book

Index 12

အခန်း ၁၂

  • Author : shwesu
  • Genres : Romance

အရုဏ်ဆွမ်း ရော နေ့ဆွမ်းပါ ကပ်မည်ဖြစ်သည့်အတွက် ညဦးကတည်းကပြင်ဆင်ထားသော အသီးအရွက်များကို ဆေးကြော၍ ကြော်သူကကြော်၊ချက်သူကချက်ဖြင့် ကျွန်မတို့အားလုံး ဇယ်ဆတ်သလို အလုပ်များနေရသည်။
ချက်ပြုတ်လုပ်ကိုင်တတ်သည့် မိန်းကလေးတွေချည်းမို့ အပြင်လူကိုလည်းအကူမခေါ်ထား။နေ့ဆွမ်းကပ်ချိန်ရောက်မှ  တရားနာဖို့သာ ဖိတ်ထားကြတာမို့ အားလုံး ကိုယ့်တာဝန်ကို အချိန်မှီပြီးအောင်ကြိုးစားလုပ်ဆောင်နေရသည်။
"သော်တာ ရေ တရားပွဲထဲ ဝတ္တုငွေစာအိတ်ထည့်ထားရဲ့လားပြန်ကြည့်ပေးပါဦးကွယ်"
"ဟုတ်ကဲ့ အန်တီယု"
သော်တာ တစ်ယောက် အိမ်ရှေ့ဘုရားခန်းမှာသွားရောက်၍ လိုအပ်သည်များကိုစစ်နေတုန်း အခန်းတံခါးဝဆီမှ ခေါင်းလောင်းသံကမြည်လာသည်။
"ချွင် ချွင်  "
ဆရာတော်ဘုရားတွေများကြွလာကြပြီလား။နာရီကိုကြည့်မိတော့ ငါးနာရီ။နာရီဝက်လောက်စောလာတာများလား။
ဇဝေဇဝါနဲ့ သော်တာတစ်ယောက် တံခါးရှိချောင်းကြည့်ပေါက်လေးကတဆင့် အပြင်ကို လှမ်းကြည့်လိုက်သည်။
"ဟယ်"
တအံ့တသြ ရေရွတ်ရင်း တံခါးကိုဖွင့်သည်။တစ်ဆက်တည်း မီးဖိုခန်းထဲသို့လည်း လှမ်းခေါ်၏။
"မေခ ရေ လာပါဦး"
အလောသုံးဆယ်ခေါ်လေသည်မို့ မွှေလက်စ ဟင်းချိုအိုးကိုပိတ်ကာ လက်သုတ်ဝတ်ကိုလှမ်းယူသုတ်ရင်း ကျွန်မ အိမ်ရှေ့ခန်းကိုလျှောက်လာခဲ့လိုက်သည်။အပြင်မှ သံပန်းတံခါးကိုဆွဲဖွင့်ပြီး ဝင်လာသူကိုတွေ့တော့ကျွန်မလည်း မအံ့သြပဲမနေနိုင်။
"ကိုတေဇ"
"ဗျာ ကျွန်တော်ခွင့်တောင်းထားတယ်လေ"
"ဟင် ဘာကိုခွင့်တောင်းတာလဲကိုတေဇ"
သော်တာက ကျွန်မမဖြေရသေးခင်ကြားဖြတ်မေးတာမို့
"မဟုတ်ပါဘူး ဟို.. အစောကြီးဆိုတော့။နေ့လည်မှလာမယ်ထင်တာလေ"
အပြင်မှ စကားသံကြောင့် အန်တီယုလည်း ထွက်လာပြီး သူ့ကိုမြင်သွားလေသည်။
"အို မောင်တေဇ အစောကြီးရောက်လာ ပါလား။လက်ထဲလည်းဘာတွေယူလာတာလဲကွယ့်"
"ဟုတ် အန်တီယု။အပြင်လူမပါပဲ ကိုယ့်ဘာသာချက်ကြတယ်ကြားလို့ ကူညီပေးလို့ရအောင်စောထွက်ခဲ့တာ။နောက်ပြီး မိန်းကလေးတွေချည်းဆိုတော့ ဆရာတော်ဘုရားကို ဆွမ်းကပ်ရင် ဝေယျာဝစ္စအတွက်လည်းအဆင်ပြေအောင်လို့ပါ"
သူပြောတော့လည်းဟုတ်နေသည်။ကျန်သူများလည်းလာရောက်ထွက်ကြည့်ကုန်ကြ၏။
"ကျေးဇူးတင်ပါတယ်ကွယ် သားပြောမှ အဲ့ဒီအချက်ကိုသတိရတော့တယ်။ကဲ လာလာ ထိုင်ပါဦး"
"မသော်တာ ဒါလေး"
"ဘာများလဲ ကိုတေဇ"
"အချိုပွဲအတွက်ရယ်။အဆာပြေ စားလို့ရအောင် ကောက်ညှင်းပေါင်းရယ်ပါ"
"အမလေေးနော် ကိုတေဇ တို့ကအရမ်းစေ့စပ်တာပဲ။သော်တာတို့ လည်းဗိုက်ဆာနေကြတာနဲ့အတော်ပဲ"
"ကဲ သော်တာရေ သမီးတို့လည်း ခဏနားပြီးမုန့်စားကြပါဦး။ပြီးတော့ မောင်တေဇကိုလည်း ကျွေးလိုက်ပါဦး"
သူတို့ဘာသာ အတိုင်အဖောက်ညီနေကြတာကျွန်မမှာ ရပ်သာနေတယ် အပိုကြီးလိုကိုဖြစ်လို့။သူကို မကြည်မလင်ကြည့်မိတုန်း ခပ်ပြုံးပြုံးကြီးလှမ်းကြည့်တာနှင့်ဆုံသည်။
"ခဏ စောင့်နော် သော်တာမုန့်ယူလာလိမ့်မယ်။မီးဖိုထဲလုပ်စရာလေးတွေကျန်သေးလို့"
"ရပါတယ် သွားလေ"
အမလေး..။စိတ်တိုလိုက်တာနော်။မသိလျှင်သူသွားခိုင်းမှသွားရမှာကြနေတာပဲ။ မီးဖိုခန်းထဲဝင်လာသည်ကြောင့်လည်း စိတ်သက်သာရာရမည်မထင်လိုက်ရဲ။မိန်းမတစ်အုပ်က ကျွန်မကို စကားတွတ်ထိုးဖို့စောင့်နေကြဦးမှာ သိနှင့်နေသည်။
"မေခရယ် အရမ်းကိုအမှတ်တွေယူနေပါပြီနော်"
"တော်ပါ။နင်အာဝင်ချောင်ထားလို့ ခုလိုဖြစ်ရတာ။သွား သွား နင့်လူ နင်သွား ဧည့်ခံချေ"
အနားကပ်ပြီး မျက်နှာပြောင်ချော်ချော်လုပ်နေသည့် သော့်တာကို တွန်းထုတ်ပစ်လိုက်ရင်း ဟင်းချိုအိုးနားပြန်ရောက်လာသည့်အခါ မမသီက စ လာပြန်သည်။
"မေခလေးရဲ့ သူ့ကို သော်တာက အရိပ်လေးပဲပြတာနေမှာပါ။သူကိုက အကင်းပါးတာ။အန်တီယုကို လုံးဝ သူ့ဘက်သားဖြစ်အောင်လုပ်လိုက်နိုင်တာများ။ ကောင်လေးက မဆိုးပါဘူး အေရယ်"
"ဟာ မမသီကလည်း အလုပ်မှာလာကြည့်လှည့် အရမ်းလက်ပေါက်ကပ် ဇီဇာကြောင်တာ။လူကြားထဲကျ သူမဟုတ်သလိုရုပ်နဲ့ "
"ကျန်တာတော့မသိဘူး မမသီရေ နွယ်ကတော့ အလိုက်သိတာလေး တစ်ချက်နဲ့တင်ကိုသဘောကျနေတာ။ပြီးတော့ ရုပ်ရည်နဲ့အရပ်အမောင်းကလည်း ခန့်ခန့်ကြီးတော့"
"ဟဲ့ မိနွယ် တိုးတိုးသက်သာပြောပါဟဲ့။အလကား..။ကြားသွားရင်ဘဝင်မြင့်နေဦးမယ်"
ကျွန်မ သတိပေးလိုက်ပါမှ မမသီရော မိနွယ်ကပါ တဝါးဝါး တဟားဟား ရယ်မဆုံးတော့ချေ။
"အို မမတို့ဟာလေ ပြောလေကဲလေပဲ။ဘာမှမဟုတ်ပါဘူးဆိုမှ"
ကျွန်မမှာ တစ်ကိုယ်လုံး ရှိန်းခနဲဖိန်းခနဲ ဖြစ်ကာ ရှက်ရှက်နှင့်သရက်ချဥ်သုပ်ရန်အတွက် ကြက်သွန်တွေထိုင်လှီးနေမိတော့သည်။ခဏအကြာ သော်တာပြန်ဝင်လာတော့လည်း ဘာလို့ရယ်ကြသလဲဆိုကာ စပ်စုလေတော့ ဖေါက်သည်ပြန်ချ။ပြီးတော့ထပ်ရယ်ကြနဲ့ ကျွန်မ ကိုဖြင့်နည်းနည်းကလေးမှ အားမနာကြပါပေ။
ရင်ထဲမှာလည်း ထူထူပူပူကြီးဖြစ်လျက် ဝမ်းနည်းလာသလိုလိုကြီး။
"ဟယ် မေခလေး ကြက်သွန်တွေခုဏတင် နွှာပြီးလှီးပြီးပြီလေကွယ်"
"ဟင်"
"ရှက်ရှက်နဲ့ လျှောက်လုပ်နေတာ ဓါးထိတော့မှာပဲကွာ၊သွား အိမ်ရှေ့မှာလိုအပ်တာသွားကြည့်တော့"
"မမသီကပါ ဘယ်လိုတွေဖြစ်နေတာလဲလို့"
"သြော် သူက ညည်းလေးမျက်နှာနဲ့လာတာလေ။ပစ်ထားတော့ကောင်းမလား"
ပြောရင်း လက်ထဲကဓါးကိုဆွဲယူ။ဘေစင်မှာလက်တွေအတင်းဆေးခိုင်းလျက် မီးဖိုခန်းထဲမှ တိုက်တိုက်တွန်းတွန်းနဲ့ အတင်းနှင်ထုတ်နေတော့တာ။မကြုံစဖူး ဘေးကြပ်နံကြပ်ဖြစ်ရသည့်အပြင် စိတ်လှုပ်ရှားလွန်းသဖြင့် လူကလည်း ကတုန်ကရီဖြစ်လာ၏။
"ခက်တော့နေပါပြီ"
ဘယ်လိုမှလည်း ရှင်းပြလို့ကမရ။မမသီကလည်း အတည်ပေါက်ကြီးပြောနေသည့်အခါ ကျန်သူများကပါပြုံးစေ့စေ့ နဲ့ကြည့်နေကြတော့သည်။ကျွန်မအပေါ် အယုံအကြည်ကင်းမဲ့ကြလေခြင်းဆိုသည့် အတွေးစိတ်ကဝင်တော့ မျက်ရည်စတွေအလိုလိုဝေ့သီလာရပြီး စိတ်အားငယ်မိတော့သည်။

မီးဖိုခန်းဆီက ထွက်လာပေမယ့် အိမ်ရှေ့ဘုရားခန်းဘက်မသွားချင်သည့်ကျွန်မဟာ လမ်းခုလတ် ကျွန်မတို့အိပ်ခန်းများရှေ့က လျှောက်လမ်းနံရံမှာ မှီရပ်ကာ မငိုချမိလေအောင် မနည်းကြီးစိတ်အားတင်းထားရလေသည်။အိမ်ရှေ့ခန်းဘက်မှ ခြေသံလိုလိုကြားလိုက်သည်မို့ မျက်နှာကိုမော့ကာ ကျလုဆဲဆဲ မျက်ရည်စတို့ကို မျက်တောင်အားပုတ်ခတ်သုတ်ဖယ်ပစ်လိုက်သည်။
ရယ်လိုက်၊ရယ်လိုက်ရင် ငိုချင်စိတ်ပျောက်သွားမယ် ဟုလည်း ကိုယ့်ဘာသာအားပေးရင်း အိမ်ရှေ့ဆီသွားရန်ပြင်လိုက်၏။
"မမေခ ဆီခုပဲလာနေတာ"
အသံနှင့်အတူ ရေစက်ချရာတွင်အသုံးပြုမည့် ငွေကရားနှင့်ခွက်လေးအား ဗန်းလိုက်မသယ်လာသူကတေဇ။
ရုတ်ချည်း အနားရောက်လာတော့ မျက်နှာအပျက်ကြီးပျက်နေမိသည့်ကျွန်မက ကြာကြာမနေလိုသဖြင့် ငွေဗန်း လေးကိုလှမ်းယူပြီးလှည့်ထွက်ဖို့ပြင်သည်။
"နေပါဦး"
သူက ပုံမှန်မဟုတ်တယ့် အမူအယာကို ရိပ်မိကာ ကျွန်မအရှေ့မှ အလျင်အမြန်ပိတ်ကာပြီးမေးလာသည်။
"ဘာဖြစ်လို့လဲ"
"မဖြစ်ပါဘူး အချိန်ကပ်နေတော့ မမှီမှာစိုးလို့ပါ"
အသံကိုထိမ်းပြောသည့်တိုင် လေသံတိမ်သွားရသည့်အတွက် ကိုယ့်ကိုကိုယ် မကျေမနပ်ဖြစ်ပြီး နှုတ်ခမ်းတွေကို ဖိကိုက်ထားမိပြန်သည်။ခေါင်းကိုလည်း ငုံ့မြဲ ငုံ့ထားဆဲ။
"ဖြစ်ပါတယ် "
ဇိုးဇိုးဆတ်ဆတ် နိုင်စွာ ကျွန်မ မျက်နှာကို သူ့လက်ဖဝါးနှစ်ဖက်ဖြင့် ညှပ်ယူမော့စေလိုက်ချိန်မှ မျက်ရည်စတွေ အိုင်ထွန်းစီးကျကုန်သည်။
"ဟား .. ငိုပြန်ပြီလားကွာ"
စိတ်ပျက်လက်ပျက်ကြီး သူညည်းတွားရင်း ဘာမှမပြောနိုင်ပဲကျွန်မမျက်လုံးတွေကိုသာ စူးစမ်းအဖြေရှာသလိုကြည့်နေသည်။ထို့နောက် တစ်ခုခုကိုဆုံးဖြတ်လိုက်သည့်နှယ် သက်ပြင်းဖွဖွချရင်း သူမေးလာသည်။
"ကျွန်တော်ကြောင့်လား .."
အဖြေမရှိတယ့်ကျွန်မ အနေအထား ကဝန်ခံခြင်းဆိုသည်ကိုသိပုံရလျက် မျက်နှာတစ်ချက်ပျက်သွား၏။
"ကျွန်တော် ပြန်တော့မယ်"
ဟု တိုပြတ်ပြတ်သူပြောသည်။ပါးပြင်ထက်မှ စီးကျနေသည့် မျက်ရည်စတွေကိုတော့ သူ့လက်တို့ဖြင့် ဖွဖွ သုတ်ဖယ်ပေးလိုက်သေးရဲ့။ပြီးမှ ကျွန်မကို ကျောခိုင်းလိုက်သည်။ဤသို့ဆိုတော့လည်း ကျွန်မ ရပ်ကြည့်မနေနိုင်ပြန်။
"အဲ့ဒါဖြင့် အစထဲက မလာပါနဲ့လား"
"ကျွန်တော့်ကြောင့် ခုလောက်စိတ်ညစ်သွားမယ်မထင်မိလို့လာခဲ့တာ။ဆက်နေလည်း မမေခ ပိုစိတ်ဆင်းရဲရမယ်လေ"
တည်တည်ငြိမ်ငြိမ်ဖြင့် သူက မျက်နှာခြင်းဆိုင်ပြန်ရပ်လိုက်ပြီး အဖြေပေးတော့ ပိုဒေါကန်ရသူက ကျွန်မ။
မသိသားဆိုးရွားနိုင်စွာ ခုကြမှကျွန်မကို အတော်ကြီးဂရုစိုက်ပြနေတာကြီးကတော့ အမြင်ကတ်ဖို့ကောင်းလှသည်။
"အခုကြမှ ထပြန်တော့ အားလုံးကပိုအထင်လွဲကုန်မှာပေါ့။ကျွန်မကပဲ လူဆိုးမကြီးလိုအပြောခံရမှာပေါ့။ခုတောင် သူတို့ရဲ့ တစ်ဖက်သက်အဆိုအပြောတွေခံနေရတာကို"
ကျွန်မရဲ့ ဒေါသသံစွက် ရန်တွေ့သံအဆုံး သူရဲ့ မျက်နှာတည်တည်ကြီးက ပြုံးလုလုဖြစ်လာသည်။ဘာရယ်စရာပါမိလို့လဲ။
"သူတို့က ဘာတွေဆိုပြောကြလို့လဲ"
"ဘာဆိုဆို ဘာပြောပြောပေါ့ ကျွန်မ မကြိုက်တာပြောလို့"
"နောက်ဆို အနိုင်ကျင့်မခံနဲ့ ကျွန်တော့ဆီလာခဲ့။သူတို့ကိုပါခေါ်ခဲ့"
သူ့စကားကြောင့် ကျွန်မမှာ ဘာလို့များပါလိမ့်ဟု သိချင်မိရကား
"သူတို့ကို ခေါ်လာရင်ဘာလုပ်ပေးမှာလဲ။သေချာရှင်းပြပေးမှာလား"
လက်ပိုက်ရပ်နေရာမှ လက်မောင်းနှစ်ဖက်ကို ဖွဖွဆုပ်ကိုင်ရင်း သူ့ကိုမော့ကြည့်နေသည့်ကျွန်မကို ခပ်ပြုံးပြုံးကြီးကြည့်၏။
"အင်း..
ကျွန်တော့်မိန်းကလေးကို ခင်ဗျားတို့ငိုအောင်လုပ်တာ လုံးဝလက်မခံဘူးလို့"
"ဟင် ဒါပဲပြောမှာလား"
မကျေမနပ်နဲ့ကျွန်မ မေးလိုက်တော့ ဟက်ဟက်ပက်ပက်ကြီးရယ်ချလိုက်ပြီး
"မဟုတ်ဘူး"။ ကျွန်တော်ပဲ ငိုအောင်လုပ်မှာ လို့ပြောမှာ"
အကောင်းမှတ်လို့ နားထောင်နေတာကို။နှုတ်ခမ်းကိုဖိကိုက်ရင်း စောင်ပေပေကြည့်နေမိချိန် မီးဖိုခန်းဝနားမှပြူထွက် ချောင်းကြည့်နေကြသော ခေါင်းလေးတွေကို သတိမထားမိလိုက်ကြ။
"မငိုနဲ့တော့။ကျွန်တော်လည်း မပြန်တော့ဘူး"
"ဘယ်သူက ငိုလို့လဲ။မကျေနပ်လို့ ခံပြင်းလို့မျက်ရည်ကအလိုလိုကျတာ"
"ကျွန်တော်ပြန်လို့ မဟုတ်ဖူးပေါ့"
"ဘဝင်ရူး"
တော်တော်မျက်နှာပြောင်သည့်လူ။သူ့ကိုရှောင်ကွင်းသွားလို့လွတ်ပါလျက် တမင်သက်သက် ပုခုံးစောင်းနှင့်တိုက်ပစ်ခဲ့လိုက်သည်။
"ဟာ ဟေ့ "
သူနာသည် မနာသည်တော့ ကျွန်မ မသိ။ကျွန်မ ပုခုံးတစ်ဖက်တော့ အတော်လေးနာသွားရသည်။
မီးဖိုခန်းထဲ ဝင်ခဲ့ပြီး ဘေစင်မှာ ငွေကရား အား ဆေးကြောနေလိုက်၏။အစကတော့ အသီးသီး ချက်ဟယ် ပြုတ်ဟယ်နှင့်ငြိမ်နေကြသေး၏။ပြီးလုနီးကြတော့ ခိုးခိုးခစ်ခစ်နဲ့ ရယ်သံတွေက ဟိုမှ သည်မှထွက်လာကြသည်။
ကျွန်မလှည့်ကြည့်တော့ အသံတွေက တိတ်သွားပြန်သည်။ သို့သော် ကျောခိုင်းလိုက်သည်နှင့် အသံတို့က ဗလုံးဗထွေးထွက်လာကြပြန်သည်။ပို၍လည်း ကျယ်လာကာ မအောင့်နိုင်စွာ ရယ်ချလိုက်ရင်း
"နောက်ဆို အနိုင်ကျင့်မခံနဲ့နော် ကျွန်တော့်ဆီလာခဲ့"
"မိနွယ်"
ကျွန်မ က တစ်ဖက်ကို မာန်ရုံရှိသေး။မိသော်တာက တစ်စခန်းထသည်။အသံကိုပါ လိုက်တုပလျက်
"ကျွန်တော့်မိန်းကလေးကို ခင်ဗျားတို့ငိုအောင်လုပ်တာ လုံးဝလက်မခံဘူး "
"ကဲဟယ်  မခံဦး မခံဦး"
ကျွန်မ သော်တာ ကို ဗိုက်ခေါက်လိမ်ဆွဲတော့ ထွန့်ထွန့်လူးအောင်ရုန်းရှာသည်။
"ကဲ တော်တော့ကွယ် မိသော်တာလည်း အလုပ်လုပ်တော့။ ဟောဒီက ကျွန်တော့်ရဲ့ မိန်းကလေးလည်း အလုပ်လုပ်တော့ ဟုတ်ပြီလား"
မမသီ ရဲ့စကားအဆုံး အားလုံးရောမောကြကုန်လျက် ကျွန်မလည်း စကားနိုင်မလုဝံ့တော့ပဲ ခြေလေးစောင့်လျက် ထွက်လာခဲ့တော့သည်။
°º¤ø,¸¸,ø¤º°`°º¤ø,¸,°º¤ø,¸¸,ø¤º°`°º¤ø,¸,
ဒီနေ့က ကုမ္ပဏီ နှစ်ပတ်လည်ညစာစားပွဲနှင့်ဆုကြေးငွေပေးအပ်ပွဲကျင်းပသည့်နေ့ဖြစ်သည်။ဝန်ထမ်းသစ်ဖြစ်သည့် ကျွန်မအတွက် ပထမဆုံးကြုံရသည့်ပွဲဆိုက မမှား။ဆုကြေးငွေရရှိကြမည့်ဝန်ထမ်းများကလည်း ပျော်နေကြသလို ဝန်ထမ်းအသစ်များကလည်း အားကျစိတ်တွေဖြစ်ရ။လူစုံ လူကုန် အလှတွေအစွမ်းကုန်ပြင်ရင်း သီချင်းဆိုကြ၊game ဆော့ကြနှင့် အလွန်ပျော်ဖို့ကောင်းကြောင်း မူမူ့ထံမှ တဆင့်သိရသည်။ မနက်ပိုင်းရုံးနေ့တဝက်ဆင်းရပြီး  ညနေလေးနာရီလောက်မှစ၍အစီအစဥ်စတင်ကြသည်။ကစားပွဲဆင်နွဲကြသူများကတော့နေ့လည် နှစ်နာရီလောက်ထဲက ပြိုင်ကြဆော့ကြရသည်။
မကစားလိုသူတွေကလည်း အစားအသောက်များယူပြီးကိုယ့်ဘာသာ အဖွဲဌာနအလိုက် စုပြီးစားကြသည်တယ့်လေ။ ကျွန်မကတော့ စားစရာရှိတာစား ခဏတဖြုတ်နေပြီးပြန်ဖို့သာ ဆုံးဖြတ်ထားလေသည်။
နေ့ခင်းထမင်းစားချိန် finger နှိပ်ပြီးသည်နှင့် မူမူ နှင့်အတူ အဆောင်သို့ လိုက်ပါ၍ နေ့လည်စာစားကြသည်။ခဏတဖြုတ်ထိုင်နားကြပြီးနောက် လူမရှုပ်ခင် ရေချိုးအဝတ်အစားလဲကြ၏။ကျွန်မကတော့ ပုံမှန်ဝတ်ဆင်နေကြအတိုင်း သနပ်ခါးလူး မြန်မာဝတ်စုံတစ်စုံပိုယူလာခဲ့ခြင်းမျှသာ။ကျန်သူများကား မိတ်ကပ်ပြင်ကြ၊ညနေခင်းပွဲတက်အဝတ်အစားများလဲကြပြီးသည့်အခါ များစွာ ခေတ်မှီလှပနေကြတော့သည်။
"မမမေကလည်း အဝတ်လဲလိုက်ပါလား ဟိုမှာအားလုံးပြင်ဆင်ထားကြတာ အားမကျဘူးလား"
"ကိုယ်ဝတ်နေကြလေးကပိုကောင်းပါတယ်မူမူရယ် သက်တောင့်သက်သာ လည်းရှိတယ်လေ"
"မမမေကလည်း ပြင်မကြည့်ပဲနဲ့ "
"လာပါ အခန်းထဲမှာ လူတွေများလာပြီ စက်ရုံထဲသွားကြမယ် သူတို့လွတ်လွတ်လပ်လပ်ပြင်ကြပါစေ"
မူမူ နှုတ်ခမ်းထော်ကာ ကျွန်မနောက်ကလိုက်လာသည်။
နေပူသည်မို့ သစ်ပင်ရိပ်အောက်မှကူးရင်းစက်ရုံဘေးဘက်ဝင်းတံခါးကဝင်ခဲ့ကြသည်။စက်ရုံပေါက်ဝမှတဆင့် ကားပါကင်ဝင်းကိုဖြတ်ပြီးမှ စက်ရုံအဆောက်အဦးကိုရောက်မှာ။နေ့လည်ခင်းဆို နေရောင်က တိုက်ရိုက်ရောက်ကျသည်မို့ ပူလှသည်။မူမူသည် စက်ရုံဝင်းတံခါးလွန်သည်နှင့် သူဝတ်ထားသော ဂါဝန်ရှည်လေးကို မလျက် ရှေ့မှဦးဆောင်ပြေးလေးသည်။သူ့ဘာသာအေးအေးမပြေး။လက်တစ်ဖက်က ကျွန်မကိုပါတွဲထားသည်မို့ ကျွန်မပါ ဆွဲရာနောက် ပြေးပါရတော့သည်။
"ဘာလို့ပြေးတာလဲမူမူရဲ့"
"နေပူတယ်လေမမ ရဲ့ လာပါ ပြေးရင်ခဏလေးရောက်မှာ"
ပိုးဇင်းမယ်အနက်ရောင် ဒူးနားချိတ်ထမီကို အသားရောင် ကမာစ ရင်ဖုံးနှင့်တွဲဝတ်ထားသည်မို့ တအားပြောင်ပြောင်လက်လက်များ ဖြစ်နေလေမလားလို့ တွေးပူခဲ့ပေမယ့် အခြားသူများဝတ်စားထားသည်ကို မြင်ပြီးနောက်တော့ စိတ်ပူမနေတော့ပေ။ကျွန်မတို့နှစ်ဦး စက်ရုံအောက်ထပ် တိုက်ရိပ်ရောက်မှ အပြေးရပ်လျက် ရယ်မောမိကြ၏။
"မောတယ် မူမူရဲ့ လှုပ်လှုပ်ရှားရှားမလုပ်တာလည်း အတော်ကြာနေပြီလေ"
"ဒါပေမယ့် ပျော်စရာကြီးမို့လား"
"အင်းပါ ခုက ဘယ်သွားကြမလဲ"
"မူမူက မဆော့ပါဘူး။မုန့်စားမယ် ဆုကြေးယူမယ် ဒါပဲ"
"ဒါဆို အပေါ်ကရုံးခန်းမှာသွားနေကြရအောင် "
"သွားမယ်လေ ဟီးး အဲကွန်းလေးနဲ့ဆိုတော့ မိတ်ကပ်တွေပျက်တော့ဖူးပေါ့"
"အမယ် အကြံကြီးပါ့"
ကျွန်မတို့ ရယ်မောပြောဆိုလျက် အပေါ်ထပ်ရုံးခန်းများဆီတက်သွားသည်ကို ကားပါကင်ထိုးပြီးလျောက်လာနေသည့် တေဇကတော့ မျက်မှောင်ကြုတ်ရင်း ကြည့်နေခဲ့သည်ကိုတော့ မသိလိုက်ကြ။
 အပေါ်ထပ်ရှိ ကျွန်မတို့ ဌာန အခန်းထဲရောက်ကြလျှင် မူမူက အဲကွန်းဖွင့်လျက်အရှေ့ခန်းမှာထိုင်လေသည်။
" မမမေ ဒီမှာထိုင်လေ "
"ရောက်တယ့်အတူတူမှတော့ မမ software သွင်းစရာရှိတာလေးတွေ ဆက်လုပ်လိုက်ဦးမယ်။မူမူလည်း တကယ်လို့ ဖုန်းလာခဲ့ရင်ဖြေပေးနော်"
"ဟွန်းး မမလည်း အကိုတေဇ နားတဖြည်းဖြည်းနီးလာပြီ။နားချိန်လေးတောင်မှ မနားဘူး"
"နောက်ရက်ကြ အလုပ်မပုံတော့ဘူးပေါ့ ညီမလေးရဲ့ "
"အင်းပါ မူမူ စက်ဖွင့်ပြီး page မှာပါ reply လုပ်ပေးပါ့မယ်"
" ကျေးဇူးပါရှင် နောက်ရက်ကြ မူမူကြိုက်တယ့် ငါးခြောက်ထောင်းကြော်ချက်လာခဲ့ပေးမယ်"
"အားး ချစ်ဖို့ကောင်းတယ့်တို့မမ "
ရုတ်တရက် ပြေးထလာပြီး နောက်မှအတင်းဖက်လိုက်သေးရဲ့။
"အမယ် အပိုတွေပါနော် "
"တကယ်ပါဆို"
မူမူက အခန်းပြင်မှာ computer ဖွင့်၍ page မှ message များကိုပြန်ဖြေနေချိန် ကျွန်မကလည်း ထပ်မံဖြည့်စွက်ထားသော software တွင် စာရင်းများကိုသွင်းလေသည်။ညနေလေးနာရီထိုးလုသော် တိုးမောင် က လာခေါ်လေတော့သည်။
"မမမေရေ သားတို့ ဓါတ်ပုံရိုက်ကြဖို့ အကိုကြီးက လူစု ခိုင်းလို့"
"ဟုတ်လား မမတို့ စက်ပိတ်ပြီးတာနဲ့လိုက်ခဲ့မယ်နော်"
"ဟုတ် သားသွားပြီနော် အောက်မှာ မုန့်တွေလည်းရောက်နေကြပြီ မြန်မြန်လာကြဦး"
"အေးအေး"
ကျွန်မတို့ အခန်းမီးများပိတ် တံခါးအားသော့ခတ်ပြီး သော့အား ကျွန်မ၏ လက်ကိုင်ပိုက်ဆံအိတ်ပြားလေးထဲထည့်သိမ်းလိုက်၏။နှစ်ယောက်သား လက်ချင်းချိတ်လျက် အောက်ထပ်ဆင်းလာချိန်မှာ မြေညီထပ်မှ စက်ရုံဝန်ထမ်းအားလုံး တံခါးအကုန်ပိတ်၍ မြက်ခင်းပြင် ပေါ်မှာစုရုံးရောက်ရှိနေကြပြီလေ။
မကြာခင် သကြ်န်ရောက်တော့မည်မို့ စင်ပေါ်တွင်လည်း အဆိုတွင်သာမက အကနှင့်ပါ ဖျော်ဖြေနေကြသည်ကလည်း တကယ့်ကို ပျော်စရာပါ။
ကိုယ့်ဌာနအလိုက် စုစု စုစု ထိုင်ကြ ရပ်နေကြသူများအကြား လိုက်လံရှာဖွေနေတုန်း မြက်ခင်းပြင် ထောင့်နားဆီမှ လက်လှမ်းပြသဖြင့် ကြည့်မိတော့ ကိုခန့်ဖြစ်နေသည်။မူမူ နှင့်ကျွန်မ အနားရောက်လေသော်
"လာကြကွာ တို့တွေ group photo လေးတွေအမှတ်တရ ရိုက်ကြရအောင်"ဟုဆိုလျက် ဓါတ်ပုံရိုက်ပေးနေသော admin မှ supervisorအကိုကြီးကို လှမ်းခေါ်၏။
"တေဇ ရေ ညီ လာဟေ့"
ဤသို့နှယ် သူခေါ်လေမှ တေဇ တစ်ယောက်အနားမရှိသည်ကို သတိထားမိသွားရသည်။လှမ်းခေါ်ရာဘက်ဆီကြည့်လိုက်တော့ ဝန်ထမ်းများအတွက် အချို ယမကာ စပ်နေကြသည့် သီးသန့်barနားမှ လျောက်လာသည်ကို တွေ့ရလေသည်။
ခါတိုင်းလည်း သူက style pant တွေ ရှူးဖိနပ်တွေ ကို smart ကျကျ ဝတ်ဆင်တတ်မှန်းကျွန်မတွေ့ဖူးနေကြဖြစ်သည်။
သို့သော် ယခုကဲ့သို့ ဝတ်စုံပြည့်ဝတ်ဆင်ခြင်းကိုတော့ တစ်ခါမျှမတွေ့ဖူးခဲ့
"မမမေ တို့ကိုကြီးက ကြောင်လျာသီးတွေ ကုတ်ကြီးတွေနဲ့ မမိုက်ဖူးလား"
"အမယ် ပိုလွန်းပါတယ်မူရယ်၊အကိုကြီးတောင်  ကုတ်မဝတ်ဖူး သူက တမူထူးလို့"
"ဟာ မမမေ မသိလို့ သူက နှစ်တိုင်းပွဲမှာ MC လုပ်နေကြလေ။အဲ့အချိန်ဆို ခုလိုစတိုင်ပဲ"
မသိမသာ နှာခေါင်းလေးရှုံ့ပြတော့ မူမူက ရယ်သည်။
အနားလည်းရောက်လာပြီမို့ မျက်နှာပိုးသတ်ကာ အဖွဲ့လိုက် ဓါတ်ပုံရိုက်ကြလေသည်။မိန်းကလေးများဖြစ်သော ကျွန်မနှင့်မူမူအပါအဝင် လေးယောက်သား မြက်ခင်းတွင်ဒူးထောက်ထိုင်လျက် အမျိုးသား လေးဦးတို့က မတ်တတ်ရပ် ၍ရိုက်ကြသည်။အတန်းလိုက်စီ၍ ရပ်ကြသောအခါ မူမူနှင့်ကျွန်မမှာ ညာဘက်အစွန်တွင် နေမြဲအတိုင်း ရပ်လိုက်ကြ၏။
"မူမူက အဲ့နားနေ ကျန်တယ့်သူတွေက နေရာလဲရအောင် အရပ်တွေက မညီတော့ မလှဘူး"
"ဟုတ်လား ညီပြောလေ အကိုကြီးတို့ရွေ့မယ်"
"ကိုခန့်နဲ့ ကိုတေဇ က အလယ်မှာနေ ဘယ်ညာ တစ်ဖက်စီကို မမေခ နဲ့ တိုးကြီးကဝင်။ပြီးရင်အရပ်နည်းနည်းပိုရှည်တယ့်ကလေးမလေးကစီ"
ပြောလည်းပြော သူဘာသာသူလည်းလာရောက် နေရာချ၏။အဝေးမှာရပ်နေရာကသူ့ဘေးနားရောက်သွားရပြန်သည်။အဝတ်သစ်အစားသစ်မို့ စိတ်ကြီးဝင်နေပုံရကာ တစ်ချက်မျှပင်လှည့်မကြည့်ပေ။
"အဖွဲ့လိုက်လက်ချင်းတွဲပြီး တစ်ပုံရိုက်မယ်"
ဘေးက ညီမလေးက ကျွန်မလက်ကိုလာတွဲပေမယ့်သူကတော့ ဘောင်းဘီအိတ်ထဲလက်နှိုက်ထားနေဆဲ။သူတောင်မတွဲ တာ ကျွန်မကတော့ အရင်စ မတွဲနိုင်ပါဘူးနော်။မသိသလိုလေးရပ်နေဆဲ
"အကိုတေဇတို့ဘက်က လက်မတွဲရသေးဘူး"
ဟိုကလှမ်းအော်လေမှ ဖျတ်ခနဲလှည့်ကြည့်ကာ ကျွန်မလက်ကိုဆတ်ခနဲဆွဲယူ၏။ပုံလည်းရိုက်ပြီးရော ကိုင်ထားသောလက်ကို ဖျတ်ခနဲလွှတ်ချလျက် ကိုခန့်ကိုစကားပြောလေသည်။
"ကိုခန့် ဒီတစ်ခါ ဖျော်ရည်အပိုင်းကတော့ အားလုံးအတွက် အလုံအလောက်ပဲ။ကျွန်တော်သေချာမှာထားပြီးပြီ"
"ဟုတ်လား လက်မလွန်အောင်လည်းမှာထားဦး။လူဆိုးတွေရှိတယ်"
"စိတ်ချကိုခန့်"
ကျွန်မလည်း စိတ်ထဲစနိုးစနှောင့်ဖြစ်မိပေမယ့် သူတို့အနားဆက်မနေလိုသည်ကြောင့် ထွေထွေထူးထူးတွေးမနေပဲ မူမူနှင့်အတူမုန့်စားကြရန်ထွက်လာတော့သည်။ကြာဇံကြော် ခေါက်ဆွဲကြော် ထမင်းကြော် နံရိုးကြွပ်ကြော် များအားဘူဖေးအဖြစ်ခင်းကျင်းထားလျက် ဟင်းချို နှင့် သစ်သီးအချိုပွဲလည်းပါသည်။ တစ်ဖက်မှာလည်း ဘီယာ၊ ကော့တေး၊ဝိုင်(spy)ပုလင်း နှင့် အအေးတို့ပါစီစဥ်ထားသေးသည်။အတော်လေးတော့ စုံလင်အောင်ဖန်တီးပေးထားသည်ပင်။
ကျွန်မကတော့ ကြာဇံကြော်နှင့်နံရိုးကြွပ်ကြော်သာထည့်ယူခဲ့၍ စက်ရုံဘေးဘက်မှ ခုံတန်းတွင်ထိုင်စားရင်း မြက်ခင်းပြင် မှရောင်စုံလူများကို ငေးနေမိသည်။
"မမမေ အအေးသွားယူမယ်လေ"
"ခုံမှာသူများလာထိုင်နေဦးမယ် မူမူသွားယူရင်ယူလေ မမစောင့်နေမယ်"
"အင်း မမမေ ဝိုင်သောက်လား ကော့တေးရော ယူမလား"
"ဟင့်အင်း မမအတွက် အချိုရည်ပဲယူခဲ့ပေးနော်"
"ဒါဆို ခဏစောင့်နော်"
မူမူ အအေးယူရန်ထွက်သွားသည့်အခါ ကျွန်မလည်းထုံးစံအတိုင်း ဟိုငေး ဒီငေး လုပ်ငန်းကိုပြန်စလေသည်။
"ဟိတ် မေခ"
"ဟယ် နင်ကဒီကိုဘယ်လိုရောက်"
တစ်မြို့ထဲနေ ကျောင်းနေဘက်သူငယ်ချင်း ရဲခေါင်။မတွေ့တာပင် အတော်ကြာနေပြီ။ကြာဆို မိမိကအိမ်မပြန်ဖြစ်တာလည်း တစ်နှစ်ခွဲလောက်ရှိမှကိုး
"ငါက ငါ့ MD နဲ့အတူလာတာဟဲ့။နင့်ကိုတွေ့တော့ ဟုတ်မှဟုတ်ရဲ့လားလို့။ပြီးတော့ ခုဏက ငါလည်းချက်ချင်းလာမရလို့"
"ဟုတ်လား နင်က အခုဘာလုပ်နေတာလဲ"
"ငါက တရုတ်စကားပြန်ပေါ့ဟာ ငါ့ဘောစိရဲ့ အတွင်းရေးမှူးဆိုလည်းဟုတ်။လစာကလည်း မိုက်မှ မိုက်"
"အေးဟာ ကြားရတာ ဝမ်းသာပါတယ်"
"နင်ကလည်း ထိုင်ပါဦးဟ"
ရဲခေါင်က အပြင်ပန်းကြည့်လျင် ဖြူဖြူခန့်ခန့် တကယ့်အမျိုးသားကြီး။သို့ပေမယ့် ကျောင်းတုန်းထဲက ကနွဲ့ကလျအကျင့်က ခုထိမပျောက်။ကျွန်မဘေး ဝင်ထိုင်ပြီး စေ့စေ့ကြည့်ကာ မျက်နှာက မချိုမချဥ်လုပ်လျက်
"အမယ် မိန်းမက အတော်လှလာသား။ဒါပေမဲ့ သနပ်ခါးမပျောက်တော့ တောသူရုပ်ပေါက်နေတုန်းပဲဟဲ့"
ပြောလည်းပြော ကျွန်မ လက်မောင်းကိုလည်း ဖြန်းခနဲရိုက်ရာ နာလှသည်မို့တားရသေး၏။
"စကားနဲ့ပဲပြောပါဟာ။နင့်လက်ကြီးက လက်ပြတ်ကြီး နာတယ်ဟ"
"အေးပါ ဝမ်းသာသွားလို့။ပေး ဖုန်းနံပါတ်"
"နင်လည်းပေးဦး ငါက အန်တီယုတို့နဲ့အတူနေနေတာ နင်ကြုံရင်လာလည်လေ"
"အိုကေ အိုကေ"
ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို ကျောင်းတုန်းကအကြောင်း မြို့ကအကြောင်းများ ဖောက်သည်ချကြရင်း မူမူရောက်လာသည့်အခါမှ မိတ်ဆက်ပေးရင်း အဖွဲ့ကြနေကြတော့သည်။ကျွန်မတို့အတွက် အကြောင်းသိချင်းမို့ ပြောမနာ ဆိုမနာဖြစ်သလို မိန်းမချင်းလို ပေါင်းသင်းကြသည်မို့ တရင်းတနှီးဆန်သည်က အဆန်းမဟုတ်လှ။သို့သော် တေဇ အတွက်က  အတော်ကြီးအမြင်ဆန်းနေခဲ့သည်ကိုတော့ မသိလိုက်ပါချေ။ (⊙.⊙(☉_☉)⊙.⊙)
"သဝန်တိုခြင်းဟူသည် ကျား မ ဟူ၍ မခွဲခြားစကောင်းပေ။ကမ္ဘာဦးအစ ဟိုး ပဝေသဏီကစ၍ အဘယ်သူတို့က စတင်ခံစားတတ်အောင် သင်ပေးခဲ့သည်မသိ။အချစ်ကို သိဖို့သာ ခက်ချင်ခက်နေမည်။သဝန်တိုခြင်း ဟူသည့်အရာကား အလွန်ခံစား သိလွယ်သည့် သဘောကိုး "


rate now: