ဒီနေ့က ငါ့ရဲ့အသက်တစ်ဆယ့်ခြောက်နှစ်ပြည့်တဲ့နေ့ပေါ့။ ငါ့ရဲ့လွတ်လပ်ပျော်ရွှင်ရတဲ့နေ့ရက်တွေရဲ့နောက်ဆုံးနေ့တစ်နေ့လည်းဖြစ်တာဘဲ။ မနက်ဖြန်ဆို ငါဟာအရှင်မင်းကြီးရဲ့သားတော်တွေထဲက တစ်ပါးရဲ့ဝမ်ဖေးဖြစ်လာတော့မယ်လေ။ ငါ့ရဲ့ စစ်မှန်ပြီးလွတ်လပ်တဲ့ပုံရိပ်တွေပျောက်ဆုံးပြီး အတုတွေကြားထဲမှာ ရှင်သန်ရတော့မယ်။ အမှန်ဆို ငါကအိမ်တော်ရဲ့အငယ်ဆုံးသမီးတစ်ယောက်ပါ။ ဒါပေမယ့်စောစီးစွာ လက်ထပ်ရတဲ့ ဦးဆုံးသမီးလည်း ဖြစ်နေပြန်တယ်။
ငါ့ကို အိမ်တော်က ကိုယ်လုပ်တော်တစ်ယောက်ကမွေးဖွားခဲ့တာလေ။ ငါ့မွေးမိခင်ကိုတော့ ငါမြင်ခွင့်မရခဲ့ပါဘူး။ပြောရမယ်ဆို ငါကအိမ်တော်မှာ အာဏာအမဲ့ဆုံးသောသူဘဲ။ ဒါကိုဘာကြောင့်မင်းကြီးသားတော်တစ်ပါးနဲ့လက်ထပ်ရမှာလဲလို့ နင်တို့တွေးမိနေလား။
ငါနဲ့ အဲ့ဒီမင်းသားက ချစ်ကြိုက်နေကြလို့လားဆိုတော့ ငါသူ့ကိုမြင်တောင်မမြင်ဖူးဘူး။
ငါကအလွန်တရာချောမောလှပနေလို့လားဆိုတော့ ငါကရွက်ကြမ်းရေကြိုတစ်ယောက်ပါဘဲ။
တစ်နေ့က ငါတို့အိမ်ကိုအမိန့်စာတစ်ခုရောက်လာတယ်။ အဲ့ဒါကတော့ မင်းကြီးက သူ့ရဲ့အချစ်ဆုံးသော သားတော်လေးနဲ့ ငါတို့အိမ်တော်ကသမီးတစ်ဦးနဲ့ လက်ဆက်ပေးဖို့ရာဘဲ။
အချစ်ဆုံးသားတော်ဆိုတော့ ငါ့အဖေက ငါ့ကိုချစ်လွန်းလို့ အခွင့်အရေးပေးတယ်များထင်မိသွားကြလား။
ဒါဆိုနင်တို့မှားမှာဘဲ။ အဲ့ဒီလက်ထပ်ပွဲက ငါ့အမတွေ အကြောက်အကန်ငြင်းလို့သာ ငါဆီစိုက်စိုက်မြိုက်မြိုက်ရောက်လာတာ။ ဘာကြောင့်မင်းကြီးရဲ့အချစ်ဆုံးသားကို မလိုချင်ကြလဲလို့်တွေးမိသွားပြန်လား။
ဘာကြောင့်ဆို အဲ့ဒီမင်းသားက စိတ်မမှန်တဲ့ရောဂါရှိနေတာကြောင့်လေ။ပြောရမယ်ဆို ငါကအရူးမယားဆိုတဲ့ ဘွဲ့ကိုခံယူပေးရတာပါဘဲ။
မနက်ဖြန်ဆိုတဲ့နေ့ရက်ကိုရောက်လာမှာအနည်းငယ်တော့လန့်မိသား။ ဒါပေမယ့်ငါရှောင်လွှဲလို့လည်းမရနိုင်ဘူးလေ။ ဒါကြောင့်အရာအားလုံးကိုမေ့လျော့ထားလိုက်ပြီး ငါအိပ်စက်လိုက်တယ်။
နောက်တစ်နေ့တော့
ငါ့ကိုယ်ပေါ်မှာ အနီရောင်မင်္ဂလာဝတ်စုံကိုဆင်မြန်းထားတယ်။ ငါ့မျက်နှာမှာလည်း ပဝါနီတစ်ထည်ဖုံးအုပ်ထားရင်း မင်္ဂလာပွဲကိုရောက်ရှိလို့်လာတယ်။ ငါ ရင်တော့တစ်ထိတ်ထိတ်ဖြစ်နေသည့်တိုင်အောင်ငါ့ကိုယ်ငါ တည်ညိမ်ဟန်ပြုလို့ထားတယ်။
ငါအရှင့်သားနားရောက်လေတော့ တဟီဟီ ရယ်နေသံကိုသာကြားရတယ်။သေချာပေါက်အဲ့ဒါက ငါ့ခင်ပွန်းလောင်းအရှင့်သားထံမှ ရယ်သံဖြစ်လေတယ်။ ငါစိတ်အတော်ဆင်းရဲသွားတယ်ဆိုတာ ဝန်ခံရမှာဘဲ။ ဒါပေမယ့်ထွက်ပြေးလို့မှမရတာ လက်မခံလို့မှမရတာ ။ ခုဆို ငါနဲ့သူက မိုးမြေကန်တော့ဖို့တောင်ဖြစ်နေပြီလေ။ သိပ်မကြာခင်အချိန်မှာ သူကငါ့ရဲ့ခင်ပွန်းသည်ဖြစ်လာတော့မှာ။ အခြေအနေတိုင်းကို လက်ခံနိုင်အောင်ပြင်ဆင်ထားတာကြောင့်ခဏလေးအတွင်း ငါ့စိတ်ကိုငါထိမ်းလိုက်နိုင်တယ်။
"မိန်းမ ဟီးဟီး မိန်းမ ဟီးဟီး..."
သူက အတိုးလွန်းမကျယ်လွန်းသောအသံနဲ့ပြောပြီးရယ်နေတယ်။ ငါသိတယ်သူငါ့ကိုကြည့်ပြီး လက်ညိုးထိုး ရယ်နေတာ။ ငါသူ့ကိုရှင်းလင်းစွာမမြင်နိုင်သည့်တိုင်အောင်ဝါးတားတားတော့မြင်နိုင်ပါသေးတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကမထွားကြိုင်းသည့်တိုင်အောင်သေးကွေးပိန်လှီနေတာတော့မဟုတ်ဘူး။ လှုပ်ရှားမှုရေးရေးလေးတွေ မြင်နေရပေမယ့်သူ့ပုံစံက သွက်လက်တဲ့ကလေးငယ်တစ်ယောက်လှုပ်ရှားမှုနဲ့တူတယ်။
သူနဲ့ငါမိုးမြေကန်တော့နေချိန်မှာတောင်သူ့ရဲ့ ရယ်သံကပျောက်မသွားဘူး။ သူက ငါ့လက်ေမာင်းကိုမထိတထိတို့တို့ပြီး ရယ်မောသေးတယ်။ သူကစိတ်မမှန်ပေမယ့်မင်္ဂလာပွဲကိုပျက်စီးထိခိုက်စေမယ့်အထိတော့ အထိမ်းအကွပ်မမဲ့လေဘူး။ ဒါကြောင့်မင်္ဂလာပွဲက အဆင်ပြေစွာပြီးမြောက်သွားလေတယ်။
ယောင်နောက်ဆံထုံးပါ ဆိုတဲ့ အတိုင်းငါဟာသူ့အိမ်တော်ကိုလိုက်ပါခဲ့ရတယ်။ ထုံးတမ်းစဉ်လာအတိုင်း ငါဟာမင်္ဂလာအိပ်ခန်းကနေ သူ့ကိုစောင့်နေရတယ်။ ငါတွေးတောနေမိတယ်ငါ့ရဲ့အိမ်ထောင်ရေးကို ဘယ်လိုများ ကိုင်တွယ်ရပါ့လို့။ သိပ်မကြာခင်မှာဘဲ ငါ့အခန်းအပြင်ကနေ တဟီဟီနဲ့ ရယ်မောသံလေးကိုကြားရတယ်။ တစ်ဆက်ထဲမှာဘဲ တံခါးဖွင့်သံကြားရပြန်တယ်။
"ငါဒီအထဲဝင်ရင်မုန့်ဝယ်ကြွေးမှာသေချာတယ်နော်"
သူက အခန်းတွင်းခြေလှမ်းမဝင်ခင်အထိမ်းတော်ကြီးဆီက ကတိကိုရအောင်တောင်းနေလေတယ်။ အထိမ်းတော်ကြီးဆီကသေချာစွာကတိအထပ်ထပ်ရတော့မှသာ သူဝင်ရောက်လာလေတယ်။ ငါကတော့ ငါ့နေရာမှာသာ ညိမ်သက်စွာထိုင်နေလေတယ်။ သူကတဖြည်းဖြည်းနဲ့ ငါ့ဆီတိုးလာတယ်။နောက်ပြီး ငါ့ရဲ့ပဝါနီကို မထိတထိဆွဲပြန်တယ်။ သူက အချိန်တော်တော်ကြာတဲ့ထိ ပဝါနီကို ထိကနမ်းတို့ကနမ်းသာလုပ်နေတယ်။ပြောရမယ်ဆို ငါကစိတ်ရှည်တဲ့သူမဟုတ်ဘူး။ ငါဆက်ပြီး သည်းမခံနိုင်တော့တဲ့အဆုံး ငါ့ဟာငါပဝါဆကို ဆွဲဖြုတ်ဖို့လုပ်လိုက်တယ်။ ဒါပေမယ့်ငါ့လက်ကို ခပ်ကြမ်းကြမ်းလက်တစ်စုံက ဖမ်းဆုပ်လိုက်တယ်။ ငါရုန်းထွက်ဖို့လုပ်လိုက်ပေမယ့်ဒါကအင်အားကြီးလွန်းတယ်။ သူကရူးနေသည့်တိုင်အောင်ပျော့ညံ့ညံ့တော့မဟုတ်ဘူးဘဲ လို့တွေးမိတယ်။
"ဟီးဟီး... ချစ်ဇနီးက မစောင့်နိုင်တော့ဘူး...ဟီးဟီး.."
သူ့စကားကြောင့်ငါ့စိတ်မရှည်မှုကို ထိမ်းချုပ်လိုက်ရတယ်။
'နေပါစေတော့ တစ်ညလုံးပဝါအုပ်ပြီးနေတော့မယ်'
ငါ့အတွေးမဆုံးသေးခင်မှာဘဲ။ ငါ့မြင်ကွင်းတွေရှင်းလင်းသွားတယ်။ ငါ့ရှေ့မှာ ပြူးပြူးပြဲပြဲမျက်နှာတစ်ခုကလည်း ရှိလို့နေပြီး နက်မှောင်တဲ့မျက်ဝန်းတစ်စုံက ငါ့မျက်လုံးတွေကိုသေချာစွာစူးစိုက်ကြည့်လို့နေတယ်။ အဲ့တစ်ခဏအတွင်းမှာ ငါဟာညို့ခံလိုက်ရတဲ့လူတစ်ယောက်လိုဘဲ။အချိန်ခဏကြာပြီးတော့မှ ထိုအမျိုးသားကသူ့ရဲ့သွားတန်းဖွေးဖွေးတွေပေါ်အောင်ရယ်လိုက်တယ်။
"ဟားဟား...ဟား..ဟား....ကြည့်ကြည့်နင်မှန်ကြည့်နင့်ရုပ်ကမလှဘူး ဟား ....ဟား...."
သူက ငါ့မျက်နှာကို လက်ညှိုးထိုးလိုက်သူ့ဗိုက်သူနှိပ်လိုက်နဲ့အော်ရယ်နေတာ အူလှိုက်သည်းလှိုက်ဘဲ။ ငါလည်းသူ့ကို ရှုတည်တည်နဲ့သာကြည့်နေလိုက်တယ်။ သူက ရယ်ရင်းအားမလိုအားမရဖြစ်ဟန်တူရဲ့ဘေးကစားပွဲကို တဘုန်းဘုန်းရိုက်လေတယ်။
"ဟား...ဟား...ဟား.....ခွမ်း"
သူ့ရယ်သံနဲ့အတူစားပွဲပေါ်ရှိမင်္ဂလာအရက်အိုးက ကျကွဲသွားလေတယ်။ အဲ့ဒါက ငါ့ခြေထောက်ဘေးကို ကျကွဲတာဖြစ်လို့ ကွဲတဲ့အစအနတွေက ငါ့ခြေထောက်ကိုလာမှန်လေတယ်။ ငါ့ခြေထောက်က ပူစပ်စပ်အရသာကို ခံစားလိုက်ရမှန်းသိပေမယ့်ငါသတိမထားမိပါဘူး။ ဘာကြောင့်ဆို ငါ့ရဲ့အသစ်စက်စက်ချစ်ခင်ပွန်းကြီးကကြွေအိုးကွဲစတွေကို ကိုင်ဖို့လက်လှမ်းနေတာကြောင့်ပါ။ ငါအမြန်သူ့လက်တွေကိုဆွဲယူလိုက်တယ်။
"မထိနဲ့"
သူက ငါ့ကိုမော့ကြည့်လာတယ်။သူ့မျက်ဝန်းတွေက အဓိပ္ပါယ်တွေရှိနေသယောင်ဘဲ။ ငါသေချာကြည့်မိတော့ သူ့မျက်ဝန်းတွေထဲက အူကြောင်ကြောင်တွေဘဲရှာတွေ့တယ်။နောက်တော့ သူကငါ့ကိုရယ်ပြပြန်တယ်။
"ဟီး....ဟီး...ချစ်ဇနီးလေးက ဒီခင်ပွန်းရဲ့လက်ကို ကိုင်ချင်လို့လား "
သူက ငါ့ကိုထိုသို့မေးလာလေတော့ ငါသူ့လက်တွေကို လွှတ်ချပစ်လိုက်တယ်။နောက်ပြီး သူနဲ့မျက်နှာခြင်းဆိုင်နေရာကနေ ငါ့မျက်နှာကို လွှဲဖယ်လိုက်ပြီး
"မဟုတ်ဘူး နင်အဲ့ဒါတွေထိမှာစိုးလို့"
ကြွေကွဲစတွေကို လက်ညှိုးထိုးပြလိုက်တော့ သူကသူက အဲ့အကွဲတွေကိုပြန်ကြည့်ပြန်တယ်။နောက်ပြီး ငါပြောနေရင်းနဲ့ကို သူကထိဖို့ရန်လက်လှမ်းပြန်တယ်။ ငါထပ်ပြီးသူ့လက်ကိုဆွဲလိုက်ရပြန်တယ်။
"မထိနဲ့ဆိုရင်မထိနဲ့ပေါ့ အဲ့ဒါတွေထိမိရင်နင်သွေးထွက်ပြီး နာလိမ့်မယ်"
ငါသူ့ကိုစိတ်ရှည်ရှည်ထားပြီးပြောပြလိုက်တယ်။ သူကဟုတ်လားဆိုတဲ့အကြည့်နဲ့ ငါ့ကိုကြည့်လာပြန်တယ်။
"နင်မယုံဘူးလား"
ဆိုတော့ သူကခေါင်းရမ်းပြလာတယ်။နောက်ပြီး
"မဟုတ်ဘူး ဒီခင်ပွန်းက ချစ်ဇနီးလေးရဲ့စကားကို ယုံတယ်" တဲ့။
ငါသိလိုက်တယ်။ သူကထိမ်းချုပ်ရလွယ်ကူမယ့်အရူးလေးတစ်ယောက်ဘဲဆိုတာ။ ငါပြုံးပြီးသူ့ကိုပြောလိုက်တယ်။
"ဟုတ်တယ်နင်ကငါ့စကားကိုယုံရမယ်" လို့။
တစ်ညလုံး ငါတို့နှစ်ယောက်က မင်္ဂလာ ကုတင်ပေါ်မှာ ငုတ်ရိုက်ထားသလိုထိုင်ပြီး စကားပြောနေခဲ့ကြတယ်။ သူ့ရဲ့ တဟီးဟီးရယ်သံကြီးကို သည်းခံရင်း သူသိသင့်သိအပ်တာတွေကိုပြောပြပေးနေတာပေါ့။ ညဝက်လောက်ရောက်ချိန်မှာတော့ သူ့ကိုထိုကဲ့သို့အချိန်ပြည့်ရယ်မနေရန်သိမ်းသွင်းအောင်မြင်လိုက်တယ်။
***
မနက်ခင်းရောက်တဲ့အခါ အစေခံတွေက ငါတို့အခန်းထဲကိုဝင်ရောက်လာတယ်။နောက်ပြီး အိပ်ယာပေါ်က ပဝါဖြူစကိုလာရောက်သိမ်းဆည်းလေတယ်။ သူကတော့ ကုတင်ဘေးက ခုံတစ်ခုံးမှာ တည်တည်လေးထိုင်နေတယ်။ သူ့ပါးစပ်ကိုလုံလုံခြုံခြုံပိတ်ထားပြီးတော့ပေါ့။ ငါကတော့ ပြတင်းတစ်ခုရဲ့ဘေးမှာ ရပ်လို့နေပြီး ငါ့ရဲ့ခင်ပွန်းအရှင့်သားကို ကြည့်လို့နေတယ်။ သူက တစ်ချက်တစ်ချက်ငါ့ကိုလှမ်းလှမ်းကြည့်တယ်။ သူပြုံးရယ်ချင်ပေမယ့်ထိမ်းချုပ်ထားမှန်းသိသာအောင်သူ့ရဲ့ပါးစပ်တွေကို အတင်းဖိပိတ်ထားတယ်။ သူငါ့ကိုကြည့်တဲ့အကြည့်တွေက သူတော်တယ်နော်လို့ပြောချင်နေသယောင်ရှိတာမို့ ငါပြုံးလိုက်မိတယ်။
အစေခံတွေက ပဝါဖြူကိုကြည့်ပြီး ပြုံးစိစိလုပ်နေကြတာကြောင့်ငါပဝါဖြူကိုကြည့်လိုက်မိတယ်။ သူတို့ဘာကြောင့်ပြုံးသလဲဆိုတာ အဖြေတွေ့သွားတော့ ငါတခဏတာကြောင်အသွားတယ်။ အဲ့ဒါကတော့ ပဝါဖြူပေါ်မှာ အနီကွက်တစ်ကွက်ရှိနေတာကြောင့်ဘဲ။ သို့ပေမယ့်ခဏအကြာမှာ ငါ့ခြေထောက်တွေကို လုံခြုံအောင်ဖုံးအုပ်လိုက်တယ်။
သူက အရူးမင်းသားဖြစ်တဲ့အတွက်ကြောင့်ညီလာခံမတက်ရဘူး။ ဒါပေမယ့်သူ့ကိုနေ့လည်ချိန်ထိ ငါမတွေ့ရတက်ဘူး။နေ့လည်ချိန်ကျော်ရင်တော့ သူ့အထိမ်းတော်နဲ့အတူ ငါဆီကိုရောက်လို့လာတက်တယ်။ သူမရှိတဲ့အချိန်တွေဆို စာအုပ်တွေဖတ်ရင်း ဗျတ်စောင်းတီးရင်း ငါ့အချိန်တွေဖြုန်းလေ့ရှိတယ်။ သူရောက်လာတဲ့အချိန်တွေဆို သူနဲ့စကားတွေအများကြီးပြောရင်းကုန်ဆုံးလေ့ရှိတယ်။ ငါတို့နှစ်ဦးရဲ့နေ့ရက်တွေကပျော်ရွှင်သာယာနေတယ်။ ငါ့ဖခင်အိမ်မှာထက်ပိုပြီး စိတ်ချမ်းသာတယ်ဆိုတာပြောစရာတောင်မလိုဘူး။
တစ်နေ့တော့ ငါတို့အိမ်တော်ကို သတင်းတစ်ခုရောက်လို့လာတယ်။ အဲ့ဒါကတော့ နန်းတက်မင်းသားနဲ့ ငါတို့အိမ်တော်ကအမကြီးတို့ရဲ့ မင်္ဂလာသတင်းဘဲ။ အဲ့ဒီသတင်းနဲ့အတူ ငါတို့နှစ်ဦးတက်ရောက်ရန်ဆိုတဲ့ အမိန့်တော်ပါ ပါလာလေတယ်။ ငါအဲ့ဒီပွဲကိုမတက်ရောက်ချင်ဘူး။ ဘာကြောင့်ဆို အဖြေကရှိပါတယ်။ ငါ့ခင်ပွန်းကြောင့်ပေါ့။ သူနဲ့တက်ရောက်ရမှာကို ရှက်ကြောက်လို့မဟုတ်ဘူး။ ငါသူ့ရဲ့လက်ကိုတွဲပြီးပွဲတက်ချင်ပါတယ်။ သူဘယ်လိုအခြေအနေမှာဖြစ်ဖြစ်ပေါ့။ သို့ပေမယ့်ငါ့ခင်ပွန်းကို အထင်သေးခြင်း သနားခြင်းလှောင်ရယ်လိုခြင်းဆိုတဲ့ အကြည့်တွေနဲ့ကြည့်လာမှာကိုမလိုလားဘူး။
သို့ပေမယ့်ငါ့ခင်ပွန်းက ငါ့လက်မောင်းကို ဆွဲလို့
"ချစ်ဇနီး ငါချစ်ဇနီးနဲ့ တူတူသွားမယ်နော်"
တဲ့။
သူ့ရဲ့တောင်းဆိုမှုကိုလည်း ငါမငြင်းပယ်နိုင်ဘူး။ ဒါကြောင့်ငါသူနဲ့အတူပွဲတက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ငါ့ခင်ပွန်းကိုငါကာကွယ်မယ်လို့တွေးရင်းနဲ့ပေါ့။
ပွဲကြီးက ကြီးကျယ်ခမ်းနားတယ်။ ဟုတ်တာပေါ့ ဒါက အာဏာကြီးမားတဲ့နန်းတက်မင်းသားနဲ့ ငါတို့အိမ်တော်က ပဏာမသမီး ရဲ့ မင်္ဂလာပွဲဘဲလေ။ ငါ့ရဲ့ခင်ပွန်းကတော့ ငါ့လက်ကိုတွဲရင်း တပြုံးပြုံးလုပ်နေတယ်။ ရယ်သံတော့ထွက်မနေတော့ပါဘူး သူကငါ့စကားနားထောင်တယ်လေ။ မင်္ဂလာပွဲက အမတ်တွေနဲ့ အဖိုးတန်ဧည့်သည်တွေက ငါ့ခင်ပွန်းကို ကြည့်ပြီးတိုးတိုးဝေဖန်နေကြတယ်။ အမျိုးသမီးအချို့ကလည်း ငါ့ကိုအရူးမိန်းမဆိုတဲ့အကြည့်နဲ့ ခပ်လှောင်လှောင်ကြည့်နေကြသေးတယ်။ ငါဂရုမစိုက်ပါဘူး အရူးမိန်းမဖြစ်ရတာ ဘယ်လောက်စိတ်ချမ်းသာရမှန်း သူတို့မှမသိတာ။
"ချစ်ဇနီး ချစ်ဇနီး ပန်းလှလှလေးတွေကြည့်ရအောင်"
"ပန်းလှလှလေးတွေ?"
ငါ့ရဲ့အမေးကို သူကအပြုံးချိုချိုလေးတွေနဲ့ တုန့်ပြန်ပြီးခေါင်းညိမ့်ပြတယ်။နောက်ပြီး ငါ့လက်ကိုဆွဲလို့ ခန်းမဆောင်ထဲကနေပြေးထွက်ခဲ့တယ်။ သူဆွဲခေါ်ရာနောက်ကိုပြေးလိုက်ရင်း တစ်နေရာအရောက်မှာတော့ ငါအရမ်းအံ့ဩသွားခဲ့တယ်။ ငါ့ရှေ့ကမြင်ကွင်းက အရမ်းကိုလှပလွန်းတာကြောင့်ငါမှင်သက်သွားမိတယ်။ ကန်ရေပြင်အပြည့်ပွင့်အာနေတဲ့ကြာပန်းတွေက လှချင်တိုင်း လှနေတယ်။ ကန်ရေပြင်ကို ဖြတ်တိုက်တဲ့လေညှင်းလေးတွေကြောင့်သစ်ရွက်လေးတွေ တစ်ခုနဲ့တစ်ခုပွတ်တိုက်ရင်း ထွက်လာတဲ့အသံကလည်း လက်ရာမြောက်လှတဲ့ သံစဉ်တစ်ပုဒ်ဖြစ်လို့နေတယ်။
သူကဒီတစ်ခါတော့ အသံထွက်ရယ်မောလိုက်ပြီး
"ချစ်ဇနီး လှတယ်နော်လှတယ်ချစ်ဇနီး"
သူ့အသံကြားတော့မှ ငါ့အသိစိတ်ပြန်ကပ်နိုင်တယ်။ နန်းတော်ထဲမှာ ဒီလောက်လှပတဲ့နေရာရှိတယ်ဆိုတာ ငါမသိခဲ့ဘူး။ ဒီနေရာလေးက မင်္ဂလာပွဲရဲ့ ဆူညံသံနဲ့တခြားဆီဘဲ။ ဒါကကောင်းကင်ဘုံ တစ်ခုလို့တောင်ယူဆလို့ရတယ်။
ငါ့ခင်ပွန်းရဲ့ လက်တွေကိုငါဆုပ်ကိုင်လိုက်တယ်။ ပြီးတော့ ငါတိုးတိုးလေးဆိုလိုက်တယ်။
"ကျေးဇူးပါ ကျွန်မရဲ့ပျော်ရွှင်မှုတွေအားလုံးက ရှင့်ကြောင့်ဖြစ်လာတာမို့ကျေးဇူးပါ"
ပြောရင်း ပူနွေးတဲ့ မျက်ရည်စက်တွေကငါမသိလိုက်ခင်မှာ ဘာကြောင့်မှန်းမသိပါဘဲ အလိုလို ကျရောက်လာကြတယ်။ ငါ့ခင်ပွန်းကတော့ ငါ့ကိုကြည့်ပြီး ပြုံးနေရာကနေ ပြာပြာသလဲဖြစ်လို့ သွားတယ်။
"ချစ်ဇနီး မငိုပါနဲ့ချစ်ဇနီး ဘာလို့ငိုတာလဲ မုန့်မစားရလို့လား"
သူ့ရဲ့ကြောင်တောင်တောင်နိုင်တဲ့မေးခွန်းတွေအောက်မှာဘဲ ငါပြုံးမိပြန်တယ်။ ငါခေါင်းညိမ့်ပြလိုက်တော့ သူကဘယ်ချိန်ကထည့်လာမှန်းမသိတဲ့ အင်္ကျီလက်ထဲက မုန့်ခြောက်အချို့ထုတ်ပေးလာတယ်။
"ချစ်ဇနီးစားချင်ရင်ပေးမယ်နော်မငိုနဲ့တိတ်တိတ်"
သူ့ရဲ့လက်ထဲကမုန့်ကို ငါ့ဆီထိုးပေးပြီး သူ့လက်တွေကိုအင်္ကျီနဲ့ပြန်သုတ်လိုက်သေးတယ်။ပြီးတော့မှ ငါ့မျက်ရည်တွေကို ဖွဖွလေးလာသုတ်ပေးလေတယ်။ ငါခံစားမိပြန်ပြီ သူ့လက်တွေပိုပြီး ကြမ်းတမ်းလာသလိုခံစားမိပြန်ပြီ။ ငါ့ပါးပြင်ပေါ်က သု့လက်တွေကို ငါ့လက်နဲ့ဆုပ်ကိုင်လိုက်တယ်။နောက်ပြီး သူ့လက်ဖဝါးတွေကိုသေချာကြည့်မိတယ်။ သို့ပေမယ့်သူကသူ့လက်တွေကို မြန်မြန်ပြန်ဆွဲယူလိုက်ပြီး
"ချစ်ဇနီး မုန့်ရပြီဆိုတော့ မငိုတော့ဘူးနော့်"
ငါခေါင်းထပ်ညိမ့်ပြလိုက်ပြီး သူ့ခါးဆီငါ့လက်တွေနဲ့ဖက်တွယ်လိုက်တယ်။ ငါ့မျက်နှာကိုသူ့ရင်ဘက်မှာအပ်လိုက်ြပီး
"အင်း မငိုတော့ဘူး နင်သာ ငါ့ကိုဖက်ပေးထားရင်ဘယ်တော့မှမငိုတော့ဘူး"
ငါ့စကားကိုကြားတော သူ့ခေါင်းကို တဆက်ဆက်ညိမ့်လိုက်ပြီး ပြောလာတာ "အင်းအင်း" တဲ့။
ကြာကန်မှာ အချိန်ဖြုန်းခဲ့တာကြောင့်ငါတို့ မင်္ဂလာအခမ်းအနားကနေ ပြန်လာတော့မှောင်ရီဖြိုးဖျအချိန်ကိုရောက်လို့သွားတယ်။ သူကအရူးလေးဆိုတော့ မြင်းစီးလို့မဖြစ်တာကြောင့်ငါနဲ့အတူဝေါယာဉ်လိုက်စီးတယ်။ တစ်နေရာအရောက်မှာဝေါယာဉ်က ရပ်တန့်လို့သွားတယ်။ ဘာကြောင့်လဲလို့ ငါစပ်စုဖို့လိုက်ကာစကိုဖယ်လိုက်တဲ့အခါ ဝတ်စုံအနက်နဲ့လူတစ်စုက ဓားကိုယ်စီကိုင်ထားပြီး ငါတို့ကိုချိန်ရွယ်လို့ထားတယ်။
ငါသူ့အတွက်စိတ်ပူလို့သွားတယ်။ သူထွက်ပြေးနိုင်မှာမဟုတ်တာကိုတွေးမိတာကြောင့်
"အရှင့်သား ရှင်ကျွန်မစကားကိုနားထောင်မယ်မဟုတ်လား"
သူကခေါင်းညိမ့်လို့ပြလာတယ်။
"ဟုတ်ပြီ ဒါဆို ရှင်အိမ်တော်ကိုပြန်တက်လား"
လို့ ငါထပ်မေးလိုက်တယ်။ သူကခေါင်းညိမ့်ပြပြန်တယ်။ တကယ်ဘဲ ငါ့ခင်ပွန်းအရူးလေးက အိမ်တော်ပြန်လမ်းကို မှတ်မိကောင်းပါရဲ့လို့ ငါတွေးမိတယ်။
"ဒါဆို ကျွန်မရှင့်ကိုပြေးလို့ပြောရင်ပြေးရမယ်နော်အဲ့လူတွေနဲ့ဝေးအောင်အိမ်တော်ရောက်တဲ့ထိပြေးရမယ်နော်"
လို့မှာလိုက်တယ်။ သူကတော့ ငါ့ကိုသာငေးကြည့်လို့နေတယ်။ အပြင်ဘက်မှာတော့ လက်နက်ချင်း ထိခပ်သံတွေ ဆူညံလို့နေပြီ။ ဝတ်စုံနက်တွေက အင်မတန်တော်လွန်းတာကြောင့်ငါတို့ဘက်ကအရေးနိမ့်နေလေတယ်။ ငါသူ့လက်ကို ဆွဲကိုင်လိုက်ပြီး အပြင်ကိုလှမ်းထွက်လိုက်တယ်။နောက်ပြီး နီးရာကသေဆုံးနေတဲ့တပ်သားတစ်ယောက်ရဲ့ ဓားကိုကောက်ကိုင်လိုက်တယ်။ သူကငါ့လက်ကို ဖြစ်ညစ်လိုက်တာ ငါခံစားမိတယ်။ သူကြောက်နေတယ်လို့ ငါတွေးမိတာကြောင့်မကြောက်ဖို့အကြည့်တွေနဲ့သာ ငါနှစ်သိမ့်မိတယ်။ ဝတ်စုံနက်တွေက ငါတို့ထွက်လာတာ မြင်တဲ့အခါ သူတို့ဓားဦးတွေက ငါတို့ဆီမှာသာ ဦးတည်ကုန်တယ်။ ဒါကြောင့်ပြေး လို့ပြောပြီး အမှောင်ရိပ်ဘက်တွန်းပို့လိုက်တယ်။ ငါကဓားရေးတော်နေတဲ့သူ မဟုတ်ပေမယ့်အနည်းအကျင်းတော့ တက်ထားပါတယ်။ ဒါကြောင့်သူပြေးဖို့အချိန်ရအောင်ငါတက်နိုင်သလောက်တားဆီးနေတယ်။ ငါလို ဓားရေးညံ့ဖျင်းသူတစ်ယောက်က ဘယ်လိုလုပ်အချိန်ကြာကြာဆွဲထားနိုင်မှာလဲ။ သူတို့ရဲ့ ဓားသွားတွေက ငါ့ခန္ဓာကိုယ်မှာ ဖြတ်ရှရာတွေပေးကြတယ်။ ဒါပေမယ့်အဲ့ဒါတွေကငါ့ကိုသေနိုင်လောက်တဲ့ထိတော့မဟုတ်သေးဘူး။ ငါ့ကိုယ်ငါတောင်မနည်းကာကွယ်နေရတဲ့အချိန်နောက်ထပ်ဝတ်စုံနက်တစ်ယောက်ထွက်လို့လာပြန်တယ်။ ငါထိပ်လန့်သွားမိတယ်။ ငါသေရမှာကြောက်လို့တော့ မဟုတ်ပါဘူး အဲ့ဒီဝတ်စုံအနက်နဲ့လူ ထွက်လာတာက အရှင့်သားပြေးသွားခဲ့တဲ့ဘက်ဖြစ်နေတာကြောင့်ပါ။ သို့ပေမယ့်အံ့ဩစရာကောင်းတာက အဲ့ဝတ်စုံနက်နဲ့လူက အခြားဝတ်စုံနက်တွေကိုပြန်သတ်နေတာဘဲ။ သူ့ရဲ့ဓားရေးကပြောင်မြောက်တိကျလွန်းတယ်။ သူဓားတစ်ချက်ဝေ့လိုက်ရင်တစ်ယောက်သေဆုံးသွားတာဘဲ။ ဒီလူက ငါတို့ဘက်ကလူလို့တွေးလိုက်ချိန်မှာဘဲ ငါဟာလောကကြီးနဲ့အဆက်ပြတ်လို့သွားတယ်။
***
ငါ့မျက်လုံးတွေဖွင့်လိုက်ချိန်မှာ အရင်ဦးဆုံးမြင်တွေ့ရတာက ဖြူလွှလွှမျက်နှာကျက်တစ်ခုဘဲ။ ငါသိလိုက်ပြီ ငါ့အိပ်ခန်းကိုငါပြန်ရောက်နေပြီဆိုတာ။ ငါဘေးကိုကြည့်လိုက်ချိန်မှာ ငါ့လက်တွေကိုကိုင်ပြီး အိပ်မောကျနေတဲ့ အရှင့်သားကိုတွေ့လိုက်ရလေတယ်။ ငါထထိုင်ဖို့ကြိုးစားလိုက်ရင်ဘဲ ငါ့ခန္ဓာတစ်ခုလုံးက နာကျင်လို့လာတာကြောင့်ညည်းသံတိုးတိုးလေး ထွက်လို့သွားတယ်။ တကယ့်ကို ငါ့အသံကတိုးတိုးလေးပါ။ သို့ပေမယ့်ငါ့ဘေးကလူကတော့ခေါင်းထောင်လာတယ်။
"ချစ်ဇနီးနိုးပြီလား"
သူ့ရဲ့အသံလေးက တိုးတိုးလေးနဲ့ အလွန်ပုံမှန်ဖြစ်နေတယ်။ သူ့မျက်နှာလေးက မို့အစ်လို့နေတာ ငိုလွန်းထားတဲ့ ရုပ်ကလေးနဲ့တူတယ်။ သူ့ပုံစံလေးကြောင့်ငါပြုံးလိုက်မိတယ်။
"ရှင်ဘေးကင်းလို့ ကျွန်မပျော်တယ်"
ငါ့စကားအဆုံးမှာ သူကငါ့လက်ဖဝါးတွေကိုဖြန့်ယူပြီး သူ့ပါးမှာအပ်လိုက်လေတယ်။နောက်ပြီးပြောလာတာက
"နောက်ဆို ချစ်ဇနီးကို မထိခိုက်အောင်ကာကွယ်ပါ့မယ်"
သူ့အပြောလေးကြောင့်ငါရယ်မိပြန်တယ်။ သူ့ကိုယ်သူတောင်မကာကွယ်နိုင်တဲ့ အရူးလေးက ငါ့ကိုကာကွယ်မယ်လို့ပြောနေတာကြောင့်ဒါဟာ ရယ်စရာကောင်းနေတယ်လေ။ ဒါပေမယ့်ငါခေါင်းတစ်ချက်ညိမ့်ပြလိုက်ပြီးပြောလိုက်တယ်။
"ဒါဆို ချစ်ခင်ပွန်းရဲ့ ကာကွယ်မှုအောက်မှာဘဲနေတော့မယ်" လို့။
ငါကျန်းမာရေးပြန်ကောင်းဖို့ အချိန်တစ်လတောင်ကြာမြင့်ခဲ့တယ်။ သူကတော့ မနက်ခင်းတိုင်း မရှိတက်ပြန်ပါဘူး။ ငါကျန်းမာရေးကောင်းလာပေမယ့်အိမ်တော်ဝင်းထဲမှာသာနေစမြဲပါဘဲ။
တစ်နေ့
သူငါ့ဆီရောက်မလာခဲ့ဘူး။
ထိုနေ့မှာဘဲ တိုက်ဆိုင်စွာ နန်းတက်မင်းသားအိမ်တော်မှာ ကျူးကျော်ဝင်ရောက်သူရှိခဲ့ပြီး နန်းတက်မင်းသားကို ဒါဏ်ရာအပြင်းအထန်ရစေခဲ့တယ်။ ငါအရမ်းစိတ်ပူခဲ့တယ်။ နန်းတက်မင်းသားအိမ်တော်ကိုတောင်ဝင်ရောက်လုပ်ကြံနိုင်တာ ငါတို့လိုအိမ်တော်လေးကိုဝင်ရောက်ပြီး မကာကွယ်နိုင်တဲ့ သူ့ကိုထိခိုက်စေဖို့ဆိုတာ ကျူးကျော်သူတွေအတွက်အလွယ်လေးမဟုတ်လား။
နောက်တစ်နေ့ရောက်လာခဲ့ပေမယ့်သူ့မျက်နှာလေးကနွမ်းနယ်နေတယ်။ ငါသူ့ကိုမေးခဲ့ပေမယ့်သူက 'မုန့်စားမယ်' လို့ဘဲထအော်ခဲ့တယ်။ သူအပူအပင်ကင်းစွာ မုန့်စားနေနိုင်ပေမယ့်ငါကတော့ သူ့အတွက်အတော်ပူပန်နေရတယ်။ တိုင်းပြည်ပြည့်ရှင်ကလည်း နာမကျန်းဖြစ်နေတာကြောင့်အာဏာလုပွဲကြီးဖြစ်တည်လာပြီလေ။
အရင်က ငါထင်ခဲ့တာ ။ ငါ့ခင်ပွန်းရဲ့ ကျန်းမာရေးအခြေအနေကြောင့်ငါတို့ဘဝကအေးချမ်းစွာနေနိုင်မယ်လို့။ ဒီနန်းရေးအရှုပ်တော်ပုံနဲ့ မသတ်ဆိုင်စွာနေနိုင်လိမ့်မယ်လို့ပေါ့။ ခုတော့ လုံးဝကွဲပြားတာဘဲ။ ငါမျှော်လင့်မိတယ်။ ငါ့ခင်ပွန်းမှာ ကာကွယ်နိုင်တဲ့စွမ်းရည်ရှိနေဖို့ပေါ့။
ညနေခင်းအချိန်မှာဘဲ မင်းသား၃ရဲ့အိမ်တော်ကို တရားရေးရုံးတော်က တပ်သားတွေဝန်းရံခြင်းကိုခံလိုက်ရလေတယ်။ နန်းတက်မင်းသားကို လုပ်ကြံခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ အိမ်သားအားလုံး ဖမ်းဆီးခြင်းခံရလေတယ်။ မင်းသား၃ ကတော့ မိမိ မလုပ်ခဲ့ကြောင်း ငြင်းဆန်ပေသည့်အရာမဝင်လေဘူး။ သားတော်သုံးပါးရှိပေသည့်တစ်ဦးက လုပ်ကြံခံရသူ တစ်ဦးက အသိမပြည့်ဝသော မင်းသားငယ်။ ထို့ကြောင့်နန်းတက်မင်းသားသာ ကျဆုံးခဲ့လျှင်အကျိုးအမြတ်ရမှာက မင်းသား၃ တစ်ဦးတည်းသာဖြစ်လေတယ်။ ထို့ပြင်နန်းတက်မင်းသားနှင့်မင်းသားသုံး၏ အခြားသော ရန်ညိုးရန်စများရှိနေခြင်းကြောင့်လည်းပို၍သံသယဝင်စေလေတယ်။
ငါဆုတောင်းမိတယ်။ ထိုပြဿ နာတွေက ငါတို့မိသားစုထံမြှားဦးမလှည့်လာစေဖို့ပေါ့။ ငါ့ရဲ့ခင်ပွန်းကိုသာ စွပ်စွဲခဲ့မယ်ဆိုရင်ငါ့ခင်ပွန်းက တရားခံဘဲဖြစ်နေရမှာ။ သူ့မှာ ငြင်းဆန်နိုင်တဲ့ အခြေအနေမရှိဘူး။ သူတို့စွပ်စွဲသမျှခံနေရတော့မှာ။
ဒီနောက်ပိုင်း သူငါ့ဆီလာတာ နည်းသွားတယ်။ ငါသူ့ကိုအရမ်း သတိရလာတာကြောင့်သူ့အဆောင်ဆီ သွားလည်ပတ်ဖို့ ငါတွေးမိသွားတယ်။ ဒါကြောင့်ငါ့ရဲ့အစေခံတစ်ယောက်ကို မီးဖိုဆောင်သွားပြီး အကောင်းဆုံးသရေစာတွေယူစေလိုက်တယ်။ထို့နောက်သရေစာပန်းကန်ကို ငါကိုယ်တိုင်ယူဆောင်ပြီး သူ့ရဲ့အဆောင်တော်ထံ တက်ကြွစွာ လှမ်းခဲ့တယ်။ ငါတစ်လမ်းလုံးတွေးနေခဲ့တာ။ သူငါ့ကိုမြင်လိုက်ရင်ပျော်ပြီးပြေးဖက်မှာလား။ ဒါမှမဟုတ်ငါ့လက်ထဲကသရေစာပန်းကန်ကို အရင်ယူမှာလား လို့ပေါ့။
သူ့ကိုအံ့ဩစေချင်တာကြောင့်အိမ်တော်အစောင့်တွေကိုတောင်တိုးတိုးတိတ်တိတ်နေရန်အချက်ပြခဲ့တယ်။ ငါမသိခဲ့တာက အံ့ဩရမှာ သူမဟုတ်ဘဲ ငါဖြစ်နေမှာကိုပေါ့။
ငါသူ့အခန်းရှေ့ခြေစုံရပ်မိချိန်မှာဘဲ အခန်းထဲကစကားသံအချို့ကိုကြားရတယ်။ အဲ့ဒါကတော့ နန်းတက်မင်းသားကို လုပ်ကြံခဲ့မှုနဲ့ ပတ်သတ်ပြီးဆွေးနွေးနေကြတာဘဲ။ ငါတမင်တကာချောင်းနားထောင်တာမဟုတ်ပေသည့်ငါအားလုံးကိုညိမ်ညိမ်လေးရပ်ပြီး နားထောင်နေမိတယ်။နောက်ပြီးပြောနေတဲ့စကားသံက ငါ့ရဲ့ချင်လှစွာသော အရူးယောကျာ်းရဲ့ အသံဘဲ။ ငါယောင်ယမ်းပြီးခြေတစ်လှမ်းတောင်ဆုတ်မိသွားတယ်။ ဒါကို သတိထားမိသွားတော့
"ဘယ်သူလဲ"
ဆိုတဲ့အသံနဲ့အတူ တံခါးပွင့်လာပြီး ဓားရှည်ကိုဆွဲကိုင်ထားတဲ့ ငါ့ရဲ့ခင်ပွန်းကိုမြင်လိုက်ရတယ်။
သူက ငါသိတဲ့ငါ့ခင်ပွန်းမဟုတ်တော့ဘူး။ ငါသိတဲ့ငါခင်ပွန်းက အရမ်းရိုးအပြီး အသိဥာဏ်မပြည့်ဝသည့်တိုင်အောင်ဖြူစင်ပြီးချစ်ဖို့ကောင်းတယ်။ သို့ပေမယ့်ငါ့ရှေ့ကလူကတော့ကောက်ကျစ်ပြီး ခက်ထန်တယ်လို့ ငါမြင်တယ်။
သူငါ့ကိုမြင်လိုက်တော့ ခက်ထန်ပြီးရက်စက်တော့မယ့်သူ့မျက်နှာက ထိတ်လန့်သယောင်ဖြတ်ပြေးသွားတာ ငါမြင်လိုက်တယ်။ သို့ပေမယ့်သူကချက်ချင်းပင်
"ချစ်ဇနီး ခင်ပွန်းဆီ အလည်လာတာလားမုန့်ရောပါလာတာလား"
အရင်ကလို တုံးတုံးအအ ခင်ပွန်းသည်လေး ဖြစ်သွားတာ မျက်စိတစ်မှိတ်အတွင်းမှာဘဲ။ ငါကိုယ်ငါမသိတော့ဘူး။ သူ့အမေးကို ဘယ်လိုပြန်ဖြေသင့်သလဲဆိုတာ။
'ဟုတ်တယ်' လို့ ဘဲ ဘာမှမကြားချင်ယောင်ဆောင်ပြီး ဖြေရမလား။ ဒါမှမဟုတ် ဒေါသတကြီးသူ့ကိုထုရိုက်ပြစ်ပြီး 'လူလိမ် လူညာ' လို့အော်ပြစ်ရမလား။ နောက်ဆုံးတော့ ငါလုပ်လိုက်မိတာက ခေါင်းလေး တစ်ချက်ညိမ့်ပြလိုက်ယုံပါဘဲ။ နောက်ပြီး အကြောင်းပြချက်ရှာကာ ငါ့အဆောင်ကိုငါပြန်လာခဲ့လိုက်တယ်။ အဆောင်ပြန်ရောက်သည့်တိုင်အောင် ငါမယုံနိုင်သေးဘူး။ ဒါဟာ အိပ်မက်ဖြစ်ပါစေလို့ ငါဆုတောင်းနေတယ်။ ဒီအိပ်မက်ကနေ မြန်မြန်နိုးထဖို့ဘဲ ဆုတောင်းမိနေတယ်။ ဒါပေမယ့် ဆုကတောင်းတိုင်းပြည့်တာမှ မဟုတ်တာ။ ငါလက်မခံချင်ရင်တောင်မှ ဒါကအမှန်တရားဘဲ။ ငါအဆောင်ထဲကနေ မထွက်ဘဲနေတာ ဘယ်နှစ်ရက်တောင်မသိဘူး။
နောက်ဆုံးတော့ ငါ့ဆီသူရောက်လာခဲ့ပြီ။ သူက သူ့အရေခွံကို ငါ့ရှေ့မှာ ခွာချလိုက်ဖို့ ဆုံးဖြတ်ခဲ့ဟန်တူရဲ့။ ငါ့အခန်းတံခါးပြန်ပိတ်သွားတာနဲ့ တစ်ပြိုင်နက် သူဟာ ပုံမှန်လူတစ်ယောက် အငွေ့အသက်တွေ လွှမ်းသွားတော့တယ်။ ဒါပေမယ့် သူ့မျက်နှာမှာတော့ နူးညံ့ချစ်ခင်ခြင်းတွေကိုသာ လွှမ်းခြုံလို့ထားတယ်။ အဲ့ဒီမျက်နှာကို အတော်ကြာတဲ့ထိ ငါစိုက်ကြည့်နေမိတယ်။ သူက ပြုံးပြလာကာ ဆိုလာတယ်။
"ရှင်မ ကိုယ့်ကအရမ်းခန့်ညားနေလို့လား"
သူ့စကားက စနောက်နေသည့်တောင်အောင် ငါ့ကို မပျော်ရွှင်စေဘူး။ သူက တဖြည့်ဖြည်း ငါနဲ့အရမ်းကပ်လာကာ ဆိုလာတယ်။
"ကိုယ် မင်းကိုဖုံးကွယ်ထားမိလို့ တောင်းပန်ပါတယ်"
သူ့ရဲ့ ကြမ်းရှနေတဲ့ လက်တစ်စုံနဲ့ ငါ့လက်တွေကို ဆုပ်ကိုင်လာတယ်။ သူ့မျက်လုံးအမူအယာ အားလုံးမှာ တောင်းပန်ခယခြင်းတွေ ပြည့်နေတယ်။ ငါ ဘာပြန်ပြောသင့်လဲ ငါတကယ်မသိတာကြောင့် နှုတ်ဆိတ်ပြီးသာ နေလိုက်တယ်။ သူက ထပ်ပြောလာတယ်။
"ကိုယ်က မင်းကို အန္တရာယ်ကင်းကင်းနဲ့ အမြင့်ဆုံးနေရာမှာထားချင်တာ"
သူ့စကားရဲ့ အဓိပ္ပါယ်က ဘာလဲ ငါနားလည်တယ်။ ဒါကြောင့် သူ့ကိုထူးဆန်းတဲ့ အကြည့်နဲ့ ပြန်ကြည့်လိုက်တယ်။ ပြီးတော့မှ ငါပြောလိုက်တယ်။
"ခုလက်ရှိအခြေအနေကသာ အကောင်းဆုံးလို့ ကျွန်မထင်တယ်"
"ဒါက မင်းကိုမလုံခြုံစေဘူး"
သူရဲ့မျက်လုံးထဲမှာ စိတ်ပူခြင်းတွေ ပြည့်နှက်လာတယ်။ အဲ့ဒါက ငါ့ကိုစည်းရုံးမှု မအောင်မြင်မှာ ကြောက်နေခဲ့လို့လား။ ငါ့ကြောင့် သူ့ရဲ့ လျှို့ဝှက်ချက် ပေါက်ကြားမှာ စိုးနေတာလား။
"အလုံခြုံဆုံးက အမြင့်ဆုံးနေရာဘဲ"
အဲ့ဒီစကားပြောလိုက်ချိန်မှာ သူ့မျက်ဝန်းထဲက ရက်စက်မှုတွေ ကောက်ကျစ်မှုတွေကို ငါမြင်နေရတယ်။ အဲ့ဒီ မြင်ကွင်းမျိုးကို ငါမလိုလားဘူး။ သူ့ကို ဒီလိုရက်စက်ပြီး ကောက်ကျစ်တဲ့သူ ဖြစ်မလာစေချင်ဘူး။
အရင်က တုံးတုံးအအနဲ့ အသိချို့တဲ့နေပေမယ့် ဖြူစင်တဲ့ ငါ့ခင်ပွန်းကိုသာ ပြန်လိုချင်တယ်။
ဩော် မေ့လို့ အရင်ကတည်းကလည်း ဖြူစင်မှုဆိုတာ သူ့ဆီမှာ မရှိခဲ့ဘူးဘဲ။ အယောင်ဆောင် ဖြူစင်မှုဘဲ ရှိနေခဲ့တာ ။ ငါကသာ အရူးတစ်ယောက်လို ယုံကြည်နေခဲ့တာ။ သူဆိုတာ ဘယ်တုန်းကမှ ဖြူစင်စွာ ရှိမနေခဲ့ဘူး။ သူဆိုတာ အမြဲ လိမ်ညာမှုတွေနဲ့ ပြည့်နက်နေခဲ့တာ။
##########