book

Index 11

အခန်း ၁၁

  • Author : shwesu
  • Genres : Romance

ကျွန်မ အတွက် ရုံးတက်ချိန်တွေက ခက်ခဲလာသည့်နှယ် ခံစားရသည်။လုပ်ငန်းကိစ္စအတွက် စိတ်ဖိစီးမှုက လျော့ပါးလာသလောက် အလုပ်ချိန်အတွင်းမှာ တေဇ အနားရောက်နေရခြင်းကပင် ပိုမိုစိတ်ကျဥ်းကြပ်နေစေသည်။ သူ့စိတ်ကိုလည်း ခန့်မှန်းရခက်သလို သူ့လုပ်ရပ်တိုင်းကိုလည်း ကျွန်မ နားမလည်နိုင်ခဲ့။ အခြားသူများနှင့်မတူပဲ ကျွန်မအပေါ် အသေးစိတ်စောင့်ကြည့်နေတတ်တာက ပို၍ အသက်ရှူကြပ်စေသည်။စိတ်မချလျှင်လည်း ကျွန်မကိုအစမ်းခန့်ကာလအဆုံးမှာပင် အလုပ်မှထုတ်ပယ်နိုင်ပါလျက် ဆက်လက်စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းလာသည်။တကယ့်ကို ရင်မောရပါသည်ကော။
"စာရင်းသွင်းတာတွေ အဆင်ပြေလား မမေခ"
လပတ် အစည်းဝေးကပြန်ရောက်သည်နှင့် စားပွဲမှာပင် မထိုင်ရသေး သူကစစ်ဆေးနေပြန်သည်။
"ဟုတ်ကဲ့ စာရင်းသွင်းတာက အဆင်ပြေပါတယ်။ဒါပေမဲ့ error တစ်ခုတော့ထပ်တွေ့တယ်။သူတို့ကိုထပ်ဖြည့်ခိုင်းမှရမှာ"
"ဟုတ်လား"
စားပွဲမှာတင်ထားသော ကော်ဖီခွက်ကိုယူကာ  အဖုံးဖွင့်ရင်းပြန်မေးသည်။သူကတစ်နေ့လျှင်အနည်းဆုံးကော်ဖီနှစ်ခွက်လောက်သောက်သည်။အစကတော့တိုးမောင်ကဖျော်ပြီးလာထားပေးလေ့ရှိသည်။နောက်ပိုင်း အပြင်ကိစ္စသွားရဖန်များလာတော့ သူ့ဘာသာဖျော်သောက်လေသည်။တစ်ခါတစ်လေ အလုပ်ကိစ္စပေါ်လာ၍ တစ်ဖက်ဌာနမှ ဖုန်းဆက်ခေါ်သည့်အခါ ဖျော်သောက်ရန်ပြင်နေဆဲနှင့် ထလိုက်သွားရတတ်၏။သည်လိုဖြစ်သည့်အခါတိုင်း အခန်းထဲအမြဲလိုရှိနေတတ်သည့်ကျွန်မက ထဖျော်ပြီးစားပွဲမှာတင်ပေးထားလိုက်သည်။သူကလည်း ပြန်ရောက်လာသည်နှင့် အေးအေး ပူပူသောက်လိုက်သည်ချည်း။အဆုံးသတ်ဆိုရသော် ကျွန်မသည် ကော်ဖီတာဝန်ကျသူဖြစ်သွားရတော့သည်။တစ်ခုတော့ရှိသည်။အလုပ်ကိစ္စတွင် အတိမ်းစောင်းမခံသော စာအုပ်ကြီးသမားဖြစ်သူက ကော်ဖီကိစ္စနှင့်တော့ တစ်ခါမျှအငြင်းမပွါး စကားလည်းမများပါပေ။ကျွန်မဖျော်သည့် nestel မှုန့်မှာ စပ်ဖျော်ကာစ ကိုယ့်ဘာသာပင် မသောက်နိုင်။ပေါ့လိုက် သကြားထည့်။ချိုလိုက် ကော်ဖီမှုန့်ထည့်။ခါးလိုက် နှို့မှုန့်ထည့်လိုက်နှင့် ပြင်မဆုံးတော့။ထိုသို့သောအချိန်များတွင် အနားမှာရှိချိန်နှင့်ကြုံပါက ရောက်လာလျက် သည်တိုင်းယူချပြီး သောက်သွားတတ်သည်ကတော့ ကျွန်မ ချီးကျူးမိရသည့်အချက်။အခုတော့ ကျွန်မပင်လျှင် ကော်ဖီ အတော်ဖျော်တတ်နေပြီလေ။
"မမေခ "
"ရှင် "
အနားကပ်ခေါ်လိုက်သံကြောင့် ရုတ်တရက် လန့်ပြီးထူးမိ၏။
"ဘယ်တွေစိတ်ရောက်နေတာလဲဗျ။ကျွန်တော်ခေါ်နေတာတောင် မကြားလိုက်ဘူး"
သူ့စကားကြောင့် ရှက်အမ်းအမ်း နှင့် ကျွန်မမျက်နှာကြီး ထူပူလာသလို အဖြေစကားလည်း လတ်တလော ပျောက်ရှသွားရသည်။ကျွန်မ သူ့အကြောင်းတွေးမိနေတာတယ့် ...
"နည်းနည်းအတွေးလွန်သွားလို့ပါ။ဘာကိစ္စလဲမသိဖူး"
"ဟောဗျာ"
သူက ခပ်ပြုံးပြုံးဖြစ်သွားလျက်
"ခုဏက error ရှိလို့ဆို။အဲ့ဒါဘယ်လိုဖြစ်တာလဲလို့ မေးနေတာဗျ"
"သြော် အဲ့ဒါက အဝင်နဲ့အထွက်စာရင်း၊အရောင်းစာရင်းတွေနဲ့ ပြန်အပ်တာတွေက software ထဲပါပြီးသားဆိုတော့ အလိုလို အနှုတ်ပြသွားတယ်။ဒါပေမဲ့ returnတွေ repair တွေကြ ကော်လံခွဲမပါဘူး။မှတ်ချက်နဲ့ထုတ်လည်း စာရင်းမှာ မဝင်ဘူးဖြစ်နေလို့"
"ဒါဆို ထပ်ဖြည့်မှရမှာပေါ့။အဝင်အထွက်ကိုက်ညီဖို့က စာရင်းသွင်းတာမှန်ဖို့ အရေးကြီးတယ်။အခုအချက်အလက်တွေကိုမှတ်ထားမမေခ။ကျွန်တော် ဖုန်းလှမ်းဆက်ပြီးခေါ်ပေးမယ်"
"ဟုတ်ကဲ့"
 သူက စားပွဲနားက ထွက်မသွားသေးပဲ တစ်ခုခုပြောမည့်ဟန်နှင့်ရပ်နေသည့်အခါ စာရင်းသွင်းသည်ကို ခဏရပ်လိုက်ပြီးသူ့ကိုမော့ကြည့်လိုက်သည်။သည်တော့မှ
"ကျွန်တော် တစ်ခုလောက်မေးမလို့"
"ဘာများလဲ ကိုတေဇ"
"မနက်ဖြန် နေ့လည်အန်တီယုရဲ့ဆွမ်းကပ်အလှူကိုကျွန်တော်လာလို့ရသလားလို့ပါ"
"ရှင်"
မထင်မှတ်ထားသောမေးခွန်းမို့ အံ့သြမိတာတော့အမှန်။ဒါကိုသူကသိပုံရလျက်
"ကျွန်တော့်ကို ဖိတ်ထားလို့ပါ။မမေခ အဆင်ပြေရဲ့လား"
"အန်တီယုက ဖိတ်ထားတာပဲ။လာလို့ရပါတယ်။အဆင်မပြေစရာတော့မရှိပါဘူး"
"ကောင်းပြီလေ ကျွန်တော်လာရင် ဝန်လေးနေမှာစိုးလို့ပါ"
ဖြေရှင်းချက်ပေးသလိုပြောရင်း သူ့စားပွဲဆီပြန်သွားလျက် software ကိစ္စဖုန်းဆက်နေတော့၏။ကျွန်မသာ အောင့်သက်သက်ဖြင့် စိတ်ခုကျန်ရစ်လေသည်။ဖိတ်ထားတယ်ပြောပြီး လာလို့ရလား မရလားမေးရအောင် မလာနဲ့ဆိုရင်ရော သူကမလာတော့ဘူးတယ့်လား။အန်တီယုလို လူကြီးတစ်ယောက်က တကူးတက ဖိတ်တာကိုသူအကျင့်အရ ငြင်းမှာမှ မဟုတ်တာ။အလကားသက်သက် ကြိုတင် စိတ်ဒုက္ခပေးတာပဲဖြစ်ရမည်။
ကျွန်မတောင် မသိလိုက်ရပဲ သူ့ကိုဘယ်ကဘယ်လိုဖိတ်လိုက်ရတာပါလိမ့်။
မိသော်တာ ၏ ပြုံးစိစိ မျက်နှာကြီးကိုပြေးမြင်လိုက်ကာ
"အမွှေမ"
သတိလက်ရွတ် ရွတ်လိုက်မိသည်ကိုသူက ကြားသွားပုံရကာ ကျွန်မဘက်ကို လှမ်းကြည့်သည်။မသိဟန်ပြုလျက် စာရင်းဆက်လုပ်နေလိုက်သည်။အခုပုံသာဆို ကျွန်မရဲ့အားလပ်ရက်မှာတောင် စိတ်အေးသက်သာဖြစ်မည့်ပုံမမြင်ပေ။
"မမေခ"
"ရှင့်"
စိတ်သိပ်မကြည်သည့်ကျွန်မ အငေါ်တူးသည့်နှယ် သံပြတ်နှင့်ထူးမိတော့ သူကသတိထားမိပုံမရပဲပြောလိုရာသာ စကားဆက်လာသည်။
"ကိုမောင်မြင့်တို့က ဒီဘက်ရောက်ဖို့လာမယ့်အဂ်ါလောက်မှရှိမယ်ပြောတယ်။တကယ်လို့ သူတို့ရုံးကိုလာနိုင်ရင်တော့ ပိတ်ရက်ထဲပြင်ပေးထားနိုင်တယ်ပြောတယ်။  လိုအပ်တာလေးတွေ ပြန်စဥ်းစားထားလိုက်ပါဦး။ကျွန်တော် ကိုခန့်ကို အကျိုးအကြောင်းသွားပြောလိုက်ဦးမယ်"
"ဟုတ်ကဲ့ ကိုတေဇ"
အခန်းထဲက ထွက်သွားတော့မှ ကျွန်မမှာ ဟင်း ခနဲ သက်ပြင်းမောကြီးချရသည်။အရမ်းအလုပ်လောဘကြီးလွန်းသည်။ကျွန်မအလုပ်ကြိုးစားသည်ဆိုသော်ငြား သူ့ကိုတော့ တစ်ခါတစ်လေ လိုက်မမှီသေး။software သမားလာမှပြင်တော့ ကျွန်မလည်းအသုံးပြုချိန်ပိုရသဖြင့်  error များကိုပို၍အသေးစိတ်စစ်နိုင်မည်မဟုတ်ပါလား...။

"တော်ပါပြီကွယ် ကိုယ့်ကုသိုလ်ပါပဲ"
စိတ်ပျက်လက်ပျက်ရေရွတ်မိရင်း။စာရင်းသွင်းရန်လိုအပ်သည့်အချက်အလက်များကိုသာ လက်ရေးမူစာရင်းစာအုပ်များနှင့်တိုက်စစ်နေလိုက်တော့သည်။သိပ်မကြာလိုက် ကိုခန့်နှင့်အတူ သူပါအခန်းထဲပြန်ရောက်လာသည်။
"ညီမလေးရေ ရပြီလား"
"ဟုတ်ကဲ့ အကိုကြီး ရပါပြီ"
ကျွန်မ ကအဆင်သင့်ရေးမှတ်ထားသော အကြမ်းစာရွက်လေးကိုယူ၍ စားပွဲတွင်ထိုင်နေသော ကိုခန့်ထံ လက်လှမ်းပေးလိုက်ရင်း
"ညီမလေး သုံးရင်း အဆင်မပြေတာအားလုံးထည့်မှတ်ပေးထားပါတယ်"
"ကောင်းတယ် နှုတ်တစ်ရာ စာတစ်လုံးတယ့် ရေးထားတော့ပိုသေချာတာပေါ့"
ကိုခန့်က စာရွက်ကို တစ်ချက်ဖတ်လိုက်ပြီးနောက်
"ဒါဆို သွားဖို့လုပ်လိုက်တော့တေဇရေ။ညီတို့ကို မြို့ထဲတက်မယ့် အဝယ်အဖွဲ့က ခေါ်သွားပေးလိမ့်မယ်။အပြန်လည်း သူတို့ဝင်ခေါ်မယ်။ဖြစ်နိုင်ရင် နည်းနည်းလောလိုက်ကွာ GMနဲ့ MD တို့က အဲ့ကိစ္စကို မြန်မြန်လက်စသတ်စေချင်နေကြတယ်"
"ကျွန်တော် ပဲသွားလိုက်မယ်အကို အခုက နေ့ဝက်ကျိုးနေပြီဆိုတော့ တော်ကြာနောက်ကျရင် မမေခ က ဖယ်ရီမမှီပဲဖြစ်နေဦးမယ်"
ကျွန်မမှာ ဝမ်းသာရမလို ဝမ်းနည်းရမလိုနှင့် ဘာဖြစ်မည်မသိရသေးတော့ စားပွဲနားလေးရပ်စောင့်နေရ၏။
"ဟုတ်တော့ဟုတ်ပါတယ်။ရှေ့ရက်က စ run ထဲက မင်းတို့နှစ်ယောက်က သုံးနေကြဆိုတော့ အကိုက မေခ ကိုပါလိုက်စေချင်တာ။အဓိက က သူသေချာကျွမ်းကျင်ပြီး အသုံးတည့်အောင်ပြင်ပေးမှ ကလေးတွေကို ဆက် run ခိုင်းရမှာလေ"
ကိုခန့်ပြောတာ ဟုတ်တော့လည်းဟုတ်သား။အဖြေက ကျွန်မပဲထုတ်ရတော့မည့်ပုစ္ဆာ။ကံကိုက ဘက်မသာတာ။
"ရပါတယ် အကိုကြီး ညီမလေးလိုက်သွားပါ့မယ်"
"အေးကွာ နည်းနည်းလောက်အပင်ပန်းခံပေးပါဦး။အကိုတို့ဌာန အဆင်ပြေပြီးမှ finance ဘက်ကိုလည်း လွှဲလို့ရမှာဖြစ်နေလို့ကွာ"
"ဟုတ် ရပါတယ် "
ကျွန်မကို ထားခဲ့ဖို့စဥ်းစားပေးသော တေဇ
ကိုပဲကျေးဇူးတင်ပေးရမလိုလို။သုံးလက်စ file အား stickလေးထဲကူးထည့် မှတ်စုစာအုပ်၊အနွေးထည်နဲ့ error စာရင်းစာရွက်တို့ကိုယူလိုက်ပြီး laptop အိတ်လေးထဲထည့်လိုက်သည်။
"မမေခ အဆင်သင့်ဖြစ်ရင်သွားကြရအောင်"
"စက်က ကိုတေဇစက်ပဲယူရမယ်ထင်တယ်"
"ဟုတ်တယ် ဒီမှာကျွန်တော်ယူထားပြီးပြီ၊ပေးလေ အိတ်နဲ့ထည့်ရအောင်"
ပြောလည်းပြောရင်း ကျွန်မလက်ထဲက အိတ်ကိုသူက လှမ်းယူလိုက်ပြီး laptop ကိုထည့်သည်။ပြန်ပေးမည်အထင်နှင့်ယူရန်စောင့်နေပေမယ့် အိတ်ကိုလွယ်ရင်း အခန်းထဲကထွက်သွားသည်မို့ ဖုန်းကိုယူကာ သူ့နောက်က လိုက်ခဲ့ရတော့သည်။လှေကားအတိုင်းဆင်းလာကြရာသူက အရှေ့မှ သွားနေရာကရပ်စောင့်ရင်း ဘောင်းဘီအိတ်ထဲမှ outpass card (ပြင်ပထွက်ခွာခွင့်ကဒ်)ကို ထုတ်ရင်းလည်မှာဆွဲလိုက်၏။ကျွန်မသူ့အနားအရောက်
"မမေခ ခဏ"
"ဟုတ်"
ဘာများပြောမလဲဟု သူ့ကိုရပ်ကြည့်စဥ်လက်ထဲကျန်နေသော outpass cardကို ကိုင်၍ ကျွန်မလည်ပင်းမှာ ချိတ်ဆွဲပေးလိုက်လေသည်။ကြက်တောင်စည်းထားသောဆံပင်တို့ကိုပါမဖယ်ပြီး ကြိုးကိုလည်ဂုပ်ထက်မှာချပေးသည့်အခါ သူ့ရင်အုပ်ကျယ်အကြားမှာ တုပ်တုပ်မျှမလှုပ်ရဲသည့်ကျွန်မ။ဒါတောင်သူကကျွန်မကို အလုပ်သင်များမှတ်နေလေသလားမသိ မှာတမ်းခြွေ၏။
"Card ကိုနောက်တစ်နေ့ရောက်တာနဲ့ပြန်အပ်ရမှာသိတယ်နော်။ပျောက်လည်းမပျောက်စေနဲ့"
"အင်း ဟုတ်ကဲ့"
ခပ်မြန်မြန်ဖြေရင်း သူ့ရှေ့က ခပ်သုတ်သုတ်ဆင်းလျှောက်လာခဲ့တော့သည်။ အောက်ထပ်ရုံးခန်းများမှ လူတွေများ မြင်သွားကြရင် ဘယ်လိုတွေထင်ကြမည်နည်း။တေဇ တစ်ယောက်လုပ်လိုက်ပြီဆို အဲ့သည်လိုချည်းပဲ။
"ညီမရေ နောက်ခန်းမှာထိုင်ကြဟေ့ "
"ဟုတ်ကဲ့ ဂျာကြီး "
နောက်ခန်းမှာ admin မှ စာရေးလေးက တံခါးဖွင့်ပေးရင်း လာလာ အမဟု လှမ်းခေါ်၏။ ဒီနေ့ဘယ်လိုပါလိမ့်နော် ။အဲ့လူနှင့် နောက်ခန်းမှာထိုင်ရမှာလား။တွတ်ပီ ဒီနေ့အတော်ကံမကောင်းပါလားနော်။
"တေဇ ရေ ညီ ဘယ်ကိုပို့ရမလဲ"
"သက်န်းကျွန်းစျေးနားချပေး အကို"
"အေးကွာ တက်တက်"
သူက ကျွန်မဘက်မှမတက်ပဲ ဟိုကလေးကိုခဏ ထွက်ခိုင်း၍ အလယ်ကဝင်ထိုင်သည်။သို့သော် ကျွန်မအား သက်တောင့်သက်သာ လိုက်ပါစေရန် သူကတော့ ဟိုကလေးဘက်တိုးထိုင်ကာ လိုက်ပါလာ၍သာတော်တော့သည်။
ဘယ်ဘဝ ရေစက်ရယ်မသိ။ခုတလောမှာ တေဇနဲ့မကြာခဏကို ထိပ်တိုက်တွေ့နေရတာ။အခုလည်း ဘယ်အချိန်မှပြီးမည်မသိသေး။အိမ်အပြန်နောက်ကျသည့်အခါရုံးမှကားနှင့်ဖြစ်စေ taxi ငှား၍ဖြစ်စေ သူကိုယ်တိုင်ပြန်လိုက်ပို့ပေးလေ့ရှိသဖြင့် တစ်မျိုးစိတ်မပူရ။သို့ပေမယ့် အစိုးမရ စိတ်မထင်သလို ပြုတတ်လွန်းသည့်အကျင့်ကလည်း တစ်မျိုးရင်ပူရပြန်သည်။ကျွန်မ အရင်ဘဝက သူ့အပေါ် အကြွေးများတင်ခဲ့လေသလား အနိုင်ပဲကျင့်မိခဲ့လေသလား လို့တောင်တွေးမိရသည်အထိ။
"ညီရေ ပါကင်မထိုးတော့ဘူးနော် လမ်းနည်းနည်းရှင်းတယ့်နားရပ်လိုက်မယ်"
"ရတယ်အကို ငမိုးရိပ် နှစ်လမ်း ကိုသွားရမှာ အဆင်ပြေတယ့်နားချခဲ့ပေး။အကိုပြီးရင် ဖုန်းလှမ်းဆက်ပေးလေဗျာ။အဆင်ပြေရင် အတူပြန်ကြရအောင်"
"အိုကေ ညီလေး" နာရီကြည့်တော့နှစ်နာရီခွဲ။ကားလမ်းရှင်းလျှင်တော့ အပြန်စောတန်ကောင်းပါရဲ့။ကျွန်မတို့ကို လမ်းထိပ်မှာချပေးသည်မို့ ကားပေါ်ကဆင်းကာ နှစ်လမ်းထဲလျှောက်ဝင်ခဲ့ကြသည်။အိတ်ကိုလွယ်ရင်း အရှေ့မှ ဦးဆောင်လျှောက်နေသော တေဇ နောက်မှ ကျွန်မမှာမှီအောင် မနည်းလိုက်ရ၏။ကျွန်မသည် မိန်းကလေးဆိုသော်ငြား ခြေလှမ်းသွက်သည့်သူတစ်ဦးဖြစ်လေသည်။အရပ်မြင့်မြင့်ခြေလှမ်းကျယ်ကျယ် လှမ်းပါသော ဤအမျိုးသားနှင့်ယှဥ်သောအခါတွင်မူ နောက်ကောက်ကျ ကျန်ရပြန်သည်။နေပူပူမို့ တိုက်အရိပ်အောက်က လျှောက်သည့်တိုင် နဖူးနှင့် မျက်နှာထက်မှာ ချွေးတို့စို့လာသဖြင့် လက်ခုံနှင့်သုတ်ဖယ်ပစ်လိုက်သည်။တစ်ဆက်တည်းတွေးမိတာကအရင်ကအကြောင်းတွေ။
  အိမ်မှာတုန်းကလည်း ကိုကိုကြီးနှင့် အတူသွားလာရသည့်အခါတိုင်းတွင် ကျွန်မမှာခပ်သော့သော့လိုက်ရစမြဲ။
လမ်းဟိုဘက်ထိပ် အတွင်းဘက်ထိဝင်ရမည်ဖြစ်ရာ နှစ်ဘလောက်ကျော်အပြီး လမ်းတစ်ဖက်ခြမ်းတွင်ရပ်၍ သူစောင့်နေလေတာမြင်သည့်အခါ ခရီးဖင့်စေမိသည့်အတွက် အားတုန့်အားနာဖြစ်သွားရသည်။ကားလမ်းကို အမြန်ဖြတ်လျှောက်မိချိန် လမ်း၏ညာဘက်အခြမ်းဆီမှ အရှိန်ပြင်းပြင်းမောင်းလာသည့် ကားတစ်စီး။ကျယ်လောင်လှသော  ဟွန်းသံက ဟိန်းထွက်လာလေသည်။နေပူသဖြင့် ညာလက်လေးဖြင့် မျက်နှာကိုအုပ်ကာရင်း အမှုမှတ်မဲ့ ကားလမ်းကူးမိသည့် ကျွန်မမှာ ရုတ်တရက်ကြီးမို့  မှင်သက်စွာရပ်နေမိတော့၏။
"ဟေ့"
"ကျွီ "
ကျွန်မလက်မောင်းနှစ်ဖက်မှ ချုပ်ကိုင်ဆွဲယူခြင်းခံလိုက်ရကာ လူက တစ်ပတ်လည်ရင်း လေထဲမှာမြောက်ပါသွားရသည်။လမ်းရဲ့တစ်ဖက်ဘေးကိုအချိန်မှီလေးရောက်သွားပေလို့သာ။ မဟုတ်လျှင် ဘရိတ်အုပ်လိုက်ပေမယ့် အရှိန်လွန်နေသည့် ကားအောက်မှာ ကျွန်မရောက်နေခဲ့မှာ
"မင်းကွာ အဲဒါသေတတ်တယ် သိလား"
ကားမောင်းသူလည်း ထိတ်လန့်သွားပုံရကာ စိတ်တိုတိုနှင့်လှမ်းအော်သည်။
"လမ်းကူးရင် သေချာကြည့်ကူးပါဟ"
ကျွန်မကို စိုက်ကြည့်နေသော သူ့မျက်လုံးတွေက အခိုးငွေ့တွေပင်ထွက်နေသလိုထင်ရစေသည်။လက်မောင်းနှစ်ဖက်ကို ချုပ်ကိုင်ဆွဲမထားဆဲမို့ ခြေဖျားထောက်ရပ်နေရသည့်ကျွန်မ။မေးကြောကြီးများထင်းနေအောင် အံတင်းတင်းကြိတ်ရင်း ကြည့်နေတယ့်သူ့မျက်နှာကိုကြည့်ကာ မျက်ရည်စတွေက တစ်ပေါက်ပေါက်ကျဆင်းလာရသည်။အံ့သြခြင်း ထိတ်လန့်ကြောက်ရွံ့ရခြင်းတို့ ရောပြွန်းဝေခွဲမရသည်က  တစ်ဖက်။သေဘေးမှလက်မတင်လေး လွတ်သည်ရှိသေး ဆူပူဟိန်းဟောက်ခံရ သဖြင့် ဝမ်းနည်းအားငယ်စိတ်တို့ကတစ်ဖက်။တားဆီးမရစွာ မငို မရှိုက်ရပါပဲ မျက်ရည်သာတွေတွေစီးကျလာရသည်။
လမ်းသွားလမ်းလာ အချို့နှင့် ဆူညံသံအချို့ကြောင့် အပြင်ထွက်ကာ ရပ်ကြည့်ကုန်ကြသော တိုက်ခန်းမှ လူတစ်ချို့ရဲ့တီးတိုးစကားသံတွေ။
"လာ လိုက်ခဲ့"
ကျွန်မလက်ကို လက်ကောက်ဝတ်မှ ဆုပ်ကိုင်လျက် သူဆွဲခေါ်ရာနောက် ခေါင်းငုံ့လိုက်ပါလာရသည်။တိုက်ခန်းလှေကားတစ်ခုဆီဦးဆောင်ခေါ် ရာနောက် ခလုတ်တိုက်မိမတတ်လိုက်လာရင်းက မထိမ်းနိုင် မအောင့်နိုင်စွာ သူ့လက်အကြားမှ စောင့်ဆွဲရုန်းထွက်လိုက်တော့သည်။ မြဲမြံလွန်းတယ့် သူ့လက်ကို လွတ်အောင်မရုန်းနိုင်ခဲ့။
"လွှတ် လွှတ်ပေးလို့ဆို"
အသံကိုထိမ်းလျက် ကျွန်မ အော်လိုက်သည့်အခါ သူက မျက်နှာချင်းဆိုင်ရပ်ကာ စေ့စေ့ကြည့်ရင်းမေးလာသည်။
"ဘာလို့လွှတ်ပေးရမှာလဲ"
"ကိုယ့်ဘာသာသွားမလို့ပေါ့"
သူက ခနိုးခနဲ့ လှစ်ခနဲပြုံးမိသွားပြီး
"လှေကားက ချော်ကျလိမ့်မယ် မရဘူး"
"မသိဘူး လွှတ် လွှတ်လို့ဆို"
"ကျွတ် "
စိတ်မရှည်သလို ညည်းတွားရင်း သူခေါင်းခါသည်။
"မင်းသိတယ်နော် မေခ။စောဒကမတက်နဲ့ လိမ္မာစမ်းပါ"
"မသိချင်ဘူး မသိဘူး ငါ့ဘာသာ .."
လက်တစ်ဖက်ကိုချုပ်ထားရင်းက ကျွန်မခါးကိုသိမ်းပွေ့မချီခြင်းကိုခံလိုက်ရကာ လူက လေထဲမြောက်သွားရသည်။ကျွန်မ နဖူးကို သူ့နဖူးနှင့် ခပ်ဆတ်ဆတ်တိုက်ပစ်ရင်း နှစ်ဦးသားကြားသာရုံ ခပ်တိုးတိုးစကားဆိုသည်။
"မင်းကို အမှုန်ချေပစ်ချင်လောက်အောင် စိတ်တိုနေတာနော်မေခ။မမိုက်ချင်စမ်းပါနဲ့"
ကျွန်မမှာလှိုက်တက်လာသည့် စကားတွေကို နင်းကန်မြိုချပစ်ကာ စိတ်ပျက်လက်ပျက်ကြီးငိုချမိတော့သည်။
"အင့် ဟီးးး"
" ဟာ ဘာငိုတာလဲ မင်းမရှက်ဘူးလား"
စကားမေးလည်းမရအောင်ငိုနေတော့မှ လက်မြှောက်အရှူံးပေးသည့်နှယ် ကျွန်မ ကို ချီမထားရာက ချလျက် သူ့ရင်ခွင်ထဲသိုင်းဖက်ထားလေသည်။ကျောပြင်ကို ဖွဖွမျှပုတ်ရင်း သက်ပြင်းမောကြီးလည်းချလိုက်သေး။
"ကျွန်တော် ဘယ်လောက်စိတ်ပူသွားသလဲ ခင်ဗျားတွေးကြည့်နိူင်မှာတောင်မဟုတ်ဘူး။သတိလေး ဘာလေးကပ်ပါဗျာ"
သေမင်းခံတွင်းဝနား ရောက်သွားသူကိုဘာဖြစ်လဲတစ်ခွန်းမမေးပဲ ဆူပူအော်ဟစ်ဖို့လောက်သာ သိတယ့်လူ။ဘယ်သူက တမင်လုပ်ပါ့မလဲလေ။
"ဟိတ် တော်တော့သူများမြင်ရင် တမျိုးထင်မယ်။ခဏနေ သူများရုံးထဲဝင်ရရင် ဝိုင်းကြည့်ခံရလိမ့်မယ်"
ဒီစကားအကြားမှာတော့ ပစ်ပယ်၍မနေနိုင်တော့ပြီ။သူ့ရင်ဘတ်ကြီးကို တွန်းထုတ်ကာ   တအင့်အင့်ရှိုက်နေလျက်က မျက်ရည်စတွေကို လက်ဖဝါးနှစ်ဖက်ဖြင့်သုတ်နေသည်ကို ပြုံးပြုံးကြီးစိုက်ကြည့်နေပြန်သည်။
"ဘာလဲ သနပ်ခါးတွေမည်းကုန်လို့လား"
"ဒီလောက်ငိုထားမှ မည်းတူးကုန်ရောပေါ့ နေဦး"
ဘောင်းဘီအိတ်ထဲ မှ လက်ကိုင်ပုဝါကိုထုတ်ယူပြီး ကျွန်မမျက်နှာမှ သနပ်ခါးတွေကိုသူ့ဘာသာ သုတ်ဖယ်ပေးပြန်သည်။ အေးငြိမ်းနေသောမျက်နှာအမူအယာနှင့် ညင်ညင်သာသာအပြုအမူတွေက အစောတုန်းဆီက အခြေအနေတို့နှင့် လုံးဝ ကို ဆန့်ကျင်ဘက်။
လုပ်ချင်ရာလုပ် ပြောချင်ရာပြောတတ်တယ့်သူ့အကျင့်တွေကို ကျွန်မသိပ်မုန်းသည်။မျက်နှာလွှဲ ခေါင်းငုံ့လိုက်သည့်အခါ မေးဖျားမှ ဆွဲမော့စေလျက်
"မပြီးသေးဘူးကွ"
တလဲ့လဲ့လက်နေသော သူ့မျက်ဝန်းမှာ ဒေါသအရိပ်အငွေ့မရှိခဲ့။ပိရိထင်ရှားသော နှုတ်ခမ်းများက ပြုံးနေသယောင်ယောင်မဖြစ်နိုင်လိုက်တာ။သူက ကျွန်မကို ဘယ်တုန်းကမှအကောင်းမြင်တာမှမဟုတ်တာ။
"ရော့ ယူထား"
ကျွန်မလက်ထဲ လက်ကိုင်ပုဝါကိုပေးကာ ကျောခိုင်းလိုက်ရင်း လှေကားအတိုင်း ဆက်လျှောက်သွားတော့သည်။သူ့နောက်က ခပ်ခွါခွါ လိုက်ခဲ့ရင်း ပုဝါလေးကို ကျစ်ကျစ်ဆုပ်ထားမိသည်။ တတိယထပ်ရှိ software company ရောက်တော့ သူက ရေတစ်ခွက်တောင်း၍ ကျွန်မအားသောက်စေသည်။ လိုအပ်သော စာရင်းကိစ္စအဝဝ တို့အား သူကိုယ်တိုင် ဦးဆောင်ဆွေးနွေးရင်း ကျွန်မကိုစိတ်မချသလို တကြည့်ကြည့်နှင့် အကဲခတ်နေပြန်သည်။
"အခုပြောတယ့်အချက်တွေကို အကုန်ဖြည့်ပြီးရင် တန်လာနေ့ကျ ကျွန်တော်တို့လာပို့ပေးမယ်အကို "
"ဟုတ်လား ဒီလိုဆိုရင်ပို အဆင်ပြေတာပေါ့ ။ကိုမောင်မြင့် မလာဖြစ်ရင်လည်း ဖုန်းကြိုဆက်ပေးဦးလေ။ ကျွန်တော်တို့လာယူရအောင်လို့"
"ဟုတ်ကဲ့ပါဗျာ လှမ်းဆက်ပေးပါ့မယ်၊ဒါထက် မမေခ နေများမကောင်းလို့လား"
"ရှင် ဟုတ်ကဲ့အကို "
သူက ကျွန်မခေါင်းကို ဖွဖွအုပ်ကိုင်ကာ ရယ်ရယ်မောမောပြန်ဖြေသည်က
"ဒီနားရောက်ကာမှ ကားနဲ့တိုက်မိမလိုဖြစ်သွားတာလေ။ရှော့ဖြစ်နေတာမို့။မဟုတ်ရင် ကိုမောင်မြင့်သိတယ့်အတိုင်း သူ့မှာ မေးခွန်းတွေကုန်မှာမဟုတ်ဘူး"
"သြော် ဒါ့ကြောင့်ကိုး။ခုမမေးအားလည်း အေးဆေးပေါ့။သုံးရင်း လိုအပ်တာရှိရင် ကျွန်တော့်ဆီသာ ဖုန်းဆက်လိုက် ဟုတ်ပြီလား"
ဖော်ရွေလှသော ကိုမောင်မြင့်ကြောင့် ကျွန်မမှာ အတန်ငယ်စိတ်သက်သာရာ ရသွားသည်။
"ဟုတ် ကျေးဇူးပါအကို ညီမဆက်လိုက်ပါ့မယ်"
နှုတ်ဆက်ကာ ထွက်လာခဲ့ကြရင်း တိုက်အောက်ရောက်သည်အထိ စကားမပြောဖြစ်ကြ။လမ်းမထက်ရောက်တော့သူက ရပ်စောင့်ရင်း ပြောလာသည်။
"ကျွန်တော်တို့က ထင်သလောက်မကြာတော့ ဖုန်းဆက်ကြည့်လိုက်ဦးမယ်။သူတို့ကြာနေရင်တော့ကိုယ့်ဘာသာပြန်ကြတာပေါ့"
"ကောင်းပါတယ်"
ညနေလေးနာရီဆိုတော့ နေလည်းအေးသွားပြီမို့ လမ်းမထက်မှာ လူအသွားအလာမပြတ် စည်ကားနေခဲ့ပြီ။ဟိုဟိုသည်သည် ကြည့်ငေးရင်း ဖုန်းပြောနေသည့်တေဇ ကိုသတိထားကြည့်မိပြန်သည်။မြင့်မားသည့်အရပ်နှင့် လိုက်ဖက်စွာ ကြံ့ခိုင်သော ကိုယ်လုံးကိုယ်ထည်ရှိသူမို့ ကျောခိုင်းရပ်နေသည့်တိုင် အချိုးကျကြည့်ကောင်းနေပါသည်။တစ်ခုပဲ။
သည်းညည်းခံတတ်တယ့် စိတ်ကလေးတစ်ခုပဲ လိုအပ်နေခြင်း။သည်လိုပြောဖို့ရာကလည်ခက်လှသည်
အလုပ်ကိစ္စများနှင့် လူမှု့ဆက်ဆံရေးတို့မှာ ပြေပြစ်လွန်းလို့သာ ဒီအသက်အရွယ်နဲ့ သူဒီလောက်နေရာရနေတာ။ကျွန်မကိုကျမှ ကွက်ကွက်ကွင်းကွင်း ဆိုးဝါးနေတော့
"ကျွန်တော်တို့ နာရီဝက် လောက်စောင့်ရမယ်။ကားကြပ်ရင်တော့နည်းနည်းပိုကြာမှာ"
"အင်း "
"လာ လမ်းထိပ်က သွားစောင့်ရအောင်"
ကျွန်မဖြေတာကိုသူမစောင့် ရှေ့ကဦးဆောင်ထွက်သည်။ခြေလှမ်းပင် သုံးလှမ်းမပြည့်တတ် ရပ်တန့်ကာ နောက်လှည့်ကြည့်သည်။
"မေ့သွားလို့"
"ဘာကိုလဲ ကိုတေဇ"
သူကမပြော။ကျွန်မလက်တစ်ဖက်ကိုသာ ဆွဲယူလျက် လက်တွဲ၍ခေါ်သည်။
"safety first"
"ဘာမှမဖြစ်ပါဘူး ခုဏက သတိလွတ်သွားတာမို့ပါ"
"လာပါ ကျွန်တော်နေ့လည်စာ လွတ်ထားတော့ ဗိုက်အရမ်းဆာနေတာမို့ စောင့်ရင်းတစ်ခုခုစားလို့ရအောင်သွားကြစို့"
ဗိုက်ကိုပုတ်ပြသည့် သူ့မျက်နှာက တည်တည်ကြည်ကြည်ဖြစ်နေသည်မို့ သက်သက်အသားယူတာလားလို့ မေးဖို့ကြ တွန့်ဆုတ်သွားရ၏။သူ့ခြေလှမ်းကို လိုက်မမှီမှန်းသိသွားသည့် တေဇက ကျွန်မလျှောက်သာရုံသာလှမ်း၍ တော်တော့သည်။
သူ့လက်ဖဝါးဆီမှ အနွေးဓါတ်က ကျွန်မလက်ကိုပါ ကူးစက်လာသလိုထင်ရသည်။ အမျိုးသားတစ်ယောက်ကို လက်တွဲပြီး လမ်းလျှောက်ရသည့်ခံစားချက်က စိမ်းသက်လွန်းသလို အတော်လေးတော့ စိတ်မသက်မသာဖြစ်ရသည်။သူစိတ်မချရအောင် ကျွန်မက စိတ်မနှံ့သူလည်းမဟုတ်။လမ်းမလျှောက်တတ်သေးသည့် ကလေးလည်းမဟုတ်ပါပဲနဲ့။
ဖြတ်သွားဖြတ်လာ မျက်နှာခြင်းဆိုင်မိသည့် လူအချို့ထံမှ အကြည့်ခံရလေတိုင်း မျက်နှာတစ်ပြင်လုံး ရှိန်းတိန်း ဖိန်းတိန်းဖြစ်လာရမြဲ။ လမ်းထိပ်အရောက် တစ်ဖက်သို့လမ်းဖြတ်ကူးသည့်အခါ ကျွန်မကို သူ့ဘေးမှာကာထားပြီးလျှောက်စေတာက ဘယ်ညာ ယာဥ်ကြော နှစ်ဖက်စလုံးသည်အတိုင်းသာ။
"ဟိုနားက ဆိုင်လေး သန့်ပုံရတယ် လမ်းမတန်းဆိုတော့ ကားစောင့်ရတာလည်းမြင်သာတယ်"
"ရပါတယ် "
ဆိုင်လေးက ရှမ်းအစားအစာဆိုင်။သူက လမ်းမဘက်သို့ မျက်နှာမူကာချထားသာ စားပွဲရှည်တွင်နေရာယူပြီး ဆီချက်တစ်ပွဲမှာသည်။ကျွန်မဘက်လှမ်းကြည့်တော့ သူမမေးခင် ခပ်မြန်မြန်ဖြေလိုက်သည်။
"ဆီချက်ပဲ"
စားပွဲမှာထိုင်သည်အထိ ကျွန်မလက်ကို မလွှတ်သေးပဲ ကိုင်ထားသည်ကတော့သိပ်အဆင်မပြေလှ။ဘေးချင်းယှဥ်ထိုင်ရသည့်အခါ အရပ်မြင့်သည့်သူ့ပုခုံးသာသာလာလောက်သာဖြစ်နေသည့်အတွက် မော့ကြည့်နေရတာကိုလည်း မနှစ်သက်ပါချေ။
"ကိုတေဇ"
"ဗျာ"
အမယ်လေး။အတော်ကိုယဥ်ကျေးတာလို့ သူများထင်ချင်စရာ လေသံ။ မျက်နှာနှင့် အကြည့်တွေကလည်း ကြည်ကြည်လင်လင်နဲ့။
စားပွဲပေါ်တင်ထားသော သူဆုပ်ကိုင်ထားဆဲဖြစ်သည့် ကျွန်မလက်ဆီ မေးဆတ်ပြတော့မှ ရယ်ကျဲကျဲဖြစ်သွားလျက်
"ဟုတ်သားပဲ" ဟုဆိုသည်။လူကြီးရှက်လို့ ရယ်သည်ဆိုတာ ဒီလိုအဖြစ်မျိုးများလား။ထိုသို့ဆိုနေသည့်တိုင်အောင် ကျွန်မလက်ကို မလွှတ်ပေးသေးပဲ ခပ်တင်းတင်းဆုပ်ကိုင်လျက် ကျွန်မဘက် ငဲ့ကြည့်ကာ သူကစကားဆိုလာသည်။
"တချို့ဆုံးဖြတ်ချက်တွေက အချိန်အများကြီးယူစရာမလိုဘူးဆိုတာ မင်းယုံလား"
"ရှင် "
ရုတ်တရက်မို့ သူပြောတာကို နားမလည်သည့်ကျွန်မ ဘာမှအဖြေမပေးနိုင်။သူ့မျက်နှာကိုကြည့်တော့လည်း နောက်ပြောင်ပြောဆိုနေခြင်း မဟုတ်တာအသိသာကြီးလေ။ထို့အပြင် မျက်ဝန်းအကြည့်တွေကိုက သိမ်မွေ့နူးညံ့နေသလိုခံစားရစေသည်။ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက်သူပြုံးပြန်သည်။
"တစ်ခါတစ်လေ မင်းရဲ့ မသိမတတ်မှုတွေကို ကျွန်တော် သိပ်အသည်းယားတယ်"
စူးစမ်းစိတ်နှင့် မော့ကြည့်နေသည့် ကျွန်မပါးပြင်တစ်ဖက်ကို ဖွဖွလိမ်ဆွဲရင်း သူပြောတော့ အဖြေရှာမရသည့်အပြင် ပိုတောင်စိတ်လေးသွားရသည်။
ကျွန်မလက်ကို လွှတ်ပေးရင်း စားပွဲမှာလာချပေးသည့် ဆီချက်ပန်းကန်လုံးကို ဆွဲယူပေးပြီးတူတစ်စုံကိုပါ ထုတ်ပေး၏။
"သိပ်မအေးခင်စားကြရအောင်။တော်ကြာ ကားရောက်လာမှ မပြီးပဲဖြစ်နေမယ်"
သူကိုယ်တိုင်လည်း စတင်စားသောက်နေတော့ အီလည်လည်နှင့် ကျွန်မလည်း စားဖို့ပြင်ရသည်။
ပထမဦးဆုံးအကြိမ်အဖြစ် သူ့နှုတ်မှ ဖွင့်ဟဝန်ခံလာသည့် ထိုစကားက လူပျိုလှည့်စကားလို့ ထင်ရအောင်လည်း သိပ်မသေချာလှ။ကျွန်မကနှစ်သက်လောက်စရာ ထူးခြားသည့် ရုပ်ရည်သွင်ပြင်မျိုးလည်းမရှိ။သူလက်ခံလောက်သည့် ထက်မြက်သည့်အရည်အချင်းမျိုးလည်း ရှိမည်မထင်ပေ။နောက်ပြီး အခုပဲ သူမဟုတ်တော့သလို မျက်နှာအနေအထား အမူအယာတို့ကပြောင်းလဲနေပြန်တော့တာ။
စိတ်ရှုပ်ရှုပ်နှင့် ဆီချက်ကိုသာ ငုံ့စားနေလိုက်သည်။ ဒါက ဗိုက်ဝမှာ သေချာသည်ကိုး။
°º¤ø,¸¸,ø¤º°`°º¤ø,¸,°º¤ø,¸¸,ø¤º°`°º¤ø,¸,
"မိန်းမတစ်ယောက်ရဲ့ အကြီးမားဆုံးအားနည်းချက်က မိမိရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုနိုင်သည့် အခွင့်အရေး နည်းပါးလွန်းတာပဲဖြစ်သည်။မိမိ ချစ်ရသူကို ကိုယ့်ဘက်က စတင် ချစ်ရေးဆိုခွင့်လည်းမရှိ။အစဥ်အလာဓလေ့ကိုက ပြစ်မှုလိုထင်မှတ်နေစေခဲ့တာ။ထို့အတူ လူသိရှင်ကြား တွဲသွားတွဲလာလုပ်ဖူးပြီးမှ ပတ်သက်မှုမရှိပါဘူးလို့ ငြင်းဆန်လျှင်လည်း ဘယ်သူကမျှ နားလည်မပေးနိုင်ကြသည့် ပတ်ဝန်းကျင်မျိုးမှာသာ ရှင်သန်ကြီးပြင်းလာကြသည့်အဖြစ်။ Human Right ဆိုတာ တစ်ခါတစ်ရံ မျက်နှာသာလိုက်တတ်တာမျိုးလေ။(အထူးသဖြင့် မဟာအမျိုးသားဝါဒကြီးစိုးရာ နိုင်ငံအချို့မှာပေါ့)
❀◕ ‿ ◕❀
  Stay at home. ဒီတော့အလုပ်နားတုန်းစာပိုရေးမယ်နော် :-) 


rate now: