book

Index 5

Chapter 5

  • Author : Dr.Zone
  • Genres : Adventure, Comedy, Action
  • Original Author : Heng Sao Tian Ya

"ဆရာချောင်ရှင်းနဲ့ သုညဆရာကျန်းရွှမ်တို့ ပြိုင်တာ ကြားပြီးကြပြီလား"

"ပြိုင်ကြတယ်? သုညဆရာ ရှုံးသွားရောလား? "
"မင်းတို့ဘယ်လိုမှ ထင်ထားမှာတော့ မဟုတ်ဘူး။ ဆရာကျန်း နိုင်သွားတယ်။ သူတချက် သင်ပြပေးလိုက်တာနဲ့ ကျောင်းသားက လက်သီးထိုးအား တစ်ဆတိုးသွားတယ်တဲ့"
"၁ဆ? တခါပဲသင်ပေးလိုက်တာ? မဖြစ်နိုင်တာ။ ဆရာလုရွှန်းကိုယ်တိုင်တောင် အဲ့လောက် မစွမ်းနိုင်ဘူး။ သုညဆရာဆို ပိုမဖြစ်နိုင်သေးတာ"
"လူတွေအများကြီး ရှေ့မှာ ပြိုင်သွားတာပဲ။ မဖြစ်နိုင်စရာ အကြောင်းမရှိဘူး"
စားသောက်ဆောင်ထဲတွင် ကိုယ်တိုင်ကိုယ်ကျ တွေ့လိုက်ရသော ကျောင်းသားများ၏ သတင်းဖြန့်မှုကြောင့် ချက်ချင်းနီးပါးပင် သတင်းပြန့်သွားတော့သည်။

"ပထဆုံးတခေါက် လမ်းညွှန်လိုက်တာနဲ့ အား ၁ ဆတိုးသွားတယ်? "
ကျောက်ရာက မယုံနိုင်ဟန်ဖြင့် ပြောလိုက်သည်။
"အလကားပါ ကံကောင်းပြီး ကြက်ကန်းတိုးသွားတာပါ"
ကျောက်ရာသည် ထျန်းရွှမ်နိုင်ငံ၏ ဒုတိယအကြီးဆုံးဖြစ်သော ပိုင်ယုမြို့တော်မြို့စားကြီး၏ သမီးဖြစ်သည်။

"ကံကောင်းတာတော့ မဖြစ်နိုင်လောက်ဘူး။ အား ၁ ဆ တိုးလာဖို့ဆိုတာ ကံသက်သက်နဲ့ ဘယ်လိုမှမရဘူး"
ကျောက်ရာ အနားတွင် ရှိနေသော ကျောင်းသားသစ်နှစ်ယောက်ထဲမှ တယောက်က ပြန်ပြောလိုက်သည်။
"နင်က ကံကောင်းတာလို့မထင်ဘူးပေါ့? ဆရာကျန်းရွှမ်ဆိုတဲ့ သုညဆရာအကြောင်း ငါမသိဘူးမှတ်နေလား။ သူ့လိုဆရာက ဘယ်လိုလုပ်ပြီး အဲ့လောက်အစွမ်းရှိပါ့မလဲ။ နင်ငါပြောတာမယုံဘူးဆိုရင် ငါအခုချက်ချင်း သူ့မျက်နှာဖုံးကို ခွါပြီး သူ့အကြောင်းနင်တို့သိအောင် လုပ်ပြမယ်"
ကျောက်ရာသည် ငယ်စဉ်ကတည်းက တဇွတ်ထိုးလုပ်တတ်သော ဉာဏ်ရှိသည်။ သူမသည် လုရွှန်းဆရာထံ တပည့်ခံရန် ကျောင်းသို့ရောက်လာခြင်းဖြစ်သည်။ သူမလေးစားသော လုရွှန်းဆရာနှင့်သုညဆရာကို အခြားကျောင်းသားများက နှိုင်းယှဉ်ပြောနေသည်ကို ကြားနေရရာ ဒေါသအိုးပေါက်ကွဲတော့သည်။

"ကောင်းပြီလေ။ ငါတို့လဲ သူဘယ်လိုဆရာမျိုးလဲဆိုတာ လက်တွေ့သိချင်နေတာနဲ့ အတော်ပဲ"
ပြောပြီးသည်နှင့် ကောင်လေးနှစ်ယောက်သည် ကျောက်ရာ နှင့်အတူ ထွက်လာလိုက်ကြသည်။ ဟိုမေးဒီမေးနှင့်ပင် သူတို့သုံးယောက် ကျန်းရွှမ်၏ စာသင်ခန်းကို ရှာတွေ့သွားကြသည်။

"ဆရာက ကျန်းရွှမ်လား ခင်ဗျ"
စာသင်ခန်းထဲတွင် လူငယ်တဦးသည် ဆရာထိုင်ခုံပေါ်တွင် ခပ်ကြောင်ကြောင်ပြုံးရင်း ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ ဘယ်လိုပင်ကြည့်ကြည့် အသင်အပြကောင်းသော ဆရာတဦးပုံစံနှင့် လားလားမျှမတူပေ။
"အေး.. ဟုတ်တယ်" 
စိတ်ထဲရှိ ကောင်းကင်ဘုံစာကြည့်တိုက်ကို လေ့လာနေသော ကျန်းရွှမ်သည် ကျောင်းသား ၃ ဦးဝင်လာသည်ကို သတိထားမိသွားပြီး လှည့်ကြည့်လိုက်သည်။
"ဆရာက ဆရာချောင်ရှင်းနဲ့ ပြိုင်ပွဲမှာ ကျောင်းသားတယောက်ကို အား ၁ ဆ တိုးအောင် သင်ပေးပြီး နိုင်လာတယ်ဆို"
ကျောက်ရာက အယုံအကြည်ကင်းမဲ့သော လေသံဖြင့် ဆက်ပြောလိုက်သည်။
"ကျမတို့ကိုလဲ အား ၁ ဆ တိုးလာအောင် သင်ပေးနိုင်မလားလို့ လာစမ်းကြည့်တာပါ"
"ငါက အားယားနေတာမဟုတ်ဘူး"
ကျန်းရွှမ်က ထွက်သွားဟူသော သဘောဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။ ဆရာများသည်လည်း မာနရှိသည်သာ။ သူတို့သည် လမ်းဘေးတွင် ပိုက်ဆံအတွက် အစွမ်းပြနေကြသူများ မဟုတ်ပေ။ အခြားသူများက မြင်ဖူးချင်သည်ဆိုရုံမျှနှင့် အဘယ်ကြောင့် အစွမ်းပြလိမ့်မည်နည်း။

"မအားဘူး? ဆရာအခုပဲ အားလို့ထိုင်နေတာမဟုတ်ဘူးလား? "
ကျောက်ရာက ဒေါသဖြင့် အံကြိတ်ကာ ပြောလိုက်သည်။ သူမက လမ်းတွင် သူငယ်ချင်းနှစ်ယောက်ကို ကျန်းရွှမ်၏ မျက်နှာဖုံးကို ချွတ်ပြမည်ဟု ကြိမ်းဝါးပြခဲ့သည်မဟုတ်လား။ ယခုတော့ ကျန်းရွှမ်က သူတို့ကိုနှင်လွှတ်နေရာ ကျောက်ရာ အလွန်ရှက်သွားသည်။
"ငါ ကျောင်းသားသစ်တွေ လက်ခံရဦးမယ်။ မင်းလို ခပ်စွာစွာ ကောင်မလေးနဲ့ ပေါက်ကရလုပ်ပီး အချိန်ဖြုန်းမနေနိုင်ဘူး "
ကျန်းရွှမ်က ခပ်အေးအေး ပြောလိုက်သည်။
"ရှင်...ရှင်.. "
ကျောက်ရာ ဒေါသထွက်လွန်းသောကြောင့် မျက်လုံးများ မီးဝင်းဝင်းတောက်နေတော့သည်။ သူမသည် မြို့စားသမီးဖြစ်သည့်အပြင် ချောမောလှပမှုမှာလဲ ထိပ်တန်းအဆင့်တွင်ရှိသည်။ မည်သည့်နေရာတွင်မဆို လူအများသည် သူမအား လေးစားမှုနှင့် ဆက်ဆံကြသည်။ ယခု ဒီလူကတော့ လျစ်လျူရှုလိုက်သည့်အပြင် ခပ်စွာစွာကောင်မလေးဟုပင် ခေါ်လိုက်သေးသည်။ မုန်းစရာကောင်းလိုက်တာ။

"ဆရာ သင်ပေးအောင် ကျမတို့ ဘာလုပ်ရမလဲ"
ကျောက်ရာ သူမ၏ကျောက်စိမ်းကဲ့သို့လှပသော သွားလေးများကို ကိုက်ရင်း မေးလိုက်သည်။
"ငါ့ကို ဆရာအဖြစ် အရင် အသိအမှတ်ပြုရမှာပေါ့"
ကျန်းရွှမ်က ကျောက်ရာကို ဒီလောက်တုံးရသလားဆိုသည့် အကြည့်နှင့် ပြန်ကြည့်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။ သူမကို ငတုံးတယောက်လို လှမ်းကြည့်လိုက်တာကို တွေ့လိုက်ရသောအခါ ကျောက်ရာ ဒေါသပိုထွက်လာသည်။
"ကောင်းပြီလေ။ ကျမရှင့်ကို ဆရာအဖြစ် အသိအမှတ်ပြုမယ်။ ဒါပေမယ့် ရှင်သင်ပေးတာတွေက အမှားတွေ ပေါက်ကရတွေဆိုရင်တော့ ရှင့်အလိမ်အညာတွေကို အထုပ်ဖြေပြရမှာပဲ"
" ကျောက်ရာ! "
"နင်အဲ့လိုလုပ်လို့မရဘူးလေ။ နင် သူ့ကို ဆရာတင်လိုက်ရင် ဆရာလုရွှန်းအတန်းမှာ နင်တက်လို့ရမှာ မဟုတ်တော့ဘူးနော်"
အတူပါလာသော ကျောင်းသားနှစ်ယောက်သည် သူမစကားများကို ကြားလိုက်သောအခါ မူးမေ့လုလု ဖြစ်သွားကြသည်။ သူတို့က ကျောက်ရာကို ချက်ချင်းတားလိုက်ကြသည်။

သူတို့စကားများကို ကြားလိုက်ရသော ကျောက်ရာ တွေဝေသွားသည်။ သူမသည် ကျောင်းစည်းကမ်းများကို နားလည်သဘောပေါက်ထားပြီးသားဖြစ်သည်။ ဆရာအဖြစ်တင်ပြီးမှ နှုတ်ထွက်ကာ နောက်ဆရာတယောက်ထံ တပည့်ခံချင်လျှင် ထိုဆရာများက များသောအားဖြင့် ငြင်းလေ့ရှိကြသည်။ လုရွှန်းဆရာကဲ့သို့ ကျော်ကြားသော ဆရာဆိုလျှင် ပိုဆိုးပေလိမ့်မည်။

"ကဲ မင်းတပည့်ခံဖို့ သတ္တိမရှိဘူးမလား။ အဲ့ဆိုလဲ သွားတော့။ ငါ့ကို အလုပ်လာရှုပ်မနေနဲ့။ ငါကျောင်းသားသစ်တွေ လက်ခံရအုံးမယ်"
ကျန်းရွှမ်က သူမကို လက်ပြကာ နှင်လွှတ်လိုက်သည်။
"ကျမ တပည့်မခံရဲဘူးလို့ ဘယ်သူပြောလဲ"
ကျောက်ရာ အစက တွေဝေနေသေးသော်လည်း ကျန်းရွှမ်၏ စကားများကို ကြားလိုက်သောအခါ ပေါက်ကွဲလာတော့သည်။ သူမက မျက်မှောင်ကြုပ်လိုက်ပြီး
"ကျမအခုချက်ချင်းပဲ ရှင့်ကို ဆရာတင်မယ်။ ကျမကို အသိအမှတ်ပြု ကျောက်စိမ်းပြားပေး"
"မင်းစိတ်နေစိတ်ထားကြည့်ရတာ သိပ်ဟန်ပုံမရဘူး။ မင်းက ငါ့ကို ဆရာတင်ချင်ရင်တောင် ငါက လက်မခံနိုင်ဘူး"
ကျန်းရွှမ်က နောက်တကြိမ် လက်ယမ်းပြကာ နှင်လိုက်ပြန်သည်။

ကျန်းရွှမ်သည် ဝမ်ယင်းကဲ့သို့ လိမ္မာမည့်ပုံပေါက်သော တပည့်များသာ လိုချင်လေသည်။ ကျောက်ရာသည် အချိန်မရွေးပေါက်ကွဲနိုင်သော ယမ်းအိုးကြီးနှင့်တူလေရာ သူ့တွင် တပည့်မရှိလျင်တောင်မှ လိုချင်စိတ်မရှိချေ။

"ရှင်... "
သူမက အလျှော့ပေးကာ တပည့်အဖြစ်ခံယူလိုက်သော်လည်း ကျန်းရွှမ်က ငြင်းလိမ့်မည်ဟု မထင်ထားချေ။ ကျောက်ရာ ဒေါသမီးတောက်များနှင့် ပြည့်နှက်နေတော့သည်။ သူမအနေဖြင့် ဒီလူလိမ်၏ အလိမ်အညာများကို အထုပ်ဖြေပြနိုင်ရန် လာခြင်းဖြစ်လေရာ လက်လျော့ပြန်သွားရန် စိတ်ကူးမရှိချေ။ ဆရာကျန်းသည် သူ့အလိမ်အညာများပေါ်မည်စိုးပြီး သူမကို တမင်သက်သက် နှင်လွှွတ်နေခြင်းသာ ဖြစ်သည်ဟု ကျောက်ရာ တထစ်ချ ယူဆလိုက်သည်။ သူမသာ လှည့်ပြန်သွားလျှင် ကျန်းရွှမ်၏ ထောက်ချောက်အတွင်း ကျရောက်ခြင်းနှင့် ဘာမှမခြားလှပေ။

"ဟွန်း.. ငါက အခုအရင်ဆုံး အမှားအတွက် တောင်းပန်လိုက်မယ်။ နောက်မှ သူအသုံးမကျကြောင်းကို တကျောင်းလုံးသိအောင် အထုပ်ဖြေပြမယ်။ ကြည့်ကြသေးတာပေါ့"
ကျောက်ရာ ထိုသို့တွေးလိုက်မိပြီး ဒေါသပြေသွားသည်။ သူမက သွားပေါ်အောင် ပြုံးပြလိုက်ပြီး
"စိတ်မဆိုးပါနဲ့ဆရာ။ ကျမ အပြုအမူတွေက မလေးစားသလိုဖြစ်သွားတယ်။ ကျမ ဆရာ့ဆီ တကယ် တပည့်ခံချင်တာပါ။ ဆရာလက်ခံပေးဖို့ တောင်းပန်ပါရစေ"

"ဒီလိုပြောတာကမှ နည်းနည်းကြည့်ကောင်းသေးတယ်"
ကျောက်ရာ အမူအယာပြောင်းသွားသည်ကို ကြည့်ပြီး ကျန်းရွှမ်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
"မင်းကို တပည့်အဖြစ် လက်ခံစေချင်ရင် ပထမဆုံး ဒီစာသင်ခန်းကို သန့်ရှင်းရေးလုပ်ရမယ်။ ဖုန်တမှုန့်တောင် ကျန်နေတာ မတွေ့ချင်ဘူးနော်။ ပြီးရင် အပြင်ဘက်က သန့်စင်ခန်းကို သန့်ရှင်းရေးသွားလုပ်။ အိမ်သာခွက်ကို ပြောင်အောင်တိုက်ခဲ့။ မင်းအဲ့ဒါတွေ လုပ်ပြီးရင် အခြေအနေကြည့်ပြီး မင်းကို တပည့်အဖြစ်လက်ခံလိုက်မယ်"

"ရှင် သိပ်လွန်မလာနဲ့နော်"
ကျောက်ရာ ဒေါသပြန်ထွက်လာသည်။ သူမသည် တော်ဝင်မြို့စားသမီးဖြစ်သည်။ ငယ်စဉ်ကတည်းက အိမ်အလုပ်နှင့် ပတ်သတ်လျှင် ဘာမှလုပ်ခဲ့ရခြင်းမရှိချေ။ သို့သော် ဒီလူကတော့ သူ့ကို အခန်းသန့်ရှင်းလုပ်ခိုင်းနေရုံသာမက အိမ်သာခွက်တောင် ဆေးခိုင်းနေသေးသည်။
ဒီလူရူးနေတာလား။

"မင်းက အဲ့လောက် အလုပ်ကလေးတွေတောင် မလုပ်နိုင်ရင် ဘာများသင်ချင်နေသေးလဲ။ ပျင်းပြီး အသုံးမကျတဲ့ တပည့် ငါမလိုချင်ဘူး။ မင်းသွားလို့ရပြီ"
ကျန်းရွှမ်က မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။

ဟီးဟီး။ ကောင်စုတ်မကလေး နင်က ငါနဲ့များ လာဆော့ချင်နေသေးတယ် ဟုတ်လား။ နင့်အတွေ့အကြုံလောက်နဲ့တော့ မဖြစ်သေးဘူး။

"ကျမကို အသုံးမကျဘူးလို့ ဘယ်သူပြောလဲ။ ကျမအခုပဲ သန့်ရှင်းရေးလုပ်မယ်။ ပြီးရင် အိမ်သာသွားဆေးမယ်"
ကျောက်ရာ အံကြိတ်ကာ တံမျက်စည်းကို ယူလိုက်ပြီး သန့်ရှင်းရေး စလုပ်လိုက်သည်။
" ကျောက်ရာ ဒီဆရာက အဲ့လောက် အစွမ်းရှိမယ့်ဆရာမဟုတ်ပါဘူး။ သူ တမင်မင် သက်သက် နင့်ကို နှိပ်စက်နေတာ။ ငါတို့ပြန်ကြရအောင်"
ကောင်လေးနှစ်ယောက်သည် မြို့စားသမီးက တံမျက်စည်းလှည်းနေသည်ကို တွေ့လိုက်သောအခါ ထိတ်လန့်သွားကာ ကပြာကယာ လှမ်းတားလိုက်ကြသည်။
"နင်တို့နှစ်ယောက်လုံး ဒီနားမှာရှုပ်မနေကြနဲ့ အပြင်ထွက်နေ။ ကျောက်ရာဆိုတာ ငယ်ငယ်ကတည်းက ဘယ်သူ့မှ အရှုံးပေးခဲ့တာမဟုတ်ဘူး။ ငါဒီနေ့ အဆုံးစွန်ထိ သူနဲ့ပြိုင်ဖို့ ဆုံးဖြတ်ပြီးသွားပြီ"
ကျောက်ရာ မျက်မှောင်ကြုပ်ရင်းပြောလိုက်သည်။

"ဒါ.. ဒါ"
ကျောက်ရာကို နားချမရနိုင်တော့ကြောင်း သိလိုက်ရသောအခါ ကောင်လေးနှစ်ယောက်သည် ဘာဆက်လုပ်ရမည် မသိဖြစ်သွားကြသည်။ သူတို့သည် ကျောက်ရာ ဒေါသကြီးပြီး တဇွတ်ထိုး လုပ်တတ်သည်ကို ကောင်းစွာ သိထားကြလေသည်။
"အိမ်တော်ထိန်းရောင်းက ကျောက်ရာကို ကျောင်းလိုက်ပို့တာမလား။ သူသာ သုညဆရာက သူ့သခင်မလေးကို ဒီလိုခိုင်းနေတာ သိရင် သေချာပေါက်လာတားမှာပဲ။ သူ့ကိုသွားရှာကြရအောင်"
အချိန်အတန်ကြာ တယောက်နှင့်တယောက်ကြည့်နေမိပြီးမှ ဘာလုပ်သင့်ကြောင်း တယောက်က အကြံရသွားသည်။ ကျောင်းတွင် မည်သည့် ဘေးရန်မှကြုံနိုင်စရာမရှိသော်လည်း ကျောက်ရာ မိသားစု အဆင့်အတန်းအရ ကျောင်းသို့ အိမ်တော်ထိန်းရောင်းကို အဖော်အဖြစ် ထည့်ပေးလိုက်သည်။ အိမ်တော်ထိန်းရောင်းသည် ကျောင်းထဲတွင် ရှိနေမှာ သေချာလေသည်။
"အေး သူ့ကိုသွားရှာကြရအောင်"
ကျောင်းသားနှစ်ယောက်သည် တွေဝေမနေတော့ပဲ အိမ်တော်ထိန်းရောင်းအား ရှာရန် ထွက်သွားကြတော့သည်။

ကျောက်ရာ တခါမှ အိမ်အလုပ်မလုပ်ဖူးခဲ့သော်လည်း ခနအကြာတွင် တံမျက်စည်းကို ကျွမ်းကျွမ်းကျင်ကျင် လှည်းတတ်သွားသည်။ သိပ်မကြာခင်မှာပဲ အခန်းတခုလုံးသန့်ရှင်းသွားရာ ကျောက်ရာ သန့်စင်ခန်းကို သန့််ရှင်းရေး ဆက်လုပ်နေလိုက်သည်။ သန့်စင်ခန်းတခုလုံး တောက်ပြောင်သွားသည်မှာ လှဲအိပ်ချင်စရာပင် ကောင်းနေတော့သည်။
"မဆိုးဘူးပဲ"
ကျန်းရွှမ်က ကျေနပ်စွာ ခေါင်းညိတ်နေလိုက်သည်။
"ဒီလောက်ဆို ရပြီမလား ဆရာ။ အခု ကျမကို တပည့်အဖြစ် လက်ခံပြီး သင်ပေးတော့မယ် မလား"
အလုပ်ပြီးသွားသောအခါ ကျောက်ရာ အံကြိတ်ပီး ကျန်းရွှမ်ကို မေးလိုက်သည်။ သူမ၏ ကျောက်စိမ်းလိုလှပသော မျက်နှာလေးမှာ ဒေါသယောင်များ သမ်းနေပီး သူမရှေ့ရှိ ကျန်းရွှမ်ကို လက်သီးနှင့် မထိုးမိအောင် မနည်းထိန်းနေရလေသည်။
"အေး.. ရော့မင်းအတွက် ကျောက်စိမ်းပြား"
ကျောက်ရာ မျက်နှာမှ လူသတ်ချင်စိတ်များကို မသိချင်ယောင်ဆောင်ပြီး ကျန်းရွှမ်က ကျောင်းစိမ်းပြားကို ပစ်ပေးလိုက်သည်။ ကျောက်ရာ အသက်ပြင်းပြင်းရှူလိုက်ပြီး လက်ထိပ်ကိုကိုက်ကာ သွေးတစက် ကျောက်စိမ်းပြားပေါ် ချလိုက်သည်။
"ဆရာကျန်း အခုကျမက ဆရာ့တပည့်ဖြစ်ပီဆိုတော့ ကျမကို စသင်ပေးတော့မလား? "
သူမရည်မှန်းချက်ဖြစ်သော ဆရာကျန်း၏ အလိမ်အညာကို ဖော်ထုတ်နိုင်ရန် သိပ်မဝေးတော့ကြောင်း တွေးမိလိုက်ကာ ကျောက်ရာ စိတ်လှုပ်ရှားပြီး ပျော်လာသည်။

"ငါ့ကို သိုင်းတခုခု အရင်ကစားပြ။ ဒါမှ မင်းအခြေခံဘယ်လောက်ရှိလဲ ကြည့်လို့ရမှာ"
"ဟုတ်ကဲ့"
ကျောက်ရာ ကျန်းရွှမ်ကို ဦးညွှတ်လိုက်ပြီး သိုင်းကွက်စတင်ဖော်ထုတ်လိုက်သည်။
ဟူး.. ဟူူး.. ဟူး..
လေတိုးသံများ ထွက်လာသည်။ သူမလက်ဝါးချက်များမှာ အင်အာပြင်းထန်လှသည်။ မိန်းကလေးချင်းတူသော်လည်း ကျောက်ရာ၏ အားအင်မှာ ဝမ်ယင်းထက် များစွာသာလှသည်။ တချက်ကြည့်ရုံမျှနှင့်ပင် သူမအရင်က ဘယ်လောက် ကြိုးစားလေ့ကျင့်ခဲ့ကြောင်းသိနိုင်သည်။

ကျောက်ရာ သိုင်းကစားနေသည်ကို ကြည့်နေသော်လည်း ကျန်းရွှမ်၏ အာရုံမှာ ကောင်းကင်ဘုံစာကြည့်တိုက်ထဲ ရောက်နေလေပြီ။ သူထင်ထားသည့်အတိုင်းပင် စာအုပ်စင်ပေါ်မှ ကျောက်ရာဟု ရေးထားသည့် စာအုပ်တအုပ် ကျလာလေသည်။
" ကျောက်ရာ၊ ပိုင်ယုမြို့စားသမီး၊ သိုင်းအဆင့် ၁ ကျူရှီထိပ်ဆုံးအဆင့်"
"စွမ်းအင်ကျင့်စဉ် - ကျောက်စိမ်းအပျိုစင်ကျင့်စဉ်"
......
"အာနည်းချက် - ၂၇ ချက်။ ၁။ ဒေါသကြီးပြီး မဆင်မချင်လုပ်တတ်သည်။ ထိုအချက်သည် ကျောက်စိမ်းကျင့်စဉ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့် ကျင့်စဉ်၏အစွမ်းအားလုံးကို အသုံးမချနိုင်။ ၂။ .................... "
စာအုပ်သည် သူအရင်ဖတ်ခဲ့သော စာအုပ်နှင့် ထပ်တူပင်ဖြစ်သည်။ ကျောက်ရာ အားနည်းချက်များအားလုံး စာအုပ်ထဲတွင် ပြည့်စုံစွာ ဖော်ပြထားသည်။

အချိန်သိပ်မကြာလိုက်ပဲ ကျောက်ရာ သိုင်းကစားနေသည်မှာ ပြီးဆုံးသွားသည်။ ကျောက်ရာ သူမ၏ လှပသော လက်ဝါးဖြင့် စာသင်ခန်းထဲတွင် ရှိနေသော ကျောက်တိုင်ကို လှမ်းရိုက်လိုက်သည်။
၁၁၀!
"မဆိုးဘူး။ မဆိုးဘူး"
ကျန်းရွှမ် ခေါင်းညိတ်ရင်း ပြောလိုက်သည်။
ကျောက်ရာသည် ပိုင်ယုမြို့စားသမီးပီပီ ကျောင်းမှ သင်ခန်းစာများမသင်ရသေးမီ ဒီလောက် အားပြင်းသော လက်ဝါးရိုက်ချက်များ ရိုက်နိုင်လေသည်။
"ကဲ ဆရာ ကျမကို သင်ပြပေးပါအုံး"
ကျောက်ရာ ကျန်းရွှမ်ကို လှမ်းကြည့်နေလိုက်သည်။


rate now: