book

Index 2

အခန်း ၂

  • Author : shwesu
  • Genres : Romance

မေခ ကို အလုပ်ခန့်အပ်စဥ်က သူ သိပ်သဘောမကျခဲ့။ကန့်ကွက်ခဲ့သည်ဆိုပါက ပိုမှန်သည်။ အကြောင်းအရင်းကတော့ သူမ ဟာ မိန်းမတစ်ယောက်ဖြစ်နေ၍သာ။
အင်း နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပါလိမ့်မယ်။
သူက လက်ထောက်ဌာနတာဝန်ခံ။သူ့အထက်က တာဝန်ခံဒါရိုက်တာအပါအဝင် လူကြီးတိုင်းကလည်း အမျိုးသားတွေချည်းသာ။ခြွင်းချက်အနေနဲ့Finance Department ကတော့ အမျိုးသမီးဌာနတာဝန်ခံပေါ့။ သူ့သဘောကတော့ ဌာနရဲ့အဓိကဆက်သွယ်ရေးဖြစ်လာမယ့် ပေါင်းကူးလည်းဖြစ် သူတို့လူကြီးနှစ်ဦးရဲ့ လက်ရုံးလည်းဖြစ်လာမယ့်သူဟာ အမျိုးသားတစ်ဦးသာဆိုပါက ပို၍ လက်ပွန်းတတီးရှိမည် မဟုတ်ပါလား။အလုပ်ကိစ္စနှင့်ခရီးသွားလာရသည့်အခါတွင်လည်း မိန်းကလေးဆိုတော့ ကာလ ဒေသ ရွေးရပြန်ဦးမည်။ ခရီးတွေ ထွက်နိုင်သည်ထားဦးကြာလာသည့်အခါ အိမ်က စိတ်မချလို့ပါတို့။ ချစ်သူရည်းစားက စိတ်ပူတတ်လို့ပါ တို့နဲ့ ကိုယ်က သေချာသင်ပြပေးပြီး လုပ်ငန်းလည်းကျွမ်းကျင်ရော အလုပ်က ထွက်ပြန်ရော။
အခု မေခ က သူတို့ ခေါ်ယူရန် သတ်မှတ်ထားသော အရည်အချင်းတွေအားလုံးနှင့်ကိုက်ညီသည့်အပြင် အခြားသော စာရင်းအင်းပိုင်းဆိုင်ရာ အတွေ့အကြုံများ ကျွမ်းကျင်မှုများလည်း ရှိနေလေသည်။
ကိုခိုင်ခန့်နိုင် ရွေးချယ်တာလည်း ဒီအချက်တွေကြောင့် အများကြီးသက်ဆိုင်သွားသည်သာ။
သူ နှင့် ကိုခန့်တို့ က ဌာန နှစ်ခုကို ပူးတွဲ တာဝန်ယူနေရသည့်အခြေအနေဖြစ်နေရာ ယခု Online Department ဟာ ထပ်တိုးတာဝန်တစ်ခုဆိုပါကလည်း မမှားချေ။
မတည်ငြိမ်သေးသော တိုးချဲ့လုပ်ငန်းသစ်၏ အခြေအနေတိုးတက်မှုက မြန်ဆန်လွန်းသလို လုဝ်ငန်းကျွမ်းကျင်မှုလိုအပ်ချက် မြင့်မားလာသည်က သူမကို မျက်နှာသာပေးခဲ့လေသလား။
သို့တည်းမဟုတ် သူမကပင် အမှန်တကယ် ထက်မြက် ကျွမ်းကျင်သူ တစ်ဦးလေလား။
ပထမဆုံးသော နေ့မှာတင် သူမဟာ ပျော့နွဲ့နွဲ့မိန်းမ တစ်ယောက်မဟုတ်တာကို သတိပြုမိစေခဲ့သူ။
သူမ အရည်အချင်းတွေ မှတ်ကျောက်တင်ခံရဲမည်လား...
သူသိပ်သိချင်မိပါ ။
သူမ မတိုင်ခင် တာဝန်ယူခဲ့သော supervisor ကလည်း သူမ ရောက်ပြီး တစ်ပတ်အတွင်းမှာပင် အလုပ်မှထွက်သွားခဲ့သည်။
ကြိုတင် အသိပေးခြင်းမပြုပဲ သူမထံ လုပ်ငန်းသင်ပြသလိုလိုနှင့် လက်ကျန်ငွေ စာရင်းဇယားများ လွှဲပြောင်းပြီး အသိမပေးပဲ ထွက်သွားခဲ့သည်။
လုပ်ငန်းခွင်မှာ တာဝန်ယူ တာဝန်ခံမှုမရှိသည့် ဝန်ထမ်းများကို မကြာခဏ ကြုံရသည်က မဆန်းပါ။
သို့သော် သူကတော့ ထိုသူမျိုးကို လမ်းမှာတောင် ပြန်ဆုံမိမှာစိုးမိသည်။
လူတစ်ယောက်ဟာ မိမိရဲ့ လုပ်ရပ်များအတွက် ကောင်းဆိုးမဟူ တာဝန်ယူ တာဝန်ခံရဲတယ့်သတ္တိရှိသင့်သည် ဟု သူက လက်ခံယုံကြည်ထားတာဖြစ်သည်။
မိမိ တာဝန်ဝတ္တရားအပေါ် တာဝန်မယူရဲမှတော့ ဘယ်သူကများ လုပ်ငန်းမှာ ဦးစီးဦးရွက်တာဝန်ပေးရဲမှာတယ့်လဲ...
တစ်ရက်က ဌာနတွင်းမှာ ရုံးတွင်းဌာနချင်းဆက်သွယ်ရသည့် စာတစ်စောင် ရိုက်ရသည်။
ယခင်က ဌာနတွင်းမှာ computer စာရိုက်ရသည့်အခါ ကျွမ်းကျင်သူကမရှိ။သင်ယူဆဲဖြစ်သော မူမူ ကလည်း font မမှန်တာတွေ print မထုတ်တတ်တာတွေကြောင့် သူကိုယ်တိုင် လုပ်ရပြီး မအားလပ်သည့်အခါမျိုးမှာ မူမူကပင် form နမူနာ မိတ္တူကို လက်ရေးဖြင့်ရေးဖြည့်တာမျိုးရှိသည်။
Admin Dept ကအပြန် ပေးပို့ရမည့်စာစီစဥ်ရန် အတွက် သူ့ရုံးခန်းကို ရောက်သည့်အခါ သူ့စားပွဲပေါ်မှာ အဆင်သင့် စာစီပြီးထုတ်ထားသော form ကို တွေ့ရသည်။
"မမေခ ခဏ လာခဲ့ပေးပါဦး"
အပြင်ခန်းကို ဖုန်းဆက်ပြီးမကြာလိုက် တံခါးခေါက်သံကိုပါ ကြားလိုက်ရသည်။
"ကိုတေဇ စစ်ပေးဖို့ စာတစ်စောင်တင်ပေးထားပါတယ်"
ကျွန်တော်ကပင်မပြောရသေး သူမက ဆိုလာသည်
"အင်း ကျွန်တော် ခုတင် ဖတ်ပြီးပါပြီ။ ဒါ ဘယ်သူလုပ်ပေးထားတာလဲမေးမလို့လေ"
"ကျွန်မ လုဝ်ပေးထားတာပါ မသိတာတွေ မူမူကလည်း ပြောပြပေးပါတယ်။ဒါပေမယ့် မှားနေတာရှိရင်လည်း သင်ပြပေးပါ ပြန်ပြင်ထုတ်ပေးပါ့မယ်"
ကျွန်တော် စိတ်ကျေနပ်သွားသည်။ သူမ လုပ်နိုင်သည်မှန်ကောင်း မှန်မည်။စနစ်တကျ ရှိဖို့တော့ သင်ပြရဦးမည် ကိစ္စတော့မရှိ။
ယခုလို သင်ယူချင်စိတ်ရှိပြီး မိမိဘာသာ တာဝန်ယူတတ်သော ဝန်ထမ်းမျိုးကို သူ ဘာကြောင့် မသင်ပြပဲနေရမည်လဲ...
"စာတွေမှန်ပါတယ် စာအမှတ်တပ်တာလေးတွေတော့ မှားနေတယ်"
ကျွန်တော်က ပြောတယ်ဆိုရင်ပဲ သူမ မျက်နှာညိုးလျက်
"ဟုတ်လား ကျွန်မ ဘယ်လိုပြန်လုဝ်ပေးရမလဲ  ကိုတေဇ "
ဘေးနားက စာရွက်လွတ်တစ်ရွက်ကိုယူကာ သူမကိုတစ်ခါတည်းချ ရေးပြ၍
"ဒီလို မမေခ company name အတိုကောက် စာလုံးက အရှေ့ဆုံးမှာ ပြီးရင်တော့ ပုဒ်ခြားသက်ေတ။
သူ့အနောက်မှာက  စာအမှတ်ရေးမျဥ်းစောင်းခံ။ ဒါကတော့ တစ်ခါထုတ်တိုင်း နံပါတ်စဥ်ကတိုးလာမှာ ။
ပြီးရင် ဒီစာကို ထုတ်တယ့် ရက်လနှစ် သက်ေတ ကိုယ်စားပြု စာလုံး နှစ်ခုစီရေးရတာ"
သူ စာရေးနေသောစာပွဲဘေးမှာ လာရပ်၍ သူမ စိတ်ဝင်စားစွာနားထောင်သည်။
"ဒါဆိုကိန်း တစ်ခုပဲရှိမယ့် ရက် နဲ့ လ ဆိုရင် ရှေ့က သုည ခံရေးရတာလား ကိုတေဇ "
"  အမှန်ပဲ အစ်မ သဘောပေါက်လွယ်တယ်"
"ဒါဆို ခု ရေးရမယ့် စာအမှန်က ဒီလို ဖြစ်မှာ ပေါ့နော် "
သူမက သူရေးလက်စ နမူနာစာရွက်ကြမ်းတွင် စာတစ်ကြောင်းချရေးပြသည်က ဒီလို
KH-OM028/090219
"မှန်တယ်  အကုန် အဲ့အတိုင်းပဲ "
"ဒါဆို အသစ်ပြန်ထုတ်ပေးမယ် လက်မှတ်ထိုးဖို့ခဏစောင့်ပေးပါ"
ပြောပြီး စာရွက်အမှားကိုယူ၍ သူမထွက်သွားသည်။ခုဏ သူမ မှားတာတစ်ခြားတော့မဟုတ်ရ ရက်တွေ လတွေကို သုည ခံမရေးထားခြင်းမျှသာ။စာရင်းပိုင်းနှင့်ပတ်သက်၍ သူမက တိကျစွာ စစ်ဆေးတတ်သည်ကိုသိရစဥ်က သူမ အပေါ်ကြိုဆိုလိုမှုမရှိခဲ့သော သူ့စိတ်သဘောထားအချို့ ပြောင်းလဲသွားရသည်။

Stock နှင့် စာရင်းအရ လက်ကျန် ပစ္စည်းမကိုက်သည့်အခါ store in-out များ sale vouchers များနှင့်တိုက်စစ်ပေးသည်ကို finance ဌာနမှကျွမ်းဝန်ထမ်းများပင် လက်တွန့်တတ်ကြတာမျိုး။
တစ်လစာဆို ဆိုသလောက်အချိန်ပေးရသည်။ သေချာစွာတစ်ပိုင်းစီ စာရင်းသွင်းပြီး မပြီးစစ်ရသည်။
အားလုံးပြီးမှ ငွေစာရင်းနှင့်ထပ်စစ်ရသည်။
လုပ်ငန်းစဥ်အားလုံးကို သိနေသည့်တိုင် စေ့စပ်သေချာမှုမရှိလျှင် မလုပ်ဆောင်နိုင်သည့် အနေအထား။
သူမ ပြန်လည်စစ်ဆေးပေးမည် ဆိုတော့ ဖြစ်ပါ့မလားရယ် ဆိုသော သဘောနှင့် သူအထင်သေးမိခဲ့သည်။
ဘာရယ်မဟုတ် ပြုံးမိတယ့် သူ့ကို မေခ က မြင်တော့ ခပ်စူးစူးပြန်ကြည့်တာကို သူ မမေ့။
သီရိမိုး က သူမ ပထမအကြိမ် စာရင်းများစစ်နေစဥ်ပင် အလုပ်မှ ထွက်ခွါသွားသည့်အခါ သူမအတွက် ကူညီပေးနိုင်သူမှာ မူမူ နှင့် တိုးမောင် တို့သာကျန်တော့သည်။ ထိုကလေးနှစ်ယောက်က customer services နှင့် ပစ္စည်းများထုပ်ပိုးပေးပို့မှုအဆင့်ဆင့်ကိုသာ လုပ်ဖူးနေကြတာဆိုတော့ အတော်လေးတော့ ကသီမှာသေချာနေသည်။
"စာရင်းတွေ recheck လုပ်ရတာ အဆင်ပြေလား မမေခ"
"ဟုတ် ပြေပါတယ် ရှေ့ လတွေထိပါလိုက်နေရတော့ အချိန်ပိုကြာနေတာ။ ဒီတပတ်အတွင်း ပြီးအောင်တော့ကြိုးစားနေပါတယ်။"
ကွန်ပြူတာကျွမ်းကျင်စွာ အသုံးပြုနေသောသူမ ပုံစံက ဟန်လုပ်ထားတာမျိုးမဟုတ်ပဲ စိတ်ပါဝင်စားစွာလုပ်နေသည်ကို ဖော်ပြနေသည်။
ငွေစာရင်းဌာနကလည်း ကြွေးကျန်များ အမြန်ဆပ်ရန် ဆော်သြနေတော့သူမလည်း နားချိန်မရှိရ။ ဒီကြားထဲ online နှင့် delivery ပိုင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ကြားဝင်ဖြေရှင်းရသေးသည်။
"ကျွန်တော်နဲ့ ကိုခန့် အပြင်သွားရမယ့်ကိစ္စရှိနေလို့ ညနေကြ မမေခ ဦးဆောင်ပြီး လုပ်ငန်းပြီးစီးမှုအခြေနေတွေစစ်ပေးထားပါ။
မီးခဲသေတ္တာ သေ့ာကိုတော့ ကျွန်တော့်အံဆွဲထဲထည့်ခဲ့ပေးပါ။"
"ဟုတ်ကဲ့ ကိုတေဇ"
ကျွန်တော်ပေးသော သော့တွဲကို လက်ခံယူပြီး အံဆွဲထဲသေချာစွာ သူမ ထည့်သိမ်းသည်။
မူမူ တို့ နှင့် ဆို ရွှန်းရွှန်းဝေအောင် ပြောဆို ရယ်မောနေတတ်သည့် သူမသည်  သူနှင့် ပြောလျှင်တော့ ထိုသို့နှယ် မေးတစ်ခွန်း ဖြေတစ်ခွန်းထက်မပိုချေ။
ထိုနေ့က ကျွန်တော်က တစ်ဖက်မှရလာခဲ့သော ကုန်ကြွေးဆပ်ငွေများကိုသိမ်းရန် စက်ရုံအတွင်းပြန်ရောက်လာသည့်အခါ ညခြောက်နာရီခွဲခန့်ဖြစ်နေခဲ့ပြီ။
စက်ရုံဂိတ်စောင့်ကြီးကတော့ ရုံးခန်းမှာ အချိန်ပိုဆင်းသူတွေမပြန်ကြသေးဟု ပြောပေမယ့် ကိုယ့်ဌာနမှာ လူရှိမည်မထင်ခဲ့။
ပထမထပ် အခန်းတွေမှာ finance နှင့် ခရီးကြောင်း အဝင်အထွက်ရှိတတ်တယ့် Marketing ဌာနတွေသာ အများဆုံး ot ထိုင်တတ်ကြတာများသည်။
အခန်းထဲမီးလင်းနေတော့ မီးတွေမပိတ်မိပဲပြန်သွားကြသည် ထင်နေတာ တံခါကြတော့ အတွင်းကပိတ်ထားတာမို့ ဖွင့်မရ။
"ဒေါက် ဒေါက် ဒေါက် "
"လူရှိလား ဘယ်သူလဲ"
" လာပြီ လာပြီ"
ဒါမေခ အသံလား ... ။သူ ဇဝေဇဝါဖြစ်နေတုန်း တံခါးပွင့်သွားပြီး
"သြော် ကိုတေဇ"
"အခုထိ ရှိနေတာလား မမေခ"
 "ဟုတ်ကဲ့ စာရင်းနည်းနည်းမပြတ်သေးတာနဲ့"
"သော့ ရော"
"အံဆွဲထဲထည့်ပေးထားပါတယ် "
သူမစားပွဲပေါ်မှာ delivery လက်ခံ ဘောက်ချာများ၊ sales ဘောက်ချာများ ၊delivery ထံမှ လက်ခံရယူထားသော ပါဆယ်ဖိုးငွေစာရင်းရှင်းသည့် ဘောက်ချာများ စတာတွေက အထပ်လိုက်ပုံနေသည်။
တံခါးကို ကမန်းကတန်းထဖွင့်ပေးရသည်မို့ထင်သည် ဖိနပ်မပါသော ခြေထာက်တွေက ကြွေပြားအခင်းပေါ် ဗလာကျင်းလျက်။
သူမက စာရွက်ပုံထဲ ခေါင်းစိုက်ကာ အသည်းအသန်လိုက်ရှာနေဆဲပင်။
ငွေတွေသိမ်းပြီး တံခါးသော့ခတ်ကာ သူမ စားပွဲနားကို သူလျှောက်ခဲ့သည်။
"အရေးမကြီးရင် နောက်နေ့မှပြန်စလိုက်ပါလား မမေခ အချိန်လည်း နောက်ကျနေပြီဆိုတော့"
"ငွေတွေက အပြင်က ရစရာဖြစ်ဖို့များတယ်။အတော်များများဖြစ်မယ်ထင်တယ် "
စားပွဲမှာထိုင်နေရက်က မော့ကြည့်ပြောလာတယ့် သူမ မျက်နှာက ရယ်မလို ပြုံးမလို မျက်နှာထားဖြစ်သည်။
"အစ်မ ဘာတွေတွေ့ပြီလဲ"
သူမေးတော့ vr စာရွက် တစ်ထပ်နှင့် စာရင်းချုပ် တစ်ထပ် ကို ယှဥ်ပြကာ
"MGl express က ငွေရှင်းတိုင်း သူတို့ရဲ့ ပါဆယ်လက်ခံvr အတိုင်းပဲရှင်းတာမို့လား။ဒါက သူရှင်းတယ့် အစောင်တွေ "
"အင်း ဒီဖက်က ရော"
သူမ ခွဲထားသော ဘောက်ချာကို လက်ညှိုးညွှန်မေးသည့်အခါ
"အခုထိ ရှင်းထားတာမတွေ့ရသေးဘူး ။
နောက်ပြီး ပို့ခဲ့သမျှ ပါဆယ်တိုင်းအတွက် ရထားတယ့် လက်ခံဘောက်ချာတိုင်း ဖိုင်တွဲထားတာမတွေ့ရသေးဘူး"
"ဒါဆို ပို့သာပို့ပြီး ငွေသိမ်းပြီးမပြီး ဘယ်သိတော့မလဲ"
 "ဟုတ်တယ် အရင်က အဲ့ဒီက(mgl express) ရှင်းပြီးသားရော မရှင်းရသေးတာရော သိမှ လက်ခံ ဘောက်ချာတွေရှိမှ ငွေတောင်းခံလို့ရမှာ "
သူမအသံက အနည်းငယ်အားပျော့သွားတာ သူ သတိပြုမိလိုက်သည်။
"ဒါတော့ စိတ်မပူနဲ့ စာရွက်တွေက အကုန်သိမ်းခိုင်းထားတာမို့ မနက်ကြရင် အကုန်ရစေရမယ်။အခုတော့ ပြန်ဖို့လုပ်တော့ ခုနှစ်နာရီထိုးနေပြီ မမေခ "
"အမ်"
အခုကြမှ အမ်တွေ အင်တွေ ဖြစ်ကာ နာရီကိုကြည့်ပြီး မျက်နှာတွေပျက်နေပါသောသူမ။
စာရွက်တွေကို ထပ်ရနိုး သိမ်းရနိုးနှင့် ဝေဝါးဝါးအတွေးများနေသည်မို့
"စာရွက်တွေက ဒီတိုင်းထားလိုက်တော့ မမေခ မနက်ဖြန် ပြန်ခွဲနေရဦးမယ် ။ဖိုင်နဲ့အပေါ်ကထပ်ဖိထားလိုက်။ ဖိနပ်စီးလိုက်ဦး ပြီးရင်ပစ္စည်းတွေသိမ်းတော့"
ဒီတော့မှ ဆွဲခြင်းသိမ်း ဖုန်းသိမ်းနှင့် ခပ်သွက်သွက်ပြီးပါသောသူမ။တံခါးပိတ်ကာ အောက်ထပ်ကိုဆင်းရင်း သူမကိုကြည့်မိသည်။ ကျောလည်မက ဆံနွယ်တွေကို အမြဲလိုလိုကြက်တောင်စည်းထားတတ်သောသူမ။ အအေးကြောက်တတ်ပုံရပြီး air-com မကြာခဏ ထပိတ်တတ်တယ့်သူမဟာ ဒီနေ့တော့ ခါတိုင်းလို အနွေးထည် တစ်ထပ်ရှိမနေခဲ့ပါလေ။ အလုပ်ကြောင့်ပင်လား နောက်ကြပြီဆိုသော အသိကြောင့်ပင်လားမသိ နဖူးနှင့် မျက်နှာတစ်ဝိုက်မှာတောင် ချွေးစို့နေလိုက်သေးသည်။
"ဒီမှာ ညအိပ်မှာလားမမေခ"
"ရှင် မအိပ်ပါဘူး လှည်းတန်းကိုပြန်မှာပါ"
" ကားတော့ကြပ်လောက်ပြီထင်တယ်"
"အင်း ဘယ်တတ်နိုင်မလဲ သတိမေ့သွားတာဆိုတော့။ အဆောင်မပိတ်ခင်တော့ ရောက်လောက်ပါတယ်"
မျက်နှာမသာယာစွာ သူမဖြေသည်။ ဖယ်ရီပြန်ကုန်ပြီမို့ ကားဂိတ်ရောက်ဖို့ ဆိုင်ကယ် ကယ်ရီစီးမှရမည်။
မစီးလို့မရ။ နာရီဝက်လောက်လမ်းလျှောက်ရမည့်ခရီး။
စက်ရုံဝင်းအပြင်ရောက်တော့ အမှောင်က ကြီးစိုးကာ လမ်းမှာပင် ကယ်ရီသမားတွေ ရှင်းနေခဲ့ပြီ။
 "မမေခ အသိရှိလား ကယ်ရီငှားပေးရမလား"
"အသိမရှိဖူး။အရင်ကလည်း အခုလိုနောက်မကျဖူးဘူးဆိုတော့"
ဘာစကားမှ မဆက်နိုင်ပဲ အပြစ်လုပ်မိသူလို မျက်နှာငယ်နေသောသူမ ဟာ မေခ မှ ဟုတ်ပါလေစ။
ရယ်ချင်ပြုံးချင်စိတ်ကိုမြိုသိပ်ကာ
"ခဏစောင့် ကယ်ရီခေါ်ပေးမယ်"
 ရုံးရှေ့ဆိုင်ထဲ သူက လှမ်းအော်သည်။
"ဦးပိုက်ရေ ကယ်ရီသွားမယ်ဗျို့"
"မလိုက်တော့ဘူး မောင်တေဇရေ ဝမ်းပျက်လိုနားနေတာ"
"ဟာ ဒါဆို တစ်ယောက်လောက် ခေါ်ပေးပါဦး။ မြို့ထဲပြန်ဖို့ နောက်ကျနေလို့"
သူမ ကို လှမ်းကြည့်တော့လည်း ဆွဲခြင်းကိုကျစ်ကျစ်ဆုပ်ရင်း မျှော်လင့်တကြီး ကြည့်နေတာမြင်သည်။
"ဆိုင်ကယ်ယူသွားလေကွာ မနက်မှစီးယူခဲ့"
"ရပါ့မလား ညကျ အရေးဆိုခက်မယ်"
"ရတယ် မလိုဘူး ရော့ သော့ မှောင်နေတာ သတိထားမောင်းကွ"
"ကျေးဇူးဗျာ မနက်ကြမှ စီးခဲ့တော့မယ်"
 သူက ဆိုင်ကယ်ကိုစက်နှိုးကာ သူမကိုလည်း ဦးထုပ်ကမ်းပေးလိုက်သည်။
"ဆွဲခြင်း ဒီကိုပေးမမေခ"
အမှတ်မထင် လက်ချင်းထိမိတော့ အေးစက်လွန်းတယ့်သူမလက်ကြောင့် မျက်နှာကိုဖျတ်ခနဲကြည့်မိသည်။
ပြိုမလို မျက်နှာလေးက ငိုတော့မယ့်ကလေးနှယ်။မပူပါနဲ့တော့။ အချိန်မှီပြန်ရောက်မှာပါ။
" အဆောင်ဘယ်အချိန်ပိတ်တာလဲ ဖုန်းဆက်ပေးရဦးမလား"
"အဆောင်က ကိုးနာရီပိတ်တာ ဖုန်းမဆက်လည်းရပါတယ် မေခ အမှီပြန်မှာပါ။"
သူမအသံက ပိုင်ပိုင်နိုင်နိုင်ကြီးတော့ မဟုတ်သေး။သူစက်နှိုးပြီး မောင်းထွက်ခဲ့တော့ သည်
ဆိုင်ကယ်လေးက လေကိုခွဲရင်း တရိပ်ရိပ်ပြေးနေသည်။
မီးတိုင် လင်းတစ်လှည့် မှောင်တစ်လှည့်မို့ ဂရုစိုက်မောင်းရသည်။လမ်းထိပ်ရောက်ခါနီး သစ်ပင်အုပ်အောက်အဖြတ် slow down တစ်ခုကို ရိပ်ခနဲမြင်၍ ဘရိတ်နင်းသော်လည်းမမှီပဲ အရှိန်နှင့်ဖြတ်မိသွားတော့သည်။
"ကျွီ"
"အိုး."
နောက်မှလက်တန်းကို တစ်ဖက်ကိုင် ကျန်တစ်ဖက်က ခုံကိုမှေးထောက်၍ ခပ်ခွါခွါထိုင်ရင်း လိုက်ပါလာတယ့်သူမ။
ဟန်ချက်ပျက်ကာ မြောက်အတက် ဆွဲမိဆွဲရာ ဆွဲရော့ထင်သည်။ သူ့ခါးကို တင်းခနဲ နောက်မှသိုင်း၍ဖက်မိရက်သား။သေးသွယ်သောလက်ချောင်းလေးများမှ အေးစက်သောအထိကို သိသည်။ ကျောပြင်ဆီမှ ထွက်သက်လေငွေ့က နွေးထွေးနေသည်။
လေအနှော့မှာ ဆံနွယ်စတွေက သူ့မျက်နှာကို လာရောက်ထိခတ်သည်။
"ဆောရီး  သတိထားနေ ရက်က မမြင်မိဖူးဖြစ်သွားတယ်"
"ရပါတယ် မလဲတာပဲ တော်လှပြီ"
ချက်ချင်းလိုလို အသိဝင်သွားပုံရတယ့်သူမဟာ ကိုယ်လေးကို ဖျတ်ခနဲ နောက်သို့ယို့ကာ သိုင်းထားသောလက်ကိုအလျင်အမြန်ရုတ်သွားသည်။
ဆိုင်ကယ်ကို သူပြန်မောင်းတယ့်အခါ လေအေးအေးတွေက တရကြမ်းပြန်တိုးဝင်လာသည်။
သြော် ခုကြမှ အေးလွန်းနေသည်ကော။


rate now: