"အမ်.. "
ကျန်းယန် ခနငေးကြောင်ကြည့်နေမိပြီး မျက်နှာ နီရဲသွားသည်။
"ကျနော် အရင်တုန်းက မိန်းကလေးတယောက်ကို တဖက်သက်ကြိုက်ဖူးပါတယ်။ သူက ကျနော့်ကို ပြန်မကြိုက်တဲ့အပြင် လှောင်လိုက်သေးတယ်။ ဒါပေမယ့် ဒီကိစ္စက ဆရာနဲ့ ဘာမှမဆိုင်ဘူးထင်တယ်"
ကျန်းရွှမ် မေးလိုက်သည်မှာ အမှန်ပင်ဖြစ်သည်။ ကျန်းယန် တချိန်တုန်းက မိန်းကလေးတယောက်ကို ကြိုက်ခဲ့ဖူးသည်။ ကျန်းယန် မိန်းကလေးကို ဖွင့်ပြောသည့်အချိန်တွင် မိန်းကလေးက လက်မခံပဲ ကျန်းယန်ကို ရက်ရက်စက်စက် လှောင်ပြောင်ခဲ့သည်။ ကျန်းယန် လွန်စွာအရှက်ရခဲ့သည်။ ထို့ကြောင့် သူ့သူငယ်ချင်း မိုရှောင်းပင်လျှင် ထိုအကြောင်းကို မသိပေ။ ကျန်းရွှမ်ဆရာက မည်သို့သိနေရသနည်း။
"တကယ်လား ကျန်းယန်? မင်း ငါ့ကိုဘာလို့မပြောပြတာလဲ။ ဘယ်သူကများ မင်းကို လှောင်ရဲတာလဲ"
မိုရှောင်း အလွန်အံ့သြသွားပြီး ကျန်းယန်ကို အလောတကြီးမေးလိုက်သည်။
"ထားလိုက်မိုရှောင်း။ မင်းကို နောက်မှပဲ အဲ့အကြောင်းပြောပြတော့မယ်"
ကျန်းယန် ခေါင်းယမ်းပြီး မိုရှောင်းကို ပြောလိုက်သည်။ ကျန်းယန်သည် ထိုအကြောင်းများကို သူစိမ်းတယောက်ဖြစ်သော ကျန်းရွှမ်ရှေ့တွင် ပြောချင်စိတ်မရှိချေ။ သူက ကျန်းရွှမ်ကို စိုက်ကြည့်လိုက်ပြီး
"ဆရာ အဲ့ကိစ္စက ကျနော့် ကိုယ်ရေးကိုယ်တာကိစ္စပါ။ ဆရာ ဘယ်လိုလုပ်ပြီး သိနေလဲတော့ ကျနော်လဲ မသိဘူး။ ဒါပေမယ့် အဲ့ကိစ္စက ကျနော့်ကို လှံသိုင်းသင်ပြပေးမှာနဲ့တော့ ဘာမှမဆိုင်တာသေချာတယ်"
"ဘာမှမဆိုင်ဘူး ဟုတ်လား? "
ကျန်းရွှမ် ခေါင်းယမ်းလိုက်သည်။
"ဘယ့်နှယ် ဘာမှမဆိုင်ရမှာလဲ။ အကုန်ဆိုင်တယ်ကွ"
"အကုန်ဆိုင်တယ်? "
ကျန်းယန် မယုံကြည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။ အသည်းကွဲခြင်းနှင့် ကျန်းရွှမ်က သင်ပြပေးရမည့်အရေးသည် မည်သို့များ သက်ဆိုင်နေကြသနည်း။
"မင်းလှံက တိကျတယ် အားပြင်းထန်တယ်။ မင်းရဲ့ စိတ်နေစိတ်ထားနဲ့ တထပ်တည်းပဲ။ မင်းက ဘာကိစ္စပဲဖြစ်ဖြစ် ဖြစ်လာမှာတွေ ကြိုမတွေးပဲ တုံးတိုက်တိုက် ကျားကိုက်ကိုက် ရင်ဆိုင်တတ်တယ်။ ဒါက ကောင်းတဲ့အချက်ပဲ။ တိုက်ခိုက်ရေးသမားဆိုတာ ကိစ္စအသေးအမွှားလေးတွေကို လျစ်လျူရှုပြီး ရန်သူကို ရင်ဆိုင်ရဲရမယ်"
ကျန်းရွှမ် ပြောနေရင်း ကျန်းယန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"နှမြောစရာကောင်းတာကတော့ အသည်းကွဲပြီးနောက်ပိုင်း မင်းအရင်လို မဟုတ်တော့ပဲ ကြောက်စိတ်နည်းနည်း ဝင်လာတာပဲ။ မင်းအခု အငြင်းခံရတာကို ကြောက်နေပြီ။ အလှောင်ခံရတာကို ကြောက်နေပြီ။ မင်းလှံက အရင်လို မပြတ်သားတော့ပဲ တုံ့ဆိုင်းနေပြီ။ အဲ့လိုတုံ့ဆိုင်းနေတဲ့အတွက် မင်းအင်အားကလဲ အရင်လို မပြင်းထန်တော့ဘူး"
"ဆ..ဆရာက ကျနော်လှံသိုင်းကစားပြတာကို ကြည့်ရုံနဲ့ အဲ့ဒါအကုန်လုံးကို သိနိုင်တယ်ပေါ့? ကျနော် အသည်းကွဲတာကိုလည်း အဲ့ဒီကပဲ သိတယ်ပေါ့? ကျနော့်စိတ်ထားကလဲ လှံသိုင်းထဲမှာ ပေါ်တယ်ပေါ့? "
ကျန်းယန် ထိတ်လန့်သွားသည်။ ကျန်းရွှမ် ပြောလိုက်သည်များမှာ အမှားတခုပင် မပါချေ။ မှန်လွန်းလှသည်ဟု ဆိုရလိမ့်မည်။ သူ့စိတ်နေစိတ်ထားသည် ဖြောင့်မတ်ပြီး ဘာမဆို တည့်တည့်မတ်မတ် ရင်ဆိုင်ရဲသည်။ အချစ်ရေးတွင် ရှုံးနိမ့်ပြီးသောအခါတွင် ကျန်းယန်သည် ရှက်တတ် ကြောက်တတ်လာပြီး ဘာလုပ်လုပ် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်လာသည်။ ကျန်းရွှမ်အနေဖြင့် သူ့အချစ်ရေးအပါအဝင် ထိုအရာများအားလုံးကို မည်သို့များ သိနေရသည်နည်း။ ဒီလောက် အမြင်စူးရှပြီး ထက်မြက်သော ဆရာတယောက် ဘယ်အချိန်ကတည်းက ဟုန်းထျင်ကျောင်းတော်တွင် ရှိနေလေသနည်း။ ကျန်းယန်သည် ရူးတော့မတတ် ထိတ်လန့်သွားသည်။
ကျန်းယန် နံပါတ် ၁ လှံသိုင်းဆရာဖြစ်သော ဝမ်ချောင်နှင့် တွေ့ဆုံကာ တပည့်ခံနိုင်ရန် ကြိုးစားခဲ့ပြီးသားဖြစ်သည်။ သူ့အနေနှင့် လှံသိုင်း၏ အရေးကြီးသော အနှစ်သာရများကို ဆုပ်ကိုင်မိရန် လိုနေသေးသည်ဟုသာ ဝမ်ချောင်က ပြောနိုင်ခဲ့သည်။ နောက်ကွယ်မှ အကြောင်းအရာများကို ဝမ်ချောင်အနေဖြင့် မမြင်နိုင်ခဲ့ချေ။ သို့သော်လည်း ယခု ဆရာကတော့ တချက်ကြည့်လိုက်ရုံမျှနှင့် သူအသည်းကွဲဖူးသည့် အကြောင်း၊ သူ့ကျွမ်းကျင်မှုများ ယုတ်လျော့နေခြင်းမှာ စိတ်ထိခိုက်နေသောကြောင့် ဖြစ်ကြောင်း သိနေလေသည်။ ဒီဆရာ၏ အမြင်စူးရှမှုသည် ဝမ်ချောင်ဆရာထက်ပင် သာလွန်နေသည်လော။
"ဘာမှမဆန်းပါဘူး"
ကျန်းရွှမ်က ဟန်ပါပါပြောလိုက်သည်။ သူ့မျက်နှာတွင် ကျွမ်းကျင်သော ပါရဂူ တယောက်၏ အရိပ်အဟန် အပြည့်နှင့်။
"လှံသိုင်းမှာ မင်းရဲ့ စိတ်နေစိတ်ထားက ပေါ်နေပြီးသားပဲ။ တကယ်လို့ လူတယောက်က သူ့စိတ်ထဲမှာ ရှင်းမနေဘူးဆိုရင် သူ့လှံသိုင်းကလဲ ရှုပ်ထွေးနေမှာပဲ။ မင်းရဲ့လှံသိုင်းက ရှင်းလင်းနေတယ်ဆိုပေမယ့် အဲ့ထဲမှာ တခုခုတော့ ဖုံးကွယ်ထားသလိုပဲ။ မင်းရဲ့ မစွန့်လွှတ်နိုင်သေးတဲ့ ခံစားချက်တွေ နားမလည်နိုင်တဲ့ ခံစားချက်တွေ အကုန်လုံးကို မင်းက ဖုံးကွယ်ထားတယ်။ တဖက်သက် အချစ်ပဲ ဖြစ်ရမယ်လို့ ငါသေချာပေါက်ပြောရဲတာပေါ့"
"ဒါ.. "
ကျန်းယန် မျက်နှာ ပြိုတော့မည့်မိုးလို ဖြစ်သွားသည်။ သူ့ဘေးရှိ မိုရှောင်းမှာလဲ ပါးစပ်အဟောင်းသားနှင့် အံ့သြနေရာ ကြက်ဥတလုံးပစ်ထည့်လျှင်ပင် ဝင်သွားလောက်သည်။
ဘာလဲဟ။ တကယ်ကြီးလား? လှံသိုင်းကစားပြတာကို ကြည့်ရုံနဲ့ ခင်ဗျားက စိတ်ခံစားချက်တွေ ဖုံးကွယ်ထားတာကို မြင်နိုင်တယ်။ မစွန့်လွှတ်နိုင် နားမလည်နိုင်ဖြစ်နေတာကို မြင်နိုင်တယ်? ခင်ဗျား မျက်လုံးတွေက လူမျက်လုံးတွေကော ဟုတ်သေးရဲ့လား။
ကျန်းယန်နှင့်မိုရှောင်းသည် တယောက်ကိုတယောက် မယုံကြည်နိုင်စွာ ထိတ်လန့်စွာ ကြည့်နေမိကြလေသည်။
"ဆရာ ကျနော့်ကိုလဲ တချက်လောက် ကြည့်ပေးလို့ရမလား"
အလန့်ပြေသွားသော မိုရှောင်းက သိချင်စိတ်အပြည့်ဖြင့် ရှေ့သို့တက်လာသည်။ ကျန်းရွှမ် သဘောမတူရသေးခင်မှာပင် မိုရှောင်းသည်လည်း လှံသိုင်းကွက်များကို ကစားပြလေတော့သည်။ မိုရှောင်းကစားနေသော သိုင်းကွက်မှာ ကျန်းယန်ကစားပြခဲ့သော သိုင်းကွက်များပင်ဖြစ်သည်။ သို့သော်လည်း မိုရှောင်းကစားသည်မှာ ကျန်းယန်ထက် အားမာန်ပြင်းထန်ရုံသာမက လျှင်မြန်မှုလဲသာသည်။ ဝမ်ချောင်က မိုရှောင်းကို တပည့်အဖြစ်လက်ခံပြီး ကျန်းယန်ကို ငြင်းလိုက်သည်မှာ မထူးဆန်းလှ။
ဟူး..
လေတိုးသံများ တိုးတိတ်သွားပြီး မိုရှောင်းက သိုင်းကစားနေသည်ကို ရပ်လိုက်သည်။ လှံသိုင်းကစားနေစဉ်က မိုရှောင်းသည် ထိန်းသိမ်းမရနိုင်သော မိစ္ဆာတကောင်ပမာ ထင်ရပြီး နတ်ဘုရားများပင် သူ့ပြိုင်ဘက်မဟုတ်ဟု ထင်ရလောက်သည်။ ကစားပြီး ရပ်နေလိုက်သောအခါတွင်လည်း ကျောက်ရုပ်အကြီးအလား ငြိမ်သက်လှသည်။ သူ့အနေဖြင့် လှံသိုင်းတွင် အတော်ခရီးရောက်နေပြီး ဖြစ်သည်ကို သိသာလှသည်။
"မင်းကြည့်ရတာ ဗိုက်သိပ်ကောင်းပုံမရဘူး။ ငါထင်တာမမှားဘူးဆိုရင် မင်းဝမ်းလျှောနေတယ်မလား? "
ကျန်းရွှမ်၏ တည်ကြည်လှသော အကြည့်သည် မိုရှောင်းဘက်သို့ လှည့်သွားသည်။
"အာ... "
မိုရှောင်း တုန်လှုပ်သွားသည်။
"ဆရာ.. ကျနော်ဝမ်းလျှောနေတာကို လှံသိုင်းကစားတာကနေ သိတာပဲလား? "
ကျန်းရွှမ်ပြောသကဲ့သို့ပင် မိုရှောင်း ယနေ့ ဗိုက်သိပ်မကောင်းပဲ ဖြစ်နေသည်။ မနေ့ကတည်းက ဝမ်းမရပ်မနား သွားနေသည်မှာ ယနေ့မနက်အထိပင်။ မိုရှောင်းအနေဖြင့် အားနည်းလာသည်ဟုပင် ခံစားနေရသည်။ သို့သော် လှံလက်ထဲရှိနေလျှင် မိုရှောင်း အနေဖြင့် သိုင်းကွက်များကို ကျွမ်းကျွမ်းကျင်ကျင်နှင့် အားအပြင်းထန်ဆုံး ကစားနိုင်နေသေးသည်။ ဝမ်ချောင်ကပင် မနားတမ်းချီးကျူးနေခဲ့ရသည်။ ဒီဆရာကတော့ တချက်တည်းကြည့်လိုက်ရုံမျှနှင့် ဝမ်းလျှောနေသည်ကို သိနိုင်လေသည်။
တကယ်ကြီးဟ။
လှံသိုင်းကစားပြသည်ကို ကြည့်ရုံနှင့် အသည်းကွဲခြင်းနှင့် ဝမ်းလျှောခြင်းကို မြင်နိုင်သည်မှာ မည်သို့သော မျက်လုံးများနည်း။
"မင်းတို့ကို သင်ပေးစေချင်ရင် ငါ့ဆီ အရင်တပည့်ခံရမယ်"
ကျောင်းသားနှစ်ယောက် တုန်လှုပ်နေသည်ကို မသိချင်ယောင်ဆောင်လိုက်ပြီး ကျန်းရွှမ် သူတို့ကို တည်ကြည်စွာ ကြည့်နေလိုက်သည်။ ကျောင်းသားနှစ်ယောက်သည် အလန့်လွန်ပြီး ရူးချင်ချင်ဖြစ်နေကြသည်။ သို့သော် ကျန်းရွှမ်အတွက်တော့ ဘာမှမဟုတ်သော ကိစ္စကလေးတခု လုပ်လိုက်သလိုသာ အောက်မေ့ရသည်။ ထိုကျောင်းသားနှစ်ယောက် သိုင်းကစားပြသည့်အချိန်တွင် ကောင်းကင်ဘုံစာကြည့်တိုက်ထဲတွင် သူတို့နှင့် သက်ဆိုင်သော စာအုပ်နှစ်အုပ် ရောက်ရှိနေပြီဖြစ်သည်။ ထိုစာအုပ်များထဲတွင် အသည်းကွဲခြင်း ဝမ်းလျှောခြင်းများသာမက အခြားအားနည်းချက်များပင် ပါရှိနေသေးသည်။ ကျန်းရွှမ် အနေဖြင့် စာအုပ်ထဲမှ စာကြောင်းများကို ဖတ်ပြလိုက်ရုံသာဖြစ်ပြီး ဘာမှမခက်လှချေ။
"တပည့် ကျန်းယန်က ဆရာ့ကို ဆရာအဖြစ်အသိအမှတ်ပြုပါတယ်"
ကျန်းယန် တုံ့ဆိုင်းခြင်းမရှိပဲ ဒူးထောက်လိုက်သည်။ သူသည် ကျန်းရွှမ်ကို လွန်စွာမှပင် လေးစားနေမိပြီဖြစ်သည်။ ဒီလောက်အမြင်စူးရှသော ဆရာသည် သင်ကြားရာတွင်လည်း ညံ့လိမ့်မည် မဟုတ်။
"အင်း.. "
ကျန်းရွှမ် ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။ သူ့အနေဖြင့် ကျန်းယန်၏ အားနည်းချက်များသာ ပြောရသေးပြီး သင်ကြားမှုတခုပင် မလုပ်ရသေးသော်လည်း ကျန်းယန်က ကျေကျေနပ်နပ် တပည့်ခံနေပြီ ဖြစ်သည်။ ကျန်းရွှမ် သူ့အိပ်ထဲမှ တပည့်အသိအမှတ်ပြုရာတွင် သုံးသော ကျောက်စိမ်းပြားတပြားကို ထုတ်လိုက်ကာ ကျန်းယန်ကို လှမ်းပေးလိုက်သည်။
"ဆရာ တပည့်အဖြစ် အသိအမှတ်ပြုကြရအောင်"
"ဟုတ်ကဲ့" ကျန်းယန် အချိန်ဖြုန်းနေခြင်းမရှိပဲ လက်ထိပ်ကို ဖောက်လိုက်ကာ ကျောက်စိမ်းပြားပေါ် သွေးတစက်ချလိုက်သည်။ ဆရာတပည့် အသိမှတ်ပြုခြင်းသည် လျှင်လျှင်မြန်မြန် ပြီးဆုံးသွားလေသည်။
"မင်း ငါ့တပည့်ဖြစ်လာပြီဆိုတော့ အကြံတခုတော့ ပေးလိုက်မယ်။ မင်းအနေနဲ့ အချစ်ရေးမှာ အဆင်ပြေချင်တယ်ဆိုရင် အစွမ်းအစရှိအောင် အရင်လုပ်ရမယ်။ အစွမ်းအစမရှိတဲ့သူကို ဘယ်မိန်းကလေးကမှ လေးစားမှာမဟုတ်ဘူး။ ဒါကြောင့် မင်းအနေနဲ့ စိတ်ဓါတ်ကျမနေပဲ ကြိုးကြိုးစားစား လေ့လာသင်ယူပြီးတော့ အစွမ်းအစရှိအောင် အရင်လုပ်။ အဲ့ကျမှ ဟိုကောင်မလေးက မင်းကို ငြင်းလိုက်မိတာ ဘယ်လောက်တောင် မှားပါလိမ့်ဆိုတာ နားလည်ပြီး နောင်တရလို့မဆုံး ဖြစ်လာလိမ့်မယ်"
ကျန်းရွှမ် ရုတ်တရက် သူအရင်ဘဝက ဖတ်ခဲ့ဖူးသော စာအုပ်ထဲမှ စာတကြောင်းကို ရုတ်တရက် သတိရလိုက်သည်
" မြစ်တောင်မှ နှစ်သုံးဆယ်အကြာမှာ ပြောင်းပြန်စီးဆင်းနိုင်သေးတယ် ၊ ဆင်းရဲတဲ့ လူငယ်လေးတွေကို ဘယ်တော့မှ အနိုင်မကျင့်နဲ့"
"ဆင်းရဲတဲ့လူငယ်လေးတွေကို ဘယ်တော့မှ အနိုင်မကျင့်နဲ့? "
ကျန်းယန် ထိုစကားများကို ကြားအပြီးတွင် သူ့ရင်ဘက်တခုလုံး ပူလောင်လာသည်ဟု ခံစားလိုက်ရသည်။ မျက်နှာ နီရဲလာပြီး စိတ်လှုပ်ရှားမှုဖြင့် တကိုယ်လုံး တုန်လှုပ်နေသည်။ ရှေးခေတ်မှာမွေးဖွားလာသော ကျန်းယန်အနေဖြင့် ထိုစကားလုံးများကို မည်သို့ကြားဖူးလိမ့်မည်နည်း။ ထိုအချိန်မှာပင် ကျန်းယန်၏ တိုက်ပွဲဝင်စိတ်များ ပြန်လည်မွေးဖွားလာသည်။ အသည်းကွဲပြီးနောက် စိတ်ဓါတ်ကျနေမှုများ ပျောက်သွားကာ သူ့စိတ်ထဲတွင် အလင်းတန်းတခုကို ဆုပ်ကိုင်မိလိုက်သလို ခံစားလိုက်ရသည်။
"ကဲ ကျန်းယန် မင်းနောက်တခေါက်လောက် သိုင်းကစားလိုက်အုံး" ကျန်းယန်ပြောင်းလဲသွားသည်ကို သတိပြုလိုက်မိသော ကျန်းရွှမ်က အမိန့်ပေးလိုက်သည်။
ကျန်းယန် ဘာမှပြန်မပြောမနေပဲ လှံကို ဆွဲကိုင်လိုက်သည်။ ကျန်းယန်၏ အနေအထားမှာ ခုနကနှင့် မတူတော့ပေ။
ဝုန်း.. ဝုန်း.. ဝုန်း
ပြင်းထန်လှသော အားလှိုင်းများသည် လေထုကို ဖြတ်သန်းသွားကာ အခန်းတခုလုံးပင် တုန်လှုပ်သွားသည်ဟု ထင်ရသည်။
ထန်း..
လှံသိုင်းကစားပီးသည်နှင့် ကျန်းယန်သည် ရေပြင်ညီလှံထိုးချက်ဖြင့် ကျောက်တိုင်ကိုထိုးစိုက်လိုက်ရာ နံပါတ်များ ပေါ်လာတော့သည်။
၂၃၅!
ပထမတခေါက် ကစားစဉ်က အားကုန်သုံးခဲ့သော်လည်း ၁၁၀ ကီလိုသာ ရရှိခဲ့သည်။ ယခု ကျန်းရွှမ်၏ စကားအနည်းငယ်ကို နားထောင်လိုက်ပြီးသည်နှင့် ကျန်းယန်၏ အင်အားမှာ ၁ ဆကျော်ကျော် တိုးတက်သွားတော့သည်။
"ကျေးဇူးတင်ပါတယ် ဆရာ"
ကျောက်တိုင်ပေါ်မှ ဂဏန်းများကို ကြည့်ပြီးသောအခါ ကျန်းယန် သံသယ တစုံတရာ မရှိတော့ချေ။ ကျန်းရွှမ်သည် အလွန်ထူးချွန်သော ဆရာတယောက်ဖြစ်ကြောင်း ကျန်းယန် ယုံကြည်လိုက်သည်။ ချက်ချင်း ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်ကာ အရိုအသေပြုလိုက်တော့သည်။
"စွမ်းလှချည်လား"
မိုရှောင်းသည်လည်း ဂဏန်းများကို ကြည့်ကာ တုန်လှုပ်နေမိသည်။ သူ့သူငယ်ချင်း ကျန်းယန် ဆရာကောင်းတယောက်ကို ရှာတွေ့လိုက်သဖြင့် မိုရှောင်း ဝမ်းသာသွားသည်။ ထို့အတူ အနည်းငယ်လဲ စိတ်ပျက်နေမိသည်။ ဝမ်ချောင်ဆရာက မိုရှောင်းအား သင်ပြပေးသောအချိန်က သူ့တိုးတက်မှုမှာ ၃၀ % သာရှိလေသည်။ ယခုဆရာကတော့ ကျန်းယန်ကို ၁ ဆကျော်ကျော် တိုးတက်အောင် သင်ပေးနိုင်သည်။ မိုရှောင်းသာ ဒီနာမည်မရှိသော ဆရာက ဒီလောက်အစွမ်းထက်နေမည်မှန်း ကြိုသိခဲ့လျှင် ဝမ်ချောင်ထံသို့ တကူးတကသွားကာ တပည့်ခံနေမည် မဟုတ်ပဲ ဒီစာသင်ခန်းကိုသာ တန်းပြေးလာပြီး တပည့်ခံလိုက်မည်ဖြစ်သည်။ မိုရှောင်း နောင်တအနည်းငယ် ရမိလေသည်။ သို့သော် မိုရှောင်းစိတ်ထဲ သံသယ တခုဝင်လာသည်။ ဒီလောက်ထူးချွန်နေသော ဆရာတယောက်က ဘာလို့များ နာမည်မရှိဖြစ်နေရသနည်း။ မိုရှောင်း မမေးပဲ မနေနိုင်တော့သောကြောင့်
"ဆရာ.. အခုကျန်းယန်ကို တပည့်အဖြစ် လက်ခံလိုက်ပြီဆိုတော့ ဆရာ့နာမည်လေး ကျနော်တို့ သိပါရစေလား"
မိုရှောင်းမေးလိုက်သည်ကို ကြားလိုက်သော ကျန်းယန်သည်လည်း ကျန်းရွှမ်ကို လှမ်းကြည့်နေလိုက်သည်။ ကျန်းယန်သည် သူ့ဆရာကို လွန်စွာမှပင် လေးစားနေမိပြီ ဖြစ်သော်လည်း သူ့ဆရာနာမည်ကို ခုထိ မသိရသေးသည်ကို သတိရလိုက်သည်။
"ငါ့နာမည် ကျန်းရွှမ်"
ကျန်းရွှမ် တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျန်းရွှမ်? ဒီနာမည်ကြားဖူးသလိုပဲ.. "
မိုရှောင်း ခနစဉ်းစားနေလိုက်သည်။ တစုံတခုကို သတိရလိုက်ဟန်ဖြင့် မိုရှောင်း မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ့နှုတ်ခမ်းများ တဆတ်ဆတ်တုန်လှုပ်လာပီး
"ကျနော် သတိရပြီ ဒီကျောင်းမှာ ဆရာအကဲဖြတ်စာမေးပွဲမှာ သုညရတဲ့ အမှိုက်ဆရာတယောက် ရှိတယ်တဲ့။ အဲ့ဆရာနာမည်က ကျန်းရွှမ် တဲ့။ ဆရာနဲ့ နာမည်ချင်းဆင်တယ်နော်"
"အင်း... ဆင်တာမဟုတ်ဘူး။ ငါက အဲ့အမှိုက်ဆရာပဲ"
ကျန်းရွှမ်ခေါင်းညိမ့်ရင်း ပြောလိုက်သည်။
"အာ... "
မိုရှောင်းနှင့်ကျန်းယန် ကြက်သေသေသွားတော့သည်။