တိုက်ခန်းနာမ်ပါတ် ၉အတွင်း လူတစ်ယောက်နှင့် ဝိဥာဉ်တစ်ကောင် သာရှိပြီး ကွန်ပျူတာရိုက်သံ 'တဂျက်ဂျက်'ကလွဲ၍ မည့်သည့်အသံမှ မကြားရပေ။ ဝိဥာဉ်ကောင်လေးက စားပွဲပေါ်မေးတင်ကာ ထိုင်နေပြီး ကွန်ပျူတာရိုက်နေသည်ကိုသာ ငေးမောကြည့်နေလေသည်။ ထိုအခြေအနေက မည်မျှပင်ကြာသွားသည်မသိ ဗိုက်ထဲမှတဂွီဂွီမြည် သံ ကြားတော့မှ
"ဗိုက်ဆာနေပြီ"
ဝိဥာဉ်ကောင်လေးက အသံပြုလို့လာသည်။ စစ်မျက်နှာက စာရိုက်နေရာမှ မော့ကြည့်လိုက်ပြီး
"မင်းဆာတာလား"
ဝိဥာဉ်ကောင်လေးက ခေါင်းရမ်းပြလာသည်။ မှန်သည် ထိုဝိဥာဉ်ကောင်က စားစရာမှမလိုဘဲ ဘယ်လိုလုပ်ဗိုက်ဆာမည်လဲလေ။ တဂွီဂွီမြည်သံက သူ့ထံမှလာခြင်းသာဖြစ်သည်။ထိုအသံကိုနှိမ်နှင်းရန် စားစရာတစ်ခုခုထရှာလိုက်သည်။ သို့သော်လည်း နေရာအနှံ့ရှာပြီးသည့်တိုင်အောင် ပဲစေ့လေးပင် တွေ့မလာပေ။ ဝိဥာဉ်ကောင်က စားပွဲပေါ်မေးတင်ထားရင်းဖြင့် လှမ်းပြောလာသည်။
"ဘာမှလည်းရှိတာမဟုတ်ဘဲနဲ့ အညောင်းခံရှာနေသေးတယ်"
ထိုစကားသံကြောင့် ရဲခဲသေတ္တာထဲမှ ရေဗူးထုတ်နေသည့်လက်ပင် ရပ်တန့်သွားကာ ပြန်လှည့်ကြည့်လိုက်မိ၏။ ထိုဝိဥာဉ် ငနဲက သူပြောသည့်စကားအား ကျေနပ်နေသည့်ဟန် ခေါင်းပင်ညိမ့်ပြလာသေးသည်။
"မင်းပါးစပ်ပိတ်ထား"
သူအံကျိတ်သံနှင့် သတိပေးလိုက်သည်။ တစ်ယောက်တည်း နေရသည်ကိုအသားကျနေပြီဖြစ်တာကြောင့် လူပိုတစ်ယောက်ရောက်လာတော့ နေရထိုင်ရအစဉ်မပြေပေ။ပိုဆိုးသည်က ရောက်လာသည့်တစ်ယောက်က အခြေနေနဲ့အချိန်အခါလည်း မသိတက်ပေ။
ရေသောက်၍ ဗိုက်ဆာဖြေရန်တွေးရင်း ရေဗူးဖွင့်ပေသည့် အဖုံးကအကျပ်လွန်ကာ တော်တော်နှင့်ဖွင့်မရပေ။ဗိုက်ဆာနေချိန်ဖြစ်တာကြောင့် စိတ်ကပို၍တိုလာပြီး ရေဗူးကို ဆက်မဖွင့်တော့ဘဲ ပြန်ဆောင့်ချလိုက်သည်။ထို့နောက် ခုံပေါ်တွင်တင်ထားသည့် အပေါ်ဝတ်တစ်ထည်နှင့် ဖုန်းကို ကောက်ယူလိုက်ကာ အပြင်ထွက်ခဲ့လိုက်သည်။ သိပ်မကြာခင် သူ့နောက်ကျောကို တစ်စုံတစ်ရာနှင့် ဝင်ဆောင့်ခြင်း ခံလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ သူ့အားကြောင်တောင်တောင်လုပ်ကာ ကြည့်နေသည့် ငနဲသရဲပါပေ။
"ဘာဖြစ်ပြန်တာလဲ လူတစ်ယောက်လုံးသွားနေတာ မမြင်ဘူးလား"
"အရှိန်နဲ့ဆွဲယူလိုက်တာလေ ကျွန်တော်မထိန်းနိုင်လိုက်ဘူး"
"အရှိန်နဲ့ ဆွဲယူမခံရအောင် မင်းကဘာလို့လိုက်မလာတာလဲ"
ထိုအမေးကိုကြားတော့ သူ့အားအပြစ်တင်သည့်အကြည့်တို့နှင့်ကြည့်လာသည်။ ပြီးမှ တစ်ဖက်သို့ မျက်နှာလွှဲသွားကာ
"ခင်ဗျားမှ မခေါ်တာ"
"ဘာ! မခေါ်လည်းမင်းပါလာမှာဆိုတာ မတွေးတက်ဘူးလား ဘာလို့ငါ့ပေါ်အပြစ်ပြန်ပုံချနေတာလဲ အားးးးတကယ်စိတ်ပျက်ဖို့ကောင်းလိုက်တာ...."
စစ်မျက်နှာတစ်ယောက် စိတ်ပျက်ခြင်းများစွာကို အတန်းလိုက်ရေရွတ်လေတော့သည်။ ငနဲ ဝိဥာဉ်လေးကလည်း 'ပြောချင်ရာပြော ' ဟူသည့်သဘောနှင့် စိုက်ကြည့်၍သာနေလေသည်။ ခဏအကြာမှ ဝိဥာဉ်ငနဲက သူ့နောက်သို့လက်ညှိုးထိုးပြလာ၏။
"ဘာလဲ ဘာလဲ"
ဟု အော်ကာ နောက်လှည့်ကြည့်လိုက်လေတော့ ဘေးနားက တိုက်ခန်းရှိ အမျိုးသမီးက ဈေးခြင်းတောင်းကို လက်မှာဆွဲထားရင်း သူ့ကိုသာ အရူးသဖွယ်ကြည့်နေလေသည်။ ထိုမြင်ကွင်းကြောင့် စိတ်ကမအီမသာ ဖြစ်သွားပေသည့် ဟန်လုပ်ပြုံးလိုက်ကာ
"အန်တီ ဘယ်ကပြန်လာတာလဲ ကျွန်တော်ကဖုန်းပြောနေတာ"
သူ့အပြောကြောင့် ထိုအန်တီကြီးက သူ့လက်ကိုလှမ်းကြည့်လာ၏။ သူ့လက်ထဲတွင် မိန့်မိန့်ကြီးရှိနေသည်က တီဗွီရက်မု ပင်ဖြစ်လေသည်။ တစ်ခဏတာခေါင်းကိုက်သွားပေသည့် အတွေ့အကြုံများလွန်းသော သူ့အဖို့ထွက်ပေါက်တွေ့လို့သွားသည်။
"နားကြပ်နဲ့ပြောနေတာလေ ဟာ နားကြပ်ပြုတ်ကျနေခဲ့ပြီး ဘယ်နားကျသွားတာပါလိမ့်"
သူ့နားသူပြန်စမ်းရင်း ပြူးပြူးပြာပြာဖြစ်သွားသည့် ပုံစံဖမ်းလိုက်ကာ ကုန်းကုန်းကွကွရှာပြလေတော့သည်။ ထိုအခါမှ အန်တီကြီးက 'သေချာရှာပါကွယ်' ဟုသာပြော၍ သူ့အခန်းအတွင်းသို့ ဝင်၍သွားလေတော့သည်။
"ဟူးးး"
သူသက်ပြင်းတို့ကို မှုတ်ထုတ်လိုက်ရင်း တရားခံဖြစ်သူအား လှမ်းကြည့်လိုက်၏။
ထိုငနဲက သူနှင့်မဆိုင်ဆိုသော သဘောနှင့်ပင် ပြန်ကြည့်လာသေးသည်။ ထိုပုံစံကြောင့် အကယ်၍ ထိလို့သာရမည်ဆိုလျှင် နပန်းကို လေးငါးချက်လောက်ပင် တီးလိုက်ချင်မိသည်။ အခန်းတွင်းသို့ ပြန်မဝင်ချင်တော့တာကြောင့် ရက်မု ကို ဘောင်းဘီအိတ်ထဲထိုးထည့်လိုက်ကာ စားစရာဝယ်ရန် ခက်သွက်သွက် ထွက်ခဲ့လိုက်တော့သည်။
××××××××
"ဟာ ကောင်လေး မင်းနောက်မှာ အပိုတစ်ကောင်ကပ်ပါလာပါလားကွ"
ကားမှတ်တိုင်ရှိ ခေါင်းပဲ့သရဲက တွေ့တွေ့ချင်းမိတ်ဆက်စကားဆိုလာလေသည်။ ထုံးစံအတိုင်း သူကတော့ လျစ်လျူရှုမြဲသာဖြစ်ပေသည့် ဟိုငနဲကတော့ သွား၍ပင်ပြုံးပြနေသေး၏။
'သည်လောက် ပုံဆိုးပန်းဆိုးကို သူမို့မကြောက်မရွံ့ ပြုံးပြတယ် မေ့လို့မေ့လို့ သူတို့က ဂိုဏ်းတူတူဘဲကို'
"ကောင်လေး မင်းနာမ်မည်ဘယ်သူလဲ ဘယ်ကလဲ ဘယ်လိုဖြစ်ပြီး သေတာလဲ ငယ်ငယ်လေးရှိသေးတာကိုကွာ"
"ကျွန်တော်မမှတ်မိဘူး"
ထိုအဖြေကြားတော့ ခေါင်းပဲ့သရဲကြီးက ခေါင်းတဆက်ဆက်ညိမ့်နေလေ၏။ ခေါင်းပဲ့ဖက်ခြမ်းရှိ တွဲကျနေသော အသားစများက ဖွာကနဲဖွာကနဲပင် နေသည်က မြင်သူအပေါင်းအား အော့နှလုံးနာဖွယ်ပင်။တော်သေးသည်က သူမှလွဲ၍မည်သည့် လူမှမမြင်ခြင်းပင်ဖြစ်သည်။
"ဒါဆို မင်းကိုယ်မင်း ဘယ်လိုသေမှန်းမသိလို့ ဒီလိုဘဝနဲ့နေရတာနဲ့တူတယ် သနားစရာဘဲ ကျွတ်ကျွတ်ကျွတ်"
ခေါင်းပဲ့သရဲက အကောင်းပတိသရဲကို သနားသဖြင့် စုတ်တသတ်သတ်ပင်ပြောနေသည်။ ထိုအခြေအနေက ရယ်စရာကောင်း နေပေသည့် သူပြောနေသည့် စကားတို့ကြောင့် စစ်မျက်နှာ စိတ်ဝင်စားလို့သွားသည်။ သူ့အိတ်ထဲရှိ နားကြပ်ကိုထုတ်ကာ တပ်လိုက်ပြီး တစ်စုံတစ်ယောက်အား ဖုန်းခေါ်နေသရောင် ဟန်ပြုလိုက်ပြီး
"ခင်ဗျား ဘာကိုဆိုလိုတာလဲ"
သူ၏ ရုတ်တရက် အမေးကြောင့် သရဲနှစ်ကောင်က သူ့အားပြူးကြည့်လာကြပြန်သည်။ ပြီးမှ အကြံပေါက်သွားဟန်တူသော ခေါင်းပဲ့သရဲက
"ဘာလဲ သိချင်ရင် မင်းအရင်ကူညီပေးရမှာပေါ့"
"နေပါစေ ခင်ဗျားသိတယ်ဆိုတာ မဖြစ်နိုင်ပါဘူး"
သူ၏စကားကြောင့် ခေါင်းပဲ့သရဲက မျက်နှာရှုံ့မဲ့သွားကာ
"ငါမသေခင်က ဝိဥာဉ်တွေ သရဲတွေအကြောင်း သေချာလေ့လာခဲ့တာပါကွ"
"သေချာလို့လား"
စစ်မျက်နှာက မယုံကြည်ဟန် ပြန်ကြည့်လိုက်သည်။ ထိုခေါင်းပဲ့သရဲက သေချာသည်ဟူသော မျက်နှာပေးနှင့်ဖြစ်၍ နေသည်။
"အခြားအကူအညီပြော"
သူဈေးဆစ်လိုက်သည်။ သို့သော်လည်း ခေါင်းပဲ့သရဲက နှာခေါင်းရှုံ့သံပြုလိုက်ကာ
"မရဘူး ငါကဒီတစ်ခုဘဲလိုတာ"
စစ်မျက်နှာ တစ်ယောက်မသိချင်တော့ဘူးဟု ပြောချင်ပေသည့် သူ့ဘေးနားက ငနဲသရဲကိုလည်း ခွာပြစ်ရန်နည်းလမ်း လိုချင်ပြန်သည်။
"ခင်ဗျား အကူအညီက ဈေးကြီးတယ်ဗျ မန္တလေးထိ သွားဖို့က စရိတ်စခအတော်ကြီးကြီးနဲ့"
"အဲ့အတွက် မပူပါနဲ့မင်းကိုပေးခိုင်းတဲ့ထဲက ခရီးစရိတ်ပြန်နှုတ်ယူလိုက်လေကွာ"
ထိုစကားကြောင့် တက်ကြွသွားပေသည့် အနည်းငယ် စဉ်းစားချင်ယောင်ဆောင်လိုက်ပြီးမှ
"ဒါဆို ကူညီပေးမယ် ခင်ဗျားပြောပြတော့"
သူအရှုံးမရှိသည်ဖြစ်တာကြောင့် သဘောတူညီလိုက်လေတော့သည်။ သူ့နားက အလိုက်မသိသော ငနဲကောင်မြန်မြန်ကျွတ်လွတ်သွားဖို့က အရေးကြီးသည်။ မဟုတ်လျှင် ဒေါသဖြစ်လွန်း၍ အရပ်ပင်ပုလာတော့မည်လေ။
"ဒီကောင်လေးက သူဘယ်လိုသေလို့သေမှန်းလဲမသိ ဘယ်သူဘယ်ဝါမှန်းလည်း မသိတာကြောင့် မကျွတ်လွတ်နိုင်ဖြစ်နေတာဖြစ်မယ်"
"ဒါဆို သူဘယ်သူလဲ သိရင်ကျွတ်လွတ်မှာပေါ့ ဒါဆိုအလကားသက်သက် ကျွန်တော်နဲ့ဘာလို့ လာချိတ်နေတာလဲ"
"သူဘယ်လိုသေလဲ သိရင်တော့ ကျွတ်လွတ်နိုင်လိမ့်မှာပေါ့ ဒါမှမဟုတ် မသေသေးတာလဲဖြစ်နိုင်တာဘဲ သူဘယ်သူဆိုတာမမှတ်မိနိုင်တာကိုကြည့်ရင် သူကမသေသေးဘူးလို့လဲ ယူဆလို့ရတယ် မင်းနဲ့ဘာလို့လာညိသလဲတော့ ငါလည်းမပြောတက်ဘူး အဲ့ဒါကမင်းတို့ဟာမင်းတို့ပိုသိမှာပေါ့ ကဲကဲ ငါ့ကိုကူညီပေးတော့"
ခေါင်းပဲ့သရဲက အလျှင်စလိုနိုင်လှစွာဖြင့် ပြောလာသည်။ သိချင်တာ ရေရေရာရာ မသိခဲ့ရပေသည့် သဲလွန်စတော့ ရခဲ့တာဘဲလေဟု ဖြေတွေးလိုက်ကာ သူ့ကတိတည်ရန်သာ ကြိုးပမ်းရလေတော့သည်။
'သွားပေဦးတော့ မန္တလေး'
ခေါင်းပဲ့သရဲပြောလိုက်သည့် လိပ်စာကိုမှတ်ကာ အိမ်သို့တန်းမပြန်ဘဲ ကားလက်မှတ်ပြေးဖြတ်လိုက်သည်။ မြန်မြန်လုပ်ပေးပြီး သူ့ကိစ္စလည်း ရှင်းရမည်လေ။ ဒါမှသူလည်း အေးအေးဆေးဆေးပြန်နေလို့ရမည်ပေါ့။
"ခင်ဗျားက ကျွန်တော့်ကိုတော်တော်မကြိုက်ဘူးလား"
"အင်း"
အိမ်ပြန်ရောက်လာပြီး ခရီးထွက်ရန် အထုတ်ပြင်နေသော သူ့ဘေးမှ ကပ်လိုက်နေကာ မေးလာသည်။ မေးလာသည်ကို အမှတ်တမဲ့သာပြန်ဖြေမိသည်။ သည် ဝိဥာဉ်လေးကို မကြိုက်သည်တော့ မဟုတ်ပေသည့် စိတ်ရှုပ်ဒါဏ်တော့ မခံနိုင်တာ အမှန်ပင်။ ထို့ကြောင့် သူ့နားမှ မြန်မြန်ဝေးသွားရန် လုပ်ဆောင်ရမည်လေ။
"မန္တလေးမြို့တွင်းသွားမှာလား"
"မဟုတ်ဘူး နယ်ဘက်"
သုံးလွန်း၍ ပိန့်ရှုံ့နေပြီဖြစ်သော မျက်နှာသစ်ဗူးကို အဖုံးဖွင့်ကာ သေချာကြည့်နေရင်း ပြန်ဖြေလာသည်။ သူလုပ်စရာရှိသည်များကို ဆက်တိုက်လုပ်နေရင်း ဖြေစရာရှိသည်ကိုလည်း ဖြေပေးနေရသည်။ သူ့ကိုယ်သူ တစ်ချိန်လုံးစိတ်ရှည်ရှည်ဖြေပေးနေမိသည်ကိုတော့ သတိမထားမိလိုက်ပေ။
ညနေငါးနာရီခန့်တွင်တော့ အဝေးပြေးကားပေါ်သို့ ရောက်နေကြပြီဖြစ်သည်။ တစ်ဦးထဲ ထိုင်ခုံနှစ်နေရာစာ ဖြတ်ထားရသည်။ ဒင်းက ဝိဥာဉ်ဆိုပေသည့် ခရီးကဝေးတာကြောင့် မတ်တပ်ရပ်၍ လိုက်ပါရမည်ကိုတော့ သူမကြည့်ချင်ပေ။ တစ်ပါးသူပေါ် တက်ထိုင်နေလျှင်လည်း ဒေါသဖြစ်ရဦးမည်။ ထို့ကြောင့် ပိုက်ဆံအကုန်ခံရန်သာ တက်နိုင်လေသည်။
'အင်း ကုန်တာငါ့ပိုက်ဆံမှ မဟုတ်ဘဲ'
ထိုသို့တွေးလိုက်တော့ ပိုက်ဆံကုန်၍ လေးလံနေသော စိတ်တို့ပြန်လည်ကျန်းမာလာ၏။ လူစုံပြီး ကားထွက်ချိန်ကျပြီဖြစ်တာကြောင့် မန္တလေးသို့ စတင်၍ ထွက်ခွာလာခဲ့တော့သည်။