ကလေးသရဲလေးနောက် လိုက်သွားသည်နှင့် အပြန်နောက်ကျနေတော့သည်။ ဘတ်စ်ကားစီးလျှင်လည်း အဆင်ပြေတော့မည်မဟုတ်တာကြောင့် Taxi စီးရန်တွေးမိလိုက်တော့သည်။ သူဆိုသည်မှာလည်း ထိုကဲ့သို့ ကုန်ပေါက်ရှာတက်သည်လေ။
Taxi တစ်စီးလာနေတာကြောင့် လက်ပြတားလိုက်တော့ အထဲတွင်ခရီးသည် တစ်ဦးလည်းပါနေသေး၏။ ထိုခရီးသည်ကလည်း အမျိုးသားတစ်ယောက်ဖြစ်ပြီး သူနှင့်မတိမ်းမယိမ်းအရွယ်တွင်ရှိ၏။ Taxi မောင်းသမားက မှန်ချလိုက်တော့
"(......)အိမ်ယာ ကိုသွားချင်လို့ လမ်းကြုံလား"
"ကြုံတယ် တက်တက်"
"ဘယ်လောက်ကျမလဲမသိဘူး"
"သုံးထောင်ဘဲ ပေးပါ"
သူပေးနိုင်သော ပမာဏဖြစ်တာကြောင့် ခေါင်းညိမ့်ကာ အနောက်ဘက်ခန်းဆီဝင်ထိုင်လိုက်၏။ သူဝင်လိုက်တော့ ခရီးသည် ကောင်လေးက ဘေးဘက်သို့တိုးပေးကာ သူ့ကိုပင်ပြုံးပြလာ၏။ ကလေးဆန်ဆန်မျက်နှာကလေးနှင့် ဝင်းဖန့်ဖန့်အသားအရည် က ယောကျာ်းလေး အချင်းချင်းပင် တော်တော်တော့ ချစ်စရာကောင်းသည်ဟု ပြောရသည့် ပုံစံလေးဖြစ်၏။ လက်ချောင်းသွယ်သွယ်လေးများထဲတွင် ကိုင်ထားသော အရာများဆီအကြည့်ရောက်လေတော့ ခပ်ထူထူစာအုပ်များဖြစ်၏။ ထိုအပေါ်တွင် ရေးထိုးထားသည့် 'တေးသီယံ' ဆိုသည့် စာလုံးများက ဝိုင်းဝိုင်းစက်စက်နှင့် ကြည့်လို့လှနေပြန်၏။ လှတဲ့သူများအရာရာလှနေတော့တာဟုပင် ရေရွတ်မိ၏။
Taxi ပေါ်တွင်နှစ်ဦးသား ညိမ်သက်စွာလိုက်ပါလာသည်။ သူကိုယ်တိုင်ကလည်း ကားမှတ်တိုင်က ခေါင်းပဲ့သရဲနှင့် ကလေးသရဲအကြောင်းကို ပြန်စဉ်းစားနေတာကြောင့် တစ်လမ်းလုံးအခြားကို သတိမထားမိတော့ပေ။
××××××××××
ကွန်ပျူတာရှေ့ရေးလက်စ စာအုပ်ကို အပြီးသတ်နေခြင်းဖြစ်သည်။ သည်ရက်ပိုင်း ဆွဲစရာ comic ကလည်းများစွာ ပိနေ၏။ သူ၏အလုပ်ကတော့ comic ဆွဲလိုက် စာရေးလိုက်ပင်ဖြစ်၏။ သည်အလုပ်နှစ်ခုနှင့်ပင် သူအပြင်မထွက်ရသည်က ၄ ရက်ခန့်ပင်ရှိလေပြီ။ ရေရောချိုးမိရဲ့လားဟု သူ့ကိုယ်သူပင်ပြန်မေးမိသည်အထိ အခြားကိုအာရုံမထားနိုင်ပေ။ နောက်ဆုံးစာကြောင်းကို ရေးအပြီး Save နှိပ်ကာ လက်နှစ်ဖက်ကို အပေါ်မြှောက်၍ အပျင်းဆန့်လိုက်ပြီး
"အားးးနောက်ဆုံးတော့ ပြီးသွားပြီ"
ဝမ်းသာအားရပြောလိုက်ပြီး ဘေးနားရှိ ခေါက်ဆွဲခြောက်ပြုတ်ကို ယူစားလိုက်သည်။ ယခုရက်ပိုင်း အိပ်ချိန်သိပ်မရခဲ့သဖြင့် မျက်လုံးတို့ကလည်း စပ်ဖြင်းဖြင်းဖြစ်နေကြသည်။ ထို့ကြောင့် အိပ်ယာဆီ စိတ်မပါလက်မပါသွားရင်း လှဲချလိုက်တော့သည်။ တစ်ခဏအတွင်း မည်သို့အိပ်ပျော်သွားသည်ပင်မသိပေ။
သူ၏ဖွင့်လျှက်ရှိသော ကွန်ပျူတာနားတွင် ခပ်ရေးရေးပုံရိပ်လေးတစ်ခုက လှုပ်လှုပ်ရှားရှားဖြစ်နေသည်။ ထိုပုံရိပ်လေးက တဖြည်းဖြည်းနှင့် ထင်ရှားလာကာ ၂၀ ဝန်းကျင်ခန့် လူငယ်လေးတစ်ယောက်၏ သွင်ပြင်ဖြစ်ပေါ်လာ၏။ ထိုကောင်လေးက သူ့ကိုယ်သူနားမလည်ဟန်ပြန်ကြည့်ရင်း
ဘေးဘီ ဝဲရာကို ကြည့်ပြန်၏။ ထို့နောက် အိပ်ယာထက်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော သူအား တွေ့မြင်သွားကာ အနားသို့တဖြည်းဖြည်းတိုးကပ်လာ၏။ ထိုအနားတွင် ထိုင်ချလိုက်ကာ စစ်မျက်နှာက မျက်နှာအားစေ့စေ့စပ်စပ် ကြည့်နေ၏။ ထိုကောင်လေးက အိပ်ပျော်နေသော သူအားနှိုးရန် လက်လှမ်းလိုက်ပေသည့် သူမထင်မှတ်သည့်အရာ ဖြစ်ပျက်သွားသဖွယ် ထိတ်လန့်သွားရသည်။ သူလန့်လည်း လန့်စဖွယ်ပင်။ သူ၏ လက်များက ထိုပုဂ္ဂိုလ်အား ဖြတ်သန်းသွားသည်လေ။ သူအကြိမ်ကြိမ်အခါခါ ထပ်၍ကြိုးစားကြည့်သည်။ သို့သော်လည်း သူ၏ကြိုးစားမှုက လုံးဝပင်အရာမထင်ခဲ့ပေ။ နောက်ဆုံးတွင် လက်မှိုင်ချကာ အခန်းအပြင်ထွက်ရန် တံခါးဆီသို့သွားလိုက်သည်။ သို့သော်လည်း တံခါးအပြင်သို့လွန်ထွက်၍ပင်မရပေ။ သူ့အား ပြင်းထန်သော အားတစ်ခုက ပြန်လည်ဆွဲယူလိုက်ကာ အိပ်ပျော်နေသော ပုဂ္ဂိုလ်ဘေးသို့ တိုက်ရိုက်ပြန်ရောက်ရှိသွားလေ၏။ သူအလျော့မပေးဘဲ ထပ်၍အပြင်ထွက်ရန်ကြိုးစားပြန်၏။ သည်တစ်ကြိမ်တွင်လည်း ကြိုးစားမှုက အရာမထင်ပါချေ။ အကြိမ်ကြိမ်ကြိုးစားလည်း မရသည်မှာသေချာသွားသဖြင့် ထိုလူ၏ ဘေးတွင်သာ နိုးလာမည့်အချိန်ကိုစောင့်စားနေလိုက်တော့၏။ နံရံတွင်ကပ်ထားသော နာရီများက တစ်ချက်ချက်အသံနှင့်အတူရွေ့လျားနေ၏။ အချိန်တော်တော်ကြာသည့်တိုင်အောင် ဤလူမှာနိုးလာမည့်ပုံမပေါ်သေးပေ။
"အအိပ်ကြီးလိုက်တဲ့လူ"
ဟူ၍ပင် နှုတ်မှထုတ်ရွတ်မိသည်အထိပင် ဖြစ်ရလေ၏။ အခန်းတွင်းရှိအရာများကို လိုက်လံကြည့်ရှုရင်း နောက်ထပ်နာရီပေါင်းများစွာ စောင့်စားလိုက်ရ၏။ နာရီလက်တံအတိုလေးပင် တစ်ပတ်ပြည့်ချိန်၌ ထိုလူက လွန့်လူးလာပြီဖြစ်၏။ ထိုလူ၏ မျက်နှာရှေ့တည့်တည့်တွင် သွား၍မတ်တပ်ရပ်နေလိုက်၏။
ရှုပ်ပွနေသော ဆံပင်များကို ပို၍ရှုပ်ပွအောင် ကုပ်နေရင်း တစ်စုံတစ်ယောက်က ကြည့်နေသည်ဟု ခံစားမိတာကြောင့် မျက်လုံးတို့ကိုဖွင့်လိုက်၏။ ထိုအချိန်သူ၏ အိပ်ချင်စိတ်မပြေသေးသော မျက်လုံးတို့ပင် ပြူးပြာ၍ထိတ်လန့်သွားရလေသည်။ ဆွယ်တာအနီရောင်လေးနှင့် ကောင်လေးတစ်ယောက်က သူ့အခန်းထဲရောက်နေသည်။ သူသေချာပေါက် အတွင်းကလော့ ချထားသည်မဟုတ်လား။ သရဲတစ္ဆေဆိုလျှင်လည်း သူ့အခန်းတွင်းသို့ မည်သည့်သရဲတစ္ဆေမှ ဝင်လို့မရကြောင်းသူသိသည်။ ဒါဆိုဒါလေးက ဘာလေးလဲ။ သူအလျှင်အမြန်ပင် ထထိုင်လိုက်ကာ
"မင်းဘယ်သူလဲ ဘာလို့ငါ့အခန်းထဲရောက်နေတာလဲ"
"ကျွန်တော်..."
ထိုစကားတစ်လုံးသာ ထွက်လာပြီး မည်သည့်မှဆက်၍ မပြောနိုင်တော့ပေ။ သူထိုကောင်လေးကိုသေချာ သတိထားကြည့်မိတော့ အသားအရည်များက သွေးမလျှောက်သကဲ့သို့ ဖြူဖျော့နေပြီး မျက်နှာထက်တွင်လည်း သွေးရောင်သန်းမနေပေ။ မီးရောင်အောက်တွင် ရှိနေသည့်တိုင်အောင် ထိုကောင်လေး၏ အရိပ်ထင်မနေပေ။
' ဒါဆို ဒီကောင်လေးက သရဲလား'
'သရဲက ငါ့အခန်းထဲ ဘယ်လိုဝင်လာတာလဲ'
"ဒီကိုဘယ်လိုရောက်လာတာလဲ"
သူထက်၍မေးလိုက်တော့ ထိုငနဲလေးက မျက်လုံးပေကလပ်ပေကလပ်လုပ်ကာ သူ့ကိုသာငေးကြည့်နေပြန်သည်။
"မသိဘူးလား"
သူ့အမေးအား ခေါင်းညိမ့်၍သာ အဖြေပြန်ပေးလာသည်။ ဤသို့ဆိုလျှင် အတိတ်မေ့ပြီး သေတဲ့သရဲများလား။ ထိုသရဲလေး၏ မျက်နှာကိုလည်း တစ်နေရာရာတွင်သိနေသရောင်ရှိပြီး စဉ်းစားလို့လည်း မထွက်ပေ။
"မင်းငါ့ကိုသိလား"
ထိုအမေးကို ခေါင်းရမ်းပြလာပြန်၏။ ရွှေနှုတ်တော်ဖွင့်ဟရမည်ကို အတော်ပင်နှမျောဟန်တူ၏။သူနှင့်လည်းမသိ မပတ်သက်ပါဘဲ ဘာကြောင့်များသူ့ထံသို့ စိုက်စိုက်မြိုက်မြိုက်ရောက်နေသည် မသိပေ။ ပိုဆိုးသည်က သည်အခန်းက သူ့အဖိုးကိုယ်တိုင်စီမံပေးထားသော အခန်းဖြစ်တာကြောင့် သူခွင့်မပြုလျှင်မည်သည့် သရဲတစ္ဆေမှ ဝင်လို့ရမည်မဟုတ်ပေ။
"ဒါဆိုဘာလို့ ငါ့ဆီလာတာလဲ ထွက်သွားတော့"
သူစိတ်ပေါက်ပေါက်နှင့် အော်လိုက်ကာ ထွက်သွားရန်လက်ဟန်ပင်ပြလိုက်၏။ ထိုငနဲလေးက သူ့အားပြူးကြောင်ကြောင်ပင်ပြန်ကြည့်လာကာ တံခါးသို့လက်ညှိုးညွှန်ပြရင်း
"ကျွန်တော် အဲ့တံခါးကိုဖြတ်လို့မရဘူး"
"ဘာ!"
ထိုသရဲလေးစကားကြောင့် သူမျက်မှောင်ကုပ်ချီလိုက်ကာ တံခါးကိုလှမ်းကြည့်လိုက်၏။ သူပိတ်ထစဉ်ကအတိုင်း ခြေရာလက်ရာမပျက်ပင် ရှိနေသေးသည်။
'ဒါဆို ဒီသရဲလေးက တံခါးကနေဝင်လာတာမဟုတ်ဘူးလား'
သူထက်၍မစဉ်းစားလိုတာကြောင့် အိပ်ယာပေါ်မှထကာ တံခါးသွားဖွင်းပေးလိုက်ပြီး ထွက်သွားရန် အမူအယာနှင့် လက်တစ်ဖက်ပင် ညွှန်ပြလိုက်သေးသည်။ ထိုသရဲလေးက သူ့သဘောအတိုင်း ကြည်ကြည်သာသာပင် ထွက်သွားပေး၏။ သူ့အားဖက်တွယ်ကာ ပေါက်တက်ကရ အကူအညီများပေးရန် မတောင်းဆိုလာသဖြင့် ပျော်ရွှင်စွာတံခါးပိတ်ပြီး အိပ်ယာထံပြန်သွားလိုက်၏။ အိပ်နားသို့ပင်မရောက်ခင် သူ့အပျော်များ ပျက်သုန်းသွားရလေတော့သည်။ အကြောင်းမှာကား ထိုငနဲသရဲလေးက သူ့ဘေးသို့ ပြန်ရောက်လာသောကြောင့်ပင်ဖြစ်သည်။
"မင်း ! ဘာလို့ပြန်လာတာလဲ"
"သူ့ဟာသူပြန်ရောက်လာတာ"
သူ့အမေးအား မျက်နှာသေလေးနှင့်ပင် ပြန်ဖြေလာ၏။ ထိုငနဲလေး၏ ပုံစံမှာလိမ်ညာနေသည့်ပုံမရှိပေ။ နောက်ပြီး မည်သို့ပြန်ဝင်လာမှန်း သူလည်းမသိလိုက်ပေ။
"ခုပြန်ထွက် လာ ဒီတစ်ခါ မင်းအဝေးရောက်အောင် ငါကြည့်နေမှာ"
ပြောပြောဆိုဆိုနှင့် တံခါးဆွဲဖွင့်ပေးကာ ထွက်သွားခိုင်းလိုက်ပြန်၏။ သည်တစ်ခါတွင်လည်း ထိုငနဲသရဲလေးက အေးအေးဆေးဆေးပင် ထပ်ထွက်သွားပေးပြန်သည်။ ထိုငနဲလေး၏ နောက်ကျောပြင်ကိုကြည့်နေရင်း ၁၀ ပေခန့်အကွာအရောက်တွင် ထူးဆန်းစွာ ဆွဲအားတစ်ခုနှင့်အတူ ထိုငနဲလေးက သူ့အနားပြန်ရောက်လာ၏။ ထိုမြင်ကွင်းကြောင့် သူကျတ်သေပင်သေသွား၏။
'ဒါမဖြစ်နိုင်ဘူး!'
စိတ်ထဲတွင်အကြိမ်ကြိမ်အော်ဟစ်မိရင်း ထိုငနဲသရဲလေးကို ထပ်၍သွားခိုင်းပြန်သည်။ အရင်နေရာအရောက်တွင် ပြန်၍ရောက်လာပြန်သည်။ သူထပ်ခါထပ်ခါသွားခိုင်းသည့်တိုင်အောင် ထပ်ခါထပ်ခါပင် သူ့အနားသို့ ပြန်လည်ရောက်ရှိလာ၏။
'အားးးး ဒါဘယ်လိုတောင် ပေါဆန်ရတာတုန်း ငါနဲ့လဲမသိ ငါ့လဲမသိတဲ့သူနဲ့ လိပ်ပြာချည်နှောင်မိနေတယ် ဒါဖြစ်နိုင်လို့လား ကယ်တင်ကြပါဦး'
လိပ်ပြာချည်နှောင်မိနေသူ နှစ်ဦးက တစ်ဦးနှင့်တစ်ဦး အကွာအဝေးတစ်ခုထက်ပို၍ သွားလို့မရပေ။ သတ်မှတ်အကွာအဝေးထက်လွန်သွားမိလျှင် နှစ်ဦးသားကို အော်တိုဆွဲကပ်ပေးလိုက်မှာဖြစ်သည်။ သည်လိုအခြေအနေတွေက သိပ်ချစ်လွန်းတဲ့ စုံတွဲတွေ။ စွဲလန်းလွန်းတဲ့သူတွေမှ ဖြစ်တက်တာဖြစ်သည်။ တစ်စုံတစ်ဦးက သေဆုံးခါနီးချိန်တွင်ပင် တစ်ဦးတစ်ယောက်ကိုသာ တမ်းတမိနေလျှင် ထိုလူထံတွင်မိမိ၏ စိတ်ဝိဥာဉ် ကိုချည်နှောင်မိလိုက်ကြသည်။ ထို့ကြောင့် မိမိချည်နှောင်လိုက်သူအနီးမှာသာ မကျွတ်လွတ်မချင်း လိုက်ပါနေတက်ကြရသည်။
ယခုလိုမသိသူနှစ်ဦး လိပ်ပြာချည်နှောင်မှုမျိုးကိုတော့ သူမသိ မကြားဖူးပေ။ မည်သို့ပင်ဖြစ်ဖြစ် သည်ငနဲသရဲလေးမကျွတ်လွတ်မချင်း သူနှင့်အမြဲနေတော့မည်ဟု ဆိုလိုနေသည်မဟုတ်လား။ ဒါဘယ်လိုတောင် စိတ်ကုန်စရာကြီးလဲ။
############
ဒီဇာတ်လမ်းမှာ ရေးထားတဲ့အကြောင်းအရာ အချက်အလက်တွေက ကိုယ်တိုင်ဖန်တီးထားတာတွေပါ နားလည်ပေးစေလိုပါတယ်