book

Index 3

Chapter 3

  • Author : Dr.Zone
  • Genres : Adventure, Comedy, Action
  • Original Author : Heng Sao Tian Ya

ကျန်းရွှမ် မျက်နှာ မည်းမှောင်သွားလေသည်။ သူသည် အရင်ကျန်းရွှမ်ဆီမှ မှတ်ဉာဏ်များကို ဆက်ခံလိုက်ရသော်လည်း မှတ်ဉာဏ်များမှာ ယခုအချိန်ထိ အစီစဉ်တကျမဖြစ်သေးချေ။ သူ့အနေနှင့် စွမ်းအင်အဆင့်ခွဲခြားခြင်းသာ အလွန်ဆုံး လုပ်နိုင်သည်။ လေ့ကျင့်နည်းထဲမှ အမှားများကို ထောက်ပြရန်မှာ သူမပြောနှင့် သူ့အရင်ကျန်းရွှမ်ပင် အဲ့လောက်အစွမ်းမရှိပေ။ သူများအမှားများကို ထောက်ပြကာ သင်ပြပေးသောနေရာတွင် ဆရာချောင်နှင့်ယှဉ်လျင် သူ့အနေနှင့် အဆင့်ကွာလွန်းလှသည်။ ဒီပြိုင်ပွဲတွင် သူရှုံးရန်မှာ သေချာသလောက်ရှိလေသည်။

"ဘာလဲ ကြောက်နေတာလား? စည်းမျဉ်းထဲမှာ သေသေချာချာ ရေးထားတယ်။ ကျောင်းသားတွေ သေချာရွေးချယ်နိုင်အောင် ဆရာတွေ တယောက်နဲ့တယောက် ယှဉ်ပြိုင်ခွင့်ရှိတယ်။ ဒါကို တပည့်ခိုးတယ်လို့ ပြောလို့မရဘူး"
 ချောင်ရှင်းက ရယ်ရင်းပြောလိုက်ပြန်သည်။ ချောင်ရှင်းမှာ တည်ကြည်သော ကျောင်းတော်သားကြီးပုံ အပြည့်ပေါက်လေသည်။

"ကောင်းပြီလေ ငါတို့ ဘာကို ထောက်ပြပြီး သင်ပေးကြမလဲ "
ကျန်းရွှမ် အံကြိတ်လိုက်သည်။ ဒီပြိုင်ပွဲကို သူလက်မခံပါက တမနက်လုံး သူကြိုးစားရှာထားရသော တပည့်ကျော်လေးအား လက်လွှတ်လိုက်ရမည်ကို သူသိလေသည်။

တပည့်အား ဆရာက လိုအပ်သည်များ သင်ကြားပေးရာတွင် နယ်ပယ်အမျိုးမျိုးရှိသည်။ ဥပမာ - စွမ်းအင်ကျင့်စဉ်။ သိုင်းလေ့ကျင့်ခြင်း စိတ်ငြိမ်ကျင့်စဉ် စသည်ဖြင့်…
""ဒီလိုဆို မကောင်းဘူးလား။ သူတို့က ကျောင်းသားသစ်တွေဆိုတော့ ငါတို့နဲ့ အကြောင်းမသိကြသေးဘူး။ သူတို့ကို လက်သီးသိုင်းကွက် ကစားခိုင်းမယ်။ ပြီးရင် သူတို့အားနည်းချက်ကို ကြည့်ပြီး သင်ပေးကြမယ်။ သင်ပေးပြီး ပိုတိုးတက်မှုရှိတဲ့ ဆရာက အနိုင်။ ဘယ်လိုလဲ? "
အခြားဆရာများဆိုလျင် ချောင်ရှင်းအနေဖြင့် ယခုလို စိန်ခေါ်ဖို့ ယုံကြည်မှုရှိလိမ့်မဟုတ်။ သို့သော် သုညဆရာနှင့်ဆိုလျှင်တော့ ချောင်ရှင်းသည် ယုံကြည်မှုအပြည့်ရှိလေသည်။

"မင်းကြောက်နေတာတော့ မဟုတ်ပါဘူးနော်။ မင်းခုနကပဲ တပည့်အများကြီး ငြင်းလွှတ်နေရတယ် ကြွားနေသေးတာ။ မင်း တကယ် အရည်အချင်းရှိတယ်ဆိုရင် ပြိုင်ကြစို့။ မိန်းကလေး အနာဂါတ်ကို နှောင့်နှေးအောင် အချိန်ဆွဲမနေနဲ့ "
ချောင်ရှင်းက ခပ်တိုးတိုးရယ်ဆဲပင်။

"ကောင်းပြီလေ "
ကျန်းရွှမ် ခေါင်းညိတ်လိုက်သည်။ လူတယောက်အတွက် အဆိုးဆုံးဆိုသည်မှာ သေချင်းပင်။ လောလောဆယ် အဆိုးဆုံးဖြစ်နိုင်သည်မှာ တပည့်တယောက်လက်လွှတ်ရချင်းသာ။ သူသာ မပြိုင်လျင် လက်လွှတ်ရဖို့က သေချာသလောက်ပင်။ သူ့အနေနှင့် နောက်ဆုတ်စရာလမ်းမရှိတော့ချေ။ ကျန်းရွှမ်သည် မနိုင်ခဲ့လျင် နောက်တမျိုးမျိုးထပ်ကြံဖို့ ကြိုတွေးထားလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ငါက အရေထူတာပဲ ဘာရှက်စရာရှိလို့လဲ

"ဆရာချောင်းနဲ့ ဆရာကျန်း ပြိုင်ကြမလို့တဲ့ "
"အဲ့အဆင့်နိမ့်ဆရာနှစ်ယောက်မှာ ဘယ်သူနိုင်မယ်ထင်လဲ "
"သုညဆရာက တခြားဆရာတယောက်နဲ့ ပြိုင်မလို့ဟုတ်လား။ တကယ်ကြီးလားဟ။ သူက ထပ်အရှက်ကွဲချင်သေးတာလား? "
အနီးအနားရှိ စားသောက်နေကြသော သူများသည် စိတ်ဝင်စားကာ စုပြုံလာကြလေသည်။ ယနေ့သည် ဟုန်းထျင်ကျောင်းတော်၏ ကျောင်းသားသစ်လက်ခံသည့်နေ့ဖြစ်သည်။ ကျောင်းသားသစ်တော်တော်များများက သုညဆရာ အကြောင်းကြားဖူးကြသော်လည်း လူကို မတွေ့ဖူးကြရာ စိတ်ဝင်စားလာကြပြီး အနီးအနားတွင် ကျိတ်ကျိတ်တိုးနေတော့သည်။

"စည်းမျဉ်းအတိုင်းပဲပေါ့။ မင်းက ငါ့တပည့်ကို သင်ပေး ငါက မင်းတပည့်ကို သင်ပေးမယ် "
လူများဝိုင်းကြည့်လာသည်ကို တွေ့ရာ ချောင်ရှင်းသည် အစွမ်းပြဖို့ ပိုစိတ်အားထက်သန်လာသည်။ ပြိုင်ပွဲတွင် တရားမျှတမှုရှိစေရန် ဆရာသည် မိမိကိုယ်ပိုင်တပည့်ကို သင်ပြခွင့်မရှိပေ။ မဟုတ်ပါက အရည်အချင်းမည်မျှတိုးတက်လာသည်ကို အမှန်အတိုင်း သိနိုင်ရန်ခဲယဉ်းလေသည်။ ထို့ကြောင့် တယောက်နှင့်တယောက် တပည့်ချင်းလဲပြီး လိုအပ်သည်ကို ထောက်ပြကြရသည်။

"မိန်းကလေး ဒီကိုလာပြီး လက်သီးသိုင်းကွက် ကစားပြပါလား။ ကစားပြီးရင် အားအကုန်သုံးပြီး အဲ့ကျောက်တိုင်ကို လက်သီးနဲ့ထိုးပြ"
အဆင့်မြင့် သိုင်းဆရာများ၏ဟန်ပန်နှင့် ချောင်ရှင်းက ငေးငိုင်နေသော မိန်းကလေးကို ပြောလိုက်သည်။
"ကျမ "
ဝမ်ယင်း မျက်နှာနီရဲသွားပြီး ကျန်းရွှမ်အား တချက်လှမ်းကြည့်လိုက်သည်။ ကျန်းရွှမ် စိတ်ဆိုးမနေကြောင်း သေချာတော့မှ သူမက ရှေ့သို့ထွက်လာသည်။

ဟူး.. ဟူး.. ဟူး..
လက်သီးမှထွက်လာသော အားလှိုင်းများသည် ပတ်ဝန်းကျင်ရှိ လေထုကို ဆူညံသွားစေသည်။ သူမလက်သီးချက်များသည် အားမာန်ပြည့်ဝလှသည်။ ခပ်အေးအေးမိန်းကလေး တယောက်က ဒီလောက်ပြင်းထန်သော လက်သီးသိုင်းကစားနေနိုင်သည်မှာ ကိုယ်တိုင်မတွေ့ရလျင် ယုံနိုင်စရာမရှိပေ။ သူမ၏ဟန်ပန်မှာ ခိုင်မာပြီးအာမာန်ပြည့်ဝလှသည်။ ကြည့်ရုံနှင့်ပင် အခြေခံကောင်းကြောင်း သိနိုင်လေသည်။ သိပ်မကြာခင်မှာပဲ သူမ သိုင်းကစား ပြီးသွားသည်။ သူမကစားသွားသည်ကို ကြည့်ကာ ကျန်းရွှမ် စိတ်ပျက်သွားလေသည်။ သူ့အနေဖြင့် အရင်ကျန်းရွှမ်၏ မှတ်ဉာဏ်ကိုပါသုံးကာ ကြည့်ပါသော်လည်း မည်သည့်အားနည်းချက်မှ ရှာမတွေ့ချေ။ ဆရာအကဲဖြတ်စာမေးပွဲတွင် သုညရသည်မှာ ဘာဆန်းတော့မည်နည်း။ ထိုကျန်းရွှမ်ကား အမြင်စူးရှခြင်း အလျင်းမရှိချေ။

"ဟုတ်ပြီ ကျောက်တိုင်ကို အားကုန်သုံးပီး ထိုးလိုက်တော့ "
မိန်းကလေးသည် အမှန်တကယ် ထူးချွန်သော ကျောင်းသူဖြစ်သည်ကို တွေ့လိုက်ရသောအခါ ချောင်ရှင်း ခေါင်းကို ကျေနပ်စွာ ညိတ်နေတော့သည်။ ကျောက်တိုင်တတိုင်မှာ သူတို့ရပ်နေသော နေရာအနီးတွင်ရှိလေသည်။ ထိုကျောက်တိုင်များမှာ ကျောင်းသားများ အားစမ်းရန်အတွက် ချထားပေးသောတိုင်များဖြစ်သည်။ ဝမ်ယင်းသည် ကျောက်တိုင်အနီးသို့ ခပ်ရှက်ရှက်နှင့် လျှောက်သွားလိုက်သည်။ အားအင်များကို စုစည်းလိုက်ကာ ကျောက်တိုင်ကို ထိုးချလိုက်လေသည်။

ဝုန်း
ကျောက်တိုင် တချက်လှုပ်ရှားသွားပြီး နံပါတ်များပေါ်လာလေသည်။
၅၃!
"၅၃ ကီလို။ မဆိုးဘူးပဲ"
ချောင်ရှင်းက ခေါင်းညိတ်ပြလိုက်သည်။ ကျောင်းသားသစ်တယောက်အနေဖြင့် ဆရာများထံမှ ဘာမှမသင်ရသေးခင် ဒီလောက်အင်အားကောင်းနေသည်မှာ ထူးချွန်လှပေပီ။ ထို့ပြင် သူမသည် မိန်းကလေးတယောက်ဖြစ်နေသေးသည်။

"မင်းလက်သီးကစားပြတာ အင်အားတော်တော်ကောင်းတယ်။ ဒါပေမယ့် အားနည်းချက်တခုရှိနေတယ်။ မင်းလက်သီးထိုးဖို့ ခြေထောက်နေရာယူတာ ကြာလွန်းနေတယ်။ တကယ်လို့ မင်းခြေထောက်ကို ဒီ့ထက်မြန်မြန် နေရာပြောင်းနိုင်ရင် မင်းလက်သီးက ဒီ့ထက်ပိုပြီး အင်အားပြင်းနိုင်သေးတယ်။ ငါထင်တာမမှားဘူးဆိုရင် မင်းခြေထောက်မှာ ဒဏ်ရာရထားတယ်မလား "
ချောင်ရှင်း၏ အမြင်စူးရှမှုမှာ ကျန်းရွှမ်ထက် သေချာပေါက်သာနေတော့သည်။ တခါကြည့်လိုက်ရုံမျှနှင့် ဝမ်ယင်း၏ အားနည်းချက်မှာ ခြေလှမ်းများဖြစ်ကြောင်းသိလိုက်ပြီး ခြေထောက်ဒဏ်ရာရှိနေကြောင်းပါ ခန့်မှန်းနိုင်လေသည်။
"ဟုတ် "
ဝမ်ယင်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
"မင်းရဲ့ဒဏ်ရာကြောင့် မင်းက အောက်ပိုင်းမှာ အားစိုက်ရမှာကို ကြောက်နေတယ်။ ငါမင်းကို နည်းလမ်းတခုပြောပြမယ်။ စိတ်မပူနဲ့ မင်းခြေထောက် ဒဏ်ရာက ဘာမှပိုဆိုးမလာစေရဘူး "
ထို့နောက် ချောင်ရှင်းသည် ဝမ်းယင်ကို သေချာရှင်းပြတော့သည်။
"နောက်တခေါက် ထပ်စမ်းကြည့် "

ဝမ်ယင်း အသက်ငယ်ငယ်ဖြင့် ထိုမျှ အင်အားကောင်းနေသည်ကို ကြည့်လျှင် သူမ၏နားလည်နိုင်စွမ်းသည်လည်း နိမ့်လိမ့်မည်မဟုတ်ပေ။ ချောင်ရှင်း ရှင်းပြလိုက်သော နည်းလမ်းကို အချိန်တိုတွင်းမှာပင် နားလည်သွားလေသည်။ သူမသည် ကျောက်တိုင်နား နောက်တခေါက် ထပ်သွားလိုက်ပြီး လက်သီးများကို စုစည်းထားလိုက်လေသည်။ သူမကိုယ်ထဲတွင် အားလှိုင်းများ ပိုမိုစုစည်းလာနိုင်ပီး နဂါးတကောင်ကဲ့သို့ အားအင်ပြည့်ဖြိုးလာသည်ဟု ခံစားမိလိုက်သည်။

ဝုန်း
၆၃!
အချိန်အနည်းငယ်မျှ သင်ပြပေးလိုက်ရုံမျှဖြင့် သူမလက်သီးချက်မှာ ၁၀ ကီလိုထိ အင်အားတိုးတက်လာလေသည်။
"၁၀ ကီလိုတိုးလာတယ်ဆိုတော့ ၂၀ % တိုးလာတာပေါ့။ ကဲ ငါတော့ လိုအပ်တာ သင်ပေးပြီးသွားပြီ။ မင်းအလှည့်ပဲ ဆရာကျန်း "
ချောင်ရှင်း ခပ်အေးအေးပြုံးနေသော်လည်း သူ့ဝမ်းသာမှုမှာ ပေါ်လွင်နေသည်။ တခါသင်ပြပေးရုံဖြင့် ၂၀ % တိုးလာသည်ဆိုသည်မှာ မဆိုးလှချေ။

"ဆရာကျန်း "
ကျောင်းသားတယောက်က ကျန်းရွှမ်ဆီ လှမ်းလျှောက်လာပြီး လက်သီးကစားပြရန် အသင့်ပြင်လိုက်လေသည်။
"နေစမ်းပါဦး "
ကျန်းရွှမ် လက်မြှောက်ကာ အော်လိုက်သည်။
"ဘာလဲ ဆရာကျန်းက စကားမတည်တော့ဘူးလား "
ချောင်ရှင်းက လှောင်ရယ် ရယ်လိုက်လေသည်။
"စကားမတည်ဘူး ဟုတ်လား? ဟာသပဲ။ ငါကပြောပြီးသားကိစ္စတခုအတွက် နောင်တရနေမယ်လို့ မင်းထင်နေတာလား "
ကျန်းရွှမ်က လေသံမာမာဖြင့်ပြောလိုက်သည်။ သို့သော် သူ့စိတ်ထဲတွင်ကား တုန်လှုပ်နေမိသည်။

အနာဂါတ်မှ လာသူဖြစ်သော ကျန်းရွှမ်သည် ကျောင်းသားတယောက်ကို သိုင်းသင်ပေးရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။ ကျောင်းသားတွေက အချစ်ကားများ ဒေါင်းလုပ်ဆွဲကြည့်ချင်လျှင်တော့ သူသည် ကျွမ်းကျင်စွာ သင်ပြပေးနိုင်ပေသည်။ ပတ်ဝန်းကျင်မှ လူများဝိုင်းကြည့်နေကြသော်လည်း သူ့အနေဖြင့် အရှက်မရှိစွာ အကြောင်းပြချက် တခုခု ရှာပြီးငြင်းဖို့ကြိုးစားလေသည်။
"ဒီကျောင်းသားက မင်းတပည့်ပဲ။ ငါက လိုအပ်တာ ထောက်ပြပေးပြီးမှ သူက မင်းစကားနားထောင်ပြီး အားအကုန်မသုံးရင် ငါက အလိုလိုမရှုံးဘူးလား "
"ကျနော် အားအကုန်သုံးပြီး ကြိုးစားပါ့မယ်လို့ ကတိပေးပါတယ် "
ကျောင်းသားက အံကြိတ်ကာ မကျေနပ်သော အကြည့်ဖြင့် ကြည့်ရင်း ကျန်းရွှမ်အား ပြန်ပြောလိုက်သည်။
"ကောင်းပြီလေ ငါက မင်းကို ယုံလိုက်ပါ့မယ်။ ဒါပေမယ့် ငါတို့ပြိုင်ပွဲက မမျှတဘူးလို့ မထင်ဘူးလားဆရာချောင်?"
ကျောင်းသားက ကျန်းရွှမ်ကို ကတိပေးလိုက်သောအခါ ကျန်းရွှမ်က အရှက်မဲ့စွာ နောက်တမျိုးထပ်ပြောတော့သည်။

"မမျှတဘူး? ဘာကမမျှတာလဲ? "
ချောင်ရှင်းက ပြန်ပြောလိုက်သည်။
"ဝမ်ယင်းက နဂိုကတည်းက ငါ့တပည့်။ ငါနိုင်ရင်လဲ သူက ငါ့တပည့်ပဲ။ ငါရှုံးရင်ကျတော့ မင်းက သူ့ကို တပည့်အဖြစ် လက်ခံမယ်။ မင်းဘက်က အရှုံးမှမရှိတာ။ ဘယ်လိုလုပ်ပီး မျှတတယ်ခေါ်လို့ရမလဲ"
ချောင်ရှင်း ဘာပြန်ပြောရမှန်းမသိပေ။ ပြိုင်ပွဲကား မျှတမှုမရှိသည်မှာ ထင်ရှားနေသည်။ ချောင်ရှင်းအနေဖြင့် ဆုံးရှုံးစရာ ဘာမှမရှိသော်သည်း ကျန်းရွှမ်ကား တပည့်တယောက် အလကားဆုံးရမလိုဖြစ်နေသည်။
"ဒါဆို ဒီလိုလုပ် ငါရှုံးရင် အခု မင်းသင်ပေးရမယ့် လျှိုရန်ကို မင်းတပည့်အဖြစ်လက်ခံလိုက် "
ချောင်ရှင်းက ခနတာစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

"ဆရာ! "
လျှိုရန် အနေဖြင့် ဆရာချောင်က ထိုသို့ဆုံးဖြတ်လိမ့်မည်ဟု ထင်မထားမိချေ။ အံ့သြပြီး စိုးရိမ်မှုများကို လျှိုရန် မျက်နှာတွင် အထင်းသားတွေ့ရလေသည်။ မည်သူက သုညဆရာထံတွင် တပည့်ခံချင်လိမ့်မည်နည်း။ သေသည်ကမှ ပိုကောင်းပေလိမ့်မည်။
"စိတ်မပူနဲ့ လျှိုရန်။ ငါရှုံးစရာအကြောင်းမရှိဘူး"
ချောင်ရှင်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ သူ့ဆရာ၏ ယုံကြည်မှုကို တွေ့လိုက်ရသောအခါ လျှိုရန် စိတ်အေးသွားကာ ကျန်းရွှမ် ကြည့်နေလားမကြည့်နေလားကို မစောင့်တော့ပဲ သိုင်းကွက်ကစားပြလိုက်သည်။

"ဒါ.. "
ကျန်းရွှမ်သည် ထိုကျောင်းသား ဘာသိုင်းကွက်ကစားပြနေသည်ကိုပင် မသိချေ။ သူမည်သို့ အားနည်းချက် ရှာကာ ထောက်ပြပေးရမည်နည်း။
"အားနည်းချက်။ အဲ့လက်သီးသိုင်းထဲမှာ ဘာအားနည်းချက်များရှိမလဲ "
ကျန်းရွှမ်နဖူးပေါ်သို့ ချွေးသီးချွေးပေါက်ကြီးများ ကျလာတော့သည်။ မည်သည့် အားနည်းချက်မျှ သူမရှာနိုင်ပေ။ ရှုံးလျင် အရှက်ကွဲတာက အရေးမကြီးဘူးထားဦး သူကြိုးစားရှာထားရသော တပည့်ကျော်လေးကတော့ သူများနောက်ပါသွားတော့မည်။ သူလဲ ကျောင်းမှ ထွက်ရလိမ့်မည်။

ဝုန်း......
ကျန်းရွှမ် အကြီးအကျယ် စိတ်ပျက်နေစဉ်မှာ သူ့စိတ်ထဲရှိ ကောင်းကင်ဘုံစာကြည့်တိုက်သည် မိုးကြိုးများ လင်းလက်လျက် တုန်ခါလာသည်။ စာအုပ်စင်ကြီးပေါ်တွင်လဲ စာလုံးကြီးများ ပေါ်ပေါက်လာသည်။
ကောင်းကင်လမ်းပင် ပြီးပြည့်စုံခြင်းမရှိ!
ထိုစာလုံးကြီးများသည် တောင်တန်းကြီးများကဲ့သို့ ခိုင်မာသည်ဟု ထင်ရသည်။ အဆုံးမရှိနိုင်သော အင်အားများနှင့် ပြည့်နေသည်ဟု ခံစားရသည်။ ထိုစာလုံးကြီးများ ပေါ်လာပြီးနောက်တွင် ကျန်းရွှမ်လက်ထဲသို့ စာအုပ်တအုပ် ကျလာသည်။
"ဘာစာအုပ်ပါလိမ့်"
ကျန်းရွှမ် စိတ်လှုပ်ရှားသွားကာ စာအုပ်ကို ငုံ့ကြည့်လိုက်သည်။ စာအုပ်အဖုံးပေါ်တွင် စာနှစ်လုံးသာ တွေ့ရသည်။
"လျှိုရန် "

စာအုပ်ကို လှန်ကြည့်လိုက်ရာ အထဲတွင် စာလုံးပေါင်း မြောက်များစွာ ရေးထားသည်ကို တွေ့လိုက်သည်။
"လျှိုရန်၊ ရှယွန်မြို့ လျှိုမိသားစုဝင်၊ ဟုန်းထျင်ကျောင်းသား၊ သိုင်းအဆင့်-၁ ကျုရှီအဆင့် "
"စွမ်းအင်ကျင့်စဉ် - ကြာပန်းသွေးကြောကျင့်စဉ် "
"သိုင်းကွက် - အပျော်တမ်းအဆင့် ပန်းပျံလက်သီး၊ ကျွမ်းကျင်အဆင့် နဂါးလက်သီး "
" အားနည်းချက်များ - ၁၂ ချက်။ ၁။ ကိုယ်ယောင်ပြသောနေရာတွင် အားအလွန်အကျွံသုံး ၂။ ၃။ ၄။ ၁၂။ "

" ဒါက.. ဒါက.. "
စာလုံးများပြည့်သိပ်နေသော စာအုပ်ကိုကြည့်ကာ ကျန်းရွှမ် သူ့ကိုသူ ရူးသွားပြီဟု ထင်လိုက်မိသည်။

တကယ်ကြီးလားဟ။
လျှိုရန်ဘာများ အားနည်းမလဲ တွေးလိုက်မိသည်နှင့် ကောင်းကင်ဘုံစာကြည့်တိုက်က လျှိုရန်အကြောင်းရေးထားသော စာအုပ်ထုတ်ပေးလိုက်လေသည်။ အကယ်လို့ စာအုပ်ထဲမှ အကြောင်းများသာ အမှန်ဖြစ်နေလျင် အချိန်ခရီးသွားသူအဖြစ် သူရရှိလိုက်သော စာကြည့်တိုက်သည် အသုံးမကျသော စာကြည့်တိုက်မဟုတ်တော့ပဲ လွန်စွာမှပင် တန်ဖိုးရှိလှသည်။ လူတိုင်းသည် အားနည်းချက် ကိုယ်စီရှိကြသည်ချည်းဖြစ်သည်။ မည်သည့်သိုင်းကွက်မဆိုလဲ ဟာကွက်ရှိသည်သာ။ ပြီးပြည့်စုံခြင်းဆိုသည်မှာ လောကကြီးပေါ်တွင် မရှိချေ။ ထိုသို့လောကကြီးထဲတွင် သူများအားနည်းချက်များကို စာအုပ်တအုပ်ထဲတွင် အကုန်ဖတ်နိုင်သည်ဆိုခြင်းမှာ လွန်စွာမှပင် စွမ်းအားကြီးလှတော့သည်။

ဝုန်း
ကျန်းရွှမ် သူ့စိတ်ထဲမှ စာကြည့်တိုက်၏ ပြောင်းလဲမှုများကို အံ့သြမှင်တပ်နေဆဲမှာပင် လျှိုရန်က သိုင်းကစားခြင်းကို အဆုံးသတ်ကာ ကျောက်တိုင်ကို ထိုးလိုက်သည်။
၆၂!
လက်သီးထိုးအားကား ၆၂ ကီလိုဖြစ်သည်။

" ဆရာကျန်း လျှိုရန်က သိုင်းကစားပြလို့ ပြီးသွားပြီ။ လိုအပ်တာလေးတွေ ထောက်ပြပေးလိုက်ပါဦး "
ချောင်ရှင်းက လှောင်ပြုံးဖြင့် ပြောလိုက်သည်။ ချောင်ရှင်းပြောစကားကို ကြားလိုက်သူများအားလုံးက ကျန်းရွှမ်ဆီသို့ အကြည့်ရွှေ့လိုက်ကြသည်။ တဦးတည်းသော သုညဆရာက ဘယ်လိုများ အားနည်းချက်တွေ ထောက်ပြနိုင်မလဲဆိုတာ အားလုံးက စိတ်ဝင်စားနေကြလေသည်။



rate now: