"ငါဘာလုပ်မိလို့လဲဟ"
ရောင်းဟန် ဒေါသတကြီးဖြစ်သွားသည်ကို ကြည့်ပြီး ကျန်းရွှမ် ကြောင်သွားသည်။ ခင်ဗျား အထင်လွဲတာကြီးက နည်းနည်းတော့ မများလွန်းဘူးလားဗျာ
သို့သော်လည်း တဖက်လူ အထင်လွဲမည်ဆိုလျှင် လွဲစရာဖြစ်နေကြောင်းကို ကျန်းရွှမ်နားလည်လိုက်သည်။ ကျန်းရွှမ်က သင်ကြားရေးနှင့် ပတ်သက်ပြီး တခုမှမပြောပဲ ကျောက်ရာကို တပည့်အဖြစ် သိမ်းသွင်းလိုက်ခြင်းဖြစ်သည်။ တပည့်ခံရခြင်း အကြောင်းကို မေးတော့လည်း ကျောက်ရာက ရှက်နေသောပုံစံနှင့် ပြန်မဖြေချေ။ ထို့ပြင် မှတ်တမ်းတင်ကျောက်တခုကလဲ ကြမ်းပြင်ပေါ်တွင် ကြေမွလျက်ရှိနေသေးသည်။ ထိုအချက်များအားလုံး ဆက်စပ်စဉ်းစားလိုက်လျှင် တခုခုတော့ လွဲနေကြောင်းကို လူတိုင်းတွေးမိနိုင်သည်။ ကျန်းရွှမ်သည် တဏှာရူးဆရာ အရှက်မရှိသောဆရာ အဖြစ် တမဟုတ်ချင်း သတ်မှတ်ခံလိုက်ရသည်။
"ဦးလေးရောင်း ဘာတွေ လျှောက်တွေးနေတာလဲ။ ဦးလေးသာ ဒီလိုဆက်လုပ်နေမယ်ဆိုရင် ကျမ ဦးလေးနဲ့ ဘယ်တော့မှ ပတ်သက်တော့မှာ မဟုတ်ဘူးနော်"
ရောင်းဟန် ဒေါသတကြီးပြောလိုက်သောစကားများကို ကြားအပြီးတွင် ကျောက်ရာ အိမ်တော်ထိန်းရောင်း ဘာတွေတွေးနေသည်ကို ရိပ်မိလိုက်သည်။ ကျောက်ရာ မျက်နှာမည်းသွားပြီး ရောင်းဟန်ကို ငေါက်လိုက်သည်။ သူမသည် ငယ်ရွယ်သေးသော မိန်းကလေးတဦးဖြစ်ရာ ထိုသို့သော အကြောင်းအရာများဖြင့် သူမသိက္ခာကို အစွန်းအထင်း မခံနိုင်ပေ။
"သခင်မလေး.. "
ကျောက်ရာ ဟန့်တားလိုက်သောကြောင့် ရောင်းဟန် နောက်ဆုတ်လိုက်သည်။
"တော်လောက်ပြီ။ ပစ္စည်းတွေ ကူသယ်ပေးဖို့ ကျမနဲ့လိုက်ခဲ့။ ဒီမှာ အပိုတွေလုပ်မနေနဲ့တော့"
ကျောက်ရာ ရှည်ရှည်ဝေးဝေးပြောမနေတော့ပဲ အခန်းထဲမှထွက်သွားတော့သည်။ ကျောက်ရာသည် သူမဝေဒနာခံစားနေရကြောင်း ရောင်းဟန်ကို အသိမပေးချင်ပေ။ သူသာသိလျှင် အသေးစိတ် မေးတော့မည်ဖြစ်ကြောင်း သေချာနေရာ သူမအနေဖြင့် မည်သို့ပြောပြနိုင်ပါမည်နည်း။ ထိုဝေဒနာသည် သူများကိုပြောပြဖို့ မကောင်းသော ရှက်စရာဝေဒနာ ဖြစ်နေသည် မဟုတ်ပါလား။
"ဟွန်း.. "
သူ့သခင်မလေး အခန်းထဲမှ ထွက်သွားသည်နှင့် ရောင်းဟန်သည် ကျန်းရွှမ်အား သတ်ချင်ဖြတ်ချင် နေသော အကြည့်များဖြင့် တချက်ကြည့်လိုက်ပြီး ကျောက်ရာ နောက်သို့လိုက်သွားလိုက်သည်။ ကျောက်ရာသာ မဟန့်တားခဲ့လျှင်၊ ကျောင်းထဲရှိ စာသင်ခန်းထဲတွင်သာ ဖြစ်မနေခဲ့လျှင် ကျန်းရွှမ်သည် ရောင်းဟန် လက်ချက်ဖြင့် ဆယ်ခါပြန်လောက် သေနေလောက်ပြီ ဖြစ်သည်။
ရောင်းဟန်၏ အကြည့်ကြောင့် ကျန်းရွှမ် စိတ်ရှုပ်ထွေးပြီး ကျန်ခဲ့သည်။
ငါက ကျောင်းသားတယောက်လက်ခံမိပါတယ် အဲ့လူကြီးက အဲ့လောက်စိတ်ဆိုးနေစရာလား။ သူလုပ်တာနဲ့ ငါလဲ ကမ္ဘာပေါ်ရှိသမျှ မကောင်းမှုအားလုံးရဲ့ စတင်ရာ မူလဖခင်ကြီးလို့ သူများတွေ ထင်ကုန်တော့မှာပဲ။ ပြဿနာက ငါ ဘာဆိုဘာမှ မလုပ်မိတာပဲ
"ထားလိုက်ပါတော့။ အချိန်တွေ အများကြီး ကျန်နေသေးတယ် ကျောင်းသားသစ်ထပ်ရှာအုံးမှပါ။ ကျောင်းသားများများရမှ ငါလဲ အထောက်အပံ့များများ ရမှာ"
ဟုန်းထျင်ကျောင်းတွင် ဆရာအတန်းအစားအမျိုးမျိုးရှိသည်။ ဆရာအတန်းအစားခွဲခြင်းကို နှစ်ကုန်လျှင် ကျောင်းသားများ အခြေအနေပေါ်ကြည့်ပြီး သတ်မှတ်သည်။ ကျောင်းသားအရည်အတွက်၊ ကျောင်းသားများ စွမ်းအားလေ့ကျင့်ရာတွင် တိုးတက်မှုနှုန်း၊ ကျောင်းသားများ ပြိုင်ပွဲများမှ ရလဒ်များပေါ်မူတည်ပြီး ဆရာများ အတန်းအစားကို သတ်မှတ်ပေးသည်။ ဆရာအဆင့်အတန်း မြင့်လာလေလေ သူတို့ရရှိသော အထောက်ပံ့များမှာလဲ များလာလေလေဖြစ်သည်။
လက်ရှိတွင် တပည့်သုံးယောက်ရှိပြီဖြစ်လေရာ ကျန်းရွှမ်အနေဖြင့် ဆရာတယောက်အဖြစ်တော့ ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်။ သို့သော် ဆရာအဆင့်အတန်း တိုးတက်လာဖို့ဆိုလျှင် သူ့အနေနှင့် နောက်ထပ် တပည့်များ လက်ခံရန် လိုအပ်နေသေးသည်။
------------------------------
"ကျန်းယန်.. မင်းကို တပည့်အဖြစ်လက်ခံဖို့ ငြင်းလိုက်တာ ဝမ်ချောင်ဆရာတယောက်ပဲ ရှိပါသေးတယ်။ အဲ့လောက်စိတ်ပျက်မနေစမ်းပါနဲ့"
လူငယ်လေးနှစ်ယောက်သည် ကျောက်ခင်းလမ်းပေါ်တွင် လှမ်းလျှောက်လာနေကြသည်။ ရှေ့ကလျှောက်နေသော တယောက်က နောက်မှတယောက်ကို နှစ်သိမ့်နေခြင်းဖြစ်သည်။
"မိုရှောင်း မင်းက တပည့်အဖြစ် လက်ခံတာ ခံလိုက်ရတာတော့ ပြောနိုင်တာပေါ့။ မင်းသာ အငြင်းခံရရင် ဒီလိုပြောနိုင်ပါ့မလား? "
ကျန်းယန် မျက်မှောင်ကြုပ်ရင်း ပြန်ပြောလိုက်သည်။
"အဟမ်း အဟမ်း.. အဲ့လိုမပြောပါနဲ့ဟ။ ဒီကျောင်းထဲမှာ တခြားထူးချွန်တဲ့ဆရာတွေ အများကြီးရှိပါသေးတယ်။ မင်းဆရာတင်ဖို့ ဝမ်ချောင်ဆရာတယောက်ပဲရှိတာ မဟုတ်ပါဘူး"
ရှေ့မှကျောင်းသားက ရှက်ရှက်နှင့် ခေါင်းကုတ်ရင်း ပြန်ပြောလိုက်သည်။
"သူတယောက်ပဲရှိတာ မဟုတ်ဘူး? ဟုတ်လား။ မင်းပြောတော့လွယ်လိုက်တာ။ ငါတို့နှစ်ယောက် ငယ်ငယ်ကတည်းက လှံသိုင်းပဲ ကျင်ခဲ့ကြတာ အခုဆို လှံက ငါတို့ခန္ဓာကိုယ် အစိတ်အပိုင်းတခုလို ဖြစ်နေပြီ။ ခုမှ တခြားဟာ ပြောင်းကျင့်ချင်ရင် နောက်ကျနေပြီ။ ဟုန်းထျင်ကျောင်းမှာ ဆရာဝမ်ချောင်က လှံသိုင်းနဲ့ ပတ်သက်ရင် အတော်ဆုံးပဲ။ ခုကျ အဲ့ဆရာက မင်းကိုလက်ခံလိုက်ပြီး ငါ့ကျ ငြင်းလိုက်တယ်။ မင်းပြောလေ ငါစိတ်ဓါတ်မကျပဲ နေနိုင်မလားလို့"
ကျန်းယန်က စိတ်မကြည်သောလေသံဖြင့် ပြန်ပြောလိုက်သည်။
"..."
မိုရှောင်း ဘာပြန်ပြောရမှန်းမသိပဲ ဖြစ်သွားသည်။ ဆရာများသည် မိမိတို့ သန်ရာသန်ရာ ထူးချွန်ကြသူများဖြစ်သည်။ အချို့ဆရာများက လက်သီးသိုင်း။ အချို့က ဓါးမော့သိုင်း။ ဝမ်ချောင်ဆရာကတော့ လှံသိုင်းနှင့်ပတ်သက်ရာတွင် အထူးချွန်ဆုံးဖြစ်သည်။ သူတို့နှစ်ယောက်သည် ဝမ်ချောင်ဆရာထံတွင် လှံသိုင်း အတူတူသင်ကြရန် မျှော်လင့်ပြီး ကျောင်းသို့ရောက်လာကြသူများဖြစ်သည်။ သို့သော်လည်း တယောက်ကလက်ခံခြင်း ခံလိုက်ရပြီး နောက်တယောက်က ငြင်းခံလိုက်ရသည်။ ငြင်းခံလိုက်ရသောသူက စိတ်မကြည်ပဲဖြစ်နေမည်မှာ ဆန်းလှသည်တော့ မဟုတ်။
"ဟာ. ဒီနားမှာ စာသင်ခန်းတခုရှိတယ်။ ဝင်ကြည့်ရအောင်လေ"
ကသိကအောက်ဖြစ်နေသော အခြေအနေမှ ရှောင်လွှဲနိုင်ရန် မိုရှောင်းက ရှေ့နားက စာသင်ခန်းဆီ ညွန်ပြလိုက်သည်။
"မကြည့်ချင်ပါဘူးကွာ"
ကျန်းယန် ခေါင်းခါပြလိုက်သည်။
"လာပါ။ သွားကြည့်ရအောင်။ အဲ့ဆရာက လှံသိုင်းသင်ပေးတဲ့နေရာမှာ တော်ရင်တော်မှာပေါ့" မိုရှောင်းက ကျန်းယန်ကို နှစ်သိမ့်လိုက်သည်
"ဝင်ကြည့်လိုက်ရုံနဲ့ ဘာမှ အကျိုးမယုတ်နိုင်ပါဘူးဟ"
"သွားလေ"
ကျန်းယန် စိတ်မပါသော်လည်း မိုရှောင်းနှင့်အတူ အခန်းထဲ လိုက်ဝင်လိုက်သည်။
အခန်းထဲရှိနေသူမှာ ကျန်းရွှမ်ဖြစ်သည်။ သူအပြင်ထွက်မလို့ ပြင်နေစဉ်မှာ လူငယ်လေးနှစ်ယောက် အခန်းထဲဝင်လာကြသည်။
"တွေ့ရတာ ဝမ်းသာပါတယ် ဆရာ"
မိုရှောင်းက အရိုအသေပြုလိုက်သည်။
"အေး"
ကျန်းရွှမ် မျက်လုံးများ အနည်းငယ် ကျယ်သွားသည်။
"မင်းတို့နှစ်ယောက်က ဆရာတင်ဖို့ရှာနေကြတာလား? "
"ဟုတ်ကဲ့ ။ ဒါက ကျနော့်ညီအကိုပါ ။ သူက လံှသိုင်းနဲ့ပတ်သက်ပြီး အရမ်းတော်ပါတယ် ။ လူငယ်တွေထဲမှာ သူနဲ့ယှဉ်နိုင်မယ့်သူ တော်တော်ရှားတယ်။ ဆရာက သူ့ကို သင်ပြပေးနိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်"
မိုရှောင်းက ခပ်သွက်သွက်ပြောလိုက်သည်။
"မိုရှောင်း.. "
ကျန်းယန် မိုရှောင်း အင်္ကျီလက်ကို လှမ်းဆွဲလိုက်သည်။
"ဘာလဲ"
မိုရှောင်း ကြောင်သွားပြီး ပြန်မေးလိုက်သည်။
"ပတ်ဝန်းကျင်လဲ နည်းနည်းလေ့လာအုံးဟ"
ကျန်းယန် မျက်မှောင်ကြုပ်ကာ တီးတိုး ပြန်ပြောလိုက်သည်။
စာသင်ခန်းသည် ကျဉ်းမြောင်းလွန်းလှသည်။ ကျောင်းသားဆယ်ယောက်ခန့်သာ ဆန့်မည်ဟု ထင်ရသည်။ စာသင်ခန်း အကျယ်အဝန်းကြည့်လျှင်ပင် ဆရာ့အရည်အချင်းကို ခန့်မှန်းနိုင်သည်။ ထိပ်တန်းအဆင့်ဆရာများ၏ စာသင်ခန်းသည် ကျောင်းသားတရာခန့် စွမ်းအင်ကျင့်ခြင်း သိုင်းလေ့ကျင့်ခြင်းတို့ တချိန်တည်း လုပ်နိုင်လောက်အောင် ကျယ်လေ့ရှိသည်။ ယခုကဲ့သို့ အခန်းငယ်လေးမှ ဆရာမှာ သာမန်ဆရာမျှသာ ဖြစ်ပေလိမ့်မည်။
"အေး ဟုတ်သားဟ တော်တော်ကျဉ်းတယ်နော်"
မိုရှောင်းက ခုမှ စာသင်ခန်းအကျယ်အဝန်းကို သတိပြုမိသွားပြီး ရင်ခုန်သံများ မြန်သွားတော့သည်။ မိုရှောင်းသည် ရှေ့မကြည့်နောက်မကြည့်နှင့် သူ့သူငယ်ချင်း အာရုံပြောင်းရင် ပြီးရောဆိုကာ ဝင်ခဲ့လိုက်ခြင်းဖြစ်သည်။ ဆရာ့အရည်အချင်းက သာမန်သာဖြစ်နေလျှင် သူ့သူငယ်ချင်းတော့ ပိုပြီးတော့ပင် စိတ်ဓါတ်ကျပေတော့မည်။
"ကဲ ငါ့ကို လှံသိုင်း ကစားပြ"
လူငယ်လေးနှစ်ယောက် တီးတိုးပြောနေသည်ကို သတိမထားလိုက်မိသော ကျန်းရွှမ်က တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။
"ငါတို့ဒီရောက်လာမှတော့ မထူးတော့ဘူး။ သူ့ဆီက သင်ပြတာ နည်းနည်းပါးပါး နားထောင်သွားရအောင်လေ။ ဘာရှုံးစရာရှိတာကြနေတာပဲ။ သူသင်သာ မကောင်းရင်လဲ ပြန်ကြတာပေါ့"
မိုရှောင်း ကျန်းယန်ကို တိုက်တွန်းလိုက်သည်။
"အင်း.. "
ကျန်းယန် ခေါင်းညိမ့်လိုက်သည်။
ဆရာများက တပည့်များ အရည်အချင်းကို အကဲဖြတ်ခွင့်ရသလို တပည့်များကလဲ ဆရာ့အရည်အချင်းကို လေ့လာခွင့်ရှိသည်။ ကျန်းယန် ကျောပေါ်မှ လှံကိုယူလိုက်ပြီး အစိတ်အပိုင်းများကို တပ်ဆင်လိုက်သည်။ လှံရှည် လက်ထဲရောက်သွားသည်နှင့် ကျန်းယန်သည် ဓါးအိမ်မှ ထုတ်လိုက်သော ဓါးတချောင်းကဲ့သို့ ပုံပြောင်းသွားသည်။
(TL - လှံသည် လူ့အရပ်ထက်ရှည်သောကြောင့် အရှည်လိုက်ကြီး သယ်သွားလေ့မရှိပါ။ သယ်ရလွယ်ကူစေရန် သုံးပိုင်းပိုင်းထားတတ်ကြပြီး လိုအပ်သည့်အခါမှသာ ပြန်ဆက်ကာ အသုံးပြကြသည်။)
ဝှစ်.. ဝှစ်.. ဝှစ်..ဝှစ်!
လှံရှည်သည် လေထုထဲကို အရှိန်ပြင်းစွာ ထိုးခွင်းနေသည်။ အခန်းတခုလုံး မုန်တိုင်းငယ်တခု တိုက်ခတ်နေသကဲ့သို့ ဆူညံနေသည်။ ကျန်းယန်သည် ထူးချွန်သူဟု ပြောမရသော်လည်း သူ့လှံသိုင်းစွမ်းရည်မှာ မဆိုးလှချေ။
ထန်း...
လှံရှည်ထိပ်နှင့် ကျောက်တိုင်တို့ ထိခိုက်သံ ပေါ်ထွက်လာပီး ကျောက်တိုင်တွင် နံပါတ်များ အစီအရီပေါ်လာသည်။
၁၁၀!
"ဆရာ။ လိုတာလေးတွေ ညွှန်ပြပေးပါ"
ကျန်းယန် လှံရှည်ကို ဘေးတွင် ထောင်ထားလိုက်ပြီး ကျန်းရွှမ်ကို အထင်မကြီးစွာ ကြည့်နေလိုက်သည်။ စာသင်ခန်းအကျယ်အဝန်းကို သတိပြုလိုက်မိပြီးချိန်မှစကာ ကျန်းရန်သည် ထိုဆရာကို သိပ်အထင်ကြီးချင်း မရှိတော့ချေ။ ကျန်းရွှမ်သည် အလွန်ဆုံးမှ သာမန်ဆရာသာ ဖြစ်လိမ့်မည်ဟု တထစ်ချယူဆထားလိုက်သည်။
ကျန်းရွှမ် မျက်လုံးမှေးကာ ကျန်းယန်ကို သေသေချာချာ ကြည့်နေသည်။ ဘေးလူများအနေဖြင့် ကျန်းရွှမ် ဘာတွေးနေကြောင်း သိနိုင်ရန် မလွယ်ပေ။ ကျန်းရွှမ် မဲ့ဲပြုံးပြုံးရင်း ကျန်းယန်ကို ပြောလိုက်သည်။
"မင်းကြည့်ရတာ အသည်းကွဲနေပုံပဲ။ ဘယ်ကောင်မလေးက မင်းကို ငြင်းလွှတ်လိုက်လဲ? "