book

Index 16

အခန်း၁၆

  • Author : shwesu
  • Genres : Romance

အခန်းတံခါးပိတ်ရင်း ငိုနေမိသည်က အကြာကြီး။ကျွန်မ ကို စောင့်ကြည့်နေသည့် မျက်ဝန်းတွေကို ဟန်ဆောင်ကျော်ဖြတ်ကာ အိမ်ပေါ်ရှိ မိမိအခန်းသို့ အားတင်းလာခဲ့ရသမျှတို့ အတိုးချရင်းငိုရသည်။
ဖြစ်ပျက်သမျှ အရာရာအတွက် မည်သူ့ကိုအပြစ်တင်လို့ရမည်နည်း။
အရုပ်ကလေး တစ်ရုပ်လို ချော့လိုက်ခြောက်လိုက် လုပ်တတ်သည့် တေဇကိုလည်း မုန်းမိသည်။လက်မောင်းနှစ်ဖက်ကပြုတ်တူဖြင့် ညှပ်သလို ဆွဲညှပ်ခံထားရသဖြင့် နာနေလေသည်။ထို အနာထက် ရင်ထဲက ပိုနာသည်။
"ဒေါက် ဒေါက် "
"မေခ ညီမလေး မမ ကို တံခါးဖွင့်ပေးပါဦး"
"မေခ မအိပ်မှန်းမမ သိတယ်နော် လိမ်မာတယ် လာ"
"မေခ မဆာသေးဘူး မမ"
"ထမင်းစားဖို့မဟုတ်ပါဘူး။ကိုတေဇ က ညီမလေးကို စကားပြောချင်တယ်ဆိုလို့။ထ အောက်မှာသူစောင့်နေတယ်"
ကုတင်ထက်မှာ ခေါင်းဦးလေးပိုက်၍ ငိုနေရာမှ ဆတ်ခနဲ ခေါင်းထောင်မိကာ
"ဟင့်အင်း မပြောချင်ဘူး။မေခ အိပ်နေတယ်လို့"
"ဟုတ်လား။အင်းအင်း မမပြောလိုက်မယ်။သူက ညီမလေး မလာလည်း မေမေ့ကိုပဲ ဖွင့်ပြောတောင်းပန်လိုက်မယ်တယ့်"
ဟင်
သူက ဘာလုပ်ဦးမလို့လဲ။ထိတ်ထိတ်ပျာပျာ နှင့် တံခါးထဖွင့်ပေးတော့မမ က ပြုံး၍ကြည့်သည်။
"ငိုနေမှာလို့ပြောတော့ မမက မယုံဘူး။ခုကြ ဟုတ်နေတာပဲ"
"သူ့အပြစ်သူသိလို့ပြောတာမမရဲ့"
အခန်းထဲသို့ဝင်လာရင်း တံခါးကို အသာပြန်ပိတ်သည့်မမ။ငိုနေသည့်သူမ ကိုယ်လေးကို ပွေ့ဖက်ရင်း ကုတင်ထက်မှာ နှစ်ယောက်အတူ ထိုင်မိကြသည်။
"ဘာတွေဒီလောက် ဝမ်းနည်းနေရတာလဲကွယ်။မျက်လုံးတွေတောင် ပိတ်တော့မယ်"
"မမကလည်း သူက မေခ ကို လာတောင်းဖို့စီစဥ်နေတာ။မေခ က ခုမှသိရတယ်။ဒါတောင် မေမေ မနက်က မေခကို ဆူလို့ သူ့ကို သွားမေးမှပြောပြတာ။ အန်တီယု က သူ့အဖေနဲ့ လိုက်လာတော့မှာ မမရဲ့"
"မမသိတာပေါ့။အန်တီယု ဖုန်းဆက်ပြီး နောက်တစ်ရက်ကြတော့ တေဇ အဖေဦးနိုင်ဇော်ဆက်လာတယ်လေ။အဲ့ဒါ မဂ်လာသတင်းလေ ညီမလေးရဲ့"
"မမတို့က သိသိနဲ့ မေခကို ညာခေါ်တာပေါ့ ဟုတ်လား။ညာခေါ်လို့ စိတ်ဆိုးနေပါတယ်ဆိုမှ ထပ်ပြီးအခုလို လုပ်ကြတယ်"
မမက ခပ်အေးအေးရယ်ကာ
"မေခလေးက အသိပေးရင်ရော လာမှာလား"
"အိုး ..လာစရာလား။ ကာယကံရှင်တောင်မသိတယ့်ပွဲကို။မေခ သဘောတူ မတူ က  အရေးမကြီးဖူးလား။မေခကို သူက လက်ထပ်မယ်ပြောတာနဲ့ ယူရကြေးလား"
"ကိုယ့်ကိုတန်ဖိုးထားပြီး ခွင့်တောင်းလာတာကွယ်။နောက်ပြီး လူရည်မွန်လေး အလုပ်အကိုင် ပညာအရည်အချင်းအဘက်ဘက်က သင့်တော်နေတာ ငြင်းစရာလား"
"လူရည်မွန် ဟုတ်လားမမ။ မေခကို နိုင်စားတာ မမ တို့မှမသိတာ"
မမက ကျွန်မ မျက်နှာလေးကို ဆွဲမော့ကြည့်ရင်း အေးဆေးစွာမေးလာသည်။
"ညီမလေး ကို သူ တစ်ခုခုလွန်ကျူးသလား"
"ဟာ မမကလည်း"
"မမက သိသင့်တယ်လေ။သူ့စကားက မှန်သလား။မေခ စကားကမှန်သလား မမသိရမှဖြစ်မယ်"
"အဲ့လိုတော့မဖြစ်ပါဘူး။ဒါပေမဲ့ ဒါပေမဲ့ သူက အရမ်းပိုင်စိုးပိုင်နင်းနိုင်တယ် "
ကျွန်မ စကားမဆက်နိုင်။ရှက်စိတ်ဖြင့် အင့်ခနဲရှိုက်နေမိပြန်သည်။သူက ဇွတ်တရွတ်ဆန်ပေမယ့် မမမေးသလို လွန်ကျူးသည်ထိတော့ စည်းမကျော်ခဲ့။မထိတရိ ထီမထင်မျက်နှာပေးတွေ လုပ်တတ်သလို ကျွန်မ အဆင်မပြေချိန်တိုင်း အနားမှာရှိနေပေးခဲ့သည်ကလည်း အမှန်ပါပေ။
"လူငယ်ချင်း စိတ်သဘောချင်းမတိုက်ဆိုင်တာ ၊ကတောက်ကဆဖြစ်ပြီး ရန်ဖြစ်တတ်ကြတာမဆန်းပါဘူး။မေခ စဥ်းစားရမှာတစ်ခုပဲ။ဘယ်အမျိုးသားကမှ သူတို့မချစ် မနှစ်သက်တယ့် မိန်းမတစ်ယောက်အတွက် အချိန်ကုန်မခံဘူး။အထူးသဖြင့် အဲ့ဒီမိန်းကလေးနဲ့ ပတ်သက်တယ့်လူတွေအပေါ် လေးစား တန်ဖိုးထားပြီး ဆက်ဆံဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်သေးတယ်"
မမက စကားကိုရပ်၍ ကျွန်မ မျက်ရည်စတို့ကို သုတ်ဖယ်ကာ မျက်ဝန်းတွေကို အဖြေရှာသလိုကြည့်လာသည်။
"သူ မမကို လာရှာတယ်။မေခ အရမ်းစိတ်ဆိုးနေတယ်ဆိုတာရော။သူကြောင့် စိတ်ထိခိုက်သွားတယ်ဆိုတာရော မမကို လာပြောပြတယ်။သူတောင်းပန်ပါရစေဆိုတာနဲ့ မေခကို ခုလိုလာခေါ်ရတာ"
"မမ တို့ရှေ့မို့လို့ ယဥ်ကျေးပြတာနေမှာပေါ့။သူက တောင်းပန်ရတာသာ အကျင့်ပါနေတာ။စိတ်ထဲကမှမပါတာ"
"သူ့ စိတ်ကို မေခက သိတယ်လား"
"မမနော် "
"ခဏနေရင် ဆင်းခဲ့နော်။တော်ကြာ မေမေ နဲ့ဆုံနေရင် သူ့ကိုဘာတွေစုံစမ်းမယ်ဆိုတာမမလည်း မသိနိုင်ဘူး"
"မမ တို့ဝိုင်းပြီး အနိုင်ကျင့်နေကြတာ"
အခန်းထဲမှ ထွက်သွားသည့်မမက ဘာမှပြန်မဖြေ။တောင်းပန်မလို့တယ့်။ဘာတောင်းပန်မှာလဲ။
သူမကို အသိမပေးပဲ အိမ်ကို နားဖောက်ခိုင်းသည့်အတွက်လား။ဒါမှမဟုတ် ခုဏ က သူ့အပြုအမူတွေကြောင့်လား။မျက်နှာပြောင်ကြီးနှင့် ငိုထားမှန်းသိသာလွန်းနေသည်။မှန်တင်ခုံရှေ့ ကျုံ့ကျုံ့ထိုင်လျက် သနပ်ခါးရေကျဲလေးမြန်မြန်သွေးလိုက်၏။လက်ညိုးလေးဖြင့် သနပ်ခါးကို သပ်ယူ၍ ပါးပြင်တင်ကာ မှန်ကိုကြည့်မိပြန်သည်။ကျွန်မမှာ သူ့ကြောင့်အမြဲ စိတ်ပင်ပန်းနေရသည်ချည်း။သူကတော့ အကွက်ကျကျ ခြယ်လှယ်နေတော့တာ။ကျွန်မ နည်းနည်းတော့ ပညာပြရမည်။မဟုတ်လျှင် မေခ ဘယ်ပီသမည်နည်း။
အောက်ထပ်သို့ ဆင်းလာသည့်အခါ စားပွဲမှာ ထိုင်လျက် ရေနွေးကြမ်းသောက်နေသော ဖေဖေ နှင့်လေပေးဖြောင့်နေသည့် တေဇ ကိုတွေ့ရသည်။
"ဟော သမီးငယ် လာဦးကွ"
"ဟုတ် ဖေဖေ"
ဖေဖေက လှမ်းခေါ်သည့်အခါ နံဘေးတွင် ဝင်ထိုင်လိုက်၏။
"ဟောဒီမှာ စျေးဝယ်ချင်လို့တယ့်။သမီးပဲ လိုက်ပို့လိုက်ပါဦး။ပြီးရင် မြန်မြန်ပြန်လာ ထမင်းပွဲပြင်ထားမယ်"
"ဘာဝယ်မှာမို့လို့လဲ ကိုတေဇ"
"ဟို အရေးကြီးကိစ္စပါ။ဆိုင်ပဲပြပေးရင် ရပါပြီ"
ဖေဖေရှေ့တွင်မို့ သိပ်မရစ်တော့ပဲ အိမ်တိုင် ချိတ်မှာချိတ်ထားသော ခမောက်လေးကို ယူဆောင်းလိုက်ပြီးအိမ်ထဲမှ ထွက်လာခဲ့လိုက်သည်။သူက နောက်မှ ထက်ချပ်မကွာ လိုက်ပါလာလျက် ခြံဝိုင်းအပြင်ရောက်သည်နှင့် စကားပြောလာသည်။

"စတိုးဖြစ်ဖြစ် အသုံးအဆောင်ရောင်းတယ့်ဆိုင်ပဲဖြစ်ဖြစ် လိုက်ပို့ပေးပါ"
"ဘာဝယ်မှာမို့လို့လဲ"
"နည်းနည်း အရေးကြီးတာလေး။အနီးဆုံးဆိုင်ကိုသွားကြတာပေါ့"
သူက မဖြေ။သူဖြစ်ချင်တာကိုသာ အမိအရပြောနေတော့ တိခနဲရပ်လိုက်ပြီး
"နေပါဦး။မမ ကို လာခေါ်ခိုင်းတုန်းကကြ တောင်းပန်ချင်လို့ဆို။ခုက လူကိုပြန်ခိုင်းစေ နေတာမဟုတ်ဖူးလား"
"တောင်းပန်ချင်တာက အဓိကပါ။ဒါပေမဲ့ မေခ က အရမ်းစိတ်ဆတ်နေတာ။ကျွန်တော်ဒီအချိန်ဘာပြောပြော နားမဝင်လောက်ဘူးထင်လို့ စျေးအရင်ထွက်ဝယ်တာပါဗျာ"
မျက်နှာက တည်ငြိမ်သလို လေယူလေသိမ်းကအစ သိမ်မွေ့နေပြန်တော့ တေဇ ပင် မဟုတ်လေသလိုလို။
"ရှင့်အတွက် အဝတ်အစားကအစ မေမေတို့က အကုန်စီမံပေးထားတာတောင် ရှင်ကဘာများထပ် လိုအပ်နေရတာလဲ ကိုတေဇရဲ့"
"ကျွန်တော် ဝယ်ရင် သိပါလိမ့်မယ် မေခ ရယ်။လုပ်ပါ"
"ဟင့်အင်း မရဘူး။ကျွန်မ မသိပဲ ဘယ်ဆိုင်ပို့ရမှာလဲ"
အမှန်တကယ် အရေးကြီးနေသလို သူလောနေတာသိသဖြင့် အကြပ်ကိုင်လိုက်သည်။မျက်နှာလည်း အနည်းငယ် ပျက်သွားလျှက်
"ပြောရင် ဆိုင်ကို ချက်ချင်းပို့မှာလား"
"အင်းပေါ့ နေပူကပူနဲ့ လမ်းမှာ အချိန်ကုန်ခံပါ့မလား"
"ကျွန်တော် ဖိနပ်ဝယ်ချင်လို့"
"ဟင် ကိုတေဇ က ဖိနပ်ပျောက်သွားလို့လား"
တအံတသြဖြင့် မေးခွန်းထုတ်လိုက်ရင်း သူ့ခြေထောက်ကို ငုံ့ကြည့်မိသည်။ခြေမျက်စိထိ အုပ်အောင်အရှည်ကြီးဝတ်ထားပါသော ပုဆိုးအောက်မှ ဖုံးဖိမရစွာ ချွန်ထွက်နေသော ရူးဖိနပ်ထိပ်ဦးက ပြောင်လက်စွာပေါ်နေတာရယ်။ထိုမှတဆင့် မော့လျက်ကြည့်တော့ မွန်ပုဆိုး အနီကွက် ရှပ်လက်တိုအဖြူရောင်ဝတ်ထားသည့် သူ့မျက်နှာက စိတ်ပျက်လက်ပျက်ဖြစ်နေတာ သိသာလွန်း နေသည်။
"အင်း လိုက်ခဲ့"
အရှေ့မှ ဦးဆောင်လျှောက်ရင်း မရယ်မိအောင် မြိုသိပ်ထားရသည့်ကြားက မအောင့်အီးနိုင်စွာ ခိ ခနဲ တစ်ချက်ရယ်မိသည်။မရယ်ခံနိုင်ရိုးလား။အမြဲ ရှပ်အကျ်ီကို body fit ဝတ်တတ်သူက ဖေဖေ့အကျ်ီ ရှပ်အပွနဲ့ဆိုတော့ မြင်နေကြထက် ပွတတ ဖြစ်နေသည်။ဒါကိုမှ ဖိနပ်ကလေးက ပိုရယ်ချင်အောင် တွန်းပို့နေပြန်တော့
"မေခ မရယ်နဲ့ဗျာ"
သူလှမ်း ဟန့်ပါမှ ကျွန်မမှာ အရှိန်မထိမ်းနိုင်တော့ပဲ မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့်အုပ်ကာရင်း ရယ်ချမိတော့တာလေ။
"ဟေ့ သူများတွေကြည့်မယ်ကွ။တော်ရုံရယ်ပါ"
"အင်းပါ မရယ်တော့ဘူး။ဗိုက်တွေပါနာနေပြီ"
တကယ်လည်း ရယ်ရလွန်းသဖြင့် မျက်လုံးတွေမှာပင် မျက်ရည်စတွေထွက်နေခဲ့ပြီ။စောစောက သူ့အပေါ် မကျေနပ်ချက်တွေတောင် ခဏ မေ့သွားသည်။
"ဒါများ ကိုကိုကြီးဖိနပ်ယူစီးလို့ရတာပဲ။အိမ်မှာထဲကပြောလိုက်ရင်ပြီးနေပြီကို"
"ကျွန်တော် သူများပစ္စည်းတွေ ယူမသုံးချင်လို့ပါ"
ကျွန်မ မျက်နှာကို စေ့စေ့ကြည့်ကာ သူဆို၏။
"အခုဝတ်ထားတာကလည်း သူများဟာမဟုတ်ဖူးလား"
"မဟုတ်ပါဘူး ဒါက ကျွန်တော့် ကိုလက်ဆောင်ပေးထားတာ"
"အပိုင်ပေးတယ်မှမပြောရသေးတာ"
ကျွန်မ က ကပ်သပ်ငြင်းသည့်အခါ သူက ခပ်တိုးတိုးရယ်လျက် ကျွန်မ ကြားသာရုံပြောလာသည်။
"ကိုယ့်ကုသိုလ်နဲ့ကိုယ်ပါကွာ။မေမေက အပိုင်ပေးတာပါ"
"အမယ် ဘာမေမေလဲ"
"မေခ မေမေက ကျွန်တော့်မေမေပဲပေါ့။မဟုတ်ဘူးလား"
အရှိုက်ထိသွားရသည့် ကျွန်မကို သူက ပြုံးစစ နှင့်ကြည့်ရင်းပြောလာသည့်အခါ ကျွန်မ မျက်နှာကလေး ရှုံ့မဲ့ပြလိုက်ရင်း
"ရှက်လည်းမရှက်ဘူး။သူ့ကို ဘယ်သူက ယူမယ်ပြောလို့လဲ"
အနိုင်ပိုင်းရင်း သူ့ရှေ့မှ ချာခနဲထွက်လာမိသည်က ကျွန်မ။သိကြသေးတာပေါ့ ။စိတ်ကလေးကြည်နေတာကို ဖျက်တာ။အိမ်ရှေ့တစ်လမ်းတွင်ပင်ရှိနေသည့် စတိုးကို မသွားပဲ အိမ်အနောက်လမ်းမှ ပတ်လျက် ရွာထိပ်က စတိုးသို့ဦးဆောင်ခေါ်လာခဲ့လေသည်။
သူကတော့ လမ််းတစ်လျောက် ကျွန်မဘေးမလှမ်းမကမ်းမှ ကပ်လျှောက်ရင်း လိုက်ပါလာသည်။
"ဟဲ့ မေခ "
အသံကျယ်ကြီးနှင့် ရုတ်တရက်လှမ်းခေါ်သည်မို့ နှစ်ယောက်သား အသံလာရာဆီ ပြိုင်တူလိုလို လှည့်ကြည့်မိကြသည်။
"နင်ကလည်း အော်လိုက်တာ လန့်တောင်လန့်တယ်"
ခြံဝိုင်းထဲမှ ထွက်လာသည့်ရဲခေါင်က စွပ်ကြယ်အကြပ်လေးဝတ်ထားပြီး မျက်နှာတွင်လည်း သနပ်ခါးက အဖွေးသားနဲ့လေ။
"ငါက နင့်ကို ရုတ်တရက်တွေ့တော့ ဝမ်းသာပြီးခေါ်မိတာပါဟယ်။မိန်းမက ဖိဟောက်နေတာပဲ"
ကျွန်မလက်မောင်းကို ဖတ်ခနဲလာရိုက်ရင်း ပြောသည့်အခါ နံဘေးတွင်ရပ်နေသည့် တေဇ က မျက်လုံးကြီးပြူးလျက်ကြည့်၏။
"ဘာခေါ်လုပ်တာလဲ။ဘာမုန့်ကျွေးမှာမို့လို့လဲ"
"အရမ်းတွေစွာနေတယ်နော်။ဟိုနေ့က တွေ့တာပြန်မယ်ဆိုကြိုပြောတာ မဟုတ်ဘူး။အတူတူပြန်လို့ရတာပေါ့ဟဲ့"
"ရုတ်တရက်ကြီးဖြစ်သွားတာဟ။ကြိုသိရင်ပြောတာပေါ့"
"ခုက ဘယ်သွားမလို့လဲ။ဒါနဲ့သူ ဘယ်သူလဲ ငါသိသလိုလိုပဲ"
"စျေးသွားဝယ်မလို့။ဒါက ငါတို့ရုံးက လက်ထောက်ဌာနတာဝန်ခံ။ရွာကို အလည်ခဏလိုက်လာတာ"
"ရုံးကလား"
"အေး နင်အားရင်လာလည်ဦးနော်။ခုတော့သွားလိုက်ဦးမယ်"
"အေးပါ။ငါလာခဲ့မယ်"
သူ က မျက်နှာထားတင်းနေသလောက် ရဲခေါင်ကတော့ မျက်နှာလေးပြုံးချိုနေလျက် သူ့ကိုပင် မိတ်ဆက်ချင်ဟန်ကြည့်နေတာလေ။ဘယ်လောက်
လူမှုရေးခေါင်းပါးသည့်လူလဲမသိ။ နှုတ်ဆက်ရကောင်းမှန်း ပြုံးပြရကောင်းမှန်းလည်း မသိပါချေ။ထွက်လာသည်အထိ လမ်းမထက်ရပ်ကြည့်နေဆဲ ရဲခေါင် ကို အဖက်ပင်မလုပ်ပဲ ကျောခိုင်းခဲ့သည်မဟုတ်ပါလား။
"သူ က ဘယ်သူလဲ"
"သူငယ်ချင်း"
"မိန်းကလေးတစ်ယောက်ကိုစကားနဲ့တင်မဟုတ် ဘာကိစ္စလက်ကပါရတယ်မသိဘူး။ဟိုတနေ့တုန်းက တစ်ယောက်လည်း အဲ့ဒီပုံစံပဲ"
"ငယ်သူငယ်ချင်းတွေမို့ ခုလိုပြောတာပေါ့။သူ့ပုံစံ က ဘာဖြစ်နေလို့လဲ။သူကဖြင့် မိတ်ဆက်ပေးတာတောင် နှုတ်ဆက်ရကောင်းမှန်းမသိပဲနဲ့"
"မနှုတ်ဆက်ချင်ပါဘူးဗျာ။မမေခ သူငယ်ချင်းတွေ မိတ်ဆွေတွေက စကားပြောရင် ဟိုရိုက် ဒီရိုက်နဲ့။ကာယကံရှင် ကိုယ်၌က ဘာမှမပြောတော့ ဘေးလူက ဝင်ပြောရအခက်သားပဲ"
"ကျွန်မ ကို အပြစ်တင်နေတာလား"
 ကျွန်မက သူ့မျက်နှာကို လှည့်ကြည့်ရင်းမေးတော့ သူက ခေါင်းညိတ်ပြသည်။
"ဟုတ်တယ်။အဲ့လိုလုပ်တာ ကျွန်တော်မကြိုက်ဘူး"
"မကြိုက်လည်း မတတ်နိုင်ဘူးလေ။ငယ်ငယ်လေးထဲက တွဲလာကြတယ့်ဟာ ။ကိုယ့်မှမဟုတ်ဘူး။သူက ဘယ်သူနဲ့မဆို စကားပြောရင် လက်ကပါ ပါသွားတာ"
"နောက်မပါနဲ့လို့ မေခ သတိပေးလိုက်လေ။သူများမြင်တော့လည်း မကောင်းဘူး။ကျွန်တော် staff party နေ့ကလည်းပြောမလို့။စက်ရုံဝင်းထဲ လာတာပဲ အေးအေးဆေးဆေး လာလို့ရရက် မိန်းကလေးက  ဘာလို့ လူမြင်ကွင်းကြီး ပြေးရူး ပြေးရူးနဲ့သွားရတာလဲ။နောက်ပြီး အခုလို စကားပြောဆိုနေတာမြင်ရတာလည်း ဟန်မကျဘူး။နှစ်ခုစလုံး အိန္ဒြေမဲ့တယ်ကွ"
သူက တကယ်ကို အလေးအနက်နဲ့ သူမကိုပြောနေတာဖြစ်သည်။ထိုနေ့က သူ မကျေမနပ် ဖြစ်ကာ ပြောဆိုခဲ့သည်က အဲ့သည်ကိစ္စတွေကြောင့်ပေါ့။
ကျွန်မ တစ်စုံတစ်ခုကို သွားအမှတ်ရလိုက်သည်။မျက်နှာကလေး အလိုလို မဲ့မိသည့်တိုင် ဟန်မပျက်ပြုံးရင် ကျွန်မ ပြောမိသည်။
"ကျွန်မအပေါ်ဆို ကိုတေဇ က အမြဲအပြစ်မြင်တယ်နော်။ရှေးရေစက်နဲ့ထင်တယ်"
"အပြစ်မြင်တာမှမဟုတ်တာ။ကျွန်တော် သဝန်တိုတာလို့ဘာလို့မတွေးမိရတာလဲ"
သူ့စကားကြောင့် လှည့်ကြည့်သည့်အခါ ကျွန်မကို နားမလည်သလို ခပ်ငေးငေးကြည့်နေသည်ကို တွေ့ရသည်။
ရှင်က ရော ချစ်တယ်ပြောဖူးလို့လား လို့ မေးလိုက်ချင်ပေမယ့် ကျွန်မနှုတ်ခမ်းလေးကိုသာ ဖိကိုက်မိရင်း မျက်နှာလွှဲလိုက်မိသည်။
နှစ်ဦးစလုံး တခဏ မျှ စကားမဆိုဖြစ်ကြပဲတိတ်ဆိတ်သွားကြသည်။
"ဟယ် တံတားက ဘယ်လိုဖြစ်ရတာတုန်း"
လမ်းထိပ်တံတားမှတစ်ဆင့် ရေနုတ်မြောင်းကိုဖြတ်ကာ စတိုးသို့သွားရမည်ဖြစ်သော်လည်း ကျွန်မတို့မြင်ရသည်က ရေမြောင်းသက်သက်သာလေ။လမ်းမပေါ်နှင့် ရေစပ်တွင်တော့ သဲပုံနှင့် အုတ်ခဲများအပုံလိုက်။
"အရင်က တံတားရှိပါတယ်။ခုက ဘယ်လိုဖြစ်ပြီး မြောင်းကြီးပဲဖြစ်နေတာလဲမသိဖူး"
"တခြားလမ်းကသွားရင်ရော မရဘူးလား မမေခ"
 "ရတော့ ရပါတယ် ဒီအထိ ရောက်လာပြီးမှလှည့်မပြန်ချင်တော့ဘူး"
အလိမ်ပေါ်မှာစိုးသည်ကလည်း ပါသည်လေ။
တစ်ခါတစ်လေ ဤသို့ ပေတေကပ်သပ် တတ်သည့်ကျွန်မက စီးလာသည့် ရှားရောင်ကတ္တီပါ ခြေညှပ်ဖိနပ်လေးကို ချွတ်လိုက်ရင်း သူ့ကိုလည်းမေးလိုက်သည်။
"ရေမြောင်းက တိမ်တိမ်ကလေးရယ်။တံတားပြန်ပြင်မလို့ ခဏဖျက်ထားတာလားမသိဖူး။ဟိုမှာမြင်ရတယ့် အုတ်ခဲစီထားတာလေးတွေကို နင်းရင်းသွားရင် သိပ်ပေမှာမဟုတ်ဘူး။လိုက်နိုင်လား ကိုတေဇ"
"ကျွန်တော်က ကိစ္စမရှိပါဘူး မမေခသာ အဆင်ပြေရင်သွားပါ"
တားလည်းရမည်မဟုတ်မှန်း ရိပ်မိသည့် သူက ခပ်အေးအေးဆိုသည့်အခါ ကျွန်မက ခေါင်းညိတ်ပြလျက် သွားမယ်လေ ဟု ဆိုလိုက်သည်။ရေအစပ်နားမှာ အုတ်နီခဲများ စုပုံထားသည့်အထဲမှ ခြေလှမ်းသာရုံ ရေထဲချထားသည်ဖြစ်ပြီး မြောင်းအလယ်နားတွင်မတော့ ဘာခဲလုံးမှ ချမထား။ရေကလည်း ခြေမျက်စိသာသာ ခပ်စပ်စပ်မို့ မနစ်လောက်ဘူးအထင်နှင့် ခဲများအတိုင်းနင်းလိုက်တော့မှ အောက်ခံ နုံးထဲသို့ အုတ်ခဲရော ခြေထောက်ပါနစ်ဝင်သွားတော့သည်။
"အယ် နစ်သွားတယ်ပေါ့လေ"
ရွှံ့ထဲ ဝင်သွားသည့် ခြေထောက်တစ်ဖက်ကိုကြည့်ရင်း အံ့သြသလို ရေရွတ်မိသည့်အခါ သူက ရယ်လေသည်။
"ဘယ်လိုလဲ ဖြစ်ပါ့မလား"
"အမယ် ဘာမဖြစ်စရာလဲ။အဲ့လောက်နွံရှိမယ်မှန်းမသိလို့ပေါ့"
လေသံတစ်ချက်ကလေးမလျော့ပဲ ကျွန်မ ဘယ်ခြေကိုပါ နောက်ခဲ တစ်လုံးစီ နင်းချလိုက်သည့်အခါ နှစ်ဖက်စလုံးနစ်သည့် အဖြစ်ရောက်ရတော့သည်လေ။
"လာပါကွာ ပြန်လှည့်ခဲ့။တော်ကြာ စူးတွေဘာတွေနင်းမိနေဦးမယ်"
ကလေးတစ်ယောက်ကို ချော့မော့ပြောသည့်နှယ် သူခေါ်ပေမယ့် ကျွန်မ တစ်ချက်ကလေးမှ လှည့်မကြည့်ချေ။
"ကိုတေဇ မလိုက်ချင် ခုဏ က လမ်းအတိုင်းအိမ်ကိုပြန်နှင့်လေ။ဝယ်လာခဲ့ပေးမယ်"
"မလိုက်ချင်တာမဟုတ်ဘူး။မေခခိုက်မိမှာစိုးလို့ပြောတာ။ခုပဲကြည့် စမ်းတဝါးဝါးနဲ့  ရွှံ့လူးနေပြီ"
သူ့စကားကြောင့် ရေထဲ ဖြတ်နေရင်းက နောက်သို့ ဆတ်ခနဲလှည့်ကြည့်ကာ
"တောသူရွှံ့လူးတာမဆန်းပါဘူး။မြို့သားတွေသာ ရွှံ့ကြောက်တာ"
မခံချင်စိတ်ဖြင့်ရန်တွေ့ရင်း လုံချည်ကလေးတစ်ဖက်ကမ တစ်ဖက်ကလည်း ဖိနပ်ကိုကိုင်ရင်း နွံကို ရုန်းရသည်။တစ်ကိုယ်လုံးနံပါပြီနော် ။
ကျွန်မအနောက်မှ ရေထဲ တစွပ်စွပ်နင်းလာသံနှင့်အတူ တေဇ က ခဏတွင်း ဘေးချင်းယှဥ်ရပ်လာသည်။ ပုဆိုးကိုတိုတိုဝတ်လျက် ရူးဖိနပ်ကြီး လက်တစ်ဖက်မှာကိုင်ရင်း ရူတည်တည်ရပ်ကြည့်နေတော့တာ။
"ဘာလဲ မခံချင်ကြေးနဲ့ လိုက်လာတာလား"
ကျွန်မ ၏ ခပ်လှောင်လှောင်အမေးကို သူက ပြန်မဖြေ။ကိုင်ထားသော ရူးဖိနပ်ကြီးကို တစ်ဖက်လမ်းမကြီးပေါ်သို့ အားဖြင့်ပစ်တင်လိုက်လေသည်။
"ဘုတ်"
လမ်းမထက် လှိမ့်ခနဲကျကုန်သော ဖိနပ်တွေကိုကြည့်ကာ ပါးစပ်အဟောင်းသား ကြောင်ကြည့်နေမိတာက ကျွန်မရယ်လေ။နှမျောတသစွာဖြင့်လည်း သူ့ကိုကြည့်ရင်း ပြောမိလိုက်သေးသည်။
"အံ့သြပါ့နော် ဖိနပ်က သားရေတွေပွန်းကုန်တော့မှာပဲ"
"ဖိနပ်မစီးပဲ ဟောဒီဗွက်ထဲလျှောက်နေရဲတယ့် မင်းကို ပိုအံ့သြတာ"


ပြောပြောဆိုဆို ကျွန်မ ကိုယ်လေးကို စွေ့ခနဲပွေ့ချီလိုက်သည့်တေဇ။ရေထဲ နင်းဖြတ်ရင်းလမ်းမ ထက်ရောက်သည်အထိ ကျွန်မကိုချီမ ထားဆဲ။
"ဘာ အခုမှ အူကြောင်ကြား လုပ်နေတာလဲ"
"ကျွန်မ က ဘာလုပ်လို့လဲ။သူ့ဘာသာ အူကြောင်ကြားလုပ်ပြီးတော့"
"မင်း တမင်လုပ်တာလေ။ပေရေကုန်မှာသိရက်ဆင်းသွားတာ။ခုတော့မင်းထိုက်နဲ့ မင်းကံပဲ"
"ရွှံပေတာများ အရီးလှ တို့အိမ်မှာရေတောင်းဆေးရင် ခဏလေးပြောင်ပြီးသား"
သူက ကျွန်မ၏ ထီမထင်မျက်နှာပေးကြောင့် ခပ်ဟဟ ပြုံးလိုက်ကာ
"သြော် ဟုတ်လား။ခြေထောက်လေးကို တစ်ချက်လောက်ကြည့်လိုက်ပါဦး။မိတ်ဆွေလေးတွေက နှုတ်ဆက်ချင်လို့တယ့်"
သူပြောတော့မှ ကျွန်မလည်း သိချင်မိသည်ကြောင့် ခြေထောက်တွေဆီ အသည်းအသန်ကြည့်မိသည်။
"ကျွန်မကို ချပေးပါဦး ဘာမှလည်းမမြင်ရဘူး"
"ခြေဖမိုး နဲ့ ခြေကျင်းဝတ်နားကိုကြည့်လေ"
သူက ချီမထားလျက်က လမ်းမကြီးနံဘေးမှ အိမ်ဘက်ဆီလျှောက်လာရင်းက ဖြေသည်။
"ကတ်သီးကတ်သပ် နဲ့ ဘယ်လိုလူ ...
"အား ကျွတ် ကျွတ် "
ရန်တွေ့နေရင်းက ခြေထောက်များကို နောက်တစ်ကြိမ်ကြိုးစားကြည့်မိသည့်အခါ တွေ့လိုက်ရသည့်အရာတွေကြောင့် အသည်းယားစွာ ကျွန်မအော်မိတော့သည်။
"ဟေ့ ငြိမ်ငြိမ်နေကွ လွတ်ကျလိမ့်မယ်"
ကျွန်မကို သူက အံကြိတ်ပြရင်းမာန်မဲပေမယ့် တလိပ်လိပ်တက်လာသည့် ခံစားချက်က ဖိနှိပ်၍မရ။သူ့လက်မောင်းတစ်ဖက်ကို အားကုန်ဆုပ်ကိုင်ရင်း  "ကျွတ်ကြီး ကပ်နေတယ်"
ဟု ပြောသည့်အခါ
"နည်းတောင် နည်းသေးတယ်"
အိမ်ခြံဝိုင်းနားရောက်၍ ချပေးလိုက်သော် ဖိနပ်တွေကို ပစ်ချလျက် မြေပေါ် ခုန်ဆွ ခုန်ဆွဖြင့် ဗျာများနေသော ကျွန်မကို ထားရစ်ခဲ့ကာ သူက ခြံထဲဝင်သွားလေသည်။
မကြာလိုက် ရေတစ်ပုံးဆွဲကာ ပြန်ထွက်လာပြီးနောက်
"ငြိမ်ငြိမ်နေ ခြေထောက်တွေရေအရင်ဆေးရအောင်"
"အဲ့မှာ ကပ်နေတာ။ဘယ်လိုလုပ်ငြိမ်နေရမှာလဲ။ ဟော ဟော ပြောရင်းက လှုပ်နေတာကို"
အသည်းယားစွာ လှုပ်နေသည့်ကျွတ်ကြီးကို ကြည့်ကာ တစ်ကိုယ်လုံး ယားယံလာသလိုလို စပ်ဖျဥ်းဖျဥ်းကြီးဖြစ်နေသည့်ကျွန်မ။ကြောက်စိတ်ကြောင့် မျက်ရည်တွေပင်ကျလုလုဖြစ်နေသည်ကို မြင်မှ ဟင်းခနဲ သက်ပြင်းချကာ သူက ရေပုံးကို မြေပေါ်ချ၏။
"ငြိမ်ငြိမ်လေးနေ။သနားလို့ မဟုတ်ရင် ပြီးမှလုပ်ပေးမလို့"
သူက မုဆိုးဒူးထောက်ထိုင်ချလျက် ကျွန်မ ခြေကျင်းဝတ်ကို ငြိမ်အောင်ထိမ်းကိုင်၏။ပြီးမှ သူ့ လက်တစ်ဖက်တွင် ဆုပ်ယူလာသော ဆားဖြင့် ကျွတ်ကို အုံချလိုက်တော့မှ မြေပေါ် ကွာကျသွားတော့သည်။
"ဟိုဘက် ခြေထောက်"
ခြေထောက်နှစ်ဖက်စလုံးမှ ကျွတ်နှစ်ကောင်ကို သူက ဖယ်ရှားပေးပြီး မြေကြီးထက်မှ သစ်ကိုင်းခြောက်ဖြင့် ခပ်ဝေးဝေးဆီ ကော်ထုတ်ပစ်လိုက်ပြီးနောက် ထရပ်ကာ
"နောက် ရွှံ့လူးဦးမှာလား"
"မလုပ်ဖူး "
ငိုမဲ့မဲ့ နှင့် ကျွန်မဆီက သူလိုချင်သည့်အဖြေရသွားသည့်အခါ ခြေထောက်ဆေးရန် ရေလောင်းပေးရင်း သူကိုယ်တိုင်လည်း ခြေထောက်ဆေးလေသည်။ရေပုံးကို ခြံထဲပြန်ဝင်ထားသည့်အခါ ကျွန်မမှာ ပစ်ချထားသော ဖိနပ်ကို ယူစီးရင်း သူလှမ်းပစ်ခဲ့သော ဖိနပ်ကိုသွားကောက်ယူလာခဲ့လေသည်။
"ရော့"
"ကျေးဇူးပဲ"
ကျွန်မကို ကျေးဇူးပြောပေမယ့် သူ့မျက်နှာကတော့ တည်တည်ကြီးဖြစ်နေသည်လေ။ဒီထက်တော့ ပိုအောက်ကျခံ မပြောနိုင်ပါဘူး။မကျေနပ်လည်းနေပေါ့
ဖိနပ်ကို ကြိုးချည်နေသည့် သူ့ကိုကျောခိုင်းရင်းတစ်ဖက်လှည့်နေလိုက်ပါမှ ရွာဦးကျောင်းမှ ပြန်လာပုံရသော ကိုကိုကြီးနှင့် မျက်နှာချင်းဆုံရတော့သည်။
"မေခ ဘာလုပ်နေတာလဲ"
"စျေးခဏ ဝယ်မလို့"
ကိုကိုကြီးနှင့်အတူ ပါလာကြသော လူနှစ်ယောက်ကလည်း ကျွန်မကို တစ်လှည့် သူ့ကို တစ်လှည့်ကွက်ကြည့် ကွက်ကြည့်နှင့်လေ။
"အေးအေး နေပူနေပြီ။ကိုတေဇ ရော ခမောက်ယူသွားဦးမလား။ဘာများဝယ်ကြမှာမို့ ရွာထိပ်ထိထွက်ရတာလဲ။အိမ်ရှေ့လမ်းထိပ်က ဆိုင်လဲစုံပါတယ်"
ကိုကိုကြီး က ခမောက်ကမ်းပေးရင်း မေးသည့်အခါ တေဇ က ခေါင်းခါပြသည်။
"မဆောင်းတော့ပါဘူး ကိုသူရ။ကျွန်တော်ဖိနပ် လိုချင်လို့မေခကို ခဏလိုက်အပို့ခိုင်းရတာ"
"ဟုတ်လား။နေမပူခင်သွားကြလေ။ကျွန်တော်အိမ်က စောင့်နေမယ်"
ကိုကိုကြီးက သူ့အဖော်များကိုခေါ်လျက် ရွာလမ်းအတိုင်းဝင်သွားပေမယ့် အတူပါလာသူများထံမှ ရယ်မောသံကတော့ လွင့်၍ ကျန်ခဲ့လေသည်။
"ကိုသူရ အိမ်က ဧည့်သည်က ဗိုလ်အောင်ဒင်စတိုင်ဖြစ်နေပါရောလား"
ကျွန်မ မှာ တမင်အဝေးခေါ်ထွက်လာမိသည့် မိမိ၏ မရိုးဖြောင့်မှုအတွက် မျက်နှာပူရသလို လူရယ်စရာဖြစ်သွားရသည့် သူ့အပေါ်လည်းများစွာ အားနာစိတ်ဖြစ်မိလေတော့သည်။သူကတော့ ဘာမှထွေထွေထူးထူးမဆိုပဲ ဖိနပ်ဝတ်ပြီးသည်နှင့် ထရပ်လိုက်ကာ
"ကဲ သွားရအောင်"
မျက်နှာထားတည်တည် နေတတ်ခြင်းသည် သူ့ နဂိုဗီဇ ဟုသိနေသည့်တိုင် ကျွန်မအပေါ် သူစိတ်ဆိုးသွားသည်ဟု ထင်နေမိလေသည်။ဖြစ်လည်း ဖြစ်တတ်ပနော်။
°º¤ø,¸¸,ø¤º°`°º¤ø,¸,°º¤ø,¸¸,ø¤º°`°º¤ø,¸,
ဖိနပ်ဝယ်လာပြီး တစ်လမ်းလုံးစကားလည်းမပြော။ကျွန်မ နောက်မှ ခပ်ဖြည်းဖြည်းမှန်မှန် လိုက်ပါလာသည့်သူ။ ထမင်းစားချိန်တွင်တော့ ကျွန်မ မှအပ ကျန်မိသားစု ဝင် အားလုံးနှင့် ရယ်မောလက်ဆုံကြလျက်ရှိတော့သည်။
"စားကောင်းရဲ့လားသား။ခံတွင်းမြိန်ရဲ့လား"
"ဟုတ်ကဲ့ ကောင်းပါတယ်ဗျ။မန်ကျည်းရွက်နဲ့ပဲပြုတ်လေးနဲ့ သုပ်ထားတာ အတော်စားမိသွားတယ်"
"ဟုတ်လား စားကောင်းရင်ကျေနပ်ပါပြီကွယ်။ရွာမှာကတော့ ရာသီပေါ်စာ လတ်လတ်ဆတ်ဆတ် စားရတယ်လေ"
"မေကြီး ခင်ဗျားဧည့်သည်ကို ကျုပ်နဲ့ ကစားဖို့ခေါ်သွားလို့ရမလား"
ဖေဖေ က 
ထမင်းစားပြီးသည့်အခါများတွင် ရေနွေးကြမ်းသောက်ပြီး တရေးတမော အိပ်တတ်သလို အဖော်ရှိသည့်အခါများတွင်လည်း ချက်စ် ကစားလေ့ရှိလေသည်။ယခုလည်း တေဇ ကို သူနှင့်အတူကစားရန်အတွက် မေမေ့ထံမှ ခွင့်ပြုချက်ရယူနေတာလေ။ ဘယ်ကုသိုလ်အဆက်လေလည်းမသိရ ။ သူက အိမ်ရှိလူကုန်နှင့် ခဏလေးအတွင်းပင် ရင်းနှီး ကျွမ်းဝင်နေပေပြီ။
"မောင်တေဇ နားချင် နားပါစေလား။နောက်ရက်မှ ကစားတာ မဟုတ်ဘူး"
"ရပါတယ် အန်တီ ကျွန်တော်လည်း နေ့လည်ဘက် သိပ်အိပ်ကျင့်မရှိပါဘူး။ ဦး နဲ့အတူ ကစားလိုက်ဦးမယ်"
ကိုကိုကြီးကလည်း ထမင်းစားပြီးသည်နှင့်    အလုပ်လက်စသတ်ရဦးမည်ဟုဆိုကာ ပြန်ထွက်သွားလေသည်။ခြံဝိုင်းထောင့်ရှိ မန်ကျည်းပင်ကြီးအောက်တွင် ချခင်းထားသော သစ်သားကွပ်ပျစ်ပေါ်တွင် ဖေဖေနှင့် သူက သွားရောက်နေရာယူသည့်အခါ ကျွန်မက အိမ်ထဲတွင် မေမေတို့နှင့်ကျန်ရစ်ခဲ့တော့သည်။
"သမီးငယ် ဒီမှာလာထိုင်ပါဦး"
မေမေ က လှမ်းခေါ်သည့်အခါ ကျွန်မ အနားသို့သွားထိုင်ရသည်။
"မောင်တေဇ ကို ဘယ်လိုသဘောရသလဲ။မေမေ့ကို ပြောပါဦး"
"မေမေ က သမီးသဘောအတိုင်း လက်ခံပေးမှာလား"
မေမေက ပြုံး၏။
"သမီးသဘောက မေမေ့ဆန္ဒနဲ့ တစ်ထပ်တည်းဖြစ်မယ်လို့တော့မထင်ပါဘူး။ဒါပေမဲ့ မေမေတို့ စီစဥ်တယ့်အပေါ် သမီးရဲ့ အမြင်ကိုတော့သိချင်မိတယ်"
ဆုံးဖြတ်ထားပြီးဖြစ်သည့် ကိစ္စအတွက် ကျွန်မအမြင်ကို မေးဖို့ တကယ်ရောလိုအပ်ပါရဲ့လား။
"ကိုတေဇက သမီးနဲ့ သိပ်အစေးမကပ်ဖူး။စကားပြောတာကအစ အရမ်းတင်စီးတာ။မေမေတို့ကို သူက မျက်နှာရအောင်နေနေတာ"
"ညီမလေးကရော သူ့ကို ဘယ်လိုဆက်ဆံသလဲမှ မသိတာ"
ဖေဖေ တို့ထံ ရေနွေးကြမ်းသွားပို့ပြီး ပြန်လာသည့် မမက လှမ်း၍ထောက်၏။
"မမ အဲ့လောက် သဘောကျနေရင်လည်း မမပဲ လက်ခံလိုက်ပါလားလို့"
ကျွန်မစကားကြောင့် မေမေက မျက်စောင်းရွယ်ကာကြည့်လာသည်။
"ကလေး ကလားမပြောနဲ့သမီးငယ်"
"မေမေပဲ ပြောဆိုတာကိုး။သူက သမီးအပေါ် သည်းခံစိတ်ရှည်မှ ရေရှည်အဆင်ပြေမှာပေါ့။သူက အရည်အချင်းလည်းရှိပါတယ်။အားကိုးလောက်အောင်လည်း ဦးဆောင်နိုင်တယ့်သူ။ဒါပေမဲ့ သမီးနဲ့မှ မတည့်တာ။ခုလို စီစဥ်တာ သူ့ဘက်က တစ်ဖက်သတ်အစီအစဥ်လေမေမေရဲ့"
ပြောလိုရာကို တရစပ်ပြောချရင်း မေမေ့ကိုလည်း အကဲခတ်နေမိပြန်သည်။
"ကဲ မေမေ မေးပါရစေဦး"
"ဟုတ် မေးလေ မေမေ "
"သမီး ရန်ကုန်မှာတုန်းက ခြေထောက်ခိုက်မိတယ်ဆို မေမတို့ကိုလည်း အကြောင်းမကြားဘူး။ဘယ်သူက သမီးနဲ့အတူ ဆေးခန်းလိုက်ပေးလဲ"
"မေမေတို့ စိတ်ပူမှာစိုးလို့ပါ။ဆေးခန်းပြတော့ ရုံးက လိုက်ပြပေးပါတယ်"
"ရုံးက ဘယ်သူလဲ"
"မေမေ သိပြီးသားမို့လား"
မဖြေချင်၍ အာပတ်လွတ် ဖြေသည့်အခါ မေမေက ကျွန်မကို ဆက်၍မေးသည်။မကျေမနပ်နှင့် ကျွန်မ ပြန် မေးတော့ သဘောကျစွာ ရယ်မောရင်း
"ကိစ္စတော်တော်များများကို သမီးအသိမပေးပေမယ့် အန်တီယုက မေမေ့ကိုပြောပြထားတယ်။သော်တာ့ ဆီကလည်းတချို့ကိစ္စတွေသိရတယ်"
"သူ က လူတိုင်းအပေါ်ကောင်းပြတာနဲ့မေမေက ယုံရောလား"
"ဘယ်အရာကိုမှ မေမေအယုံမလွယ်ဘူး သမီး။ကောင်းပြတာလား တကယ်ကောင်းနိုင်အောင်ကြိုးစားတာလားဆိုတာ မေမေခွဲခြားတတ်ပါတယ်။ကြားရတယ့်သတင်း နဲ့ ကိုယ်တွေ့မျက်မြင်အခြေအနေကို မေမေသုံးသပ်နိုင်ပါတယ်။သမီးလည်း ခွဲခြားမြင်နိုင်အောင်ကြည့်ဖို့သင့်တယ်"
ကျွန်မ လက်တစ်ဖက်ကို ဆွဲယူဆုပ်ကိုင်ရင်း မေမေ ပြောလာတော့ အင်း မလှုပ် အဲ မလှုပ်ပဲငြိမ်နေမိသည်။
"မောင်တေဇ သမီးအပေါ် သံယောဇဥ်ကြီးတာ ခဏတွေ့ရတယ့် မေမေတောင်သိနိုင်တာ သမီးမမြင်တာတော့ မကြည့်လို့ပဲဖြစ်ရမယ်"
သံယောဇဥ်ကြီးတိုင်း လက်ထပ်ရသလားလို့ ကျွန်မ မေးလိုက်ချင်သည်။တစ်ခါက အကြီးအကျယ် ငြင်းခုန်ခဲ့ရသည့် အဖြစ်တွေကမနေ့က ဖြစ်ပျက်ခဲ့သလို သိသာထင်ရှားနေတုန်းလေ။
"မေမေ ဆုံးဖြတ်ပြီးသားပဲလေ။သမီးဆန္ဒကို မမေးပါနဲ့"
"ဒါဆိုရင် ကလန်ကဆန်မလုပ်နဲ့မေခ။မေမေက သမီးကို ဆင်းရဲ ဒုက္ခရောက်မယ့်အဖြစ် ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။အဲ့ဒါကိုပဲ သမီးစွဲစွဲမြဲမြဲမှတ်ထားပါ"
အိမ်ရှေ့ကွပ်ပျစ်ထက်မှ ရယ်မောစကားပြောသံအချို့က လေအဝှေ့မှာ အိမ်ထဲဆီလွင့်၍လာသည်။ဖေဖေ က သမီးချည်း မွေးထားသည်မို့ နဂိုထဲက ကိုကိုကြီးပင် ကျွန်မတို့ထက် အချစ်ပိုခဲ့တာ။ခုတော့ သူကပါ ဖေဖေ့အချစ်တော် ဖြစ်ဦးတော့မည်။
နှုတ်ခမ်းကိုဖိကိုက်မိရင်း စိတ်ထဲမှ ကြိမ်းဝါးမိလိုက်သည်။
"မေမေ က လက်ခံဖို့လိုသလို ကျွန်မ လက်ခံဖို့က ပို၍အရေးကြီးမှန်း ရှင်သိဖို့လိုပြီကိုတေဇ"
°º¤ø,¸¸,ø¤º°`°º¤ø,¸,°º¤ø,¸¸,ø¤º°`°º¤ø,¸,
"အမှန်တရားအချို့သည် လက်သင့်မခံနိုင်လောက်အောင် ခါးသီးသည့်အခိုက်အတန့်မျိုး လူတိုင်းကြုံဖူးကြပါလိမ့်မည်။
အချို့က ခါးသီးမှုကို လက်ခံ၍ ရင်ဆိုင်ကျော်လွှားသွားကြပြီး
အချို့ကတော့ မျက်ကွယ်ပြုဖို့ကြိုးစားကြသည်။ ကိုယ့်ကိုကိုယ် လိမ်လည် အယုံသွင်းရင်းဖြင့် အမှန်တရားကို ငြင်းဆန်လိုက်ကြ၏။အတုအယောင်ကို အစစ်ဟု မြင်လာသည်နှင့်အမျှ အမှန်တရားနှင့် ဝေး၍ ဝေး၍ သွားသည်ကိုတော့ သတိမထားမိကြချေ။" 


rate now: