book

Index 2

ချစ်လှစွာသော အရှင့်သား

  • Author : Nyo Zaw
  • Genres : Drama, Biography


ငါ့ရဲ့ ပျော်ရွှင်စရာနေ့ရက်တွေက အဆုံးသတသွားခဲ့ပြီ။ ငါဟာ တစ်နေ့တစ်နေ့ ပူပန်ခြင်းတွေနဲ့သာ နေထိုင်နေရတယ်။ သူဟာ ယခုထိတော့ အားလုံးအမြင်မှာ အရူးတစ်ယောက်ဖြစ်နေဆဲဘဲ။ သူဟာ ငါ့ကိုရှေ့ထားပြီးတောင် အားလုံးကိုဆက်လက် လိမ်ညာနေဆဲဘဲ။ သူ့ရဲ့ ပုံစံအမှန်ဖော်ထုတ်လိုက်ရမလားလို့ ငါတွေးမိပေမယ့် တကယ်တမ်းတော့ ငါမလုပ်နိုင်ဘူး။ ဒီနောက်ပိုင်း သူ့အတွက်ပိုလို့ ပိုလို့ အလုပ်ရှုပ်လာတာလား ဒါမှမဟုတ် ငါ့ကိုလှည့်စားစရာမလိုတော့ လို့လား တော့ မသိဘူး။ ငါ့ဆီရောက်လာတာ သိပ်မရှိတော့ဘူး။ တစ်ပတ်မှ တစ်ခါသာ သူရောက်လို့လာတက်တယ်။ 


နန်းတက်မင်းသားရဲ့ ကျန်းမာရေးဟာ ပြန်ကောင်းလာခဲ့တယ်။ မင်းသား သုံးကတော့ ကွတ်မျက်မခံရပေသည့် သူ့ဘဝတစ်သက်စာ ပြည်နှင်ဒါဏ် ခံခဲ့ရတယ် ။ ငါ့ခင်ပွန်းကတော့ ပိုလို့ကောက်ကျစ်လိမ်ညာတက်လာတယ်။ နန်းတက်မင်းသားက ဆက်လက်ပြီး ရာထူးတည်မြဲနေသည့်တိုင်အောင် ဂုဏ်သတင်းကတော့ တဖြည်းဖြည်း ညှိုးနွမ်းလို့လာတယ်။ နန်းတက်မင်းသားရဲ့ အိမ်တော်က မကြာခဏဆိုသလို ပြသနာတွေ တက်နေတက်တယ်။ ဒါဟာ ငါ့ခင်ပွန်းကြောင့်ဆိုတာ စုံစမ်းစရာမလိုအောင် ငါသိနေတယ်။ ငါသူနဲ့ စကားကောင်းကောင်း မပြောဖြစ်တာတောင် အတော်ကြာခဲ့ပြီ။

ငါသူ့ကို အေးဆေးငြိမ်းချမ်းစွာနဲ့သာ နေစေချင်ခဲ့တယ်။ ရှုပ်ထွေးပြီး အန္တာရာယ်များတဲ့ထဲကို တိုးမဝင်စေချင်ဘူး။ ငါအမြင့်မှာလည်း မနေချင်ဘူး။ ငါတို့ဘဝလေး အေးချမ်းလုံခြုံနေရင်ဘဲ ကျေနပ်တယ်။ သူနဲ့သာ အမြဲအတူရှိနေဖို့ဘဲ မျှော်လင့်တယ်။ အဲ့ဒါတွေကို သူ့ကိုပြောပြချင်တယ်။ 

ငါ့ဘက်ကနေစပြီး သူ့ကိုသွားရှာခဲ့တာ နှစ်ကြိမ်မြောက်ဘဲ။ ငါသူ့အဆောင်တော်ထဲ ဝင်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း တွေ့လိုက်ရတဲ့မြင်ကွင်းက ငါ့ရင်ကိုစို့ကြပ်စေတယ်။


ငါဘယ်လိုမြင်ကွင်းကို တွေ့မြင်ခဲ့တယ်လို့ နင်တို့ထင်ကြလဲ။ သူကလေ ငါ့ကိုတစ်ခါလေးတောင် မပွေ့ချီဘူးတဲ့သူကလေ ငါမဟုတ်တဲ့အခြားမိန်းမတစ်ယောက်ကို ပွေ့ချီထားခဲ့တယ်။ အဲ့ဒီမိန်းမလက်တွေက သူ့လည်တိုင်မှာ မြဲမြံစွာ ဖက်တွယ်လို့ထားတယ်။ ငါ မနာလိုခြင်းဆိုတဲ့ ခံစားချက်ကို ခံစားဖူးပြီ။သူတို့နှစ်ယောက်ဆီ အပြေးသွားပြီး ငါ့ပိုင်ဆိုင်မှုလို့ ပြောပြလိုက်ချင်တယ်။ ဒါပေမယ့် အဲ့ဒီမိန်းမရဲ့ မျက်နှာကိုသေချာစွာမြင်လိုက်တော့ ငါရှုံးပြီဆိုတာ သိလိုက်တယ် သူမဟာ ပြိုင်စံရှားအလှလေးဘဲ။ ငါအရင်က ငါ့ရုပ်ရည်ကြောင့် သိမ်ငယ်တယ်လို့ မခံစားဖူးဘူး။ သူမကိုတွေ့လိုက်ရချိန်မှာတော့ အလိုလို သိမ်ငယ်လာမိတယ်။ ငါ့ခင်ပွန်းသည် သူ့ဆီမှာ ကျရှုံးသွားတာ ဖြစ်နိုင်ပါတယ်။ ငါ့ခြေထောက်တွေက အလိုလို နောက်ပြန်ဆုတ်လာမိတယ်။ သူမနဲ့ယှဉ်ပြီး ငါ့ရုပ်ရည်မည်မျှ ဆိုးရွားကြောင်း မပြသချင်ဘူး။


နေ့ခင်းက မြင်ခဲ့တဲ့မြင်ကွင်းက ငါ့စိတ်ထဲမှာ သံမှိုရိုက်ထားသလိုဘဲ စွဲမြဲနေတယ်။ သတိရတိုင်း နာကျင်လွန်းလို့ ငိုမိတဲ့အထိဘဲ။ ငါမေ့ပျောက်ချင်တယ်။ အဲ့ဒီမြင်ကွင်းကို လုံးဝမေ့ပျောက်ချင်တယ်။ ငါမခံစားနိုင်ဘူး။ ငါ့ခင်ပွန်းက ငါ့ကိုမချစ်တော့ဘူးဆိုတဲ့ ခံစားချက်ကို မခံစားနိုင်ဘူး။ ငါ့ထက်တစ်ယောက်ယောက်ကို ပိုချစ်သွားပြီဆိုတဲ့ ခံစားချက်ကို မခံစားနိုင်ဘူး။ ငါစိတ်ကိုငါ ဖြေသိမ့်ဖို့ဟာ အရမ်းကိုခက်ခဲလွန်းတယ်။အဲ့ဒီညက ဝိုင်တွေဘယ်လောက်တောင် သောက်မိခဲ့လဲ ငါမသိဘူး။ငါနောက်ဆုံးမှတ်မိတာက စားပွဲမှာထိုင်ပြီး သောက်နေခဲ့တာဘဲ။ ငါမနက်ခင်း နိုးထလာတော့ အိပ်ယာထက်မှာ ဖြစ်ပြီး အစေခံတစ်ယောက်ယောက်က ရွှေ့ပေးထားတာ ဖြစ်လိမ့်မယ်။ ငါတစ်ချိန်လုံး တစ်မှိုင်မှိုင်တစ်ထွေထွေ ဖြစ်နေခဲ့တယ်။ အဲ့လိုဖြစ်နေခဲ့တာ ဘယ်နှစ်ရက်မှန်းတောင် မသိအောင်ထိ ငါဖြစ်နေခဲ့တယ်။အဲ့ဒီအတောအတွင်း ငါ့ခင်ပွန်းက ငါ့ဆီရောက်မလာခဲ့ဘူး။ ဟုတ်တာပေါ့ အလှလေးကိုပစ်ပြီး ခန္ဓာကိုယ်မှာ ဓားဒါဏ်ရာအမာရွတ်အပြည့်နဲ့ ရွက်ကြမ်းရေကြို ငါ့ဆီဘာကြောင့် ပြေးလာမှာလဲ။ ငါရူးမိုက်ခြင်းတွေ တော်သင့်ပြီ။ သူ့ကိုအဆုံးရှုံးခံဖို့ အဆင်သင့်ပြင်ထားသင့်ပြီလို့ ငါကိုယ်ငါအသိပေးနေမိတယ်။ 


သူရောက်လာခဲ့ပြီ။ 

သူရောက်လာပြီး ငါ့ကိုတစ်ခုပြောလာတယ်။ အနောက်ဘက်စစ်သူကြီးရဲ့ သမီးကိုဒုတိယဇနီးမြှောက်မယ့်အကြောင်းပေါ့။ ဒါဟာ တိုင်ပင်ခြင်းမဟုတ်ဘူး။ ဒီတိုင်း အသိပေးယုံပြောဖို့ သူလာခဲ့တာ။ သူကငါ့ကိုတစ်ချက်တောင် ကြည့်မနေဘူး။ သူ့မျက်နှာကို လွှဲဖယ်ထားတယ်။ တစ်ခါတစ်ခါ အပေါ်ကိုသာ မော့ကြည့်နေတယ်။ ငါနာကျင်တယ် ။ သူကငါ့ရဲ့ရုပ်ဆိုးလွန်းတဲ့ မျက်နှာကို မကြည့်နိုင်တော့လောက်အောင် ဖြစ်နေတာကြောင့် ငါနာကျင်တယ်။ ငါသူ့ရဲ့အသိပေးစကားကြားတော့ ပြုံးဖို့ကြိုးစားလိုက်တယ်။ ငါအပြုံးက ဘယ်လောက်တောင်များ ရုပ်ဆိုးနေလိုက်မလဲ ငါမသိဘူး။ ငါစကားတစ်ခွန်းအလိုအလျောက် ထွက်သွားတယ်။


"ငါ့ရဲ့နေရာ ဖယ်ပေးဖို့ လိုလား" 


လို့။ ငါ့စကားကြားတော့ သူငါ့ကို ကြည့်လာတယ်။ သူ့မျက်ဝန်းတွေက နာကျင်မှုတွေ ရှိနေတယ်။ ဘာကြောင့်လဲ ငါကနေရာဖယ်ပေးဖို့ လိုသလားမေးတာကို ဘာကြောင့်များ သူကနာကျင်ဟန်ပြနေရတာလဲ။ ခဏလေးပါဘဲ သူငါ့ကိုကြည့်လာတာ တကယ်ကိုခဏလေးပါဘဲ။ ပြီးတော့ သူဘာတစ်ခွန်းမှ မပြောပါဘဲ ပြန်ထွက်သွားတယ်။ ဒါက ဖယ်ပေးရမယ်လို့ ပြောတာလား။ မဖယ်ပေးရဘူးလို့ ပြောတာလား ငါမသိဘူး။ ငါ့ကိုယ်ငါ ထိမ်းချုပ်ထားပါရက်နဲ့ သူထွက်သွားတာနဲ့ တစ်ပြိုင်တည်း ကြမ်းပြင်ပေါ်ထိုင်ချလိုက်မိတယ်။ ငါ့ပါးပြင်မှာ ငါအမုန်းဆုံးအရာတွေ တလိမ့်လိမ့်ကျလို့လာတယ်။ ငါ့ရင်ဘက်က နာကျင်လွန်းလို့ ငါ့လက်နဲ့တောင်ဖိထားမိရင်း ငိုမိတယ်။ ငါ့ကိုယ်ငါ ပြင်ဆင်ထားပါရဲ့နဲ့ သူ့ကိုစွန့်လွှတ်နိုင်ဖို့ ကြိုးစားထားပါရဲ့နဲ့ တကယ်ဖြစ်လာတော့ အဆင်ပြေမနေခဲ့ဘူး။ 


သူတို့နှစ်ယောက်ရဲ့ မင်္ဂလာရက်မြက်နေ့မှာ ငါ့ကိုယ်ငါထိမ်းချုပ်နိုင်ဖို့  တောင်ပေါ်ကျောင်းမှာဗုဒ္ဓကျမ်းစာတွေကို သွားဖတ်နေခဲ့တယ်။ ဖတ်နေရင်း ငါစဉ်းစားမိပြန်တယ်။ ငါနဲ့ လက်ထပ်တုန်းကလိုမျိုး တဟီဟီ နဲ့ ဟန်ဆောင်ရယ်နေဦးမှာလား။ ပေါက်တက်ကရတွေ ပြောနေဦးမှာလားလို့ပေါ့။ ဒါက မလုပ်ဘူး ထင်ပါရဲ့။ သူကသူ့ရဲ့ လှပတဲ့သတို့သမီးလေး မျက်နှာပျက်အောင်လုပ်လောက်မယ် မထင်ပါဘူး။ ဘုန်းတော်ကြီးရဲ့ ' တတောက်တောက်' ခေါက်သံကြောင့် ငါ့အတွေးတွေကို ပြန်လည်ထိမ်းချုပ်ပြီး ကျမ်းစာတွေကိုသာ ဆက်ဖတ်နေလိုက်တယ်။ ငါအိမ်တော်ကို မပြန်ချင်ဘူး။ သူ့ရဲ့ပြုံးရွှင်နေတဲ့ မျက်နှာကိုလည်း မမြင်လိုဘူး။ ဒါကြောင့် အစေခံတစ်ယောက်ကို အိမ်တော်ဆီပြန်ကာ သတင်းပို့စေလိုက်တယ်။ 

အရှင့်သားတို့နှစ်ဦး ကံကောင်းစေရန် ဘုရားကျောင်းမှာ သုံးရက်တိတိ ဝတ်ပြုဆုတောင်းပေးနေတယ်လို့ပေါ့။


တစ်နေ့တစ်နေ့ ငါဘုရားကျမ်းစာတွေကိုသာ စိတ်နှစ်ပြီးဖတ်နေတယ်။ သူတို့နှစ်ဦးကို မေ့ပျောက်ထားချင်တဲ့ စိတ်နဲ့ပေါ့။ ဒါပေမယ့် သူတို့နှစ်ဦးက ငါ့ကိုစိုးမိုးနိုင်လွန်းတယ်။ ငါ့ကို ကြာကြာလေးတောင် ငြိမ်းချမ်းခွင့်မပေးဘူး အတွေးထဲရောက်ရောက်လာပြီး နှိပ်စက်ကြပြန်တယ်။ သုံးရက်ပြည့်ပြီးလို့ အိမ်တော်ပြန်ရောက်တော့ အချို့အရာတွေက ပြောင်းလဲနေတယ်။ အရင်ကအနည်းငယ် ဆူညံနေတက်တဲ့အိမ်တော်က လုံးဝခြောက်ကပ်လို့နေတယ်။ အိမ်စေတွေ အိမ်စောင့်တွေကအစ မျက်နှာမကောင်းကြတာ သိသာတယ်။ ဘာဖြစ်တာလဲလို့ ငါစပ်စုကြည့်လိုက်တော့ 

"အရှင့်သား ဒါဏ်ရာရထားတယ်" 

ဆိုတဲ့ အဖြေသာ ရလာတယ်။ ငါ့ကိုယ်ငါ သူ့ကိုစွန့်လွှတ်နိုင်ပြီလို့ တွေးခဲ့မိပေမယ့် သူဒါဏ်ရာရထားတယ် ဆိုတဲ့ စကားတစ်ခွန်းကြောင့် သူ့ အဆောင်တော်ဆီ ပြေးလို့သွားခဲ့တယ်။ ငါရောက်သွားတဲ့ အချိန်မှာ သူအိပ်ယာပေါ်မှာ ကျောမှီပြီးထိုင်နေတယ်။ သူ့မျက်နှာက နွမ်းရိပြီး လူသေတစ်ယောက်လိုဘဲ မလှုပ်မယှက်ဖြစ်လို့နေတယ်။ ငါစိုးရိမ်လွန်းလို့ သူ့ဆီအလျှင်အမြန်ပြေးဝင်သွားတယ်။ 


"အရှင့်သား အဆင်ပြေရဲ့လား ဘယ်နေရာထိခိုက်မိသွားတာလဲ"


သူ့ခန္ဓာကိုယ်က ဒါဏ်ရာရတဲ့ နေရာကို ရှာဖွေမိတော့တယ်။ ဘေးနားမှာ ဘယ်သူရှိမှန်းငါမသိဘူး။ ဘယ်သူရှိရှိ ဂရုမစိုက်နိုင်တော့ဘူး။ သူက ခဏတာ ငါ့ကိုကြောင်အစွာ ကြည့်နေတယ်။ ပြီးတော့မှ ငါ့ကိုရုတ်တရက်ကြီးဆွဲဖက်လိုက်တော့တယ်။ သူ့ဒါဏ်ရာက ဘယ်နေရာမှာမှန်း မသိပေမယ့်လို့ သူနာကျင်သွားမှာ ကြောက်တာကြောင့် ရုန်းထွက်ဖို့လုပ်လိုက်တယ်။ ဒါပေမယ့် ငါကြိုးစားလေ သူကပိုတင်းကြပ်လေ ဖက်လို့ထားတယ်။ 


"ပိုင်ဟွား မင်းပြန်လာတယ်နော် မင်းပြန်လာတယ်နော်"


သူက အဲ့ဒီစကားကိုသာ ထပ်ခါထပ်ခါ ရေရွတ်နေတယ်။ သူ့ငါ့ကို ဖက်ထားတာ ဘယ်လောက်တောင်ကြာလဲ မသိဘူး။ ဘေးနားက လူတွေကတော့ထထွက်သွားကြတယ်။ ငါသူ့ကို ဖက်ထားရင်းနဲ့ တစ်စုံတစ်ယောက်ကို သတိရလို့သွားတယ်။ ဒါကြောင့် သူ့ကိုပြန်ဖက်တွယ်ထားတဲ့ ငါ့လက်တွေ ရော့ရဲသွားတယ်။ ပြီးတော့ ငါမေးလိုက်တယ်။


"ရှင့်ရဲ့ ဇနီးရော"


"ဒီမှာလေ ကိုယ့်ဇနီးကို ကိုယ်ဖက်ထားတယ်"


သူ့က ငါ့ကိုပိုလို့ပိုလို့သာ တင်းတင်းဖက်ထားရင်း ဆိုလာတယ်။ ငါထပ်ပြီးမေးလိုက်တယ်။


"ကျွန်မကိုယ်ကျွန်မ မေးတာမဟုတ်ဘူး အခြားတစ်ယောက်ကိုမေးတာ"


"ပိုင်ဟွား ကိုယ့်မှာ ဇနီးက မင်းတစ်ယောက်ထဲရှိတာ အဲ့ဒါကိုမင်းသေချာမှတ်ထားပေး ကိုယ့်ဘေးကို အကြောင်းအမျိုးမျိုးကြောင့် ရောက်လာသူတွေရှိမယ် ဒါပေမယ့် ကိုယ့်ရဲ့ဇနီးက မင်းတစ်ယောက်ထဲဘဲ"


သူ့စကားက လိမ်ညာသည်ဖြစ်စေ ငါ့ကိုတော့ ပျော်ရွှင်စေတယ်။ ငါခေါင်းညိမ့်လိုက်ရင်း မှတ်ထားမယ်ဆိုတဲ့အကြောင်း ပြောလိုက်တယ်။ သူနဲ့ငါ့ကိုယ်ကို ခွာလိုက်တဲ့အချိန် ငါ့အကျီ င်္ရင်ဘက်မှာ နီရဲရဲသွေးတို့ စွန်းထင်းလို့နေတယ်။ ငါအံ့ဩစွာနဲ့ဘဲ သူ့ကိုကြည့်မိတယ်။ သူ့ရဲ့ ဒါဏ်ရာက ရင်ဘက်မှာဘဲ။ ငါ့တို့ တင်းတင်းကြပ်ကြပ် ဖက်ထားတာကြောင့် ဒါဏ်ရာကသွေးစိမ့်ထွက်လာတာ။ ငါပျာယာခတ်သွားပြီး သမားတော်ပင့်ဖို့ ပြင်ပေမယ့် သူကငါ့လက်ကို ဆွဲလာတယ်။ နောက်ပြီး ခေါင်းရမ်းပြကာ


"မခေါ်နဲ့ ဘယ်သူ့ကိုမှ မခေါ်နဲ့"


"ရှင့် ဒါဏ်ရာက သွေးတွေအရမ်းထွက်နေပြီ ဆေးထည့်ပြီး ပတ်တီးပြန်လဲရမယ်"


သို့ပေမယ့် သူ ခေါင်းခါရမ်းစွာဘဲ နှုတ်ခမ်းလှုပ်ယုံလေး ပြန်ပြောလာတယ်။ သူ့ရဲ့ခိုင်းစေချက်အရ သူ့ဒါဏ်ရာကို ဆေးထည့်ပေးဖို့ ပြင်ဆင်လိုက်တယ်။ သူ့ရင်ဘက်က ဓားဒါဏ်ရာကို ကြည့်ပြီး ငါငိုချင်လာပြန်တယ်။ ဒီနောက်ပိုင်း ငါဟာအတော်ကို အငိုသန်လာတာဘဲ။ ခုလည်း ဆေးထည့်ပေးနေရင်း ငိုမိပြန်ပြီ။ သူရဲ့ ကြမ်းရှရှလက်တွေက ငါ့ပါးကိုတို့ထိလာတယ်။ ငါ့မျက်ရည်စက်တို့ကို သုတ်ပေးနေရင်း ပြောလာတယ်။


"မငိုပါနဲ့"


သူတားလေ ငါပိုငိုလေဘဲ။ ဒီလိုတွေ ဖြစ်လာမှာကြောက်လို့ သူ့ကိုအေးဆေးစွာ နေစေချင်တာ။ အရင်ကလို တုံးတုံးအအ လူမျိုးလေး ဖြစ်နေစေချင်ခဲ့တာ။ ဖြစ်နိုင်ရင် သူ့ရင်ဘက်ကို တဘုန်းဘုန်း ရိုက်ပြီး ပြောလိုက်ချင်တယ်။ အားလုံးကို ရပ်တန့်ပြစ်လိုက်ဖို့ ပြောချင်နေတယ်။ ဒါပေမယ့် ငါသိနေတယ်။ သူနောက်ပြန်ဆုတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ သူလျှောက်လှမ်းနေတာ ခရီးတစ်ဝက်တောင် ကျော်လာပြီမို့ သူနောက်ပြန်ဆုတ်မှာမဟုတ်ဘူး။


"ရှင်က တကယ်ဆိုးတဲ့လူ ရှင့်ကိုမုန်းလိုက်တာ"


လို့ စိတ်ထဲမပါဘဲ ငါပြောနေခဲ့တယ်။ ပတ်တီးစည်းပေးနေရင်း မျက်ရည်တွေကလည်း တစ်ပေါက်ပေါက်နဲ့ပေါ့။ သူ့လက်တွေက ငါ့ပါးပြင်ကို ထပ်ခါလှမ်းလို့လာတယ်။ ဒီတစ်ခါတော့ မျက်ရည်သုတ်ဖို့ ဟုတ်မနေခဲ့ဘူး။ သူကငါမမျှော်လင့်ထားတာ တစ်ခုကိုလုပ်လိုက်တာ။ ငါ့မှာ အံ့ဩပြီး ရင်ခုန်လွန်းလို့ နှလုံးပေါက်ထွက်မတက်ဘဲ။ သူ့လက်နှစ်ဖက်က ငါ့ခေါင်းကို ထိမ်းကိုင်ထားရင်း သူ့ရဲ့ပူနွေးတဲ့ နှုတ်ခမ်းအစုံက ငါ့နှုတ်ခမ်းတွေပေါ်မှာ အချိန်ကြာကြာထိ ထိကပ်လို့နေတယ်။ ငါတို့ အနမ်းကနေတစ်ဆင့် သူ့အာငွေ့တွေ ပူနေမှန်းငါသိလိုက်တယ်။ ဒါဟာ သူနေမကောင်းဖြစ်နေပြီ။ ဟုတ်တာပေါ့ ဒါဏ်ရာ အရှိန်ကြောင့် သူဖျားနေလောက်ပြီပေါ့။


*********


သူ့အဖျားက အချိန်မကြာပါဘူး။ သိပ်မကြာခင်မှာဘဲ ပျောက်ကင်းလို့သွားတယ်။ ငါတို့အိမ်တော်မှာ အမျိုးသမီးတစ်ယောက်ပိုလာပေသည့် ပုံမှန်အတိုင်း လည်ပတ်နေဆဲဘဲ။


တစ်နေ့ တိုင်းတစ်ပြည်လုံး ဝမ်းနည်းရမယ့်နေ ရောက်လို့လာတယ်။ အဲ့ဒါကတော့ လက်ရှိ အရှင်မင်းကြီး ကံတော်ကုန်သွားတဲ့ နေ့ဘဲ။ အားလုံးက ပူဆွေးဝမ်းနည်းနေကြတယ်။ အမတ်တွေ အားလုံးဟာ လက်ရှိဘုရင်ကံတော်ကုန်ပြီး ခုနှစ်ရက်မြောက်နေ့မှာဘဲ အိမ်ရှေ့မင်းသားကို နန်းတင်ဖို့ စီစဉ်ကြလေတယ်။ အချို့အမတ်မင်းတွေကတော့ မထောက်ခံကြသလို ငြင်းလည်းမငြင်းကြဘူး။ သူတို့တွေက ငါ့ခင်ပွန်းဘက်တော်သား တွေဖြစ်လို့ဘဲ။  ငါ့ခင်ပွန်းက အိမ်ရှေ့မင်းသားဘက်တော်သားတွေ အားလုံးကို ရှင်းပြစ်ဖို့ စီစဉ်နေခဲ့တယ်။ အိမ်ရှေ့မင်းသား နန်းတက်နိုင်ဖို့ တက်တက်ကြွကြွ လှုပ်ရှားနေတဲ့ခေါင်းဆောင် အမတ်မင်းကတော့ ငါ့ရဲ့ဖခင်ဘဲ။

သူနဲ့ငါက သိပ်မနီးကပ်ခဲ့သည့်တိုင်အောင် သူကငါ့ဖခင်ဘဲ။ ငါ့ကို မချစ်ခင်ပြခဲ့ပေသည့် ငါအရွယ်ရောက်တဲ့ထိ ကျွေးမွေးခဲ့တာ ငါ့ဖခင်ဘဲ။ငါ့ခင်ပွန်းနဲ့ လက်ထပ်ချိန်ထိ သူငါ့အပေါ် ဝတ္တရားကျေပွန်တဲ့ ဖခင်တစ်ယောက်ဘဲ။သူနဲ့ငါ မနွေးထွေးခဲ့သည့်တိုင်အောင် သားအဖဆိုတဲ့ သံယောဇဉ်ကတော့ ရှိနေတယ်။ ဒါကြောင့် သူသေဆုံးမှာကို ငါမလိုလားဘူး။ ပြီးတော့ ငါ့ဖခင်ကိုသတ်မယ့်သူက ငါ့ခင်ပွန်းဖြစ်မနေစေချင်ဘူး။ ဒါကြောင့် ငါ့ခင်ပွန်းဆီ အပြေးသွားလို့ သူ့ကိုတော့ အသက်ချမ်းသာပေးရန် တောင်းဆိုခဲ့တယ်။ သူက အသက်မဲ့စွာ ပြောလာတာကတော့


"သူကကိုယ့်ရဲ့ အကြီးမားဆုံးရန်သူ" တဲ့။

အဲ့ဒါ သူသတ်ကို သတ်မယ်လို့ ဆိုလိုလိုက်တာလား။ 

ငါသူ့ရှေ့မှာ ဒူးထောက်ချပြီး တောင်းပန်လိုက်တယ်။ ငါ့ရဲ့မာနတွေ သိက္ခာတရားတွေ အားလုံးကို သူ့ရှေ့မှာ ချခင်းပေးလိုက်တာဘဲ။ သို့တိုင်အောင် သူကတော့ ငြင်းဆန်နေဆဲဘဲ။ 


"ခုချိန်မှာ ကယ်ချင်ရင်တောင်မှ နောက်ကျသွားပြီ" လို့ပြောပြီး သူအားလုံးကို သတ်ဖြတ်ဖို့ရန် ထွက်ခွာလို့သွားတယ်။ ငါ့ကိုတစ်ချက်လေးတောင် ပြန်လှည့်မကြည့်တဲ့ ကျောပြင်ကိုငေးကြည့်ရင်း ငါတွေးမိတယ်။ ဟိုတစ်နေ့က သူဟာ သူမဟုတ်သလိုဘဲ။ 


သူအောင်ပွဲဆင်ပြီး ပြန်လာချိန်တော့ ငါအခန်းတွင်းသာ အောင်းနေလိုက်တယ်။ ငါ့ဖခင်ကို သတ်ဖြတ်ခဲ့ပြီး ပြုံးရွှင်စွာ အောင်ပွဲခံနေမယ့် သူ့ကို ငါမမြင်ချင်ဘူး။ ငါ့ဖခင်ကို မကာကွယ်နိုင်သည့်တိုင်အောင် သူ့ကိုသတ်တဲ့သူနဲ့အတူတော့ ပျော်ရွှင်မနေနိုင်ဘူး။ 

ငါ့ခင်ပွန်းဟာ တိုင်းပြည်ပြည့်ရှင် အသစ်ဖြစ်လို့လာတယ်။ ငါအခန်းပြင်ကို ခြေလှမ်းချလိုက်တာနဲ့ တစ်ပြိုင်နက်တည်း ငါကြားခဲ့ရတဲ့စကားတွေက သူကစစ်သူကြီး သမီးလက်ကိုဆွဲလို့ နန်းတက်မယ့် အကြောင်းပေါ့။ သူတို့နှစ်ဦးဟာ မည်မျှ လိုက်ဖက်ညီလှတဲ့ အတွဲဖြစ်ကြောင်းပြောဆိုနေကြပြီး ရုပ်ဆိုးလှပြီး ဓားဒါဏ်ရာအမာရွတ် တွေနဲ့ ငါ့အတွက် စိတ်မကောင်းကြောင်းပေါ့။ဒါဟာလည်း ငါ့ကိုနာကျင်စေပြန်တယ်။ ခုချိန်ထိ ငါ့ရှေ့ကိုရောက်မလာသူအကြောင်းတွေးမိတော့ ငါနာကျင်စွာ ရယ်လိုက်မိတယ်။


"အစကနေ အဆုံးထိ သူငါ့ကိုလိမ်ညာနေခဲ့တာဘဲ အလိမ်အညာစကားလုံးတွေနဲ့ ငါ့ကိုပိတ်လှောင်ထားတာဘဲ"


ငါ့ကို လိမ်ညာတော့ရော သူ့အတွက်ဘာအကြိုးများ ထူးမှာမို့လို့လဲ။ သူပြောခဲ့တယ် ။ ငါ့ကိုအမြင့်ဆုံးမှာထားမယ်လို့။အဲ့ဒါဟာသ တစ်ခုကြီးပါလား။ သူပြောခဲ့တယ် ငါကသူ့ရဲ့ တစ်ယောက်ထဲသော ဇနီးတဲ့။ အတော်ပြောင်မြောက်တဲ့ ပျက်လုံးဘဲ။ ငါ့အခန်းထဲကို ပြင်ဝင်လိုက်တယ်။ နောက်ပြီး ငါလိုအပ်တာအနည်းငယ်ကို ထုတ်ပိုးလိုက်တယ်။ ဟုတ်တယ် နင်တို့တွေးထင်သလိုဘဲ။ ငါသူ့ကိုစွန့်ပစ်လိုက်တော့မယ်။ သူစွန့်ပစ်တာမခံရခင် ငါကသူ့ကိုအရင်စွန့်ပစ်လိုက်မယ်။

ငါနောက်ဆုံးအနေနဲ့ သူ့အတွက် စာတစ်စောင်ရေးခဲ့လိုက်တယ်။ ကိုယ့်အခြေအနေ ကိုယ်မသိပါဘဲ သူ့အလိမ်အညာတွေကို ဆက်တိုက် ယုံနေခဲ့မိတဲ့အကြောင်း။ ယခုတော့ အလိမ်အညာတွေကို ရှင်းလင်းစွာသိပြီမို့ သူ့ဘေးကနေဝေးရာကို သွားမယ့်အကြောင်း ပေါ့။


ငါညအချိန်ရောက်တော့ အစေခံတစ်ယောက်အဝတ်အစားတွေ ယူဝတ်လိုက်ပြီး ခိုးထွက်ခဲ့လိုက်တယ်။ အစောင့်တွေ ထူထပ်ပေမယ့်လို့ အိမ်တော်ကို ကျွမ်းကျင်နေတဲ့ ငါ့အတွက်တော့ မခက်ခဲဘူး။ အဲ့ဒီညအတွင်းမှာဘဲ ဒီမြို့တွင်းက ထွက်နိုင်ဖို့ ခရီးအပြင်းနှင်လိုက်တယ်။ သို့ပေမယ့် သိပ်မကြာခင်မှာဘဲ တစ်မြို့လုံး စစ်သည်တော်တွေနဲ့ ဆူညံသွားတော့တာဘဲ။ မြို့လမ်းတစ်လျှောက်လုံးလည်း စစ်သားတွေနဲ့ပြည့်နက်နေတာကြောင့် သူ့တို့ကိုပုန်းရှိုးကာ သွားနေရတယ်။ စစ်သည်တော်တွေ ကြည့်ရတာ တစ်စုံတစ်ယောက်ကို ရှာနေဟန်ရှိတယ်။ သူတို့ရှာနေတာ ဘယ်သူမှန်းမသိသည့်တိုင်အောင် ငါပုန်းကွယ်ကာဘဲ နေလိုက်တယ်။ သည်ပုံစံအတိုင်းဆိုရင် နောက်နေ့ ဆို မြို့ဂိတ်ဝမှာ အစစ်အဆေးအရမ်းများတော့မယ် ။ ဒါကြောင့် ညတွင်းချင်းထွက်နိုင်ဖို့ရာ အရမ်းအရေးကြီးတယ်။ ငါခက်သွက်သွက်လျှောက်နေရင်း ငါ့နောက်ကျောက တစ်စုံတစ်ယောက်ရှိနေတာကို ခံစားမိလိုက်တယ်။ အလျှင်အမြန်လှည့်ကြည့်လိုက်ပေမယ့်လို့ ငါခြေတစ်လှမ်းနောက်ကျသွားခဲ့တယ်။ ငါ့ဇက်ပိုးက ပူထူသွားပြီး အသိအားလုံး အမှောင်ကျလို့သွားတယ်။


ငါနိုးထလာတဲ့အချိန်မှာ ငါဟာ ခပ်စုတ်စုတ်အခန်းထဲမှာ ကြိုးတုတ်ထားခြင်းခံရတယ်။ အနံ့တွေကလည်း အောက်သိုးသိုးနဲ့ ။ အတော်ညစ်ပတ်ပြီး စုတ်ပျက်နေတဲ့ နေရာဘဲ။ ဘယ်နေရာလဲလို့ စဉ်းစားနေချိန်မှာဘဲ အခန်းတံခါးက ပွင့်လို့လာပြီး လူနှစ်ယောက်ဝင်လို့လာတယ်။ အရှေ့မှသူကိုမြင်ချိန်မှာတော့ ငါအံ့ဩလို့သွားတယ်။ သူက မင်းသားသုံးဘဲ။ ပြင်နှင်ဒါဏ်ပေးခံရတဲ့ မင်းသားသုံး။ သူ့ပုံစံက ယခုချိန်ထိတောင်အောင် တော်ဝင်အငွေ့အသက်တွေ လွှမ်းခြုံနေဆဲဘဲ။ သူက ငါ့ဘေးကို ရောက်လာပြီး ငါ့ကိုသေချာစွာကြည့်တယ်။


"ငါ့အရူးညီအကိုရဲ့ အကြိုက်ကလည်း ဆိုးလိုက်တာ"


သူ့ရဲ့စကားကြောင့် ငါမျက်မှောင်ကုပ်လိုက်တယ်။ ပြီးတော့ ငါပြောလိုက်တယ်။


"ဒါဘယ်နေရာလဲ ကျွန်မသတိမေ့နေခဲ့တာ ဘယ်နှစ်ရက်လောက်လဲ"


အဲ့လိုမေးလိုက်ရတဲ့အကြောင်းက မင်းသားသုံးကြောင့် ဘဲ။ သူရှိနေတဲ့နေရာက သေချာပေါက် ငါတို့မြို့တော်နဲ့ အဝေးမှာ ရှိနေရမယ်လေ။ မင်းသားသုံးက ရယ်လိုက်ပြီး


"နှစ်ရက်လား သုံးရက်လား ဒါမှမဟုတ် လေးငါးရက်လား "


မင်းသားသုံးက သူ့ဟာသူတောင် ဝေခွဲမရဟန်နဲ့ပြောလို့လာတယ်။ သူ့နောက်ဘက်ဆီက ခွက်ငယ်တစ်ခွက် ကိုင်ဆောင်လာတဲ့ ကောင်လေးဆီကိုလည်း ငဲ့ကြည့်ရင်းပြောနေတယ်။ 


"ငါမင်းကို မသတ်ချင်ပါဘူး ဒါပေမယ့် သူ့အားနည်းချက်က မင်းဖြစ်နေတာ စိတ်မကောင်းစရာဘဲ"


ငါမမေးရပါဘဲ မင်းသားသုံးက သူ့ဟာသူပြောလာတယ်။ ထို့နောက် သူ့နောက်က ကောင်လေးဆီက ခွက်ကို ယူလိုက်ပြီး ငါ့ဘေးကို ဒူးတစ်ဖက်ထောက်ထိုင်လိုက်လေတယ်။ ပြီးတော့ သူ့လက်တစ်ဖက်နဲ့ ငါ့ပါးတွေကိုဖိညစ်လိုက်ပြီး ပါးစပ်ပွင့်လာအောင် လုပ်ဆောင်လိုက်တယ်။ နောက်လက်တစ်ဖက်မှာရှိနေတဲ့ ခွက်ထဲကအရည်တွေကို ငါ့ပါးစပ်ထဲ လောင်းထည့်လေတယ်။ ငါရုန်းကန်နေသည့်တိုင်အောင် အလုပ်မဖြစ်ခဲ့ဘူး။ သူတိုက်တဲ့ အရည်တွေအားလုံး ငါ့ဝမ်းဗိုက်ထဲကို ဆင်းသက်ကုန်ကြတယ်။ 


"ဒီဆေးက နောက်နေ့ဝက်ကြာရင် အစွမ်းပြလိမ့်မယ် ဟားဟားဟား အရင်ကအရူးယောင်ဆောင်ခဲ့တဲ့ကောင် အဆိပ်ကြောင့်မချိမဆန့် ဖြစ်နေတဲ့ အကျည်းတန်ဇနီးကိုမြင်ပြီး တကယ်ရူးသွားမလား သိချင်မိတယ် သူ့ကို စင်ပေါ်တင်ပြီး ကြိုးတုတ်ထားလိုက်"


မင်းသားသုံးရဲ့ အမိန့်နဲ့အတူ လူသုံးယောက်လောက် ဝင်လာပြီး ငါ့ကို ထမ်းခေါ်သွားကြလေတယ်။ ငါအပြင်ဘက်ကိုရောက်လာတော့ သိလိုက်ရတာက ဒါဟာ တပ်စခန်းတစ်ခုဘဲ။  တပ်သား များစွာရှိတဲ့ တပ်စခန်းတစ်ခုဘဲ။ ဒီလို အန္တရာယ်ကြား ဘယ်သူက ဆင်းလာပါ့မလဲ။ သူတို့က ငါနဲ့မျှားပြီး ငါ့ခင်ပွန်း မဟုတ်တော့ဘူး ခုတော့ တစ်ခြားသူရဲ့ ခင်ပွန်းကို အန္တရာယ်တွင်းထဲ လာစေချင်တာပေါ့။ ဒါဟာ ဘယ်လိုတောင် စိတ်ပျက်စရာကောင်းတဲ့ ဗျူဟာပါလိမ့်။ သူတို့တွေ ငါ့ကိုစင်ပေါ်တင်ထားတာ အတော်ကြာတယ်။ 


"အသုံးမဝင်ဘူးဆိုလဲ မြန်မြန်ရှင်းပစ်လိုက်တာပေါ့"


မင်းသားသုံးရဲ့ လက်ထောက်က သူ့ရဲ့ဓားကို လွှဲမြှောက်လိုက်တယ်။ ငါသေရမှာ မကြောက်မိပါဘူး။ ဒီဓားချက်ကြောင့် မဟုတ်ရင်တောင် ငါ့ခန္ဓာကိုယ်ထဲက အဆိပ်ကြောင့် ငါဟာသေရမှာဘဲလေ။ ခုတောင် ငါ့ခန္ဓာကိုယ်က သံစူးတွေနဲ့အထိုးခံရသလိုနာကျင်နေတယ်။ ငါ့အသံကလည်း မထွက်နိုင်တော့ဘူး။ ဒါကြောင့် ငါမြန်မြန်သေချင်တယ်။ ငါကျေနပ်စွာဘဲ မျက်လုံးကိုမှိတ်ချလိုက်ရင်း ဓားချက်ကိုစောင့်မျှော်နေလိုက်တယ်။ သို့ပေမယ့် ဓားချက်က ငါ့ပေါ်ကျရောက်မလာဘဲ လက်ထောက်ကသာ လဲကျသွားလေတယ်။ လက်ထောက်ရဲ့ ရင်ဘက်မှာ ဓားတစ်ချောင်း စိုက်ဝင်နေတယ်။ လက်ထောက်ကို ဓားနဲ့ပစ်လိုက်တဲ့သူကတော့ ရှေ့ကိုတစ်လှမ်းချင်း တိုးလို့ လာနေတယ်။ သူ့လက်ထဲမှာ သွေးအလိမ်းလိမ်းပေနေတဲ့ ဓားတစ်ချောင်းကို ကိုင်ဆွဲလို့ထားတယ်။ သူ့မျက်လုံးထဲမှာ ဒေါသတွေမြင်တွေ့နေရတယ်။ ဟုတ်တယ် အဲ့ဒါ ငါ့ရဲ့ခင်ပွန်းဟောင်းဘဲ။


သူတစ်ယောက်ထဲ ဘာလို့များလာရတာလဲ။ သူကအရူးလား။ ဒါမှမဟုတ် ဇနီးလှလှလေးနဲ့ မနေချင်တော့လို့လား။ဇိမ်ရှိတဲ့ နန်းတော်ထဲမှာ မနေချင်တော့လို့လား။ တစ်ချိန်ထဲမှာဘဲ မင်းသားသုံးရဲ့ရယ်သံကို ကြားလိုက်ရတယ်။ ပြီးတော့ သူကရှေ့ထွက်လာကာ ပြောလာတယ်။


"မင်းရဲ့ အကျည်းတန်ဇနီးက မင်းရဲ့အသက်ဆိုတာ မှန်နေတာဘဲ ဟားဟားဟား"


မင်းသားသုံးရဲ့ အသံက ရွံဖို့ကောင်းလိုက်တာ။ ငါ့ခင်ပွန်းဟောင်းအရူးလေးကို မြန်မြန်ထွက်သွားဖို့ပြောချင်နေတယ်။ ဒါပေမယ့် ငါအသံမထွက်နိုင်တော့ဘူး။ ငါ့ကိုယ်ငါ ဖိအားပေးပြီး အသံထွက်အောင်ကြိုးစားလိုက်ပေမယ့် အနက်ရောင်သွေးတစ်ပွက်သာ အန်ထွက်လို့လာတယ်။ ငါ့ရဲ့ ဒီလိုဖြစ်နေတဲ့ မြင်ကွင်းက သူ့ကိုအရမ်းဒေါသဖြစ်သွားစေတယ်နဲ့တူရဲ့။ သူရှေ့ကရှိရှိသမျှ တပ်သားတွေကို သူ့ဓားနဲ့ထပ်ပိုင်းပိုင်းနေတော့တယ်။ မင်းသားသုံးက သူ့ရဲ့ဖြစ်ပျက်နေပုံကိုသာ ဇိမ်ခံကြည့်ရှုလို့နေတယ်။ သူကငါ့ဆီအရောက်လာဖို့သာ စိတ်စောနေတယ်။ သူ့လမ်းမှာ ရှုပ်နေတဲ့ တပ်သားအားလုံး သူ့ဓားချက်အောက်မှာ အသက်ပျောက်ရလေတယ်။ ငါသွေးတွေ အဆက်မပျက်အန်ထုတ်နေတယ်။ ငါတစ်ခါအန်လိုက်တိုင်း သူပိုပိုပြီး စိတ်လွတ်လာတယ်။ ငါအဲ့ဒါကိုသတိထားမိတော့ မအန်မိစေဖို့ ငါကိုယ်ငါ ထိမ်းချုပ်နေမိတယ်။ ရုတ်တရက်ဆိုသလို ငါ့ဘေးကို မင်းသားသုံးရောက်လို့လာတယ်။ ပြီးတော့ ငါ့လည်ပင်းကို ချွန်ထက်တဲ့ အရာတစ်ခုနဲ့ ထောက်လို့ထားတယ်။ အဲ့ဒီအရာက တစ်ဖြည်းဖြည်းနဲ့ ငါ့လည်ပင်းထဲစိုက်ဝင်လို့လာတယ်။ သူလုံးဝအသိစိတ်လွတ်သွားပြီ။ သူတွေ့တွေ့သမျှကိုခုတ်ပိုင်းရင်း ငါရှိရာကိုပြေးလို့လာတယ်။ သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာတဲ့ ဓားချက်တွေကိုတောင် မရှောင်နိုင်တော့ဘူး။ သူ့ကျောပြင်နှင့် ဝမ်းဗိုက်မှာ ဓားချက်ပေါင်းများစွာ ကျရောက်ထားတယ်။ သူ့လက်မောင်းတွေမှာလည်း သွေးချင်းချင်းနီလို့ သူငါ့ဆီရောက်လာတယ်။ ငါ့လည်ပင်းမှာ ကျရောက်နေတဲ့ ချွန်ထက်တဲ့အရာကလည်း ဖယ်ခွာလို့သွားတယ်။ ငါ့ကိုချီထားတဲ့ ကြိုးတွေကို ဓားချက်တစ်ချက်တည်းနဲ့ ပြေစေလိုက်တယ်။ ကြိုးနဲ့ တောင့်ခံထားတဲ့ ငါ့ရဲ့ခန္ဓာကိုယ်က လဲကျလို့လာတယ်။ သူက ငါ့ခန္ဓာကိုယ်ကို ဆီးပွေ့လိုက်တယ်။ မင်းသားသုံးက မကြာခင်ဇာတ်သိမ်းတော့မယ့် စုံတွဲကို ဝမ်းသာအားရ ဘေးကဘဲထိုင်ကြည့်တော့မယ်ဆိုတဲ့ ပုံစံနဲ့ ဝေးရာကိုဖယ်ခွာသွားတယ်။ ငါ့ခင်ပွန်းဟောင်းက သွေးအလိမ်းလိမ်းပေနေတဲ့လက်နဲ့ ငါ့မျက်နှာကို ထိကိုင်ကာပြောလာတယ်။


"ကိုယ်မညာပါဘူး ကိုယ်မင်းကိုမညာခဲ့ပါဘူး ကိုယ့်ကိုပြစ်ထားခဲ့ပြီး အဝေးကိုမသွားပါနဲ့ ကိုယ်ခံနိုင်ရည်မရှိဘူး"


သူ့စကားတွေဟာ အတော်အားယူပြီးပြောနေရဟန်တူတယ်။ သူ့မျက်နှာတစ်ပြင်လုံးလည်း သွေးတွေနဲ့ ။ နောက်ပြီး သူငိုနေခဲ့တယ်။ ငါအသိစိတ် ရှိနေသေးသည့်တိုင်အောင် ဘယ်လိုတုန့်ပြန်မှုမျိုးမှ မလုပ်နိုင်ဘူး။ အဆိပ်ကြောင့် ခံစားရတဲ့နာကျင်မှုက သူ့ရဲ့ခုပုံစံကိုမြင်နေရတာလောက် မနာကျင်ဘူး။ ငါ့မျက်လုံးထောင့်စွန်းကနေ မျက်ရည်တွေ စီးကျလာတာမြင်တော့ သူ့ရဲ့ကြမ်းရှရှလက်တစ်စုံနဲ့ သုတ်ပေးလာတယ်။


"မကြောက်နဲ့တော့ ကိုယ်ရှိနေပြီမို့ မကြောက်နဲ့တော့"


သူငါ့ကိုတင်းကြပ်စွာပွေ့ဖက်လို့ထားတယ်။ ငါ့ပါးစပ်က သွေးတွေအစက်မပျက်အန်နေတာကြောင့် ငါ့ကိုယ်ထဲမှာ သွေးတွေကျန်နေသေးရဲ့လားတောင် မသိတော့ဘူး။ ငါ့သူကိုပြောချင်တဲ့စကားတစ်ခွန်းရှိတယ်။ အဲ့ဒါ 'တောင်းပန်ပါတယ်လို့' ပေါ့။ အမှန်ဆိုသူက နန်းတော်ထဲက နဂါးပုလ္လင်ထက်မှာ အေးချမ်းစွာရှိနေရမှာ။ ငါ့ကြောင့် သူဒီလိုတွေ ခံစားနေရတာ။ ငါ့ဆီကို ရူးရူးမိုက်မိုက်လိုက်လာလို့ သူခံစားနေရတာ။ ငါ့လက်တွေကို အားယူကာ လှုပ်ရှားလိုက်ပြီး သူ့လက်ဖဝါးပေါ်မှာ ငါပြောချင်တဲ့စကားလုံးကိုရေးပေးလိုက်တယ်။ ငါသိတာပေါ့ ငါ့ရဲ့ အဆိပ်ကငါ့ရဲ့ ခံနိုင်ရည်အား ကို ကျော်လွန်လာပြီဆိုတာ။ ငါသူ့ကို အားယူပြုံးပြလိုက်ပြီး နှုတ်ဆက်တယ်လို့ အကြည့်နဲ့သာ ပြောလိုက်နိုင်တယ်။ 


"မထားခဲ့နဲ့ ကိုယ်မနေခဲ့ဘူး"


သူရဲ့ ဖက်တွယ်မှုက ပိုလို့တင်းကြပ်လာတယ်။ သူ့မျက်နှာကို ငါ့လည်ပင်းထက်မှာ ဝှက်ရင်း သူငိုနေတာကို နောက်ဆုံးအနေနဲ့ ခံစားမိလိုက်တယ်။

ပြီးသွားပြီ။ အရာအားလုံးပြီးဆုံးသွားပြီ။ နာကျင်မှု ပျော်ရွှင်မှု ဝမ်းနည်းမှု ဝမ်းသာမှု အဲ့ဒါတွေအားလုံးပြီးဆုံးလို့သွားပြီ။ နောင်ဘဝ နောင်ဘဝဆိုတာသာ ရှိခဲ့ရင် သူနဲ့ဒီလိုအဖြစ်မျိုး ထပ်မဖြစ်ချင်ပါဘူး။ သူ့ကို သာယာအေးချမ်းတဲ့ ဘဝလေးမှာသာ ရှိနေစေဖို့ငါ မျှော်လင့်တယ်။


The End



rate now: