ကျွန်မ အတန်တန်ထိမ်းထားသည့်ကြားက မျက်ရည်တွေက အဆီးအတားမဲ့စွာကျလာရပြန်သည်။အောက်ထပ်ရောက်ဖို့ လှေကားထစ်တွေက အများကြီးလိုနေသေးသည်။ ကျွန်မ ဆေးခန်းကို အချိန်မှီသွားနိုင်ဖို့ကြိုးစားနေပေမယ့် အရာမထင်နိုင်သေး။ ဓါတ်လှေကားမရှိသော တိုက်ခန်းပေမို့ တတိယထပ်မှာနေသောကျွန်မဟာ ညနေလေးနာရီလောက်ကစ ပြီးထွက်ခဲ့တာတောင် အောက်ဆုံးထပ်ထိ မရောက်နိုင်သေးတာ အတော်ဆိုးပါသည်။ အစောပိုင်းနှစ်များဆီက ဆောက်လုပ်ထားသည့်တိုက်ဖြစ်သည်မို့ လှေကားထစ်များကလည်း မြင့်မားလွန်းလှသည်။ ကောင်းနေစဥ်အခါက မထောင်းတာ သော်လည်း ယခုမူတော့ ခက်ခဲလွန်းလှသည်။
ခြေထောက်ဆီမှ နာကျင်မှုကြောင့်ကျွန်မသည် ဇောချွေးတွေပင်စို့လာသည်။အောက်ထပ်ဆီမှ ခြေသံကြားသည်မို့ လှေကားလက်ရမ်းကို ကိုင်ကာရပ်နေသော ကျွန်မ ဘေးကိုအသာကပ်ရပ်ထားပေးမိရင်း မျက်နှာပေါ်မှ မျက်ရည်စ တွေကို ကမန်းကတမ်းသုတ်ဖယ် ပစ်မိသွားသည်။
"ကျွန်တော်ထင်တော့ ထင်မိသား"
"ဟင် "
ကြားဖူးနေသောအသံကြောင့်ကြည့်မိတယ်ဆိုရင်ပဲ လှေကားအောက်အထစ်များမှာရပ်ကြည့်နေသော ကိုတေဇ ကိုတွေ့ရသည်။
"ဆေးခန်းချိန် နောက်ကျမှာစိုးလို့ ဆိုပြီး ဆင်းလာတာပါ"
သူက မျက်ခုံးနှစ်ဖက်မြင့်တက်ကာ တမင် အံ့သြပုံလုပ်ပြပြီ
"ကျွန်တော် လာခေါ်မယ်ပြောထားတာ မမေခ မေ့သွားတာရောဟုတ်ရဲ့လား"
"မေ့တာမဟုတ်ပါဘူး အားနာလို့ပါ ။ကျွန်မကြောင့် အလုပ်မပိုစေချင်လို့ပါ ကိုတေဇ"
သူ့ကိုလည်းစကားပြောရင်း အောက်ဘက်ဆီ တစ်လှမ်းချင်း ဟန်မပျက်ခြေလှမ်းနေရသည်။ကျွန်မထက် လှေကားနှစ်ထစ်စာနိမ့်သောနေရာမှာရပ်နေတာတောင် တစ်တန်းတည်းလိုဖြစ်နေသောသူက အရပ် ရှည်သလောက်
စိတ်တိုတတ်လွန်းသူလည်းဖြစ်သည်။
သူက အောက်အဆင့်မှာရပ်နေရာမှ လက်တစ်ဖက်ကမ်းပေးလာသည်။
"ကျွန်တော့်ကိုတွဲလိုက်"
သူ့အသံက ပျော့ပြောင်းမှု အလျင်းမရှိရသည့်အထဲ မျက်နှာအမြဲတည်နေတော့ အထက်စီးဆန်သလိုခံစားရသည်။ဒါပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ ကျွန်မကမှ ကိုယ့်ဘာသာမရပ်တည်နိုင်သေးပဲ ။
သူ့ကို လက်ကမ်းပေးရင်း တစ်ထစ်ချင်းစီ ဂရုစိုက် ဆင်းရသည်။နာကျင်နေသည့်တိုင် တစ်လှမ်းချင်းစီကြိုးစားလျှောက်သည့်အခါ သူက ဘာတစ်ခွန်းမှမပြော။ ကျွန်မလက်မောင်းကို ဆုပ်ကိုင်ထားသော သူ့လက်တွေက တင်းကြပ်မြဲမြံလွန်းလှသည့်အပြင် ဘေးချင်းယှဥ်လျှောက်နေရသည့်အတွက် နီးနီးကပ်ကပ်ဖြစ်နေသောအခြေအနေဟာ စိတ်ကသိကအောင့်ဖြစ်ရစေမှန်း သူ မသိရော့သလား ။
"ဒီလောက်ဆို တော်သင့်ပြီထင်တယ်"
" ရှင်"
"ကဲ သွားကြစို့ အချိန်ပုတ်လွန်းတယ်"
ပြောပြောဆိုဆိုနှင့်ပင် သူက ကျွန်မကို စွေ့ခနဲချီမပြီးဖြစ်နေသည်။
တွေးကြောက်နေခဲ့ရသော ကျွန်မ၏ စိတ်အပင်ပန်းရဆုံးအခြေအနေဟာ ထပ်မံရောက်ရှိလာပါရော။ ခြေလှမ်းတိုင်းကို သတိထားဆင်းနေသည့်တိုင်သူက နှောင့်နှေးခြင်းမရှိပဲ ဆက်တိုက်လိုလျှောက်နေခဲ့တာပါ။ သူ့ရင်အုံက ဖားဖိုကြီးပမာ ခုန်လှုပ်နေသည့်အခါ သူကြုံတွေ့နေရသည့် မောပန်းမှုအား ခံစားသိနေမိတယ့်ကျွန်မအတွက်လည်း သူ့ရင်ခွင်ထဲ မှာစိတ်ရောလူပါကြပ်တည်း မွန်းကြပ်နေခဲ့ပြီ။ ဒီရင်ခွင်ထဲကို ဘာလို့များခဏ ခဏရောက်ရတာတယ့်လဲ။ မသိပါ။
တစ်ဆက်တည်းလိုလို တစ်စုံတစ်ယောက်ကို တွေးမိသွားပြန်တော့ ရင်ဘတ်ထဲစူးအောင့်စွာ နာကျင်လာရမြဲ။
"မမေခ "
"ရှင်"
" တကယ်လို့မနက်ဖြန် ရုံးမတက်နိုင်သေးရင်တောင် ဖုန်းနဲ့ဖြစ်ဖြစ် delivery ဘက်ကို လှမ်းချိတ်ပေးပါဦး"
"ဟုတ်ကဲ့ ကျွန်မလုပ်ပေးပါ့မယ်"
ဘာပဲပြောပြော ကျွန်မက သူ့အတွက်တော့ အတော်လေးအားကိုးအားထားပြုရလောက်စရာ တပည့်တစ်ဦးဖြစ်ပုံရသည်။မဟုတ်လျှင် ယခုလိုအချိန်ကုန် အပင်ပန်းခံ၍ ဆေးခန်းလိုက်ပြပေးလိမ့်မည်မဟုတ်ကြောင်းကို သူ့ လက်ဦးတပည့်များထံမှ မှတ်ချက်အရ ကျွန်မသုံးသပ်ချက်ချနိုင်ပါသည်လေ။
အောက်တစ်ကွေ့သာကျန်တော့ပေမယ့် လက်အံသေလာပုံရတယ့် သူကရုတ်တရက်မြှောက်ချီပြီး တင်းနေအောင်ပြန်ဆွဲပွေ့တော့ ယောင်မှားမှားနဲ့သူ့လက်မောင်းတစ်ဖက်ကို ကျစ်ကျစ်ဆုပ်မိပြီးဖြစ်သွားသည်။
"ကျွန်တော့် အကျီတွေတော့ကြေကုန်ပါပြီဗျာ လွှတ်မချပါဘူးဗျ"
ငုံ့ကြည့်ကာသူပြောသည်တွင် ကျွန်မလည်း ရှက် ရှက်နဲ့ပဲ ဆုပ်ကိုင်ထားမိတယ့် သူ့လက်တွေကို လွှတ်ဖယ်ပြစ်မိသည်။တင်တင်စီးစီးနိုင်လွန်းသည်မဟုတ်ပါလား။
"စိတ်ဆိုးတာလား ဒါက"
"မဆိုးပါဘူး "
"ကျွန်တော်က ဒီတိုင်း အာရုံလွှဲတယ့်အနေနဲ့ပြောတာပါ ။အကျီတွန့်ကြေကုန်မှာ စိုးမှဖြင့် ခုလိုတောင် အလေးခံမချီဘူး"
"ရပါတယ် ဘာဖြစ်ဖြစ် မနေ့ကရော ဒီနေ့ရော အခုလိုကူညီပေးတာကို ကျွန်မတကယ်ကျေးဇူးတင်ပါတယ်"
စိတ်ထဲခုမိပေမယ့်ကျေးဇူးစကားကို အလေးအနက်ဆိုမိလေခြင်းပါ။
"အဟွန်း မလိုပါဘူးလေ"
အခုကြမှ အသံလေးထွက်သည်ဆိုယုံဖွဖွရယ်ကာ ပြောသည်။သူ့စိတ်က အတော်ခန့်မှန်းရခက်လေသည်။
အဆိုးချည်းမဟုတ်သလို အကောင်းချည်းလားဆိုတော့လည်းမဟုတ်ရ။ အရမ်းကိုတွက်ချက်ပေါင်းသင်းတတ်သူဆိုလျှင် လွန်များ လွန်လေမလား။မနေ့က အပြန်ဖယ်ရီနှင့်အတူ ကိုတေဇပါ လိုက်ပါလာခဲ့လေသည်။ သူမဆင်းနေကြ နေရာရောက်သည့်တိုင် မရပ်သေးပဲဆက်မောင်းသွားသည်မို့ ကားရှေ့ခန်းဆီ လှမ်းအော်တော့မှ ဖယ်ရီမောင်းပို့သည့်ကားဆရာအပြင် သူပါ ရှိနေတာကိုသိလိုက်ရသည်။ ကားအား အထူးကုဆေးခန်းရှေ့ထိ လိုက်ပို့စေပြီး သူမကို ဆေးခန်းဝင်ပြစေသည်။ ဓါတ်မှန် အဖြေနှင့်စစ်ဆေးချက်များအရ ခြေပွတ်တိုင်လည်သည်။ အရွတ်အနည်းငယ်ထိခိုက်သွားသည်ဟုဆိုကာ ခြေထောက်ကို မလှုပ်ရလေအောင်ကျောက်ပတ်တီးစည်းပေးထားသည်။ဆေးရုံထဲက အထွက် wheel chair နဲ့မို့ ကားပေါ်တက်ခါနီးခဏသာ လမ်းလျောက်လိုက်ရတာဖြစ်သည်။ တိုက်ခန်းရှေ့လည်းရောက်ရော လှေကားတက်ရာမှာ အကြပ်တွေ့နေသည့် ကျွန်မကို ကူတွဲသယ်ပို့ပေးတာက သူ။