အချိန်အတော်ကြာ လေ့လာကြည့်ပြီးနောက် စာကြည့်တိုက်အတွင်းရှိ စာအုပ်များမှာ ရေအိုင်ထဲက လရိပ်ကဲ့သို့သာဖြစ်ပြီး ထိကိုင်မရနိုင်ကြောင်း ကျန်းရွှမ်သဘောပေါက်သွားသည်။ ထို့ကြောင့် သူ့အသိစိတ်ကို ခေါင်းထဲမှ ပြန်လည်ထွက်ခွါစေလိုက်တော့သည်။
"နေ့လည်စာစားချိန်တောင် ရောက်နေပြီပဲ။ ထမင်းစားပြီးမှပဲ ကျောင်းသားသစ်ထပ်ရှာတာကောင်းမယ် "
အပြင်ဘက်တွင်ကား နေမွန်းတည့်ချိန်ပင် ရောက်နေလေပြီ။ စာသင်ခန်းရှေ့ဖြတ်လျှောက်သွားသော ကျောင်းသားသစ် ၁၈ ယောက်ထဲမှ ၁ ယောက်သာလျှင် သူ့အတန်းတွင်တက်အောင် သူစည်းရုံးနိုင်ခဲ့သည်။ နည်းလွန်းလှသည်။ နေ့လည်တွင်တော့ မနက်ထက်သာအောင် ကျောင်းသားသစ် ရှာနိုင်မှဖြစ်တော့မည်။ ကျန်းရွှမ်သည် အနာဂါတ်မှ ရောက်ရှိလာသူဖြစ်သည်။ ဒီရှေးခေတ်လူတွေကို ဘယ်မှာ အရှုံးပေးနိုင်ပါမည်နည်း။ မဟုတ်လျှင် သူသည် အနာဂါတ်မှ လာသူဖြစ်ကြောင်းကို မည်သို့ကြွားနိုင်ပါတော့မည်နည်း။
ကျန်းရွှမ် အကြောဆန့်ရင်း ကျောင်းစားသောက်ဆောင်ဘက် လျှောက်လာခဲ့လိုက်သည်။ ဟုန်းထျင်ကျောင်းတော်ကြီး၏ စားသောက်ဆောင်မှာ သူ့အရင်ဘဝ အထက်တန်းကျောင်းရှိ စားသောက်ဆောင်ထက် အဆမတန် ကြီးမားလှသည်။ လူတသောင်းကျော် တပြိုင်တည်း ထိုင်လျှင်ပင် ချောင်ချောင်ချိချိ ထိုင်နိုင်လောက်သည်။ ကျောင်းသားသစ်တယောက်ရလိုက်သောကြောင့် စိတ်ပျော်မြူးနေရာ ပုံမှန်စားနေကြထက် ဟင်းနှစ်မျိုးခန့်ပိုမှာလိုက်သည်။ ထို့နောက် ထောင့်တထောင့်တွင် ထိုင်ကာ စားနေတော့သည်။
"ဟိုမှာထိုင်နေတာ ဆရာကျန်း မဟုတ်လား "
ကျန်းရွှမ် အသံလာရာသို့ လှမ်းကြည့်လိုက်သည်။ လူရွယ်တဦး ပြုံးပြီး သူ့ရှိရာဘက်သို့ ဦးတည်လာနေသည်ကို တွေ့လိုက်ရသည်။ လူရွယ်၏မျက်နှာမှာ နွေးထွေးမှုအရိပ်အယောင် မရှိပဲ အပြုံးတုအခုကို ဆင်မြန်းထားသည်။
"အော် ဆရာချောင်"
ကျန်းရွှမ် ပြန်လည်နှုတ်ဆက်လိုက်သည်။
ဆရာချောင်၏ နာမည်မှာ ချောင်ရှင်းဖြစ်သည်။ ကျန်းရွှမ်နှင့်ချောင်ရှင်းသည် တချိန်တည်းအတူတူ ဆရာဖြစ်လာကြသူများဖြစ်သည်။ ချောင်ရှင်းသည် သူများကို နင်းချကာ သူ့ဂုဏ်တက်အောင် လုပ်တတ်သူတယောက်ဖြစ်သည်။ ဟိုအရင်ကျန်းရွှမ်သည် ချောင်ရှင်း၏ မခံချင်အောင်ပြောဆိုမှုများကို သည်းမခံနိုင်တော့သောကြာင့် ယစ်ထုပ်ဘဝရောက်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ ချောင်ရှင်းသည် ကျန်းရွှမ် သေဆုံးရခြင်း၏ အဓိက အကြောင်းတခုဟုဆိုနိုင်ပေသည်။
"ဒီနေ့ကျောင်းသားလက်ခံတဲ့ နောက်ဆုံးနေ့နော်။ ဘယ်လိုလဲ ကျောင်းသားသစ်တွေ ရပြီလား?။ ဆရာကျန်း စားနိုင်သောက်နိုင်သေးပုံကို ကြည့်ရရင်တော့ အခြေအနေမဆိုးဘူးထင်တယ်"
ချောင်ရှင်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ့နောက်ဘက်ရှိ လူငယ်များဘက်သို့ လက်ဝှေ့ယမ်းပြလိုက်ပြီး
"သူတို့က ငါ့အတန်းမှာ တက်ကြမယ့် ကျောင်းသားတွေလေ။ ၁၂ ယောက်တောင်။ ငါအခု သူတို့ကို နေ့လည်စာ ထမင်းကျွေးမလို့ ခေါ်လာတာ"
ထင်သားပဲ။ ဒီကောင် ကြွားဖို့သက်သက် ငါ့ဆီလာတာပဲ။
ချောင်ရှင်းနှင့်ကျန်းရွှမ်တို့ကြားတွင် မတည့်စရာအကြောင်းပြချက်မရှိချေ။ သို့သော် သူတို့သည် ကျောင်းတွင် တချိန်တည်း ဆရာဖြစ်လာကြသူများဖြစ်ရာ ချောင်ရှင်းက ကျန်းရွှမ်ကို အမြဲလိုက်ပြိုင်နေလေ့ရှိသည်။ ချောင်ရှင်းက ကျန်းရွှမ်ကို အမြဲနှိမ်လေ့ရှိပြီး သူ့ကိုလူအထင်ကြီးအောင် လုပ်တတ်သည်။ ချောင်ရှင်းနောက်ဘက်တွင် လူငယ်တသိုက်ရှိနေပြီး ကျောင်းကြီး၏ ကြီးမားထည်ဝါမှုကို စူးစမ်းနေကြပုံရသည်။
"ကောင်လေးတွေ မင်းတို့နဲ့ မိတ်ဆက်ပေးရအုံးမယ်။ ခုဒီမှာထိုင်နေတာ ဆရာကျန်းရွှမ်တဲ့။ ငါတို့ကျောင်းမှာတော့ သူ့ကို မသိတဲ့သူမရှိဘူး။ ဆရာအကဲဖြတ်စာမေးပွဲမှာ ၁ မှတ်မှမရလိုက်ပဲ ကျောင်းစံချိန်ချိုးလိုက်တာ ဒီဆရာပေါ့"
ချောင်ရှင်းက ကျောင်းသားများနှင့် ကျန်းရွှမ်ကို မိတ်ဆက်ပေးလိုက်သည်။
"ဆရာအကဲဖြတ်စာမေးပွဲမှာ တမှတ်မှမရတဲ့ဆရာ? "
"အော် ငါသိပြီ။ ငါလဲလမ်းမှာ ကြားခဲ့သေးတယ်။ သူ့အတန်းမှာတက်တဲ့ ကျောင်းသားတယောက် ကျင့်စဉ်လေ့ကျင့်ရင်း ဖောက်ပြန်သွားတာ ဒုတ္ခိတဖြစ်သွားတယ်တဲ့ "
"ငါလဲကြားခဲ့တယ်။ ဟုန်းထျင်ကျောင်းမှာ တက်မယ်ဆိုရင် ကျန်းရွှမ်ရဲ့အတန်းကို မတက်မိစေနဲ့တဲ့။ မဟုတ်ရင် သိုင်းပညာမတိုးတက်မယ့်အပြင် မသေရင် ကံကောင်းဆိုပဲ "
"ဆရာကျန်းရွှမ်ဆိုတာသူလား။ မထင်ရဘူးနော်။ သူ့ကြည့်တော့ ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့"
ချောင်ရှင်းမိတ်ဆက်ပေးအပြီးတွင် နောက်မှ ကျောင်းသားများ၏ တယောက်တပေါက် ပြောသံများ ထွက်လာတော့သည်။
ဆရာအကဲဖြတ်စာမေးပွဲတွင် အမှတ်ပေးသော နေရာများစွာရှိသည်။ ရေးဖြေ နှုတ်ဖြေ သိုင်းပညာအဆင့် စသည်ဖြင့် နေရာပေါင်းစုံမှ အမှတ်ရနိုင်သည်။ ထိုနေရာများမှ အမှတ်မရခဲ့လျင်ပင် ကျောင်းသား၏စာမေးပွဲ ရလဒ်ကို ကြည့်ပြီး ဆရာ့အတွက် အမှတ်ထည့်ပေါင်းပေးသေးသည်။ ဆရာတယောက်တွင် ကျောင်းသားတဦးရှိနေလျင်ပင် ထိုဆရာမှာ ကျိန်းသေအမှတ်ရဖို့ သေချာသလောက်ရှိသည်။ ထို့ကြောင့် သုညရရန်ဆိုသည်မှာ မဖြစ်နိုင်သလောက် ခဲယဉ်းလှသည်။ သုည ရခြင်းဆိုသည်မှာ သမိုင်းသစ်ရေးထိုးခြင်းပင်ဖြစ်ပေသည်။
"မင်းမိတ်ဆက်ပေးလို့ ပြီးပြီလား "
ဝေဖန်သံများကို ကြားနေရသော်လည်း ကျန်းရွှင် စိတ်မဆိုးမိချေ။ အကြောင်းမှာ သုညရအောင် စွမ်းဆောင်သွားသူမှာ အရင်ကျန်းရွှမ်ဖြစ်သည်။ သူမဟုတ်ချေ။ သို့သော်လည်း ချောင်ရှင်း၏ အလကားနေရင်း လာနှိမ်နေမှုကို ကြည့်မရဖြစ်ကာ
"မင်းမိတ်ဆက်ပေးပြီးရင်လဲ ထွက်သွားလိုက်စမ်း ငါထမင်းစားနေတာ လာမနှောင့်ယှက်နဲ့ "
ချောင်ရှင်းသည် သူက နှိမ်ကာ မိတ်ဆက်ပေးလိုက်သော်လည်း ကျန်းရွှမ်က မရှက်ပဲနေလိမ့်မည်ဟု မထင်မိချေ။ ယခုတော့ ကျန်းရွှမ်က သူ့အား ထွက်သွားစမ်းဟုပင် နှင်လွှတ်နေသေးသည်။ ချောင်ရှင်း၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။ သူက ဆရာတယောက်၏ ဟန်ပန်မျိုးဖြင့် လက်ကို ဟန်ပါပါ ဝဲလိုက်ပြီး
"မင်းက ဆရာအကဲဖြတ်စာမေးပွဲမှာ သုညရပြီး စံချိန်လဲတင်လိုက်သေးတယ်။ ဒါပေမယ့် မင်းကြည့်ရတာ ရှက်ပုံမရပါလား "
"ရှက်ရမယ်? ငါက ဘာကိစ္စရှက်ရမှာလဲဟ။ မင်းပြောနေတဲ့အတိုင်းပဲလေ။ ငါက စံချိန်အသစ်တင်ပြီး တကျောင်းလုံးသိတဲ့ ဆရာဖြစ်နေပြီ။ ကျောင်းသားသစ်တွေကအစ ငါ့ကိုသိတယ်။ ကဲ မင်းကို သိတဲ့သူ ဘယ်နှယောက်ရှိလဲ "
ကျန်းရွှမ်က ချောင်ရှင်းနောက်ရှိ ကျောင်းသားများကို လက်ညှိုးထိုးလိုက်ပြီး
"ဆရာအကဲဖြတ်စာမေးပွဲမှာ မင်းဘယ်နှစ်မှတ်ရလဲဆိုတာ မင်းကျောင်းသားတွေတောင် သိရဲ့လား? ပြီးတော့ သူတို့ ဒီကျောင်းကို မရောက်ခင် မင်းနာမည်ကိုကော ကြားဖူးကြရဲ့လား? မင်းသာ သူတို့ကို နေ့လည်စာလိုက်ကျွေးတဲ့အထိ လောကွတ်ချော်မနေရင် သူတို့က မင်းအတန်းတောင် တက်ပါ့မလားမသိဘူး။ ဆရာဖြစ်နေပြီး ဘယ်သူမှမသိတဲ့ဆရာ ဖြစ်နေတာများ မင်းက ငါ့ရှေ့လာပြီး ဘာကြွားချင်နေတာလဲ "
"ဂါးးး "
ချောင်ရှင်းကား ပေါက်ကွဲချေတော့မည်။ တခြားသူ တဦးဦးသာ ဆရာအကဲဖြတ်စာမေးပွဲတင် သုည ရရှိခဲ့ပါက ခေါင်းပင် ဖော်ရဲလိမ့်မည် မဟုတ်ချေ။ သို့သော် ကျန်းရွှမ်ကား လူသိများလာခြင်းအတွက် ပျော်ရွှင်နေကာ ဂုဏ်ယူနေပုံပင် ပေါက်သည်။ ထို့ပြင် သူက ချောင်ရှင်းကိုပင် သူ့လို သုညရအောင် မလုပ်သည့်အတွက်ဆိုကာ ပြန်နှိမ်လိုက်သေးသည်။ ကျန်းရွှမ်ကား လွန်စွာ အရေထူလှသည်။
ဘယ်လိုများ သုညရတာကို ဂုဏ်ယူနေနိုင်ရတာလဲ။ သူ့သိက္ခာကို ထည့်မတွက်တော့ဘူးလား။ ဒီဆရာ အရှက်မမဲ့လွန်းဘူးလား။
ချောင်ရှင်းနောက်မှ ကျောင်းသားများကား ဘာပြောလို့ပြောရမှန်း မသိကြချေ။
အရှက်? အရေထူတယ်? ဟာသပဲ။
ကျန်းရွှမ်နေခဲ့သော ခေတ်ကြီးတွင် လူများသည် နာမည် ကျော်ကြားဖို့ ဘာမဆိုလုပ်ကြမည့်သူများဖြစ်ကြလေသည်။ သူတို့လုပ်ကြသည်များမှာ ဒီရှေးခေတ်လူများ အိပ်မက်ပင် မဖက်ဖူးလောက်သော ကိစ္စများဖြစ်သည်။ အဖော်အချွတ်ဓါတ်ပုံတွေရိုက် ရုပ်ရှင်တွေ ရိုက်ကြနှင့်။ ကျန်းရွှမ် စာမေးပွဲတွင် သုညရပြီး နာမည်ကြီးခြင်း ဆိုသည်မှာ ထိုကိစ္စများနှင့် ယှဉ်လျင် သာမန်မျှသာဖြစ်သည်။
ချောင်ရှင်းကား ဒေါသထွက်ကာ မျက်နှာနီရဲနေလေပြီ။
"ဆရာဆိုတာ တပည့်တွေကို သင်ကြားပေးဖို့က အဓိကကွ။ ဒီနေ့တော့ မင်းနဲ့ငါ ဆက်မငြင်းချင်တော့ဘူး။ မင်းကျောင်းသားတယောက်လောက်ရှာနိုင်မှ ဆက်ပြောကြတာပေါ့။ အဲ့တော့မှ ဘယ်သူ့တပည့်က ပိုတော်လဲ ကြည့်ကြတာပေါ့ "
ချောင်ရှင်းသည် ကျန်းရွှမ်အားပြောပြီး လှည့်ထွက်သွားတော့သည်။
ထိုအချိန်တွင် ကျန်းရွှမ်နောက်မှ အဘိုးအို နှင့် မိန်းကလေးတဦး စကားပြောသံထွက်လာသည်။
"ကျမဆရာက အဲ့လောက်မညံ့ပါဘူး။ သူက တော်တော် သဘောကောင်းတယ် "
မိန်းကလေး၏အသံမှာ နူးညံ့ပျော့ပြောင်းပြီး သူမလေသံမှာ ဝေခွဲမရဖြစ်နေပုံပေါက်လေသည်။
"ဒုတိယသခင်မလေး၊ ကျုပ်စကားနားထောင်ပါ။ ကျုပ်တို့ထွက်မလာခင်ကတည်းက သခင်လေးက သေချာမှာလိုက်တယ်။ ဆရာလုရွှန်း အတန်းကို ရအောင်အပ်ပါတဲ့။ ဒါပေမယ့် သခင်မလေးက ကျုပ်မသိခင် ကျောင်းထဲလျှောက်သွားပြီး အဲ့ဆရာအတန်းကိုမှ တက်ဖို့ဆုံးဖြတ်လိုက်ရသလား "
အဖိုးအို၏အသံမှာ ကျယ်လောင်နေပြီး ဒေါသသံပါနေသည်။
"အဲ့ဆရာက ဘိုးဘိုးပြောသလောက်ကြီးမဆိုးပါဘူး။ သူက လူကောင်းပါ။ သူက ကျမကို ကျောင်းသားသစ်တွေထဲ အတော်ဆုံးဖြစ်အောင် သင်ပေးမယ်တဲ့ "
မိန်းကလေးက ပြန်ငြင်းနေသော်လည်း သူမလေသံမှာ ဝေခွဲမရပုံပေါက်နေဆဲပင်။
"အတော်ဆုံး? သခင်မလေးသာ သူ့အတန်းသွားတက်ရင် သိုင်းပညာတိုးတက်ဖို့ အသာထားအုံး လေ့ကျင့်ရင်း ကျင့်စဉ်မဖောက်ပြန်ရင်ပဲ ကံကောင်းလှပြီ။ သခင်မလေး အဲ့ဆရာ အကြောင်းကိုကော သေချာသိရဲ့လား။ သူက ဒီကျောင်းက အကျော်ကြားဆုံး အသုံးမကျဆုံးဆရာပဲ။ ပြီးခဲ့တဲ့ ဆရာ အကဲဖြတ်စာမေးပွဲမှာလဲ သုညပဲ ရတယ်။ ကျုပ်ရဲ့ဘွားဘွားလေးရယ် မြန်မြန်သာ အတန်းပြန်ပြောင်းစမ်းပါ။ သခင်လေးသာ ဒီသတင်းပြန်ကြားရင်တော့ ကျုပ်တော့သေပြီ "
အဘိုးအိုက မိန်းကလေးအား တောင်းပန်သောလေသံဖြင့်ပြောလိုက်လေသည်။
"အကိုကြီးပြန်ကြားရင်လား"
အဘိုးအိုက သခင်လေးအကြောင်း စကားထဲထည့်ပြောလိုက်ရာ မိန်းကလေး ကြောက်လန့်သွားပုံ ပေါက်သည်။ သူမမျက်နှာ မှုန်ကုတ်သွားပြီး တွေဝေနေတော့သည်။
ချောင်ရှင်းသည် ပြန်လှည့်သွားနေရာမှ ထိုအသံများကို ကြားလိုက်သော် မျက်လုံးများ အရောင်ပြန်တောက်လာသည်။ ချောင်ရှင်း အပြုံးတခုကို ဆင်မြန်းလိုက်ပြီး ကျန်းရွှမ်ရှိရာသို့ နောက်တခေါက် ချီတက်လာကာ အသံကျုယ်ကျယ်ဖြင့်
"ဆရာကျန်း ဟိုမိန်းကလေးက မင်းတပည့်အသစ်လား။ ကြည့်ရတာ အခြေအနေမကောင်းဘူးနော်။ သူ့ကြည့်ရတာ အခုပဲ အတန်းပြောင်းတော့မယ့်ပုံပဲ "
ဆရာများက တပည့်ကို ရွေးချယ်ခွင့် ရှိသကဲ့သို့ တပည့်များကလဲ ဆရာကို ရွေးခွင့်ရှိလေသည်။ ကျောင်းသားသည် ဆရာက သူ့အတွက် မသင့်တော်ဘူးထင်လျင် ဆရာပေးထားသော ကျောက်စိမ်းပြားကို ဆရာ့ထံ ပြန်အပ်ခွင့်ရှိသည်။
ချောင်ရှင်း၏ ကျယ်လောင်သော အသံကြောင့် အဘိုးအိုနှင့်မိန်းကလေးသည် သူတို့ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
"သခင်မလေး အဲ့ဒါ သခင်မလေးရဲ့ဆရာလား "
အဘိုးအိုက ကျန်းရွှမ်ကို ကြည့်ရင်းမေးလိုက်သည်။
"ဟုတ် "
မိန်းကလေးက ခေါင်းညိတ်လိုက်သည်။
အဘိုးအိုသည် ချက်ချင်းထရပ်လိုက်ပြီး ကျန်းရွှမ်ရှိရာသို့ ရောက်ရှိလာသည်။.
"ဆရာကျန်း ကျုပ်တို့သခင်မလေးက ခင်ဗျားအတန်းကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ "
"လျှိုဘိုးဘိုး "
မိန်းကလေးသည် လှမ်းအော်လိုက်ပြီး ချက်ချင်းလိုက်လာလေသည်။ သူမသည် အဘိုးအိုက ထိုမျှသွက်လက်စွာ ထသွားလိမ့်မည်ဟု ထင်မထားမိချေ။ သူမက ကျန်းရွှမ်ကို တောင်းပန်သောအကြည့်ဖြင့် ကြည့်လိုက်ပြီး
"ဆရာ… ကျမ "
သူမသည် ကျန်းရွှမ်၏ တပည့်အသစ် ဝမ်ယင်းဖြစ်သည်။
"ဝမ်ယင်း ငါက သိပ်ပြီးတော့ တပည့် လက်ခံချင်တာမဟုတ်ဘူးနော်။ မင်းကိုလက်ခံလိုက်တယ်ဆိုတာကလဲ ရေစက်ပါနေလို့သာ လက်ခံလိုက်တာ။ မင်းက ဘာကိစ္စ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို လက်လွှတ်ခံပီး အတန်းပြောင်းချင်ရတာလဲ။ တခြားကျောင်းသားတွေဆို ငါ့အတန်းတက်ချင်ကြလွန်းလို့ ငါက အကုန်ငြင်းလွှတ်နေရတာ "
ကျန်းရွှမ် ဝမ်ယင်းကို မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း။ ထို့ကြောင့် သူက ဆရာကြီးလေသံဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
"ဘာလဲဟ "
ပတ်ဝန်းကျင်ရှိ ကျန်းရွှမ်အကြောင်းသိကြသူများမှာ မျက်နှာများမည်းမှောင်ပီး သတိလစ်လုမတတ်ဖြစ်ကုန်ကြလေသည်။
အကိုကြီး ခင်ဗျားဗျာ နည်းနည်းလေးတော့ ရှက်တတ်ပါအုံး။ ဘာကျောင်းသားတွေ အများကြီးကို ငြင်းလွှတ်နေရတယ်လဲ ဘာရေစက်လဲ ဘယ်ကကျောင်းသားတွေကများ ခင်ဗျားတပည့်ဖြစ်ချင်နေရတလဲ ခင်ဗျားက ကျောင်းသားတယောက်မှ မရှာနိုင်တဲ့ဆရာလေ
"ဒီလိုမဟုတ်ပါဘူးဆရာ။ ကျမက.. "
ဝမ်ယင်းက လက်ခါပြရင်း ပြန်ပြောလိုက်သည်။ သို့သော် သူမစကားမဆုံးခင် အဘိုးအိုက ကြားဖြတ်ဝင်ပြောလိုက်သည်။
"ဟုတ်ပါတယ် ဆရာကျန်း။ ကျုပ်သခင်မလေးက ဆရာ့အတန်းကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ပြီးသွားပါပြီ။ သူက ဆရာ့ကို ပြောရမှာ အားနာနေလို့ပါ။ အဲ့တော့ ဆရာကျန်းကပဲ နှုတ်ထွက်ဖို့အတွက် လိုအပ်တာတွေ လုပ်ပေးပါလား "
"နှုတ်ထွက်မယ် "
ကျန်းရွှမ် မျက်မှောင်ကြုပ်သွားသည်။
"ခင်ဗျားသေချာစဉ်းစားနော်။ အတန်းကနေ နှုတ်ထွက်သွားရင် ဝမ်ယင်းအတွက်မကောင်းဘူး။ တခြားဆရာတွေက အဲ့လိုနှုတ်ထွက်တတ်တဲ့ တပည့်ကို လိုချင်ကြမှာမဟုတ်ဘူး။ ခင်ဗျားခေါင်းမာနေတာနဲ့ပဲ ခင်ဗျားသခင်မလေးရဲ့ တက်လမ်းကို ဖျက်စီးတော့မလို့လား။ ဖြစ်လာမဲ့ အကျိုးဆက်ကို ခင်ဗျား တာဝန်ယူနိုင်ရဲ့လား "
"ဒါကတော့…. "
အဘိုးအို နှုတ်ဆိတ်သွားသည်။
တပည့်များသည် အတန်းမှ နှုတ်ထွက်ခွင့်ရှိသည်မှာ အမှန်ပင်။ သို့သော် ထိုသို့နှုတ်ထွက်ခြင်းသည် ဆရာကို စော်ကားခြင်းဖြစ်သည်။ အတန်းတခုမှ နှုတ်ထွက်ဖူးလျင် နောက်အတန်းတွင်လည်း နှုတ်ထွက်နိုင်သည်ဟု ဆရာများက ယူဆကြသည်။ ထိုသို့ရာဇဝင်ရှိသော တပည့်ကို တခြားဆရာများကလဲ မလိုချင်ကြချေ။ ထိုသို့သော တပည့်ကိုလက်ခံလိုက်လျှင် ထိုတပည့်၏ ဆရာဟောင်းကိုလဲ စော်ကားရာကျလေသည်။ အားလုံးသည် တကျောင်းတည်းရှိ ဆရာများဖြစ်ကြရာ အချင်းချင်း ပြသနာမဖြစ်ချင်ကြချေ။
လျှိုအဘိုးအိုသည် ခုနက ခေါင်းမာနေသော်လည်း ကျန်းရွှမ်၏စကားများကို ကြားလိုက်သောအခါ ဆုံးဖြတ်ရခက်သွားလေသည်။ သူ့ခေါင်းမာမှုကြောင့် သခင်မလေး တက်လမ်းပိတ်သွားလျင် အစေခံတယောက်သာဖြစ်သောသူမှာ မည်သို့ တာဝန်ယူနိုင်လိမ့်မည်နည်း။
"စိတ်ပူမနေစမ်းပါနဲ့။ ခင်ဗျားတို့သခင်မလေးက ပါရမီကောင်းတယ်။ ကျုပ်သူ့ကို ကောင်းကောင်းသွန်သင်ပေးပါ့မယ်။ သူထူးချွန်လာမှာ ကျိန်းသေပါတယ် "
လျှိုအဘိုးအို တွေဝေသွားသည်ကို သိသော ကျန်းရွှမ်သည် အဘိုးအိုအား စည်းရုံးလေတော့သည်။
ဟာသပဲ။ ငါက မိပီးသား ကြက်ကို ပြန်လွှတ်ပါ့မလား။
"နေစမ်းပါအုံး။ တခြားဆရာတွေက လက်မခံဘူးလို့ ဘယ်သူပြောသေးလို့လဲ။ မိန်းကလေး မင်းသာ သူ့ဆီက နှုတ်ထွက်လာရင် ငါက မင်းကို ချက်ခြင်းလက်ခံလိုက်မယ် "
ကျန်းရွှမ် လျှိုအဘိုးအိုကို မစည်းရုံးနိုင်ခင် ချောင်ရှင်းက လက်နှစ်ဖက်ကို ဟန်ပါပါနောက်ပစ်ကာ ဝင်ပြောလိုက်သည်။ ချောင်ရှင်းသည် ကျန်းရွှမ်အား စကားစစ်ထိုးရာတွင် ရှုံးနိမ့်ထားရာ ဒီလိုအခွင့်အရေးကို ဘယ်မှာလက်လွှတ်ခံနိုင်မည်နည်း။
"ချောင်ရှင်း မင်းကဘာဖြစ်ချင်တာလဲ "
ကျန်းရွှမ်မျက်နှာ မည်းမှောင်သွားလေသည်။
"ဘာဖြစ်ချင်ရမလဲ။ ဒီလိုတော်တဲ့ ကလေးမလေးကို ငါက မင်းဆီမှာ နစ်မွန်းခံနိုင်ပါ့မလား။ သူသာ မင်းဆီက နှုတ်ထွက်လာရင် ငါက ချက်ချင်းကို လက်ခံပြလိုက်မယ်။ ကျောင်းသားဆိုတာ ဆရာကောင်းကောင်းဆီမှာ သင်ချင်ကြတဲ့သူတွေချည်းပဲ ဘယ်ကျောင်းသားမှ သုညဆရာဆီမသင်ချင်ဘူး "
ချောင်ရှင်း ခပ်တိုးတိုးရယ်ရင်း ပြောလိုက်သည်။
"မင်းက လူအများကြီးရှေ့မှာ ငါ့တပည့်ကို ခိုးချင်တယ်ပေါ့ ဟုတ်လား။ ငါက ဗဟိုသင်ကြားရေးဌာနကို မတိုင်ပဲနေလိမ့်မယ်ထင်နေတာလား "
ဆရာများအား လွတ်လပ်စွာ ကျောင်းသားရွေးခွင့်ကို ကျောင်းကပေးထားသော်လည်း၊ တပည့်ခိုးချင်းကိုတော့ ကျောင်းက ခွင့်မလွှတ်တတ်ပေ။ ထိုသို့ဖြစ်ခဲ့လျင် ဆရာအချင်းချင်းဆက်ဆံရေး ပျက်ပြားသည့်အပြင် ကျောင်းသိက္ခာလဲ ကျသောကြောင့်ဖြစ်သည်။
"တပည့်ခိုးတယ်ဟုတ်လား။ မင်းပြောတာ ပြင်းထန်လွန်းနေတယ်။ ဒီလိုလုပ်မယ်လေ ငါတို့နှစ်ယောက် ဒီမိန်းကလေးကို တခုခုလေ့ကျင့်ခိုင်းမယ် လိုအပ်တာထောက်ပြပေးမယ် ဘယ်သူထောက်ပြတာက ပိုအကျိုးရှိလဲပြိုင်ကြမယ်။ ပြီးရင် သူကြိုက်တဲ့ဆရာကို သူရွေးလိမ့်မယ်။ မင်းပြိုင်ရဲလား? "
ချောင်ရှင်းက ရယ်ရင်းပြောလိုက်လေသည်။