သူ တော်တော်ကို စိတ်တိုနေပြီဖြစ်သည်။ပွဲမစခင် အချိန်မှစတင်ကာ မေခကြောင့် သူ စိတ်မကြည်မလင်ခဲ့။ထို မကြည်လင်မှုကြောင့်ပင် ခပ်ဝေးဝေးသူနေခဲ့သည်။ပွဲစခါနီး MD ဖိတ်ကြားထားသော နိုင်ငံခြားသားတရုတ်အမျိုးသား နှင့်အတူပါလာသော စကားပြန်ကလည်း ရောက်ကတည်းက မေခကို ပဲတကြည့်ကြည့် အကဲခတ်နေတာ။
ကြည့်မှာပေါ့လေ။ဘယ်တုန်းကမှ မဝတ်ဖူးတယ့် အကျ်ီလက်ပြတ်တွေကို ဝတ်လိုဝတ်ရဲ့။သူ့နောက်ကိုတောင် အမှီမလိုက်နိုင်တယ့်သူမက ကလေးတွေနဲ့အတူ ပြေးလိုက် လွှားလိုက်နဲ့။အခုလည်း တစ်ချက်ကလေး အကြည့်လွှဲလိုက်တုန်းကို သူမနဲ့ ထိုအမျိုးသားက တရင်းတနှီးဖြစ်သွားကြပြီ။အတူရယ်မော ဆိုပြောနေလိုက်တာ ဘယ်လောက်တောင်ပျော်နေကြသည်မသိရ။ဒီလောက်ပူးကပ်ရယ်မောနေတာ သူ့အတွက်မခံချိမခံသာဖြစ်ရစေသည်။
ဆုကြေးငွေပေးအပ်ပွဲ အစီအစဥ်ပြီးစီးသွားချိန်အထိသူမတို့အတူရှိနေတုန်း။
ဖျော်ရည်စပ်ပေးသူများထံ ကလေးတွေအပြင်းစား စပ်ခိုင်းမည်စိုးသဖြင့် သူစောင့်ကြည့်ပေးရင်းဖြင့် ဘီယာအနည်းငယ်ယူသောက်ဖြစ်သည်။ အမှန်က စိတ်တိုတိုနှင့်ကြည့်လိုက် သောက်ချလိုက်နှင့် ဖန်ခွက်အတော်များများသောက်ပြီးနေခဲ့ပြီ။
"ညီရေ တေဇ လိုက်ခဲ့ပါဦး"
"ဗျာ ကိုခန့်"
"MD နဲ့ပါလာတယ့် ဧည့်သည်က ကိုယ်တို့လို online marketing လုပ်ဖို့စိတ်ဝင်စားနေတာလေ။သူက ဟိုက သူ့ပစ္စည်းတွေကို ဒီမှာကိုယ်တိုင်ဖြန့်ဖို့အတွက်စိတ်ကူးနေတာ။အဆင်ပြေရင် တို့လုပ်ငန်းမှာလည်း ရှယ်ရာဝင်ဖြစ်ဖို့များတယ်။အဲ့ဒါညီ လိုက်ရှင်းပြပေးပါဦး"
"ဟုတ် ကိုခန့် "
"အကို အောက်မှာ အရောင်းကိုယ်စားလှယ်တွေကို လိုက်နှုတ်ဆက်ပြီးရင် လိုက်ခဲ့မယ်"
"ကောင်းပါပြီ"
လမ်းမှာ အကျိုးအကြောင်းရှင်းပြရင်းရင်း သူ့ကို နိူင်ငံခြားသူနှင့်မိတ်ဆက်ပေးသည့်အခါ အကြံရသွားပါသောတေဇ။
"ကိုခန့် မေခ ကိုလည်းကျွန်တော်ခေါ်သွားလို့ရတယ်မို့လား "
"ရတယ်လေညီ"
သူကျေနပ်သွားသည်။နိုင်ငံခြားသူကို ဦးဆောင်ခေါ်လာရင်း မေခကိုလည်း ဖုန်းဆက်လိုက်သည်။တစ်ဖက်က ဟယ်လို ထူးသံကြားသည်နှင့်
"မမေခ အရေးကြီးကိစ္စရှိလို့ ရုံးခန်းကို အခုလိုက်လာခဲ့ပေးပါ"
တစ်ဖက်က အဖြေကိုစောင့်မနေပဲဖုန်းချလိုက်ပြီး ဧည့်သည်ကို ဧည့်ခံစကားဆိုရင်းရုံးပေါ်တက်ခဲ့ကြသည်။တစ်ဖက်က မလေးအမေရိကန်ကပြား အဂ်လိပ်စကားကိုပြေပြစ်စွာပြောတတ်သည်မို့သာ တော်တော့သည်။ရုံးခန်းထဲမဝင်မှီမှာပဲ ခပ်သွက်သွက်လိုက်လာပုံရသည့် မေခ အနားရောက်လာသည်။
"ဧည့်သည်ကို လုပ်ငန်းကိစ္စလေးတွေ ရှင်းပြဖို့လေ"
"ဟုတ် ရပါတယ် "
သူမက အခန်းသော့ဖွင့်ပေးပြီးဖြေသည်။
Software သုံးပုံနှင့် လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ရှင်းလင်းပြောကြားရင်း သူမသိလိုသည်များကိုမေးမြန်းသည့်အခါလည်း ပြန်လည်ရှင်းပြပေးဖြစ်သည်။အမှန်က မေခ မပါပဲလည်းပဲ သူ့ဘာသာ လုပ်နိုင်သည့်ကိစ္စ။သူမကို ထိုလူစိမ်းနားကခွဲထုတ်လို၍သာ။
"အဆင်ပြေရဲ့လား ညီ"
"ပြေပါတယ်ကိုခန့် "
ကိုခန့် ရောက်လာသည့်အခါ ကျန်သည့်ဌာနများနှင့် ရုံးတွင်းဖွဲ့စည်းပုံအနေအထားကို လိုက်လံပြသပေးရန် ခေါ်ဆောင်သွားလေရာ သူ နှင့် သူမ က အခန်းထဲကျန်ရစ်ကြသည်။သူက သူမအလုပ်ပြီးအောင်စောင့်နေပြီး သော့ကိုလာအပ်သည့်အခါ မယူသေးပဲသိလိုသည်ကိုမေးမိသည်။
"ခုဏ တစ်ယောက်နဲ့ အတော်ရင်းနှီးတယ်ထင်တယ်"
"ရှင်"
"အဲ့လိုလူတွေများတယ်ထင်တယ် မမှတ်မိတော့ဘူးလား"
"ဘာကိုမေးမှန်းမသိလိုက်လို့ပါ"
"ထားပါတော့ မင်းလည်း သူလိုကိုယ်လို သာမန်မိန်းမတစ်ယောက်ပါပဲ"
"မဟုတ်ပါဘူး။ဘာကိစ္စမှန်းမသိလို့မေးတာပဲ။ရှင်းအောင်မှမပြောတာ"
သူ့ကို တစ်ခွန်းမကျန်ပြန်ပြောနေသည်က နည်းနည်းလေးမှ တွန့်ဆုတ်ခြင်းမရှိ။ဘာများ လွဲချော်နေလို့လဲ။သူ အမြင်မမှားခဲ့ပဲလေ။
"ရှင်းအောင်ပြောရရင် မင်းဖက်လှဲတကင်း ပြောဆိုခဲ့တယ့် ယောကျ်ားနဲ့ဘယ်လောက်တောင် ရင်းနှီးကျွမ်းဝင်လာသလဲလို့ မေးတာ "
ဒီတစ်ခါမှ သူ့စကားအသွားအလာ နှင့် အတိမ်အနက်ကို သဘောပေါက်နားလည်သွားပုံရသည့်သူမ။အံ့သြသလိုကြည့်ရင်း သူ့ကိုလည်းမဲ့ပြုံးလေးတစ်ချက်နှင့်ကြည့်လိုက်သေးရဲ့
"ဒါက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါ။ဘယ်လောက်ကျွမ်းဝင်သလဲဆိုတာထိ ရှင်းပြစရာမလိုဘူးလို့ထင်တာပဲ"
"ဘာကွ"
မမျှော်လင့်ထားသော တုန့်ပြန်မှုဖြစ်သည့်အတွက် သူမအဖြေစကားကိုကြားရသည့်အခါ မချုပ်တည်းနိုင်စွာ သူအော်မိသွားရသည်။သူမက သော့ကိုကမ်းပေးနေရာမှ စားပွဲပေါ်တင်ထားလိုက်၏။
"တခြားကိစ္စမရှိဘူးဆိုရင် ခွင့်ပြုပါဦး"
သူ ခွင့်မပြုရသေးခင်သူမအရင်ဦးစွာထွက်သွားခဲ့ပြီလေ။သည်တစ်ခါတော့ အလဲအပြိုကျန်ရစ်တာ သူ ဖြစ်နေသည်။
မေခ ထွက်သွားပြီးသိပ်မကြာ ကိုခန့်တို့ပြန်ရောက်လာသည်မို့ အခန်းတံခါးပိတ်၍ အတူတူပြန်ဆင်းလာခဲ့ကြသည်။ပါတီမြက်ခင်းပြင်မှာ သူမကိုလိုက်ရှာမိသည့်သူ။ဌာနမှ ကလေးတစ်သိုက်အနားတွင်ထိုင်လျက် မုန့်စားနေသောသူမကိုမြင်မှ အနည်းငယ် စိတ်သက်သွားသွားရသည်။ ဟိုလူပြန်သွားပြီလေ။
အနည်းငယ် မျက်နှာပျက်နေသော်လည်း မုန့်စားလိုက် အအေးသောက်လိုက်နှင့်မို့ သူလည်း အနည်းငယ်မူးစပြုနေသော ကလေးတွေကို ရန်ပွဲမဖြစ်ရအောင် လိုက်လံထိမ်းပေးနေဖြစ်သည်။
ညလေအေးနှင့်အတူမိုးသက်ငွေ့တို့ပါ ရောပါလာသည်မို့ စင်ပေါ်မှ soung box နှင့် စက်ပစ္စည်းများကို မိုးကာများအုပ်ဆိုင်းစေလျက် နာရီတစ်ချက်ကြည့်မိသည်။
"ကိုခန့် ဖယ်ရီစီစဥ်လိုက်တော့မယ်။ခုလည်း ခုနှစ်နာရီထိုးတော့မယ်ဆိုတော့ ဒီမှာအိပ်မယ့်ကလေးတွေကို ပစ္စည်းတွေစသိမ်းခိုင်းရတော့မလား"
"အေး ညီအကိုလည်း ခုဏတင် GMကိုမေးခဲ့သေးတယ်။ရပြီညီ ကားမောင်းဖို့က စိတ်ချရတယ့် ကားဆရာမှဖြစ်မှာ။အားလုံးက အနည်းနဲ့အများ မူးနေကြတော့ သွေးမဆိုးတယ့်သူမှအဆင်ပြေမယ်"
"ကျွန်တော် ဖယ်ရီတွေကိစ္စစီစဥ်လိုက်မယ်ကိုခန့် adminလည်းကြည့်ပေးမယ်ထင်တယ်"
"အေး ညီ"
အိမ်ပြန်ရန်အတွက် ခေါင်းပြူနေကြသူများကလည်း သူနှင့် ကားဆရာအုပ်စု လှုပ်လှုပ်ရှားရှားဖြစ်ကြသည့်အခါ မြက်ခင်းပြင်မှထွက်၍ ဂိတ်ပေါက်ဝနား ကြိုတင်စုရုံးနေကြလေသည်။ကားဆရာများ စီစဥ်၍ပြီးသောအခါ ကားများကို ဝင်းထိပ် ဂိတ်ပေါက်နားစီတန်းရပ်စေ၍ လူစုစေရ၏။
"ခွမ်းး "
"ဟာ ဒီကောင် "
မြက်ခင်းပြင်ဘက်ဆီမှ ဖန်ခွက်ကျကွဲသံ အော်ဟစ်ကြိမ်းဝါးသံတို့ကြောင့် အားလုံးလန့်ကုန်ကြသည်။
"အားလုံးကိုယ့်ကားပေါ်ကိုယ်တက် အနားကလူစုံမစုံစစ်။ဘယ်သူမှပြန်မဆင်းကြနဲ့တော့"
ကားနားကမထွက်ခင် အားလုံးကို မှာကြားရင်း ရန်ပွဲဆီအမြန်ပြေးရသည်။တစ်ယောက် တစ်ချက်စီခန့် အပြန်အလှန် ထိုးမိပြီးမှ လူခွဲလိုက်နိုင်ကြသည်။နှစ်ယောက်လုံးလည်း မူးနေကြရာ ဒီထက်ပို မထိခိုက်မိသည်ကိုသာ ကျေးဇူးတင်ရသေး၏။
"မင်းတို့ နဲ့ ရုံးတက်မှ စကားပြောရမယ်။ခုလို စည်းကမ်းမဲ့တာမျိုးကို လုံးဝလက်မခံဘူး။adminက နာမည်သေချာမှတ်ထား"
GM စိတ်ဆိုးလျက် မာန်တော့ မျက်နှာဇီးရွက်လောက်နဲ့။ဘယ်က ဘယ်လိုစဖြစ်ကြသည်မသိရ။
"မိန်းကလေးတွေလည်း လူစုံရင် ထွက်ကြတော့။အဆောင်မှာ အိပ်မယ့်သူတွေ လက်မှတ်ထိုးဖို့ နဲ့ ကိုယ့်ဘေးကလူ ရောက်မရောက်သေချာလုပ်ကြနော်"
GM လှမ်းမှာသည့်အခါ adminမှလည်း ကားဆရာများကိုဖြည်းဖြည်းမောင်းရန် မှာကြားပြီး စထွက်ကြစေသည်။လူအုပ်ကြီးလည်း ဖြည်းဖြည်းစဲသွားလျက် သိမ်းဆည်းကြသူများသာ ကျန်တော့သည်။သူနှင့် ကိုခန့်တို့ bar မှ ဝန်ထမ်းများအား ကျန်ငွေအပြည့်ရှင်းပြီး ပစ္စည်းများကူတင်ပေးနေကြတုန်း ခြံဝင်းထဲသို့ မူမူတစ်ယောက် အူယားဖားယား ရောက်ချလာသည်။
"အကိုကြီး ကားတွေထွက်သွားပြီလားဟင်"
"အေး သွားကုန်ကြပြီ ဘာဖြစ်လို့လည်းမူမူ"
"မမမေ ပိုက်ဆံအိတ်နဲ့ ဖုန်းသမီးကို အပ်ထားတာ မေ့ပြီးအဆောင်ယူသွားမိလို့။အဲ့ဒါလာပြန်ပေးတာ"
"ဟေ။ ဒါဖြင့် မေခကလည်း မေ့များသွားတာလားကွ"
ကိုခန့်က သူ့ဘက်ကိုလှည့်ရင်း မေးတော့ သူလည်း မသေချာ။
"ညည်းကို ဘာလို့အပ်သွားရတာလဲ"
"ပြန်ခါနီးလေးတုန်းက အပ်တာ သမီးက သေချာမကြားလိုက်လို့။ပြီးကြ အဆောင်ပြန်ဖို့အဖော်ရတော့ပြန်သွားမိတာ"
"အေးအေး ဖုန်းနဲ့ပိုက်ဆံအိတ်ပေးရင်လည်းပေး။သိမ်းမယ်ဆိုလည်း သိမ်းထား မိုးကရွာတော့မယ် မြန်မြန်ပြန်တော့"
"ကိုကြီးတို့ပဲ ယူထားပေးပါ။မူမူ ပျောက်မှာစိုးလို့"
တေဇ က လက်လှမ်းပေးသော ဖုန်းနှင့်ပိုက်ဆံအိတ်ကိုလှမ်းယူကာ အိတ်ထဲထည့်ရင်း ပစ္စည်းတွေကူတင်နေသည်။စိတ်ထဲလည်း မတင်မကျနဲ့မို့ ကားထွက်ခါနီးတုန်းကရှိနေကြသူများကို ပုံဖော်မြင်ယောင်ကြည့်နေမိ၏။
သူ ရန်ပွဲကို မသွားမှီထိ သူမ ကားတွေနားမှာရှိမနေခဲ့။သူမ ပဲ သတိမေ့ပြီး ပြန်သွားတာလား။
"ဘယ်ကိုများသွားနေတာပါလိမ့် "
တစ်ကိုယ်တည်း ရေရွတ်မိတယ့် သူ့စကားကို ကိုခန့်ကကြားသွားပြီး
"စိတ်မချရင် ကားပေါ်က တခြားလူတွေကို ဆက်ပြီး သူပါ မပါ မေးလိုက်ပါလားကွ"
"ဗျာ "
ကိုခန့်က ပြုံးလျက်
"မ ဗျာ နဲ့။finance ကကလေးတွေဆီဆက်ကြည့် သူတို့သိမှာပေါ့"
သူ ခပ်ရှက်ရှက်နှင့် မျက်နှာပူစွာပဲ ဖုန်းထုတ်ဆက်မိသည်။
"ဟယ်လို ညီမလေး"
"မမေခ ကားပေါ်မှာအတူရှိလားညီမလေး"
"ဟုတ်လား ။ဒီမှာ သူ့ဖုန်းကျန်နေတာလာအပ်ထားလို့ ဆက်လိုက်တာ။ ဂရုစိုက်ပြန်ကြဦးနော်"
"အိုကေ ညီမလေး"
သူဖုန်းချလိုက်ရင်း ဘယ်သူ့ဆီထပ်ဆက်ရမည်ကို စဥ်းစားနေတုန်း မိုးက ဝေါခနဲ ရွာလာလေသည်။
အားလုံး ရေစိုမခံသည့်ပစ္စည်းအားလုံး သေသေချာချာ အုပ်ဆိုင်းပြီးပြီမို့ မိုးလွတ်ရာဆီ ရသမျှပစ္စည်း သိမ်းရင်းပြေးကြရသည်။မိုးခိုရင်း အကြံအိုက်နေတုန်း ကိုခန့် က သူ့ဆီ လျှောက်လာ၍ မေးသည်။
"ဘာတယ့်လဲ ညီ"
"ကားမှာမပါဘူးတယ့်ကိုခန့်။သူ့ဖုန်းကိုတော့မေ့ပြီးသွားမယ်မထင်ဘူး။ကျွန်တော် အပေါ်ထပ်ခဏ တက်ကြည့်လိုက်ဦးမယ်"
"သွားကြည့်လေ ညီ။အကိုလည်း တခြားတွေ့မိသူရှိမလား လိုက်မေးလိုက်ဦးမယ်"
"ဟုတ်ကဲ့"
သူ ထမင်းစားခန်းနားမှဖြတ်ကာ အပေါ်ထပ်သို့ လှေကားအတိုင်း ခပ်သွက်သွက်ပြေးတက်ခဲ့သည်။အခန်းမီးများပိတ်ထားပြီး လူသွားလမ်းတစ်လျောက်ထွန်းထားသောမီးများသာရှိသည်။ မည်သူ တစ်ဦးတစ်ယောက်မှ မတွေ့ရ။သေချာအောင် အခန်းထဲထိ ဝင်ရှာပေမယ့် မတွေ့။
စိုးရိမ်စိတ်တို့ တလိမ့်လိမ့်တိုးလာလျက် အောက်ထပ်ဆီသူပြန်ပြေးဆင်းခဲ့မိသည်။အောက်ထပ်ရောက်တော့ စက်ရုံအလုပ်ခန်းများနှင့် မြေအောက်ထပ် store ခန်းဝင်ပေါက်ပါမကျန်လိုက်ရှာမိသည်။
"တေဇ ရေ ဘယ်သူမှ သတိမထားမိလိုက်ဘူးတယ့်ကွ။အဆောင်များ ပြန်ရောက်နေပြီလား ဆက်ကြည့်လိုက်ပါလား"
"ကျွန်တော် ဆက်ပြီးမှ မရောက်သေးရင် သက်သက်စိတ်ပူနေမှာလည်းစိုးလို့"
"ခြံဝန်းထဲနှင့် ကားပါကင်တွေဘက်တော့ အကိုလူလွှတ်ကြည့်ခိုင်းထားတယ်"
ဆင်ဝင် ပေါက်ရှေ့မှာရပ်ကာ ခြံထဲရှာနေကြသူများကို စောင့်ရင်းကြာလှချည်ကော ရယ်လို့မကျေမနပ်တွေဖြစ်နေမိပြန်သည်။
မိုးပြေးကလည်းသည်းလွန်းလေစွ။ဒီလောက်လူပြတ်တယ့်လမ်းမှာ မိုးကပါရွာနေတာ ။တစ်ကိုယ်တည်းပြန်သွားတာဆိုပါက သူ ဆက်မတွေးကြည့်ရဲ။
"တောက် ရှစ်နာရီထိုးတော့မယ်"
"အမလေးဗျ "
သူ့အနောက်ဘက်မှ အော်လိုက်သံနှင့်အတူ မိုးရေထဲမှ ပြေးဝင်လာသည့် ချာတိတ်ကြောင့် သူလှည့်ကြည့်မိသွားရသည်။
"ဘာဖြစ်တာလဲကွ"
" သရဲ သရဲ အကိုကြီး"
"ဟာ မင်းကလည်း မဟုတ်တာက စပြီ"
သူ စိတ်မကြည်လင်ရသည့်အထဲ ကြားရသည့်စကားကြောင့် ခပ်ဆတ်ဆတ်ပြန်ဖြေမိသည်။ငတိလေး က မျက်နှာအပျက်ပျက်နှင့်
"ဟာ အကိုကြီးကလည်း သား အဆောင်မပြန်ခင် ရေချိုးကန်ဘက်သွား ရေချိုးနေတာ။မိုးရွာလာတာနဲ့အမြန် မိုးခိုပြီးပြန်လာတာ။အိမ်သာနားရောက်တော့ တဗုန်းဗုန်းနဲ့ ရိုက်နေတယ့်အသံကြီးပေါ်လာလို့ အသားကုန်ပြေးခဲ့ရတယ်"
"တံခါးမပိတ်မိတာကိုမှ လေတိုးလို့ဖြစ်မှာပေါ့။မင်းကလည်း ကြောက်တတ်ရန်ကော"
သူ့ရဲ့ မယုံမကြည်စကားကြောင့် နှာခေါင်းလေးရှုံရင်း
"တံခါးကြီးပိတ်ထားတာဗျ။ပိတ်ထားရက် အထဲက ထုသံကြားရတာ။မသိဖူး သားတော့ အဆောင်ပြန်ပြီ"
သူ့ကို ထားရစ်ခဲ့ကာ ဆင်ဝင်အရိပ်အောက်မှ မိုးရေထဲပြေးဝင်ရင်း ပြန်သွားသည့်ကောင်လေး။
သူ့စိတ်ထဲ တစ်စုံတစ်ခုကို သွားအမှတ်ရလာသည်။ မေခ လည်း အပြင်သွားလာခါနီးဆို အပေါ့အပါးကြိုတင်သွားတတ်လေ့မရှိနိုင်ဘူးမဆိုနိုင်။သူမ များ အပေါ့သွားရင်း ပိတ်မိနေတာလား
"ဟာ မဖြစ်နိုင်လိုက်တာ လူရှိနေတာ သိသိ ဘယ်သူက ပိတ်သွားမှာလဲ"
မည်သို့ပင် မဖြစ်နိုင်တွေးရက်က ဖြစ်များဖြစ်နေခဲ့လျှင် လို့သူတွေးမိပြန်တော့ ကြောင့်ကြစိတ်နှင့် အိမ်သာခန်းတွေဘက် ခပ်သွက်သွက် လျှောက်လာခဲ့လိုက်သည်။ စက်ရုံဝင်း အနောက်တံခါးဝ၏ ဘယ်ညာ တစ်ဖက် တစ်ချက်စီမှာ အိမ်သာခန်းများ ရေချိုးခန်းများရှိသည်မို့ မိုးရေထဲ မဖြတ်မှီ လှမ်းကြည့်မိသည်။ လေတိုးသံ မိုးခြိမ်းသံတို့အပြင် မည်သည့်အသံမျှ မကြားရ။သို့သော် ရှစ်လုံးတန်း အိမ်သာခန်းထဲမှ အလယ်ခန်းတစ်ခန်းမှာ မီးလင်းလျက်ရှိလေသည်။မီးက အခန်းထဲမှ ဖွင့်ပိတ်ရန် ခလုတ်ထည့်ထားခြင်းဖြစ်လေရာ သူ မိုးရေထဲ ပြေးဖြတ်လာခဲ့လိုက်၏။ အခန်းရှေ့ရောက်တော့ ဘာသံမှမကြားရ။ တံခါးကလည်း အပြင်မှ မျောက်လက် ကို ခတ်ထားဆဲ။ပြေးလွှားခဲ့သည်အပြင် စိတ်လည်းလှုပ်ရှားနေသည်မို့ သူအသက်ရူတွေမြန်နေခဲ့သည် ကအမှန်။
"ကလစ်"
တံခါးကို ခတ်ထားသည့် မျောက်လက်ကို သူဆွဲဖွင့်လိုက်သည့်အထိ အတွင်းက ဘာအသံမျှမကြားရသေး။သူလက်ကိုင်ကို ဆွဲရင်း ဖွင့်လိုက်တော့မှ အခန်းထဲမှာ ဘေးနံရံကိုမှီထိုင်နေသော သူမကိုတွေ့ရသည်။ဒူးနှစ်ဖက်ကိုပိုက်၍ ထို ဒူးနှစ်ဖက်ပေါ်မျက်နှာအပ်ရင်းထိုင်နေသည့်သူမ ။စိတ်မကောင်းကြီးစွာဖြင့် ရင်ထဲခံစားရသည့်အဖြစ်က စကားလုံးတို့ ရုတ်တရက်မထွက်နိုင်ခဲ့ချေ။
" ပြန်ကြရအောင် "
သူ့စကားကြားမှ ခေါင်းလေးထောင်လာလျက် တံခါးဆီလှည့်ကြည့်လာသည်။မို့အစ်နေသော မျက်ဝန်းအစုံ။ထိတ်လန့်မှုကြောင့် ဖြူဖျော့ဖျော့ဖြစ်နေသည့်မျက်နှာလေးက သူ့ရင်ကို ထုချေလိုက်သည့်နှယ်။
အခန်းထဲ ဝင်ရောက်၍ လက်မောင်းနှစ်ဖက်မှ ဆွဲမထူသည့်တိုင် ခြေခိုင်အောင်သူမ မရပ်တည်နိုင်သေး။
လက်မောင်းနှစ်ဖက်မှ စေးထန်းသည့်အထိအတွေ့ နှင့် အနီးကပ်မြင်ရသည့် မျက်နှာလေးကို ကြည့်ကာ သွေးပျက်မတတ်ခံစားနေရသည့်အဖြစ်ကို အတိုင်းသားမြင်နေရစေသည်။
သူတွဲခေါ်သည့်အတိုင်း အပြင်သို့လျှောက်လာပေမယ့်မည်သည့်စကားမှမဆို။တစ်ယောက်ယောက်အနားရောက်မှ လှမ်းခေါ်ပြီး ထီးဖြင့်သွားရန် အမိုးအောက်သူရပ်နေခဲ့၏။သူမက သူ့လက်တွေကို ဖယ်ချလာသည်။
"ခဏလေးနေပါဦး"
သူတောင်းဆိုပေမယ့် ရှိတယ့်အားနှင့်သူမရုန်းသည့်အခါ စိတ်ပြေပါစေတော့ရယ် သူလွှတ်ပေးမိသည်။တကယ်ဆို သူ့ကို ဖယ်ချတယ့်လက်တွေမှာ အားအင်မဲ့နေခဲ့တာသူသိပေမယ့် ပို စိတ်ထိခိုက်မှာစိုးသည်လည်း ပါလေသည်။
သူ့ကို ထားရစ်ကာ သူမ ဘာသာ တစ်ယောက်တည်း စက်ရုံ နောက်လမ်းအတိုင်းဆက်လျှောက်နေလေသည်။အားတင်းလှမ်းသည့် ခြေလှမ်းတွေက ခိုင်ခန့်မှုတော့မရှိတတ်သေး။
ဝတ်ထားသည့် ကုတ်အကျ်ီ ကိုချွတ်ကာ သူမနောက်ပါးမှ အပြေးလိုက်ရင်း အုပ်မိုးကာပေးမိပေမယ့် သတိထားမိပုံပင်မရ။
"မေခ မိုးတွေအရမ်းရွာနေတယ် စက်ရုံထဲ ခဏ ပြန်ဝင်ကြရအောင်ကွာ နော်"
မိုးသံကြားမှ ဖောက်ထွက်ကာ ချော့မော့စကားဆိုပေမယ့် ခေါင်းသာတစ်ချက်ယမ်းပြသည်။လျှက်စီးတစ်ချက် ဝင်းခနဲလက်ကာ ကျယ်လောင်သော မိုးကြိုးပစ်သံကြောင့် သူမ ကိုယ်လေးကို လက်တစ်ဖက်နှင့် သိမ်းပွေ့ရင်း တိုက်နံရံဘေးမှာ နှစ်ဦးစလုံးတိုးကပ် ရပ်မိကြသည်။
အကျီဖြင့်အုပ်မိုးထားသော်ငြား နှစ်ဦးစလုံး ရွှဲရွှဲစို နေကြပြီ။
သူ့ရင်ခွင်ထဲမှာ ကိုယ်ကိုကျုံ့လျက် လက်လေးပိုက်ရင်းရပ်နေတယ့်သူမ။ချမ်း၍ လေလား သို့တည်းမဟုတ် ကြောက်ရွံ့မှုကြောင့်လေလားမသိ တုန်တုန်ရီရီဖြင့်လေ။ မျက်ဝန်းအကြည့်တို့ကလည်း သူ့ကိုကြည့်နေပေမယ့် အသိဖြင့်ကပ်ငြိပုံမရ။
" မေခ ဟေ့ ဟေ့ ဒီကိုကြည့်"
သူမမျက်နှာလေးနားကပ်၍ အကြည့်ချင်းဆုံအောင် သူကြိုးစားလိုက်သည်။ခံစားချက်မဲ့စွာပြန်ကြည့်နေရင်း တဖြည်းဖြည်း ဒူးညွှတ်ပျော့ခွေကျသွားသည်မို့ အကျ်ီကိုလွှတ်ချ၍ သူမကိုအရ ထိမ်းလိုက်၏။
သတိလစ်သွားသည့်အတွက် သူပွေ့ချီကာ စက်ရုံဝင်းအရှေ့ကို ချက်ချင်းထွက်လာခဲ့သည်။
"ဟာ အကိုကြီး ဟိုမှာ ဟိုမှာ"
"ခြံရှေ့ဝင်းထဲမှ ကလေးတစ်သိုက် အော်သံနှင့်အတူ ဆင်ဝင်ရိပ်အောက်မှ ကိုခန့်က ထီးဖြင့်ထွက်၍ ကြိုသည်။
" ဟေ့ ဘယ်သူ့မှာ ရူဆေးရှိလဲ။ဘာဆေးရရ ယူခဲ့ကွာ"
ကိုခန့်က ကလေးတွေကို ညွှန်ကြားရင်း သူမကိုလည်း နဖူးဆီ လက်စမ်းကြည့်ကာ
" မိုးမိလို့အေးနေတယ် ဖျားတာတော့မဟုတ်ဘူး။ဘယ်လိုဖြစ်ရတာလဲ"
ခုံတန်းတစ်ခုမှ ချကာ သူမကိုယ်လေးကိုထိမ်းပွေ့ထားရင်းက အဖြစ်အပျက်ကိုသူရှင်းပြရသည်။အစားအသောက်သိမ်းဆည်းထားရာမှ သံပုရာသီးတစ်လုံးရှာလာပေးသောကြောင့် နှာခေါင်းနားတေ့ရင်း ရှူစေလိုက်သည်။သတိတော့ဖြင့်မလည်လာသေး။
"ဒါဖြင့် မင်း သူ့ကိုခေါ်ခဲ့ အကိုကြီး ဆေးခန်းပြရင်း တစ်ခါတည်းလိုက်ပို့ရအောင်"
ကလေးတွေက သူကျကျန်ခဲ့သော အကျီကို ယူလာပေးရင်း ကိုခန့်ကား ရုံးရှေ့မှာလာရပ်သည့်အခါ တံခါးကူဖွင့်ပေးကြသည်။
သူကတော့ သူမကိုယ်လေးကို ချီမလျက် နောက်ခန်းမှာပဲအတူထိုင်လိုက်တော့သည်။အေးစက်နေသော ကိုယ်လေးနွေးလာအောင် ရင်ခွင်ထဲကျစ်ကျစ်ဖက်ထားမိသည်က ဘေးပတ်ဝန်းကျင်ကိုပင် အမှုမထားနိုင်ခဲ့။
ရေတွေစိုသဖြင့်ကပ်ကပ်သပ်သပ်ဖြစ်နေသည့် သူမအဝတ်အစားတွေကြောင့် သူ့အကျ်ီကို အပေါ်မှခြုံဝတ်ပေးမိတာကလည်း တစ်ပါးသူတွေ ကြည့်မှာစိုးသည့်စိတ်ကြောင့်သာ။
"ဟင်းး အင်း"
ညည်းညူသံနှင့်အတူ သူမကိုယ်လေး အနည်းငယ်လူးလွန့်လာသဖြင့်
"မေခ မေခ ဟိတ်"
"ရှင်"
မျက်လုံးတွေပွင့်လာပြီး စိုးရိမ်တကြီး ငုံ့ကြည့်နေသည့် သူ့ကိုအတန်ကြာစိုက်ကြည့်နေ၏။ထို့နောက် မျက်ဝန်းအိမ်မှ မျက်ရည်စတွေ တအိအိရစ်ဝဲကျလာလျက်
"အိမ်ပြန်ချင်တယ်။အိမ်ကိုပို့ပေးပါနော်"
ကလေးတစ်ယောက်လို ပူဆာသည့်အခါ မည်သို့မှစကားမဆိုဖြစ်တော့။ခေါင်းကို ခပ်မြန်မြန်ညိတ်ပြရင်း ငိုနေသည့် ထိုမိန်းကလေး၏မျက်နှာလေးကို မကြည့်ရက်သဖြင့် သူ့ရင်ဘတ်မှာအပ်၍ ဖက်ထားမိသည်။
ကိုခန့်လည်း သူတို့အဖြစ်ကိုကြည့်ကာ စိတ်မကောင်းစွာညည်းရှာသည်။
"ဘယ်သူ လက်ဆော့တယ်မသိဖူးကွာ။cctv ပြန်စစ်ခိုင်းမှပဲ။စ စရာရှားလို့"
(╥﹏╥)(╥﹏╥)
"သူညက အိပ်ရရဲ့လား မသော်တာ"
"သူ ဆေးသောက်အိပ်တာမို့ အိပ်ပျော်ပါတယ်။ခုတောင်နှိုးနေမလားမသိဖူး သွားကြည့်လိုက်ဦးမယ်"
"ဟာ နေပါစေ။ ကျွန်တော် စိတ်ပူလို့ ဖုန်းလှမ်းဆက်တာပါ။အထွေအထူးမဟုတ်လို့ မနှိုးပါနဲ့"
" ကိုတေဇ နေ့လည်ကျလာခဲ့လိုက်ပါလား။သူလည်းအဲ့အချိန်ဆို ထလောက်ပါပြီ။သော်တာလည်း အိမ်မှာရှိနေမှာပါ"
"ဟုတ်ကဲ့ ကျေးဇူးပါဗျာ ကျွန်တော်လာခဲ့မယ်နော်"
နှုတ်ဆက်စကားဆိုပြီး သူဖုန်းချလိုက်သည်။ဒီနေ့ သူအလုပ်တွေများမည်မို့ မနက်အစော ထဲက နိုးနေခဲ့တာ။အမှန်က ညက တရေးလောက်ပဲအိပ်ရပြီး ဘယ်လိုမှ ပြန်အိပ်မရတော့။သူမ ကိုယ်ငွေ့လေးက သူ့ရင်ဘတ်မှာခုထိ နွေးနေတုန်း။
မျက်စိအောက်က ပျောက်တာနှင့် တစ်ခုမဟုတ် တစ်ခု ထိခိုက်နေတတ်သည့် သူမဟာ စိတ်မချချင်စရာကောင်းလွန်းနေသည်။
လှည်းတန်းမသွားမှီ အင်းစိန် ဘူတာရုံလမ်းက သူ့အိမ်ကိုအရင်ပြန်ရဦးမည်။ပြီးမှ မေခကို သွားတွေ့ရမည်။
ကိုယ့်အတွေးနှင့် ကိုယ် ကျေနပ်လျက် လေကလေး တချွန် ချွန် ဖြင့် သူရေချိုးခန်းဝင်ခဲ့လေသည်။
မနေ့က သူမ သူ့ရင်ခွင်ထဲ ပြန်လည်အိပ်ပျော်သွားသည့်အခါ နဖူးလေးကို ဖွဖွနမ်းရင်း ကိုခန့်ကို တိုင်တည်ကာသူပြောမိသည်။
"သူ့ကို ကျွန်တော့အရိပ်အောက်မှာ စောင့်ရှောက်ခွင့်ရအောင် လုပ်မှဖြစ်တော့မယ်"
ဟုတ်တယ်။ အဲ့ဒီ မိန်းကလေးဟာ သူ့ရဲ့အနာဂတ်ပါပဲ။
သူကာကွယ်ရမည့် သူ။
°º¤ø,¸¸,ø¤º°`°º¤ø,¸,°º¤ø,¸¸,ø¤º°`°º¤ø,¸,
"အချစ်ပိုး ဟူသည် မထိ မသိ မိလျင်သာ လွတ်အောင်ရုန်းနိုင်ကြပြီး ထိမိ သိမိ ပြီးပါက မျက်နှာမလွှဲနိုင်။မျက်နှာ မလွှဲရက်သည့် ပိုးငယ်ဖြစ်လျက် အခန့်မသင့် အဆိပ်တက်ပါက နှလုံးကြေကွဲမတတ် ထိခိုက်တတ်သည့်အမျိုး "