ကျောက်ရာသည် ကျန်းရွှမ်က မည်သို့ ကိုယ့်အရှက်ကိုယ် ခွဲလိမ့်မည်နည်းဆိုသည်ကို စောင့်ကြည့်နေလေသည်။ ကျောက်ရာ ရုတ်တရက် အကြံတခုရလိုက်ပြီး သူမအင်္ကျီလက်အိုးထဲတွင် မှတ်တမ်းတင်ကျောက်ကို အသင့်ပြင်ထားလိုက်သည်။ မှတ်တမ်းတင်ကျောက် ဆိုသည်မှာ ဘေးပတ်ဝန်းကျင်ရှိ အရုပ်နှင့်အသံကို ဖမ်းယူထားနိုင်သော ပစ္စည်းဖြစ်သည်။ ယနေ့ခေတ်ရှိ ကင်မရာကဲ့သို့ပင် အလုပ်လုပ်နိုင်သည်။ ကျောက်ရာသည် ကျန်းရွှမ် ပေါက်ကရလျှောက်ပြောသည်များကို မှတ်တမ်းတင်ထားဖို့ ကြံလိုက်ခြင်းဖြစ်သည်။ သို့မှသာ နောက်နောင်တွင် သူမက ကျန်းရွှမ်ကို အပုပ်ချချိန်တွင် ကျန်းရွှမ် ပြန်မငြင်းနိုင်မည် ဖြစ်လေသည်။
"ရှင့်ကိုရှင် ဘယ်လိုအရှက်ခွဲမယ်ဆိုတာ ကြည့်ကြသေးတာပေါ့။ ရှင်ကများ ဆရာလုရွှန်းနဲ့ ယှဉ်ချင်ရတယ်လို့။ အိပ်မက်မက်မနေနဲ့"
ကျောက်ရာသည် ကျန်းရွှမ်ကို သက်သေနဲ့တကွ အရှက်ခွဲနိုင်တော့မည်ကို တွေးမိကာ မျက်လုံးများအရောင်တောက်လာပြီး မရယ်မိအောင် မနည်းထိန်းထားလိုက်ရသည်။ သူမကို အိမ်သာခွက်ဆေးခိုင်းလိုက်သော သူကို လက်စားပြန်ချေနိုင်တော့ပေမည်။ ကျောက်ရာ အပျော်လွန်နေသည်ကို ထိန်းချုပ်ရင်း ကျန်းရွှမ် ဘာများပေါက်ကရ ပြောမလဲဆိုပြီး စောင့်နေရာ ရုတ်တရက် သူမရှေ့တွင် မီးအိမ်ကဲ့သို့လင်းလက်နေသော မျက်လုံးနှစ်လုံးကို တွေ့လိုက်ရသည်။
"အား... "
ကျောက်ရာ ရုတ်တရက် လန့်သွားပြီး နောက်သို့ခုန်ဆုတ်လိုက်သည်။ အနားသို့ ရောက်လာသူမှာ ကျန်းရွှမ်ဖြစ်ကြောင်း သူမသတိထားလိုက်မိသည်။ ကျောက်ရာ အံကြိတ်လိုက်ပြီး အော်လိုက်သည်။
"ဘာလုပ်တာလဲ? "
"ဘာဖြစ်တာလဲ မကြောက်စမ်းပါနဲ့။ ငါ နည်းနည်းပါးပါး ကြည့်စရာရှိလို့ ထလာတာပါ"
ကျန်းရွှမ်က လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း ကျောက်ရာကို တပတ်ပတ်ကြည့်လိုက်သည်။ ကျန်းရွှမ်ပုံမှာ ထူးဆန်းသောအရာတခုကို အသေအချာကြည့်နေသလိုလို။ ကျန်းရွှမ် ခေါင်းကို ဖြေးညှင်းစွာ ယမ်းလိုက်သည်။ ထို့နောက် သူသည် ကျောက်ရာအနီး တပေပင် မဝေးတော့သော နေရာတွင် ရပ်လိုက်သည်။
ကျောက်ရာသည် ကျန်းရွှမ်ကိုယ်မှ ထွက်လာသော အနွေးဓါတ်များကိုပင် ခံစားမိလိုက်သည်။ ကျောက်ရာမျက်နှာတခုလုံး ရဲတွတ်သွားကွာ ရင်ခုန်သံများ မြန်လာလေသည်။ သူမငယ်စဉ်ကတည်းက ဘယ်ယောက်ျားနှင့်မှ ဒီလောက်နီးကပ်စွာ မနေခဲ့ဖူးချေ။ ထိုအချိန်တွင်ပင် ကျန်းရွှမ်ပြောလိုက်သော စကားကို သူမ ကြားလိုက်ရသည်။
"မင်းက နေမကောင်းဘူးပဲ"
ထိုစကားများ ကြားလိုက်သောအခါ ကျောက်ရာ မူးမေ့လုလု ဒေါသထွက်သွားလေသည်။
""ရှင်သာ နေမကောင်းတာ။ ရှင့်တမိသားစုလုံးသာ နေမကောင်းတာ""
သူမ ဒေါသထွက်လွန်းပြီး အရူးတယောက်လိုပြန်အော်လိုက်သည်။
ဒီလူက ဦးနှောက်ကော ကောင်းသေးရဲ့လား။ သူမက သူ့ကို သိုင်းကစားပြသည်။ သူက သင်ပြပေးမယ်မရှိပဲနဲ့ နေမကောင်းဘူးဟု လာပြောနေသေးသည်။ ဒီလောက် ရိုင်းတဲ့သူမျိုး ကမ္ဘာကြီးမှာ ရှိသေးတယ်လား။
"မင်းက ဘာတွေအော်နေတာလဲ။ "
ကျန်းရွှမ် အေးစက်စွာပြောလိုက်သည်။ နောက်မှ သူ့စကားက ဘယ်အဓ္ဓိပါယ်ရောက်သွားကြောင်း သိလိုက်ပီး ပြုံးပြလိုက်ကာ
"မင်း ကျန်းမာရေး တကယ်မကောင်းလို့ပြောတာပါ မင်းကို ကျိန်ဆဲနေတာမဟုတ်ပါဘူး"
"ကျမ နေကောင်းတယ်။ ဘာမှမဖြစ်ဘူး"
ကျောက်ရာ အေးစက်စွာ ပြန်ပြောလိုက်သည်။
" ကျမထင်တာတော့ နေမကောင်းတာက ရှင်ပဲဖြစ်လိမ့်မယ်။ ရှင့်ခေါင်းသိပ်ကောင်းပုံမရဘူး"
ကျောက်ရာသည် ကျားတကောင်ကဲ့သို့ပင် သန်မာသည်။ သူမ လက်ဝါးတချက်ကပင် ၁၀၀ ကီလိုကျော်အင်အားရှိသည်။ သူမကျန်းမာရေးအလွန်ကောင်းကြောင်းကို ကျောက်ရာ ကောင်းစွာသိလေသည်။
"ငါပြောတာကို ဇွတ်လိုက်ငြင်းမနေနဲ့။ မင်းရဲ့ တန်းကျုံးနဲ့ကျုကျွယ်သွေးကြောနေရာတွေမှာ ခနခန နာတတ်တယ်မလား။ အထူးသဖြင့် လပြည့်ညတွေပေါ့။ ညဘက်လေအေးအေးတိုက်လာတဲ့အခါတွေဆိုရင် မင်းကိုယ်ထဲမှာ အနီရောင်အလင်းတခု ပေါ်လာပြီး၊ မင်းစိတ်ထဲမှာ.... "
ကျန်းရွှမ်က ဆက်ပြောရမှာ ခက်ပုံဖြင့် ခနရပ်နေလိုက်သည်။ ပြီးမှ
"ထားလိုက်ပါတော့လေ။ မင်းဘယ်လောက်ပဲ ကြိုးစားကြိုးစား မင်းစိတ်ကိုမင်းငြိမ်အောင် လုပ်မရဘူးမလား"
(TL - တန်းကျုံးသွေးကြောသည် ရင်သားနှစ်ခု အလည်တည့်တည့်ရှိ သွေးကြောဖြစ်ပြီး ကျုကျွယ်သွေးကြောသည် နံရိုးအောက်တည့်တည့်ရှိ သွေးကြောဖြစ်သည်)
"ရှင်... ရှင်ဘယ်လိုလုပ်သိလဲ"
ဒေါသထွက်နေသော ကျောက်ရာသည် အစက ကျန်းရွှမ်ပြောသမျှ ပြန်ငြင်းမည် ကြံထားသော်လည်း ထိုစကားများကို ကြားလိုက်သောအခါ ရှက်ကာ မျက်နှာတခုလုံး ရဲတွတ်သွားပြီး အံ့သြသွားလေသည်။ ကျန်းရွှမ်ပြောသမျှကား တလုံးမှ မမှားသည့်အပြင် မှန်လွန်းနေသည်။
သိပ်မကြာသေးသော လများက စပြီး စွမ်းအင်လေ့ကျင့်သည့်အခါတိုင်း တန်းကျုံးနှင့်ကျုကျွယ် သွေးကြောနေရာများတွင် နာကျင်မှုကို စတင်ခံစားလာရသည်။ နာကျင်မှုမှာ သိပ်ပြင်းထန်ခြင်းမရှိသောကြောင့် သူမသိပ်အလေးမထားပေ။ အဓိက ပြဿနာမှာ လပြည့်ညတိုင်း လေအေးများတိုက်ခတ်ချိန်တိုင်းတွင် သူမခန္ဓာကိုယ်သည် ပုံမှန်မဟုတ်တော့ပဲ ထူးခြားလာတတ်သည်။ ပြင်းပြသော ဆန္ဒတခုသည် တကိုယ်လုံးကို ဖြတ်သန်းသွားပီး ခန္ဓာကိုယ်တခုလုံးလဲ အနီရောင်ပြောင်းသွားသည်။ ထိုအချိန်များတွင် စိတ်ထိန်းချုပ်မရပဲ သူစိမ်းယောက်ျားတယောက်နှင့် ပူးပူးကပ်ကပ် နေချင်စိတ်များ ပေါ်လာတတ်သည်။
ကျောက်ရာသည် အသက် ၁၆ နှစ်ကျော်သာ ရှိသေးပြီး အိမ်ထောင်ပြုရန် အရွယ်မရောက်သေးသော မိန်းကလေးတယောက် ဖြစ်လေရာ သူမသည် ထိုခံစားချက်များနှင့် ပတ်သက်ပြီး အလွန်ပင် အရှက်ရနေသည်။ ပထမတော့ အချိန်တန်လျင် သက်သာသွားလိမ့်မည်ဟု မျှော်လင့်နေခဲ့သော်လည်း ခံစားချက်များသည် တနေ့တခြားပြင်းထန်လာလေသည်။ သူမခန္ဓာကိုယ် ဖွံ့ဖြိုးလာသည်နှင့်အမျှ ထိုခံစားချက်များကို ထိန်းချုပ်ရသည်မှာ ပိုမိုခက်ခဲလာတော့သည်။ စဖြစ်စက သူမ ကျင့်သည့် စွမ်းအင်ကျင့်စဉ်ကို နှစ်ခေါက်လောက်ကျင့်ရုံနဲ့ သက်သာသွားသော်လည်း ယခုအချိန်တွင် ဆယ်ခါခန့်ကျင့်လျှင်ပင် မလုံလောက်တော့ချေ။ သူမအနေဖြင့် တညလုံး လေ့ကျင့်နေပီး မိုးလင်းသည်ကိုသာ ထိုင်စောင့်နေရလေသည်။ ထိုစိတ်ဆန္ဒများမှာ ထူးဆန်းပြီး ရှက်စရာကောင်းသောကြောင့် ကျောက်ရာသည် မည်သူ့ကိုမျှ မပြောခဲ့ဖူးပေ။ သူမ မိဘများနှင့် အချစ်ဆုံး သူငယ်ချင်းမိန်းကလေးများပင် မသိချေ။ ကျန်းရွှမ်က မည်သို့ သိနေသနည်း။ သူမ ဟုန်းထျင်ကျောင်းသို့ လာတက်ခြင်းအကြောင်းမှာ ထိုစိတ်ဝေဒနာကို ဖြေရှင်းနိုင်ဖို့ အဓိကရည်ရွယ်ပြီး လာရောက်ခြင်းဖြစ်လေသည်။
"ငါက ဆရာတယောက်ပဲ။ မင်းလက်ဝါးသိုင်းကစားပြလိုက်ကတည်းက ဒီလောက်တော့ မြင်တာပေါ့"
ကျန်းရွှမ်က သက်သောင့်သက်သာ ပြန်ဖြေလိုက်သည်။ အမှန်ကတော့ လက်ဝါးသိုင်းကစားပြရုံမျှနှင့် ထိုအရာများကို မည်သူက သိနိုင်ပါမည်နည်း။ သို့သော် ကောင်းကင်ဘုံစာကြည့်တိုက်သည်ကား ထူးခြားသောရတနာတပါး ဖြစ်လေရာ သူမသိုင်းကစားပြလိုက်သည်နှင့် သူမ သိုင်းကျင့်စဉ် အားနည်းချက်များသာမက သူမဘဝတခုလုံး၏ အားနည်းချက်များကိုပင် ဖော်ပြပေးနိုင်လေသည်။
"အဲ့ဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတခုခုများ ရှိလားဟင်? "
ကျောက်ရာက နီမြန်းနေသော မျက်နှာနှင့် မေးလိုက်သည်။ ကျောက်ရာက ကျန်းရွှမ်လိမ်လည်နေသည်ကို ဖော်ထုတ်ရန်လာခြင်းဖြစ်သော်လည်း ကျန်းရွှမ်ကပင် ကျောက်ရာ၏ လျှို့ဝှက်ချက်များကို ပြန်ဖော်ပြလိုက်သည်။ ထို့ကြောင့် ကျောက်ရာ အရှက်ရနေခြင်းဖြစ်သည်။
"ဖြေရှင်းဖို့ နည်းလမ်း တခုတော့ရှိတယ်။ မနက်ဖြန် အတန်းကိုလာခဲ့ အဲ့ကျမှ ဆက်ပြောကြတာပေါ့"
ကျန်းရွှမ်က အရေးမကြီးပုံမျိုးဖြင့် ပြန်ပြောလိုက်သည်။
"တကယ်? "
ကျောက်ရာ မျက်လုံးများက သိပ်မယုံကြည်ဟန်ဖြင့်။ သူမသည် ကိုယ့်အခြေအနေကို ကောင်းကောင်းသိလေသည်။ သူမ စိတ်ဆန္ဒများကို ထိန်းချုပ်ရ ခက်ခဲလာသည်နှင့်အမျှ သူမသည် စိတ်တိုလွယ်ပြီး စိတ်မရှည်တတ်သူ ဖြစ်လာလေသည်။ ထိုဝေဒနာသည် ဖြေရှင်းမရနိုင်တော့ဟု စိတ်လျှော့ကာ တသက်လုံး လျှို့ဝှက်ထားရန်ပင် ဆုံးဖြတ်ထားလေသည်။ တကျောင်းလုံးမှ အညံ့ဆုံးသော ဆရာက သူမအခြေအနေကို တခါတည်းကြည့်ရုံနှင့် သိနိုင်ပြီး ကုသနည်းပါရှိနေလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
"မင်းငါ့ကို မယုံလဲ တခြားဆရာတယောက်ထပ်သွားရှာလေ"
ကျန်းရွှမ်က အဆင့်မြင့်ဆရာကြီးများဟန်ပန်အတိုင်း လက်နှစ်ဖက်ကို ပွတ်ရင်း အပြောင်းအလဲမရှိသော အမူအရာဖြင့် ပြောလိုက်သည်။
"အာ.. အဲ့လိုမဟုတ်ပါဘူးဆရာ။ ဆရာက ကျမကို ကူညီနိုင်မယ့် တဦးတည်းသော ဆရာပါ"
ကျောက်ရာက ခေါင်းညိတ်ပြလိုက်သည်။ သူမ ထိုဝေဒနာ ခံစားနေရသည်မှာ တရက်နှစ်ရက် မကတော့ပေ။ သို့သော် သူမဖခင်နှင့်တကွ အခြားသမားတော်များသည် သူမ တခုခု ခံစားနေရကြောင်း မည်သူမျှ မရိပ်မိခဲ့ကြချေ။ ကျန်းရွှမ်ဆရာကတော့ တခါတွေ့ရုံမျှနှင့်ပင် သူမဝေဒနာကို သိနိုင်စွမ်းရှိလေသည်။ အမြင်စူးရှပုံခြင်းယှဉ်လျင် ကျန်းရွှမ်နှင့် ယှဉ်နိုင်သူ ရှိလိမ့်မည်မဟုတ်ဟု ကျောက်ရာ တွေးမိသည်။ ထို့ကြောင့် သူမဝေဒနာကို ကုသနိုင်မည့်နည်းလမ်း ကျန်းရွှမ် သေချာပေါက်သိလိမ့်မည်ဟု ကျောက်ရာ ယုံကြည်လိုက်လေသည်။
"မှတ်တမ်းတင်ကျောက်ကို ဒီတိုင်းဆက်ကိုင်ထားဦးမှာလား"
ကျန်းရွှမ်က ကျောက်ရာ လက်သို့ကြည့်ကာပြောလိုက်သည်။
"အာ... "
ကျောက်ရာ ထိတ်လန့်သွားသည်။ ယခုမှ မှတ်တမ်းတင်ကျောက်နှင့် မှတ်တမ်းတင်နေမိမှန်း ကျောက်ရာ သတိရလိုက်သည်။ သူမတို့ ခုနကပြောနေသော အကြောင်းအရာများကိုသာ မူလရည်ရွယ်ထားသည့်အတိုင်း ကျောက်ယာ သူများကို ပြန်ပြလိုက်လျှင် သူမအနေနှင့် ခေါင်းပင် ဖော်နိုင်တော့မည် မဟုတ်ပေ။
"ကျမ.. ကျမ.. "
ကျောက်ရာ လက်ဝါးတွင် အားတချက်ထည့်လိုက်ရာ မှတ်တမ်းတင်ကျောက်သည် ကြေမွသွားသည်။ ကျောက်တုံးကို ဖျက်ဆီးလိုက်ပီးနောက် ကျောက်ရာ ကျန်းဆရာကို နောက်တခေါက် လှမ်းကြည့်လိုက်သည်။ ယခုအခါ ကျန်းရွှမ်မျက်နှာသည် အရင်လို မုန်းစရာမကောင်းတော့ပဲ ကြည်ညိုစရာကောင်းသည်ဟု ထင်မှတ်မိလေသည်။ မှတ်တမ်းတင်ကျောက်ကို သေသေချာချာ ဝှက်ထားသော်သည်း ကျန်းရွှမ် အကြည့်များမှ မလွတ်နိုင်ခဲ့ပေ။ ထို့ပြင် သူမဝေဒနာများကိုလဲ မြင်နိုင်သေးသည်။ ထိုမျှအရည်အချင်းရှိသော သူက ဆရာအကဲဖြတ်စာမေးပွဲတွင် မည်သို့မည်ပုံ သုညသာ ရရှိလေသနည်း။
"သူ့ကြည့်ရတာ ကျော်ကြားမှုနဲ့ငွေကြေးကို မက်မောပုံမရဘူး။ တခြားသူတွေရဲ့အမြင်ကိုလဲ အရေးစိုက်ပုံမရဘူး။ ဒါက တကယ့် ဆရာကြီးတွေရဲ့ပုံစံမျိုးပဲ"
ကျောက်ရာ ထိုသို့တွေးလိုက်မိသည်။ သူမ တချိန်လုံး လူလိမ်ဟု မှတ်ယူထားခဲ့သည့် ကျန်းရွှမ်သည် ထိုအချိန်အတွင်းမှာပင် လောကကြီးမှ အတော်ဆုံးသော ဆရာတဦးဖြစ်သွားတော့သည်။
"မင်းရဲ့ ကျောက်စိမ်းပြားကိုပြပြီး စာအုပ်နဲ့ အိပ်ရာလိပ်တွေ သွားထုတ်လိုက်။ မင်းနေရမယ့်နေရာလဲ တခါတည်း ကြည့်ခဲ့လိုက်။ မနက်ဖြန်မနက် စာစသင်မယ်"
"ယား.. "
ကျန်းရွှမ်က လက်ဝှေ့ယမ်းလိုက်ရင်း ကျောက်ရာ အားပြောလိုက်သည်။ ထိုအချိန်မှာပင် အပြင်မှာ ကျယ်လောင်သော အော်သံကြီး ကြားလိုက်ရပြီး မျက်စိတမှိတ်အတွင်းမှာပင် လူတယောက်ရောက်လာသည်။
ဟူး..
ဝင်လာသောသူမှာ လူလတ်ပိုင်းအရွယ်ခန့်ရှိသည်။ အခန်းထဲဝင်လာလိုက်သည်နှင့် အခန်းတခုလုံး ကြောက်မက်ဖွယ် အငွေ့အသက်များနှင့် ပြည့်နှက်သွားသည်။ တချက်ကြည့်လိုက်ရုံမျှနှင့်ပင် ထိုသူသည် လွန်စွာကြောက်စရာကောင်းကြောင်း သိနိုင်သည်။
"သခင်မလေး"
လူကြီးက ကျောက်ရာကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။
"ဦးလေးရောင်း ဘယ်လိုလုပ်ဒီရောက်လာတာလဲ"
ကျောက်ယာက ငေးရင်းပြန်ပြောလိုက်သည်။ ထိုသူသည် ကျောက်ရာ သူငယ်ချင်းနှစ်ယောက်သွားရှာသော အိမ်တော်ထိန်းရောင်း ဖြစ်လေသည်။ အိမ်တော်ထိန်းရောင်းသည် ကျောက်ယာကို ကျောင်းပို့ပြီး ပြန်ခါနီးမှာ သူမသူငယ်ချင်းနှစ်ယောက်နှင့် တွေ့ပြီး ပြန်လှည့်လာခြင်းဖြစ်သည်။ ထိုကောင်လေးများထံမှ ကျောက်ရာသည် ဆရာအကဲဖြတ်စာမေးပွဲတွင် သုညရထားသော ဆရာကို ဆရာအဖြစ် အသိအမှတ်ပြုဖို့ ကြိုးစားနေကြောင်း။ ထိုဆရာက ကျောက်ရာကို အိမ်သာပင် ဆေးခိုင်းနေသေးကြောင်း ကြားလိုက်ရရာ အိမ်တော်ထိန်းရောင်းခမျာ ကြားလိုက်ရသည့် နေရာတွင်ပင် သတိလစ်လုလု ဖြစ်သွားသေးသည်။
သခင်မလေးမှာ မြို့စားသမီးဖြစ်သည်နှင့်အညီ အိမ်တွင် ဘာမှလုပ်ခဲ့ရခြင်းမရှိချေ။ မည်သူမျှကလဲ မခိုင်းဝံ့ကြချေ။ ခုတော့ သုညဆရာက သူ့သခင်မလေးကို သန့်ရှင်းရေးလုပ်ခိုင်းသည့်အပြင် အိမ်သာလဲ ဆေးခိုင်းလိုက်သည်။ သတ္တိကောင်းလှသော ဆရာပါလား။ အကယ်လို့ ထိုဆရာကသာ ကျော်ကြားလွန်းသော ဆရာဖြစ်နေလျှင် အိမ်တော်ထိန်းရောင်းက မသိချင်ယောင်ဆောင်ပေးနိုင်သေးသည်။ ဆိုးသည်က ခိုင်းသည့်ဆရာမှာ သုညဆရာဖြစ်နေသည့်အပြင် ကျောင်းသားတဦးကိုလဲ ကျင့်စဉ်ဖောက်ပြန်အောင် သင်ပေးခဲ့ဖူးသူဖြစ်သည်။ သူ့သခင်မလေးကို ထိုဆရာလက်အောင်တွင် သင်ကြားရန် မည်သို့မျှ သဘောမတူနိုင်ချေ။ သူတို့အိမ်တော်တွင် သခင်မလေးကို တခါတလေ သိုင်းသင်ပေးကြသူများသည်ပင် ထိုဆရာထက် အပြတ်အသတ် သာသေးသည်။
"သခင်မလေး...နင်.. "
ကျန်းရွှမ်ကို ကြည့်နေရာမှ ရောင်းဟန်သည် ကျောက်ရာ ဘက်သို့လှည့်လိုက်သည်။
"ကျမ ဆရာကျန်းရွှမ်ကို ဆရာအဖြစ်အသိအမှတ်ပြုပီးသွားပီ"
ကျောက်ရာက ပြောလိုက်သည်။ ကြားကြားချင်း အားကုန်ပြေးလာခဲ့သော်လည်း သူသည် ခြေတလှမ်းနောက်ကျပြီး ဖြစ်နေတော့သည်။ သူက ကျောက်ရာကို သူ့နောက်ဘက်ရောက်သွားအောင် ဆွဲခေါ်လိုက်ပြီး ကျန်းရွှမ်ကို အေးစက်စွာ ကြည့်လိုက်သည်။
"ခုချက်ချင်း ငါ့သခင်မလေးကို တပည့်အဖြစ်က စွန့်လွှတ်လိုက်။ ပြီးရင် သခင်မလေးကို ပြန်တောင်းပန်စမ်း။ မဟုတ်လို့ကတော့ အသက်မပြည့်သေးတဲ့ ကလေးမလေးကို သွေးဆောင်ဖြားယောင်းပီး မင်းအတန်းမှာ လက်ခံလိုက်တယ် ဆိုတာ တကျောင်းလုံးသိအောင် ငါလုပ်ပြမယ်"
"အသက်မပြည့်သေးတဲ့ ကလေးမကို သွေးဆောင်ဖြားယောင်းတယ်? ခင်ဗျားစကားက လွန်မနေဘူးလား"
ကျန်းရွှမ်က ခေါင်းယမ်းရင်းပြောလိုက်သည်။ တခြားသူများသာ ထိုစကားများကို ကြားလျင် ကျန်းရွှမ်က ကျောက်ရာကို မဟုတ်တာ တခုခု လုပ်လိုက်သည်ဟု ထင်ကုန်ကြတော့မည်။ ကျန်းရွှမ်သည် ကျောက်ရာကို ရိုးရိုးသားသား တပည့်အဖြစ် လက်ခံရုံသက်သက်သာ ဖြစ်ကြောင်း ကောင်းကင်ကြီးပင်လျင် သက်သေခံနိုင်လေသည်။
"ငါတို့မိသားစုသခင်မလေးက အရမ်းတော်တဲ့ ပါရမီရှင်ကွ။ သူက မင်းလိုဆရာရဲ့အတန်းမျိုးမှာ တက်ရမယ့်သူမဟုတ်ဘူး။ မင်းသာ သူ့ကို အခု တပည့်အဖြစ်က စွန့်လွှတ်လိုက်မယ်ဆိုရင် ဒီကိစ္စမဖြစ်ခဲ့ဘူးလို့ ငါအောက်မေ့လိုက်မယ်။ မဟုတ်ရင်တော့ ကျောင်းအုပ်ကြီးနဲ့ သွားတွေ့ပြီး မင်းကို ကျောင်းကထုတ်ပစ်မယ်"
ရောင်းဟန်က အော်ပြောလိုက်သည်။ သို့သော် သူပြောလို့မပြီးသေးခင်
"ဦးလေးရောင်း ဘာတွေလုပ်နေတာလဲ။ ကျမ ဆရာ့ကို အသိအမှတ်ပြုတာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်လုပ်တာ။ ဘာလို့ ပြသနာရှာနေရတာလဲ"
ကျောက်ရာက ခြေဆောင့်ကာ ပြောလိုက်လေသည်။ သူမ ကျောင်းလာတက်သည်မှာ သူမ ဝေဒနာပျောက်ဖို့က အဓိကရည်ရွယ်ရင်းဖြစ်သည်။ ဆရာကျန်းရွှမ်က သူမဝေဒနာကို ကုသပေးနိုင်ကြောင်းကြားပြီးဖြစ်ရာ ပျော်လို့မှမဆုံးသေးခင် ဦးလေးရောင်း ရောက်လာပြီး ပြသနာမီးခွက်ထွန်းရှာနေတော့သည်။
"ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်? "
ရောင်းဟန် သခင်မလေးကို ကြည့်လိုက်သည်။
"သခင်မလေးက သူ့ဆီသင်ရင် တကယ်ပဲ စွမ်းအင်တိုးမယ်အောက်မေ့နေတာလား? "
သခင်မလေးသည် မာနကြီးသူဖြစ်ကြောင်း အိမ်တော်ထိန်းရောင်း ကောင်းစွာသိထားပြီးဖြစ်သည်။ သခင်မလေးက ဆရာအဖြစ်အသိပြုထားသူဆိုတော့ ဒီအမှိုက်ဆရာက တကယ်ပဲ အစွမ်းထက်ကာ အသင်အပြတော်သူများလား?
"စွမ်းအင်တိုးမယ်? ဆရာက အဲ့လိုတော့ မပြောပါဘူး"
ကျောက်ရာက ခေါင်းခါလိုက်သည်။ ဆရာက သူမဝေဒနာကိုသာ ထုတ်ပြောရသေးသည်။ သင်ကြားရေးနှင့် ပတ်သက်ပြီး ဘာမှမပြောဖြစ်ကြသေးပေ။
"မပြောဘူးလား? ဒါဖြင့်ဘာလို့.. "
ရောင်းဟန် အံ့သြသွားသည်။
"တော်လောက်ပြီ ဦးလေးရောင်း ဘာမှဆက်မမေးနဲ့တော့"
သူမဝေဒနာကို သတိရလိုက်သောကြောင့် ကျောက်ရာ ရှက်သွေးဖြာသွားသည်။ သခင်မလေး ရှက်သွားသည်ကို တွေ့လိုက်သောအခါ ရောင်းဟန် တွေဝေသွားပြီး ပတ်ဝန်းကျင်ကို ငေးကြည့်လိုက်သည်။ ကွဲကြေနေသော မှတ်တမ်းတင်ကျောက်ကို ကြမ်းပေါ်တွင် တွေ့လိုက်ရာတွင် ရောင်းဟန် မျက်နှာမှာ အေးစက်ပြာနှမ်းသွားပီး ခြင်္သေ့တကောင်ကဲ့သို့ ဒေါသကြီးစွာနှင့်
"ခွေးစုတ်ကလေး.. မင်း ငါ့သခင်မလေးကို ဘာလုပ်လိုက်တာလဲ? ငါမင်းကို မသတ်ရဲဘူး အောက်မေ့နေလား"
ဝုန်း....
ရောင်းဟန်၏ တကိုယ်လုံးမှ အင်အားပြင်းထန်လှသော စွမ်းအင် အရှိန်အဝါများ ထွက်လာကာ လေထုတခုလုံး တုန်ခါသွားသည်။ ကြမ်းပြင်မှာလည်း ပြင်းထန်လှသော အင်အားကို မခံနိုင်ဟန်ဖြင့် ကွဲအက်သွားလေသည်။