book

Index 4

အခန်း ၄

  • Author : shwesu
  • Genres : Romance

ဝန်ထမ်းအသစ်နှစ်ဦးထပ်ရောက်လာသည်။ ပြသနာက စားပွဲက ၄လုံးပဲရှိနေတာဖြစ်သည်။မူမူ နှင့်တိုးမောင်က တစ်စားပွဲစီ။မမေခက တစ်စားပွဲ လွတ်နေသော စားပွဲမှာ နှစ်ဦးကို ခဏ နေရာချထားနိုင်ပေမယ့် အမြဲတမ်းအတွက်ကြ အဆင်မပြေနိုင်။
"မမေခ ခဏ " သူလှမ်းခေါ်သည့်အခါ သူမက သူရှိရာလျှောက်လာလေသည်။အနားရောက်သော် သူမအား
"ဝန်ထမ်းသစ်တွေအတွက် နေရာချဖို့က စားပွဲတစ်လုံးလိုနေတယ် "
"ဟုတ်တယ် ကိုတေဇ admin ကိုပြောလိုက်ရမှာလား"
သူမက သူ့အဖြေကိုစောင့်နေဟန် လက်ပိုက်ထားရက်က မော့ကြည့်သည်။ လျာထားဝန်ထမ်းအရေအတွက်အတိုင်း စီစဥ်ထားသော စားပွဲ ကုလားထိုင်များမို့ admin မှ တောင်းခံ၍ ရမည်မဟုတ်။ departmental head ရုံးခန်းအတွင်းမှ လစ်လပ်နေသောစားပွဲကိုသာ အသုံးပြုနိုင်အောင်စီမံပေးရမည်သာ။
"အခန်းထဲက စားပွဲကိုပဲသုံးရမှာ ဒါပေမယ့် အပြင်ခန်းကိုတော့ ထုတ်ပေးလို့ရမယ်မထင်ဘူး။တစ်ခြားတော့မဟုတ်ဘူး အပြင်မှာ နေရာချဖို့ ကြပ်နေပြီလေ။"
သူ စကားကိုရပ်ကာ သူမ မျက်နှာကိုကြည့်၍ ပြောဖို့ခဏ အရှိန်ယူလိုက်သည်။
"အပြင်က ဝန်ထမ်း တစ်ယောက်ကတော့ အခန်းထဲက စားပွဲမှာ နေရလိမ့်မယ်"
သူမ မျက်လွှာပင့်၍ အကြည့် ညိုသော မျက်ဝန်းအိမ်တို့ကိုသူ သတိထား မိသည်။ဆံနွယ်တို့သာမက မျက်ဝန်းညိုညို များပါ ပိုင်ဆိုင်ထားသည်ပဲလေ။
"မမေခ ပဲ ကလေးတွေနဲ့တိုင်ပင်ပြီး နေရာချလိုက်ပါ။နောက်ပြီး ကျွန်တော် နဲ့ မညိုညိုသိန်း ဒီနေ့ အစည်းအဝေးလုပ်ဖို့ရှိတယ် မမေခ လည်းလိုက်ခဲ့ရမယ်။နေ့လည် တစ်နာရီ meeting room မှာ ပဲ"
"ဟုတ်ကဲ့ပါ ကိုတေဇ "
သူမ မူမူတို့နဲ့ ရပ်ကာ စကားပြောနေသည်ကို အခန်းတွင်းမှ တစေ့တစောင်း သူ အကဲခတ်နေလိုက်သည်။ ခေါင်းတစ်ခါခါ လက်တစ်ခါခါ ငြင်းနေပုံရသော မူမူ နှင့် တိုးမောင် တို့ကား စိတ်အားထက်သန်ရှိလွန်းနေသည်။ မေခက တော့ လက်နှစ်ဖက်ဖြင့် ခါးကို ထောက်လျက် မျက်နှာကျက်ကို မော့ကာ သက်ပြင်းချလိုက်တာမြင်လိုက်ရသည်။ သူ့ လက်စွဲစာအုပ်တွင် အစည်းအဝေး၌ တောင်းဆိုရမည်များချရေးနေလိုက်သည်။မကြာလိုက် တံခါးခေါက်သံနှင့်အတူ သူမ ဝင်လာသည်။
"ကိုတေဇ "
"ပြောပါ မမေခ"
"မူမူတို့က မပြောင်းဖြစ်ဘူး အပြင်မှာပဲနေကြမယ်တယ့် ။အသစ်ဝင်လာမယ့်ကလေးတွေကြ အထဲမှာနေရာချဖို့ အဆင်မပြေဘူးဖြစ်နေတယ်။"
"အဲ့လိုဆိုတော့ မမေခ ကရော အဆင်မပြေဖူးလား"
"ကျွန်မ လာလို့အဆင်ပြေပါ့မလား အရင်က နှစ်ယောက်ထဲဆိုတော့ အလုပ်ကိစ္စတိုင်ပင်ရင်ကြားလူမရှိတော့ ပိုလွတ်လပ်မလားလို့"
"ဘာအဆင်မပြေစရာရှိမလဲ ကျွန်တော်တို့စားပွဲပေါ်လာထိုင်နေမှာမှမဟုတ်တာ။ နောက်ပြီး မမေခ ရာထူးအရ လာနေသင့်တာပဲ ဌာနရဲ့အတွင်းရေးတွေ မမေခ သိခွင့်ရှိပါတယ်"
မသိမသာ နှာခေါင်းရှုံ့လိုက်သောသူမက လက်လျော့လိုက်ပုံရကာ
"အဲ့ဒါဆို ညနေကြပြောင်းလိုက်ပါ့မယ်"
ကျောခိုင်းထွက်သွားသောသူမ ကိုကြည့်ကာ သူလုပ်လက်စ အလုပ်ကိုဆက်လုပ်နေဖြစ်သည်။
¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·
အစည်းအဝေးတွင် မှ မေခ ရဲ့ စကားပြောကောင်းပုံကို သူအသိအမှတ်မပြုပဲ မနေနိုင်အောင်ဖြစ်ရတော့သည်။
မညိုညိုသိန်း သည် ခပ်ဘွင်းဘွင်း နှင့် တစ်ဖက်သား ပြန်မပြောနိုင်လောက်အောင် ချက်ကျ လက်ကျ ချောင်ပိတ်ပြောဆိုတတ်သူတစ်ဦးဖြစ်သည်။ တော်ရုံလူ လုပ်ငန်းအကြောင်း ဂဃနဏ မသိပါက သူမ နှင့်ယှဥ်မပြောသာ။သူနှင့်လည်း အကြွေးကျန်များသည့်အတွက် အချေအတင်တွေကို ပြောဆိုနေရတာဖြစ်သည်လေ။
"ညီမ က အကြွေးကျန်တွေ ရှင်းမယ့်ရက်အတိအကျ မသိရသေးဘူးလို့ မပွင့်ကပြောတယ်။အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ ညီမ အမ သိသလောက် delivery က နှစ်ပတ်ပြည့်တာနဲ့ ပါဆယ်ဖိုးငွေစရှင်းတာပါ"
သူနဲ့ စကားအပြတ်မှာ မေခ ကို ဦးတည်ပြောသည့်အခါ ဘာမှဝင်မပြောပဲ သူမ တုံပြန်မှုကို သူအာရုံစိုက်ထားဖြစ်သည်။
"ဟုတ်ပါတယ်အမ စာချုပ်အရ တော့ ပါဆယ်ထုပ်လက်ခံရပြီး နှစ်ပတ်အတွင်း ငွေရှင်းတယ်လို့သိထားကြတာပါ ။အခုကျန်နေတယ့်ပါဆယ်ဖိုးတွေက တစ်ဖက်က ငွေရှင်းဖို့ကျန်နေတာတွေရယ် အချို့ ဘောက်ချာကျ ငွေရှင်းထားပေမယ့် amount မှားနေတာတွေဖြစ်နေတော့ သူတို့ဘက်က နယ်ရုံးတွေနဲ့ပြန်ဆက်သွယ်နေတာကြောင့်ပါ။ ပြီးတော့  စာရွက်စာတမ်းတင်ပြတောင်းခံတာကိုလည်း ညီမတို့ဘက်က နှစ်လ ကျော်လောက်နောက်ကျနေခဲ့တာဆိုတော့ ကြာနေတာပါ။ ခုလထဲ အကုန်ဖြတ်နိုင်အောင် လောထားပါတယ်"
မညိုညိုသိန်း က သူမပြောပြတာကို နားလည်ဟန် ခေါင်းညိတ်ပြသည့်တိုင် ကျေလည်သေးပုံမရ။
"အင်းပေါ့  ကိုယ့်ဘက်ကလည်းပျက်ကွက်ခဲ့တော့ ဒါပေမယ့် ညီမတို့ဆီကိုအမ ကလေး တွေက တစ်လတစ်ခါ ပုံမှန် အကြွေးစာရင်းလည်းချပေးနေတာ။တကယ်ဆို ဒီထက်စောစောလေးသိသင့်တာလို့ အမ တော့ထင်တာပဲ"
သူမ မျက်နှာကိုအကဲခတ်နေမိသည်ကြောင့်လားမသိ ခပ်ပြုံးပြုံးနားထောင်နေသည့်ကြားက  သွားများတင်းတင်းစေ့လိုက်သဖြင့် ရုတ်ချည်း ထင်းသွားရသည့် မေးကြောများကို ဖျတ်ခနဲ ပြောင်းလဲခြင်းဖြစ်သည့်တိုင် မြင်ဖြစ်အောင်မြင်လိုက်လေသည်။
"ဟုတ်တယ် အမ စာရင်းတွေက ကြက်အစာကောက်သလို တစ်စဆီ ကောက်စုနေရတာနဲ့နည်းနည်းကြာသွားတယ် တကယ်က online marketing သာဆိုပါတယ် စာရင်းပိုင်းပါ သေချာလုပ်နိုင်မှကိုး။အခုတော့ မျက်နှာမငယ်ရအောင် အကုန်သေချာစနစ်တကျ ပြန်လုပ်နေတာအမ ရေ"
အပြုံးမပျက်ပြန်ဖြေနေသည့် သူမ ကို မညိုညိုသိန်း ဘာမှထပ်မပြောသာတော့။
"ဒါထက် တစ်ခုလောက် အမကို မေးချင်လို့  စိတ်မရှိပါနဲ့နော်"
"မေးလေ ညီမ"
"ဖုန်းဆက်ရင် တစ်ယောက်ပဲ ပုံသေ ကိုင်တာလား အလှည့်ကျ ဖြေပေးရတာလားအမ" 

"ဖုန်းက အဆင်ပြေသလို အနားနီးတယ့်သူက ကိုင်ကြတာလေ။ပြီးမှ သက်ဆိုင်ရာလူကို လွှဲပေးတာ ညီမ။ အမဆီ ဆက်ချင်ရင် တိုက်ရိုက်ရောက်တယ့်လိုင်းကို ဆက်လို့ရတယ်။ ဘာများအဆင်မပြေလို့လည်း ညီမ"
မညိုက မေးသော် သူမက သူ့ကိုတစ်ချက်လှမ်းကြည့်ရင်း
"မနေ့က ငွေစာရင်းကိစ္စ ပြောနေတုန်းဖုန်းချသွားလို့ပါအစ်မ။ လူသစ်မို့လို့ပဲလားတော့မသိဖူး ရုတ်တရက် ညီမတောင် အံ့သြသွားရတယ်။ကိုယ်တွေချင်း ဆိုတော့ ကိစ္စမရှိပေမယ့် အခြားသူတွေနဲ့ကြတော့ respect မရှိသလိုထင်သွားနိုင်တယ်လေ ။ ခု အစ်မနဲ့ဆုံတုန်း အသိပေးတာပါ"
မညိုညိုသိန်း သည် မျက်နှာကြီးတည်တည် နှင့်ပင် သူမ ပြောတာကို ခေါင်းတညိတ်ညိတ် နားထောင်နေလေပြီးနောက်
"အိုကေ လေညီမ အစ်မလည်း ဌာနထဲမှာမှာထားလိုက်ပါ့မယ်"
မညိုထွက်သွားတော့မှ သူမသည် သက်ပြင်းခိုးချသည်။
"ကြောက်ဖို့ကောင်းတယ်မို့လား " ဟု ကျွန်တော်ကမေးသော်
"မကြောက်ပါဘူး ကိုယ်မှ အမှားမလုပ်ပဲနဲ့ ။"
 သူမ ကို ကျီစယ်လိုသော ကျွန်တော်က ဒီလောက်နှင့်တော့မရပ်ပဲ ဆက်လက်၍
"မသိပါဖူးဗျာ မမေခ သက်ပြင်းချလိုက်တာဆိုတော့ အဲ့လိုထင်မိသွားတာ"
စာဖိုင်များသိမ်းနေရာမှ မျက်စောင်းဒိုင်းခနဲပစ်လိုက်သည်တွင် သူမကိုကြည့်နေသော ကျွန်တော့အကြည့်တို့နှင့် တည့်တည့်ဆုံကြသည်။ကျွန်တော်က ခပ်တည်တည်ကြီးနှင့်ပင်ကြည့်နေသော်လည်း သူမက ခပ်စောစောကလိုပင် မျက်နှာလေးချီ လျက်က
"သြော် ဖြစ်ရတယ် ဒေါသတွေ မြိုချလိုက်ရတာကို သူဖြင့်မသိပဲ"
ပြော ပြော ဆိုဆို စာဖိုင်များယူကာ meeting room မှ အရင်ဦးအောင် သူမက ထွက်သွားလေသည်။ သူမ ပြောသည့်အဖြစ်က ထိုနေ့ကတင် အမှတ်မထင် သူကြားသိရပြီးဖြစ်ရာ ယခု သူမ တစ်ဖက်လှည့်ဖြင့် ဌာနတာဝန်ခံထံ အသိပေး တိုင်ကြားလိုက်သည်ကိုလည်း သူသိလိုက်ပြီးဖြစ်သည်။  ဒီလိုဆိုပြန်တော့လည်း သူမက သာမန်အမျိုးသမီးများလို အသေးအဖွဲလေးကအစ အကဲဆတ်လွန်းနေပြန်ပါသည်။
ဌာန ရှိ ရုံးခန်းထဲ သူရောက်တော့သူမက စာဖိုင်များကို ဗီရိုပေါ် စီရီတင်နေခဲ့ပြီ။တစ်ဖက်က စားပွဲတွင် သူမ ၏ အသုံးဆောင်နှင့် ပစ္စည်းများကို လာရောက် ရွေ့ထားပြီးနေပြီ။
" မေမခ တပည့်တွေက အကုန်ရွှေ့ပေးထားပါလား"
"ဟုတ်"
"စားပွဲကတော့ အလွတ်ပဲ computer ဆင်ဖို့တော့ IT ကလူလှမ်းခေါ်ပေးထားမယ် နောက်ပြီး မနက်ဖြန် ကိုခန့် ခရီးကြောင်းကပြန်ရောက်မှာ မမေခ"
စကားမပြောလိုဟန် လှည့်ပင်မကြည့်ပဲ တိုတိုတုတ်တုတ် နှင့်သူမ ဖြေပေမယ့် သူကတော့ သူမနား သွားရပ်လျက်ပြောလိုရာ အမိအရ ပြောသည်။ ဤသို့ဆို ပြန်တော့လည်း သူမက ဖိုင်တင်နေရာက ခဏရပ်ပြီး သူ့စကားကို နားထောင်ပေးသည်ပဲဖြစ်သည်။
" မနက်ဖြန်  delivery ကို ငွေရှင်းဖို့ သတိပေးလိုက်ဦးဗျ"
"ဟုတ်ကဲ့ပါ ကိုတေဇ"
အင်း မျက်နှာက ခုထိ မပြေလျော့သေး။ မကျေနပ်သောသူစာရင်းတွင် သူပါ ပါနေသလားမပြောတတ်။ဘာပဲဖြစ်ဖြစ် ဒီနေ့အစည်းအဝေးတွင် စာရင်းပိုင်းအရ လစ်ဟာမှုမရှိရအောင် အချက်အလက်အတိအကျ သူမစုစည်းပေးနိုင်ခဲ့သည့်အပြင် တစ်ဖက်က ဖိအားပေးလာမှုအပေါ် ကောင်းစွာတုန့်ပြန်နိုင်ခဲ့သည်မဟုတ်ပါလား ။
ဌာနစာဖိုင်များကို စီသိမ်းနေတယ့်သူမအနားမှ သူပြန်ထွက်လာခဲ့လိုက်သည်။ညနေပိုင်းရုံးမဆင်းခင် စက်ရုံဝင်းကို တစ်ပတ် ပတ်စစ်ဆေးရဦးမည်။ဒီနေ့ သူ့ဂျုတီလေ။အခန်းအဝနားအရောက် မျက်နှာကျက်မှ လေးပေမီးချောင်း တစ်ဖက်ခြမ်းက မည်းလျက် မှိတ်တုတ် မှိတ်တုတ်ဖြစ်နေတာ မြင်လိုက်သည်မို့
"မမေခရေ တိုးမောင် ကို store က မီးချောင်းထုတ်ပြီး လဲဖို့အတွက်ပြောလိုက်ပါဦး။ဒီတစ်ခုက မကြာဘူး ပျက်တော့မယ်"
"ဟုတ် ကိုတေဇ"
သူမှာအပြီး အခန်းထဲမှထွက်လာခဲ့ကာ အောက်ထပ် စက်ရုံဝင်း တစ်ပတ် လှည့်လည် စစ်ဆေးရလေသည်။သန့်ရှင်းရေး ကောင်းမွန်စွာ လုပ်မထားခြင်း လုဝ်ငန်းခွင်ပြင်ပ ရောက်နေခြင်း ရေအိမ်နား ရပ်တန့်စကားပြောဆိုနေခြင်းများ ရှိမရှိ ဌာနတာဝန်ခံများက အလှည့်ကျ စစ်ဆေးပေးရပြီး စည်းကမ်းဖောက်ဖျက်သူကိုတွေ့ရှိလာပါက admin ဌာနနှင့် ချိတ်ဆက် သတိပေးမှုများဆက်လက်ဆောင်ရွက်ရသည်။သူ့အလှည့်တွင် ကြုံသူတိုင်း admin ရောက်ကြရပြီး မျက်ကွယ်မပြုပေးတတ်သည့် သူ့ကိုလည်း မကျေနပ်တတ်ကြမှန်းသူသိထားသည်။ တာဝန်က တာဝန်ပေပဲမို့ ချစ်ချစ်မုန်းမုန်း ကိုယ့်မူအတိုင်း ကိုယ်လုပ်တာက သူပါလေ။ ယခုညနေကတော့ အားလုံးရှင်းလင်းနေသည့်အတွက် သူလည်း စိတ်အေးသက်သာစွာပင် adminမှာ လက်မှတ်ထိုး၍ ရလဒ်ကောင်းမွန်ကြောင်းမှတ်ချက်ရေးခဲ့သည်။ထို့နောက် မိမိ ဌာနဆီ ပြန်လာခဲ့တော့သည်။ မူမူ နှင့် အသစ်ထပ်ရောက်လာသော ဝန်ထမ်းသစ် နှစ်ဦးက ပါဆယ်များသိမ်းဆည်းနေကြသည်။
"မူမူရေ delivery လာသွားပြီလား"
"ခုညနေ မလာဖြစ်လို့ မနက်မှလာယူမယ်တယ့် အစ်ကိုတေဇ"
"သေချာစစ်ကြဦနော်"
မူမူက ဟုတ် ဟုဖြေတော့ မမေခ လေသံအတိုင်းပါလားဟု တွေးမိသွားသည်။တံခါးအဖွင့်မြင်ရသည့်မြင်ကွင်းကြောင့် သူမျက်လုံးအစုံပြူးကျယ်သွားရကာ
"  မမေခ အခုချက်ချင်းဆင်းလိုက်"
"ဟို ခဏလေး ပြီးခါနီးပြီ"
သူတံခါးကိုပင်ညင်သာစွာ မပိတ်နိုင်။သူမအနားကမန်းကတန်းအပြေးလျှောက်မိရက်သား။ပလတ်စတစ်ခုံအရှည် ပေါ် ပလတ်စတစ် ခွေးခြေပုလေးထပ်တင်ထားပြီး အဲ့အပေါ်မှာ မီးချောင်းဖြုတ်လဲနေပါသတဲ့။ခုံက လှုပ်ယိမ်းလွယ်လွန်းတာ မသိရော့သလား။ ခုံနှစ်ဆင့်တက်သည့် တိုင်အရပ်မမှီ ခြေဖျားထောက်ထားရတော့ မြင်နေရသူက မဆီမဆိုင် အသည်းယားနေရသည်။
"ဆင်းလိုက်တော့ဆိုကျွန်တော်ပြောတာ ကြားလား"
  "ဟုတ် ရသွားပြီ ခုံကကိုင်မပေးထားလဲရပါတယ်"
"မရဘူး ဆင်းမှာသာ ဆင်းပါ"
"ခဏ အလင်းပြန်အချပ်လေးပြန်တပ်ပြီးရင် ရပါပြီ"
"ကျွန်တော်တပ်ပေးမယ်ဗျာ ဟာ...
သူဒီလောက် အတန်တန်ပြောနေပါရက်က မီးချောင်း တစ်ဖက်စွန်းက ကလစ်ကို မမှီ့ တမှီ လှမ်းတပ်ရင်းက ခုံချော်ထွက်ကာ သူမ ပြုတ်ကျလာတော့သည်။
"ဂွမ်းးးး
အလူမီနီယံပြားနှင့် ကြွေပြားအခင်းရိုက်ခတ်သံက ကျယ်လောင်စွာထွက်ပေါ်လာသည်။
တရှိန်ထိုးကျလာတယ့်သူမ ကိုယ်လေးကို အမိအရ ဖမ်းလိုက်သည်။
အံ့သြထိတ်လန့်မပြေသေးသို  ခပ်ဟဟ ပွင့်နေတယ့် နှုတ်ခမ်းတစ်စုံ။ နီးကပ်လွန်းစွာမြင်နေရတယ့် တိုတုတ်နက်မှောင်သော မျက်တောင်နက်နက်များ။
သူ့ရင်ခွင်ထဲ တစ်လုံးတစ်ခဲ သိမ်းပွေ့ထားမိတယ့် နွေးထွေးတယ့်သူမကိုယ်လေးက အသက်ရှုနှုန်းတွေမြန်နေခဲ့လေသည်။
" ကောင်းတယ် သိပ်ကောင်းတယ် အနားမှာ လူမရှိရင် အခုနေ ခင်ဗျားဘဝကူးနေလောက်ပြီ သိရဲ့လား "
ဒေါသအရှိန်ကြောင့် သူမ လက်မောင်းကို ဆုပ်ကိုင်ဖျစ်ညှစ်ကာ သူ မာန်မဲလိုက်မိသည်။စကားအဆုံး သူ့ကိုမော့ကြည့်လာတယ့် သူမ ။ အပြစ်လုပ်မိထားသည့်အတွက် မပြောသာပဲငြိမ်နေပေမယ့် တစ်ခုခုကို ပြောမိမတတ် တဆတ်ဆတ်လှုပ်ခတ်နေသော နှုတ်ခမ်းအစုံက သူ့ကိုပို စိတ်တိုစေသည်က အမှန်။
 "အဲ့ဒီ အကြည့်ကိုပြင်သင့်တယ် ခင်ဗျားသာ အမှန်တရားကိုတွေးတောနိုင်မယ်ဆိုရင်ပေါ့"
သူ့လက်ကို ပုတ်ဖယ်ချရင်း သူ့ရင်ခွင်ထဲက သူမက ရုန်းထွက်သည်။မျက်လွှာအချမှာ ရိပ်ခနဲမြင်သည်က မျက်ဝန်းအိမ်မှ အိုင်ထွန်းလာဆဲမျက်ရည်စတွေနဲ့။
ချက်ချင်းမလွှတ်ပေးသေးပဲ လက်မောင်းနှစ်ဖက်ကိုထိန်းကိုင် ထူမတ်ပေးထားရင်း သူမကို စမ်းရပ်စေရန်သူကြိုးစားလိုက်သည်။
" ရပ်ကြည့်ဦး ဘယ်နားခိုက်မိထားသေးလဲဆိုတာ သိရအောင်"
"ရတယ် ရပ်နိုင်ပါတယ်"
ရပ်နိုင်ပါတယ်ဆိုသော သူမကြောင့် လက်ကိုထိမ်းထားရာမှ အသာလွှတ်ပေးလိုက်ပြီး စောင့်ကြည့်မိသည်။
မျက်နှာချင်းဆိုင်ရပ်နေရာကနေ သူမ စားပွဲဆီ ချက်ချင်းလှမ်းပေမယ့် မျက်နှာတစ်ပြင်လုံး ရှုံမဲ့သွားတယ့်အခါ မနေနိုင်စွာ မေးမိပြန်တော့သည်။
"ဘယ်ဘက်က လဲ ညာဘက်လား"
"လေခိုတာနေမှာ ကျွန်မ ခဏနေ ကောင်းသွားမှာပါ"
"အိုကေ ရုံးဆင်းချိန်ရောက်နေပြီ မမေခ ။ပြန်ဖို့ပြင်ဆင်လိုက်တော့။ဒါတွေ ကျွန်တော်ဆက်လုပ်လိုက်မယ်"
သူမကို ဆက်လက်မမေးမြန်းလိုတော့သဖြင့် လဲကျနေသော ခုံကိုပြန်ဆွဲထောင်လျက် ပြုတ်ကျနေသော မီးချောင်းမှ အလင်းပြန်အဖုံးကို တပ်ဆင်လိုက်သည်။
"ရုံးခန်းကထွက်ခဲ့ရင် မီးတွေပိတ်ခဲ့ပါ"
"ဟုတ်"
အခန်းထဲက သူထွက်လာတော့ မူမူ က မလုံမလဲနှင့် ပြူးကြောင်ကြောင် ကြည့်နေတာနဲ့ကြုံသည်။သူမ ဘာသာ ဘာဖြစ်ဖြစ် သူနှင့်ဘာဆိုင်သလဲ။အနေသာကြီး သာဖြစ်သည်။ သို့ပေမယ့် အခန်းဝရောက်တော့ အပြင်ကိုတန်းမထွက်နိုင်ခဲ့။အခန်းထဲက ရှိနေတယ့်သူများဘက် ပြန်လှည့်ကြည့် ကာ
"မူမူ အခန်းထဲက ညည်းအစ်မကို တစ်ချက်သွားကြည့်ပြီး ကူပေးလိုက်ပါဦး"
" ဟုတ် အကိုတေဇ"
ပျာပျာသလဲ သူမဖြေတော့ သူအသိမှတ်ပြုသည့်အနေဖြင့် ခေါင်းတစ်ချက်ဆတ်ပြကာ ဌာနထဲမှ သူထွက်လာခဲ့တော့သည်။ ရုန်းကြွ လှုပ်ရှားနေဆဲစိတ်အစဥ်က သူမ ရဲ့ မနာခံတတ်မှုကြောင့်လား ။ အားမတန်မာန်လျော့ရသည့်တိုင် ဆတ်ဆတ်ထိမခံ စွာတေးလန်တာကြောင့်လား။ သို့တည်းမဟုတ် တစ်ခြားသော အကြောင်းရင်း ကြောင့်လေလား. . .









  


rate now: