အသုံးမကျသော သုညဆရာအကြောင်းမှာ တမြို့လုံးနီးနီး ပြန့်နှံ့နေပြီးသား ဖြစ်သည်။ မိုရှောင်းနှင့် ကျန်းယန်တို့ ကျောင်းသို့မရောက်ခင်ကပင် ထိုဆရာအကြောင်းကို နားမဆံ့အောင် ကြားခဲ့ရလေသည်။ ထိုဆရာသည် မည်သည့်နေရာတွင်မှ ကျွမ်းကျင်မှုမရှိပဲ တပည့်များကို ပေါက်ကရသာ သင်ကြားပေးသည်။ သူသည် စွမ်းအင်ကျင့်စဉ်နှင့် ပတ်သက်ပြီး တလုံးမှနားမလည်ပဲ သိုင်းပညာလဲ မတတ်ဟု သူတို့ကြားခဲ့ကြလေသည်။ ဟုန်းထျင်ကျောင်းသို့ ပညာသွားသင်မည့် ကျောင်းသားသည် ထိုဆရာကို ဝေးဝေးကရှောင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ မရှောင်နိုင်ပါက ကျင်စဉ်ဖောက်ပြန်ခြင်းသာမက အသက်ပင်ဆုံးနိုင်သည်ဟု ကြားခဲ့ကြသည်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံး ထိုဆရာနှင့် မတွေ့မိစေရန် ဆုတောင်းနေခဲ့ကြသေးသည်။ ယခုသူတို့ရှေ့တွင်ရှိနေသော ထူးချွန်လှသည့်ဆရာမှာ သူတို့ကြားခဲ့သော ရာဇဝင်တွင်သည့် အမှိုက်ဆရာဖြစ်နေလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
"ဆရာ. ဆရာက ဒီလောက်ထူးချွန်တာ ဘာလို့သူများတွေက? "
ကျန်းယန် မနေနိုင်ပဲ မေးလိုက်သည်။ သူတို့နှစ်ယောက် ကျန်းရွှမ်ဆရာနှင့်တွေ့သည်မှာ မကြာလှသေးသော်လည်း ကျန်းရွှမ်သည် ခန့်မှန်းမရနိုင်သော အစွမ်းအစများ ရှိနေကြောင်း လက်ခံထားကြပြီးဖြစ်လေသည်။ ကျန်းရွှမ်၏ လှုပ်ရှားမှုဟန်ပန် စကားပြောဆိုဟန်မှာလဲ ရည်ရည်မွန်မွန် ဖြစ်သည်။ ထိုသို့သောဆရာကို မည်သို့သောသူများက အမှိုက်ဆရာဟု ခေါ်နေကြသနည်း။
"ထူးချွန်တဲ့သူဆိုတာ လူတော်တော်များများရဲ့ မနာလို အပုပ်ချတာကို ခံရတတ်တာပဲ။ ဘာများထူးဆန်းလို့လဲ"
ကျန်းရွှမ် မျက်လုံးများက အပေါ်သို့ ငေးမောကြည့်နေသည်။ သူ့မျက်လုံးများတွင် ဝမ်းနည်းနေမှုများကို ထင်ထင်ရှားရှား မြင်နိုင်လေသည်။ လောကကြီးရှိ လူအများက သူ့အကြောင်းကို သေသေချာချာ နားမလည်ကြပဲ အထင်လွဲနေသောကြောင့် စိတ်ထိခိုက်ဝမ်းနည်းနေပုံမျိုးပင်။ သရုပ်ဆောင် ကောင်းလှချေသည်။ သူ့မျက်နှာမှာ ခံစားချက်များအပြည့်နှင့်။ ကျန်းရွှမ် စိတ်ထဲတွင်တော့ ဒီလောက်အရှက်နည်းရသလားဟု ကိုယ့်ကိုကိုယ် ပြန်ငေါက်နေရသည်။
ကောင်းကင်ဘုံစာကြည့်တိုက်မရှိရင် ခုနေများ ဆရာအကဲဖြတ် စာမေးပွဲလာစစ်လို့ကတော့ အနှုတ်မထွက်ရင် ကံကောင်း။ သုညရတာကမှ နည်းနည်းများနေဦးမယ်
"ဆရာ.. ကျနော် ဆရာ့နာမည်ကို ပြန်အဖတ်ဆယ်နိုင်အောင် အစွမ်းကုန် ကြိုးစားပါ့မယ်"
သူ့ဆရာစိတ်ထိခိုက်နေသည်ကို တွေ့လိုက်ရသော ကျန်းယန် ယုံကြည်မှုအပြည့်နှင့် ကြေငြာလိုက်သည်။
"ကိစ္စမရှိပါဘူး။ ဆရာ့နာမည်က အဲ့လောက်အရေးမကြီးဘူး။ မင်းဟာမင်းသာ ပုံမှန်ကြိုးစား။ အဲ့လိုဆို ငါကျေနပ်ပြီ။ မင်း ကျောက်စိမ်းပြားကို ပြပြီး အိပ်ရာလိပ် သွားထုတ်လိုက်။ မနက်ဖြန် အတန်းလာရင် အချိန်မှီလာခဲ့ နောက်ကျမနေနဲ့"
ကျန်းရွှမ်၏ အေးဆေးတည်ငြိမ်လှသော သရုပ်ဆောင်မှုများကို တွေ့လိုက်ရပြီးနောက်တွင် ကျန်းယန် သူ့ဆရာကို အလွန်ယုံကြည်လိုက်တော့သည်။
"ဟုတ်ကဲ့ပါဆရာ"
ကျန်းယန် မိုရှောင်းကို ဆွဲကာ နှစ်ယောက်သား အခန်းထဲမှ ထွက်သွားတော့သည်။
"ကျောင်းသားလေးယောက်! "
ကျန်းယန်တို့နှစ်ယောက် ထွက်သွားသည်ကို ကြည့်နေရင်းက ကျန်းရွှမ်မျက်လုံးများ စိတ်လှုပ်ရှားမှုများနှင့် တောက်ပနေကြသည်။ ခပ်ငိုင်ငိုင် ရှိနေတတ်သော ဝမ်ယင်း၊ ပြိုင်ပွဲမှနိုင်ပြီး ရလာသော လျှိုရန်၊ ခပ်စွာစွာ သခင်မလေး ကျောက်ရာ၊ လှံသိုင်းပါရမီရှင် ကျန်းယန်။ အစကတော့ ဒီနေ့လည်း အရင်နေ့တွေနှင့် သိပ်ကွာလှမည်မဟုတ်ဟုသာ ကျန်းရွှမ်ထင်ထားခဲ့သည်။ ကျောင်းသားတယောက်မှ စုဆောင်းနိုင်ခြင်းမရှိပဲ ဒီနေ့ကို အရှုံးသမားအဖြစ်နှင့် အဆုံးသတ်ရလိမ့်မည်ဟု ထင်နေခဲ့သည်။ ကျောင်းသားလေးယောက်တောင် ရလိမ့်မည်ဟု မထင်မိချေ။
"ကျောက်စိမ်းပြား မရှိတော့ရင် နောက်ထပ်ကျောင်းသားတွေလာနေလည်း ငါ လက်ခံနိုင်မှာ မဟုတ်တော့ဘူး။ အားနေတုန်း ကျောက်စိမ်းပြားတွေ သွားထုတ်အုံးမှပဲ"
ကျောင်းသားလေးယောက် လက်ခံလိုက်နိုင်သောကြောင့် ပျော်မြူးနေရာမှ သူ့တွင် ကျောက်စိမ်းပြား မကျန်တော့ကြောင်း ကျန်းရွှမ် သတိရလိုက်သည်။ ကျောက်စိမ်းပြားမှာ ကျောင်းမှထုတ်ပေးထားခြင်းဖြစ်သည်။ ကျန်းရွှမ်၏ကျော်ကြားလှသော သတင်းဆိုးကြောင့် ကျောင်စိမ်းပြားထုတ်ပေးရသည့်ဆရာက လေးပြားသာ ထုတ်ပေးထားခဲ့သည်။ ကျန်းရွှမ်အနေနှင့် ထိုလေးပြားကို ကုန်အောင် သုံးနိုင်လိမ့်မည်ဟု ထိုဆရာက မထင်ထားချေ။ ကျောက်စိမ်းပြားသာ မရှိပါက ကျောင်းသားသစ်များအနေနှင့် ကျန်းရွှမ်ကို ဆရာတင်ချင်လျှင်ပင် ကျန်းရွှမ်က တပည့်အဖြစ် အသိအမှတ်ပြုနိုင်လိမ့်မည် မဟုတ်ပေ။
ကျောက်စိမ်းပြားထဲတွင် ဆရာနှင့်ပတ်သက်သော အချက်အလက်များ ပါဝင်သည်။ ကျောင်းသားက ကျောက်စိမ်းပြားထဲ သွေးတစက်ချလိုက်လျှင် ထိုဆရာကို ဆရာအဖြစ်အသိအမှတ်ပြုပြီး ဖြစ်သွားသည်။ အခြားတဖက်တွင်မူ ကျောင်းသားက သင်တန်းမှ နှုတ်ထွက်လိုလျှင် ဆရာက ကျောက်စိမ်းပြားပေါ် သွေးတစက်ချပေးရပြီး ထိုသို့လုပ်လိုက်သည်နှင့် ကျောင်းသားနှင့် ပတ်သက်သော အချက်အလက်များ ကျောက်စိမ်းပြားပေါ်မှ ပျက်ပြယ်သွားသည်။
ကျန်းရွှမ် မတ်တပ်ရပ်လိုက်ပြီး အခန်းထဲမှ ထွက်လာလိုက်သည်။ အပြင်ဘက်တွင် နေရောင်ခြည်က စူးရှစွာ တောက်ပနေပြီး အရိပ်ထဲရပ်နေသောသူများပင် ချွေးတရွှဲရွှဲဖြစ်နေကြသည်။ ကျောင်းသားသစ်များ ကျောင်းသားဟောင်းများသည် ကျောက်ခင်းလမ်းပေါ်တွင် ပျားပန်းခပ်လျှောက်သွားနေကြပြီး သူတို့မျက်နှာတွင် စိတ်လှုပ်ရှား ပျော်ရွှင်နေသည်ကို တွေ့နိုင်လေသည်။ ပတ်ဝန်းကျင်အသစ်ကို ရောက်လာပြီး ဆရာတင်ဖို့ လိုက်ရွေးနေကြရရာ ကျောင်းသားသစ်များ ပျော်ရွှင်နေကြသည်မှာ မဆန်းလှချေ။ ကျောင်းသားဟောင်းများအနေဖြင့်လည်း ကျောင်းသားသစ်များ ရောက်ရှိလာကာ သူငယ်ချင်းအသစ်များ ရရှိမည်ကို တွေးရင်း မျက်နှာများတွင် အပြုံးများနှင့် ဝေနေတော့သည်။
ကျောက်ခင်းလမ်းအတိုင်း လျှောက်လာရင်း သိပ်မကြာမီတွင် ကျန်းရွှမ် အဆောက်အဦး တခုရှေ့သို့ရောက်ရှိလာသည်။ အဆောက်အဦးရှေ့တွင် ထောက်ပံ့ရေးဌာန ဟုရေးသားထားသော ကြီးမားသော ဆိုင်းဘုတ်ကြီးရှိနေသည်။ ကျောက်စိမ်းပြားများမှာ ထောက်ပံ့ရေးဌာနတွင် ထုတ်ယူရမည်ဖြစ်သည်။
"ယိုး... ဘယ်သူများပါလိမ့်။ ဒါငါတို့ကျောင်းက ကြယ်ပွင့်ဆရာ မဟုတ်လား။ ကျောင်းသားသစ် လက်မခံပဲနဲ့ ဒီကို ဘာလာလုပ်တာလဲ။ ကြည့်ရတာ ကျောင်းသားသစ် လက်ခံတဲ့ ကျောက်စိမ်းပြားတွေ တပြားမှ မသုံးရသေးလို့ ပြန်လာအပ်တာထင်တယ်"
ကျန်းရွှမ် အထဲဝင်လာလိုက်သည်နှင့် ငေါ့တော့တော့ပြောလိုက်သော အသံတသံကြားလိုက်ရသည်။ ကျန်းရွှမ် ခေါင်းမော့ကြည့်လိုက်ရာ လူဝကြီးတယောက်၏ ဆူဖြိုးလှသောမျက်နှာကို တွေ့လိုက်ရသည်။ ထိုသူသည် အနည်းဆုံး ၃၀၀ မှ ၄၀၀ ကီလိုဂရမ်ခန့် လေးလိမ့်မည်ဟု ထင်ရသည်။ အဝေးမှသာ လှမ်းကြည့်လျှင် အသားလုံးကြီးတလုံးနှင့် တူပေလိမ့်မည်။
"ချန်ပြောင်း! "
ကျန်းရွှမ်ခေါင်းထဲ နာမည်တခုပေါ်လာသည်။ ချန်ပြောင်းသည် ထောက်ပံ့ရေးဌာနမှ ဆရာတဦးဖြစ်သည်။ သူသည် လောဘကြီးသူဖြစ်ပြီး အခြားဆရာများ၏ လစာကို ဖြတ်ကာ သူ့အတွက် ချန်ထားတတ်သူဖြစ်သည်။ ကျန်းရွှမ်သည် အောက်ဆုံးအဆင့် ဆရာဖြစ်လေရာ သူရရှိသော လစာနှင့်ထောက်ပံ့မှုများမှာ သူများနှင့်ယှဉ်လျှင် အလွန်နည်းသည်။ ချန်ပြောင်းသာ ခေါင်းပုံဖြတ်ဦးမည်ဆိုလျှင် ကျန်းရွှမ် တပြားတချပ်ပင် ရလိမ့်မည်မဟုတ်။ ချန်ပြောင်းသည် မည်သည့်အခါကမျှ ကျန်းရွှမ်လစာထဲမှ ဖြတ်တောက်နိုင်ခြင်းမရှိခဲ့ချေ။ ထိုကိစ္စကြောင့် ကျန်းရွှမ်ဝင်လာသည်နှင့် ချန်ပြောင်းထံမှ လှောင်ပြောင်မှုများ တိုက်ခိုက်မှုများ ပလူပျံထွက်လာခြင်းဖြစ်သည်။
"ကျောက်စိမ်းပြားတွေ အကုန်သုံးလိုက်ပြီ သုံးစရာမကျန်တော့ဘူး။ အဲ့ဒါကြောင့် ထပ်လာထုတ်တာ"
ကျန်းရွှမ်က ချန်ပြောင်းကို ဂရုမစိုက်ပဲ တည်ငြိမ်စွာပြောလိုက်သည်။
"ကုန်ပြီ? "
ချန်ပြောင်း ရုတ်တရက်ကြောင်သွားသော်လည်း အော်ကြီးဟစ်ကျယ် ရယ်နေလိုက်သည်။ "ဟားဟားဟား.. ဟေ့ကောင်တွေ ဒီကိုလာကြည့်ကြစမ်းပါ။ နောက်ဆုံးကစရေရင် နံပါတ်တစ် သုညဆရာက ကျောက်စိမ်းပြားကုန်သွားလို့တဲ့ ထပ်လာထုတ်နေတယ်။ ဟားဟား ငါ့တသက်လုံး ဒီလောက်ရယ်စရာကောင်းတဲ့ ဟာသမကြားဖူးသေးဘူး"
"ချန်ပြောင်း မင်းသူ့ကို ကျောက်စိမ်းပြားလေးပြား ထုတ်ပေးထားတာမဟုတ်လား။ ကုန်ပြီတဲ့လား? သူသုံးလိုက်တာ? တကယ့်ဟာသပဲဟ"
"နောက်ဆုံးကတွက်ရင် ဒုတိယရတဲ့ ဆရာစွန်းရန်တောင် ခုမှ တပည့်တယောက်ပဲ ရသေးတယ်။ ရာဇဝင်တွင်တဲ့ သုညဆရာက တပည့်တယောက်ရရင် ကံကောင်း။ ဘာတွေ လေကြွားနေတာလဲ"
"မောင်းထုတ်လိုက်စမ်းပါကွာ။ မဟုတ်လဲ မနက်ဖြန်ဆို ဒီကောင် ကျောင်းကထွက်ရတော့မှာပဲ"
ချန်ပြောင်းအော်ပြောသံကို ကြားလိုက်ရသော ထောက်ပံ့ရေးဌာနရှိ ဆရာအချို့က အနားသို့ရောက်လာပြီး ကျန်းရွှမ်ကို ဝိုင်းနှိမ်လိုက်ကြသည်။ သူတို့က ကျန်းရွှမ်ကို မတူမတန်သလို ကြည့်နေကြသည်။ နောက်ဆုံးမှရေလျှင် ပထမဖြစ်ပြီး ဆရာအကဲဖြတ်စာမေးပွဲတွင် သုညရထားသော ဆရာတယောက်က ကျောက်စိမ်းပြားကုန်သွားလို့ လာထုတ်သည်ဆိုသည်မှာ ကြွားဝါပြောခြင်းမဟုတ်လျှင် ဘာများဖြစ်နိုင်မည်နည်း။ မည်သည့်ကျောင်းသားမဆို ကျန်းရွှမ်နာမည် ကြားလိုက်သည်နှင့် ထွက်ပြေးကြမည်မှာ သေချာနေလေရာ ဆရာတင်ဖို့ဆိုသည်ကတော့....
ဘာဟာသလဲဟ။
"အိုး.. ခင်ဗျားတို့က ကျုပ်ကြွားနေတယ် ထင်တယ်ပေါ့? ကောင်းပြီလေ ဒါဆို ကျောက်စိမ်းပြားတွေ တကယ်ကုန်မကုန် ကျုပ်နဲ့ အလောင်းအစားလုပ်မလား"
ကျန်းရွှမ်က ဒေါသထွက်ခြင်းမရှိပဲ ပြုံးလျက် ပြန်ပြောလိုက်သည်။
"အလောင်းအစား? မင်းအဲ့လောက် ရှုံးချင်နေမှတော့ မင်းဆန္ဒကို ဖြည့်ပေးတဲ့အနေနဲ့ လောင်းပေးရတာပေါ့။ ဒါပေမယ့် မင်းကဒီလောက်မွဲနေတာ ဘာကြေးလောင်းနိုင်လို့လဲ"
ချန်ပြောင်းသည် သူအမြဲ အထင်သေးထားသော ကျန်းရွှမ်က သူ့ကို အလောင်းအစားလုပ်ဖို့ စိန်ခေါ်လိမ့်မည်ဟု မထင်ထားခဲ့လေရာ အထင်သေးစွာ ရယ်နေလိုက်သည်။
"ကျုပ်မွဲတာ မမွဲတာ ခင်ဗျား အပူမပါပါဘူး။ ကျုပ်က လောင်းမယ်လို့ပြောမှတော့ ကျုပ်တတ်နိုင်တဲ့ထဲက လောင်းမှာပေါ့"
ကျန်းရွှမ် မျက်လုံးပြူးပြီး ပြန်ပြောလိုက်သည်။
"အိုး.. မင်းတတ်နိုင်တဲ့ဟာ ရှိသေးတာလား။ မင်းအခြေအနေအရတော့ မင်းတတ်နိုင်တဲ့ဟာဆိုရင် သံချေးတက်နေတဲ့ပစ္စည်း၊ ဒါမှမဟုတ်လဲ တခြား အမှိုက်သာသာပစ္စည်းပဲ ဖြစ်မှာပေါ့။ မင်းဘိုးအေငါက အဲ့ဒီပစ္စည်းတွေအတွက် သိက္ခာကျခံပြီး လောင်းနေပါ့မလား"
ချန်ပြောင်းက အထင်သေးစွာ ပြောလိုက်သည်။
ကျန်းရွှမ်သည် အောက်ဆုံးအဆင့် ဆရာတယောက်ဖြစ်ကာ နောက်ဆုံးမှ ရေလျှင်လည်း ပထမဖြစ်သည်။ ကျောင်းသားလည်း တယောက်မှ မရှိလေရာ လစာလေးအနည်းငယ်ကလွဲပြီး မည့်သည့် အပိုဆုကြေးမှ ရလေ့မရှိပေ။ တကျောင်းလုံးတွင် အမွဲဆုံးဆရာကို ပြပါဆိုလျှင် ကျန်းရွှမ်သာ ဖြစ်မည်မလွဲ။ ကျန်းရွှမ်အနေဖြင့် အစားအသောက်ပင် ခြိုးခြံချွေတာ စားသောက်နေရရာ စွမ်းအင်ကျင့်စဉ်တိုးတက်နိုင်သော ပစ္စည်းဆိုလျှင်လည်း ရှိလိမ့်မည်မဟုတ်သည်မှာ သေချာလှသည်။
"ဟီးဟီး.. "
ကျန်းရွှမ်သည် ချန်ပြောင်းနှိမ်လိုက်သည်ကို စိတ်ထဲမထားချေ။ သူက ရယ်ရင်း ဆက်ပြောလိုက်သည်
"ကျုပ်လောင်းချင်တာက ရတနာပစ္စည်းမဟုတ်သလို တခြားပစ္စည်းလဲ မဟုတ်ဘူး။ ကျုပ်လောင်းချင်တာက မျက်နှာပဲ။ ခင်ဗျား ရှုံးရင် ကျုပ်က အားလုံးရှေ့မှာ ခင်ဗျားကို ပါးသုံးချက်ရိုက်မယ်။ ကျုပ်ရှုံးရင် ခင်ဗျားက ကျုပ်ကို ပါးသုံးချက်ပြန်ရိုက်။ ဘယ်လိုလဲ လောင်းရဲသေးလား"
"ပါးရိုက်ကြေးလောင်းမှာ? "
ချန်ပြောင်းသည် ကျန်းရွှမ်က ထိုသို့လောင်းလိမ့်မည်ဟု မထင်ထားခဲ့ရာ တွေဝေသွားလေသည်။ သူသာ မတော်တဆ ရှုံးပြီး တကျောင်းလုံးမှ အညံ့ဆုံးဆရာ၏ ပါးရိုက်ခြင်းသာ ခံရလေလျှင် အသက်ပင် ဆက်ရှင်ချင်လိမ့်မည် မဟုတ်ချေ။ ရှက်စရာကောင်းလွန်းသောကြောင့် ကိုယ့်ကိုကိုယ် သတ်သေသည်ကပင် ကောင်းလိမ့်မည်။
"ဘယ်လိုလဲ လောင်းမလား မလောင်းဘူးလား? " ကျန်းရွှမ်က ပြုံးရင်း မေးလိုက်သည်။
"ချန်ပြောင်း မင်းဘာကြောက်နေတာလဲ။ မင်းသူ့အကြောင်း မသိတာလဲမဟုတ်ပဲနဲ့"
"ဒီလိုသုညဆရာက ဘယ်လိုလုပ်ပြီး တပည့်တယောက်တောင် ရှာနိုင်မှာလဲ။ အလကား အဲ့ကောင် အိပ်မက်မက်နေတာ"
"အဲ့ကောင် မင်းကို သက်သက် ဖြဲခြောက်နေတာ။ သူသာ တပည့်လေးယောက်ရှာနိုင်ရင် ငါက တပည့်ရာနဲ့ချီပြီးတော့ကို ရနေလောက်ပြီ။ ဒီနှစ်ကျောင်းသားသစ်တွေက မျက်လုံးကန်းနေရင်တောင် သူ့ကိုဆရာတင်လောက်တဲ့အထိတော့ ကန်းမှာမဟုတ်ဘူး"
ထောက်ပံ့ရေးဌာနထဲရှိ ဆရာများ ကျန်းရွှမ်ကို လှောင်ပြုံးပြုံးရင်း ကြည့်နေကြသည်။ ကျန်းရွှမ် တပည့်လေးယောက် လက်ခံခဲ့သည်ဟု မည်သူကမျှ မယုံနိုင်ချေ။ ဝက်တကောင် သစ်ပင်တက်နေသည်ဟု အခြားသူများက လာပြောလျှင်တောင် သူတို့ယုံနိုင်လိမ့်ဦးမည်။
"ကောင်းပြီလေ လောင်းကြတာပေါ့"
အခြားဆရာများစကားကို ကြားလိုက်ပြီးနောက် သူတို့ပြောသည်မှာ ယုတ္တိတန်ကြောင်း ချန်ပြောင်း နားလည်လိုက်ရာ ကျန်းရွှမ်နှင့် လောင်းရန် သဘောတူလိုက်သည်။
"ခင်ဗျားတို့အားလုံး အဲ့လောက်သေချာနေကြရင် ဝင်လောင်းကြပါလား။ လောင်းကြေးတူတူပဲလေ"
ကျန်းရွှမ်က ထောက်ပံ့ရေးဌာနမှ အခြားဆရာသုံးယောက်ကို ကြည့်ကာ ပြောလိုက်သည်။ ထိုသုံးယောက်သည် ချန်ပြောင်းဘက်မှကူပြီး ကျန်းရွှမ်ကို လှောင်နေကြသူများဖြစ်သည်။ သူတို့က တုံ့ဆိုင်းနေခြင်းမရှိပဲ
"ဘာလဲ မင်းမျက်နှာက တော်တော်ယားနေလို့ ငါတို့ကို ပါးရိုက်ပေးစေချင်တာလား။ ရတယ်လေ ငါလောင်းမယ်"
"ငါလဲလောင်းမယ်"
"မင်းကိုများ ဘယ်သူက ကြောက်နေမှာလဲ။ သုညရတဲ့ကောင်က ငါတို့ရှေ့လာကြွားနေချင်သေးတယ်။ သေချင်နေပြီထင်တယ်"
သုံးယောက်လုံးက ကျန်းရွှမ်ကို အထင်သေးဟန်ဖြင့် လောင်းရန် သဘောတူလိုက်ကြသည်။ သူတို့အမြင်တွင် ကျန်းရွှမ် သေချာပေါက် ရှုံးလိမ့်မည် ဖြစ်ပြီး ပါးရိုက်ခံရမည်မှာ မြေကြီး လက်နှင့်ပုတ်သကဲ့သို့ လွဲစရာ အကြောင်းမရှိချေ။