book

Index 6

အပိုင်း ၆

  • Author : shwesu
  • Genres : Romance

ရုံးပြန်တက်သည့်နေ့မှာပင် သူမအတွက် ပြသနာအချို့က ဆီးကြိုနေကြသည်။Delivery မှ ငွေသိမ်းပေးလာသည့် amount ကမှားယွင်းနေပြီး ပြန်တောင်းသည့်အခါ အပ်နှံစဥ်က ရေးပေးထားသော amount သာရှင်းပေးခြင်းဖြစ်ကြောင်း တစ်ဖက်ရုံးက အကြောင်းပြန်လာသည်။ သို့သော် ထိုကိစ္စကို သူရော ကိုခန့်နိုင်ရော တစ်ယောက်မှ မသိကြ။ Delivery ထံမှရလာသည့်ငွေအတိုင်း ငွေစာရင်းဌာနကို သွားရှင်းသောအခါ စာရင်းမှားကြီးဖြစ်နေသည့်အတွက် လိုနေသော ငွေကိုချက်ချင်းပြန်သွင်းပေးရန် ဌာနကို အသိပေးလာသည်။ ထိုအထိလည်း သူတို့ဘာသာကျိတ် ဖြေရှင်းနေပြီး မိမိတို့ လူကြီးနှစ်ဦးစလုံးမသိရသေး။
အစားထိုးစိုက်ပေးစရာ ငွေလက်ကျန်မရှိသဖြင့် ငွေမအပ်နိုင်သည့်အခါမှ ထိုပြသနာက ပေါ်လာခဲ့တော့တာ။
  ပို၍အခြေအနေဆိုးခဲ့စေသည်က ဌာနတာဝန်ခံ မညိုညိုသိန်း ထံကမှတစ်ဆင့် ထိုသတင်းဆိုးကို သူ ကသိသွားခဲ့တာ။ကိုခန့်နိုင်ထံ အသိပေးအကြောင်းကြားပြီးနောက် ဌာနတွင်း အစည်းအဝေးပြုလုပ်၍ သတိပေးမှာကြားသည့်အခါ သူကိုယ်တိုင်ပင် အပြစ်မကင်းသလိုခံစားရလျက် စိတ်လည်းတိုမိနေတော့သည်။
 "မင်းတို့ကို ဘာကိစ္စပဲရှိလာလာ ကိုယ့်သဘောအတိုင်းထင်ရာ မလုပ်ဖို့မှာထားရက်သားနဲ့ အခုလိုဖြစ်တာ အရမ်းရုပ်ဆိုးလွန်းတယ်"
"ကိုယ့်ဌာနထဲမှာ လူကြီးတွေအဆင့်ဆင့်ရှိနေပါလျက် သူများဌာနက ပြောမှသိရတယ်လို့ သိပ်ရှက်စရာကောင်းတယ်"
 ကိုခန့် စိတ်တိုစွာ ပြောနေသည့် အသံမှလွဲလျှင် တစ်ခန်းလုံးအပ်ကျသင်ပင်မကြားရအောင် တိတ်ဆိတ်နေသည်။
"ခရီးသွားတာမှ တစ်ပတ်ကို အဲ့လိုတွေဖြစ်နေတော့ နောက်ကို ဘယ်လိုစိတ်ချလက်ချ သွားလို့ရမှာလဲကွာ အားလုံး အလုပ်ကိုပေါ့ဆလွန်းကြတယ်။နောက်တစ်ခါ အဲ့ဒီလို အမှားအယွင်းမျိုးကို ထပ်ဖြစ်တယ့် အသံမျိုးအကိုကြီး မကြားချင်ဘူး အခု delivery နဲ့ စာရင်းမှားကိစ္စကိုအရင်ဆုံးဖြေရှင်းဖို့လုပ်တော့။finance မှာ ခဏလောက်ဆိုင်းပေးထားဖို့ အတွက် အကိုကြီးသွားပြောပေးထားမယ်။"
"ဟုတ်"
ဖြေသူက သူမ။ မူမူ နှင့်တိုးမောင်က ခေါင်းလေးညိတ်ပြသည်။ အသစ်ကလေး နှစ်ယောက်သား ကတော့ မျက်လုံးလေး ကလယ် ကလယ်နဲ့ပဲပေါ့။
ကိုခန့် ထွက်သွားပြီး နောက် အသီးသီး သူတို့ထိုင်နေသော ပလတ်စတစ်ခုံကလေးတွေကို ဆွဲကာ အခန်းထဲကထွက်သွားကြသည်။ သူမက အားလုံးအပြင်ထွက်သွားပြီးနောက် သူ့စားပွဲဆီလျောက်လာကာ
" ကိုတေဇ ကို တစ်ခုလောက်ပြောချင်လို့"
"ပြောပါ"
"ခုဏ ကိစ္စက မန္တလေး ကပါဆယ်တစ်သိန်းတစ်သောင်းဆိုတာထင်တယ်"
သူမ မျက်နှာက တစ်ခုခုကို ကြိုသိထားနှင့်ပုံရတာမို့
"ဟုတ်တယ် မမေခ သိထားတာလား"
"ဟုတ်ကဲ့ ငွေစာရင်းမှားအပ်မိတယ့်နေ့ကပဲ မူမူပြောပြလို့သိရပါတယ် "
သူ ဒေါသတွေ ထောင်းကနဲထမိပေမယ့် မြိုသိပ်လျက်ဆက်နားထောင်ဖြစ်သည်။တကယ်ဆို သူမ ခွင့်ယူထားတာငါးရက်။အခုဖြစ်သွားတာက လွန်ခဲ့တယ့်
သုံးရက်လောက်က။ ရုံးမတက်တယ့် သူမက သိနေခဲ့တယ်။
"လိပ်စာထဲက ဖုန်းနံပါတ်ကတစ်ဆင့် ငွေချေပေးလိုက်တယ့် customer နဲ့လည်း ဆက်ပြီး အကျိုးအကြောင်းကို မေးလိုက်ပြီးပါပြီ"
"အင်း"
"ငွေကိုအပြည့်ချေပေးလိုက်တာလို့ပြောပါတယ် သူကိုယ်တိုင် လိုနေတယ့်သုညတစ်လုံးထပ်ဖြည့်ခိုင်းပြီး ရှင်းပေးလိုက်တာတယ့်"
သူ ခေါင်းညိတ်ပြတော့ သူမက ဆက်ပြောသည်။
"သူနဲ့အဆက်အသွယ်ရပြီး delivery ကို ဆက်ဖို့ကြတော့ mdy ရုံးဖုန်းနံပတ်က မရှိတာနဲ့ ဒီမနက်မှ ကိုတေဇကိုလည်း အသိပေးရင်း ဆက်ဖို့စီစဥ်ထားတာပါ"
"ကျွန်တော်က အခု ဘာလုပ်ပေးရမလဲ မမေခ"
"ကိုတေဇ ကို အသိမပေးရသေးလို့ပါ။လုပ်တာက ကိုယ့်ဘာသာလုပ်မှာပါ။စိတ်မပူရအောင် အကျိုးအကြောင်းကို အသိပေးတာပါ"
သူရယ်မိသွားသည်။ပြီးနောက် ချက်ချင်းပင် သူမကို လက်ကာပြရင်း သူပြောမိသည်က
"အခုလို အသိပေးဖို့ ဒီထက်စောစောက ဆုံးဖြတ်သင့်တာမဟုတ်ဘူးလား။အခုစိတ်ပူတာ မပူတာထက်အရေးကြီးတာက မမေခ ကိုဆက်လက်တာဝန်ပေးသင့်မသင့်ကို ကျွန်တော်ပူရမယ့် အပိုင်းဖြစ်နေပြီ။တကယ်လို့ မမေခ သာ စောစောအသိပေးခဲ့ရင် ဒီကိစ္စဟာ ခုလောက်မကြီးထွားဘူး။
ကျွန်တော်တို့က အမြဲ သူများပြောမှ ပြသနာတွေ ဖြစ်ပြီးမှ သိနေရမှာလား။ ကျွန်တော့ဌာနက ဝန်ထမ်းတွေကအဲ့လောက် စိတ်မချရသူတွေလား"
သူ တော်တော်ချုပ်တည်းပြောနေသည့်တိုင် လေသံတွေက မာကျောနေခဲ့သည်။
အပြစ်ရှိသူမို့ ငြိမ်နေတယ် မထင်ပါနဲ့။သူဆက်မပြောပဲ ခပ်တင်းတင်းစိုက်ကြည့်နေတော့မှ
"ကလေးတွေက ငွေပမာဏ အရမ်းကြီးတော့ ကြောက်လန့်ပြီး လှမ်းပြောပြကြတယ်။ အသိပေးဖို့ကြ သူတို့မပြောရဲကြဘူး ကိုတေဇ ။ကိုယ့်ဘာသာ ဆုံးဖြတ်လိုက်မိတာ ဝန်ခံပါတယ်။ delivery နဲ့အတည်ပြုပြီးမှ ပြောရင် ပိုကောင်းမယ် ယူဆမိလို့ပါ။ ခုမနက် ကိုတေဇ တို့အရင်သိသွားလို့ ဒီစကားပြောတာ မဟုတ်ပါဘူး။ အစထဲက ဒီမနက် ရှင်းပြအသိပေးဖို့ မူမူတို့ကိုလည်း ပြောထားခဲ့တာပါ"
ခေါင်းမာတတ်သူ မိမိမှန်တယ်ထင်ရာကိုသာ စွဲစွဲ မြဲမြဲဆုပ်ကိုင်တတ်သူဟာ သူတစ်ယောက်တည်းမဟုတ်တော့ပါလား။သူ အတတ်နိုင်ဆုံး စိတ်ကိုလျော့လျက်က သူမကို စကားတစ်ခွန်း နောက်ဆုံးဆိုမိလိုက်သည်။
"ကောင်းပြီလေ မမေခ ကိုချည်းအပြစ်တင်တာမဟုတ်ပါဘူး။ကျန်တယ့် ကလေးတွေတိုင်းကိုလည်း အပြစ်မတင်တော့ပါဘူး ဌာနထဲက ဖြစ်ပျက်သမျှအရာရာကို ကိုယ်တိုင်သိနေအောင် လုပ်မထားဖြစ်တယ့် ကျွန်တော့အပြစ်လို့ပဲ ခံယူလိုက်ပါပြီ။
မမေခ သွားနိုင်ပါပြီ"
တစ်ခုခုပြောဖို့ ကြံရွယ်နေတယ့် နှုတ်ခမ်းတွေကို ကျွန်တော်မျက်ကွယ်ပြုလျက် ညင်သာစွာ နှင်ထုတ်သည့်အခါ သူမ ဘာမှဆက်မပြောသာ။အခန်းထဲမှာ မျက်နှာချင်းဆိုင်ထိုင်နေလျက် အမြင်ခြင်းဖြင့် မဆုံနိုင်ခဲ့ပါပဲ။ အလုပ်တာဝန်များကို ဖိဖိစီးစီး လုပ်နေရင်း ဒေါသစိတ်တွေကို သူမေ့ထားလိုက်သည်။ သူမကလည်း တစ်ဖက်မှာ ငွေကြေးကိစ္စ delivery နဲ့ဖြေရှင်းနေဆဲ။

နေ့လည်ခင်း နားချိန် ထမင်းစားခန်းမှာ ကားဆရာမျိုးမင်းကို finance မှ မိန်းကလေးတစ်သိုက်နှင့်အဖွဲ့ကျလျက် တွေ့ရသည်။သူမဝင်ပဲလမ်းအတိုင်း ဖြတ်လျောက်လာသော်လည်း တစ်ဖက်ကလှမ်းခေါ်လာသည်။
"ကိုကြီးတေဇ ထမင်းစားပြီးပြီလား ဒီဝိုင်းမှာထိုင်စားပါလား"
"နေပါစေ ညီ အကိုကိစ္စရှိလို့ အပြင်မှာပဲစားလိုက်တော့မယ် "
ထမင်းစားခန်းကို သူကျော်ဖြတ်လာပေမယ့် စကားသံတစ်ချို့က အပြင်သို့ လှမ်းနေဆဲ သူ့ နားထဲထိလိုက်ပါလာလေသည်။
"ကိုတေဇက အဲ့တစ်ယောက်ကို အိမ်အထိ လိုက်ပို့တယ်ပေါ့"
"ဟုတ်ပဗျား ဆေးခန်းပြပြီး ဟိုးအဆောင် အပေါ်ထပ်အထိ လိုက်ပို့ပေး ခဲ့တာပါဆို"
  မောင်းကွဲနဲ့မှ ကြုံသွားရတော့ ဒီကိစ္စက တော်တော်နဲ့အကင်းသေမည့်ပုံမပေါ်ပါ။
ရုံးအပြင်က ထမင်းဆိုင်မှာလည်း လူတွေကျနေသည်မို့ သူမဝင်တော့ပဲ ဦးပိုက် လှမ်းခေါ်လိုက်သည်။
"ဦးပိုက်ရေ လမ်းထိပ်သွားမယ်"
"လာပြီ မောင်တေဇရေ "
သူ စိတ်တွေမကြည်လင်သည်မို့ အေးဆေးသက်သာ နေလို့ရအောင် လမ်းထိပ်က လက်ဖက်ရည်ဆိုင်ကိုထွက်လာခဲ့တာဖြစ်သည်။ ကုဋေကြွယ် လက်ဖက်ရည်ဆိုင်က စက်ရုံဝင်းနဲ့ အလှမ်းဝေးတာကြောင့် နားမျက်စိတွေ ခဏ အနားပေးနိုင်သည်မဟုတ်ပါလား။
"မောင်တေဇ လာကြိုရဦးမလား"
"ရတယ်ဦးပိုက် အဆင်ပြေမယ်ဆို လာကြိုပေးပါ။အော်ဒါပါသွားရင်လည်း လှမ်းပြောလေဗျာ ကျွန်တော့်ဘာသာပြန်လိုက်မယ်"
"အေးအေး မောင်တေဇ ဆက်လိုက်မယ်"
ကားမှတ်တိုင်မှဆင်းလာသူ တစ်သုတ်ဘက်ကို ကသောကမျောမောင်းရင်း ဦးပိုက်အော်သည်။
သူကတော့ ထမင်းနဲ့ ဟင်းမှာယူကာ အေးဆေးစွာထိုင်စားနေတော့သည်။စားနေရင်ဆိုင်ရှေ့ကားပါကင်နားတွင် အထုပ်အပိုးများနှင့်ရပ်လာသည့်လူတစ်ယောက်ကို သတိပြုမိသွားသည်။
ငှက်ပျောသီးဖီးကြမ်းအဖီးလှလှနှစ်ဖီး။စျေးဆွဲခြင်းတစ်ခြင်း ၊ ကျောပိုးအိတ်ကလည်း လွယ်ပိုးထားရသေးရဲ့။ဝန်စည်စလယ်များအရ နယ်ကတက်လာခဲ့တာသေချာလို့နေသည်။ နေရိပ်မှာရပ်ကာ ဆွဲခြင်းကို အသာချပြီး အိတ်ကပ်ထဲမှ
ဖုန်းကိုထုတ်ဆက်နေသည်။နေလောင်ထားသဖြင့်အသားအရည်ကရှိရင်းစွဲထက် ပို၍ ညိုနေပုံရသည်။
ဖုန်းအဆက်အသွယ်ရပြီးနောက်  ဆိုင်ထဲဝင်လာ၍ သူ့ရှေ့တစ်ဝိုင်းကျော်မှာထိုင်ပြီးလက်ဖက်ရည်  ကျဆိမ့်တစ်ခွက်မှာသောက်ရင်း ဆက်စောင့်နေတော့သည်။
 သူလည်း အချိန်စောသေးတာမို့ ကော်ဖီတစ်ခွက်မှာ၍ လမ်းမထက် ဟိုဟိုဒီဒီ ငေးနေမိသည်။
"ဟေး ညီမလေး ကိုကိုကြီးဒီမှာ"
ဝမ်းသာအားရ ခေါ်သံကြောင့် သူ့အကြည့်က ခုဏ လူဆီရောက်သွားသည်။ ထိုဆီမှတဆင့် ဆိုင်ထဲကို ဝင်လာသော သူဆီအကြည့်ရောက်တော့ တအံ့တသြ ဖြစ်သွားရသည်ပဲ။
မေခ သူမ တည်ငြိမ်စွာပဲ ဝင်လာခဲ့သည်။မျက်နှာထားကတော့ သူတစ်ခါမှမမြင်ဖူးသော အနေအထား။
သူမ မျက်နှာသည် မရယ်မပြုံးနေပါက ခပ်ချေချေမျက်နှာထားလို့ပြောရလောက်အောင် တည်တင်းသောလူစားမျိုးဖြစ်သည်။သို့သော် ရယ်မိပြုံးမိသည့်အခါတိုင်းလည်း တစ်ဖက်လူကိုပါ ရယ်ချင်ပြုံးချင်အောင် ဆွဲဆောင်တတ်သော အပြုံးမျိုးရှိသည်ကို သူသတိထားမိခဲ့သည်။
ယခုကတော့ အနည်းငယ်ရောထွေးနေသည်။မျက်လုံးတွေက တောက်ပလွန်းနေပေမယ့် မျက်နှာအမူအယာကတော့ အေးစက်နေသယောင် ။ နှုတ်ခမ်းတွေတင်းတင်းစေ့ထားတာက ထိန်းချုပ်မှုရှိလွန်းနေသည်။
"ကိုကိုကြီး စားပြီးပြီလား"
"အင်း စားပြီးပါပြီ ကားဂိတ်ကဆင်းထဲကစားလိုက်တာ။ ညီမလေးရော ထမင်းစားပြီးပြီလား"
"အင်း"
"ပိန်သွားသလိုပဲ ထမင်းရော သေချာစားရဲ့လား။အလုပ်ကရော အဆင်ပြေရဲ့လား။အိမ်ကိုဘယ်တော့လောက်ပြန်လာဖြစ်မှာလဲ"
ကရားရေလွှတ်အမေးတွေကြောင့်ထင်သည် သူမကတစ်ချက်ပြုံးလိုက်ပြီး ခပ်အေးအေးဆိုသည်။
"လောလှချည်လား ကိုကိုကြီးရယ် ရောက်တာဖြင့်တစ်မိနစ်မပြည့်သေးဘူး"
"သြော် အချိန်မှမရတာကို ညီမလေးရယ် ညည်းက ခဏနေပြန်တော့မှာလေ ခုတောင်မနည်းပြောလို့ ထွက်လာတာမဟုတ်ဘူးလား"
"အားလုံးအဆင်ပြေပါတယ် ကိုကိုကြီး ညီမလေး လည်းပျော်နေပါတယ်"
"ကိုကြီး ညီမ ပျော်တယ်ဆိုပြီးတာပါပဲလေ "
မချိတရိနိုင်သော ခပ်ညည်းညည်း အပြောကို ကြားသော် သူမရဲ့မျက်ဝန်းအကြည့်တွေတင်းမာသွားရလျက်
"ညီမလေး ပျော်ဖို့ထက် အားလုံးပျော်ဖို့က အရေးကြီးပါတယ်"
"မေခရယ် ညည်းဟာလေ "
ကျောခိုင်းထားသည်မို့ ထိုလူ့အမူအယာကို သူမမြင်ရပေမယ့် စို့နင့်စွာ မြည်တမ်းလိုက်သော သူ့အသံကြောင့်ပင်လျှင် စိတ်နှလုံးထိခိုက်လွန်းစွာ ညည်းတွားမိကြောင်းထင်ရှားနေသည်။ မေခ မျက်နှာလည်း ခုဏကလို မာကျောမနေတော့ စိတ်မကောင်းဖြစ်သွားပုံရကာ စကားလွှဲလိုက်လေသည်။
"ကိုကိုကြီး ဘာတွေလဲ ယူလာတာကလည်းအများကြီး"
"ညီမလေးအကြိုက်တွေချည်းပဲ ကြီးမေကလည်း ဟင်းတွေပါချက်ပေးလိုက်တယ်"
"ဟုတ်လား ဘာတွေလဲ"
"ငါးခြောက်ထောင်းကြော် ၊သရက်သီးခြောက်ငပိချက်၊ငရုတ်သီးကြော်၊ငါးရံခြောက်ဖုတ်လည်းပါသေးတယ်"
"ဟယ် အများကြီး ကိုကိုကြီးကရော ယူမလာဖူးလား"
ကလေးတစ်ယောက်နှယ် ရှိသမျှ ဘူးတွေချိုင့်တွေလှန်လှောကာကြည့်သည်။လက်ထဲက စားစရာတွေမှအားမနာ ထပ်ရလိုဟန် ဝေစုတောင်းသည့်ပုံက အမောမပြေပဲ ထုပစ်ချင်စရာပါပေ ။
"ပါတာပေါ့ မုန့်ဆီကြော် ကောက်ညှင်းဆီထမင်း စာလေးခွေ နဲ့ ထမင်းခြောက်ကြော်ပါ အဆစ်ယူလာတယ်"
"ဟင် ဒါပဲလား"
"အင်းလေ "
"ကိုကိုကြီးကလည်း ဒါနဲ့များ"
ဘူးတွေစီထပ်သိမ်းရင်း အလိုမကျသလို သူမမျက်နှာက စူပုတ်နေသည့်အခါ သူကခေါင်းကို ဖွဖွပုတ်ကာရယ်သည်။
"ကျောပိုးအိတ်ထဲ အပျင်းပြေစားဖို့ သရက်ပျဥ်တော့ကျန်သေးတယ် အစားပုတ်မလေး စားချင်ရင်တော့ ပေးခဲ့မယ်"
"ဟာ ပါရဲ့သားနဲ့ တော်တော် စိတ်ပုတ်တာပဲ"
ပြန်အဆင်ပြေသွားဟန် ရယ်မောစနောက်နေကြသည်က တရင်းတနှီးဆန်သည်။
 သူလက်ကျန်ကော်ဖီကို အကုန်မော့လိုက်ပြီး ဦးပိုက်ထံ ဖုန်းဆက်၍ လာခေါ်နိုင်ပြီဖြစ်ကြောင်း အသိပေးလိုက်သည်။ငွေရှင်းရန် စားပွဲထိုးလေးကို သူလက်လှမ်းအပြတွင်မှ မျက်နှာချင်းဆိုင်မှာထိုင်နေသော သူမက မြင်သွားပုံရကာ ခပ်အမ်းအမ်းဖြစ်သွားရပြီး
"ကိုတေဇ "
တစ်ဖက်လူကပါ လှည့်ကြည့်လာသည်။
 သူက ပြုံးပြနှုတ်ဆက်ဖြစ်တော့ ထိုလူကလည်း ဖော်ရွေစွာပြုံးပြလာသည်။
"ခုဏဝင်လာတုန်းက မမြင်လိုက်ဘူး ထမင်းလာစားတာလား"
"ဟုတ်တယ်မမေခ "
သူမတို့စားပွဲနားမှဖြတ်လျောက်လာစဥ် သူမက ထရပ်ကာမိတ်ဆက်ပေးသည်။
"ကိုကိုကြီး ဒါ ညီမလေးတို့ဌာနက လက်ထောက်ဌာနတာဝန်ခံလေ ကိုတေဇ တယ့်"
"ဟုတ်လား တွေ့ရတာဝမ်းသာပါတယ်ဗျာ "
 လက်ကမ်းပေးသည်မို့ နှစ်ဦးသား လက်ဆွဲနှုတ်ဆက်ဖြစ်ကြသည်။
"ကိုကိုကြီး နာမည်က ကိုသူရထက်တယ့်"
မျက်နှာချင်းဆိုင် အနီးကပ်ကြည့်မိပါမှ မျက်ခုံးထင်းထင်း နှာတံပေါ်သောသူ့မျက်နှာချောချောကိုမြင်တော့သည်။
"ညီမလေး က ပြောရဆိုရမှ ခက်ရဲ့လား "
"ဟာ ကိုကိုကြီးကလည်း"
သူမ ကအလိုမကျ၍ လော ရှက်သည်လော မပြောတတ် မျက်နှာကိုတစ်ဖက်သို့လွှဲပစ်ရင်းထိုင်ခုံမှာပြန်ထိုင်သည်။သူတို့နှစ်ဦးကသာ သူမအဖြစ်ကိုကြည့်ရင်း နှစ်နှစ်ကာကာရယ်မိသွားရသည်။
"အဟွန်း သူက အလုပ်လုပ်တာ စေ့စပ်သေချာပါတယ် ကိုသူရထက်။အလုပ်ကိုလည်းကြိုးစားပါတယ် ကျွန်တော်တို့တွေက သူ့ကိုအားကိုးလို့ရတယ်"
"ဟုတ်လား ဒါဆိုခေါင်းမာတာလေးပဲအပြစ်ကျန်မယ်ထင်ပါရဲ့ဗျာ"
သူမ က ကိုသူရထက် ကို မျက်စောင်းတစ်ချက်နဲ့လှမ်းသတိပေးလိုက်သေးရဲ့။မပြောနဲ့ဆိုသည့်သဘော
"လူဆိုတော့လည်း အားလုံးတော့ ဘယ်ပြည့်စုံပါ့မလဲ အပြစ်နည်းနည်းပါးပါးလောက်လည်းရှိမှပေါ့ "
"မိဘသားချင်းတွေနဲ့အဝေးမှာဆိုတော့ အနားရှိတယ့်သူတွေကိုပဲ အပ်ခဲ့ပါရစေဗျာ အမြင်မတော်တာရှိရင်ဆုံးမပါကိုတေဇ ။သူမနာခံရင် ကျွန်တော့ကို တိုင်လို့ရပါတယ်"
"ရပါတယ်ဗျာ သူက လိမ္မာပါတယ်"
သူမ မျက်နှာ ဘယ်လိုမှမကောင်းတော့ ညိုမဲ့မဲ့ဖြစ်နေခဲ့ပြီ။ဆွဲခြင်းကိုသယ် ငှက်ပျောသီးအဖီးတွေကိုတစ်ဖက်ကဆွဲလို့ ထရပ်လာပြီး
"ကိုကိုကြီး ညီမလေးပြန်ပြီ"
ဟုဆိုကာ သူ့ကိုပင်နှုတ်မဆက်ပဲထွက်သွားလေတော့သည်။
"တွေ့လား လူကသာဒီအရွယ် စိတ်က ကလေးစိတ် ကိုတေဇရေ ကျွန်တော့မှာ အဲ့လိုတွေသိလို့ စိတ်ပူရတာ။စကားလည်းကောင်းပါရဲ့ ရုံးချိန်မမှီပဲဖြစ်တော့မယ် နောက်များတွေ့မှ အေးအေးဆေးဆေးစကားပြောကြတာပေါ့"
"ဟုတ်ပါပြီကိုသူရထက် ဒါဆိုပြန်ခွင့်ပြုပါဦး"
ကျောပိုးအိတ်မလွယ်မှီ သူရထက်သည် ယောပုဆိုး အနက်ကိုသေချာပြန်ပြင်ဝတ်ပြီး ရှပ်အကျီ လက်ရှည် အနက်ကွက်ကို တံတောင်ထိခေါက်တင်ထားရာပြန်ချသည်။သူ့ကိုကြည့်ရတာ တည်ငြိမ်သည် ရင့်ကျက်သည်။ပြီးတော့သူက မေခအပေါ်အရမ်းဂရုစိုက်တတ်ပုံရသေးရဲ့။
ကျောခိုင်းထွက်လာသည့်အခါ ဦးပိုက်ကလည်း ဆိုင်ရှေ့ကိုရောက်နေပြီလေ။
"ကြာပြီလား ဦးပိုက်"
"ခုတင်ပဲမောင်တေဇ"
သူဆိုင်ကယ်ပေါ်ထိုင်ပြီးသည်နှင့် ဦးပိုက်ကစထွက်သည်။တံတောင်ဆစ်ချိုးလမ်းလေးကိုအကွေ့ ရှေ့တွင်လမ်းလျောက်နေသော မေခကိုတွေ့တော့သည်။
"ဦးပိုက် ခဏ ရပ်ပါဦး"
သူမအရှေ့နားကျော်ရပ်ကာသူလှမ်းပြောရသည်။
"မမေခ ကယ်ရီနဲ့မသွားဘူးလား အချိန်မမှီပဲနေလိမ့်မယ်နော်"
"ခဏနေ တစ်စီးစီးလာရင်တားပြီးစီးမလို့ပါ။
သူ လမ်းရဲ့ ရှေ့နောက် ဝဲယာ မျှော်ကြည့်မိသည်။ တစ်စီးမျှပင်မတွေ့ရသေး။သူဘာမှမပြာရသေးခင် ဦးပိုက်ကပင် စတင်ကာ
"ဦးတို့နဲ့သာလိုက်ခဲ့တော့တူမ ခုချိန်က ကယ်ရီတွေကဂိတ်မှာပဲရှိတတ်တာ"
"ဟုတ်တယ်မမေခ နောက်ကျနေရင် adminနဲ့ စကားပြောနေရလိမ့်မယ် ကျွန်တော့နောက်က ထိုင်လိုက်ခဲ့လို့ရတာပဲ ။ငှက်ပျောသီးတွေပေး ဒီကို"
တမျှော်တခေါ်ခရီးကို တွက်ဆမိပုံရပြီး သူမက လှမ်းပေးလာသည်။ ဆွဲခြင်းကိုတော့ဦးပိုက်က အရှေ့ဘက်မှာယူထား၏။
ဆိုင်ကယ်ကိုသူကခွထိုင်ထားရက်က ဘယ်ညာ တစ်ဖက်စီမှာ ငှက်ပျောသီး တစ်ဖီးစီဆွဲထားရသည်။သူမက သူ့နောက်နားကပ်၍ထိုင်ရသည်။
"ရပြီနော်တူမ"
"ဟုတ်ကဲ့"
ဆိုင်ကယ်ကို စမောင်းထွက်သည်နှင့် ထုံးစံအတိုင်း ဂျိန်းစ်ဘွန်း အလားမောင်းပါသော ဦးပိုက် ။သူလည်းနောက်သို့ ဆတ်ခနဲလန်သွားသဖြင့် ဦးပိုက်လက်မောင်းကိုအမြန်ဖမ်းထိမ်းလိုက်ရသည်။ထို့နည်းတူစွာ သူ့အကျီစကိုသာ ဖွဖွကိုင်ထားသောသူမသည်လည်း အလန့်တကြားဖြင့်ဖမ်းဆွဲဟန်တူပါသည်။ဘယ်ညာလက်နှစ်ဖက်လုံးကဖြင့် သူ့ခါးကိုတင်းတင်းကြီးဖက်မိလိုက်ရက်သားနဲ့။
ကျောပြင်မှာ ဖျတ်ခနဲမျက်နှာအကပ် အကျီစတွေပူနွေးစွတ်စိုသွားသည်မို့ သူ့စိတ်တွေ လေးပင် နောက်ကျိ သွားရသည်။ တစ်ဆက်တည်းလိုလို လူရိပ်လူယောင်ပင်မမြင်ရတော့ပေမယ့် သူမထွက်သွားခဲ့ သောလမ်းမဘက်ဆီကို ငေးငေးငိုင်ငိုင်ကြီးရပ်ကြည့်ကျန်ခဲ့သော ခန့်ညားထွားကျိုင်းသော အမျိုးသားတစ်ယောက်ရဲ့မျက်နှာကို သွားမြင်ယောင်မိလေတော့ သတည်း။

,¡i|¹i¡¡i¹|i¡,
`'¹li¡|¡|¡il¹´
နောက်ကျသွားတာ😢 တောင်းပန်ပါတယ်နော်။ဒီရက်ထဲ အလုပ်တွေကြပ်နေလို့ပါ။


rate now: