကြော်ကြော် အော်နေခဲ့တာ။သူမ အသံကြားရာအရပ်ဆီမှန်းဆရင်းကပဲ အပြေးလိုက်ရှာမိသည်။မလှမ်းမကမ်း မှာ ကျောခိုင်းလျက် သွားနေသော လူတစ်ယောက်။သူမ ရှိသမျှအားအကုန်ထုတ်ညှစ်သုံးစွဲရင်း ပြေးလိုက်ကာ လက်တစ်ဖက်ကို ဖမ်းဆွဲလိုက်သည်။
"ကိုကိုကြီး "
ကျွန်မ အားရဝမ်းသာခေါ်သည့်အခါ ထိုလူက တစ်ဖက်သို့လှည့်လာသည်။
"မင်းက ဒီမှာကိုး"
"ဟင် "
သူ့လက်ကို ဆုပ်ကိုင်ထားဆဲကျွန်မအား ကြည့်၍ တင်းမာစွာသူဆိုသည်။
"ကိုကိုကြီးကရော "
"ဘယ်က ကိုကိုကြီးလည်း။လာ လိုက်ခဲ့"
"မလိုက်ဘူး။မလိုက်ဘူး "
ကျွန်မက ငြင်းဆန် နေပေမယ့် သူက အတင်းခေါ်နေသည်။ဒေါသတွေနှင့် မာထန်လွန်းလှသော သူ့ပုံစံက ကျွန်မကို သွေးပျက်ကြောက်လန့်စေသည်။
"မလိုက်ဘူး"
"မေခ မေခရေ "
"ဟင်"
သော်တာ တစ်ယောက် ဆွဲကိုင် လှုပ်နှိုးတော့မှ ကျွန်မလန့်ကာ နိုးလာသည်။စိုးရိမ်စွာကြည့်နေသော သူမ မျက်နှာကိုမြင်မှ အိပ်မက် မက်မှန်းသတိထားမိသွားရသည်။
"ဆောရီးပါ သော်တာ ရယ် ငါ အိပ်မက်ဆိုးမက်တာထင်တယ်"
"နင်ငိုနေတာ ပထမ ငါလည်း အိပ်မက် မက်နေသလိုလိုနဲ့ထင်နေတာ။နင်ထ အော်တော့မှ ငါနိုးသွားတော့တာ"
သူမပြောတော့မှ ကျွန်မ ပါးပြင်နှစ်ဖက်ကို အုပ်ကိုင်စမ်းသပ်မိသည်။ပူနွေးစွတ်စိုနေဆဲ မျက်ရည်စများ။
"ဟုတ်ပါရဲ့ဟာ"
အိပ်ရာဘေး စားပွဲပေါ်က ရေသန့်ဘူးကို လှမ်းပေးလာသည့်အခါ အားပါးတရ သောက်ပစ်လိုက်သည်။
"ခုတလော အိပ်မက်ဆိုးတွေ တအားမက်သလိုပဲနော် မေခ။ဘာတွေ စိတ်ညစ်စရာရှိလို့လဲ။အလုပ်က အရမ်းပင်ပန်းလို့လား"
"အင်း အလုပ်မှာ နည်းနည်းအာရုံစိုက်နေရလို့ပါ"
"ကျန်းမာရေးလည်း ဂရုစိုက်ပါဦးဟာ"
" အင်းပါ "
သော်တာက သူ့ကုတင်ထက်ပြန်လည် အိပ်ရာ ဝင်သွားခဲ့ပြီ။ကျွန်မမှာသာ ရင်တထိပ်ထိပ် နှင့် မျက်စိကြောင်ကာ အတော်နှင့် အိပ်မရနိုင်တော့။ကျွန်မကို အတင်းဆွဲခေါ်သူက တစ်ခြားသူတော့မဟုတ်ရ။
တေဇ ။ သူ့မျက်ဝန်းတွေက မာကျောစူးရှနေတာကို အမှောင်ထဲရောက်နေသည့်တိုင် ခံစားမိနေတာ။
မပွင့်နဲ့ပြသနာ ဖြစ်ပြီးနောက်ပိုင်း တေဇ က prodution dept: မှာပဲပို အနေများသဖြင့် မနက်ခင်းပိုင်း briefing တွင်သာ ခဏဆုံကြသည်။ ဌာနတွင်း လုပ်ငန်းအတော်များများကိုလည်း ယခင်လောက်ထဲထဲဝင်ဝင် သိပ်မလုပ်တော့။အခုလည်း ခရီးကြောင်းအဖွဲ့နဲ့ နယ်ထွက်သွားတာ ဆယ်ရက်လောက်တောင်ရှိပြီလားမသိ။
အစက သူမရှိတာ ကျွန်မအတွက် လွတ်လပ်ပြီး စိတ်ချမ်းသာရသည်ထင်မိခဲ့သည်။ သို့ပေမယ့် ည ည အိဝ်မက်ဆိုးတွေ မက်ပြီး သွေးပျက်လာရတော့အိပ်မပျော်နိုင်တော့ပါ။အခုလို အိပ်မက်တွေမက်နေတာ ရက်အတော်စိပ်နေပြီ။ကျွန်မ နားချင်လှပြီ။ ကျေးဇူးပြုပြီး မလာပါနဲ့တော့ ။
(╥﹏╥)
တစ်နေကုန် ခေါင်းတွေမူးနောက်ပြီး ထမင်းလည်းကောင်းကောင်းမစားနိုင်ခဲ့သည့်ကျွန်မ။ ငွေသိမ်းဖို့ လိုင်းကားနှင့် ထွက်လာမိတာ မှားများနေလေပြီလားရယ် လို့တွေးမိနေတော့တာ။အမှန်က ကျွန်မ သွားဖို့ အစီအစဥ်မရှိခဲ့ချေ။တိုးမောင် သိမ်းပေးရမည် ဖြစ်သည်။သို့သော်လည်း
တိုးမောင် အား Admin dept:က နှစ်ပတ်လည်ပွဲစီစဥ်ရာတွင် လုပ်အားပေးခေါ်သွားသဖြင့် ငွေသိမ်းဖို့တာဝန်က ကျွန်မအတွက်ဖြစ်လာသည်။ ကားကလည်း အပြင်ရောက်နေတာမို့ မစောင့်ချင်တယ့်ကျွန်မ ကိုယ့်ဘာသာတစ်ကိုယ်တည်း လိုင်းကားစီးထွက်လာခဲ့ရသည်။ နေရတာ မသက်သာတော့တာမို့ အပြန်ခရီးမှာ ငွေထုပ်နှင့် အဆင်မှပြေပါ့မလား တွေးပူလာသည်။
ရှစ်မိုင်ရောက်တော့ ကားဂိတ်ကနေ delivery ရုံးထိ လမ်းဆက်လျှောက်ရသည်။ယခုတစ်ပတ်က သိန်းနှစ်ဆယ်ကျော်ရသည်။ဟိုရောက်တော့ ခဏ စောင့်ကာ ရှင်းပေးသောငွေကို စနစ်တကျရေတွက်လက်ခံလိုက်၏။ ငွေထုပ်ကိုလွယ်ရင်း delivery ရုံးထဲကပြန်ထွက်လာချိန် ရင်တွေတုန်ကာ တရိပ်ရိပ် မူးဝေ လာသည်။ ခြံဝင်းအဝင်အဝ ခုံတန်းမှာဟန်မပျက်ထိုင်ချလိုက်ရသည်။
"မရတော့ဘူး "
တစ်ကိုယ်တည်းရေရွတ်မိရင်း ရုံးကိုလှမ်းဆက်လိုက်သည်။
"ဟယ်လို အကိုကြီးလား"
"အေး ညီမလေး ပြော"
"ညီမလေး ဒီဘက်က ကိစ္စတွေပြီးသွားပြီအကိုကြီး ကားအဆင်ပြေရင် လွှတ်ပေးလို့ရမလားလို့ပါ။ခေါင်းမူးလာလို့ လိုင်းကားစီးရမှာ စိတ်မဖြောင့်လို့ပါ"
ခွင့်မပြုမှာလည်းစိုးလို့ ခပ်မြန်မြန်လေးအသိပေးတော့ ကိုခန့်က စိတ်ပူသွားပုံပင်။
"ဟုတ်လား ဒါဆို အဲ့ဒီ ရုံးမှာပဲစောင့်နေလိုက်ညီမလေး အကိုကြီး စီစဥ်ပေးမယ်။တစ်ယောက်တည်းပြန်လာမနေနဲ့ဦး"
"ဟုတ် ကျေးဇူးပါပဲ "
ကျွန်မ ကို လာကြိုသည့်ကားရောက်သည်အထိ ဒီရုံးထဲမှာပဲဆက်စောင့်တော့မည်။ငွေထုတ်ကို ဘေးတိုက်လွယ်ထားရာမှ စလွယ်သိုင်းလိုက်ပြီး လွယ်ကြိုးကိုပါကျစ်ကျစ်ဆုပ်ထားလိုက်သည်။
ထိုင်ရင်းစောင့်ရင်းက လူက သတိလက်လွတ် မိုက်ခနဲ ဖြစ်ဖြစ်သွားတာသိနေ၏။ စိတ်ကိုတင်းထားတာမို့ လူက အထိုင်မပျက်သေး။မသိလျှင် ငိုက်ပဲ ငိုက်နေသလိုလိုလေ။အချိန်တော်တော်ကြာအောင်
ထိုအတိုင်းစောင့်နေရင်း ကားတစ်စီးခြံဝင်းရှေ့မှာရပ်လာသည်။ရုံးကကား ဟုတ်မဟုတ် အားကိုးတကြီး လှမ်းကြည့်မိသည်။မြင်လိုက်ရသောကားဆရာက မျက်မှန်းတန်းမိနေသူမို့ ကျွန်မတို့
ရုံးကကားပဲဆိုတာ သေချာသွားသည်။ကျွန်မ လက်လှမ်းပြကာ ထရပ်လိုက်သော်လည်း ရုတ်တရက် မြင်ကွင်းတွေအားလုံး အထက်အောက် ပြောင်းပြန် လှည့်လိုက်သည့်နှယ် ဖြစ်ကာ ကျွန်မလဲကျသွားရသည်။
"မေခ မေခ "
"ဟေး မေခ "
ကျွန်မကို လာဆွဲထူရင်း ခေါ် နေသည့် စိုးရိမ်မကင်းအသံ။ကျွန်မ သတိရှိနေသေးသည်မို့ ပြန်ထူးရင်း မျက်လုံးတွေဖွင့်ကြည့်သော်ငြား အမြင်တို့က ဝေဝေဝါးဝါးသာ။
"ရှင်"
"ကျွန်တော်ရောက်ပြီ။စိတ်ချ လက်ချ လိုက်ခဲ့နော်"
စကားသံနှင့်အတူ ကျွန်မကိုယ်လေးကို ပွေ့ချီမလိုက်သည်ကိုသာ နောက်ဆုံးအဖြစ်မှတ်မိလိုက်ပြီး အရာရာဟာ ပိန်းပိတ်မိုက်မှောင်ခြင်းအတိသို့ ရောက်ရှိသွားတော့သည်။
º¤ø,¸¸,ø¤º°`°º¤ø,¸,
"တော်သေးတာပေါ့ကွာ မင်းတို့လည်း အနီးအနားရောက်နေတုန်းမို့ မဟုတ်ရင်မလွယ်ဘူး"
"ဟုတ်တယ် ကိုခန့် ကျွန်တော်တို့က အဲ့လောက်ဖြစ်မယ်မထင်ဘူး။ငွေတွေနဲ့မို့ ကားကြုံလိုက်စီးမယ်ပဲထင်တာ။ကျွန်တော်တို့လာတယ့်အထိ သူတောင့်ခံထားတာ။ကားလည်းမြင်ရော ထရပ်ရင်းလဲသွားတော့တာပဲ"
အနားမှာ အတူရပ်နေသော ဝေလွင် က အောင်ကြီးစကားကို ခေါင်းညိမ့်ထောက်ခံသည်။
"အကိုကြီးကလည်း သားက လှမ်းတွေ့တော့ သူက ခေါင်းကြီးငိုက်နေရာက ဆတ်ခနဲထတာလေ။အဲ့ဒါနဲ့ ကိုအောင်ကြီးကို လက်တို့ပြီး ပြလိုက်သေး။ရုံးက online marketing သမားကြီး ငိုက်နေတာ လူမိပြီလို့။ ဒါပေမဲ့ အစ်ကိုတေဇ ကတော့ ကားရပ်လိုက်တာနဲ့ ရှေ့ခန်းတံခါးဆွဲဖွင့်တယ့်ပြီး ပြေးသွားလိုက်တာများ လွှားခနဲပဲ။အဟုတ် စူပါလျှပ်စီးကြနေတာပဲဗျာ"
ပြီးတော့လူငယ်ပီပီ သူ့စကားသူ သဘောကျရင်း တခွီးခွီးရယ်တော့သည်။
"ကိုယ့်အတွေးနဲ့ကိုယ်သောက်တာ ကယ်ဆန် ကွေကာပဲရမယ်။မင်းတို့ လူကြီးတွေအကြောင်း ဘာမှမသိပဲ လျှောက်မဖွနဲ့။ကာယကံရှင်တွေ သိသွားရင်အားလုံးမျက်နှာပျက်စရာဖြစ်မယ်။ဘာအသံမှမကြားချင်ဘူး"
ကိုခန့်နိုင်က ခပ်ဟန့်ဟန့်ပြောတော့ အောင်ကြီးက ဟုတ်ကဲ့အကိုကြီးနဲ့တင်ပြီးသွားသည်။မပြီးတာက ဝေလွင်။
"မဖွပါဘူးအကိုကြီးရ။ဒီတစ်ခါတော့ အစ်ကိုတေဇ ကြွေနေတာသေချာတယ်။သူအဲ့လောက် စိတ်လှုပ်ရှားတာ ဒီတစ်ခါပဲကြုံဖူးတော့တယ်။ဆေးသွင်းနေတာတောင် ထိုင်စောင့်နေတာခုထိ။ကျွန်တော်တို့ အကိုကြီး မရတော့ဘူး"
"ကဲ မရလည်း မရတယ့်အတိုင်းပေါ့။မင်းတို့လည်း finger သေချာနှိပ်ပြီး ရုံးဆင်းတော့။အကိုလည်း သိမ်းဆည်းပြီး ခဏနေရင် ဆေးခန်းကိုလိုက်သွား လိုက်ဦးမယ်။ဝေလွင် ဒီနေ့ကိစ္စ ရုံးမှာ အသံကြားရင် တရားခံကမင်းနော်"
ကိုခန့်နိုင် ခပ်တည်တည်ကြိမ်းလေသော် ဇက်ကလေးပုရင်း ဝေလွင် ခေါင်းညိတ်ပြသည်။သူတို့ ထွက်သွားတော့ အဝ်ထားခဲ့သော ငွေထုတ်ကို သိမ်းဆည်းကာ ကိုခန့်နိူင်ရုံးဆင်းခဲ့၏။ ပုလဲလမ်းဆုံ ဗိုလ်ခြံလမ်းမပေါ်မှ အာယု အထူးကုဆေးခန်းဆီ သူရောက်ရှိချိန်မှာ ငါးနာရီခွဲနေခဲ့ပြီ။
ဆေးခန်းဝင်းခြံထဲ ကားကိုရပ်လိုက်ပြီး တေဇ တို့ဆီသူလျောက်ခဲ့သည်။ ဟောခန်းထောင့် ကုတင်ပေါ်မှာ ဆေးသွင်းလျက် ရှိနေသောမေခ။ သူမနံဘေးမှာတော့ လက်ပိုက်ရပ်ရင်း သူမကို စောင့်ကြည့်နေပါသော တေဇ။
ရှပ်လက်ရှည်အဖြူကို တံတောင်ဆစ်နားထိ ခေါက်တင်ထားပြီး စတိုင်ပန်အနက်ရောင် ဝတ်ဆင်ထားပါသောလူရွယ်ကလေး။သူ့ဘဝမှာ ဘယ်တုန်းကမှ မလုပ်ဖူးသောအမူအကျင့်အဖြစ် ခေါင်းထက်မှ သပ်ရပ်စွာဖြီးသင်ထားသော ဆံပင်တို့ကို လက်တစ်ဖက်ဖြငိ့ ထိုးဖွသပ်တင်လိုက်တာကိုမြင်လိုက်ရသည်။ ပြီးတော့ ဖျတ်ခနဲ လှည့်အကြည့် ကိုခန်နိုင်နဲ့မျက်လုံးချင်းဆုံတော့ သူခိုးလူမိသလို မလုံမလဲ ရယ်ပြသည်။
"ကိုခန့် ရောက်လာတာမသိလိုက်ဖူး"
"ဆေးခန်းက သိပ်မကျယ်ဘူးလေ ကိုယ်ရှာရလွယ်ပါတယ်"
"ဆေးသွင်းတာက ခဏနေဆိုပြီးပါပြီ။သူ သတိမရသေးရင် စောင့်နေရင်း အပြန်နောက်ကျမှာပဲစိုးတာ"
တေဇ ပုခုံးတစ်ဖက်ကို သူဖက်ကာ အနားမှာ ယှဥ်ရပ်ပြီး သူပြန်ဖြေလိုက်၏။
"ရပါတယ် အကိုလိုက်ပို့ပေးမယ် ညီ့သဘောပဲ။စောင့်မလား ခေါ်သွားမလား။ ဆရာကရော ဘာပြောသေးလဲ"
"မေခက pressure downသွားတာ။အိပ်ရေးပျက်တာ စိတ်ဖိစီးတာများသွားလို့လည်း ဖြစ်နိုင်တယ်တယ့် ။တခြားစိုးရိမ်စရာတော့မရှိဘူးကိုခန့်။လိုရမယ်ရ ကျွန်တော် သူ့ဖုန်းထဲကတဆင့် အဆောင်ကသူငယ်ချင်းကိုတော့ လှမ်းအသိပေးထားတယ်။နောက်ကျရင်တော့ အဆောင်မှူးကို ဖုန်းထပ်ဆက်မယ်လို့ပြောထားပြီးပါပြီ"
"ကောင်းတယ်ညီ ကြိုအသိပေးထားတော့ စိတ်ပူမနေရတော့ဘူးပေါ့။ကိုယ်လည်း သတိလစ်သွားတာပါ။တိုးမောင် မအားတော့ သူသွားမယ်လို့ လာအသိပေးတယ်လေ။ကျန်တယ့်ကလေးတွေအလုပ်ကြပ်ကုန်မှာစိုးလို့ သူ့ဘာသာသွားမယ်ဆိုတာနဲ့လွှတ်လိုက်တာ။နေမကောင်းတာမသိလိုက်ဘူးကွာ"
"သူနဲ့အဲ့ဒါတွေအဆင်မပြေတာ ကိုခန့်။ခေါင်းမာတယ်။ထင်ရာလုပ်တယ်။ဖြစ်လာမယ့်အကျိုးဆက်ကို မတွေးဘူး။အဖွဲ့အစည်းနဲ့အလုပ်ပဲ နေရာတကာ သူလိုက်လုပ်စရာမှမလိုတာ။မီးချောင်းလဲဖို့ မှာခဲ့လည်း သူ့ဘာသာထလုပ်တယ်။စာရင်းမှားလည်း ကလေးတွေအဆူခံရမှာကြောက်လို့သူ့ကိုပြောရင် သူက ပါကြံရာပါ။အရမ်း ပေတာ"
တေဇ ဒေါသ သံစွက်ပြောနေသည့်အခါ ခန့်နိုင်ပြုံး၍ကြည့်နေမိ၏။ဟုတ်ပါတယ်။ ဒီကောင်လေး ထူးခြားနေခဲ့ပြီ။
"ဆေးကုန်ပြီကိုခန့် ကျွန်တော် သွားအကြောင်းကြားလိုက်ဦးမယ်"
"အေး ညီ။အကိုစောင့်နေမယ်"
တေဇ အနားက ထွက်သွားတော့မှ ကုတင်ထက်က မေခ ကိုပြန်ကြည့်မိတော့ ခေါင်းလေးတစ်ဖက်လှည့်ရင်း မျက်ရည်ကျနေသည်ကို ကွယ်ထားသည့်အဖြစ်ကိုမြင်လိုက်ရသည်။သူမအနား လျောက်သွားကာ နဖူးကိုလက်တင်စမ်းလိုက်ရင်း
"ကိုယ်တော့မပူပါဘူး။နိုးပြီလား ညီမလေး"
"ဟုတ်"
ဘယ်တုန်းဆီက နိုးနေသည်မသိ ကျိတ်ငိုထားသဖြင့် အသံတွေက ခပ်တိမ်တိမ်နဲ့။ခက်ပါရော
"စိတ်မကောင်း မဖြစ်ပါနဲ့ ညီမလေးရာ တေဇ က စိတ်ပူလို့ပြောမိတာ။ဆူတာမဟုတ်ပါဘူး။ငိုမနေနဲ့။ဒီကောင်က အဆိုအပြောသာ မတတ်တာ။စိတ်ရင်းမဆိုးပါဘူး"
"သူက ညီမလေးကို ကြည့်မရတာ။အမြဲအပြစ်ပဲမြင်နေတာသိပါတယ်။ညီမလေးကို သူမလိုချင်ပဲခေါ်ထားရတာဆိုတော့"
ဝမ်းနည်းသလိုဆက်မပြောနိုင်တော့ပဲ အံလေးကျိတ်ထားသည့်မေခ။အကြီးအကျယ် လွဲချော်နေတာတော့သေချာပြီ။တစ်ယောက်က မချစ်တတ်သူ တစ်ယောက်ကအဲ့လိုမချစ်တတ်ခြင်းအပေါ် အထင်လွဲနေသူ။
"တေဇ က ချီးမွမ်းခဲလို့ပါ ညီမလေးရာ။သူဒီလောက်ဇီဇာကြောင်ရက်က မင်းမှာအရည်အချင်းရှိလို့ သူ့လက်ထောက်အဖြစ်ဆက်ရှိနေတာပေါ့။မလိုမှဖြင့် ဒီအထိမနေပါဘူး။မင်းတို့က ကလေးကြ နေတာပဲ ပြိုင်စိတ်ကောက်နေကြတာလား"
ချစ်စနိုးဖြင့် ဆံပင်တွေကို နဖူးထက်မှ သပ်တင်ပေးရင်းသူစနောက်တော့မှ" မဟုတ်ပါဘူး"
ဟု တိုးတိုးပြောသည်။
"သူ ပြန်နိုးပြီပဲ။ ဘယ်လိုလဲ အခြေအနေ သက်သာသွားပြီလား"
"ဟုတ်ကဲ့ ဆရာ"
"ညဆေးအတွက် သောက်ပြီးရင် စောစောအနားယူတော့။အိပ်ချိန်နည်းတာ ကျန်းမာရေး ကိုထိခိုက်တယ်"
"ဟုတ်"
တေဇ က ဆရာဝန်ကြီးနောက်ပါးမှာ လက်ပိုက်ရပ်နေရင်းက ဘယ်နှယ့်ရှိစ ဟူသော အကြည့်နှင့်သူမကိုကြည့်နေသည်။သူမက ဆရာဝန်ကြီးနောက် မှ ကျော်ကြည့်နေသည့်တေဇ ကိုမြင်လျှင် တစ်ဖက်သို့ မျက်နှာလွှဲလိုက်လေသည်။
သူတို့တော့မသိ ဘေးကမြင်နေရသည့် ခန့်နိုင်ပင်လျှင် စိတ်မောလာသည်။ဂရုမစိုက်တတ်သူနဲ့ဂရုစိုက်မှုကို နားမလည်သူ။ အထင်လွဲမှုတွေမကြီးထွားခင် မနှစ်လိုခြင်းမှ အမုန်းတရားဆီမရောက်ခင်မှာပဲ နှစ်ဦးစလုံး ငြိမ်းချမ်းနိုင်ကြပါစေလေ။
မေခ က ကားနောက်ခန်းမှာ ငြိမ်သက်စွာထိုင်ရင်းလိုက်ပါလာသည်။ တေဇကတော့ ခရီးကြောင်းမှ ထူးခြားဖြစ်စဥ်တို့ကို သူ့ကိုရှင်းပြရင်း တချက် တချက်များမှာတော့ ကားနောက်ခန်းမှ သူမကို လှမ်း၍ လှမ်း၍ ကြည့်သည်။သူမကတော့ဖြင့် တချက်ကလေးမှ မလှုပ် ပီဘိကျောက်ထွင်းရုပ်ပမာ ငြိမ်သက်စွာလိုက်ပါလာခဲ့သည်။
ကားလေး သူမနေထိုင်ရာ တိုက်ခန်းရှေ့ရောက်သည်ဆိုတော့မှ ရုံးမှယူလာပေးသော ထမင်းချိုင့်နှင့်အိတ်ကိုယူကာ ကားပေါ်မှဆင်းသည်။ ရှေ့ခန်းပြတင်းနားခဏရပ်ပြီးဘယ်သူ့ကိုရယ် ဝေခွဲမရအောင် ကျေးဇူးစကားဆိုလာသည်။
"အားလုံးအတွက် ကျေးဇူးတင်ပါတယ်"
တေဇ က မသိလိုက်ဘာသာငြိမ်နေသည်။ခန့်နိုင်ကသာအလိုက်သင့်နှုတ်ဆက်ရ၏။
"ရပါတယ်ကွာ။မနက်ကြတွေ့တာပေါ့ see you"
"ဟုတ်"
ကားနားဆီမှ တလှမ်းချင်းထွက်သွားသော သူမကို စိတ်မချသလို လှမ်းကြည့်နေသောတေဇ ကြောင့် ခန့်နိုင်မှာ ကားကို ခုထိ မထွက်ဖြစ်သေး။တိုက်အောက်နားအရောက် မိန့်းကလေးတစ်ယောက်က လှမ်းခေါ်ကာ လက်တွဲရင်း အတူတူတက်သွားတာမြင်မှ စိတ်အေးသွားပုံရသည်။
"သူနဲ့အခန်းအတူနေတယ့် သူငယ်ချင်းလေ ကိုခန့် ခုဏ သူ့ဆီကျွန်တော်ဆက်လိုက်တာ"
"ဟုတ်လား အဖော်ရတာပေါ့"
ကားကို လမ်းထဲမှပြန်မောင်းထွက်လာရင်းတေဇ ကိုမေးမိသည်။
"အောင်ကြီးတို့နဲ့ ဒီတစ်ခေါက်ထွက်ရင် လိုက်သွားဦးမှာလား"
"ကျွန်တော် မလိုက်တော့ဘူး ကိုခန့်။ရုံးမှာပဲနေတော့မယ်"
"ဟုတ်လား အကိုလည်းမင်းကို တာဝန်ပေးစရာရှိနေတာနဲ့အတော်ပဲ။ဒီတစ်ခေါက် soft ware အပ်ထားတာက တို့ department အတွက် ပထမဆုံးစမ်းသုံးလို့ရပြီတယ့်ကွ။အဲ့ဒီအတွက် မနက်ဖြန် သူတို့စက်ထဲလာ run ပေးရင်း သင်တန်းလည်းပေးမယ်။မင်းရှိနေရင် အစ်ကို GM နဲ့ နေပြည်တော်လိုက်သွားပေးလို့ရတယ်လေ"
"ရပါတယ် ကိုခန့် ကျွန်တော် သေချာဆက်လုပ်ထားလိုက်မယ်"
"ခုဏ မင်းပြောတာတွေ မေခ ကြားသွားတယ်ထင်တယ်။သူဌာနမှာ ရှိနေတာကို မလိုလားဘူးလို့ သူထင်နေပုံရတယ်။အထင်လွဲတာတွေက ရှင်းမပြနိုင်ပဲကြာသွားရင် နှစ်ဦးနှစ်ဖက် နစ်နာရတတ်တယ်ကွ။ဒီတော့ အချို့ကိစ္စတွေမှာ ညီ့ဘက်က စိတ်ရှည်ပေးဖို့လိုတယ်။သိတယ့်အတိုင်း မိန်းကလေးတွေက ပိုပြီးစိတ်ထိခိုက်လွယ်တယ်လေ"
တေဇ ငြိမ်သက်စွာနားထောင်သည်။
"ကျွန်တော် က သူ့ကို ပိုတော် ပိုထက်မြက်စေချင်တာပါ။အထင်လွဲစရာဖြစ်သွားခဲ့ရင်တော့ ကျွန်တော့ လိုအပ်ချက်ပေါ့"
တွေးတွေးဆဆ ပြောရင်း တေဇ ငြိမ်သက်သွား၏။သူပြန်လာရင်တော့ အဆင်ပြေနေကြကောင်းပါရဲ့လို့သာ ခန့်နိုင်က တွေးလိုက်မိသည်။
°º¤ø,¸¸,ø¤º°`°º¤ø,¸,
"ကိုယ် ချစ်တယ့် လူတစ်ယောက်ကို ချစ်တယ်လို့ ပြောခွင့်မရှိတယ့်သူလောက် လူဖြစ်ရှူံးရတယ့်အဖြစ် ကမ္ဘာမှာ မရှိနိုင်ဘူးထင်ပါရဲ့"