မေခ အား အပြင်မှ တံခါးပိတ်သွားသူမှာ သူတို့တွေးထင်သလို စနောက်လိုခြင်းတော့ဟုတ်မည်မထင်ပေ။CCTV မှာ စက်ရုံအဝင် အထွက် ပေါက်များထိသာ ကြည့်နိုင်ပြီး သူမ နှင့် ရှေ့ဆင့် နောက်ဆင့်ဝင်သွားသူများ အလျိုလျို ထွက်သွားပေမယ့် နောက်ဆုံးကျန်နေရစ်သူက မပွင့်။မပွင့် ထွက်သွားပြီးနောက် ဘယ်သူမှအဝင်အထွက်မရှိတော့ပဲ နောက်ဆုံးသူတို့တွေ ထွက်ရှာသည့်အထိကြားမှာလပ်နေတော့သည်။သူမ လုပ်သည်ဟု တိတိကျကျ သက်သေမပြနိုင်သည့်တိုင် သူမ မလုပ်ပါဘူးဟုလည်း ယုံကြည်လောက်စရာမရှိသည်ကအမှန်ပင်။
Admin နှင့် တိုင်ပင်၍ တိတ်တဆိတ်ဖြေရှင်းပေးရန် ကိုခန့်က တောင်းဆိုလိုက်သည်မို့ သူလည်း ခပ်မဆိတ်ပဲနေလိုက်တော့သည်။သို့ပေမယ့် သူမ မျက်နှာ နွမ်းနွမ်းကျေခဲ့ရသည့်အဖြစ်ကို သူကတော့ အလွယ်မမေ့နိူင်ခဲ့ပေ။ ရုံးပြန်တက်သည့်နောက်တစ်နေ့ တတ်နိုင်သရွေ့ သူမအနားရှိမနေသည့်တိုင် cctv ဖြင့် သူမ အခန်းထဲမှာ ရှိ မရှိသူစောင့်ကြည့်နေဖြစ်သည်။ယခင်က အရေးအကြောင်း ကိစ္စမရှိပဲ cctv ဖြင့် စောင့်ကြည့်လေ့မရှိ။ယခုတော့ သူအဝေးရောက်နေချိန် သူမကို စောင့်ကြည့်နိုင်ရန် ဖုန်းထဲသို့ app ထည့်ထားရင်း ကြည့်ဖြစ်နေရခြင်းပါ။
"ဟယ်လို"
"ပြောလေ သော်တာ"
"ဟင် မေမေလား။အင်း ဒါပဲနော်"
ဖုန်းလက်ခံပြောပြီးနောက် ငြိမ်သက်စွာ ခဏထိုင်နေသည့်သူမ။အကဲခတ်သလို ကြည့်နေတုန်း သူ့ဘက်ကို ကြည့်လာသည်မို့ မလုံမလဲ နှင့် အကြည့်လွှဲမိတာက သူကိုယ်တိုင်ဖြစ်နေသည်။သူမက ထိုင်ခုံမှ ထလာပြီး သူ့စားပွဲဆီ လျှောက်လာလေသည်။သူမ အိမ်ကဖုန်းဆက်လာသည်များလား ..
"ကိုတေဇ "
"ဗျာ"
"ခွင့်ယူချင်လို့ပါ။ခုညနေနဲ့ မနက်ဖြန် မနက်ပိုင်းကို ရှောင်တခင် ခွင့်တစ်ရက်လောက်ရချင်လို့ပါ"
"ခုချက်ချင်းကြီးလား။ဘာကိစ္စမို့လည်း မမေခ။ဒီတစ်ရက်လေးပြီးရင် သကြ်န်ရုံးပိတ်ရက်လေ။ခွင့်က အကုန် ဆက်တိုက်ကြီးဖြစ်သွားလိမ့်မယ်"
ကျွန်တော် သူမကို ရှင်းပြရင်း ဖုန်းဆက်ရသည့်အကြောင်းအရင်းကို စကားထောက်ပေးမိ၏။မျက်နှာမကောင်းပေမယ့် သူမက တည်တည်ငြိမ်ငြိမ်နှင့်ပင် ပြန်ဖြေသည်။
"ခုဏ သော်တာ က ဖုန်းလှမ်းဆက်တာ။အိမ်မှာ မေမေ ဆိုင်ကယ်စီးရင်း မတော်တဆဖြစ်သွားလို့ ပြန်လာခဲ့ပါဆိုလို့ပါ။ကျွန်မ ပြန်မှဖြစ်မှာမို့ပါ"
"ဗျာ။ ဒါဆိုရင် အန်တီက ..။ဟုတ်ပြီလေ ။မမေခ ဒီမှာခဏစောင့်ဦး ကျွန်တော် ကိုခန့်ကို သွားပြောပေးမယ်"
မေခ မဆိုထားဘိ။သူပင် စိုးရိမ်ပူပန်မိသွားရသည်။သူမျှော်လင့်ထားသည်က ဤသို့မဟုတ်ခဲ့။ခုရက်ထဲ ကားအသွားအလာအရမ်းကြပ်တာ ခုကြမှ သူမ ဘယ်လိုလက်မှတ်ဖြတ်မည်နည်း။
"ကိုခန့် ကျွန်တော် မမေခ နဲ့ လိုက်သွားမှဖြစ်မယ်ထင်တယ်"
"ဟေ ဘာဖြစ်လို့လဲ"
"ခုဏ နယ်အိမ်ကဖုန်းဆက်လာတာ။သူ့ အမေ ဆိုင်ကယ်စီးရင်း မတော်တဆဖြစ်လို့တယ့်ဗျာ။အခုပြန်လာခဲ့ဖို့ခေါ်နေလို့"
"ဟာ ဒါဆို ဘယ်ဖြစ်မလဲ ပြန်ရမှာပေါ့။ခုချက်ချင်း ကားလက်မှတ်အဆင်ပြေပါ့မလားကွ။နောက်ပြီး လိုက်သွားဖို့ မင်းကရော အိမ်မှာ ပြောဆိုပြီးပြီလား"
"ကျွန်တော် အားလုံးစီစဥ် ပြောဆိုထားပြီးပါပြီ။ခုက သူတစ်ယောက်တည်းပြန်ရမှာဖြစ်နေတော့ ခုအခြေအနေနဲ့လမ်းမှာတစ်ခုခုဖြစ်မှာလည်းစိုးရိမ်လို့"
"ဟုတ်တော့လည်း ဟုတ်ပါတယ်။ဒီမှာထိုင်စိတ်ပူနေမယ့်အစား လိုက်သွားတာပိုကောင်းတာပေါ့။ခွင့်စာတော့ရေးခဲ့ admin မှာ အကျိုးအကြောင်းကို ရှင်းပြပြီး ခွင့်ရက်တစ်ဆက်တည်းမဖြစ်ရအောင် အကို ညှိနှိုင်းထားကြည့်မယ်။အကျိုးအကြောင်းတော့ ဖုန်းဆက်ဦးကွာ"
"ဟုတ်ကိုခန့်။ ကျေးဇူးတင်ပါတယ်ဗျာ"
ကိုခန့်ကိုလက်ဆွဲနှုတ်ဆက်ရင်း လှိုက်လှဲစွာသူပြောဖြစ်သည်။အခန်းထဲပြန်ရောက်တော့ ငိုထားပုံရတယ့် သူမက သူ့အလာကို မျှော်နေပုံဖြင့် စားပွဲနားမှာ ရပ်စောင့်နေတာတွေ့၏။
"အဆင်ပြေတယ် မေခ ခွင့်စာရေး လက်မှတ်ထိုးခဲ့ရမယ်"
သူက တစ်စောင်ဖြည့်လျက် လက်မှတ်ထိုးလိုက်ပြီး သူမ ၏ဖောင်ကိုလည်း ယူ၍ ကိုခန့်စားပွဲထက်တွင် တင်ထားလိုက်လေသည်။
"ပစ္စည်းတွေသိမ်းလေ ပြန်ကြရအောင်"
အူကြောင်ကြောင်လေး ကြည့်နေသည့်သူမကို ဆော်သြသည့်အခါ ဘေးလွယ်အိတ်လေးကောက်လွယ်လျက် ဆွဲခြင်းလေးကိုယူကာ သူမအခန်းထဲကထွက်သွားသည်။သူလည်း မလှမ်းမကမ်းမှလိုက်ပါလာခဲ့ရင်း သူမကို သိလိုစွာမေးမိ၏။
"ဘယ်တုန်းက ဖြစ်တာတယ့်လဲ"
"ခုမနက်က လို့ပြောတယ်ကိုတေဇ"
"ကားလက်မှတ်ကရောဖြတ်ပြီး ပြီလား"
"ရွာက အသိအကိုကြီးကို သူ့တို့မှာပေးထားတယ်တော့ပြောတယ်။ ရ မရက သွားကြည့်မှသိရမှာ"
"ဟုတ်လား။ဒါဆိုဖုန်းကြိုဆက်ကြည့်ပါလား။မရခဲ့ရင် တစ်ခြားကားနှင့် ဖြတ်ထားရတာပေါ့"
"ခုဏကထိ ဖုန်းဆက်မရလို့။လှည်းတန်းမှာ ထားစရာရှိတာဝင်ထားပြီးမှ ဒီကိုပြန်လာလိုက်မလားလို့"
သူမစကားကြောင့် နာရီကြည့်မိတော့ နှစ်နာရီခွဲနေပြီ။
"အသွားအပြန်ကြာမှာနဲ့ ကားကြီးဝင်းထဲကိုရောက်ရင် အဆင်ပြေပါ့မလား"
တွေးတွေးဆဆ သူမေးတော့သူမ အနည်းငယ်တွေဝေသွားရပြီး။
"ဆွဲခြင်းကို မူမူဆီအပ်ခဲ့ပြီး ကားဂိတ်ကိုအရင်ဆင်းလိုက်တော့မယ်နော်။အန်တီယုကိုလည်း ကားပေါ်ရောက်မှ ဖုန်းဆက်လိုက်လည်းရတာပဲ။သတိပေးတာ ကျေးဇူးပါနော်"
သူမ စိတ်လိုလက်ရ ပြောကြောင်း အကြည့်လေးတွေက သက်သေခံနေသည်။ဆိုင်ကယ်ငှားစီးသည့်အချိန်တွင်မှ
"အောင်မဂ်လာအဝေးပြေးထိပို့ပေးပါ"
"ဦးထုပ်နောက်တစ်လုံးပေးဦးညီလေး"
"ရှင်"
သူမက အံ့သြစွာရေရွတ်ရင်းသမင်လည်ပြန် လှည့်ကြည့်လာသည်။
" ကိုတေဇက ဘာလို့လိုက်လာတာလဲ။ရုံးချိန်ကြီးအပြင်လိုက်ထွက်လာတာ လက်မှတ်ထိုးခံနေရဦးမယ်"
"တစ်ယောက်တည်း ဖြစ်နေလို့ ကျွန်တော် လိုက်ပို့မလို့"
"ဟာ နေပါစေ။ရပါတယ်။ကားဂိတ်ကို ခဏပဲ စီးရမှာ"
"တက်ပါလေ။ လက်မှတ်မရမှ ပြန်မရပဲဖြစ်နေမယ်"
"ရုံးမှာ ..
"ကျွန်တော်အားလုံးစီစဥ်ခဲ့ပြီးသား။လာ တက်လိုက်တော့"
ဆိုင်ကယ်ဦးထုပ်ဆောင်းပေးလိုက်ပြီး ကယ်ရီသမားနောက်တွင်ကပ်လျက်ခွထိုင်လိုက်သည့်အခါ သူမလည်း နောက်ပါးမှာဝင်ထိုင်လိုက်တော့၏။
မလှိမ့်တပတ်ဖြင့် ဒီခရီးကို လိုက်ပါရမည့်အရေး ရင်လေးမိပါသေးသည်။
ကားဝင်းထဲရောက်တော့ လက်မှတ်က ညနေငါးနာရီခွဲ တွင်မှထိုင်ခုံရမည်။ဒါတောင် နောက်ဆုံးတန်းကဖြစ်သည်။ကားမူးမည်စိုး၍ တစ်ခြားဂိတ်ကူးရန်ပြင်နေသော သူ့ကိုလက်ဆွဲတားလိုက်ရင်း လက်မှတ်ရောင်းသူကို သူမ မျက်နှာချိုသွေး၏
"ဘယ်နေရာက ရရ ယူလိုက်မယ်နော်"
သူမမသိအောင်
ကားဆရာကိုနောက်တစ်ခုံစာ ကပ်ဖြတ်ခိုင်းရင်း ကားပေါ်တက်သည်အထိ အချိန်ဖြုန်းနေမိသည်။သူမက အတွေးနစ်နေပုံဖြင့် ခပ်ငေးငေးထိုင်နေ၍သာတော်တော့သည်။သူက လမ်းတွင်အဆာပြေစားရန် မုန့်နှင့် ရေဘူးကိုကြိုတင်ဝယ်ယူရင်း ကားထွက်သည်အထိ စောင့်နေရသည်။မှောင်ရီဖျိုးဖျ မှ ကားပေါ်တက်ကြရသည်။သူက သူမ နောက်ကျကျ ခုံတန်းတွင်ထိုင်နေလျက် ကားပေါ်သူမ တက်သွားပြီးသည်အထိ လိုက်မသွားသေးပဲအောက်မှာဆက်ထိုင်နေခဲ့၏။သူမက ကားပေါ်ရောက်တော့ သူ့ကိုမြင်ကာ လက်တောင်ပြလိုက်သေးရဲ့။ပြုံးရုံသာပြုံးရင်း ဆက်ထိုင်နေရသည်။ကားထွက်ရန် နောက်ဆုံးအကြိမ်သတိပေးပါမှ ကျောပိုးအိတ်ကိုလွယ်ကာ ကားပေါ်တက်လာခဲ့၏။
နောက်ဆုံးတန်း ညာထောင့်တွင် ထိုင်နေပါသောသူမ မှာ ကားပေါ်တက်လာသည့်သူ့ကို မျက်လုံးအပြူးသားကြည့်နေပြီးမှ
"ကိုတေဇ ဘာကျန်ခဲ့လို့လဲဟင်"
"မကျန်ပါဘူး အစထဲက ကျွန်တော်ပြောသားပဲ။မမေခ တစ်ယောက်တည်းမို့ လိုက်ပို့ပါမယ်လို့"
"အို ခုကားဂိတ်ထိပို့ပြီးပြီလေ။ကားထွက်တော့မယ်။ဆင်းပါတော့"
"ပို့ပေးပြီး ပြန်မှာပါ။နောက်ပြီး ဒီခုံ ကျွန်တော်လက်မှတ်ဖြတ်ပြီးသား"
ငိုမရလို ရယ်ရမလို မတင်မကျကြီးနဲ့သူထူထူပူပူ ဖြစ်ရသလို မေခ ကလည်း စိတ်အိုက်သွားပုံဖြင့် ကိုယ်လေးတစ်ဖက်သို့ရို့ကာထိုင်၏။ကားတစ်စီးလုံး အခါရက်နားနီးသဖြင့်နေရာလပ်ရယ်လို့မရှိသည့်အပြင် အလည်လျှောက်လမ်းမှာပါ ခုံတွေက ထပ်တိုးထည့်ထားတာသေးသည်။
"ရေဆာရင် ဗိုက်ဆာရင် စားဖို့"
မုန့်ကိုမြှောက်ပြပေမယ့် အင်း တစ်လုံးသာဖြေ၏။ ပိုက်ဆံအိတ်အတွင်းမှ တစ်စုံတစ်ရာကိုထုတ်ကြည့်ရင်း မျက်ရည်တွေဝိုင်းလာပါသည့်သူမ။အင်းပေါ့လေ ကိုယ့်မိဘ ထိခိုက်မိချိန် အဝေးရောက်နေခဲ့သည်ဆိုတော့လည်း စိုးထိတ်မိမပေါ့။ ကားပေါ်မှာ aircon ကလည်းအေးအေး နောက်ဆုံးခုံတန်းပေမို့ ဟိုဒီယိမ်းခါနေရင်းက မှေးခနဲ သူအိပ်မောကျသွားတော့သည်။ဘယ်လောက်ထိ အိပ်ပျော်သွားရသည်မသိ သူ့နားထဲ တစ်စုံတစ်ယောက်၏ ခပ်တိုးတိုးညည်းသံဝင်လာပါမှ လန့်နိုးလာတော့တာ။
ကားပြတင်းဘက်ကိုမှီကာ လက်ပိုက်ရက်သား အိပ်ပျော်နေသော သူမ ဆီက ထွက်လာခြင်းပါ။
ကားတစ်ချက် ယိမ်းခါလိုက်တိုင်း မှန်နှင့် ခေါင်းနှင့် တိုက်မိနေသည့်တိုင် အိပ်ပျော်နေဆဲ။
သူမ ပုခုံးလေးကို ကျော်လျက်သူမ ခေါင်းနှင့် မှန်ပြတင်းအကြား လက်တစ်ဖက်ခံပေးထားလိုက်သည့်အခါ သူမလည်း မတိုက်မိတော့ချေ။ သို့သော် aircon လေကြောင့် လက်ကလေးပိုက်လျက်အိပ်နေရသောသူမကတော့ တအင်း အင်း ညည်းညူနေဆဲ။
"အနွေးထည်ကိုမှ သတိမေ့သွားရတယ်လို့"
ကိုယ့်ကိုကိုယ် အပြစ်တင်မိရ၏။ချီတုံချတုံ ဖြစ်နေဆဲ ကားကလည်း တံတောင်ဆစ်ချိုးဝိုက်ကွေ့သည့်အခါ တအိအိဖြင့် သူ့ဘက်ယိုင်ကျလာသော သူမ ကိုယ်လေးကို သာသာဖွဖွပိုက်ထားဖြစ်သည်။
လက်မောင်းဆီမှ အေးစက်စက်အသိက ပူပန်စိတ်ကိုတိုးရစေ၏။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော် နေတာလေး နိုးသွားမှာစိုး သဖြင့် အသက်ပင်ပြင်းပြင်း မရူရက်ခဲ့။ အခုလိုပဲ အမြဲတမ်း သူ့အရိပ်မှာ နွေးထွေးစွာ မှေးစက် နိုင်ပါစေလေ။
ချောမွတ်နေသည့် ပါးပြင်နုနုထက်မှာ ကပိုကရိုဝဲကျနေသော ဆံနွယ်စတို့ကို နားသယ်စပ်ဆီ ဖွဖွသပ်တင်ရင်း မျက်နှာလေးကို ငေးစိုက်ကြည့်နေမိသည့်ခဏ ။
သူ့ရင်ခွင်ထဲ ခေါင်းဝှေ့တိုးရင်း လက်မောင်းတစ်ဖက်ကိုဆုပ်ကိုင်လာသည့်အခါ ရင်ခုန်သံတွေ ကသောင်းကနင်းဖြစ်ရလျက် ဘုရားတမိသည့် သူ။ပင်ကိုမသိစိတ်က သတိပေးနှိုးဆော်ရော့ထင်သည်။လန့်နိုးလာပုံရသည့် သူမ က မျက်လုံးတွေတဖြည်းဖြည်ခြင်း ပွင့်လာလျက် သူ့ကို တစ်ချက်မျှမော်၍ကြည့်၏။မျက်တောင်လေး ပုတ်ခတ်ကာ တစ်ခဏကြည့်နေပုံလေး က ပကတိဖြူစင်လွန်းလှသည်။
ကျေးဇူးပြု၍ အဲ့သည်လို မကြည့်ပါနဲ့။
ချုပ်တည်းထားရတယ့် မြတ်နိုးရခြင်းများကို သူမဖွင့်ဟရဲလို့ ပါ။
မချင့်မရဲ သူမကိုယ်လုံးလေးကို ရင်ခွင်ထဲသိမ်းပွေ့လိုက်ရင်း သက်ပြင်းမောကြီး သူ ချမိသည်။
ညတာကလည်း ရှည်လွန်းသည်ကော။
°º¤ø,¸¸,ø¤º°`°º¤ø,¸,°º¤ø,¸¸,ø¤º°`°º¤ø,¸,
သူ့နားထဲမှာ ခေါ်သံလိုလိုကြားနေရသည်။တိုးတိုးလေး ကပ်ခေါ်နေသည့်အသံ။
"ကိုတေဇ"
သည်တစ်ကြိမ်တော့ သူ ဆတ်ခနဲ လန့်နိုးလာလျက် မျက်လုံးအစုံကို ဖွင့်ကြည့်မိသွားရသည်။
သူ့ကို ကြည့်နေသော မေခ။
"ဗျာ "
"ဟို လမ်းမှာကားခဏရပ်ပေးနေလို့"
"အင်း ဆင်းလေ"
"လက်တွေလွှတ်ပါဦး"
ခေါင်းငုံသွားရပြီး ရှက်ဝဲဝဲ သူပြောပါမှ ယခုတိုင် ကျစ်ကျစ်ထွေးထွေးကြီး ပွေ့ထားမိတယ့်အဖြစ်ကို သတိရလျက် ကပျာကသီလွှတ်ဖယ်ပေးရသည်။
"မင်းအိပ်ပျော်နေတာက ခေါင်းနဲ့မှန်တိုက်နေတာနဲ့"
ကားပေါ်မှာ အိပ်နေရစ်သူအချို့သာ နောက်ကျကျန်နေလျက် ကျန်သူများပင် ဆင်းနေကြပြီ။ကျွန်တော့်ကို မျက်နှာချင်း မဆိုင်တော့ပဲ ခေါင်းသာတွင်တွင်ငုံ့ရင်း သူမ ငြိမ်သက်သွားသည့်အခါသူ စိတ်ပူသွားရပြန်သည်။
"မေခ ကျွန်တော့်ကို စိတ်ဆိုးသွားတာလား"
"ဟင် ဟေ့ မေးနေတယ်လေကွာ"
အောက်ကိုလည်း မဆင်းပဲထိုင်နေမြဲ။ထရပ်မိသည့် သူသာ သူမအနား ပြန်ထိုင်ချမိကာမငြိမ်မသက်နိုင်သည့်စိတ်တွေနှင့်လေ။
"မဆိုးပါဘူး။ဆိုးလည်းမဆိုးရဲဘူး။မေခ က သာမန်သူလို ကိုယ်လိုမိန်းမပါပဲ"
" မဟုတ်ဖူးလေ မေခ ရာ"
"ဟုတ်ပါတယ်။ဟိုနေ့ထဲက လူကိုအထင်အမြင်သေးနေပါတယ်ဆိုမှ။ဒီနေ့ထပ် အိပ်မိသွားရတယ်။မေခ ကပဲမှားတာပါ။ကျွန်မကပဲ တောင်းပန်ပါတယ်"
ကိုယ်က သူမကို ပွေ့ပိုက်အိပ်မိနေသည့်အတွက် အရှက်ပြေဆင်ခြေပေး မိမှ ပိုဆိုးသွားသည်။ သူမက အထင်မြင်လွဲသွားပြန်ပြီ။ဟိုတစ်နေ့ထဲက သူမ အစာမကျေခဲ့သည်ကို သူသိသည်ပေါ့။သို့ပေမယ့် သူကလည်း အမှားကို ဝန်ခံရမှာကြောက်နေခဲ့တာမို့ အခုထိ အဖုအထစ်တွေဖြစ်နေရတာပင်။
"မင်းကို အထင်အမြင်သေးတယ့်စိတ်နဲ့ပြောမိတာလုံးဝ မဟုတ်ဘူး။ကျွန်တော်အဲ့နေ့က စိတ်တိုလို့မခံချင်အောင်ပြောမိတာပါ။အဲ့ဒီအတွက် ခွင့်လွှတ်ပေးပါကွာ နော်"
"ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့ပါ လုပ်လို့ရကြေးလား"
ချော့ချော့မော့မော့ပြောတော့မှ ခေါင်းလေးမော့ကာရန်တွေ့လာသည်။အဲ့လိုလေးပဲ စွာ စမ်းပါကွာ။
"မရဘူးဆိုလည်း ပြန်လက်စားချေလိုက်ကွာ"
" အမယ်လေး မချေပါဘူး"
"ဟာ ခုတင်မင်းပဲ မကျေဘူးဆိုတာကိုး လာ။ကိုယ့်တစ်လှည့်အိပ်မယ်"
သူ့ ကိုယ်လုံးကိုတွန်းဖယ်၍ ကားပေါ်မှ ခပ်သုတ်သုတ် သူမဆင်းပြေးတော့သည်။သည်တော့မှ စိတ်သက်သာရာရလျက် သူလည်းကားပေါ်မှ ဆင်းခဲ့တော့သည်။ ခုမှ115 မိုင် ပဲရှိသေးသည်။မနက်လင်းထိကားစီးရဦးမည့်ခရီး။
နတ်သိကြားများ ကြည့်ရှုမစ သဖြင့် လမ်းခရီးချော့မွေ့ရပါစေသား ဟု ဆုမတောင်းစဖူး တောင်းမိလိုက်သေးသည်လေ။
°º¤ø,¸¸,ø¤º°`°º¤ø,¸,°º¤ø,¸¸,ø¤º°`°º¤ø,¸, "ချစ်တယ်ဆိုသော စကားက ဆန့်ကျင်ဘက် လူနှစ်ယောက်အကြားမှာ အတိုင်းအတာခန့်မှန်းရခက်လှစွာ တာ သွားစေသော စကားဖြစ်သည်။
အနက်အဓိပ္ပါယ်ကျယ်ဝန်းလှသလို စောင့်စည်းရသည့် သိက္ခာပုဒ်များသည်လည်းများပြားလှပေသည်။သို့သော် အမူအကျင့်တိုင်းသည် ချစ်ခြင်း ဖက် မဖက် ဆုံးဖြတ်သုံးသပ်နိုင်သည်ချည်းသာဖြစ်သည်။"