book

Index 15

အခန်း ၁၅

  • Author : shwesu
  • Genres : Romance

မုံရွာမြို့မဝင်မှီတွင် သူတို့နှစ်ဦး ကားပေါ်ကဆင်းကြရသည်။အာရုဏ်လင်းစမို့ လမ်းတစ်လျောက် ယာဥ်အသွားအလာမပြတ်ကြ။ခဏမျှ ကားလမ်းဘေးမှာ စောင့်လိုက်ရ၏။သူမက တော့ကြိုတင်မှာထားရက် အကြို မရောက်သေးသည့်အတွက် စိတ်လောလျက်ရှိနေသည်။
"ဟော ဟိုမှာ လာပြီ"
သူမက မီးထွန်းလျက် လာနေကြသော ဆိုင်ကယ်များထဲမှ တစ်စီးသို့ လက်ညှိုးညွှန်ပြသည်။
"ဘယ်သူမှန်းတောင် မမြင်ရတာဗျာ"
"ဟင့်အင်း သုံးစီးမြောက်က။လုံးဝ မမှားဘူး"
သေချာလွန်းစွာသူမပြောတော့ သူခပ်မဆိတ်နေလိုက်သည်။သို့ပေမယ့် သူမ မှန်လေသည်။သူကတော့ ထိုအမှန်တရားအတွက် အနည်းငယ်တော့ စိုးထိတ်မိလိုက်သည်။
"စောင့်ရတာ ကြာသွားလား ညီမလေး"
"စောစောစီးစီး ဆက်ထားရက်နဲ့"
"လမ်းမှာ လမ်းကြုံလိုက်ပို့နေလို့ပါကွာ။ကိုတေဇ လည်းပါတာကိုး"
"ဟုတ်တယ် ကိုသူရ။မေခ ရုတ်တရက်ကြီးပြန်ရတော့စိတ်မချတာနဲ့လိုက်ပို့ဖြစ်သွားတယ်"
"ကောင်းပါတယ်ကိုတေဇ။ကဲ အိမ်ကလူတွေမျှော်နေကြတော့မယ် သွားကြစို့"
ကိုသူရထက် က သူပါလာမည်ကို ကြိုသိထားပုံရသည်။ထူးထူးခြားခြား အံသြပုံမရသည့်အတွက်ကို မေခ ကလည်းသတိထားမိပုံရသည်။သို့ပေမယ့် ထို့အတွက် စကားတော့ မစချေ။သူမက သူ့နောက်မှာ ထိုင်နေသည့်တိုင် သူ့ပုခုံးကိုကျော်လျက် ကိုသူရ ပုခုံးတစ်ဖက်ကို လှမ်းကိုင်သည့် အတွက်တော့ သူ စိတ်ခုမိရသေးသည်။ဆိုင်သလား ဆိုတော့လည်း မဆိုင်သေး။သို့သော် သူတားမြစ်ချင်မိသည်။
မေခ တို့ရွာလေးက ကားလမ်းမကြီးဆီမှ ဖဲ့ထွက်၍ အနောက်ဘက်သို့ မိနစ်နှစ်ဆယ်လောက် ဆက်မောင်းသွားရသည်။ရွာ ဆိုသော်ငြား မြို့ငယ်လေးအတိုင်း လမ်းတွေကကျယ်ဝန်း ပြေပြစ်လှသည်။အိမ်ခြေများကလည်း သူ့ခြံဝင်း နှင့်သူ သပ်သပ်ရပ်ရပ် ဆောက်ထားကြသည်။ရွာထဲသို့ သိပ်မမောင်းလိုက်ရ။ခြံဝိုင်း ထဲဆိုင်ကယ် မောင်းဝင် လိုက် ချိန်မှာ အနည်းငယ်တော့ စိတ်လှုပ်ရှားမိရသည်။
ခြေတံရှည်အိမ်ကြီး၏ အောက်ထပ်တွင် ရေနွေးကြမ်းထိုင်သောက်နေသော ဦးလေးကြီးက ဆိုင်ကယ်သံကြားသည်နှင့်လှမ်းကြည့်ကာ အိမ်ပေါ်ထပ်သို့ လှမ်းအသိပေးလေသည်။
"ဟေး မေဦးရေ သမီးညီမလေးလာပြီဟေ့ အောက်ဆင်းခဲ့ဦး"
ဆိုင်ကယ် ရပ်ပြီး သူမက စားပွဲနားဆီ ပြေးသွားပြီး အလျင်စလိုမေး၏။
"မေမေ ကောဟင်။အိမ်မှာလား ဆေးရုံမှာလား "
"အိမ်အပေါ်ထပ်မှာနိုးနေပြီ။သမီးကို မျှော်နေတယ် သွား သွား "
စားပွဲဘေး လှေကားအတိုင်း အပြေးတက်သွားပြီးမှ သတိရသွားသလို ရပ်လိုက်ကာ သူ့ကိုလှည့်ကြည့်သည်။
"သွားပါ မမေခ "
"ကိုကိုကြီး ရှိပါတယ်။ကြီးကြီးဆီသာ သွား"
ပြိုင်တူလိုလို ပြောမိရင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်ပြုံးမိကြသည်။သူကတော့ ကြောင်တောင်တောင်နိုင်နေသည့် သူ့အဖြစ်ကို ခုကြမှ ရှက်မိနေတာ။
"လာကြ မောင်တို့ ထိုင်ကြဦး။ခဏနေရင် မနက်စာ စားကြတာပေါ့"
"ကိုတေဇ ဒါ မေခ ရဲ့ အဖေလေ။ဦးမင်းမောင်တယ့် "
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ဦး"
"အေးကွာ လာရတာဝေးတော့ ပင်ပန်းနေကြမှာပေါ့"
"မပင်ပန်းပါဘူးဗျ။ကျွန်တော်တို့ ကားပေါ်မှာ တရေးအိပ်ဖြစ်ပါတယ်"
ကျွန်တော်တို့ ဟု သုံးနှုန်းမိပြီးမှ" သေစမ်း" ဟု ကိုယ့်ဘာသာကျိတ် ကျိန်တွယ်မိသွားသည်။မလုံမလဲ ကြည့်မိပေမယ့် ဦးမင်းမောင်ကလည်း ရေနွေးသောက်မပျက်သလို ကိုသူရကလည်း အေးအေးလူလူ ရေနွေးကိုမှုတ်သောက်နေဆဲ။
"သူရကတော့ပြောပါတယ်။မောင် က မေခ ကို အလုပ်လုပ်ရာမှာ ချီးမွမ်းတယ်တယ့်။ဒါပေမဲ့ ကိုယ့်ကလေး အကြောင်းတော့ ကိုယ်သိသား။ခုတောင် သူ့အမေ  ဆိုင်ကယ်ပေါ်ကျတယ်ပြောလို့ပြန်လာတာရယ်။ခေါင်းမာ  တာတော့ မပြောနဲ့"
မျက်နှာအေးလှသလို ပြုံးပြုံးကြီးပြောနေသည့် ဦးမင်းမောင်က သူ့ကိုလည်းအကဲခတ်ရင်း ကြည့်နေခဲ့တာလေ။
"ကိုတေဇ တို့ လက်မှတ်ရတာ ကံကောင်းတယ်။ပုံမှန်ဆို ကြိုဖြတ်ရတာ။အခုကပြန်ကြသူများတယ်လေ"
"ဟုတ်တယ်ကိုသူရ။အထွက်ကားတွေလည်း အတော်ကြပ်တယ်။ကားပေါ်လည်း အပြည့်ပါပဲ"
"မောင့် အိမ်ကို ဖုန်းဆက်လိုက်ပါဦး တော်ကြာစိတ်ပူနေကြဦးမယ်"
"ဟုတ်ကဲ့ ကျွန်တော်ကားပေါ်ကဆင်းတော့ ဆက်ထားပါတယ်ဗျ"
ကျွန်တော်တို့ ပြောနေကြတုန်း အိမ်ပေါ်ထပ်မှ အမျိုးသမီးတစ်ဦးဆင်းလာ၏။
"မနက်စာပြင်ပေးမယ်နော်အဖေ "
"အေးအေး အမြန်လုပ်ပါဟ။ဒီမှာ ဆာနေကြတော့မယ်"
"ဟာ ရပါတယ် ခင်ဗျာ။သိပ်မဆာသေးပါဘူးဗျ"
"ကျွန်တော်တို့က ဒီအချိန်စားနေကြ ကိုတေဇရေ အားမနာနဲ့ ။ခဏ ထိုင်ဦးဗျာ ။ကျွန်တော် မေဦး ကို သွားကူသယ်လိုက်ဦးမယ်"
နေရာသစ် မှာ သူစိမ်းပြင်ပြင်ဖြစ်နေသည့် အတွက် နေရခက်သလိုလို ဖြစ်နေသည့်သူ။စကားလည်း မဆိုမိ။တိတ်တဆိတ် သာ ထိုင်နေဖြစ်သည်။
"မောင် တို့ က ရန်ကုန် ဇာတိပဲလားကွ"
"ဟုတ်ကဲ့ ဦး။ရန်ကုန်မှာပဲ မွေးစက ခုထိဆိုပါတော့"
"အင်း တို့များကတော့ အဖေတို့ အဖိုးတို့ လက်ထက်ထဲက ဒီရွာမှာပဲနေကြတာ။မောင်နှမသားချင်းတွေ တစ်မြို့တစ်ရွာပြောင်းလဲပဲ အချိန်တန်တော့ ရွာကိုပဲပြန်လာကြတာပါပဲ။တစ်ခြားဆီမယ် မနေတတ်ပေါင်ဗျာ။ရွာမှာသာ နေပျော်နေတာ"
"ဖေဖေ က ရွာအကြောင်း အမွှမ်းတင်နေပြန်ပါပြီ။မြို့ပေါ်ကလူတွေလည်း သူတို့ဇာတိမှာ ပျော်ကြမှာပေါ့"
ထမင်းကြော်ပန်းကန်များကို လင်ဗန်း နှင့် မလာပြီး သူတို့ရှေ့ကိုလည်း ချပေးလျက် စကားဆိုသည့်အခါ
"ကျုပ်က ဧည့်ခံနေတာပါဗျား။ ဒီမောင်ကလည်း ယောင်ချာချာဖြစ်နေတာကိုး"
"ဗျာ"
ဘွင်းဘွင်းကြီးပြောလိုက်သည့် ဦးမင်းမောင် စကားကြောင့် သူပင် စကားမဆက်တတ်တော့ချေ။မေဦး ကတော့ မေခ နှင့် ရုပ်ချင်းဆင်သော်လည်း ဖခင်နှင့်ပိုတူသည်။ပန်းကန်များကို ချပေးပြီး သူမ က ဦးမင်းမောင် ဘေးမှာဝင်ထိုင်သည်။

"စားပါဦးရှင့်"
"ဟုတ်ကဲ့ ကျေးဇူးပါဗျာ"
"နောက်ရက်မှ မုန့်ဟင်းခါးတို့ အကြော်စုံတို့ တစ်လှည့်စီစားပေါ့ရှင်"
"ဟုတ် နောက်ကြုံရင် ထပ်စားတာပေါ့ဗျာ။
ကျွန်တော် ရန်ကုန်ကို ဒီနေ့ပဲပြန်မှာမို့ပါ"
ဖော်ရွေလှသည့် မမေဦး ကို အားနာပေမယ့် မတတ်နိုင်။ဝန်ပိုနေမှာစိုးလှသလို ကြာကြာလည်း သူမနေဝံ့သည်ကိုး။
"အလို ။မောင့် ကို အေးအေးဆေးဆေး နေမယ်ထင်နေတာ။ကားလက်မှတ်က ဖြတ်ပြီးပြီလား"
"ကားကြုံနဲ့ပြန်မလို့ပါခင်ဗျ။ရုံးက နယ်အရောင်းအဖွဲ့က ခုနေ့လည် မုံရွာက ပြန်ဆင်းဖို့ရှိတယ်ဗျ။ကျွန်တော် သူတို့နဲ့ပြန်လိုက်သွားမလို့ပါ"
ဦးမင်းမောင် က သူ့စကားကို နားထောင်လျက်
"သြော် အရောင်းအဖွဲ့တွေက ဒီဘက်ထိရောက်ကြတာကိုး။ဒါဖြင့် မောင်က အလည်လာတာမဟုတ်ဘူးလား"
"အလည်မဟုတ်ပါဘူးဗျ။ ကျွန်တော်က မေခ ကို လိုက်ပို့ပေးတာသက်သက်ပါ"
ဦးမင်းမောင် က ပြုံးလျက် မည်သည့်စကားမှ မဆိုပါတော့။မမေဦးကလည်း ငြိမ်သက်စွာ နားထောင်နေရင်းမှ သူ့စကားဆုံးတော့ မေးလာသည်။
"မေခ ကိုရော ပြန်မယ့်အကြောင်း ပြောပြီးပြီလား"
"အတိအကျ မဟုတ်ပေမယ့် ပြန်မယ်ဆိုတာတော့ ကျွန်တော်ပြောထားပါတယ်ဗျ။ခဏနေရင် သူ့ကို  အသိပေးလိုက်ပါ့မယ်"
မီးဖိုခန်းဆီမှ ပန်းကန်ပြားတစ်ချပ်မလာရင်း ကိုသူရ ရောက်လာသည်။
"ငါးခြောက်ဖုတ်က နောက်ကျသွားတာ တောင်းပန်တယ်ဗျို့"
"ရပါတယ်ကွ စကားပြောနေကြတာနဲ့ ခုမှစားရမှာ"
ထမင်းကြော် ပူပူနွေးနွေးအား ဆီဖြင့်ကြွပ်နေအောင်ကြော်ထားသော ပဲနီပြုတ်အိအိဖြင့်ထည့်ပေးထားသည်က တစ်ပန်းကန်ပြည့်ပြည့်။ ညစာ ထမင်းလွတ်ခဲ့သည်မို့ ဝမ်းဟာဟာ နှင့်သူစားမိ၏။ကိုသူရ က ငါးခြောက်ဖုတ် ပါထပ်ထည့်ပေးပြန်တော့ စားကောင်းချက်က တစ်ခဏ နှင့် သူကုန်သွားရသည်။
"ထပ်ယူပါဦး မောင်ရ"
"ဟာ တော်ပါပြီဦး။ခုတောင်တကယ်အများကြီးစားပြီးပါပြီ"
"ဟုတ်ရဲ့လား"
"ဗိုက်ပြည့်ပါပြီဗျာ။အဟုတ်ပါ"
ထမင်းစားပြီးချိန် အိမ်ပေါ်ထပ် လှေကားထက်မှ အသံကြားသည်မို့ ကြည့်လိုက်တော့ မေခက သူ့အမေဖြစ်ဟန်သူသည့် အန်တီကြီးကို တွဲ၍ အောက်ဆီဆင်းလာတာဖြစ်နေသည်။
"လာပြီ မေမေ ခဏ"
မမေဦးက အောက်ထပ်မှ အမြန်သွား၍ ဆင်းလာသည်ကို ဝိုင်းကူတွဲပေးလေသည်။မေခ တို့ မိခင်သည် သပ်ရပ်အရွယ်တင်သူဖြစ်လေသည်။မျက်နှာထားတည်လျက် စူးရှတောက်ပသော အကြည့်မျိုးလည်းရှိ၏။မေခ ကား အမေတူဖြစ်လေသည်။
အောက်ထပ်မြေတလင်းရှိ သူတို့ ထိုင်ရာစားပွဲဆီထိ လိုက်ပို့ပေးပြီးမှ သူမကအားလုံးကို ထားရစ်ကာ အိမ်ပေါ်ဆီသို့ပြန်တက်သွားလေသည်။သူ့ဘက်ကိုတော့ တစ်ချက်ကလေးမှ မကြည့်ခဲ့ပါချေ။
"သား က မောင်တေဇ ထင်တယ် "
"ဟုတ်ပါတယ်ဗျ။သက်သာပါရဲ့လားအန်တီ"
သတိတရသူမေးတော့မှ ပြုံးရယ်လျက် လက်တစ်ဖက်ကို အုပ်ကာရင်းဖြေလာသည်။
"သက်သာပါတယ်ကွယ်။အမှန်က ဆိုင်ကယ်လဲတာမဟုတ်ဘူးသားရေ။အဆင်းမှာ လေခိုပြီးခြေထောက်မျက်နေတာ။သမီးငယ်အမြန်ပြန်လာအောင် ခေါ်လိုက်ရတာ"
မေခ ဒါကြောင့်စိတ်မကြည်တာဖြစ်ရမည်ဟု တွေးမိလျက် သူကျိတ်ပြုံးမိရသည်။ဘယ်လောက်တောင် ဆိုးတယ့်မိန်းကလေးပါလိမ့်။အိမ်ပြန်ဖို့ အကြံကုန်ထုတ်ခေါ်ရသတဲ့လား။
"မေခ က ဆိုးတယ်နော်"
"ဗျာ ။ မဟုတ်ပါဘူးအန်တီ။ သူကတော်ပါတယ်"
"သား လည်းကြုံဖူးပြီးပြီမို့လား"
ပြန်မဖြေပဲ သူပြုံးနေမိရုံသာ။
"ရှေ့ရက်က မမယုက ဖုန်းလှမ်းဆက်တယ်လေ"
အန်တီယု ဖုန်းဆက်ထားသည်ဆိုပါလား။မထင်မှတ်ထားသည်မို့ ဖျတ်ခနဲအကြည့် အကဲခတ်နေသည့် မျက်လုံးအစုံကိုတွေ့တော့ သူ ခပ်အမ်းအမ်းဖြစ်ရလျက် စားပွဲပေါ်တင်ထားမိတယ့် လက်နှစ်ဖက်ကို အကြောင်းမဲ့ဆုပ်ကိုင်ထားမိပြန်သည်။
"ခုဏ ကြားလိုက်လို့ ။သားက ပြန်တော့မလို့ဆို။ရန်ကုန်မှာ အရေးကြီးကိစ္စတွေရှိသေးတာလားကွယ်"
"အရေးကြီးကိစ္စရယ်တော့မရှိပါဘူးခင်ဗျာ။မေခကိုလည်း ပို့ပေးပြီးပြီမို့ ကားကြုံလည်းရှိတုန်း ပြန်မလို့ပါဗျ"
"အန်တီကတော့ အရေးတကြီးကိစ္စမရှိရင် မပြန်စေချင်သေးဘူး။ရောက်တုန်း ရောက်ခိုက် ဘုရားဖူးလိုက်ပို့ချင်သေးလို့လေ"
"ဟုတ်တယ် ကိုတေဇ။မေခကို  တကူးတကလိုက်ပို့ပေးတာတောင် ကျေးဇူးတင်နေတာ။အပမ်းမကြီးရင် နေပါဦးလား"
သူ အားနာနေသည်ကို သိပုံရသော ကိုသူရထက် က ထပ်မံတိုက်တွန်းလာသည်။သူ ကတော့ နေချင်သည်ပေါ့။
"ကျွန်တော်ကြောင့် အားလုံးတာဝန်ပိုကုန်မှာစိုးလို့ပါဗျာ။အမှန်တိုင်း ဝန်ခံရရင် ကျွန်တော်လည်း ဒီမှာနေချင်ပါသေးတယ်"
သူ ရှက်၍ မနေနိုင်။ဤဖိတ်ခေါ်မှုကို သူ အမှန်တကယ်လိုလားလက်ခံပါကြောင်း ဖွင့်ဟမိရသည်။
"ဟန်ကျပြီ။ ဒီတော့ မောင် က ဟိုဘက်အိမ်မှာ သူရ နဲ့အတူတူနေပေါ့။တစ်အောင့်နား ပြီး လျှောက်နိုင်ဦးမယ်ဆို ဒီဘက်ကိုလာခဲ့ချေ။ရွာထဲ လိုက်ပြတာပေါ့ကွာ"
"ဟုတ်ကဲ့ဗျ"
ကိုသူရ ဦးဆောင်ခေါ်ရာနောက် ကျောပိုးအိတ်လေးလွယ်လျက် သူလိုက်လာသည်အထိ မေခ ကို မမြင်ခဲ့ရ။သူကတော့ နေလိုက်ပါပြီတယ့်။သူမ ကရော သူ့ကို လိုလားပါရဲ့လား။
 တစ်ထပ်ခြေတံရှည် အိမ်လေးက အိမ်ဝိုင်း၏ ခေါင်းရင်းဘက်တွင် တည်ရှိပြီး ခြံဝိုင်း တစ်ခုလုံးတွင် အလှစိုက်ထားသော ပွင့်တူရွက်တူပင် နှင့် ရွက်လှပင်များက အတော်များများနေရာယူထားလေသည်။ခြံစည်းရိုး ဘေးတစ်လျောက် စားပင်များဖြစ်ကြသည့် ဆူးပုတ်၊ပေါက်ပန်းဖြူ နှင့် အခြားသီးစားပင်များလည်း အစီအရီ စိုက်ထားလေရာ နေချင်စဖွယ်ပင်။
"လာ ကိုတေဇ ။ကိုယ့် အိမ်ယာ လိုသာ သဘောထားနေ။ကျွန်တော်တို့ချည်းဆိုတော့ ပိုသက်တောင့်သက်သာနေရတာပေါ့"
သူကဧည့်ခန်းမှာချထားသောခုံတွင် ဝင်ထိုင်လိုက်ရင်း အိမ်ရှေ့ခန်းအပြည့်မျှ စာအုပ်တို့ကို စိတ်ဝင်စားစွာကြည့်နေဖြစ်သည်။ဘာသာပြန်စာအုပ်များ၊စိုက်ပျိုးရေးစာအုပ်များ၊ဆောက်လုပ်ရေး လုပ်ငန်းနှင့်ပတ်သက်သည့်စာအုပ်များအပါအဝင် စာအုပ်အမျိုးအစား အတော်စုံလင်လှသည်ကို သတိပြုမိသွားသည်။
" ကိုတေဇ စိတ်ဝင်စားတာရှိရင် ယူဖတ်ဗျ။ကျွန်တော်လည်း ရှင်းရင်း ရှုပ်ဆိုသလို အပုံလိုက်ကိုဖြစ်နေတော့တာ"
"စာတော့ဖတ်ဖြစ်ပါတယ် ကိုသူရ။ခုနောက်ပိုင်း စာအုပ်နဲ့မဟုတ်ပဲ ဖုန်းထဲကနေပဲဖတ်ဖြစ်နေတော့ စာအုပ်ပုံကြီးမြင်ပြီး အားရနေတာ"
"ခုခေတ်က စာအုပ်ကို လူတွေက သိပ်ကိုင်မဖတ်ကြတော့ဘူးဗျ။စာဖတ်တယ့်သူလည်း ရှားလာတယ်။ သိပ်ကောင်းတယ့် အလေ့အထတော့ မဟုတ်ဘူးပေါ့ဗျာ။နည်းပညာရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုပေါ့"
အိမ်ကလေးက ပရိဘောဂ ပစ္စည်းများများစားစား သိပ်မရှိလှ။အိမ်အတွင်းခန်းနံရံမှာတော့ ဓါတ်ပုံများကို ချိတ်ဆွဲထားသည်မို့ သူထကြည့်မိသွားသည်။
ဘွဲ့ဓါတ်ပုံများနှင့် ကျောင်းသားအရွယ်လောက်ကပုံတစ်ချို့လည်းပါလေသည်။
ကိုသူရ သည်ငယ်ငယ်က မျက်နှာကျအတိုင်းယခုတိုင် အပြောင်းအလဲမရှိလှ။ဖြူသောအသားအရည်အစား နေလောင်ခံရသဖြင့်အနည်းငယ် ညိုသွားသည်သာ ရှိသည်။
ငယ်စဥ်ထဲက ချောမောပြေပြစ်သည့် မျက်နှာထားသည် အသက်အရွယ်နှင့်အတွေ့အကြုံအရ အရင်ကထက်စာလျှင် ပိုမိုကြည့်ကောင်းစေသည်ကားအမှန်။
မေခ ၏ ဘွဲ့ဓါတ်ပုံကတော့ မျက်နှာထားကတည်တည် တင်းတင်းနှင့် အရယ်အပြုံးကမရှိ။မမေဦးက အေးချမ်းစွာပြုံးလျက်။မိသားစုပုံများတွင်မတော့ ပျော်ပျော်ရွှင်ရွှင်ရှိနေကြလေသည်။
ကျောင်းစုံညီပွဲတွင်ရိုက်ထားဟန်တူသော ပုံထဲတွင်မူ ကျောင်းသူ ကျောင်းသား များစွာထဲတွင် မည်သူ့ပုံများပါလေမည်လဲဟု သူလိုက်လံရှာဖွေမိလေသည်။
ယာဘက်အစွန် နောက်ဆုံးတန်းတွင် တိုက်ပုံနှင့်ရယ်မောနေသူက ကိုသူရ။ထိုင်ခုံတွင်ထိုင်နေကြသော အလယ်တန်းတွင်မတော့ ရှမ်းဝတ်စုံလေးဖြင့် ပြုံးနေသည့် မမေဦးကို သူတွေ့လိုက်သည်။ထိုင်ခုံတန်းတွင် ဆက်ကြည့်နေရာ သူရှာဖွေသူကိုဖြင့် မတွေ့ရ။ရှေ့ဆုံးတန်းဒူးထောက်ထိုင်နေကြသောအတန်းထဲတွင် သူတစ်ယောက်ချင်းစီ စေ့စေ့စပ်စပ် ရှာကြည့်မိသည်။
ဟော ဒီတစ်ယောက်ပဲဖြစ်ရမည်။ပုဝါနှစ်ဖက် စုံချလျက် ခပ်တည်တည်လေး လက်ပိုက်နေပါသည့်သူမ။ရှေ့ဆုံးတန်းအလယ်တည့်တည့်မှာလေ။
"လူကြီးပေါက်စ ကို တွေ့သွားပြီထင်တယ်"
"ဗျာ.. သြော် မေခပုံလား"
"အင်း သူက အဲ့နှစ်က မြန်မာ့သားကောင်း သီချင်းဆိုတာလေ။မုန့်စားလက်မှတ်ဝယ်ထားပြီး ထုတ်တာနောက်ကျသွားတာနဲ့ မုန့်မစားလိုက်ရဘူး။စိတ်ကောက်နေတာအဲ့ပုံပေါ့"
"သူက စိတ်ကောက်တယ်ပေါ့"
"ဟုတ်ပဗျာ သူ့ဆီမှာ မုန့်လက်မှတ်က ကျန်နေသေးတာ မုန့်က ဘာကိစ္စမကျန်ရတာလဲဆိုပြီး ပြသနာတွေရှာတာလေ။ ကျွန်တော်တို့မုန့်တွေပေးလည်း မစားဘူးလေဗျာ"
"သူစိတ်ကောက်ရင် စကားမပြောဘူးထင်တယ်နော်"
"အင်း သူစိတ်မပြေမချင်း တစ်ယောက်တည်းနေတယ်။စကားသွားပြောရင်လည်း ဘာမှကိုပြန်မဖြေတာ။အရမ်းစိတ်ကြီးတယ့် ကောင်မလေး၊
ကဲ ကဲ ကိုတေဇ နားနားနေနေ နေလိုက်ပါဦး။အိမ်ခန်းထဲမှာ တရေးတမောအိပ်ချင်ရင်လည်းရတယ်။ ကျွန်တော်ကတော့ ခုမနက် ရွာဦးကျောင်းမှာ မျက်နှာကျက်တက်တာမှာ လုပ်အားပေးကူဖို့သွားလိုက်ဦးမယ်။ထမင်းစားချိန်အမှီပြန်ခဲ့မယ်ဗျာ"
"ကျွန်တော် လည်းအားနေတာပဲ အတူလိုက်ခဲ့မယ်လေ ကိုသူရ"
သူ့စကားကြားတော့ ပျာပျာသလဲ လက်ခါပြရင်း
"မဟုတ်တာ နေပါဗျာ။နောက်ကျတကယ်လိုအပ်ရင် ခေါ်ပါ့မယ်"
သူ့ကို ထားရစ်ကာ အိမ်ထဲမှထွက်သွားလေသည့် ကိုသူရ ကိုကြည့်ပြီး သူလည်း ပျင်းခြောက်ခြောက်နှင့်ကျန်ခဲ့ရတော့သည်။ဟိုဟိုသည်သည် လျောက်ကြည့်ရင်း အရောင်းအဖွဲ့ထံ ဖုန်းမဆက်ရသေးသည်ကို သတိရသွားသည်နှင့် ဖုန်းထုတ်ဆက်ရသည်။
"ဟယ်လို ကိုအောင်ကြီးလား"
"ဟုတ် အကိုတေဇ ကျွန်တော်တို့ပြီးခါနီးပြီ။ဘယ်နားကိုလာခေါ်ရမလဲဗျ"
"ကျွန်တော်ပြန်မလိုက်ဖြစ်တော့ဘူး ကိုအောင်ကြီး။အဲ့ဒီဘက်က အလုပ်ကိစ္စတွေပြီးရင်သာ သေချာဂရုစိုက်ပြီးပြန်လိုက်ကြပါ"
"ဟုတ်လား ဒါဆို ကျွန်တော်တို့ ပြန်ခါနီးကျရင် ဖုန်းထပ်ဆက်မယ်လေကိုတေဇ"
"ဟုတ်ကဲ့ ကျေးဇူးပါဗျာ"
ဖုန်းကိုချလျက် သူအိမ်အတွင်းဘက်ဆီလျောက်လာမိသည်။ဖွင့်ထားသော အခန်းထဲသို့ သူဝင်ကြည့်မိ၏။တစ်ယောက်အိပ် သစ်သားကုတင်တစ်လုံး ထက်၌ အိပ်ရာ ပြင်ဆင်ခင်းကျင်းထားပြီး ဘေးတွင်မတော့ စားပွဲတစ်လုံး နှင့် ထိုင်ခုံချထားလေသည်။ထိုစားပွဲရှေ့ ခုတင်၏ခေါင်းရင်းတွင်မတော့ လိုက်ကာတပ်ထားသော ပြတင်းပေါက်ကဖွင့်လျက်သား။အခန်းတစ်ဘက်နံရံတွင် ဗီရိုတစ်လုံး။ခုတင်ထက်မှာ ထိုင်လိုက်ရင်း လွယ်ထားသည့်ကျောပိုးအိတ်ကို စားပွဲပေါ်သူတင်ထားလိုက်သည်။မနက်ခင်းလေနုအေးအေးက အခန်းထဲတိုးဝှေ့ဝင်ရောက်နေသည်မို့ အိပ်ပျက်ထားသည့် သူ့မျက်လုံးတွေ အနည်းငယ်မှေးစင်းလာသည်။
တရေးလောက်အိပ်ဦးမှ ဟုတွေးလျက် လှဲချမိပြီးမှ ချက်ချင်းပြန်ထထိုင်လိုက်ရသည်။
အဝတ်အစားရယ်လို့ အပိုမပါသည့်သူ။နေ့ခင်း ကိုသူရပြန်လာပါမှ ရွာထဲမှာ ဝယ်လို့ရ မရ မေးကြည့်ရတော့မည်သာ။
ရှပ်အကျ်ီကို ချွတ်၍ ထိုင်ခုံကျောမှီတွင် ဖြန့်တင်ထားရင်း ကုတင်ထက်မှာပြန်လှဲလိုက်မိသည်။မနေ့ညကလည်း ရေမချိုးလိုက်ရတော့ ချွေးတို့ဖြင့်စေးကပ်နေသလို လူကလည်း မလန်းဆန်းပေ။
"မဖြစ်သေးပါဘူး။ရေချိုးဖို့ နေရာရှာဦးမှပါ"
တစ်ကိုယ်တည်း ရေရွတ်ရင်း သူ အခန်းလေးထဲမှထွက်၍ အိမ်နောက်ဘက်သို့ ဆက်လျှောက်လာခဲ့လိုက်သည်အခန်းက နှစ်ခန်းရှိပြီး ဘေးချင်းကပ်အခန်းလေးမှာလည်း ပထမအခန်းနည်းတူ ခုတင်နှင့် စားပွဲများချထားလေသည်။ထိုအခန်းမှာတော့ အဝတ်များလည်းချိတ်ဆွဲထားလေသည်မို့ ကိုသူရ နေသည့်အခန်းပဲဖြစ်ရမည်။
ဆက်လျှောက်လာခဲ့ရာ မီးဖိုခန်းသို့ရောက်လာ၏။ ကြောင်အိမ် နှင့် အိုးခွက်ပန်းကန်အချို့ထားရာ သစ်သားစင်ကလေးတစ်ခု။လျှပ်စစ်ရေနွေးအိုးတစ်လုံးကတော့ မကြာခဏ သုံးပုံရလျက် တောက်ပြောင်နေလေသည်။
ပိတ်ထားသော သစ်သားတံခါးကို ဆွဲဖွင့်၍ အိမ်အပြင်ဘက်ထွက်လိုက်သည့်အခါ တံစက်မြိတ် အောက်တွင် စဥ့်အိုးတစ်လုံးနှင့် ဆေးကြောရန် ဆပ်ပြာဆီများချထားသည်ကိုတွေ့ရသည်။
"အင်း ဒါကတော့ ချိုးဖို့မဟုတ်လောက်ဘူး။ဆက်ရှာဦးမှပါ"
အိမ်နောက်ဖေးတွင် အဝတ်လှန်းရန် ပြုလုပ်ထားသော ဝါးလုံးတန်းပေါ်မှ ရေဖန့်စပြုနေသော ပုဆိုးဟောင်းတစ်ထည်ကိုမြင်လေသော် မှိုရသကဲ့သို့ သဘောပိုက်လျက် ဆွဲယူကာ ကျောထက်မှာတင်ခြုံထားလိုက်မိသည်။
"အားး အေးသွားတာပဲ"
ခြံဝိုင်းအနောက်ဘက် လူသွားလမ်းသဖွယ် ခြံရံစိုက်ထားသော စံပယ်ရုံတန်းတစ်လျှောက်သူလျှောက်ကြည့်လိုက်၏ အနောက်နားကျကျ သရက်ပင်ကြီးအနားတွင်မှ ရေတွင်းကိုသွားတွေ့လေတော့သည်။သူခပ်သွက်သွက်လျှောက်ခဲ့ရင်း ရေတွင်းထဲငုံ့ကြည့်မိသည်။
"အားပါး ဆွဲတင်ရမှာမနည်းပါ့လား"
လူနှစ်ပြန်သုံးပြန်လောက် အောက်ကျကျတွင်မှ ရေကိုမြင်ရသည်။မတတ်နိုင် ချိုးရဖို့သာ အဓိကဖြစ်သည်။
ရေတွင်းဘေးမှ စဥ့်အိုးကြီးတွင် ရေတဝက်ခန့်ရှိသေးသော်လည်း ရေပုံးကိုယူလျက် ပြည့်သည်အထိ ရေဆွဲဖြည့်လိုက်၏။
ဆပ်ပြာခြင်းထဲတွင် ရေချိုးဆပ်ပြာနှင့် ဆပ်ပြာအမွှေးတုံးများ အဝတ်လျှော်ဆပ်ပြာခရင် ဘူးများကလည်း အသင့်။
"ကဲ အဆင်တော့ သင့်ပြီ"
အိမ်ဘက်သို့ သူပြန်လျှောက်ခဲ့ရင်း ရေလဲစရာအဝတ်တစ်ခုခုထပ်ရလျှင်ကောင်းမည်ဟုတွေးနေမိသည်။မတွေ့ရင် ဒုက္ခများလိမ့်မည်လေ။
"ဘာလို့များ ပုဆိုးမဝတ်လာမိတာပါလိမ့်"
တောင်တောင်အီအီ အတွေးချာလည်လည်နှင့် အိမ်ဘက်ပြန်လျှောက်လာချိန်မှာ မေခ ကလည်း အဝတ်အစားအချို့ကိုယူလျက် သူ့ကိုလာရှာနေချိန်ဖြစ်သည်ကို သူမသိလိုက်။
အိမ်ရှေ့ဆီမှ အော်ခေါ်ရင်း ဝင်လာသည့်သူမ က ဘာသံမှမကြားသည်မို့ အိမ်ထဲဝင်ကြည့်၏။ မတွေ့သည့်နောက် အဝတ်အစားများဝင်ထားရန် ဖွင့်ထားသည့်အခန်းထဲဝင်သို့ဝင်လာလေသည်။စားပွဲပေါ်မှာ ကျောပိုးအိတ်က တင်လျက်။ချွတ်၍ လွှားထားသော အကျ်ီကိုမြင်ပြီးနောက် ယူလာသည့် အကျ်ီ နှင့်ပုဆိုးတို့ကို ကုတင်ထက်မှာမြန်မြန်ချရင်း အခန်းထဲမှပြန်ထွက်လာလေသည်။
ရေလဲဝတ်ရှာမတွေ့သလို သူများအခန်းထဲလည်း ဝင်မယူချင်သည့် အတွက်
ရေစိုပုဆိုးလေးခြုံလျက်ပဲ အိပ်တော့မည်ကြံရွယ်ကာ အခန်းထဲဝင်လိုက်မိသည့်သူ
"အမေ့"
ဖျတ်ခနဲ အခန်းထဲ မှ ထွက်လာသော သူမက အခန်းဝ တွင်ရပ်လိုက်သော သူ့ကိုဝင်တိုက်မိတော့သည်။
ရုတ်တရက်မို့ သူပင်လန့်မိကာ တိုက်မိသည့်အရှိန်နှင့် နောက်သို့ လန်သွားသည်မို့ ကမန်းကတမ်း ဖြင့်တံခါးဘောင်ကို ထိမ်းကိုင်လိုက်ရသည်။
"ဒီလောက်ခေါ်နေတာ အသံမပေးပဲ နဲ့ အခုမှဘယ်ကထွက်လာရတာလဲမသိဖူး"
သူမကပဲ ဝင်တိုက်သေး သူမကပဲ သူ့ကို ရန်ပြန်ရှာနေပါပြီကော။အရင်ကများခုလိုတစ်ခါမှ ရန်မတွေ့ခဲ့ဖူးချေ။ခုကတော့ သူ့အိမ် သူ့ယာဆိုတော့ လေသံတွေပါပြောင်းလို့ ။
" ကျွန်တော် ခုမှ ခြံထဲကပြန်ဝင်လာတာ။ရေချိုးချင်လို့ နေရာလိုက်ရှာနေတာ။တွေ့တော့လည်း ရေဝတ်ချိုးစရာကမရှိ။အဲ့ဒါနဲ့ပဲ အိမ်ထဲပြန်ရောက်လာတာ"
"မေမေက အဝတ်တွေ လာပို့ခိုင်းလို့လာပို့တာ။အဟောင်းတွေတော့မဟုတ်ဘူး ဖေဖေ ကိုလာကန်တော့ကြတာထဲက မဝတ်ရသေးတာတွေ"
"ကျွန်တော်ကရော ဘာများပြောမိလို့လဲဗျာ"
"ပြောလို့လည်း မရအောင် ကြိုပြောပြထားတာ"
" မမေခ က အရမ်းစွာနေတာပဲကိုး။ကျွန်တော့်ကို ချည်းရန်တွေလုပ်နေတယ်"
သူ့စကားဆုံးတော့ သူမ က လက်ကလေးပိုက်၍ ခပ်စူးစူးပြန်ကြည့်သည်။
"ရန်လုပ်တာသာလူမြင်တာပါ။အချို့လူတွေက နောက်ကျောကို ဓါးနဲ့ထိုးတာများ ဘယ်သူမှ မမြင်ကြဘူး"
"ကျွန်တော် သူတစ်ပါးအကျိုးစီးပွါးပျက်ရာပျက်ကြောင်း တစ်ခါမှမလုပ်ဖူးဘူး မမေခ။လုပ်ဖို့လည်း စိတ်မကူးဘူး။ဒါတောင် ဘာလို့ ခါးခါးသီးသီးဖြစ်နေရတာလဲ"
သူ အလေးအနက်ပြောမိရခြင်းပါ။သူမ စိတ်ဆိုးဒေါသထွက်နေခြင်းက ပုံမှန်ထက်လွန်ကဲနေသလို ပို၍လည်းပြင်းထန်နေသည်ကို သူခံစားမိနေသည်လေ။
ဘာကြောင့် ဒီလောက်စိတ်ဆိုးနေရသလဲ သူမတွေးတတ်တော့။
"ရှင် ကျွန်မမသိပဲ လုပ်ထားတယ့်ကိစ္စတွေအားလုံး ကျွန်မသိပြီးနေပြီဆိုရင်ရော ခုလိုငြင်းနေဦးမှာလား"
"ကျွန်တော် မမေခ အပေါ်ဘာအကြံအစည်မှလည်းမရှိဘူး။ဘာမှလည်း အကောက်မကြံထားဘူးလေဗျာ"
"အိုး ဘာလို့မရှိရမှာလဲ။ရှင် အန်တီယု ကို ဘာတွေပြောထားတာလဲ ဟင် ။မေမေ့ကို အန်တီယု က ဖုန်းဆက်ပြီးလှမ်း တိုင်ထားတာ။အခု ကျွန်မ ပြသနာအကြီးကြီးတက်နေပြီ။ရှင့်ကို အစက အားနာခဲ့ရတယ်။ကျွန်မကို လမ်းခရီးတစ်လျှောက် ဘေးကင်းစေချင်လို့ တကူးတက ပို့ပေးရှာတယ်ဆိုပြီး ကျေးဇူးတွေတင်လို့။တကယ်တမ်းကြ ရှင်က သက်သက်ချောက်ချတာ"
တရစပ်ပြောလည်း ပြောရဲ့ ခါးကလေးထောက်လိုက် သူ့ဘက်ကို လက်ညှိုးတစ်ထိုးထိုး ရန်တွေ့လိုက်နှင့် ရှူးရှူးရှားရှား ဖြစ်နေသည်သူမ။သူမ လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ရင်း မျက်ဝန်းအစုံကို စေ့စေ့ကြည့်ကာ တည်ငြိမ်စေရန်သူဖြောင့်ဖျသည်။
"ဟုတ်ပါပြီ။မေခ ကို ဘာတွေဆူလို့လည်း။ဘာပြသနာတွေဖြစ်နေလို့လဲ ပြော ။ကျွန်တော် သိမှ ဖြေရှင်းပေးလို့ရမှာ"
"ပြောနေတာတွေက အများကြီးထားတော့ အကုန်လည်းမပြောပြချင်ဘူး။အဓိက က ကျွန်မက ရှင်နဲ့ မကြာခဏလည်း ပတ်သက်နေလို့တယ့်။သူတို့ မျက်ကွယ်ရောက်နေတော့ စိတ်မချလို့တယ့်။အခု သူတို့စီစဥ်တာကို လက်ခံရမယ်တယ့်"
သူ စီစဥ်ထားတယ့်ကိစ္စများလား။သို့တည်းမဟုတ် တခြားကိစ္စလား ။သေချာအောင်သူမေးရဦးမည်။
"ကျွန်တော်အတွက် အဆူခံထိတာလား။သူတို့က ဘာစီစဥ်တာတယ့်လဲ မေခ ကို မပြောပြဖူးလား"
"မပြောပြလို့ပေါ့။အန်တီယုက အတက်နေ့ကြ ရောက်မယ်တယ့်။သူတို့ စီစဥ်တာဘာမှန်းမသိ အကုန်လက်ခံရအောင် ကျွန်မက သူငယ်နှပ်စား မစဥ်းစားတတ်တာကြနေတာပဲ။ပိုဆိုးတာနဂိုတည်း က အထင်လွဲနေပါတယ်ဆိုနေတာ ရှင်က ဘာလို့ အိမ်ထိလိုက်ပို့ရတာလဲ။နောက်ပြီး အန်တီယုကို  ရှင် ပြောခိုင်းတာလို့လည်း မေမေကပြောတယ်။ ပြော ပြော။ ကျွန်မကို ဘာတွေကြံစည်နေလဲဆိုတာ "
သူ့ မှာ အခုမှ ရင်ထဲက အပူလုံးကြီးကျသွားရလျက် ပြုံးနိုင် ရယ်နိုင်ဖြစ်သွားရသည်။သူ့မျက်နှာ ကို အကဲခတ်နေသည့်သူမက သူရယ်တာမြင်တော့ တရစပ်ကြီးကိုမေးနေတော့တာ။သူ အသိမပေးပဲနေလိုက်လျှင် သူမ ပိုပြီးပေါက်ကွဲလာနိုင်သည်။ထို့အပြင် ရှောင်ပုန်းသွားမှာလည်း စိုးရသဖြင့် အသိပေးရန် ဆုံးဖြတ်လိုက်သည်။
"ဒီလို မေခရဲ့။စိတ်ကိုအေးအေးထား။အန်တီယု က မေခ မေမေကို ဖုန်းဆက်တယ်ဆိုတာ ကျွန်တော့်ကြောင့်။ကျွန်တော် နဲ့ မေခ အတိုင်းအတာတစ်ခုထိ ရင်းနှီးကြတယ်လို့ အန်တီယုကထင်နေတော့ ကျွန်တော် တောင်းဆိုတယ့်ကိစ္စကို ကျွန်တော့်ကိုယ်စား စကားကမ်းလှမ်းပေးတာ။မေခ ကို အပြစ်တင်တာ။လှမ်းတိုင်တာ လုံးဝ မဟုတ်ဘူး။ ယုံ "
"မဟုတ်ပါဘူး နားမလည်ဘူး။ဘာကြောင့်အန်တီယုက လိုက်လာမှာလဲ"
ဝေခွဲမရစွာ သူမ မေးလာတော့ သူ ဝေ့ဝိုက်နေ၍မဖြစ်နိုင်တော့။လေသံကို အတည်ငြိမ်ဆုံး အလေးနက်ဆုံး ဖြစ်အောင် ထိမ်းပြောမိသည်က
"အန်တီယု နဲ့အတူ ကျွန်တော့်ဖေဖေ ပါ ပါလာလိမ့်မယ်။လာရင်းကိစ္စက မေခ ကို လာတောင်းရမ်းတာ"
မျက်လုံးဝိုင်းလျက် တအံ့တသြသူ့ကိုပြန်ကြည့်နေ၏။အတန်ကြာမှ ဖျတ်ခနဲရယ်ချရင်း  မယုံကြည်နိုင်သလိုထပ်မေးလာသည်။
"ကျွန်မကို လာတောင်းတာ ဟုတ်လား"
"ဟုတ်တယ်လေ။ မေခ ကို လူကြီးစုံရာဆီက လာရောက်တောင်းယူမှာ"
"အဲ့ဒါကိုပဲ နားမလည်တာ။လာတောင်းရအောင် မေခ က ရှင့်ကိုလက်ထပ်မယ်များပြောမိလို့လားဟင်။မေခ နဲ့ ရှင် နဲ့ဘာမှမပတ်သက်တာ တစ်ခြားသူတွေမသိရင်တောင် ရှင်အသိဆုံးပါ ကိုတေဇ"
တူးတူးခါးခါး တုန့်ပြန်နေသည့် သူမ အမူအယာက သူ့ကို အနည်းငယ် စိတ်လှုပ်ရှားလာစေသည်။သူမ ဘာတွေ တွေးနေတာလဲ ..
"ကျွန်တော်သိလို့ပေါ့ မေခ ရဲ့။ကျွန်တော် ခင်ဗျားကို လက်ထပ်ချင်လို့။ပြီးတော့ ခင်ဗျားကို စောင့်ရှောက်ခွင့် တရားဝင်ရချင်မိလို့ အန်တီယု ကတဆင့် နားဖောက်လိုက်ရတာ။ကျွန်တော် နဲ့ ခင်ဗျား နဲ့ ဘာမှ မပတ်သက်ပါဘူးလို့ ဘာလို့သေချာပြောရဲနေရတာလဲ"
ခံပြင်းစိတ်နှင့်အတူ သူမ လက်မောင်းတွေကို ဆုပ်ညှစ်မိရင်းသူမေးတော့ မဆိုင်းမတွ သူမက ဖြေသည်။
"ကိုယ့် စိတ်ကို ကိုယ်အသိဆုံး ကျွန်မရိုးသားတယ်"
"ဟုတ်တယ် ကျွန်တော်က မရိုးသားဘူး"
အံကြိတ်ရင်း သူဖြေမိ၏။ဤမျှနှင့် မကျေနပ်နိူင်သေး။သူမ မျက်နှာလေးကို ငုံ့ကြည့်အကဲခတ်ရင်း မေးမိပြန်သည်။
"မေခ ကို ကျွန်တော်မေးပါရစေဦး။ဒီလောက် ကိစ္စတွေအများကြီးဖြတ်ကျော်လာခဲ့ပြီးတာတောင် ကျွန်တော့်အပေါ် လုံးဝ စိတ်ဝင်စားမှုမရှိခဲ့ဖူး။တခြားအတွေး တစ်စက်ကလေးတောင် မဝင်ခဲ့ဖူးဘူးပေါ့ ။ဟုတ်လား"
"ဟုတ်တယ်"
စူးစူးရဲရဲ သူ့အကြည့်ကြောင့် မျက်ဝန်းတွေ ရှောင်လွှဲရင်း ခပ်ပြတ်ပြတ်သူမ ဖြေသည်။
"သေချာလား မေခ"
" သေချာတယ် ကျွန်မ မေမေ့ကို အမှန်တိုင်းပြောပြလိုက်မယ်။ခုထက်ရှေ့မတိုးပါနဲ့တော့"
"အမှန်တိုင်းဆိုတာဘာကိုလဲမေခ။ အခုလိုမျိုး မကြာခဏ ဖြစ်တတ်တာကိုလား"
အခန်းလေးထဲမှာ နှစ်ယောက်တည်းရှိနေခြင်းဆိုသည့်အသိနှင့် သူမ ထိတ်လန့်သွားသည့်အခါ သူကျေနပ်စွာ ပြုံးမိပြန်သည်။
"ဖယ်နော် တေဇ "
"ခုလိုအဖြစ်က ပထမဆုံးအကြိမ်မဟုတ်မှန်း မင်းအသိဆုံး။ဒါတောင်မှ မင်းလုံးဝ ရင်မခုန်ခဲ့ဖူးဘူးပေါ့ဟုတ်လား ။ကျွန်တော်တော့ မယုံဘူး"
"မယုံလည်း မတတ်နိုင်ဘူး"
ရှိသမျှအားနှင့် သူ့ကိုယ်လုံးကို တွန်းဖယ်ရင်း ထွက်သွားရန်ကြံစည်လာတယ့်သူမကို အားသုံး၍ ချုပ်ထားလိုက်မိသလို မျက်နှာလေးအနှံ့ နှာခေါင်းဖျားနှင့် ဖွဖွတို့ထိနေမိပြန်သည်။တိုးသက်စွာဖြင့် သူတောင်းပန်မိသည်။

"ကျွန်တော့် ကိုငြင်းဖို့ မကြိုးစားပါနဲ့မေခ။ကျွန်တော် လူဆိုးတစ်ယောက် မဖြစ်ပါရစေနဲ့"
°º¤ø,¸¸,ø¤º°`°º¤ø,¸,°º¤ø,¸¸,ø¤º°`°º¤ø,¸,
"မချစ်တတ်တယ့် လူတစ်ယောက်အတွက် တကယ်တမ်းအချစ်ကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်မိချိန်ဟာ သူ့ ကမ္ဘာမှာ စစ်ဖြစ်နေတာပါပဲ။အချစ်ဆိုတာ သေချာရဲ့လား ဆန်းစစ်ရင်းက ဝိရောဓိတွေဖြစ်ရင်းလွန်ဆွဲ။ကဲ . .ရူးရူးမူးမူး ချစ်မိပါပြီဆိုတော့မှ အငြင်းခံရတယ့်အဖြစ်မျိုးကတော့ အချစ်ကမ္ဘာဖျက်ခံရတယ့် အဖြစ်မျိုးပဲ။အရှူံးဟာ သိပ် ကြောက်ဖို့ကောင်းတယ်"


rate now: