book

Index 4

Chapter 4

  • Author : Dr.Zone
  • Genres : Adventure, Comedy, Action
  • Original Author : Heng Sao Tian Ya

ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းမှ ရုတ်တရက်ပြောင်းလဲမှုများကြောင့် ကျန်းရွှမ်အာရုံများမှာ သူ့စိတ်ထဲတွင်သာ ရှိနေရာ ဘေးလူများအနေဖြင့်ကြည့်လျှင် ကျန်းရွှမ် ငူငိုင်နေသည်ကိုသာ တွေ့ရလေသည်။

"ဆရာကျန်း ကျေးဇူူးပြုပီး လိုတာလေးတွေ သင်ပြပေးပါ "
လျှိုရန်က ရှေ့သို့တက်လာပြီး ဦးညွှတ်ကာပြောလိုက်သည်။ ဝမ်ယင်းကလဲ သူအခုလေးတင် ဆရာတင်ထားသော အဆင့်လွန်ဆရာကြီးက ဘယ်လိုများ သင်ပြနိုင်မလဲဟု စိတ်အားထက်သန်စွာ စောင့်ကြည့်နေသည်။

လူအများ၏ အာရုံမှာ ကျန်းရွှမ်ပေါ်သာ ရောက်နေတော့သည်။ သူ့အနေနှင့် တခုခု မသင်ပြပေးနိုင်ခဲ့လျှင် အရှက်ကွဲဖို့သာရှိတော့သည်။ ကျန်းရွှမ် ကောင်းကင်ဘုံစာကြည့်တိုက်ထဲမှ စာအုပ်ကို ရုတ်တရက်သတိရလိုက်သည်။ စာအုပ်ထဲမှ အကြောင်းအရာများ မှန်မမှန်ကို သူလည်းမသိချေ။ သို့သော် လက်ရှိအခြေအနေအရ တခြားအကြောင်းပြချက် ထပ်ရှာကာ ငြင်းရန်လဲ မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် ကျန်းရွှမ် အားတင်းလိုက်ပြီး
"မင်းခုကစားပြသွားတဲ့ လက်သီးသိုင်းထဲမှာ အားနည်းချက်တွေ ၁၂ ခုတောင်ရှိတယ်" ဟုပြောလိုက်တော့သည်။

"ဟားဟား ငါနားကြားမမှားလောက်ပါဘူးနော် ၁၂ ခုဟုတ်လား? "
"ဒါ ငါကြားဖူးသမျှထဲမှာ အရယ်ရဆုံးဟာသပဲဟ"
"ပန်းပျံလက်သီးသိုင်းက ငါတို့နိုင်ငံရဲ့ အခြေခံအကျဆုံးနဲ့ လူသိအများဆုံး အကွက်ပဲ။ နှစ်ထောင်နဲ့ချီပီး ဆရာအဆင့်ဆင့်က ရိုးရှင်းပီး ပိုအစွမ်းထက်လာအောင် ပြင်ပေးခဲ့ကြတာ။ ပြည့်စုံနေပီလို့ ပြောလို့မရသေးပေမယ့် ဆရာကျန်းပြောတဲ့ အားနည်းချက် ၁၂ ချက်ဆိုတာတော့ မများလွန်းဘူးလား"
"အလကားပါကွာ ပေါက်ကရလျှောက်ပြောနေတာပါ။ သူ့ကြည့်ရတာ ဘာအားနည်းချက်မှလဲ တွေ့လိုက်ပုံမပေါ်ပါဘူး သူခုနက မျက်လုံးပိတ်ထားတာမဟုတ်လား"
လူအုပ်ကြီးသည် ပထမတော့ ကျန်းရွှမ်ဘာပြောမလဲဟု စိတ်ဝင်စားနေကြသေးသည်။ သို့သော် ၁၂ ချက်ဆိုသော စကားကိုကြားအပြီးတွင် ရယ်သံများဝေဖန်သံများနှင့် ဆူညံသွားတော့သည်။

ပန်းပျံလက်သီးသိုင်းသည် ထျန်းရွှမ် နိုင်ငံ၏ အခြေခံအကျဆုံး သိုင်းကွက်ဖြစ်သည်။ သိုင်းပညာစသင်သည့်သူတိုင်း မဖြစ်မနေ စလေ့ကျင့်ကြသော သိုင်းကွက်ဖြစ်သည်။ နှစ်ထောင်ပေါင်းများစွာအတွင်း ဆရာအဆင့်ဆင့်က ပြုပြင်ခဲ့သောကြောင့် အင်အားပြင်ထန်သော သိုင်းကွက်မဟုတ်သော်လည်း ဟာကွက်မရှိသလောက်ဖြစ်သည်။ အချို့သူများက ဟာကွက်မဲ့လက်သီးဟုလည်း ခေါ်ကြသည်။ လျှိုရန် ကစားပြသွားသည်မှာလည်း အမှားအယွင်းတစုံတရာ မရှိချေ။ ထိုသို့သော လက်သီးသိုင်းကွက်ကို ကျန်းရွှမ်က အားနည်းချက် ၁၂ ချက်ရှိတယ်ပြောလိုက်ရာ လူအုပ်ကြီး ရယ်မောနေသည်မှာ မဆန်းပါ။ ကျန်းရွှမ်လို သုညဆရာတယောက်မပြောနှင့် လက်ရှိ ဟုန်းထျင်ကျောင်းအုပ်ကြီးကိုယ်တိုင်ပင် ထိုသိုင်းကွက်တွင် အားနည်းချက် ၁၂ ချက်ရှာနိုင်လိမ့်မည်မဟုတ်ပေ။

"အိုး.. ဆရာကျန်းက တကယ့်ပါရမီရှင်ဆရာပဲ။ ပန်းပျံလက်သီးမှာတောင် အားနည်းချက် ၁၂ ချက်ရှာပြနိုင်တယ်။ အားလုံးနားလည်သွားအောင် အလင်းပြပေးပါဦး"
ချောင်ရှင်းမျက်လုံးများမှာ လှောင်ရိပ်အပြည့်နှင့် ကျန်းရွှမ်အား အဆင်းဘီးတပ်ပေးလိုက်တော့သည်။

လူအုပ်ကြီးဆီမှ ဝေဖန်သံများ ကြားလိုက်ရသော်လည်း ကျန်းရွှမ်က အမူအရာမပျက်ပေ။ အမှန်ကတော့ သူ့နှလုံးခုန်သံများပင် စည်းချက်မကျပဲ စိတ်လှုပ်ရှားနေသည်။ လျှိုရန်အနေဖြင့် ထိုမျှအခြေခံကျသော သိုင်းကွက်ကစားသွားလိမ့်မည်ဟု သူတွေးမထားခဲ့ချေ။ သူ့အရင်ကနေခဲ့သည့် ကျန်းရွှမ်ဆိုလျှင်တော့ ဒီသိုင်းကွက်မျိုးကို ချက်ချင်းမှတ်မိပေလိမ့်မည်။ အချိန်ခရီးသွားသူဖြစ်သောကြောင့် အရင်ကျန်းရွှမ်၏ မှတ်ဉာဏ်များသည် သူ့မှတ်ဉာဏ်များနှင့် တသားတည်းဖြစ်ရန် အချိန်လိုနေသေးသည်။

ကျန်းရွှမ်သည် အရေထူကာ အရှက်မဲ့သူပီပီ မျက်လုံးများ ထောင့်ကပ်ကာကြည့်လိုက်ပြီး
"ဘာလဲ မင်းတို့က မယုံတာလား။ ငါက သူ့အားနည်းချက်တွေကို ထောက်ပြတော့မလို့ပဲ။  ဒါပေမယ့် သူကငါ့ကိုမယုံရင် ငါထောက်ပြပေးနေလဲ ဘာထူးမှာမို့လို့လဲ။ ဝမ်ယင်း သွားကြစို့။ ဒီပြိုင်ပွဲက ဘာအဓိပ္ပာယ်မှမရှိဘူး"
"နေပါအုံး ဆရာကျန်း။ ငါတို့အားလုံး မင်းပြောတာယုံပါတယ်။ အလင်းပြပေးခဲ့ပါဦး"
ကျန်းရွှမ်ထွက်သွားတော့မည်ကို တွေ့လိုက်သော ချောင်ရှင်းက အလောတကြီး လှမ်းတားလိုက်သည်။ ကျန်းရွှမ်က လူအုပ်ကြီးသူ့ကို မယုံကြည်အောင် တမင်ပြောပီး ပြိုင်ပွဲမှ ရှောင်ထွက်သွားရန် ကြံနေချင်းဖြစ်ကြောင်း ချောင်ရှင်းရိပ်မိလိုက်ရာ ဘယ်မှာ ကျန်းရွှမ်ကို သွားခွင့်ပြုနိုင်လိမ့်မည်နည်း။

"ဒါက.." ကျန်းရွှမ်သည် ရှောင်ထွက်မရနိုင်ကြောင်း သိလိုက်ရရာ သူ့စိတ်ထဲမှ စာကြည့်တိုက်ဆီ တခေါက်ပြန်ဝင်လာခဲ့လေသည်။ သေခါမှ သေရောပေါ့ကွာ ဘယ်တတ်နိုင်မလဲ။ သူက စာအုပ်ထဲမှ အားနည်းချက်များကို သေသေချာချာ ဖတ်ရှုလိုက်သည်။ သူ့အကြည့်များသည် နောက်ဆုံး အားနည်းချက်ပေါ်တွင် ကျရောက်သွားသည်။ ကျန်းရွှမ်က အံကြိတ်ကာပြောလိုက်သည်။
"ခုန မင်းကစားပြသွားတာ ညာဘက်လက်နဲ့နော်။ ခုတခေါက် ဘယ်လက်ကိုသုံးပြီး ကျောက်တိုင်ကို ထိုးလိုက် "
စာကြည့်တိုက်သည် အတိတ်သို့ရောက်လာသော သူ့အတွက် လက်ဆောင်ဖြစ်လေရာ စာအုပ်ထဲမှ အကြောင်းအရာများသည် မှန်ကန်နိုင်ကြောင်း ကျန်းရွှမ်တွေးမိသည်။ မမှန်လျှင်တောင်မှလဲ တခြားအကြံပေးရန်အတွက် သူ့တွင် ပိုကောင်းသော အကြံမရှိချေ။

"ဘယ်ဘက်လက်နဲ့ ကစားရမယ်? "
"ဒါလဲ သင်ပြပေးတာလို့ ပြောလို့ရတာပဲလား? "
"ဒါက ဘာဟာသလဲဟ။ ဘယ်ဘက်လက်ဆိုတာ အားနည်းတဲ့ဘက်မှန်း လူတိုင်းသိနေကြတာပဲ။ လျှိုရန်သာ ဘယ်လက်နဲ့ ကစားလိုက်ရင် ပိုပီးအားနည်းမသွားဘူးလား"
လူအုပ်ကြီးမှာ ကျန်းရွှမ်ကို စိတ်ပျက်စွာ ကြည့်ကာ ဝေဖန်သံများ ညံသွားတော့သည်။ လျှိုရန် ခုနက သိုင်းကစားသွားသည်မှာ အားမာန်ပြင်းထန်သည်ကို ကြည့်ချင်းအားဖြင့် လျှိုရန်သည် ဘယ်သန်မဟုတ်ပဲ ညာသန်သာဖြစ်ကြောင်း ထင်ရှားလေသည်။

"လျှိုရန် ဆရာကျန်းပြောတဲ့အတိုင်း မင်းဘယ်လက်နဲ့ နောက်တခေါက် ကစားလိုက် "
ချောင်ရှင်းသည် ကျန်းရွှမ်က ထိုမျှအဓိပ္ပာယ်မဲ့သော စကားပြောလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ချောင်ရှင်းသည် လျှိုရန်ကို ပျော်ရွှင်စွာ လှမ်းအမိန့်ပေးလိုက်သည်။ အောင်ပွဲကား လက်တကမ်းအလိုပင်တည်း။ သူ့အနေဖြင့် လျှိုရန်ကို တပည့်အဖြစ်လက်ခံထားသည်မှာ မကြာသေးသော်လည်း လျှိုရန်သည် ညာသန်ဖြစ်ကြောင်း ချောင်ရှင်းသေချာသိသည်။ ကျန်းရွှမ်ပြောသလို ဘယ်လက်နှင့်သာ ကျောက်တိုင်ကို ထိုးရလျင် ၃၀ ကီလိုပင် ပြည့်လိမ့်မည် မဟုတ်ပေ။ ၆၂ ကီလိုထိုးနိုင်သော ကျောင်းသားကို ၃၀ ကီလိုသာ ထိုးနိုင်တော့အောင် သင်ပြပေးလိုက်သော ကျန်းရွှမ်သည် မြောင်းထဲရောက်ရန် သေချာသလောက်ရှိသည်ဟု ချောင်ရှင်း ဝမ်းမြောက်စွာတွေးနေသည်။ အဲ့အချိန်ကျ မင်းပြုံးနိုင်သေးလားလို့ စောင့်ကြည့်ရတာပေါ့ ကျန်းရွှမ်ရာ။

လျှိုရန်သည် နောက်တကြိမ်သိုင်းကစားနေလိုက်သည်။ လျှိုရန်သည် ညာသန်ဖြစ်ကြောင်း သူ့ကိုယ်သူ သေချာလေရာ ကျန်းရွှမ်ပြောစကားကို ယုံကြည်စိတ်မရှိချေ။ ပန်းပျံလက်သီးသိုင်းကွက်သည် အခြေခံသိုင်းကွက်မျှသာဖြစ်လေရာ အချိန်အနည်းငယ် ကစားလိုက်ပီးသည်နှင့် လျှိုရန်သည် ဘယ်လက်နှင့် ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်သွားသည်။ လက်သီးချက်များမှာ ပြင်းထန်ဆဲဖြစ်သော်လည်း ညာဘက်လက်ဖြင့် ကစားစဉ်ကနှင့်ယှဉ်လျင် လေခွင်းသံများတိုးသွားကြောင်း သိသာလေသည်။

"ငါ့စာကြည့်တိုက်ကြီးက မှားများနေပြီလား " ကျန်းရွှမ်စိတ်လှုပ်ရှားနေသည်။ ဝတ္ထုတွေထဲမှာဆို တခြားသူတွေက ထူးချွန်တဲ့ ဆရာဘိုးဘိုးတွေနဲ့တွေ့ပြီး သိုင်းထိပ်သီးဖြစ်သွားကြတာချည်းပဲ။ ဘာမှတောင် လုပ်စရာမလိုကြဘူး ဆရာတိုက်တဲ့ဆေးလုံးလေးတွေသောက် သစ်သီးလေးတွေစား သင်ပေးတာလေးလိုက်ကျင့်ရုံနဲ့ ပြိုင်ဘက်ကင်းဖြစ်ကုန်ကြတာချည်းပဲ။ ငါ့ကျမှ သုံးစားမရတဲ့စာကြည့်တိုက်ကြီးဖြစ်နေပြီလား။ စာအုပ်ထဲမှာ ရေးထားတာတွေသာ ပေါက်ကရဆိုရင်တော့ မနက်ဖြန်မနက် ငါ အထုပ်ပြင်ရတော့မယ်။

ကျန်းရွှမ်တွေးနေဆဲမှာပင် လျှိုရန် လေ့ကျင့်မှုပြီးဆုံးသွားပြီး ကျောက်တိုင်ရှိရာသို့သွားကာ ဘယ်ဘက်လက်နှင့် ထိုးလိုက်သည်။ ကျောက်တိုင်ပေါ်တွင် ဂဏန်းများတလုံးချင်းပေါ်လာလေသည်။
"၁၀ ကျော် ဟုတ်လား ဟားဟားဟား ငါက သုံးဆယ်လောက်တော့ ကျော်မယ် ထင်ထား.. "
ချောင်ရှင်းသည် အတောမသတ်နိုင်အောင် ရယ်ရင်းပြောလိုက်သည်။ သို့သော် သူ့စကားမဆုံးခင်မှာပင် လည်ချောင်းနင်သွားလေသည်။ သူ့မျက်လုံးများမှာ မြေပေါ်သို့ပင် ပြုတ်ကျတော့မည် ထင်ရအောင် ပြူးကျယ်သွားသည်။
၁၂၃!

"၁၂၃ ကီလို? " လှောင်ပြောင်ရန် အသင့်ပြင်ထားကြသော လူအုပ်ကြီးမှာလဲ မျက်လုံးများပြူးကျယ်ကုန်ကာ တုန်လှုတ်သွားလေသည်။ ပထမတခေါက် လျှိုရန် ကစားစဉ်က ၆၂ ကီလိုသာရခဲ့ပီး ယခုတခေါက် ၁၂၃ ကီလိုဖြစ်သွားရာ တဆ နီးနီး တိုးလာချင်းဟု ဆိုနိုင်သည်။ ဆရာအကဲဖြတ်စာမေးပွဲ အဆင့် ၁ ရသော ဆရာသင်ပြလျှင်တောင် ပထမတခေါက်တည်းနှင့် အင်အား ၁ဆ တိုးအောင် သင်ပြပေးဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။

"ဒါ.. ဒါ.. ကျနော်ထိုးလိုက်တာလား"
လျှိုရန်ပင် သူ့ကိုယ်သူ မယုံနိုင်ဖြစ်နေတော့သည်။ သူဘယ်သန်မဟုတ်ကြောင်း လျှိုရန် ထက် မည်သူက ပိုသေချာသိနိုင်မည်နည်း။ သို့သော်လည်း သူ့ဘယ်လက်အင်အားသည် ညာလက်ထက် ၁ဆ ပိုပြင်းနေသည်။ ကျန်းရွှမ် ဝမ်းသာလွန်းကာ ထခုန်မိမတတ်ဖြစ်သွားသည်။  တကယ်ကြီးဟ။ စာကြည့်တိုက်ထဲမှာ ရေးထားတာအမှန်တွေချည်းပဲ။
"ကဲ ဘယ်လိုလဲ ဆရာချောင်။ မင်းသင်ပေးနေတုံးက ၂၀ % ပဲ တိုးတက်မှုရှိတယ်။ ငါသင်ပြပေးလိုက်တာက ၁၀၀ % တိုးတက်မှုရှိတယ်။ ဘာပြောချင်သေးလဲ " ကျန်းရွှမ်က လှောင်ရယ်ရယ်ရင်း ပြောလိုက်သည်။

ချောင်ရှင်း၏ မျက်နှာမှာ နီရဲပူလောင်နေတော့သည်။ သူ့အိတ်ထဲမှ ကျောက်စိမ်းပြားတခုကို ထုတ်လိုက်ပြီး လက်ထိပ်ကို ကိုက်လိုက်ကာ သွေးတစက် ကျောက်စိမ်းပြားပေါ်သို့ ချလိုက်သည်။
"လျှိုရန် ငါအခု မင်းကို တပည့်အဖြစ်က စွန့်လွှတ်ပေးလိုက်ပီ။ မင်းဆရာကျန်းကို ဆရာအဖြစ် အသိအမှတ်ပြုလို့ရပြီ "
ချောင်ရှင်းသည် လျှိုရန်ကို ပြောလိုက်ပြီး ကျန်းရွှမ်ဘက်သို့ လှည့်လာသည်။
"မင်းကိုမင်း သိပ်ဂုဏ်ယူမနေနဲ့။ ဒီတခေါက် မင်းကံကောင်းသွားတယ်။ နောက်တခေါက် ထပ်ပြိုင်ဖြစ်ရင် မင်းသိက္ခာတွေ ငါမြောင်းထဲ ပစ်ချပြမယ် "
ချောင်ရှင်းသည် စားသောက်ဆောင်မှ ထွက်သွားတော့သည်။ ချောင်ရှင်းသည် ဝမ်ယင်းကို လိုချင်လွန်းသောကြောင့် ကျန်းရွှမ်ကို ပြိုင်ခြင်းမဟုတ်ပဲ သူ့ဂုဏ်တက်အောင် ပြိုင်ခြင်းဖြစ်သည်။ သို့သော် ရလဒ်က ပြောင်းပြန်ဖြစ်ကာ သူပဲ သိက္ခာကျလိုက်ကာ တပည့််တယောက်ပါ အဆစ်ပါသွားသေးသည်။ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသည်နှင့် မခြားလှပေ။ တခြားဆရာများနှင့် ရှုံးခြင်းဆိုတော်သေးသည် အခုတော့ သုညဆရာနှင့်မှ ရှုံးရလေခြင်း။

"ဆရာ ဆရာချောင်... " လျှိုရန်သည် ချောင်ရှင်းထွက်သွားသည်ကို ကြည့်ရင်း မျက်နှာတခုလုံး မည်းမှောင်ကာ ကျန်ရစ်ခဲ့သည်။ သူ့အနေဖြင့် ကျန်းရွှမ် အကြံပေးမှုကြောင့် အင်အားနှစ်ဆတိုးလာသော်လည်း ကြက်ကန်းဆန်အိုးတိုးခြင်းသာ ဖြစ်သည်ဟု ချောင်ရှင်းနည်းတူ လျှိုရန်လဲ ထင်ထားလေသည်။
"ဟုတ်ပြီ။ မင်းလဲ ခုချိန်ကစပြီး ငါ့တပည့်ဖြစ်ပြီ ရော့မင်းအတွက် ကျောက်စိမ်းပြားအထိမ်းအမှတ် "
ကျန်းရွှမ်က လျှိုရန် ဘာထင်ထင် ဂရုမစိုက်ချေ။ လောင်းကြေးနိုင်ပြီး တပည့်တယောက်ထပ်ရလိုက်သောကြောင့် ဝမ်းသာလုံးဆို့နေသည်။ သူက ကျောက်စိမ်းပြားကို လျှိုရန်ဆီသို့ လှမ်းပစ်ပေးလိုက်သည်။

လျှိုရန်အနေဖြင့် စိတ်မပါသော်လည်း သူသည် စည်းမျဉ်းအတိုင်းလိုက်နာရန် လိုကြောင်း နားလည်ထားသည်။ သူ့အနေဖြင့် ကျန်းရွှမ်ကို လောလောဆယ် ဆရာအဖြစ် အသိအမှတ်မပြုလျှင် အခြားမည်သည့်ဆရာကမှ လျှိုရန်ကို တပည့်အဖြစ် လက်ခံလိမ့်မည် မဟုတ်။ ထို့ကြောင့် လက်ထိပ်ကို ကိုက်လိုက်ပီး ကျောက်စိမ်းပြားပေါ် သွေးတစက်ချလိုက်ရသည်။
"မနက်ဖြန်မနက် စာသင်ခန်းကို အရောက်လာခဲ့လိုက် "
ကျန်းရွှမ်က ဝမ်ယင်းကို တချက်ကြည့်လိုက်ကာ ပြောလိုက်ပြီး နောက်ထပ်ဘာမှပြောမနေတော့ပဲ စားသောက်ဆောင်မှ ထွက်လာခဲ့လိုက်သည်။

စာသင်ဆောင်သို့ ပြန်ရောက်သည်နှင့် ကျန်းရွှမ်သည် စိတ်ထဲမှ စာကြည့်တိုက်ဆီသို့ ဝင်သွားလိုက်ပြီး သေသေချာချာ လေ့လာနေလိုက်သည်။ အချိန်အတော်ကြာ လေ့လာပြီးနောက် ကောင်းကင်ဘုံစာကြည့်တိုက်နှင့် ပတ်သက်ပြီး တချို့အချက်များကို သူနားလည်လာသည်။ တစုံတယောက်က ကျန်းရွှမ်ရှေ့တွင် သိုင်းလေ့ကျင့် ကစားပြသည်နှင့် ထိုသူနှင့် ပတ်သတ်သော အားနည်းချက်များ ရေးထားသော စာအုပ်သည် စာကြည့်တိုက်ထဲတွင် ချက်ချင်းပေါ်လာသည်။
"ဟားဟား.. ငါတော့ ဒီတခါ တကယ်ချမ်းသာပြီ။ ငါ့ခေါင်းထဲမှာ ကောင်းကင်ဘုံစာကြည့်တိုက် ရှိနေသမျှ ဘယ်အားနည်းချက်မဆို တခါကြည့်လိုက်တာနဲ့ တန်းသိမှာပဲ။ နောက်တခေါက် ဆရာအကဲဖြတ်စာမေးပွဲကျရင် ငါဘယ်နည်းနဲ့ဖြေဖြေ သုညရစရာအကြောင်းမရှိဘူး "
ကျန်းရွှမ်သည် သာယာသော အနာဂါတ်ကို မြင်ယောင်ကာ ဝမ်းသာပီတိဖြာနေတော့သည်။



rate now: