book

Index 3

အခန်း ၃

  • Author : shwesu
  • Genres : Romance

ဌာနတွင်း morning  briefing ပြုလုပ်သည့်အခါ မနေ့ကစစ်ဆေးပြီးအခြေအနေတို့ကို ကိုခန့်နိုင် ကို အသိပေးဖြစ်သည်။ ကျွန်မ ရှင်းပြသည်များကို သေချာနားထောင်ပြီးနောက် ကိုခန့်နိုင် ကပင်ဆက်လက်မှာကြားလေသည်။
"မေခက လက်ရှိတွေ့ထားတယ့် စာရင်းအပေါ် အခြေခံပြီး ဖြစ်နိုင်ချေရှိတယ့် ငွေအရင်းမြစ်တိုင်းကိုလိုက်ပေးပါဦး။ လိုအပ်တယ့်စာရွက်စာတမ်းတွေကို ညီမလေးမူမူက ကူရှာပေးလိုက် ဟုတ်ပြီလား"
"နောက်ပြီး အကိုကြီး အရောင်းအဖွဲ့နဲ့ နယ်ကို ခရီးကြောင်းလိုက်ရဖို့ရှိတယ်
ဒီတော့ မင်းတို့အားလုံးက လိုအပ်တယ့်ကိစ္စအဝဝ ကို ကိုတေဇ နဲ့တိုင်ပင် ညှိနှိုင်းပြီးလုပ်ကြဖို့လိုအပ်တယ်ကွ။
ကိုတေဇက မင်းတို့လိုအပ်ချက်တွေ အမြန်ဆုံးရအောင် ကူညီပေးလိမ့်မယ်။ လိုအပ်နေတယ့် ဝန်ထမ်းနေရာအတွက်လည်း မနက်ဖြန်ကစပြီး အလုပ်တက်မှာဖြစ်လို့ အားလုံးကူညီသင်ပြပေးကြဦးနော်"
ဝန်ထမ်းအင်အားထပ်မံတိုးဖြည့်ပေးဖို့ လိုအပ်ကြောင်း တောင်းဆိုခဲ့သည်မှာ ၃ ရက်သာ ရှိသေးသည်။ ချက်ချင်း ခေါ်ယူပေးသည်မို့ ကျွန်မ ဝမ်းသာမိသွားသည်။
ကိုခန့်နိုင် က ကျွန်မ အမြင်တွင် ပို၍ လူကြီးဆန်သည်ဟု ထင်မိသည်။
စကားပြောဆိုရာတွင် ပြတ်သားပြီး အနေအထိုင်လည်းတည်ကြည်သည်။ သို့သော် ဆက်ဆံရေးမကောင်းသူတော့ မဟုတ်ရ။တစ်ဖက်လူ ပြောသောစကားကို သေချာစွာ နားထောင် ပေးတတ်ပြီး သူ ကူညီနိုင်သောကိစ္စ ဆိုပါကလည်း လက်မတွန့် ။ဖော်ရွေစွာ ပေါင်းသင်းတတ်သေးသည်။
တေဇ ကတော့ စကားကို ကပ်ကပ်သပ်သပ် ပြောတတ်သူဖြစ်သည်ကို ကျွန်မ သတိပြုမိသည်။ အဝတ်အစားကို အခြားသော သူများထက်ပို၍ သပ်ရပ်စွာ ဝတ်ဆင်ထားတတ်သလို ပုံသွင်းထားသော တိုကပ်ကပ် ဆံပင်တို့က အမြဲလိုလို ခေါင်းလိမ်းဆီဖြင့် နက်ပြောင်နေတတ်သည်။တစ်နေ့ကလည်း သူနှင့် ကျွန်မ အငြင်းပွါးရသေးသည်။
"မမေခ လပတ် အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း admin ကလာမပို့ရသေးတာလား"
"လာပို့ပါတယ် မနက်ကတင် ပြန်ပို့လိုက်ပါပြီ"
ဌာနတွင်းစာဖိုင်များတွဲလျက် ပြန်ဖြေသည့်အခါ သူ့လေသံက အလိုမကျဖြစ်သွားမှန်းသိသာစွာနှင့်
"ကျွန်တော်လည်း မသိရ ပါလား"
"မနက်က လာပို့တော့ ဖိုင်ကို စားပွဲပေါ်တင်ပေးထားတာပါ။ဒါပေမယ့် ကိုတေဇ  အပြင်ကပြန်မလာသေးခင် admin က ဖတ်ပြီးရင် လာပြန်ပို့ပေးဖို့ ဖုန်းလှမ်းဆက်လာတယ်။ အကိုကြီးကလည်း ရောက်လာတာနဲ့ သူ ကိုယ်စားလက်မှတ်ထိုးပေးလို့ရတယ်ပြောလို့  ထိုးပြီးပြန်ပို့လိုက်ပါတယ် "
ကျွန်မ ပြောနေစဥ်တလျောက်လည်း မျက်လုံးကြီးပြူးလျက်ကြည့်နေတာ က တစ်မျိုး မျက်မှောင်ကြုတ် တာက တစ်သွယ် နားထောင်ပြီးနောက်
"ကိုယ်စား လက်မှတ်ထိုးတာလွယ်ပါတယ် အဓိက က အဲ့ဒီစာကနေ ကိုယ့်ဌာန နဲ့သက်ဆိုင်တယ့်ညွှန်ကြားချက်တွေ     ဆုံးဖြတ်ချက်တွေကျ ကျွန်တော် မသိတော့ဘူးလေ။ ပြီးတော့ မမေခ ရော သိလိုက်လား"
ကျွန်မမှာ သူ မေးတော့ အံ့သြသွားရကာ
" ဌာနတာဝန်ခံအဆင့် အစည်းအဝေးစာရွက်မို့ မဖတ်ကြည့်သင့်ဖူးထင်လို့ အကိုကြီးကို အသိပေးလိုက်တာပါ"
"အဲ့ဒါပြောတာ အခုကြ ဘယ်သူမှမသိတော့ဘူး။ တိုင်ပင်အောက်ကုန်ရော။တကယ်ဆို ကျွန်တော့ကို ဖုန်းဆက်မေးသင့်တယ်"
သူက အပြစ်တင်သလို ပြောတော့ ကျွန်မ မှာ မကျေလည်သော်လည်းမပြောသာ။ ကိုခန့်နိုင်ကို သူမေးကြည့်လို့ရနိုင်ပါလျက်က။ သုန်မှုန်နေသော သူ့မျက်နှာကို ခပ်တည်တည်ပြန်ကြည့်ပြီး
"ဒါဆို ကိုတေဇ ဖုန်းနံပါတ် သိဖို့လိုတယ်
။နောက်ပြီး ပြန်ဖတ်မယ်ဆိုရင် admin ကနေ အခုသွားယူပေးပါ့မယ်"
သည်လိုဆိုပြန်တော့လည်း အထူးအဆန်းလိုကြည့်ရင်း ရယ်သွမ်းသွေးကာ
"ဟောဗျာ မမေခ အလုပ်ဝင်တာ တစ်လပြည့်တော့မယ် ကျွန်တော့်ဖုန်းနံပါတ်မသိသေးဖူးလား။ဌာနတွင်း ဝန်ထမ်းအချင်းချင်း ဖုန်းနံပါတ် တွေသိဖို့လိုသလို ကိုယ့်ရဲ့အထက်အရာရှိတွေရဲ့ ဖုန်းနံပါတ် ကိုလည်း သိထားမှ အရေးအကြောင်းရှိရင် ဆက်သွယ်လို့ရမှာပေါ့ဗျာ။"
ကျွန်မက ဘာမှပြန်မပြော။လက်နှစ်ဖက် နောက်ပစ်ကာ သူဘာဆက်ပြောမလဲ  နားထောင်နေတော့မှ
"စာကို ကျွန်တော် ခုမှသွားယူတော့ ပထမ ဖတ်တယ့်လူက သေချာမဖတ်ဘူးလို့ သူတို့ထင်ကုန်မှာပေါ့။နေပါစေ ထားလိုက်တော့ ။နောက်တစ်ခါဆို ကျွန်တော့်ကို အရင်အသိပေးဖို့ မမေ့နဲ့ပေါ့။"
အစထဲက သူဒီလို တွေးနေရက်က ကျွန်မ ကို သက်သက် အပြစ်တင်နေခြင်းလို့တောင်ထင်မိသွားသည်။ နောက်ပြီး သူ့ဖုန်းနံပါတ်ကို ကျွန်မက မသိသေးသည်ကိုလည်း ပြက်ရယ်ပြု သေးသည်။ မကျေမနပ်ဖြစ်မိပေမယ့်လည်း
"ဟုတ်ကဲ့ပါ ကိုတေဇ နောက်ဂရုစိုက်လိုက်ပါ့မယ်"
ဟုပြောလိုက်ကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
"မူမူ ရေ အစ်မ ပြောထားတာလေးရပြီလား"
ကျွန်မ စားပွဲမှာထိုင်လိုက်သည်နှင့် မရှေးမနှောင်းမှာပဲ မူမူက ရောက်လာသည်။ အမူအယာက ရွှင်ပြပြ မို့
"ပြီးပြီပေါ့လေ"
"ဟုတ်တယ်မမမေ ရော့ ဒါက mgl ဆီက received ဘောက်ချာတွေ အကုန်နီးပါးရှာတွေ့တယ် လိုနေတာလည်း သမီးဆက်ရှာပေးပါ့မယ်"
ပုပုလုံးလုံးလေးနဲ့ ပွင့်လင်းရိုးသားတယ့် မူမူ ။ အရွယ်အားဖြင့်လည်းငယ်သေးသည်။ အလုပ်ကြိုးစားသူလေးလည်းဖြစ်သည်မို့ ကျွန်မ နှင့် အဖွဲ့ကျနေတော့တာဖြစ်သည်။
"မမမေ ကို ဆူနေတာလား"
"ဟင်"
"အကိုတေဇ ပေါ့ ခုဏ လာခေါ်မလို့ကို ရောဆူခံရမှာစိုးလို့ အသာပြန်လာခဲ့တာ"
ကျွန်မ မူမူ့စကားကြောင့် အသာပြုံးမိသွားသည်။
"အင်း ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့လည်း ဒီလိုပါပဲ ။ဒါထက် ခုဏ မူမူ လာခေါ်မယ်ပြောလို့ ဘာကိစ္စလည်း ညီမလေး"
"ငွေစာရင်းဌာနက ဆက်တာ မမရ ဘာမှားလို့လည်းမသိပါဘူး"

"ဟုတ်လား အစ်မ ပြန်ဆက်လိုက်မယ်လေ။ဒီနေ့ အော်ဒါပါးတာလား ပါဆယ်လည်း နည်းနေတယ်"
မူမူက ခေါင်းခါပြရင်း
"ကားဂိတ်ပါဆယ်တွေက သွားပို့လိုက်ပြီမမမေ အဲ့မှာ တဝက်ပါသွားတယ် အခုက delivery အပ်ရမှာတွေ"
"သေသေချာချာ လေးပြန်စစ်နော် လိပ်စာတွေ ဖုန်းနံပါတ်တွေကို"
မူမူ က ခေါင်းညိတ်ပြသည့်အခါ ငွေစာရင်းဌာန ဆီဖုန်းပြန်ဆက်လိုက်သည်။
"ဟယ်လို online marketing ဌာနကပါခုဏက ဖုန်းခေါ်ထားလို့ပြန်ဆက်လိုက်တာပါ"
"ခဏ နော် မပွင့်ဆက်တာထင်တယ် ဖုန်းလွှဲပေးပါ့မယ် "
တစ်အောင့်မျှကြာသော်
"ဟယ်လို မမေခ လား"
"ဟုတ်ပါတယ် မေခ ပြောနေတာပါ"
မေးလိုက်သောလေသံက ချိုသာသည် သို့ပေမယ့်ဘာကြောင့်ရယ်မသိ ဟန်ဆောင်ပန်ဆောင်နိုင်သလိုခံစားမိနေသည်။
"ဟုတ်မမေခ ငွေစာရင်းလက်ကျန်မှာ march/april ကစာရင်းတွေက ခုထိမရှင်းရသေးလို့လေ အခုပဲ june လဆန်းရောက်နေပြီမို့ပါ"
"ဟုတ်ကဲ့ မပွင့် ငွေတွေက အခုထိ လက်ထဲ မဝင်သေးလို့ပါ။အခု ပြောတယ့် ငွေတွေကလည်း delivery ကမှ တစ်ဆင့်တောင်းထားရတုန်းမို့ပါ"
"ဟုတ်လား ဘယ်တော့လောက်နောက်ဆုံးထားပြီး ငွေရှင်းနိုင်မလဲမသိဖူး။ ဒီဘက်ကလည်း အကြွေးစာရင်းတွေတစ်ခါ တစ်ခါပြန်စစ်ရ အသစ်ထုတ်တိုင်းလည်း စာရွက်စာတမ်း မနည်းကုန်တော့အဆင်မပြေလို့လေ။ အဓိကကတော့ လချုပ်စာရင်းတွေမှာ တစ်လ အထက်ကျန်နေတယ့် ကြွေးကျန်တွေကို ဌာနတာဝန်ခံကတောင်းခိုင်းနေပြီမို့ပါ"
"ဟုတ်ပါတယ်  မပွင့်ပြောတာကိုလည်းနားလည်ပါတယ်။ရက်အတိအကျ မပြောပေးနိုင်တာတော့ နားလည်ပေးပါ။delivery ငွေလွှဲကိုကြ သူတို့လွှဲမှရတာဆိုတော့နော်။ မညိုညိုသိန်းကိုလည်း သီးသန့် အကျိုးအကြောင်းရှင်းပြထားလိုက်ပါ့မယ်"
"အဲ့ဒါဆိုလည်း ပြီးရောလေ အခုလအတွက်ထုတ်ပေးထားတယ့် အကြွေးစာရင်းလေးတွေစစ်ပြီးရင်လည်း အကြောင်းပြန်ပေးပါဦး"
"ဟုတ်ပါပြီ ..
ကျွန်မပင် စကားမဆုံးရသေး ဖုန်းချသွားသောကြောင့် ဒေါသက ထောင်းခနဲထွက်မိသွားရသည်။
"ရိုင်းလိုက်တာ "
လွှတ်ခနဲ ထွက်ကျလာတယ့်ကျွန်မ သံကြောင့် ဘေးခုံမှ မူမူက မျက်လုံးအပြူးသား လှမ်းကြည့်လာသည်။
"ဘာဖြစ်လို့လည်းမမမေ "
"စကားပြောတာ မဆုံးသေးဖူး ဖုန်းချသွားလို့ မူမူရေ တို့တွေလည်း delivery ဆီကငွေတွေအမြန်ရမှဖြစ်တော့မယ် "
"အင်းနော် သမီးလည်း ငွေသွားရှင်းရင် ကျန်တာတွေကရော လို့မေးရင် အတော်ခေါင်းပူရတယ် မြန်မြန်ရမှအေးမှာ"
အဲ့နေ့က ကျွန်မ စိတ်မကြည်သာနိုင်တော့။ညနေရုံးကအပြန်  ferry စီးကြပြန်တော့ ကားကတစ်စီးသာရှိပြီး ထို တစ်စီးမှာလည်း မြောက်ဥက္ကလာ၊ကမ္ဘာအေး၊ရန်ကင်း မှ ဝန်ထမ်းတွေ ကပြည့်လို့နေနှင့်ပြီ။ပြည့်ဆို ထိုဖယ်ရီက အဲ့ဒီဘက်တကြော ပို့သည့်ကားပေကိုး။
"တို့ကားက ဘယ်တော့လာမှာတယ့်လဲ"
"မသိဖူးလေ admin ကို မေးရမှာပေါ့"
"အရေးကြီးပါတယ်ဆိုမှ
တစ်ယောက်တစ်ခွန်း တွတ်ထိုးနေကြသူများကြား ကျွန်မကတော့ ဘာသိဘာသာ ပဲရပ်နေမိသည်။ကားစီးလျှင်တောင်မှ နှုတ်ဆက်ပဏာ စကားတွေမဆိုချင်သည့်နေ့မျိုးဆို နားတွင်နားကြပ်တပ်ထားရင်းလိုက်ဖြစ်သည်။သီချင်းနားထောင်တာမဟုတ်ပဲ အာရုံလွှဲထားခြင်းမျှသာပါ။
ထိုစဥ်မှာပဲ ကားဆရာ နဲ့ ကိုတေဇ ရောက်ချလာကာ
"ဟိုတစ်စီး ထွက်နှင့်လို့ရပြီ ထောက်ကြံ ၊နဲ့ ပတ္တမြားဘက်အပိုင်းက ကိုဟိန်း ကားနဲ့ သွားကြမယ်။ ခရေပင်လမ်းခွဲ နဲ့ လှည်းတန်းအပိုင်းက ကျွန်တော့ကား နဲ့လိုက်ရမယ် ။အားလုံး ဆင်းမယ့်နေရာလေး တွေကြိုပြောပေးကြဦး "
ဖယ်ရီထွက်ပြီနောက် ကြက်တူရွေးကားဖြင့် ကိုဟိန်းက ရောက်လာတာ မိန်းကလေးတစ်သိုက် (8ဦးခန့်)ကားနောက်ခန်းပါမချန် ဝင်ရောက်လိုက်ပါသွားကြလေသည်။ ကိုတေဇ က probox အဖြူတစ်စီးကိုမောင်းကာ ရောက်လာတော့ finance မှ ၅ဦးအုပ်စုက နောက်ခန်းတံခါးဖွင့်ကာ သူ့ထက်ငါ ဝင်ထိုင်ကြလေသည်။ကျွန်မလည်း ဝင်မည်ကြံသော်
"အစ်မ အရှေ့ခန်းမှာထိုင်လိုက်ပါလား သမီးတို့ကစုထိုင်လိုက်ပြီ။ စီးမယ့်သူနောက်ထပ်လူမကျန်တော့ဘူးမို့"
သူမတို့က တံခါးလည်းပိတ်လျက် အချင်းချင်း ရယ်မောစနောက်နေကြလေရာ ကားခေါင်းခန်းတံခါးကို ဆွဲဖွင့်ဝင်ထိုင်ခဲ့ရတော့သည်။
ကားလေးကစတင်ထွက်လာခဲ့ရင်း နောက်မှ လူအုပ်တို့ကလည်း တသောသောရယ်မောနေဆဲ။
"ဘယ်နားတွေဆင်းကြမှာလဲ ညီမတို့"
နောက်ခန်းမှ သွက်လက်သော မိန်းကလေးတစ်ဦးကပင် အားလုံအတွက် ဖြေကြားပေးသည်။
"အကိုတေဇ ပုလဲလမ်းဆုံ ရယ်၊ဘိုခြံထိပ်ရယ်၊ဝါယာလက်စျေးရယ် ၊ လှည်းတန်းရယ်"
"ဟုတ်ပြီ ညီမလေး"
စျေးနားကအဖြတ် ဆိုင်ကယ်များ လူများကို ဂရုစိုက်ရှောင်ရှား၍ ဖြည်းဖြည်းမောင်းသည်။
"မမေခ က လှည်းတန်းထိလား"
"ဟုတ်ပါတယ်" ဟုဖြေကာ သူ့ဘက်ငဲ့အကြည့် ဖျတ်ခနဲမြင်ရသည်တွင်
ရှပ်အကျီ အဖြူမီးပူကျ နေဗီပြာ ယောပုဆိုးနဲ့ ကားမောင်းနေသော ကိုတေဇ ၏ ဘေးတိုက်ကိုယ်နေဟန်ထား သည် အတန်အသင့်ကြည့်ကောင်းနေသည်ကား အမှန်ဖြစ်သည်။
ကျွန်မ သည် လွယ်အိတ်ကိုပေါင်ပေါ်တင်ကာ ပြတင်းမှတိုးဝင်သော လေအေးအေးကြောင့် အနွေးထည် အကျီအား တင်းတင်းစေ့ကာ လက်ပိုက်ထိုင်နေမိသည်။
ပြတင်းမှအပြင်ဆီငေးနေဆဲ ကားမှန်ကို ခလုတ်ဖွင့်ကာသူတင်တော့ ကျွန်မ က သူ့ကိုလှမ်းကြည့်မိသွားချိန် ကားလေးကလည့်း slow down ကိုအဖြတ် တုန့်ခနဲအရှိန်အလျော့ ဟိုတစ်နေ့ဆီက အဖြစ်ကို အမှတ်ရကာ မျက်နှာထူအမ်းအမ်းဖြစ်လာရသည်။ ရှေ့တူရှုကိုကြည့်မောင်းနေသော သူ့မျက်နှာတွင် ခပ်ရေးရေးထင်လာသော အပြုံးရိပ်ရိပ်ကြောင့် ရုတ်ချည်းလိုလို မျက်နှာလွှဲပစ်မိသွားသည်။
ကဲ သူက ဘာလို့ရယ်ရတာတယ့်လဲ ?




rate now: