book

Index 8

အပိုင်း ၈

  • Author : shwesu
  • Genres : Romance

ငွေသိမ်းရန်အတွက် ကျွန်မ ကားထဲကထွက်ရန်ပြင်သည့်အခါ သူက လှမ်းတားသည်။
"ကားပေါ်ကပဲစောင့်နေလိုက်လေ။ကျွန်တော်သွားလိုက်မယ်"
ကားပေါ်က သူဆင်းသွားတော့မှ စိတ်တင်းထားတာကိုလျော့ချရင်း မျက်ရည်စတွေက စီးကျလာပြန်သည်။ကားနောက်ကြည့်မှန်မှတစ်ဆင့်  ကြည့်မိပြန်တော့ မျက်လုံးများကနီရဲ နေခဲ့ပြီ။
ထူအမ်းအမ်း နှုတ်ခမ်းတွေကိုကြည့်ပြီး ဝမ်းနည်းစိတ်က လှိုက်တက်လာပြန်၏။
အရမ်းအနိုင်ကျင့်တယ်။တစ်ဖက်သက်ဆန်တယ်။ ကျွန်မက ဝန်ထမ်းအချင်းချင်း ဘာကြောင့် စကားများ ရန်ဖြစ်ရတာလဲ။ မပွင့် က ကျွန်မကို သူနဲ့ပတ်သက်ပြီး မဟုတ်မမှန်စကားတွေနဲ့ စွပ်စွဲအတင်းပြောနေခဲ့တာ။ ကျွန်မ က သူ့ကို ပရောပရီ လုပ်တာကြောင့် အရေးပေးခံရတာတယ့်။
အဲ့ဒီ မိန်းမကို ဖြစ်နိုင်ရင် မြင်စေ့ချင်သည်။ကျွန်မ နဲ့ သူ မှာ ဘယ်သူကအရင် ပတ်သက်လာတာလဲဆိုတာ သိစေချင်ပြန်သည်။ သို့သော် သိသွားလျှင်လည်း ခုထက်တောင် သွားပုတ်လေလွင့်ပြောဦးမည်ကိုလည်း သတိရသွားသည်သာ။ခဏအကြာ
ငွေအိတ်လွယ်ရင်း ပြန်ထွက်လာသော တေဇ ကို မြင်လိုက်သည်မို့ မှန်ကိုပြန်လှည့်ပေးရင်း မျက်ရည်စ တွေကို ကမန်းကတမ်း သုတ်ဖယ်ပစ်လိုက်သည်။
ကားပေါ် မတက်သေးပဲ ကျွန်မထိုင်ရာဘက် ဦးတည်လျောက်လာပြီး မှန်တံခါးကို ခေါက်လာသည်။
" ဒီမှာ ခဏစောင့်နေဦးနော် ကျွန်တော် စျေးခဏဝယ်ချင်လို့ပါ"
"အင်း "
သူပေးခဲ့သော ငွေထုပ်ကိုပိုက်ရင်း မျက်လုံးတွေကို မှိတ်ထားမိသည်။အဲ့ဒီလူနဲ့ မျက်နှာချင်းလည်း မဆိုင်လို။စကားတွေလည်း မဆိုချင်တော့ပါ။ အရှက်ရစိတ်ဟာ လူကိုမွန်းကြပ်လာစေသည်။ အပြင်းအထန်အားစိုက်ခဲ့ရခြင်း စိတ်ပင်ပန်းလွန်းခြင်းကြောင့် ကျွန်မ အရမ်းအားနည်းလာသလိုခံစားမိစေသည်။
အဲကွန်းလေ အေးအေးကြားမှာ ဇောချွေးတွေပျံနေရသော ကျွန်မ ။ကိုယ့်ကိုကိုယ် မသိလိုက်သေးခင် မှေးခနဲ အိပ်ပျော်သွားလေသည်။ ဘယ်လောက်ထိ နှစ်ခြိုက်စွာအိပ်နေမိသည်မသိ။ကားဟွန်းသံတွေ ဆူညံစွာကြားတော့မှ လန့်နိုးလာတော့သည်။
"နိုးပြီလား"
"ဟုတ်"
"အနောက်ခန်းမှာ အိတ်ကိုထားလိုက် မေခ"
အိတ်ကို ထားပြီးတော့ သူက လက်ဆွဲအိတ်လေး တစ်အိတ်ကမ်းပေးလာသည်။
"ကျွန်တော် မင်းအတွက် လိုမယ်ထင်တာလေးတွေ ဝယ်ခဲ့တယ်။ရုံးကိုပြန်တယ့်အခါ ခုလိုကြီးဝင်ရင် မင်းကိုတစ်မျိုးထင်ကြလိမ့်မယ်။ကျွန်တော်ပြောတာ နားလည်တယ်မဟုတ်လား "
အိတ်ကိုလှမ်းယူကာကြည့် မိတော့ ဆွယ်တာလက်ရှည်နက်ပြာရောင်လေးရယ် အနက်ရောင် ခေါင်းဖြီးဘီးကျဲ လေးတစ်ချောင်းရယ် နှင်းဆီအနီပွင့်လေးတွေပါသော နောက်ညှပ်ကလစ်တစ်ချောင်းကိုတွေ့ရသည်။
"သပ်သပ်ရပ်ရပ်လေးဖြစ်အောင် လဲလိုက်ပါ"
တိုက်တွန်းပြောဆိုသည့်သူ့စကားကို မငြင်းခဲ့။ကြိုးပြတ်ပြီး ပြေကျနေသော ဆံပင်များကို အရှေ့ဘက်ကို သိမ်းယူကာဘီးဖြင့် ရှင်းလင်းပြီး ဆံညှပ်ဖြင့်စည်းနှောင်လိုက်သည်။ပြီးတော့ အနွေးအကျီလေးကို ထပ်ဝတ်လိုက်သည်။
ကျွန်မ  သူ့ ဖြစ်စေချင်သည့်အတိုင်း လိုက်လုပ်ပေးလိုက်သည် ။
"ရော့  "
ကမ်းပေးလာသော စနိုးတာဝါကို ဖောက်ယူပြီး မျက်နှာတစ်ပြင်လုံးသန့်စင်အောင်သုတ်လိုက်သည်။သနပ်ခါးတွေပေတာ ဖျက်လို့ရသလို ကျွန်မရဲ့ သောက ဒဏ်ရာအချို့ကိုပါ ဖျက်လို့ရရင် သိပ်ကောင်းမှာပဲ ဟုလည်း တွေးမိလိုက်သေးရဲ့။ ထိမ်းသိမ်းထားရသည့်ကြားက မျက်ရည်စ အချို့ဝဲတက်လာသည်မို့ လမ်းဘေးဆီမျက်နှာမူထားမိသည်။ရုံးဆင်းချိန်ဖြစ်နေပြီမို့ တစ်ဖက် ယာဥ်ကြောမှာ မြို့ထဲအတက် ကားတွေချောင်နေသလောက် ကျွန်မတို့လမ်းကြောင်းမှာတော့ ကားကကြပ်လှသည်။တရွေ့ရွေ့မောင်းနေရတော့ ကားတစ်ချက် ဘရိတ်ဖမ်းလိုက်တိုင်း လူက တုန့်ခနဲဖြစ်ကာ ခေါင်းကမူးနောက်နောက် ဖြစ်လာသည်။ သတိတရ လက်ပတ်နာရီလေးငုံ့ကြည့်တော့ ငါးနာရီထိုးလုပြီ။
"ဖယ်ရီမမှီတော့ဘူး။ ဒါပေမယ့် ကျွန်တော်ပြန်လိုက်ပို့ပေးပါ့မယ်"
သူ့အသံကြားတော့ ကျွန်မ အော်ငိုချင်မိလောက်အောင် စိတ်ဓာတ် ကျဆင်းသွားရ၏။အခုမှ ကားလေးက ရေပင်လမ်းခွဲနားပဲရှိသေးတာ ။ပုလဲမြို့သစ်ထိ လမ်းမကြပ်ပါမှ မိနစ်နှစ်ဆယ်လောက်နဲ့ရောက်မှာ။
ဆက်မတွေးချင်တော့ ခေါင်းတွေထိုးကိုက်လာလျက် နားထင်သွေးကြောများဆီက သွေးခုန်သံကိုပင် ပြန်ကြားနေရသလိုထင်ရသည်။ရင်ညွန့်ဆီကလည်း  စူးအောင့်လာတာ ခံရခက်လှသည်မို့ လက်ပိုက်ထားရက်က လက်သီးဆုပ်လေးဖြင့် ရင်ဝကို ဖိထောက်ထားမိသည်။ကားထောင့်မှာကပ်ထိုင်နေရင်း ဇောချွေးတွေ စို့လာပေမယ့် သက်သာလာခြင်းမရှိပေ။
ဝါယာလက်စျေးအနီး ကားကိုလမ်းဘေးကပ်ရပ်လိုက်တာသိပေမယ့် ကိုယ့်ဝေဒနာ နှင့်ကိုယ်မို့ ငြိမ်ငြိမ်လေးသာ ဆက်ထိုင်နေဖြစ်၏။
"နေလို့မကောင်းဘူးလား ဟင်"
နဖူးဆီတင် လာသော လက်တစ်ဖက် နှင့် ကြားနေကြမဟုတ်သော နူးညံ့သည့်စကားသံ။ကျွန်မ မျက်လုံးအစုံဖွင့်ကြည့်တော့ စိုးရိမ်မကင်းမျက်နှာဖြင့် ငုံကြည့်နေသည့် သူ့မျက်နှာကို မြင်ရသည်။
" မင်း ချွေးစေးတွေအရမ်းထွက်နေတယ် မေခ။ဘယ်နားက နေလို့မကောင်းတာလဲကွာ  တစ်ခုခုပြောပါဦး"
"ခေါင်းကိုက်နေလို့။ရင်ဘတ်ကလည်း အောင့်တယ်"
"ခုဏ တအားငိုထားလို့နေမယ်။ပြီးတော့ နေ့လည်စာ မှမစားရသေးတာ"
ရေသန့်ဘူးကို အဖုံးဖွင့်ပြီး ကမ်းပေးတော့သတိထား၍
ဖြည်းဖြည်းချင်းသောက်ရသည်။ရေဘူးပြန်ကမ်းပေးတယ့်အခါ လက်ကောက်ဝတ်မှ ဆွဲကိုင်ရင်း ကျွန်မကိုယ်လေးကို သိုင်းဖက်လာသည်။သူ့ရင်ခွင်ထဲကို အလိုက်သင့်ရောက်သွားတော့ မကြာမတင်က အထိတ်တလန့်ခံစားချက်တွေကို အမှတ်ရလာစေသည်။အရိုင်းဆန်လွန်းတယ့် အနမ်းတွေ။ "ဟင့်အင်း မလုပ်ပါနဲ့ ။ကျွန်မတောင်းပန်ပါတယ် နော်"

"ဟေး မငိုနဲ့လေ ကွာ။ဘာမှမဖြစ်ဘူး။စိတ်ကို အေးအေးထား ဟုတ်လား"
ကျွန်မ မျက်ရည်တွေကို သုတ်ဖယ်ရင်း သူကတိပေးသည်။ မြင်တွေ့ခဲလှစွာသော နူးညံလွန်းသည့်မျက်နှာ။ပျော့ပြောင်းနေသည့်သူ့စကားတွေ။ နားမလည်နိုင်စွာ ကြောင်တောင်တောင် ကြည့်နေသည့်အခါ
"အခုလိုဖြစ်သွားရတာအားလုံး ကျွန်တော်မကောင်းခဲ့တာ မင်းအမှားကြောင့်မဟုတ်ဘူး။ဒါကြောင့်
အဲ့အတွက်ထပ်စိတ်ဆင်းရဲခံ မငိုနဲ့တော့နော် ဟုတ်ပြီလား "
ကလေးတစ်ယောက်လို ချော့ခံရပါမှ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာပြီး  အသံတိတ် ရှိုက်နေမိရ၏။အလားတူ ကိုယ့်အပေါ် ဂရုစိုက်ပေးတတ်သော သူတစ်ဦးကို အလွန်အမင်းသတိရလာလေတော့ ကိုယ့်ကိုကိုယ် အလိုမကျဖြစ်လာရပြန်ရော ။
သူကတော့ ကျွန်မ မျက်ရည်တွေကို သုတ်ဖယ် ပေးရင်း အငိုမရပ်သေးသော ကျွန်မကိုလည်း ပိုက်ထွေးထားဆဲ။
(╯︵╰,)(╯︵╰,)
အစည်းအဝေးခန်းကနေ ကျွန်မတို့ ထွက်လာချိန်အထိ adminမန်နေဂျာ၊ finance ဌာနမှ တာဝန်ခံ၊ကိုခန့် နှင့် ကိုတေဇ တို့ကျန်ခဲ့ကြသည်။ အလုပ်ဌာနမှ လူကြီးများ၏ သတိပေးဆုံးမမှုကို အထူးတလည် မကြုံဖူးသည့် ကျွန်မ အတွက် အခုလိုအဖြစ်မျိုးဟာ အလွန်အမင်း စိတ်ကသိကအောင့် ဖြစ်ရစေသည်။ မပွင့် ကတော့ အခန်းထဲက အထွက်မှာတင် သူ့ကိုယ်လုံးနှင့် တမင်ကြီးပင် ကျွန်မကို ဝင်တိုက်ရင်းထွက်ခွာသွားသည်။ အနားမှာရှိနေကြသည့် မူမူ နှင့် တိုးမောင်သာ မက သူမတို့ ဌာနမှ အတူလာသော မနွယ်နီ ပင် အံ့သြသွားကြသည်။ စိတ်ဆိုးစွာ ပြန်ရန်တွေ့မည် တကဲကဲ ဖြစ်နေသော ကလေးနှစ်ယောက်ကို တားလိုက်ရင်း ကျွန်မ ဥပေက္ခာပြုရန်ကြိုးစားလိုက်သည်။
အကျင့်ဆိုသည်မှာ ပြင်ခဲလေစွ။ အခုလေးတင် နှစ်ဦးနှစ်ဖက် လေးစားသမှု နှင့် ပြေလည်စွာ ပြောဆိုဆက်ဆံကြရန် ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါလျက်က။
အခန်းထဲ ရောက်တော့ တစ်နေ့တာ လုပ်ဆောင်ရန်များကို ဌာနတွင်းမှ ကလေးများကို မှာကြားရသည်။
"မမမေ လာမယ့် လပြည့်နေ့မှာသမီးတို့ OT (over time)ဆင်းရဦးမှာလား"
"အဲ့ဒါက အတိအကျမသိရသေးဘူး မူမူရဲ့ ကိုခန့်တို့ပြန်လာရင် မမ မေးပေးထားမယ်လေ။ရက်တော့ လိုသေးတာပဲ။ တကယ်လို့ သွားစရာရှိနေရင် ကြိုပြောနော်"
"ဟုတ်မမ"
"တိုးမောင် ရောပဲနော်"
"ဟုတ်မကြီး သားပြောမယ်လေ" 
"ဒါဆို မမ စာရိုက်စရာရှိလို့ မေးစရာရှိရင် အခန်းထဲလာခဲ့နော် "
"ဟုတ် မမမေ"
သူမတို့ကို ကျောခိုင်းပြီး ကျွန်မ အခန်းထဲဝင်ခဲ့သည်။လပတ်အစီရင်ခံစာကို စနစ်တကျ ထိုင်ရိုက်နေမိတုန်း ဖုန်းသံမြည်လာသည်။ကျွန်မ အသံကြားရာဆီ ကြည့်မိတော့ ကိုခန့် စားပွဲဆီမှ ။အားသွင်းကြိုးတန်းလန်းနဲ့မို့ ဖုန်းကိုသွားယူကြည့်မိသည့်အခါ ဆက်လာတာက နာမည်မှတ်မထားသော နံပါတ်အစိမ်း။ ကြိုက်၏ မကြိုက်၏ မသိပဲ သူများဖုန်းကိုလည်း ကိုယ်စားမကိုင်ပေးလိုပါ။သူ့ဖုန်းကို ဖြုတ်ယူကာ ringtone အသံကို တိုးလျက် အစည်းဝေး ခန်းမ ဆီခပ်သုတ်သုတ်လျှောက်ရ၏။
အခန်းဝအရောက် တံခါးကို ခပ်တိုးတိုးခေါက်လိုက်သည်။
"ကိုခန့် ဖုန်း လာနေလို့ "
တံခါးလာဖွင့်ပေးသော admin မှ ဂျာကြီးကို ခဝ်တိုးတိုးပြောရင်း ဖုန်းကမ်းပေးလိုက်သည်။ လက်ကာပြကာစောင့်ဦး ဆိုသည်မို့ တံခါးပြန်စေ့ကာ အသာရပ်စောင့်နေစဥ် စိတ်တိုစွာ ရေရွတ်လိုက်သော ကိုတေဇ အသံကိုကြားလိုက်ရသည်။
"အရေးမပါတာတွေကြ လူတွေက သိပ်အကဲပိုတာကိုး မညို "
"ပတ်ဝန်းကျင်ကတော့ ဒီလိုပါပဲ တေဇရယ် သူကလည်း သူများပြောတာတွေကြားပြီး အထင်လွဲပြီး ပြောမိတာနေမှာပါ"
ကျွန်မနှင့် မပွင့် တို့ရဲ့ ပြဿနာ ကို ရည်ရွယ်ပြောနေကြပုံပါ။
"အရင်းအမြစ်က အထင်လွဲတာ။ဟုတ်တယ် လူတွေဆိုတာက အားနေ ယုန်ထင်ကြောင်ထင်လုပ်တတ်ကြမှန်းသိပါတယ်။
ဒါကြောင့် ဝန်ထမ်းစ ခေါ်စဥ်ထဲက မေခကို စ အလုပ်ခန့်ထဲက မိန်းကလေး မို့ ကျွန်တော် တားခဲ့ပါသေးတယ်။ နောင်တစ်ချိန်ကိုယ့်လက်အောက် ဝန်ထမ်း မိန်းကလေးတွေနဲ့ ရင်းနှီးလာတယ့်အခါ ခုလိုတွေ ဖြစ်ဦးမှာလို့။"
ကြားရတယ့်စကားကြောင့် ကိုယ့်နားကိုပင် ကိုယ်မယုံနိုင်ခဲ့။မိမိ ကို အလုပ်စခန့်စဥ်ထဲက မလိုလားသူ ကန့်ကွက်ခဲ့သူက ကိုတေဇတယ့်လား ။ဒါကြောင့် ကျွန်မအပေါ်အမြဲ  အတင်းမာစည်းကြပ်လွန်းခဲ့တာကိုး။
ဂျာကြီးက ဖုန်းကိုပြန်လာပေးတော့ ဟန်မပျက် အပြုံးနှင့် လှမ်းယူ လိုက်တော့သည်။ ခံပြင်းလိုက်တာနော်။ ကျွန်မကို မိန်းကလေးတစ်ယောက်ဖြစ်နေတာမို့ အလုပ်မခန့်စေချင်သူ၊မိန်းကလေးတွေနဲ့အတင်းတွေသတင်းတွေ ထွက်မှာ စိုးရိမ်ခဲ့သူ က ဘယ်လိုလုပ်ရပ်တွေ ဖန်တီးလုပ်ဆောင်ခဲ့ရတာပါလဲ။
ကျွန်မ အပေါ် ဘာအငြိုးများရှိနေရတာတယ့်လဲ။
💔💔💔
မေခ တစ်ယောက် အံသြခြင်း စိတ်မကောင်းခြင်းကြီးစွာနဲ့ ထွက်ခွါသွားချိန်မှာ တေဇ နှင့် မညိုညိုသိန်းတို့ကတော့ ဆက်လက် စကားစစ်ထိုးနေရဆဲပါ။
"ထားပါတော့လေ တစ်ဖက်လူအမြင်တွေကို ကျွန်တော်ကတော့ သိပ်ဂရုမစိုက်တတ်လို့ဘာပြောပြောမမှုဘူး။ဒါပေမယ့် ကာယကံရှင် မိန်းကလေးအတွက်က နစ်နာပါတယ်။ကိုယ်ကပဲ ထင်ထင် သူများကပဲထင်ထင် ထင်တာလောက်နဲ့မပြောစေချင်ဘူး"
"သြော် ငါ့မောင်ရယ် ဘူးပေါက်တစ်ရာသာ ပိတ်လို့ရချင်ရမယ် ပါးစပ်ပေါက်တစ်ပေါက်ပိတ်ဖို့ဆိုတာလွယ်ပါ့မလား။မင်းကလည်း သူ့ကို တစ်ခြားသူတွေထက် ပိုဂရုစိုက်ပေးခဲ့တော့ အဲ့လိုထင်ကုန်ကြတာနေမှာပေါ့"
မညိုညိုသိန်းက နောက်ပြောင်သလိုလို  ခနဲ့သလိုလိုပြောသည့်အခါ တေဇတစ်ယောက် နှစ်ခြိုက်စွာပြုံးသည်။
"ဟုတ်တယ် မညို ကျွန်တော် သူ့ကိုအခြားသူ တွေထက်ပို ဂရုစိုက်တယ်။သူ့လောက် အလုပ်ကြိုးစားတယ့်သူ စေ့စပ်သေချာတယ့်သူ အလုပ်အပေါ် ဝတ်ကျေတန်းကျေထက် ပိုသာအောင်လုပ်ပေးနိုင်တယ့်သူမျိုး ကျွန်တော်မကြုံခဲ့ဖူးဘူးလေ။အဲ့ဒီအတွက် မေခ ကို ကျွန်တော် အလေးထားတယ်။အခုမတိုင်ခင် ထိကတော့ လုပ်ငန်းပိုင်းဆိုင်ရာ သူ့သဘောထားလုပ်ရပ်ကိုပဲ ကျွန်တော်စိတ်ဝင်စားခဲ့တာ"
စိတ်ဝင်တစားအမူအယာနှင့် စောင့်ကြည့်နေဆဲ မညိုကို ခပ်ပြုံးပြုံးပြန်ကြည့်ရင်း တေဇ ဆက်ပြောလာသည်။
"ခက်တာက လူတွေက ကိုယ်ကသာ မတော်ရင် မတတ်ရင် နေမယ် တစ်ခြား တော်တယ့် တတ်တယ့် သူတွေ နေရာရလာပြီဆိုရင် သိပ်အပုတ်ချချင်တတ်ကြတယ်။အားနည်းချက်လောက်ကိုပဲ ရှာကြံပြောချင်ကြတယ်။မေခ အခုကြုံလာရတာ အဲ့ဒီအချက်တွေကြောင့်ပဲ ။သူတော်လို့ သူကို တစ်ခြားဝန်ထမ်းတွေထက် ကျွန်တော်ပိုချစ်တယ် အသိမှတ်ပြုတယ်။သူ့လိုပဲ ဘယ်သူမဆို အချစ်ခံရအောင် အသိအမှတ်ပြုခံရအောင် ကြိုးစားလို့ရတာပဲ။ဘယ်သူကမှ မကြိုးစားကြပါပဲနဲ့ အလကား အတင်းပဲပြောနေကြတာ။ ကိစ္စတော့မရှိပါဘူး။ သူလည်း အပျို ကျွန်တော်လည်း လူပျိုပဲ။အဲ့လိုစကားတွေ ကြားပါများပြီး တစ်ခြားနည်းနဲ့  သူ့ကိုစိတ်ဝင်စားသွားတော့လည်း သတင်းစစ်ရတာပေါ့ မဟုတ်ဘူးလား"
မညိုညိုသိန်း သည် အောင့်သီး အောင့်သက်ဖြင့် ရယ်သွမ်းသွေးကာ
"အေးပါ ငါ့မောင်ရယ်  မင်းတို့အဆင်ပြေတော့လည်း တို့တွေဝမ်းသာရတာပေါ့။ကိုခန့်လည်း ကြားတယ်နော် တေဇ တရားဝင် ကြော်ငြာ လိုက်တာကို"
"အမလေး အမရာ အမမောင် ကဂျီကဂျောင် က စိတ်ဆိုးလို့ပြောနေတာ။တကယ်အတည်ဆိုတော့လည်း ဘာအရေးလဲ။ကျွန်တော် ကိုယ်တိုင် အမကို အသိပေးမှာပေါ့"
Adminမန်နေဂျာ ကပါ ထောက်ခံကြောင်း လက်မလေးထောင်ပြရင်း နှစ်ဦးစလုံး အခန်းထဲက ထွက်ခွါသွားကြလေသည်။
သည်တော့မှ ကိုခန့်တစ်ယောက် တေဇ ပုခုံးကို ဖက်လိုက်ရင်း စကားဆိုသည်။
"ဒီလိုမျိုးတွေက ခဏပါပဲ ညီရာ။စိတ်ထဲထားမနေနဲ့။ကိုယ်က လူကြီးနေရာဆိုတော့ အစစ သတိထားရတယ်လေကွာ။မင်းကိုကြည့်နေကြသူတွေက သူ့ကိုပါ မြင်တယ်။ မလိုလားအပ်ပဲ အတိုက်အခံတွေပြောမနေပါနဲ့"
"ကျွန်တော်နားလည်ပါတယ်အကို ...ခုဟာက သူက လူကြီးဖြစ်ပြီး သူ့လူဘက်က ကူပြောနေတာ။ကျွန်တော့် အကြောင်းပြောချင်တာပြော ကျွန်တော် ဂရုမစိုက်ဘူး။ခုလို ပြန်ဖြေရှင်းဖို့လည်း ဝေးရော။ အကိုလည်း ကျွန်တော့်အကြောင်း သိပါတယ်။"
"အင်း အကြောင်းသိလို့ အကို ပိုစိတ်ပူတယ် တေဇ"
ကိုခန့် စကားကြောင့် မျက်လုံးအစုံပြူးကျယ်လျက် လှမ်းလက်စ ခြေလှမ်းတွေရပ်တန့်ပြီး ဘာပြန်ပြောရမည်မသိ ဆွံအ စွာရှိနေစဥ်
"မင်း မေခ အပေါ် အားလုံးထက် ပိုပြီးဂရုတစိုက်ဖြစ်နေတာ အရမ်းထင်သာ မြင်သာဖြစ်နေတယ်။မင်းကိုယ်မင်း သတိမထားမိပေမယ့်ပေါ့။"
ကိုခန့် ဆီကအမေးကို ရယ်မောရင်း တေဇက ပြန်ဖြေသည်။
"အဲ့လောက်လည်း မဟုတ်ပါဘူး အကိုရာ"
"ငွေသိမ်းပြီး အပြင်က ပြန်လာထဲ က မင်းတစ်ချိန်လုံး သူ့ကိုပဲ စောင့်ကြည့်နေတာ ကိုယ်သိတယ်နော် တေဇ"
"သူ့ကို စကားများတယ့်ကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော် ဆူလိုက်မိလို့ပါ"
"ဟုတ်ပါပြီကွာ ကိုယ့်အပေါ် မလိုတယ့်သူတွေရှိနေချိန်မှာ အစစ အရာရာဂရုစိုက်တာမမှားပါဘူး။အထူးသဖြင့် မိန်းကလေးတစ်ယောက်ရဲ့ ဘဝ နဲ့ဆိုင်တယ့်အတွက် ထိလွယ်ရှလွယ်တယ်ဆိုတာ ကိုယ့်ညီက နားလည်ပြီးသားပဲ ။ဟုတ်ရဲ့လား "
"စိတ်ချပါ ကိုခန့် ။ကျွန်တော့်ကြောင့် သူ့ကို ထိခိုက်စေမယ့်အဖြစ်တွေကို မဖြစ်စေရဘူး။တကယ်လို့ တစ်ခြားသူတွေက ဖြစ်အောင်လုပ်လာရင် လည်း ကျွန်တော်ကာကွယ်ပေးမှာ အဲ့ဒါတော့ အသေအချာပဲ"
တေဇ ရဲ့ တည်တံ့လွန်းတယ့်မျက်နှာ ပြတ်သားတယ့် အပြောတွေကြောင့် ကိုခန့် စိတ်ချလက်ချဖြစ်သွားသည်။
အချစ်က လူကို ပြောင်းလဲစေသည်။အချစ်ကြောင့် ကောင်းသော ပြောင်းလဲခြင်းတွေပဲ ကြုံစေချင်ပါသည်လေ။
တေဇ ဟာ လူဖြောင့်စိတ်တို ရိုးသားတယ့် လူငယ်လေး။ ကိုခန့်နှင့် လက်တွဲ လာတာနှစ်တွေမနည်းတော့။ပြောရရင် ညီငယ်လေး လိုဖြစ်နေပြီ။ မေခ က တော့ ခုမှ သိကျွမ်းရတာ လပိုင်း လောက်လေးပဲဆိုသော်ငြား ခင်မင်မှုကတော့ မနည်းလှ။ စေ့စပ်သည်။ထက်မြက်သည်။မိန်းမပီသစွာ အနေအထိုင် တည်ငြိမ်အေးချမ်း သည်။ နှစ်ဦးစလုံးကလည်း လူပျို လူလွတ်တွေဆိုတော့ အကယ်၍ ကောင်းသောပြောင်းလဲခြင်း ဆိုပါက ဝမ်းမြောက်ကြည်နူးရမည့်ကိစ္စ။
အပျက်အပျက် နှင့် နှာခေါင်းသွေးထွက်ရမယ့်အဖြစ်တွေကြုံတွေ့မလာပါစေနဲ့လို့သာ ကိုခန့် တစ်ယောက် ဆုတောင်းမိတော့တာလေ။


rate now: